ဖုန်းဟော် လက်ဝှေ့အားကစားခန်းမ
Vol. 13 Ch. 191
နောက်တစ်နေ့တွင် …
ရဲ့လင်းချန်က သူ၏ မနက်ပိုင်းလေ့ကျင့်ခန်းများကို စောစောပြီးစီးသွားပြီး ရှောင်ချင်နှင့် ရှောင်ဟွေကို အနီးအနား ပတ်ဝန်းကျင်၌ လမ်းလျှောက်ပေးလေသည်။
အိမ်ရာထဲမှ ပတ်ဝန်းကျင်က အတော်လေး ကောင်းမွန်ပြီး ပန်းခြံနှင့် ပေါင်းစပ်ထားသဖြင့် လှပကာ တက်ကြွ လန်းဆန်းစေသည်။
ကျန်းယွင်ရှီသည် ရဲ့လင်းချန်အတွက် မနက်စာ ပြင်ပေးပြီးသည်နှင့် စောစော ထွက်သွားလေသည်။
ဝိုင်အလှကုန်ပစ္စည်းဆိုင်အတွက် ပြင်ဆင်ခြင်းက ပြီးသွားပြီဖြစ်သဖြင့် ဆိုင်ကို စတင်လည်ပတ်နိုင်ပြီ ဖြစ်သည်။ ကျန်းယွင်ရှီက သူမအချိန်တော်တော်များများကို ထိုကိစ္စတွင် မြှုပ်နှံထားသည်။ သူမအတွက် ဆိုင်တစ်နေ့ ငှားရမ်းက ကြီးမားသော ပမာဏပင်။ ရင်းနှီးမြုပ်နှံထားသော ပမာဏကိုပါ ပေါင်းလိုက်လျင် အတော်လေး များနေပြီ ဖြစ်သည်။ ထို့ကြောင့် သူမသည် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် အမြတ်ရအောင် လုပ်ချင်လေသည်။
သူမသည် အစကတည်းက ဉာဏ်ကောင်းသူ ဖြစ်သည်။ ပြီးခဲ့သည့် အတော်အတွင်း ရဲ့လင်းချန်နှင့် မိတ်ကပ်ပညာ အကြောင်း လေ့ကျင့်သင်ယူခဲ့ခြင်းကိုပါ ပေါင်းလိုက်လျင် သူမပညာက သာမန်ထက် သာနေလေပြီ။ သူမက ပရော်ဖက်ရှင်နယ် မိတ်ကပ်ပညာရှင်ကို မယှဉ်နိုင်သော်လည်း နောက်ကောက်ကျနေခြင်း မရှိပါ။
“ရှောင်ချင် အပင်ပေါ်က အဲ့ငှက်ကို ဖမ်း”
ရဲ့လင်းချန်က ညွှန်ကြားလိုက်သည်။
ရှောင်ချင်က မြားတစ်စင်းသဖွယ် ခုန်ထွက်သွားပြီး သစ်ပင် ပင်စည်ပတ်လည်၌ အရိပ်ကိုသာ ဖျတ်ခနဲ မြင်လိုက် ရသည်။ သစ်ပင်ပေါ်သို့ ဖျတ်ခနဲ ခုန်တက်သွားသောကြောင့် ငှက်များ အံ့ဩကုန်သည်။
ရှောင်ချင် ပြန်ပေါ်လာသောအခါ သူ့သွားများကြားထဲ၌ စာကလေးတစ်ကောင် ပါလာပြီး ရဲ့လင်းချန်၏ ခြေထောက်နား ပြေးလာကာ လက်ဆောင်ပေးသကဲ့သို့ ရပ်နေ၏။
စာကလေး၏ တောင်ပံများက တောင့်နေပြီး တကျီကျီ အော်နေကာ မျက်လုံးတွင် ကြောက်စိတ်တို့ ပြည့်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။
“ငါ သေတော့မယ်၊ ငါ သေတော့မယ်၊ ငါ တကယ် သေတော့မယ်၊ ဝံပုလွေပေါက်လေးက ကြောက်ဖို့ ကောင်းလိုက်တာ”
