အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း (၂၀၀)
အောင်မြင်သော အရောင်းအဝယ်
ယောင်ရန်က ခေါင်းငြိမ့်ပြရင်း ပြောလိုက်လေသည်။
"ဟုတ်တယ်...၊ ယွမ်ရီဟွေးက ရှေးဟောင်းပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီလို့ ပြောဖို့ ရှောင်ယန် ရောက်လာတာ...။ အဲဒါ သွားကြည့်မလို့လေ...။"
လုံယုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ခဏစောင့်ဦး...၊ ကိုယ်လည်း လိုက်ခဲ့မယ်...။"
ထိုသို့ဆိုကာ သူသည် တံခါးကို မပိတ်ဘဲ အတွင်းသို့ ဝင်သွားလေသည်။ မကြာမီမှာပင် ကျောပိုးအိတ်နှင့် လက်နက် များကို ယူဆောင်လျက် ပြန်ထွက်လာပြီး ပြောလိုက်လေသည်၊
"သွားကြစို့...။"
သူတို့နှစ်ဦး အောက်ထပ်သို့ ဆင်းလာသောအခါ အပြင်၌ စောင့်နေသော ရှောင်ယန်ကို တွေ့လိုက်ရလေသည်။ သူ သည် အအေးဒဏ်ကြောင့် ကိုယ်ကို နွေးထွေးစေရန် ခြေတစ်ဖက်စီ လွှဲခုန်နေပြီး၊ သူ၏ အေးစက်နေသော လက်ချောင်းများဆီသို့ နွေးထွေးသော အာငွေ့များ မှုတ်ထုတ်နေလေသည်။
ယောင်ရန်နှင့် လုံယုတို့ကို မြင်သောအခါ ရှောင်ယန်က ပြုံးလျက် နှုတ်ဆက်လိုက်၏။
"မယောင်ရန်...၊ အစ်ကိုယွမ်က ရှေးဟောင်းပစ္စည်းတွေ အဆင်သင့် ပြင်ထားပြီးပါပြီ...။ အခု သွားကြည့်ကြမ လား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကောင်းပါပြီ…။"
"ဒါဆို ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ...။"
ရှောင်ယန်က ဦးဆောင်၍ လမ်းပြခေါ်ဆောင်သွားခဲ့လေသည်။
သူတို့သည် လင်းယွမ်တိုက်ခန်းအဆောက်အအုံ နှင့် မလှမ်းမကမ်းရှိ စွန့်ပစ်ထားသော ရုံးအဆောက်အအုံ တစ်ခု ဆီသို့ ရှောင်ယန်၏နောက်မှ လိုက်ပါသွားကြလေသည်။ အဝေးမှနေ၍ ယွမ်ရီဟွေးသည် အမျိုးသားတစ်ဦးနှင့် စကားပြောနေသည်ကို ယောင်ရန် သတိပြုမိလိုက်လေ၏။ အနားသို့ ချဉ်းကပ်ကြည့်လိုက်သောအခါမှ ထိုသူမှာ လင်းယိ ဖြစ်ကြောင်း သိလိုက်ရလေသည်။
သူတို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ လင်းယိသည် မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုဖြင့် လျှောက်လာခဲ့၏။ သူသည် ယောင်ရန်ထံသို့ လက်ကမ်းပေးရင်း ပြောလိုက်လေသည်။
"မယောင်ရန်...၊ ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော်...။"
ယောင်ရန်က သူ၏လက်ကို ဆုပ်ကိုင်နှုတ်ဆက်ရင်း ပြန်လည် နှုတ်ဆက်လိုက်လေ၏။
"နေကောင်းရဲ့လား...၊ သူဌေးလင်း...။"
လင်းယိက တိုးညှင်းစွာ ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။
