← Chapters

အသက်ရှင်ကျန်ရစ်သူမရှိ (၁)

Vol. 60 Ch. 1023

အသက်ရှင်ကျန်ရစ်သူမရှိ (၁)

Vol. 60 Ch. 1023

ကျွန်းတစ်ခုလုံးသည် သဲရဲတိုက်တစ်ခုကဲ့သို့ အလယ်တည့်တည့်မှ စတင်ပြိုကွဲပျက်စီးသွားပြီး အကျဉ်းထောင်၏ မြင့်မားသော တံတိုင်းကြီးများ ပြိုကျမှုကြောင့် လွင့်စင်လာသော ကျောက်ခဲများသည် လေထုထဲတွင်တင် ကန့်ဓာတ်ငွေ့များအဖြစ် အငွေ့ပျံသွားကြသည်။ တစ်ချိန်တည်းမှာပင် မြင့်မားသော အပူလှိုင်းဖြာထွက်မှုကို သယ်ဆောင်ထားသည့် အငွေ့ပျံသွားသော ပင်လယ်ရေများသည် လေဟာနယ်ထဲသို့ ပြင်းထန်စွာ ပြန်လည်ရိုက်ခတ်လာပြီး တစ်ကီလိုမီတာ မြင့်မားသော စက်ဝိုင်းပုံဆူနာမီလှိုင်းတံတိုင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ဤကြီးမားလှသော ပင်လယ်ပြင်ရှိ ကြယ်ကြီးသည် ကောင်းကင်ယံမှ မုန်တိုင်းတိမ်တိုက်ကြီးများကို တိုက်ရိုက်ဖောက်ထွင်းရှင်းလင်းပစ်လိုက်သည်။ မြင့်မားသော ကောင်းကင်ယံမှ ကြည့်မည်ဆိုပါက ကျွန်းနားသို့ ချဉ်းကပ်လာနေသော ပင်လယ်မွန်းစတားကြီးများနှင့် သန္ဓေပြောင်းမွန်းစတားများစွာသည် အချိန်ခဏချင်းအတွင်း ပျောက်ကွယ်သွားပြီး ပင်လယ်ရေမျက်နှာပြင်မှ လွင့်ပျယ်သွားသော အနက်ရောင်မြူခိုးထုကြီးတစ်ခုထွက်ပေါ်လာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ဘွန်းးး၊၊

နျူကလီးယားပေါင်းစပ်မီးလုံးကြီး ကျုံ့ဝင်သွားသည့်အခိုက်အတန့်တွင် ၎င်းသည် ဒျူတေရီယမ်-ထရီတီယမ် ဒုတိယအဆင့်ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။ လျှပ်စီးကဲ့သို့ ရိုက်ခတ်လှိုင်းတစ်ခုသည် ပစိဖိတ်သမုဒ္ဒရာ ရေအောက်တောင်တန်းတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ရေအောက်ကြမ်းပြင်ကျောက်လွှာများကို ကြက်ဥခွံကဲ့သို့ အက်ကွဲကာ မြင့်တက်သွားစေသည်။ ကြီးမားလှသော ရိုက်ခတ်လှိုင်းသည် ပင်လယ်ရေနှင့် ရေအောက်ကြမ်းပြင်ကို ဖြတ်သန်းစီးဆင်းသွားပြီး စက္ကန့်ပိုင်းအတွင်းရှေ့ရှိ ပင်လယ်ကြမ်းပြင် ချောက်ကမ်းပါးကို တိုက်ရိုက်ထိတွေ့မိသွားတော့သည်။

ထိုအခိုက်အတန့်တွင် ရေနက်ပိုင်း၌ မျောပါနေသော အနန္တရထားနှင့် နျူကလီးယားရေငုပ်သင်္ဘောတို့သည် ရေပုလင်းထဲတွင် လှုပ်ခါခံနေရသော ဆေးတောင့်လေးများကဲ့သို့ ချောက်ကမ်းပါးအောက်ခြေဆီသို့ လွင့်စင်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ချောက်ကမ်းပါး၌ သိပ်သည်းစွာရှိနေသော ပင်လယ်မွန်းစတားကြီးများသည်လည်း လွင့်စင်ပျောက်ကွယ်သွားကြသည်။

“အား...”

