ပင်လယ်ရေအောက် ချောက်ကမ်းပါး (၂)
Vol. 60 Ch. 1020
ဝုန်း ဝုန်း ဝုန်း။
ရေနက်ဆိပ်ကမ်းအထက်ရှိ ကရိန်းစင်ကြီးပေါ်မှ မီးလုံးများမှာ တဖျပ်ဖျပ်တုန်ခါနေခဲ့၏။ လိုဏ်ဂူတစ်ခုလုံး မီးလျှံများနှင့် လေဆာတန်းများကြောင့် လင်းထိန်သွားသည်။ ရေပြင်ကို ခွဲထွက်လာသော မွန်းစတားကြီးသည် ၎င်း၏ကိုယ်ထည်တစ်စိတ်တစ်ပိုင်းကိုသာ ပြသသေး၏။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက အနန္တရထားနှင့် နျူကလီးယားရေငုပ်သင်္ဘောတို့ကို ရစ်ပတ်ထားပြီး ဝေလငါးဦးခေါင်းခွံနှင့် ပင်လယ်နက်ပိုးကောင်တို့ ပေါင်းစပ်ထားသည့်အလား ထူးဆန်းဆိုးဝါးလှသော ပုံသဏ္ဌာန်ကြီး ပေါ်ထွက်လာသည်။ ဦးခေါင်းခွံ၏ အက်ကြောင်းများထဲတွင် ပေါက်ကွဲတတ်သော မျက်လုံးပေါင်း သန်းနှင့်ချီ၍ လှုပ်ရှားနေကြ၏။ ဟလျက်ရှိနေသော ပါးစပ်ကြီးအတွင်းရှိ အထပ်ထပ်လည်ပတ်နေသော သွားတန်းကြီးများသည် ဝိညာဉ်ကို နှုတ်ယူနိုင်လောက်သည့် ကြိမ်နှုန်းနိမ့် တုန်ခါသံကို ထုတ်လွှတ်နေခဲ့သည်။
လုရှင်းချန်တို့သုံးဦးက တိုက်ခိုက်လိုက်သည်နှင့် မိစ္ဆာကြီး၏ ဇီဝစွမ်းအင်ဒိုင်းကာသည် ချက်ချင်း ပျက်စီးသွားခဲ့၏။ ဝေလငါးဦးခေါင်းခွံကြီး ပေါက်ကွဲသွားကာ ဧရာမအပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး အမည်းရောင်သွေးများ ပန်းထွက်လာခဲ့သည်။ ၎င်း၏ ကိုယ်ထည်အစိတ်အပိုင်းအချို့သာ ရေပေါ်သို့ ပေါ်လာသေးပုံရ၏။ မွန်းစတားကြီးသည် တိုက်ခိုက်ခံရသဖြင့် ပြင်းထန်စွာ တုန်ခါသွားပြီး အထက်ရှိ လိုဏ်ခေါင်းလမ်းကြောင်းဆီသို့ ရူးသွပ်စွာ အတင်းတိုးဝင်သွားတော့သည်။
“ထွက်ပြေးမလို့လား”
လုရှင်းချန်က အဆုံးသတ်တိုက်ခိုက်ရန် ၎င်း၏မီးလျှံဓားကို ချိန်ရွယ်လိုက်သည်။
မိုနီကာ၏ မျက်နှာအမူယာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ပြောလိုက်၏။
“သူ့ပစ်မှတ်က ငါတို့မဟုတ်ဘူး။ အပေါ်မှာ”
“လင်းရှန်လား”
ချန်ဆီရွှမ်လည်း ရိပ်မိသွားပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် လင်းရှန်၏ အသံမှာ ဆက်သွယ်ရေးလှိုင်းပေါ်တွင် နောက်ဆုံး၌ ထွက်ပေါ်လာခဲ့သည်။
“ငုပ်၊ ငုပ်ကြတော့”
ဝုန်းဝုန်း၊၊