"နေကောင်းတာပေါ့...၊ မယောင်ရန်လို ဖောက်သည်ကြီးတစ်ယောက် ရှိနေမှတော့ ကျွန်တော် ဘယ်လိုလုပ် နေမကောင်းဘဲ နေမလဲ...။"
ယောင်ရန်ကို နှုတ်ဆက်ပြီးနောက် သူသည် လုံယုဘက်သို့ လှည့်ကာ လက်ကမ်းပေးလိုက်ပြန်၏။
"အစ်ကိုလုံ...၊ မတွေ့ရတာ ကြာပြီပဲ... နေကောင်းရဲ့လား...။"
လုံယုက လက်ဆွဲနှုတ်ဆက်လျက် နှုတ်ဆက်လိုက်၏။
"ပုံမှန်ပါပဲ...။"
လင်းယိက ပြုံးလျက် သူတို့နောက်သို့ လိုက်ခဲ့ရန် အမူအရာပြကာ ပြောလိုက်လေသည်။
"မယောင်ရန် လိုချင်တဲ့ ပစ္စည်းတွေကို ကျွန်တော် ပြင်ဆင်ထားပါတယ်...။ ဒီဘက်ကို ကြွပါဦး...။"
ရုံးအဆောက်အအုံအတွင်းသို့ ဝင်လိုက်သောအခါ၊ ယောင်ရန်သည် ကြီးမားသော သစ်သားသေတ္တာ (၁၀) လုံး ထက်မကကို တွေ့လိုက်ရ၏။ သူမက မျက်ခုံးပင့်လျက် လင်းယိကို လှမ်းကြည့်လိုက်မိလေသည်။ သူသည် သူမ ထင်ထားသည်ထက် ပို၍ စွမ်းဆောင်နိုင်သူ ဖြစ်ပေသည်။
"သေတ္တာတွေကို ဖွင့်လိုက်ကြ...။"
လင်းယိက သူ၏ လူများကို ညွှန်ကြားလိုက်၏။ ထို့နောက် သူသည် ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက် လေသည်။
"မယောင်ရန်... စိတ်ကြိုက် ကြည့်ရှုပါဦး၊ မယောင်ရန် စိတ်ဝင်စားတဲ့ ပစ္စည်းတွေ ပါမလားဆိုတာ...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ အနီးဆုံးရှိ သေတ္တာထံသို့ လျှောက်သွားခဲ့၏။ ရှေးဟောင်းပစ္စည်း အများစုမှာ ကျော်ကြားသော မင်းဆက်များမှ ပစ္စည်းများဖြစ်သည်ကို မြင်သောအခါ သူမ ကျေနပ်သွားတော့သည်။
ရှေးဟောင်းပစ္စည်း အားလုံးကို စစ်ဆေးပြီးနောက်၊ ယောင်ရန်သည် လင်းယိကို ပြုံးကြည့်ကာ ပြောလိုက် လေသည်။
"သူဌေးလင်းက အရင်က ပြတိုက်တွေ ဖွင့်ခဲ့ဖူးတာလား...။ ရှင့်ရဲ့ ရှေးဟောင်းပစ္စည်းတွေ အားလုံးက စစ်မှန်ပြီး နာမည်ကြီး မင်းဆက်တွေက လာတဲ့ ပစ္စည်းတွေပဲ...။"
လင်းယိက ရယ်မောလျက် မေးလိုက်လေသည်၊
"မယောင်ရန်ကလည်း ချီးကျူးလွန်းနေပါပြီ...။ ဒါဆို မယောင်ရန် ကြိုက်နှစ်သက်တဲ့ ပစ္စည်း ပါသလား...။"
"အားလုံးပဲ ယူလိုက်ပါ့မယ်...။ ဘာနဲ့ လဲလှယ်ချင်လဲ...။"
ယောင်ရန်က မေးလိုက်လေသည်။
လင်းယိ၏ မျက်ဝန်းများတွင် စိတ်ဝင်စားမှု အရိပ်အယောင်အချို့ ခဏမျှ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူက ပြုံးလျက် ပြောလိုက်လေသည်။
"မယောင်ရန် ပေးနိုင်တဲ့ ဈေးကိုပဲ ပြောပါဦး...။"