အထက်သို့ မြောက်တက်သွားသော အနန္တရထားအတွင်း၌ ထိတ်လန့်တကြားအော်သံများ ပြည့်နှက်သွားခဲ့သည်။ ပြင်းထန်လှသောရေစီးကြောင်းများက ဝါးမြိုသွားသဖြင့် အရပ်မျက်နှာကို ခွဲခြား၍မရတော့ဘဲ ပြတင်းပေါက်အပြင်ဘက်တွင်မူ အနန္တရထားသည် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်မွန်းစတားအမျိုးမျိုးကို ဖြတ်ကျော်မောင်းနှင်နေရသကဲ့သို့သာ မြင်တွေ့နေရသည်။

ဝဲဂယက်လိုလို တွင်းနက်ပါးစပ်ကြီး၊ တောင်တန်းကဲ့သို့သော ဆူးတောင်အနားသတ်များနှင့် အပိုင်းပိုင်းပြတ်နေသော ပိုးကောင်ကြီးအချို့၏ ပေါင်းစပ်မျက်လုံးများ...

လင်းရှန်က ချန်ဆီရွှမ်ကို သေချာဆွဲထားသည်။ ထိုအခိုက်အတန့်တွင် ထိန်းချုပ်ခန်းတစ်ခုလုံးကို ကီကီက စိတ်စွမ်းအားဖြင့် တည်ငြိမ်အောင် ထိန်းထားပေးပြီး ရူဂျီကလည်း သူ၏ အထူးစွမ်းအားကို အသုံးပြုကာ ရထားတွဲအတွင်းရှိ လူများကို ပြင်းထန်သော မွှေနှောက်မှုဒဏ်ကြောင့် အပိုင်းပိုင်းမပြတ်သွားစေရန် ကာကွယ်ပေးထားသည်။

အချိန်ခဏချင်းအတွင်း လင်းရှန်သည် ထူးဆန်းသော အော်ဟစ်သံအမျိုးမျိုးကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အချို့မှာ တွင်းနက်ကြီး၏ အော်ဟစ်ငိုကြွေးသံနှင့်တူလှကာ အချို့မှာမူ ကမ္ဘာ့မြေလွှာ အက်ကွဲသံနှင့် တူလှသည်။ သူသည် ဆွဲငင်အားမှန်ဘီလူးကို အချိန်မရွေးအသုံးပြုရန် အဆင်သင့်ပြင်ကာ ပြတင်းပေါက်အပြင်ဘက်သို့ လက်ညှိုးမြှောက်လိုက်၏။

လည်ပတ်နေသော ရှေ့မီးရောင်အောက်တွင် မီးတောင်ဝတစ်ခုကဲ့သို့ ခရုပတ်ပုံစံ စူးရှသော သွားများ ပြည့်နှက်နေသည့် တွင်းနက်အလားကြီးမားလှသော ပါးစပ်ကြီးတစ်ခုသည် အနန္တရထားဆီသို့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ရေဖိအားနှင့်အတူ တစ်ချက်ထဲဖြင့် ဝါးမြိုပစ်တော့မည့်အတိုင်း တိုးဝင်လာခဲ့သည်။

လင်းရှန်၏ မျက်နှာအမူအရာက ခက်ထန်သွားပြီး ကီကီနှင့်အတူ တစ်ပြိုင်နက်တည်း လှုပ်ရှားရန် ပြင်လိုက်သည်။

ရုတ်ရက် နီရဲသော အရောင်နှင့် လျှပ်စီးများဝန်းရံထားသည့် ကြီးမားလှသော နွယ်ပင်အချို့သည် မျက်တောင်တစ်ခတ်အတွင်း ရှေ့သို့ သိသိသာသာ ဆန့်ထွက်သွားပြီး အချင်းဝက် မီတာအနည်းငယ်မှ မီတာအတော်များများအထိ လျင်မြန်စွာ ကြီးထွားလာခဲ့ရာ တစ်ခုချင်းစီသည် အနန္တရထားထက်ပင် ပိုမိုထူထဲကာ ကြီးမားလှသည်။ ထိုနွယ်ပင်များသည် ခရုပတ်ပုံစံ ဖောက်ထွင်းသွားပြီး တွင်းနက်ပါးစပ်ကြီးနှင့် တိုက်ရိုက်ထိမိသွားကာ ဤတွန်းအားကို အသုံးပြု၍ အနန္တရထားကို ချောက်ကမ်းပါးအောက်ခြေဆီသို့ တွန်းပို့ပေးလိုက်သည်။

