အသက်ရှင်ကျန်ရစ်သူမရှိ (၂)
Vol. 60 Ch. 1024
ထိုစဉ် သူ့လက်ပေါ်နှင့် ခန္ဓာကိုယ်ပေါ်တွင် ဖြာထွက်နေသော အလင်းရိပ်တစ်ခုကို ရုတ်တရက် သတိပြုမိလိုက်ရာ ၎င်းမှာ ရုပ်သေးရုပ်၏ ကြိုးများကဲ့သို့ဖြစ်သော်လည်း ကွဲပြားခြားနားလှသည်။ သူ၏ တစ်ကိုယ်လုံးတွင် ထိုအရာများရှိနေပြီး ထိုအလင်းတန်းများသည် အောက်တည့်တည့်သို့ ဒေါင်လိုက်ဆန့်ထွက်ကာ အနန္တရထား၏ ကြမ်းပြင်ကို ဖောက်ထွင်း၍ တစ်နေရာရာဆီသို့ အဆုံးမရှိ ဆန့်တန်းသွားကြသည်။
လင်းရှန် စိတ်ရှုပ်ထွေးစွာ လက်ကို မြှောက်လိုက်ရာ သူ၏ လက်ချောင်းများ လှုပ်ရှားမှုက အောက်ဘက်ရှိ အလင်းရိပ်ကို ဆွဲငင်လိုက်သကဲ့သို့ ဖြစ်သွားပြီး… ၎င်းမှာ သူ၏ အရိပ်ရောင်ပြန်ကဲ့သို့ပင်။ သို့သော် ဤရောင်ပြန်ထဲတွင် သူ၏ ရောင်ပြန်နှင့်အတူ ရစ်ပတ်နေသော ကွေးကောက်နေသည့် လိုင်းတစ်ခုကို မြင်လိုက်ရသည်။ လင်းရှန်သည် သေချာမြင်ရရန် လက်နှစ်ဖက်လုံးကို မြှောက်ကြည့်လိုက်ရာ ၎င်းမှာ အခြားလူတစ်ဦး၏ အရိပ်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
ချူယန်။
လင်းရှန်၏ နှလုံးသားတုန်ခါသွားပြီး ယခုအခြေအနေကို သူ နားမလည်နိုင်တော့ချေ။ ဤအလင်းရိပ်များက ဘာကိုကိုယ်စားပြုနေတာလဲ။
သူနှင့် ချူယန်အကြားက ဆက်နွှယ်မှုက ဘာကြောင့် ဤပုံစံမျိုးဖြင့် တည်ရှိနေရတာလဲ။
နောက်ဆုံးတွင် လင်းရှန်သည် သူ၏အရှေ့ရှိ အမှောင်နေရာလွတ်နယ်မြေဆီသို့ အကြည့်ကို ပို့ထားရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သို့သော် ထိုနေရာတွင် လုံးဝဥဿုံမှောင်အတိကျခြင်းသာ ရှိနေခဲ့သည်။
ထို့နောက် လင်းရှန်သည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ အနားသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သည်။
ထိုအခိုက်အတန့်တွင် အလွန်ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့၏။
လင်းရှန်၏ လက်ညှိုးက အနက်ရောင်တွင်းနက်နားသို့ ချဉ်းကပ်သွားသည်နှင့်အမျှ ကွေးကောက်နေသော လက်ညှိုးတစ်ချောင်းက အနက်ရောင်တွင်းနက်ထဲမှ ပေါ်ထွက်လာသည်ကို မြင်လိုက်ရပြီး၊ ၎င်းမှာ သူ၏ လက်ချောင်းထိပ်နားသို့ ကပ်လာသော မှန်ချပ်တစ်ခုကဲ့သို့ပင်၊၊
