အသက်ရှင်ကျန်ရစ်သူမရှိ (၃)
Vol. 60 Ch. 1025
တစ်ချိန်တည်းမှာပင် အနက်ရောင်တွင်းနက်၏ မြင်ကွင်းတစ်ခုလုံးက လျင်မြန်စွာ ကျယ်ပြန့်လာသည်။ လင်းရှန်က ၎င်းကို လှမ်းကိုင်ရန် ပြင်လိုက်စဉ်မှာပင် မြင်ကွင်းက နောက်တစ်ကြိမ် ပြန်လည်ဆွဲထုတ်ခြင်း ခံလိုက်ရပြန်သည်။
ဒီမြင်ကွင်းက ပျောက်ကွယ်သွားတော့မှာလား။
အတွေးတစ်ခုက သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာပြီး လင်းရှန်သည် ရေနက်ပိုင်းသို့ အနန္တရထားဝင်ရောက်သွားသည့် မြင်ကွင်းကို ချက်ချင်း ပြန်လည်ရှာဖွေလိုက်သည်။
နောက်ဆုံးတွင် သူသည် မှောင်အတိကျနေသော ဧရိယာတစ်ခုကို မြင်လိုက်ရပြီး ထိုနေရာတွင် သူ၏ ပုံရိပ်မှာ မှောင်မည်းနေသော ပင်လယ်ရေထဲ၌ ဝန်းရံခြင်း ခံထားရသည်။ အနန္တရထားသည် တိတ်ဆိတ်စွာ မျောပါနေပြီး အချိန်ကာလက အရပ်မျက်နှာအနှံ့သို့ဖြာထွက်လျက် တိုးတက်ပြောင်းလဲနေသည်။
လင်းရှန်သည် လျင်မြန်စွာ ကြည့်ရှုလိုက်ရာ၊ ကမ္ဘာ့အူတိုင်အပူပေးကိရိယာပေါက်ကွဲခြင်း၊ ရေနက်ပိုင်းသို့ ငုပ်လျှိုးခြင်း၊ ရေအောက်ချောက်ကမ်းပါးဝဲဂယက်နှင့် ပင်လယ်မွန်းစတားကြီးများ၏ ဝန်းရံခြင်းကို ခံထားရခြင်းတို့ဖြစ်သည်။ လင်းရှန်သည် ထိုအခိုက်အတန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ၏ ဇဝေဇဝါဖြစ်နေသော လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရသည်။
သို့သော်လည်း ဤမြင်ကွင်းများထဲတွင် အချိန်က အေးခဲမနေခဲ့ချေ။ လင်းရှန်သည် မြင်ကွင်းကို ချဲ့ကြည့်လိုက်ရာ ထိုအရေးကြီးသောအခိုက်အတန့်တွင် တင်းကျန်းရီက ငွေနဂါးဆယ်ဆပန်းကို ဖယ်ရှားလိုက်သည်ကို အံ့အားသင့်ဖွယ်တွေ့ရှိလိုက်ရသည်။ ပန်းပွင့်လေး ကြေမွပျက်စီးသွားသည့် အခိုက်အတန့်တွင် ဒိုင်မေးရှင်းအဆင့် ဧရိယာတစ်ခုသည် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားခဲ့ပြီး ထိုနေရာမှနေ၍ လင်းရှန် အဝေးသို့ လှမ်းကြည့်လိုက်ရာ နေရာအသစ်တစ်ခုကို မြင်တွေ့လိုက်ရသည်။
ပန်းပွင့်ပေါက်ကွဲမှုက ပင်လယ်ကြမ်းပြင်တွင် အချိန်နှင့် အာကာသကို တည်နေရာရွှေ့ပြောင်းလိုက်သကဲ့သို့ပင်။
ဝုန်း။
တီ တီ တီ တီ။
“လင်းရှန်၊၊ ငါတို့ရဲ့ ဦးတည်ချက်တွေ အားလုံးပျောက်သွားပြီ”