လင်းရှန်၏ အသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ရေငုပ်သင်္ဘောစခန်းတစ်ခုလုံး ပြင်းထန်သော ငလျင်ဒဏ်ကို စတင်ခံစားလိုက်ရပြီး ရေမျက်နှာပြင်မှာ လှိုင်းထတက်လာကာ မြေပြင်ကြီး တုန်ခါလျက် ကျောက်တုံးကြီးများနှင့် ကျောက်နံရံများ အဆက်မပြတ် ပြိုကျလာခဲ့သဖြင့် အပေါ်ယံအလွှာများမှာ စတင်ပြိုကျလာတော့သည်။
“လင်းရှန် အမှတ်အသားလုပ်ခံလိုက်ရပြီ။ မြန်မြန်၊ ထိန်းချုပ်ကြ”
မိုနီကာသည် အမှတ်သားရ၊မရ အလျင်အမြန် ကြည့်လိုက်ရာ မည်သည့်အလင်းမှ လင်းမနေသည်ကို တွေ့ရှိရသဖြင့် ရူဂျီကို ချက်ချင်းလှမ်းခေါ်လိုက်သည်။
ထိုအချိန်တွင် အပေါ်ဘက်အဆောက်အအုံ၌ ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားလာခဲ့၏။ ရေမျက်နှာပြင်ကို ဖောက်ထွက်လာသော မွန်းစတားကြီးသည် အထက်သို့ လွန်ပူသဖွယ် ရူးသွပ်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်း၏ မီတာရာနှင့်ချီ ရှည်လျားသော အမည်းရောင်နှင့် အဖြူရောင်ကွင်းများပါရှိသည့် ကိုယ်ထည်ကြီးသည် ရေငုပ်သင်္ဘော ရေနက်ဆိပ်ကမ်း၏ လိုဏ်ဂူနေရာတစ်ခုလုံးနီးပါးကို ပြည့်နှက်သွားစေပြီး ၎င်း၏ ပြောင်ချောနေသော အရေပြားကြီးမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။
လုရှင်းချန်က ဦးဆောင်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ပျံသန်းသွားပြီး ထိုသတ္တဝါကြီးကို အစွမ်းကုန်ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် အထက်ရှိ မီးခိုးလုံးကြီးများကြားမှ တောက်ပပြီး ပူပြင်းလှသော စွမ်းအင်တန်းတစ်ခု ထွက်ပေါ်လာပြီး လေထုကို အရည်ပျော်စေသည့် ပြင်းထန်သော စွမ်းအင်လှိုင်းနှင့်အတူ မွန်းစတားကြီး၏ ဦးခေါင်းခွံကို ဖောက်ထွက်ကာ ဧရာမ သွေးအိုင်ပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။ မီးခိုးရောင်နှင့် အမည်းရောင်မီးခိုးလုံးကြီးများကြားမှ လင်းရှန်နှင့် ကီကီတို့သည် မိစ္ဆာကြီး၏ သွေးအိုင်ပေါက်ကြီးထဲမှ ထွက်ပေါ်လာခဲ့ပြီးနောက် ဗိုင်အိုလာနှင့် ကျန်ရှိနေသော ဒရုန်းအုပ်ကြီးက နောက်မှ လိုက်ပါလာခဲ့ကြ၏။
“လင်းရှန်၊၊ ဘာဖြစ်တာလဲ”
“ရှင်းပြဖို့ အချိန်မရှိဘူး”
လုရှင်းချန်နှင့် အားဖေးတို့က တိုက်ခိုက်ရန်ပြင်ဆင်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် လင်းရှန်သည် အနန္တရထားပေါ်သို့ တိုက်ရိုက်ပျံသန်းဝင်ရောက်သွားပြီး အော်ပြောလိုက်သည်၊၊