သို့သော် ထိုလက်ညှိုးသည် တစ်ပြိုင်နက်တည်း လှုပ်ရှားနေခြင်းမဟုတ်ဘဲ အနားသို့ ခဏမျှ ချဉ်းကပ်လာပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် ရေလှိုင်းများကြောင့် ကွေးကောက်နေသကဲ့သို့ ဖြစ်နေသော မျက်နှာတစ်ခုက အနက်ရောင်တွင်းနက်ထဲတွင် ရုတ်တရက် ပေါ်လာသဖြင့် လင်းရှန် ထိတ်လန့်သွားခဲ့ရသည်။ ထိုမျက်နှာ၏ မျက်လုံးများက ပြူးကျယ်ကာ အလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေပုံရသည်။
သို့သော် မျက်တောင်တစ်ခတ်အတွင်း ထိုမျက်နှာက ပျောက်ကွယ်သွားပြီး အပြာရောင်စွမ်းအင်တန်းတစ်ခုဖြာထွက်လာကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့ပြန်သည်။
ဤထူးဆန်းသော မြင်ကွင်းက လင်းရှန်ကို ဆွဲဆောင်သွားပြီး အနက်ရောင်တွင်းနက်ထဲကို သေချာမြင်ရရန် ချက်ချင်း အနားသို့ တိုးကပ်ကြည့်လိုက်မိသည်။
သို့သော် ထိုနေရာတွင် ဘာမှမရှိချေ။
“သောက်ကျိုးနည်း…. ဒါက ဘာကြီးလဲ”
လင်းရှန်သည် ခေတ္တတွေးလိုက်ပြီးနောက် အံကြိတ်ကာ စမ်းသပ်သည့်အနေဖြင့် အနက်ရောင်တွင်းနက်ထဲသို့ ယန္တရားစွမ်းအင်အမြောက်ဖြင့် ပစ်ခတ်ကြည့်ရန် လက်ညှိုးကို တိုက်ရိုက်မြှောက်လိုက်လေသည်။
ဆွစ်၊၊
ယန္တရားစွမ်းအင်အမြောက်ကို ထုတ်ဖော်လိုက်သည်နှင့်အမျှ လင်းရှန်၏ လက်ချောင်းများသည် တစ်စုံတစ်ဦးက သတ္တုကိရိယာတစ်ခုဖြင့် ဖုံးအုပ်ပေးထားသကဲ့သို့ဖြစ်သွားပြီး မော်တာတစ်ခုက စွမ်းအားများ စုဆောင်းကာ လည်ပတ်နေသည့် တိုးညင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အပြာရောင်စွမ်းအင်အလင်းတန်းတစ်ခုက လက်ချောင်းထိပ်တွင် စုစည်းလာသည်၊၊
သို့သော်လည်း လင်းရှန် ပစ်ခတ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ လက်ချောင်းများပေါ်ရှိ အပြာရောင်အလင်းတန်းကို မြင်လိုက်ရသဖြင့် သူ၏ စိတ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားပြီး ခေတ္တမျှ မှင်သက်သွားကာ ယန္တရားစွမ်းအင်အမြောက်ကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်သည်။
ထိုအခိုက်အတန့်တွင် လင်းရှန်သည် ဘယ်လိုအသက်ရှူရမည်ကိုပင် မေ့လျော့နေပုံရသည်။