အနန္တရထား၏ မောင်းနှင်ခန်းအတွင်း၌ ချန်ဆီရွှမ်သည် ဟင်းလင်းပြင်လှိုင်းများ တဖျတ်ဖျတ်လင်းသွားပြီးနောက် ငွေနဂါးဆယ်ဆပန်းများကို ကြည့်ကာ လင်းရှန်ကို ချက်ချင်းပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် လင်းရှန်သည် ချန်ဆီရွှမ်ကို ရှုပ်ထွေးသောအမူယာဖြင့် ကြည့်လိုက်သည်၊၊ ထို့နောက် ကီကီ၊ တင်းကျန်းရီနှင့် ဗိုင်အိုလာတို့ဘက်သို့ လှည့်လိုက်ရာ သူ၏ မျက်နှာအမူအရာက ခဏမျှ အေးခဲသွားပြီးနောက် ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။
“ကီကီ… အနန္တရထားကို ထိန်းပြီး အောက်ကို အမြန်ငုပ်ချ”
“ကောင်းပြီ”
ဝုန်း။ ကီကီသည် စိတ်စွမ်းအားကို အသုံးပြုလိုက်ပြီး လင်းရှန်ကလည်း ယန္တရားနှလုံးသားကို လှုံ့ဆော်လိုက်ရာ အနန္တရထား၏ တွန်းကန်အားပေးစနစ်သည် ကြီးမားလှသော ရေဖိအားနှင့် အမှောင်ရေစီးကြောင်းများကို အန်တုလျက်၊ ပင်လယ်ချောက်ကမ်းပါးအောက်ခြေရှိ အဆုံးမဲ့နက်ရှိုင်းသော ချောက်နက်ကြီးထဲသို့ အရူးအမူးထိုးဆင်းသွားတော့သည်။
“ချောက်ကမ်းပါး အမြင့်ကွာခြားချက် ၆၁၅၀ မီတာ”
ထိုချောက်နက်ရေစီးကြောင်းထဲတွင် အနန္တရထားသည် ဖုန်မှုန့်တစ်စကဲ့သို့ ဖြစ်နေပြီး အဆုံးမဲ့ရေနက်ပိုင်းဆီသို့ အရူးအမူးထိုးဆင်းနေခဲ့၏။
မီးမောင်းအလင်းတန်းက အမှောင်ထုကို ထိုးခွဲလိုက်သည့်အခါ ငရဲကဲ့သို့သော မြင်ကွင်းတစ်ခုက လူတိုင်း၏ မျက်လုံးများထဲသို့ ရိုက်ခတ်လာသည်။ ရထားဦးခေါင်းသည် လုံးဝလွတ်ဟာနေသော နေရာလွတ်ကြီးထဲသို့ ရုတ်တရက် ထိုးဆင်းသွားခဲ့၏၊ ပင်လယ်အောက်ခြေ ချောက်ကမ်းပါးမျက်နှာပြင်မှာ ကောင်းကင်နတ်ဘုရား၏ ပုဆိန်ဖြင့် အက်ကွဲကြောင်းထင်စေခဲ့သကဲ့သို့ အောက်ခြေမရှိသော ချောက်နက်ကြီးထဲသို့ ဒေါင်လိုက်ဆန့်တန်းနေကာ ပေါ်ထွက်နေသော အနည်ကျကျောက်လွှာများသည် မီးမောင်းအလင်းတန်းအောက်တွင် အရိုးများကဲ့သို့ ဖြူဆွတ်နေခဲ့သည်။
ကျွီ ကျွီ ကျွီ
အနန္တရထား၏ ဖိအားဒဏ်ခံကိုယ်ထည်သည် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ ကီကီသည် ဆိုနာစနစ်တွင် အနန္တရထားနှင့် ဝေးကွာသွားသော မရေမတွက်နိုင်သည့် အနီရောင်အစက်ကလေးများကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် အော်ဟစ်လိုက်၏။
“ဝိုး… တကယ် အောင်မြင်သွားတာပဲ၊၊ အဲဒီမွန်းစတားတွေ အားလုံးက မြေအောက်အပူစွမ်းအင်ထွက်တဲ့နေရာဆီကို ပြေးသွားကြပြီ”