“ရထားပေါ်တက်ကြ… ငါတို့ ရေငုပ်တော့မယ်”
“ဒီမွန်းစတားကြီးကရော”
လုရှင်းချန်လည်း ထိုဧရာမသတ္တဝါကြီးက မသေသေးပဲ ၎င်း၏ကိုယ်ထည်ကြီးကို တွန့်လိမ်နေဆဲဖြစ်သောကြောင့် အံ့ဩတုန်လှုပ်စွာ အော်လိုက်မိသည်။
“ထားခဲ့လိုက်တော့… ဒီနေရာက ပေါက်ကွဲတော့မှာ အချိန်မရှိတော့ဘူး” ကီကီ လှမ်းအော်ပြော၏။
ကီကီ စကားမဆုံးမီမှာပင် မိုနီကာသည် ရူဂျီကို ဆွဲခေါ်ကာ လင်းရှန်၏ နောက်မှနေ၍ ရထားတွဲထဲသို့ အလျင်အမြန်လိုက်ဝင်သွားခဲ့သည်။ လုရှင်းချန်လည်း သူ့ခြေဖဝါးအောက်တွင် ဆူပွက်နေသော အမည်းရောင်ရေပြင်ကို ကြည့်ကာ အနည်းငယ် မျက်နှာပျက်သွားပြီး တံတွေးကို အနိုင်နိုင်မျိုချလျက် ရူဂျီတို့နှင့်အတူ အထဲသို့ အမြန်ဝင်လာခဲ့တော့သည်။
ရှူး~
ရေနက်ငုပ်လျှိုးခန်း၏ အတွင်းတံခါး ပိတ်သွားပြီး အနန္တရထားဆီသို့ ပြန်လည်ရောက်ရှိသွားစဉ် လင်းရှန်က ဗိုင်အိုလာကို ညွှန်ကြားလိုက်၏။
“ဖိအားမြှင့်ပြီး အမြန်နှုန်းနဲ့ ရေငုပ်တော့”
“ရိုင်ယန်၊၊ ငါတို့နောက်ကနေ လိုက်ခဲ့”
“နားလည်ပြီ”
ရိုင်ယန်က ၎င်း၏အဖွဲ့ကို ချက်ချင်း အမိန့်ပေးလိုက်သည်။
“၁၅ ဒီဂရီ စောင်းလိုက်၊ ပင်မရေချိန်ကန်ထဲကို ရေသွင်း”
ဝီ ဝီ၊၊ ရေငုပ်သင်္ဘော၏ ဟိုက်ဒရောလစ်ပန့်မှ တိုးညှင်းသော မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ရေပိုက်များမှာ ချက်ချင်း ဖောင်းကားလာကာ သင်္ဘောကိုယ်ထည်ကြီးမှာ စတင်နစ်မြုပ်သွားခဲ့သည်။
တစ်ဖက်တွင်မူ အနန္တရထားကြီးပေါ်ရှိ ရထားတွဲများသည် ရေမျက်နှာပြင်ကို ဖြတ်ကျော်ကာ ရေနက်ပိုင်းဆီသို့ တိုက်ရိုက်ငုပ်လျှိုးသွားခဲ့သည်။ ရထားပေါ်ရှိ လူတိုင်းလည်း မြေပြင်ကြီးမှာ ရုတ်တရက် စောင်းသွားပြီး ဒေါင်လိုက်နီးပါးဖြစ်သွားသည်ကို ခံစားလိုက်ရ၏။ ရေငုပ်သင်္ဘောနှင့်အပြိုင် သာမန်ဆင်းသက်ခြင်းမျိုးမဟုတ်ဘဲ အနန္တရထားကြီးမှာ အမည်းရောင်နဂါးတစ်ကောင်ပမာ ထိုးဆင်းသွားခဲ့သည်။ ရထားတွဲအတွင်းမှနေ၍ အပြင်ဘက်သို့ ကြည့်လိုက်ရာ ပြတင်းပေါက်များမှာ အမည်းရောင်ရေပြင်ကြီးဖြင့် ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။ ဖိအားဒဏ်ခံအပြင်ခွံမှာ မြည်သံကြီးဖြင့် တုန်ခါနေခဲ့ပြီး ဒလက်ပန်ကာများသည် မွန်းစတားကြီး၏ ပျက်စီးသွားသော လက်တံများကို ရွှံ့နွံများကဲ့သို့ မွှေနှောက်ကာ ရေအောက်ဆီသို့ အလျင်အမြန်ထိုးဆင်းသွားခဲ့၏။