သူသည် အရှေ့ရှိ အနက်ရောင်တွင်းနက်ကြီးဆီသို့ လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် ထိုနေရာမှ ထွက်ပေါ်လာသော အရိပ်မှာ သူကိုယ်တိုင်ဖြစ်နိုင်ခြေ အလွန်များကြောင်း သဘောပေါက်လိုက်မိသည်။
သူသည် လက်ညှိုးကို ဆန့်ထုတ်ကာ အနားသို့ ချဉ်းကပ်ရန် စမ်းသပ်ကြည့်ပြီးနောက် ယန္တရားစွမ်းအင်အမြောက်ကို အသုံးပြုရန် ပြင်လိုက်သော်လည်း ထိုစိတ်ကူးကို ချက်ချင်း စွန့်လွှတ်လိုက်သည်။ ယခုလေးတင် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသော အမှောင်လှိုင်းများ၊ လက်ချောင်း၊ မျက်နှာနှင့် အပြာရောင်အလင်းတန်းတို့မှာ ဤအခြင်းအရာနှင့် ကွင်းဆက်ပတ်သက်နေပုံရသည်၊၊
ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသော ထိုမျက်နှာမှာ သူ၏ မျက်နှာဖြစ်နေကြောင်း သိလိုက်ရသည်။
လင်းရှန် ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်မိပြီး နှလုံးခုန်သံများက ရူးသွပ်စွာမြန်ဆန်လာခဲ့ရာ သူ့ကို အံ့အားသင့်စေဆုံးအရာမှာ ထိုဆန့်ကျင်ဘက်အရိပ်၏ လှုပ်ရှားမှုများသည် နောက်စက္ကန့်အနည်းငယ်အကြာတွင် သူပြုလုပ်မည့် လှုပ်ရှားမှုများဖြစ်နေခြင်းပင်။
တစ်နည်းအားဖြင့်ဆိုရသော် အနက်ရောင်တွင်းနက်ထဲ၌ရှိနေသောအရာမှာ စက္ကန့်အနည်းငယ်အကြာ အနာဂတ်မှ သူကိုယ်တိုင်ပင်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လင်းရှန်သည် သူ့ပေါ်သို့ ဖြာကျနေသော ရှည်လျားသည့် အလင်းရိပ်ကို လှမ်းကြည့်လိုက်မိရာ၊ ယခင်က သူကြည့်ဖူးသည့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။ ၎င်းမှာ အချိန်သည် ဒြပ်ထုတစ်ခုအဖြစ်တည်ရှိနေပြီး အတိတ်နှင့် အနာဂတ်က တစ်ပြိုင်နက်တည်းဖြစ်ပျက်နေသည့် လေးဘက်မြင်ဒိုင်မေးရှင်းအကြောင်း ရုပ်ရှင်ဖြစ်ကာ ထိုဒိုင်မေးရှင်းအဆင့်မှနေ၍ မည်သည့်အချိန်ကာလက မိမိကိုယ်ကို မြင်တွေ့နိုင်ခြင်း ဖြစ်သည်။
ချက် ချက် ချက်၊၊
လင်းရှန်၏ မျက်လုံးထဲ၌ ပြောင်းလဲနေသော ဂဏန်းများမှာမူ အဆက်မပြတ် ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။
“ဒီဂဏန်းတွေက သက်ရောက်မှုမရှိဘူး”
“ဒါဆို ဒါက ငွေနဂါးဆယ်ဆပန်းရဲ့ ပန်းဖူးပွင့်လာတဲ့ စွမ်းအားပေါ့၊၊ အာကာသပူဖောင်းတစ်ခုတင်မဟုတ်ဘဲ ဒိုင်မေးရှင်းအဆင့်ဒြပ်ထုတစ်ခုဖြစ်နေတာလား”