လင်းရှန်သည် ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ရာ တင်းကျန်းရီ၏ မျက်လုံးများက မှိန်ဖျော့သော အစိမ်းရောင်အလင်းတန်းများဖြာထွက်နေသည်ကို မြင်လိုက်ရသည်။ တစ်နည်းမဟုတ်တစ်နည်းဖြင့် သွေးနွယ်ပင်သည် အနန္တရထား၏ တွဲအပြင်ဘက်အထိ ကြီးထွားသွားခဲ့ခြင်း ဖြစ်သည်။

အသေးစိတ်လိုက်မေးနေရန် အချိန်မရှိသဖြင့် လင်းရှန်က ပြတ်သားစွာ အော်လိုက်သည်။

“ဒါရိုက်တာတင်း၊၊ အခုပဲ”

တင်းကျန်းရီသည် ဘယ်ဘက်လက်ဖြင့် သွေးနွယ်ပင်ကို ထိန်းချုပ်ထားပြီး ညာဘက်လက်ဖြင့်မူ နွယ်ပင်စိမ်းလေးတစ်ခုကို ငွေနဂါးဆယ်ဆပန်း၏ မှန်ခန်းထဲသို့ သွင်းကာ ပွင့်လန်းနေသော အပွင့်ကို ညင်သာစွာ ဆွတ်ခူးလိုက်သည်။

ဖောက်၊၊

တစ်ခဏအတွင်း အနန္တရထားနှင့် နျူကလီးယားရေငုပ်သင်္ဘောပေါ်တွင် ဆူပွက်နေသော ပင်လယ်ရေသံများ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားခဲ့ပြီး လူတိုင်း၏ နားထဲတွင် ဂတ်စ်ပူဖောင်းလေးတစ်ခု ပေါက်ကွဲသွားသည့် သိမ်မွေ့သော အသံတစ်ခုသာ ပြည့်နှက်သွားလေတော့သည်။

ထိုအသံသည် ပူဖောင်းတစ်လုံးပေါက်ကွဲသွားသလိုမျိုး သို့မဟုတ် အပိုင်းအစများကြေမွပျက်စီးသွားသလိုမျိုး… အလွန်တိုးညင်းသော်လည်း စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသဖြင့် နားကွဲလုမတတ် ကျယ်လောင်နေပုံရသည်။

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦးက ကမ်းလွန်ကျွန်းပင်လယ်ပြင်တစ်ခုလုံးကို ခေတ္တရပ်တန့်ရန် Pause နှိပ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ကြီးမားလှသော ရွှေနီရောင် မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီး၊ ကျွန်းကို အငွေ့ပျံသွားစေသည့် အပူချိန်မြင့်မားလှသော မီးလုံးကြီး၊ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးကို ရိုက်ခတ်နေသော ရိုက်ခတ်လှိုင်း၊ မိုးကောင်းကင်ထက်မှ မိုးကြိုးသံများ၊ လှိုင်းလုံးများအောက်က သတ္တဝါကြီးများသည် တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြသည်။

အနန္တရထား၏ ထိန်းချုပ်ခန်းအတွင်း၌ လင်းရှန်၊ ကီကီ၊ ဒါရိုက်တာတင်း၊ ချန်ဆီရွှမ်နှင့် ဗိုင်အိုလာတို့အားလုံး အေးခဲသွားကြ၏။