“မဆိုးဘူး၊ မင်း တော်တော် တိုးတက်လာပြီ”
ရဲ့လင်းချန်က ရှောင်ချင်၏ သွားကြားထဲမှ စာကလေးကို ယူကာ လွှတ်ပေးလိုက်သည်။ သူ လွှတ်ပေးလိုက်သည်နှင့် စာကလေးက လှစ်ခနဲ ပျံပြေးသွားပြီး ဘယ်မှာမှ ရှာမရတော့ချေ။ ဤအဖြစ်အပျက်က ၎င်းကို တစ်သက်လုံး ခြောက်လှန့်နေမည့် အတွေ့အကြုံ ဖြစ်သွားနိုင်လောက်သည်။
“ရှောင်ဟွေ မြစ်ထဲက ငါးတစ်ကောင် သွားဖမ်းလာခဲ့”
ရဲ့လင်းချန်က အနီးအနားက မြစ်ကို လက်ညှိုးထိုးပြသည်။ ရှောင်ဟွေသည် ယခုကဲ့သို့ အချိန်အတွက် အသင့်ပြင်ထားပြီးသား ဖြစ်ကာ ရေထဲသို့ ဖြတ်ခနဲ ပြေးဆင်းလေသည်။ ၎င်း၏ ခြေလက်များကို လှုပ်ခတ်၍ ပျော်ပျော်ကြီး ရေကူးနေ၏။
သုံးမိနစ် ကြာပြီးနောက် ၎င်းသည် ငါးကြင်းတစ်ကောင်ကိုကိုက်၍ ကမ်းစပ်သို့ စိတ်လှုပ်ရှားစွာ ပြန်လာပြီး ရဲ့လင်းချန်၏ ခြေထောက်နား၌ ချပေးလေသည်။
“ဟားဟား မဆိုးဘူးပဲ”
“မင်းတို့နှစ်ကောင်သာ ရှိရင် နောက်ဆို ငါ့ဟင်းလျာအတွက် စိတ်ချရပြီ”
အချိန်ကြာလာသည်နှင့် သားရဲယဉ်ပါးခြင်းပညာ၏ ကောင်းကွက်များက သိသာလာသည်။ ရဲ့လင်းချန်၏ စိတ်ထဲတွင် ဤပညာသည် ကြောက်စရာကောင်းလောက်အောင် တိုးတက်လာမည့် အလားအလာရှိသည်ဟု ထင်မြင်မိသည်။
အကြောင်းမှာ သားရဲယဉ်ပါးခြင်းပညာက သားရဲတစ်ကောင်ဟူ၍ သတ်မှတ်ထားခြင်းမရှိဘဲ အကောင်ရေများစွာ အပေါ် သက်ရောက်နိုင်သောကြောင့်ပင်တည်း။
ကောင်းကောင်းလေ့ကျင့်ထားသည့် သားရဲတစ်ကောင် ပေါ်လာလျင် မည်မျှ ကြောက်စရာကောင်းလိမ့်မလဲ။
ထို့အပြင် သားရဲယဉ်ပါးခြင်း ပညာအား သူ တတ်ထားသော တိရစ္ဆာန်ဘာသာစကားနှင့် ပေါင်းလိုက်လျင် ရလဒ်က သူ သားရဲစစ်တပ်ကိုပင် အမိန့်ပေးနိုင်လောက်သည်အထိ ကြောက်စရာ ကောင်းပေလိမ့်မည်။
သားရဲယဉ်ပါးခြင်း ပညာသည် တိရစ္ဆာန်အား နာခံအောင် လုပ်ရုံမျှတင် မဟုတ်ချေ။ ယင်းက တိရစ္ဆာန်၏ စွမ်းရည်ကိုလည်း ထက်လာစေပြီး တင်းကြပ်သော လေ့ကျင့်သင်ပြမှုများ လုပ်ပေးလျင် ၎င်းတို့၏ ခွန်အား အလုံးစုံကို တိုးတက်လာစေနိုင်သည်။
ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ ကိုယ်ခန္ဓာအချိုးအစားက မသေးချေ။ သူတို့သည် အရွယ်ရောက်ပြီးသား ခွေးတစ်ကောင်၏ သုံးပုံနှစ်ပုံသော အရွယ်အစားနားသို့ ရောက်ခါနီးနေပြီ ဖြစ်ပြီး သားရဲရိုင်းတစ်ကောင်၏ အရှိန်အဝါများ စတင် ဖွံ့ဖြိုးနေပြီ ဖြစ်သည်။