ထပ် ထပ်၊၊
တစ်စုံတစ်ခု လှုပ်ရှားနေသကဲ့သို့ အသံထွက်ပေါ်လာသည်။ လင်းရှန် ဆက်တွေးနေမိသော်လည်း အနက်ရောင်တွင်းနက်ဆီသို့ ပြန်ကြည့်လိုက်သည့်အခါ ၎င်း၏အရွယ်အစားက နှစ်ဆမျှ ကြီးထွားလာသည်ကို တွေ့လိုက်ရသည်။ ငွေနဂါးဆယ်ဆပန်း၏ မှန်ခန်းအပြင် ယခုအခါ တင်းကျန်းရီ၏ လက်များကိုပါ လုံးဝဝါးမြိုသွားခဲ့ပြီ ဖြစ်သည်။
အနက်ရောင်တွင်းနက်ထဲတွင် လူသားတစ်ဦး၏ ပုံရိပ်က တစ်ဖန်ပြန်လည်ပေါ်လာပြန်သည်။ လင်းရှန် မျက်မှောင်ကြုတ်လိုက်မိ၏။ သူသည် အနားသို့ တိုးကပ်ကြည့်ရန် အမှန်ပင် ရည်ရွယ်ထားသည်၊၊ အကယ်၍ သူသာ တိုးမကြည့်ပါက မူလအချိန်ဖြစ်စဥ်ကို သွေဖည်သွားစေမည့် အချိန်ဖြစ်စဥ် ရှေ့နောက်ကွဲလွဲမှုကို ဖြစ်ပေါ်စေမလားဆိုသည်ကို တွေးမိသွားသည်၊၊
မဟုတ်ဘူး မဟုတ်ဘူး၊၊ အခုပြဿနာက ဒီငွေနဂါးဆယ်ဆပန်းရဲ့ အာကာသပူဖောင်းကို ဘယ်လိုဖျက်ဆီးပစ်ရမလဲ…. ပြီးရင် ရေနက်ပိုင်းက ပင်လယ်မွန်းစတားကြီးများကို ရှောင်ကွင်းပြီး စူပါဝဲဂယက်လမ်းကြောင်းမှတစ်ဆင့် ဘယ်လိုလွတ်မြောက်ရမလဲ…
ဤနေရာတွင် ထူးဆန်းသော စိတ်ကူးတစ်ခုက လင်းရှန်၏ စိတ်ထဲ၌ ရုတ်တရက် လျှပ်စီးကဲ့သို့ လက်ခနဲဖြစ်သွားခဲ့သည်။
“ဒါပေမဲ့ ငါက အချိန်ဖြစ်စဥ်ကို မြင်နိုင်နေရင် ငါတို့ အောင်မြင်မလားဆိုတာ ကြိုတင်သိနိုင်မလား”
ထို့ကြောင့် သူသည် အနက်ရောင်တွင်းနက်ဆီသို့ လှမ်းကြည့်လိုက်သည်။ အတွင်းရှိ အရိပ်မှာ ပျောက်ကွယ်မသွားသေးဘဲ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ ပိုမိုနက်ရှိုင်းလာခဲ့သည်။
လင်းရှန် မျက်မှောင်ကြုတ်လျက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြတ်သားစွာ အနားသို့ တိုးကပ်သွားခဲ့သည်။ သူသည် အနက်ရောင်တွင်းနက်နားသို့ ချဉ်းကပ်သွားသည်နှင့်အမျှ သူ၏ အမြင်အာရုံက ဆန်းကြယ်စွာ ပြောင်းလဲလာခဲ့၏။ အနက်ရောင်တွင်းနက်၏ အနားသတ်များသည် အရည်ပျော်နေသော ဆီဆေးပန်းချီများကဲ့သို့ စီးဆင်းနေပြီး ယခင်က ရပ်တန့်နေသော ထိန်းချုပ်ခန်း၏ မျက်နှာပြင်က ခရုပတ်ပုံစံ ရောင်စုံဖဲကြိုးများအဖြစ် ဆန့်ထွက်သွားကာ ပြတင်းပေါက်အပြင်ဘက်မှ ငြိမ်သက်နေသော ပင်လယ်ရေများသည် ဆူပွက်နေသော ဆီအလွှာတစ်ခုကို ဖြတ်သန်းကြည့်ရသကဲ့သို့ လှိုင်းထသွားခဲ့သည်။