ချန်ဆီရွှမ်၏ မျက်လုံးထောင့်တွင် အနန္တရထားသည် တွင်းနက်ပါးစပ်ကြီးဘေးမှ ကပ်၍ ဖြတ်သန်းသွားနေပြီး ရှာဖွေရေးကိရိယာများနှင့် ဆိုနာစနစ်များ၏ အလင်းတဖျပ်ဖျပ်များသည် ထိုအခိုက်အတန့်တွင် အေးခဲရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လင်းရှန်၏ မြင်ကွင်းထဲ၌ ထူးဆန်းသော ပန်းတစ်ပွင့် ပွင့်လန်းလာပြီး ၎င်း၏အလယ်မှ အမှောင်ထုတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ လင်းရှန်၏ မျက်လုံသူငယ်အိမ်ထဲတွင်မူ သူသည် တွင်းနက်ကြီးတစ်ခုထဲရှိ ဂြိုဟ်တစ်လုံးပေါ်သို့ ထာဝရကျဆင်းနေသကဲ့သို့ ခံစားနေရပြီး… ယခုကမ္ဘာကြီးမှာ ဂူတစ်ခု၏ အောက်ခြေတွင်သာရှိနေကာ ထိုအမှောင်ထုသည် ဂူ၏ထွက်ပေါက်ဖြစ်နေပုံရသည်။

အချိန်သည် ထိုအခိုက်အတန့်တွင် အေးခဲရပ်တန့်သွားခဲ့ပြီး ဖြစ်နိုင်သည်မှာ တစ်စက္ကန့်မျှ သို့မဟုတ် ခဏတာမျှသာဖြစ်လိမ့်မည်။ ရေနက်ပိုင်းတွင် အနန္တရထားနှင့် နျူကလီးယားရေငုပ်သင်္ဘောတို့သည် ပင်လယ်ရေများက ဒြပ်ထုတစ်ခုအဖြစ်ခဲသွားသကဲ့သို့ ရေထဲတွင် မလှုပ်မယှက်ရပ်တန့်နေခဲ့ကြသည်။

သို့သော်လည်း ယခုအချိန်တွင် လင်းရှန်၏မျက်လုံးထဲ၌ ပြောင်းလဲနေသော ဂဏန်းများမှာမူ မည်သည့်သက်ရောက်မှုမျှ မရှိဘဲ ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်။

၁၆:၁၀:၃၃ မှသည် ၁၆:၁၀:၃၂ သို့ တည်ငြိမ်စွာပြောင်းလဲသွားခဲ့၏။

ဟူးး၊၊

ဂဏန်းများ ပြောင်းလဲသွားသည်နှင့်အတူ လင်းရှန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သော်လည်း ထူးခြားမှုကို မခံစားရချေ။ သူ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ငွေနဂါးဆယ်ဆပန်း၏ အလယ်ဗဟိုရှိ အမှောင်ထုဆီသို့ အာရုံစိုက်လိုက်မိကာ… ဗဟိုချက်မှ အမှောင်ထုသည် စတင်ပျံ့နှံ့လာပြီး တင်းကျန်းရီ၏ လက်နှင့် နွယ်ပင်များအပါအဝင် ငွေနဂါးဆယ်ဆပန်း၏ မှန်ခန်းကို ဝါးမြိုလာသဖြင့် သူ အလိုလျောက်မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါရိုက်တာတင်း”

လင်းရှန် ချက်ချင်း အော်ဟစ်လိုက်သော်လည်း ပါးစပ်ဟလိုက်သည့်တိုင် မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ချေ။ ခေါင်းမော့ကြည့်လိုက်သောအခါ တင်းကျန်းရီသည် တစ်ကိုယ်လုံး အေးခဲရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။ လင်းရှန်က အခြားလူများကို အမြန်လှမ်းကြည့်လိုက်ရာ ထိန်းချုပ်ခန်းအတွင်းရှိ လူတိုင်းမှာ ခေတ္တရပ်တန့်ခြင်းခံထားရသကဲ့သို့ ဖြစ်နေသည်။