“ကလင် ကလင် ကလင်”
ထိုစဉ် ရဲ့လင်းချန်၏ ဖုန်းက ထမြည်လာသည်။ လီထိုက်က ဖုန်းခေါ်လာခြင်းပင်။ အတော်လေး အချိန်ကြာသွားပြီ ဖြစ်သဖြင့် ဟော်ရန်ကျား၏ ရိုက်ကူးရေးက ပြီးသလောက် ရှိနေလောက်သည်။
“သခင်လေးရဲ့ ငါပါ”
ဖုန်းတစ်ဖက်မှ လီထိုက်၏ အသံကို စကြားလာရသည်။
“အင်း … အခြေအနေ ဘယ်လိုရှိလဲ”
“ပြီးတော့မှာပါ၊ ကျန်နေတဲ့ အခန်းနည်းနည်းလောက် ရိုက်ပြီးတာနဲ့ ပြီးလောက်ပါပြီ”
လီထိုက်က တစ်ခဏမျှ ရပ်သွားပြီးမှ ဆက်ပြောသည်။
“ငါ ဖုန်းခေါ်ရတဲ့ အကြောင်းရင်းက ကျန်နေတဲ့ အခန်းတွေ ရိုက်ဖို့ နည်းနည်း ပြဿနာ ရှိနေလို့ မင်းကို အကြောင်းကြားတာပါ”
“ဘယ်လိုပြဿနာမျိုးလဲ”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။
“ငါတို့ သရုပ်ဆောင်တွေ လိုနေတာ”
လီထိုက်၏ အသံက အောင့်သက်သက် ဖြစ်ဟန် ပေါ်နေသည်။
“ငါတို့ ကျန်နေတဲ့အခန်းက နိုင်ငံခြားသားအချို့ ပါဖို့လိုအပ်တယ်၊ သန်မာတောင့်တင်းတဲ့ အင်္ဂလိပ်လူမျိုးကို လိုတာ၊ ငါတို့ ဖိတ်ခေါ်စာတွေ ပို့ပင်မယ့် ငြင်းတာနဲ့ပဲ ကြုံနေရတယ်”
“ငြင်းတာလား”
“ဟုတ်တယ် ငါတို့ ရုပ်ရှင်ရဲ့ အဆုံးသတ်ကာ တရုတ်ကွန်ဖူးပညာနဲ့ စိတ်ဓာတ်ကို ပြချင်တာလေ၊ ဟော်ရန်ကျားက အနိုင်ရပြီး တရုတ်ကွန်ဖူးပညာရဲ့ အစွမ်းကို ပြချင်တာ၊ ဒါပေမဲ့ အဲ့ဒါက နိုင်ငံခြားသားတွေကို စော်ကားတာ ဖြစ်နေတယ်၊ သူတို့က တရုတ် ကွန်ဖူးပညာက ပြောသလောက် မကောင်းဘူးလို့ ထင်နေကြတယ်၊ အဲ့ဒါကြောင့် သူတို့နိုင်ငံကို စော်ကားတဲ့ ဒီလိုရုပ်ရှင်မျိုးမှာ ပါချင်စိတ် မရှိကြဘူး၊ အဲ့ဒါကြောင့် ငါတို့ ချောင်ပိတ်နေတာ”
လီထိုက်က နောင်တရစွာ ပြောသည်။
“ကျွန်တော် နားလည်ပြီ”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး ကိစ္စကို စဉ်းစားနေသည်။ တကယ်ပင် အခက်တွေ့သော အခြေအနေပင်။
“သူတို့က လုံးဝ လက်မခံဘူးလား၊ ဒီကိစ္စက သမိုင်းမှတ်တမ်းတင်ထားတာလေ၊ သမိုင်းကို သက်သေပြလို့ရတာပဲ၊ ကျွန်တော်တို့ လုပ်ကြံထားတာမှ မဟုတ်တာ”
“သူတို့က တရုတ်နိုင်ငံထဲမှ လက်ဝှေ့အားကစားခန်းမ စဖွင့်ထားတယ်၊ အဓိက ပြဿနာက သူတို့က တရုတ်ကွန်ဖူးကို အထင်သေးတာပဲ”