လင်းယိသည် သူမထံတွင် မည်သို့သော ရိက္ခာများ ရှိနေသည်ကို မသေချာသဖြင့် ယောင်ရန်ကိုသာ အရင် ဆုံးဖြတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ သူ၏ ဝမ်းကွဲညီ ပြောပြချက်အရဆိုလျှင်၊ ယောင်ရန်နှင့် သူမ၏ သူငယ် ချင်းများသည် အစိုးရ၏ အတွင်းသတင်းများကို ကြိုတင်ရရှိနိုင်သူများ ဖြစ်ပုံရပေသည်။
အာလူးများကို ပြန်လည်စိုက်ပျိုးနိုင်ကြောင်း အစိုးရက မကြေညာမီ အချိန်လေးတွင်၊ သူတို့သည် စိုက်ပျိုးရေးအိုး များ၊ မြေကြီးနှင့် မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် အမြောက်အမြား ဝယ်ယူခဲ့ကြခြင်းက ၎င်းကို သက်သေ ပြနေ၏။ ထိုသတင်း ထွက်ပေါ်လာပြီးနောက်တွင်မူ ထိုပစ္စည်းများ၏ ဝယ်လိုအားမှာ အရှိန်အဟုန်ဖြင့် မြင့်တက် သွားခဲ့လေသည်။
ယခုအခါ မြေကြီးတစ်အိတ်ကို ပိုးသတ်ဆေး သုံးလုံးနှင့်ပင် လဲလှယ်နေကြရပြီ ဖြစ်ပေသည်။ ထိုလဲလှယ်နှုန်းအရ ဆိုလျှင် စိုက်ပျိုးရေးပစ္စည်းများမှာ မည်မျှ တန်ဖိုးရှိလာသည်ကို လင်းယိ သိရှိထား၏။
လင်းယိသည် သူ၏ အမြတ်အစွန်းကို မည်သို့ အများဆုံး ရရှိအောင် လုပ်ရမည်နည်းဟု တွက်ချက်နေစဉ်၊ ယောင်ရန် မှာမူ အကျပ်ရိုက်နေမိ၏။
ဤရှေးဟောင်းပစ္စည်းများသည် အခြားသူများအတွက် မည်မျှ တန်ဖိုးရှိသည်ကို သူမ မသေချာပေ။ ထို့အပြင် ဈေးကို အလွန်အမင်း ပိုမပေးလိုပေ၊ သို့မဟုတ်ပါက နောက်တစ်ကြိမ် အရောင်းအဝယ် ပြုလုပ်သည့်အခါ လင်းယိက သူမကို အခွင့်ကောင်းယူလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။
"အရင်က အစ်ကိုယွမ်နဲ့ အရောင်းအဝယ် လုပ်တုန်းက သူက ထီးကလေးတွေအကြောင်း မေးဖူးတယ်...။ ကျွန်မ ဆီမှာ အချို့ ကျန်နေသေးတယ်၊ သူဌေးလင်းက ဒီရှေးဟောင်းပစ္စည်းတွေကို ထီးကလေးတွေနဲ့ လဲလှယ်ဖို့ စိတ် ဝင်စားလား...။"
ထို ထီးကလေး (၁၅) ခုကြောင့်ပင်၊ လင်းယိသည် သြဇာရှိသော မိသားစုအချို့၏ သားမြေးများနှင့် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ သူမဆီ၌ ကျန်ရှိနေသေးမှတော့ သူ ဤအခွင့်အရေးကို လွတ်သွားစေမည် မဟုတ်ပေ။
လင်းယိက ခေါင်းငြိမ့်ကာ မေးလိုက်၏။
"ကောင်းပါပြီ...။ မယောင်ရန်က ဘယ်လောက်အထိ ပေးချင်တာလဲ...။"
ယခင်တစ်ခေါက်က ထီးကလေး (၁၅) ခုကို စိုက်ပျိုးရေးအိုးများနှင့် လဲလှယ်ခဲ့သဖြင့်၊ ယခုတစ်ကြိမ်တွင်မူ ပို၍ များပြားစွာ ပေးရမည်ဟု သူမ သိထားပေ၏။
တွက်ချက်ပြီးနောက် ယောင်ရန်ကပြောလိုက်လေသည်။
"ကျွန်မ ရှင့်ကို နှစ်သေတ္တာ ပေးမယ်...။"
ထိုကမ်းလှမ်းချက်ကြောင့် လင်းယိ၏ မျက်ဝန်းများ ဝင်းလက်သွားတော့သည်။ ဤ ထီးကလေး နှစ်သေတ္တာ မှတစ်ဆင့် သူ အမြတ်အစွန်း အမြောက်အမြား ရရှိနိုင်မည်ကို သိရှိထားသောကြောင့် ဖြစ်၏။