အနန္တရထား လျင်မြန်စွာဆင်းသက်သွားသည်နှင့်အမျှ နျူကလီးယားပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ကြီးမားသည့် ရိုက်ခတ်လှိုင်းမှာ ဆက်တိုက်ဆိုသလို အားပျော့သွားခဲ့ပြီး ချောက်ကမ်းပါး၏ ပင်လယ်ကြမ်းပြင်သည် ဝုန်းခနဲ မြင့်တက်လာခဲ့သည်။
“လင်းရှန်”
ငွေနဂါးဆယ်ဆပန်းကို ထုတ်လွှတ်ပြီးနောက် တင်းကျန်းရီသည် သူမ၏ စွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်ကာ လင်းရှန်ကို ကြည့်၍ ပြောလိုက်သည်။
“ဒီတစ်ခေါက် အာကာသပူဖောင်းရဲ့ သက်ရောက်မှုက အရင်ကထက် ပိုကောင်းပုံရတယ်၊၊ သတ်မှတ်ချက်တွေကို အောင်အောင်မြင်မြင် ချေဖျက်နိုင်ခဲ့ပြီ”
[ဆင်းသက်မှုနှုန်း တစ်စက္ကန့်ကို ၁၂ မီတာ၊ ငုပ်လျှိုးတဲ့ ဟန်ချက်ကို ထိန်းချုပ်နိုင်ပါတယ်]
ဗိုင်အိုလာက ပြန်ဖြေသည်။
ချန်ဆီရွှမ်၏ မျက်နှာကမူ ထိုအခိုက်အတန့်တွင် မည်းမှောင်သွားခဲ့၏။
“မြန်လွန်းနေတာ မဟုတ်ဘူးလား၊၊ ဒီချောက်ကြီးက အရမ်းနက်တာပဲ၊၊ ကျွန်မတို့ ရေစီးကြောင်းရဲ့ ဆွဲငင်မှုကြောင့် ထိန်းချုပ်လို့မရဘဲ တိုက်ရိုက်နစ်မြုပ်သွားမှာ မဟုတ်ဘူးလား”
“မဖြစ်နိုင်ဘူး”
လင်းရှန်က နားကြပ်ကို ဖိလိုက်ရင်း “ရိုင်ယန်၊ မင်းတို့ဘက်က အခြေအနေဘယ်လိုလဲ”
“ရဟူး… အားလုံး အဆင်ပြေတယ်၊၊ ငါတို့ မင်းတို့ နောက်ကပ်လျက်မှာပဲ”
ချောက်နက်ကြီးထဲတွင် အနက်ရောင် နျူကလီးယားရေငုပ်သင်္ဘောသည် ၎င်း၏မီးမောင်းကို ဖွင့်ကာ အနန္တရထား၏ အထက် မီတာ ၁၀၀ ခန့်မှနေ၍ လျင်မြန်စွာ လိုက်ပါဆင်းသက်လာခဲ့သည်။
“အဲဒီစူပါဝဲဂယက်လမ်းကြောင်းဆီ ရောက်ဖို့ မိနစ်အနည်းငယ်ပဲ လိုတော့တယ်၊၊ ငါတို့ သတိကြီးကြီးထားရမယ်” လင်းရှန်က ပြောလိုက်သည်။
တီ တီ။
လင်းရှန် သက်ပြင်းတစ်ချက်ချလိုက်ခါနီးမှာပင် ဆိုနာရှာဖွေရေးကိရိယာသည် အနီရောင်အလင်းတန်းတစ်ခုနှင့်အတူ ရုတ်တရက် တဖျတ်ဖျတ်လင်းလက်လာခဲ့သည်။
လူတိုင်း၏ နှလုံးသားများက တုန်ခါသွားကြပြီး လှမ်းကြည့်လိုက်ကြရာ ထိုအနီရောင်အလင်းတန်းသည် တစ်ချက်သာ လင်းလက်ပြီးနောက် ပြန်လည်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
“ဘာဖြစ်တာလဲ”