ဝုန်း။
ယာဉ်နှစ်စီးစလုံး ရေထဲသို့ ဝင်ရောက်သွားသည့် စက္ကန့်ပိုင်းမှာပင် ရေငုပ်သင်္ဘောစခန်း၏ တောင်လှိုဏ်ဂူတစ်ခုလုံး ဝုန်းခနဲ မြည်သံနှင့်အတူ ပြိုကျပျက်စီးသွားခဲ့ပြီး ကျောက်တုံးကြီးများ ပြုတ်ကျလာကာ တွန့်လိမ်နေသော အမည်းရောင်နှင့် အဖြူရောင် ပင်လယ်မွန်းစတားကြီးက ရေအောက်သို့ ဆုတ်ခွာရန် ပြင်ဆင်နေခဲ့သည်။ သို့သော် ၎င်း၏ ပေါက်ကွဲသွားသော ဦးခေါင်းခွံကြီးကို ဂူအတွင်းမှ ဧရာမ ကျောက်တုံးကြီးများက တိုက်ရိုက်ဖိကြိတ်ပစ်လိုက်၏။ မူလက အထက်သို့တက်မည့်လမ်းကြောင်းတွင်မူ လင်းရှန်တို့ နောက်သို့ လိုက်ပါလာကြသော အမည်းရောင်ရေပြင်နှင့် တူလှသော ပိုးကောင်မြွေကဲ့သို့ သတ္တဝါပေါင်းအမြောက်မြားသည် တောက်လောင်နေသော ကျောက်ဆောင်များနှင့် ဆူပွက်နေသော ချော်ရည်များကြားတွင် နစ်မြုပ်သွားကြတော့သည်။
ဂလုတ် ဂလုတ်၊၊
ပိတ်ဆို့သွားသော ရေနက်ဆိပ်ကမ်း၏ အောက်ဘက်တွင်မူ တစ်ချိန်က ကျယ်ပြန့်ခဲ့သော ရေလမ်းကြောင်းမှာ ယခုအခါ ရေအောက်ဆိုနာနှင့် စကန်ဖတ်စနစ်အောက်တွင် ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခုအဖြစ်သာ ပြသနေတော့သည်။ လင်းရှန်သည် တွဲ ၂သို့ ဝင်လိုက်သည်နှင့် အပြင်ဘက်ကို မြင်နိုင်ရန် ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်၏။ ပင်လယ်မွန်းစတားကြီး၏ အချင်း မီတာဆယ်ဂဏန်းခန့်ရှိသော အမည်းရောင်နှင့် အဖြူရောင် အစက်အပြောက်များပါရှိသည့် ကိုယ်ထည်ကြီးမှာ တွင်းနက်ကြီးထဲသို့ တည့်တည့်မတ်မတ်ဆန့်တန်းနေပြီး အဆုံးမရှိနိုင်တော့သည့်အလား ထင်မှတ်ရသဖြင့် လူတိုင်း၏ ဦးရေပြားများပင် ယားယံလာရသည်။
“ဒီအကောင်က ရေနက်ဆိပ်ကမ်းကနေ လမ်းကြောင်းထဲကို ထိုးဖောက်ဝင်ရောက်လာတာပဲ။ ဘုရားရေ… ဒီလောက်ကြီးတဲ့ ပင်လယ်မြွေကြီးလား”
ကီကီသည် အပြင်ဘက်တွင် တဖျပ်ဖျပ်တုန်ခါနေသော အမည်းရောင်နှင့် အဖြူရောင်ကွင်းများကို ကြည့်ရင်း ကျောရိုးထဲအထိ စိမ့်တက်လာသော အအေးဒဏ်ကို မအောင့်နိုင်ဘဲ ဖြစ်နေခဲ့သည်။