သို့သော်လည်း လင်းယိသည် ချက်ချင်း သဘောမတူဘဲ ပြောလိုက်လေသည်။
"မယောင်ရန်...၊ ဒီရှေးဟောင်းပစ္စည်းတွေကို စုဆောင်းဖို့ ကျွန်တော့်မှာ မလွယ်ကူခဲ့ဘူးနော်...။"
သူက ပို၍ လိုချင်နေသည်ကို သိသဖြင့် ယောင်ရန်က သက်ပြင်းချကာ ပြောလိုက်၏။
"တကယ်လို့ သူဌေးလင်းက ကျွန်မရဲ့ ကမ်းလှမ်းချက်က နည်းတယ်လို့ ခံစားရရင်တော့၊ ဒီနေ့ ငါတို့ရဲ့ အရောင်း အဝယ်က မအောင်မြင်နိုင်တော့ဘူး ထင်တယ်...။ ဒီလိုဆိုရင်တော့ ကျွန်မလည်း အခြား ကုန်သည်တွေဆီမှာ ရှေးဟောင်းပစ္စည်းတွေ ရှိမလားဆိုတာ သွားကြည့်ရုံပဲ ရှိတော့တာပေါ့...။"
ထိုသို့ပြောပြီးနောက်၊ ယောင်ရန်သည် လုံယု၏ လက်ကိုဆွဲကာ လှည့်ထွက်ရန် ပြင်လိုက်လေသည်။
သူမသည် နောက်လှည့်မကြည့်ဘဲ ထွက်သွားရန် ပြင်နေသည်ကို မြင်သောအခါ လင်းယိက အလျင်အမြန် လှမ်းခေါ်လိုက်၏။
"မယောင်ရန်ကလည်း နောက်နေပြန်ပြီ.... မယောင်ရန်က ဒီလောက် စိတ်ရင်းနဲ့ ကမ်းလှမ်းလာမှတော့ ကျွန်တော် ကလည်း သဘောတူရမှာပေါ့...။"
ယောင်ရန်က ရပ်လိုက်ပြီး လှည့်ကြည့်ကာ ဘာမှမပြောဘဲ ပြုံးပြလိုက်လေသည်။ သူမက သဘောတူပြီဖြစ် ကြောင်း သိလိုက်ရသဖြင့် လင်းယိက သူ၏ လူများကို အမိန့်ပေးလိုက်၏။
"သေတ္တာတွေကို ပြန်ပိတ်ပြီး မယောင်ရန်တို့ အိမ်အထိ လိုက်ပို့ပေးလိုက်ကြ...။"
ယောင်ရန်က လက်ကာပြရင်း ငြင်းဆိုလိုက်လေသည်။
"မလိုပါဘူး...။ နောက်မှ ကျွန်မဘာသာ သယ်သွားပါ့မယ်...။"
ထို့နောက် သူမသည် သူမ၏ ကျောပိုးအိတ်အတွင်းမှ ထီးကလေး နှစ်သေတ္တာကို ထုတ်ယူ၍ လင်းယိထံသို့ ကမ်း ပေးလိုက်၏။
သေတ္တာတစ်လုံးစီတွင် ထီးကလေး အခု ၁၀၀ စီ ပါရှိသဖြင့်၊ လင်းယိအနေဖြင့် အမြတ်အစွန်း အမြောက်အမြား ရရှိနိုင်မည့်အပြင် သူ၏ လူများကိုလည်း နှစ်လခန့် ကောင်းကောင်း ကျွေးထားနိုင်မည် ဖြစ်ပေသည်။
ယောင်ရန်က၊
"သူဌေးလင်း...၊ နောက်ထပ် ရှေးဟောင်းပစ္စည်းတွေ ထပ်ရရင် ကျွန်မကို ဆက်သွယ်ပေးပါ...။ ပစ္စည်းတွေကသာ စစ်မှန်မယ်ဆိုရင် ကျွန်မ အားလုံးကို ယူပါ့မယ်...။"
လင်းယိက အောင်မြင်သော အရောင်းအဝယ်တစ်ခုအတွက် ကျေနပ်စွာ ရယ်မောလိုက်ရင်း၊
"ကောင်းပါပြီ... ဒါဆို ကျွန်တော်တို့ ခွင့်ပြုပါဦး...။ နောက်မှ ပြန်တွေ့ကြတာပေါ့ မယောင်ရန်၊ အစ်ကိုလုံ...။" ဟု ဆိုကာ နှုတ်ဆက်ထွက်ခွာသွားခဲ့လေတော့သည်။
လင်းယိနှင့် အခြားသူများ ထွက်သွားပြီးနောက်တွင်မူ၊ ယောင်ရန်သည် သေတ္တာများကို သူမ၏ နေရာလွတ် အတွင်းသို့ ချက်ချင်း သိမ်းဆည်းခြင်း မပြုခဲ့ သေးပေ။