လီထိုက်က ဆက်ပြောလေသည်။
“တရုတ်ကွန်ဖူးက သူတို့ကို အထင်ကြီးလာအောင် လုပ်နိုင်မှ လက်ခံနိုင်မယ်လို့ ပြောတယ်”
ထိုကိစ္စက နှောင့်နှေးနေသည်မှာ တစ်ပတ်ရှိပြီ ဖြစ်သည်။ အစက လီထိုက်သည် ရဲ့လင်းချန်ကို ဒုက္ခမပေးချင် သော်လည်း ယနေ့က သူတို့ ပြိုင်ရမည့် နေ့ဖြစ်သည်။ အတော်အတန် စဉ်းစားပြီးမှ သူ ရဲ့လင်းချန်ကို အသိပေးရန် ဆုံးဖြတ်လိုက်ခြင်းပင်။
“ခင်ဗျားတို့ အရင်သွားနှင့်ပါ၊ ကျွန်တော့်ကို လက်ဝှေ့ခန်းမရဲ့ လိပ်စာ ပို့ထားပေးလေ၊ ကျွန်တော် ချက်ချင်း လိုက်လာခဲ့မယ်”
ဖုန်းပြောပြီးနောက် ရဲ့လင်းချန်က ရှောင်ချင်နှင့် ရှောင်ဟွေကို အိမ်ပြန်ခေါ်လာပြီး လီထိုက်ပို့သော လိပ်စာသို့ ချက်ချင်း ထွက်လာခဲ့သည်။
လိပ်စာအမည်က ဖုန်းဟော် လက်ဝှေ့အားကစားဟု ခေါ်တွင်သည်။
ဟမ်တန်း စတူဒီယိုသည် မြို့တော်နှင့် အတော်လေး အလှမ်းဝေးပြီး မြို့စွန်မြို့ဖျားနား ရောက်နေသော်လည်း ဖုန်းဟော် လက်ဝှေ့အားကစားခန်းမက ထို့ထက် ပိုဝေးနေ၏။ ယင်းသည် မြို့တော်၏ ဆင်ခြေဖုံးမှ ရွာတစ်ရွာ ဖြစ်သော ရှန်းရွှေရွာ၌ တည်ရှိလေသည်။
မတတ်သာသဖြင့် ရဲ့လင်းချန် တက္ကစီသာ ငှားလိုက်ရသည်။ ခရီးက နှစ်နာရီခွဲ ကြာမြင့်ပြီး ယွမ်ငါးရာ ပေးရသည်။ ထိုပမာဏက ရဲ့လင်းချန်ကို နာကျင်သွားစေသည်။
*သေစမ်း ငါ ကားတစ်စီးတော့ မြန်မြန်ရအောင် လုပ်မှဖြစ်မယ်*
ထိုသို့တွေးမိပြီးသည်နှင့် ရဲ့လင်းချန်သည် သူ့၌ ယာဉ်မောင်းလိုင်စင်ပင် မရှိသည်ကို သတိရသွားပြီး ခံရခက် သွားလေသည်။
ရှန်းရွှေရွာကို ရောက်သောအခါ ရှုခင်းကြောင့် ရဲ့လင်းချန် အံ့ဩသွားရသည်။
သူ ထင်ထားသလို မဟုတ်ချေ။ ရှန်းရွှေရွာက အံ့ဩစရာကောင်းလောက်အောင် စည်ပင်သာယာပြီး ကားလမ်း ပိတ်၍ လူဦးရေ ထူထပ်လေသည်။
ထို့အပြင် ဆံပင် ရွှေအိုရောင်နှင့် မျက်လုံးပြာရှိသော နိုင်ငံခြားသားများ တော်တော်လေး များသည်။ ယောက်ျားလေးများက အတော်လေး ထွားကြိုင်းသန်မာပြီး မိန်းကလေးများက အရပ်ရှည်ကာ လှပလေသည်။ သူတို့သည် လမ်းတစ်လျှောက် အင်္ဂလိပ်လိုသာ ပြောနေကြပြီး ပတ်ဝန်းကျင်က သက်ဝင်လှုပ်ရှားလျက် ရှိသည်။