“ဒါက လှုပ်ရှားနေတုန်းပဲ၊၊ ထပ်ပြီး တိုက်ခိုက်ဖို့ ကြိုးစားနေတယ်။ အခုတော့ ပင်လယ်ထဲမှာရော ကျွန်းပေါ်မှာရော အရာအားလုံး ဒီနေရာကို စုပြုံလာနေတဲ့ပုံပဲ”
လင်းရှန်က ချက်ချင်း ပြောလိုက်သည်။
“ကမ်းပါးယံလမ်းကြောင်းကနေ ထွက်ပြီး ရေနက်ပိုင်းထဲကို ဝင်ဖို့ နောက်ထပ် မီတာ ၆၀၀ ပဲ ကျန်တော့တယ်။ ဒီသတ္တဝါက ဒီမှာ ပိတ်ဆို့ထားတာဆိုတော့ လမ်းကြောင်းရဲ့ အပြင်ဘက်မှာလည်း ပင်လယ်မွန်းစတားအုပ်ကြီးက ကျွန်မတို့ကို စောင့်နေကြလိမ့်မယ် ထင်တယ်”
ကီကီက ပြန်ပြော၏။
“လင်းရှန်၊၊ ငါတို့မှာ အချိန်ဘယ်လောက်ကျန်သေးလဲ”
ချန်ဆီရွှမ်သည် လင်းရှန်၏ အမှတ်အသားရထားသည့် အခြေအနေကို သတိပြုမိသွားပြီး ဤအမှတ်အသားကြောင့် ရေငုပ်ရန် အရေးတကြီးလိုအပ်နေသည်ကို ရိပ်မိသွားခဲ့သည်။
လင်းရှန်သည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်ရင်း ချန်ဆီရွှမ်၊ မိုနီကာ၊ လုရှင်းချန်နှင့် အခြားသူများကို လှည့်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“၁၇ စက္ကန့်”
ဤစကားထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အားလုံး၏ မျက်လုံးသူငယ်အိမ်များမှာ ရုတ်တရက် တုန်လှုပ်သွားကြ၏။
လင်းရှန်သည် အခြားဘာစကားမျှမပြောတော့ဘဲ ဆွဲထားသော စင်္ကြံလက်တန်းကို ချက်ချင်း လှမ်းကိုင်လိုက်ပြီး စွမ်းအားဝတ်စုံပေါ်ရှိ တွန်းကန်စနစ်ကို အသုံးပြုကာ တွဲ ၃ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ တွဲ ၃၏ အတွင်းပိုင်းမှာမူ နွယ်ပင်များဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်ကြီးတစ်ခုအသွင်ဖြစ်နေပြီး တန်ချိန်ပေါင်းများစွာရှိသော အစိမ်းရောင်နွယ်ပင်များသည် လက်တံများပမာ ပြုတ်ကျနေသော ကိရိယာတန်ဆာပလာများ၊ စိုက်ပျိုးရေးမှန်ခန်းများနှင့် ပစ္စည်းကိရိယာများကို မပြုတ်ကျစေရန် မြဲမြံစွာ ဖမ်းဆုပ်ထားကြသည်။
ကြမ်းပြင်ပေါ်တွင် ဒေါင်လိုက် ရပ်နေရင်း တင်းကျန်းရီသည် တည်ငြိမ်စွာဖြင့် သူ့နောက်မှ မရေမတွက်နိုင်သော နွယ်ပင်များကို ထိန်းချုပ်လျက် ရှောင်ယွမ်၊ မြောင်လုနှင့် သွေးကပ်ဘေးပန်းကဲ့သို့သော ကပ်ဘေးအပင်အချို့ကို ကာကွယ်ပေးထား၏။ ထိုမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းကာ မကောင်းဆိုးဝါးဆန်လှသည်။