ဘာတွေဖြစ်နေတာလဲ။

လင်းရှန်၏ မျက်နှာအမူအရာ သိသိသာသာပြောင်းလဲသွားသည်။ ဆွဲငင်အား၏ သက်ရောက်မှုမရှိဘဲ လေထဲတွင် မျောပါနေသော အပိုင်းအစများ၊ ပြတင်းပေါက်အပြင်ဘက်တွင် ရပ်တန့်နေသော ပင်လယ်ရေပူဖောင်းများကို မြင်တွေ့လိုက်ရပြီး အားလုံးထဲတွင် အထူးဆန်းဆုံးမှာ ငွေနဂါးဆယ်ဆပန်းမှ ပွင့်အာလာသော အမှောင်တွင်းနက်ကြီးဖြစ်နေသည်။ ၎င်းမှာ ဆွဲငင်အားမှန်ဘီလူးကဲ့သို့သော အသေးစားတွင်းနက်တစ်ခုဖြစ်ပြီး လုံးဝ အမှောင်အတိကျကာ ထိုနေရာလွတ်အတွင်း၌ ထူးခြားဆန်းကြယ်စွာ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဤအမှောင်ထုတွင် မည်သည့်အနားသတ်မျှ မရှိဘဲ နေရာလွတ်တစ်ခုကို နတ်ဘုရားတစ်ပါးက ဖယ်ထုတ်ပစ်လိုက်သကဲ့သို့ ထင်မှတ်ရသည်။ အကယ်၍ ဖော်ပြရမည်ဆိုပါက Photoshop ထဲတွင် လုံးဝချောမွေ့သော အရောင်ဖြင့် ဖြည့်စွက်ထားသည့် အနက်ရောင် အကွက်တစ်ခုကဲ့သို့ ထုထည်မရှိ၊ အနားသတ်မရှိဘဲ ထိုအနက်ရောင်တွင်းနက်ကြီးသည် အပေါက်တစ်ခုလည်းမဟုတ်သလို လုံးဝအဝိုင်းတစ်ခုလည်းမဟုတ်ဘဲ အလင်းနှင့် ဒိုင်မေးရှင်းများပင်မရှိတော့သကဲ့သို့ပင်။

သူသည် တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားသော်လည်း သူက ဘာကြောင့် ဆက်ပြီး လှုပ်ရှားနိုင်နေရတာလဲ… ပြီးတော့ အချိန်ရေတွက်မှုကရော ဘာလို့သက်ရောက်မှုမရှိဘဲ လည်ပတ်နေရတာလဲ။

“ဗိုင်အိုလာ”

လင်းရှန် ဗိုင်အိုလာကို လှမ်းခေါ်ရန် ကြိုးစားသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။ သူသည် ဗိုင်အိုလာကို ကြည့်ကာ သူမကို လှမ်းကိုင်ရန် ပြင်လိုက်သည်။ သူ၏ လက်ချောင်းများက ဗိုင်အိုလာ၏ စက်ရုပ်လက်မောင်းကို ထိလုနီးပါးဖြစ်သွားသည့်အချိန်တွင် သူ၏ လှုပ်ရှားမှုက ပြန်လည်ရပ်တန့်သွားပြီး သူ၏ မျက်လုံးများတုန်လှုပ်သွားခဲ့သည်။

ဗိုင်အိုလာ၏ လည်ပင်းအနောက်ဘက်ရှိ ဗဟိုထိန်းချုပ်မှုလိုင်းအတွင်းမှ အပြာရောင်အလင်းဖျော့ဖျော့လေးသည် အေးခဲနေခဲ့သည်။ ၎င်းမှာ ဗိုင်အိုလာ၏ ကွမ်တမ်ပရိုဆက်ဆာဗဟိုချက်မှ ဖိုတွန်ထုတ်လွှတ်မှုစနစ်ဖြစ်သော်လည်း ယခုအခါ ထိုသေးငယ်သော အချက်ပြမီးလေးမှာလည်း ရပ်တန့်နေခဲ့သည်၊၊

အလင်းက ရပ်တန့်သွားခဲ့ပြီ။

ထိုအခိုက်အတန့်တွင် လင်းရှန်သည် အစစ်အမှန်ကမ္ဘာကြီးမှ သီးခြားကွာဝေးသွားသည့် ထင်ယောင်ထင်မှားဖြစ်မှုကို ခံစားလိုက်ရပြီး ကိုယ့်အသက်ရှူသံကိုပင် ပြန်ကြားနေရသည်။

ဇဝေဇဝါဖြစ်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိတ်လှုပ်ရှားခြင်းစသည့် စိတ်ခံစားမှုအမျိုးမျိုးက လင်းရှန်၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့သည်။

All Chapters