*ဒါ နိုင်ငံခြားသွားတွေအတွက် ခရီးသွားဆွဲဆောင်မှုအားကောင်းတဲ့ နေရာများလား*
*ငါ ဘာလို့ နိုင်ငံထဲနေပြီး မကြားဖူးရတာလဲ*
သူ ဆက်လျှောက်လာပြီး ဖုန်းဟော် လက်ဝှေ့အားကစားခန်းမနှင့် နီးလာလေ ပတ်ဝန်းကျင်က ပို၍ လူထူထပ်လာလေ ဖြစ်လာ၏။
နောက်ဆုံးတွင် သူသည် ကြီးမားသော ခန်းမတစ်ခုရှေ့သို့ ရောက်လာသည်။ ရဲ့လင်းချန် ရပ်မြဲရပ်၍ ဖုန်းဟောင် လက်ဝှေ့အားကစားခန်းမ၏ ဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။
အထဲမှ အော်သံများနှင့် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသံများကို သူ သေချာ ကြားနေရသည်။
အထဲဝင်လိုက်သောအခါ နိုင်ငံခြားသားများနှင့် ပြည့်နေသော အခန်းကို ရဲ့လင်းချန် တွေ့လိုက်ရသည်။ သူ မျက်မှောင်ကြုတ်သွားပြီး အခန်းထဲမှ ချွေးနံ့များကြောင့် နှာခေါင်းရှုံ့လိုက်မိသည်။
နိုင်ငံခြားသားများက အမွေးများ၍ ချွေးထွက်သန်သည်ဟူသော ကောလာဟလ ရှိဖူးသည်။ ထိုကောလာဟလက အမှန် ဖြစ်နေသည့်ပုံပင်။
လက်ဝှေ့အားကစားခန်းမက ရဲ့လင်းချန် ထင်ထားသည်နှင့် အတော်လေး ခြားနားသည်။ အစက သူသည် တူညီဝတ်စုံများ ဝတ်၍ လေ့ကျင့်နေသော လူများရှိပြီး တရုတ် သိုင်းပညာ ခန်းမနှင့် တူသည်ဟု ထင်ခဲ့သည်။ သို့သော် ဤမျှ ဆူညံနေသော မြင်ကွင်းမျိုးကိုတော့ မျှော်လင့်မထားမိပါ။ လီထိုက်နှင့် အခြားသူများ ရောက်နေ သလားလည်း မသေချာချေ။
လူအုပ်အလယ်၌ ကြိုးဝိုင်းတစ်ခု ရှိသည်။ အထဲ၌ နိုင်ငံခြားသား လက်ဝှေ့သမားနှစ်ယောက်က အချင်းချင်း ထိုးနှက်နေသည်။ တစ်ကြိမ် ထိုးနှက်လိုက်တိုင်း ကြိုးဝိုင်းအောက်မှ လူအုပ်ထံမှ အားပေးအော်သစ်သံများ ထွက်ပေါ်လာသည်။
ကြည့်လိုက်ရုံနှင့် နိုင်ငံခြားသားများက တကယ့် နည်းစနစ်ထက် ပြင်းထန်သော ခွန်အားပေါ် ပိုအားထားမှန်း သိသာပေသည်။
နိုင်ငံခြားသား လူအုပ်အတွင်း၌ ဆံပင်အနက်နှင့် မျက်လုံးမျက်ဆန် အနက်ရှိသော တရုတ်လူမျိုးများက ထင်ပေါ် နေသည်။ တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ရဲ့လင်းချန်သည် သူ သိသော လူတစ်ယောက်ကို မြင်သွား လေသည်။
တစ်ချိန်တည်းမှာပင် တစ်ဖက်လူ၏ အကြည့်ကလည်း သူ့ထံ ကျရောက်လာပြီး တအံ့တဩ ပြောလာ၏။
“အာ … နင် ဘာလို့ ဒီကို ရောက်နေတာလဲ”