“အရင် စကန်ဖတ်ထားတဲ့ လမ်းကြောင်းအရ ချောက်ကမ်းပါးပေါ်က ပင်လယ်မွန်းစတားတွေက အဝေးကို ရွှေ့သွားကြပြီလေ၊၊ ပုံမှန်မဟုတ်တဲ့ သက်ရှိတွေအားလုံး ဒီဘက်ဦးတည်ချက်ကို မလာသင့်တော့ဘူး”
ကီကီက ပြောလိုက်သည်။
“စကန်ဖတ်တာ မှားသွားတာများလား”
“ဗိုင်အိုလာ” လင်းရှန်က မေးလိုက်၏။
[စကန်ဖတ်ချက်အရ အဲ့ဒီအရာက ချဉ်းကပ်လာနေပါတယ်၊၊ မြေအောက်နျူကလီးယား ပေါက်ကွဲမှုရဲ့ သက်ရောက်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်]
ဗိုင်အိုလာက ပြန်ဖြေသည်။
“လင်းရှန်”
ထိုအခိုက်အတန့်တွင် နားကြပ်ထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ ရှီဇီ၏ အသံပင်။
“မွန်းစတားတွေ… ကျွန်မတို့ အောက်တည့်တည့်မှာ”
လင်းရှန်သည် ပထမဆုံးအကြိမ်အဖြစ် ရှီဇီ၏အသံတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်ကို ကြားလိုက်ရခြင်း ဖြစ်သည်။
နားကြပ်ထဲမှ ပဲ့တင်သံနှင့်အတူ ထိန်းချုပ်ခန်းအတွင်းရှိ လူတိုင်းသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြရာ မီးမောင်းအလင်းတန်းသည် အဆုံးမဲ့ချောက်နက်ကြီးထဲသို့ ထိုးဆင်းသွားသော်လည်း မှောင်မည်းနေသော ပင်လယ်ရေထဲ၌ လွင့်မျောနေသည့် မရေမတွက်နိုင်သော အမှုန်အမွှားများသာ လှုပ်ရှားနေသည်ကို တွေ့ရသည်။
အချိန်ကိုက်ပင် ဆိုနာရှာဖွေရေးကိရိယာက ထပ်မံမြည်ဟီးလာခဲ့ပြန်သည်။
တီ။
အနီရောင်အလင်းတန်းက တဖျတ်ဖျတ် လင်းလက်လာခဲ့၏။
ကီကီ လှမ်းကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ “ဘာတွေဖြစ်နေတာလဲ၊၊ အခုထိ ဘာမှ ရှာမတွေ့သေးဘူး၊၊ နောက်ထပ်မမြင်ရတဲ့အကောင်များလား”
“မဟုတ်ဘူး”
လင်းရှန်သည် ဆိုနာရှာဖွေရေးကိရိယာ၏ မျက်နှာပြင်ကို စိုက်ကြည့်ရင်း အေးစက်လှသော ထိတ်လန့်မှုကြီးက သူ့ထံသို့ ပြေးဝင်လာပြီး နှလုံးခုန်သံပင် ရပ်တန့်သွားကာ ကြောက်မက်ဖွယ်ကောင်းသောဖြစ်နိုင်ခြေတစ်ခုကို သဘောပေါက်လိုက်မိသည်။
ဆိုနာရှာဖွေရေးကိရိယာသည် တစ်ခုခုကို ရှာဖွေတွေ့ရှိထားပြီးဖြစ်သော်လည်း၊ ၎င်း၏ အရွယ်အစားက ရှာဖွေရေးကိရိယာ၏ အတိုင်းအတာတစ်ခုလုံးထက် ကျော်လွန်နေခြင်းပင်။
သမုဒ္ဒရာနတ်ဘုရားကြီး။
တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်နှင့် လင်းရှန်လည်း ဗိုင်အိုလာကို အော်၍အမိန့်ပေးလိုက်သည်။
“ဗိုင်အိုလာ အခုချက်ချင်း...”