လင်းရှန်၏ အကြည့်က အနက်ရောင်တွင်းနက်ထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် အနက်ရောင်တွင်းနက်၏ ဗဟိုချက်မှာ လုံးဝမှောင်မည်းနေခြင်းမဟုတ်ဘဲ ထပ်နေသော ရထားတွဲများ၏ အရိပ်ပေါင်းများစွာကို ထူးဆန်းစွာ တွေ့ရှိလိုက်ရသည်။ တွဲ ၂ ထဲတွင် ချန်ဆီရွှမ်နှင့် ရှောင်ယွမ်တို့က လျှပ်စစ်သံလိုက်အမြောက်ကို ချိန်ညှိနေကြပြီး ကီကီနှင့် ရှားရှားတို့က အတူတူရယ်မောရင်း ဗီဒီယိုဂိမ်းကစားနေကြကာ၊ တွဲ ၃ ထဲတွင် တင်းကျန်းရီ၏ လက်ချောင်းထိပ်များ၌ ဆလတ်ရွက်အဖူးအညှောက်ကလေးများ ပေါက်နေပြီး၊ တွဲ ၅ ထဲတွင် တာလို့နှင့် မီးတောက်တို့က လက်ဖက်ရည်သောက်နေကြသည်။ မတူညီသော အချိန်ကာလများမှ ဤမြင်ကွင်းများသည် ဖန်ကွဲစများကဲ့သို့ သူ၏ အမြင်အာရုံထဲသို့ ထိုးခွဲဝင်ရောက်လာခဲ့ကြသည်။
ဤပုံရိပ်များသည် သိပ်သည်းသော ဇယားကွက်ပုံစံများအဖြစ် ပိုင်းဖြတ်ခံထားရပြီး မြင်ကွင်းတစ်ခုလုံးကို အဆုံးမရှိဖြည့်စွက်ထားသည်။ လူတိုင်းမှာ သက်ဝင်လှုပ်ရှားနေကြပြီး အသက်စွမ်းအင် ဆက်လက်တည်ရှိနေကာ အနန္တရထားသည် ဖုတ်ကောင်များပြည့်နှက်နေသော ရထားလမ်းများပေါ်တွင် ဆက်လက်ပြေးဆွဲနေဆဲဖြစ်သည့်အတိုင်းပင်။
ဤမြင်ကွင်းများကို မြင်လိုက်ရသည့်အခါ သံသယအားလုံးက အတည်ပြုချက်ရရှိသွားခဲ့ပြီ ဖြစ်ရာ ငွေနဂါးဆယ်ဆပန်းသည် အမှန်ပင် ဒိုင်မေးရှင်းအဆင့်ဒြပ်ထုတစ်ခုအဖြစ် ဖူးပွင့်လာခြင်းပင်။ လင်းရှန်သည် အဖြေကို ရှာဖွေလိုသဖြင့် ဤဇယားကွက်ပုံရိပ်များကြားမှ ရေနက်ပိုင်းသို့ ဝင်ရောက်ပြီးနောက် အချိန်ဖြစ်စဥ်ကို အမြန်ရှာဖွေလိုက်သည်။ သူ၏ ညာဘက်လက်က အနက်ရောင်တွင်းနက်၏ အနားသတ်ကို လှမ်းကိုင်လိုက်သည့်အခါ နယ်နိမိတ်နှင့် ထိမိသည်နှင့် ကွမ်တမ်ပြိုကွဲမှုဖြစ်ပေါ်သွားပြီး သူ၏ အရေပြားများသည် တဖျတ်ဖျတ်လင်းနေသော မီးခိုးရောင်ဒေတာစီးကြောင်းများအဖြစ် အရည်ပျော်သွားကာ သူ၏ အရိုးစုအပေါ်ယံလိုင်းများသည် နက်ဗျူလာကဲ့သို့သော အလင်းအစက်အပြောက်များအဖြစ်ပြောင်းလဲသွားပြီး သူသည် အချိန်ကာလအတွင်း စီးဆင်းသွားခဲ့သည်။ မကြာမီမှာပင် သူသည် ရေထဲတွင် နစ်မြုပ်နေသော အနန္တရထားကို မြင်လိုက်ရ၏။