“လင်းရှန်” ချန်ဆီရွှမ်၏ လှပသောမျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
ဝုန်း။
သို့သော်လည်း လင်းရှန် စကားမဆုံးခင်မှာပင် ပြတင်းပေါက်အပြင်ဘက်ရှိ လွင့်မျောနေသော အမှုန်အမွှားများသည် သိသိသာသာထူထပ်လာပြီး ပြတင်းပေါက်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။ ဤချောက်ကမ်းပါးအောက်ခြေသည် မီတာ ၆၀၀၀ ကျော် နက်ရှိုင်းသော ပင်လယ်နက်ပိုင်းဖြစ်ရာ ချောက်နက်ကြီး၏ အနည်အနှစ်များက ဤမျှအထိ မြင့်မားစွာ မည်သို့ဆူပွက်လာနိုင်မည်နည်း။
သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်း အနန္တရထားနှင့် ဗိုင်အိုလာ၏ သတိပေးသံများက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး လင်းရှန်၏ မြင်ကွင်းထဲ၌ အနန္တရထား၏ ကိုယ်ထည်မှာ လုံးဝဆုတ်ဖြဲခံလိုက်ရကာ ရထားတွဲတစ်ခုလုံးမှာ ပင်လယ်အောက်ခြေ၏ ပြင်းထန်လှသော ဖိအားနှင့် တောင်တန်းကြီးတစ်ခုကဲ့သို့သော ရိုက်ခတ်မှုများကြောင့် ချက်ချင်းပင် အပိုင်းအစများအဖြစ် ကြေမွပျက်စီးသွားခဲ့ရသည်။ အတွင်းရှိ လူတိုင်းမှာ တိတ်ဆိတ်စွာ သေဆုံးသွားခဲ့ကြပြီး အနောက်မှ နျူကလီးယားရေငုပ်သင်္ဘောလည်း အပါအဝင်… သွေးမြူခိုးများသည် ပင်လယ်ရေနှင့် ရောနှော၍ တစ်သားတည်းဖြစ်သွားခဲ့လေတော့သည်။
ချောက်ကမ်းပါးအောက်ခြေတွင် ဧရာမ ပုံရိပ်ကြီးတစ်ခုက ချောက်နက်ကြီးအတွင်းမှ ပင်လယ်ရေများကို ခမ်းခြောက်သွားစေသကဲ့သို့ ပင်လယ်ကြမ်းပြင်ကို ချေမွလျက် ကမ္ဘာ့မြေမျက်နှာသွင်ပြင်လှုပ်ရှားမှုများကြားတွင် တောင်တန်းကြီးများကဲ့သို့ မြင့်တက်လာသည်၊၊ ကျွန်းအနီးရှိ ကုန်းပြင်မြင့်ပင်လယ်ကြမ်းပြင်ကို ဖိသိပ်ပစ်လိုက်ပြီး ကီလိုမီတာရာချီမြင့်မားသော ဆူနာမီလှိုင်းကြီးများကို လှုံ့ဆော်လျက် ထိုးထွက်လာကာ ဟိန်းဟောက်သံကြီးများနှင့်အတူ ပေါ်ထွက်လာခဲ့သည်။
နောက်ကျိနေသော ပင်လယ်အောက်ခြေ ရေစီးကြောင်းများထဲတွင်မူ ကြေမွပျက်စီးသွားခဲ့သော ဖိအားဒဏ်ခံ ရထားတွဲအစိတ်အပိုင်းများနှင့် ရေငုပ်သင်္ဘောအပိုင်းအစအချို့သာ ကျန်ရစ်ခဲ့ပြီး ချောက်နက်ကြီးထဲသို့ နစ်မြုပ်သွားကာ အတွင်းရှိ ဆားကစ်ပတ်လမ်းများနှင့် ရထားမီးလုံးများသည် အနည်းငယ်မျှ တဖျတ်ဖျတ်လင်းလက်သွားပြီးနောက် အမှောင်ထုထဲသို့ လုံးဝပျောက်ကွယ်သွားခဲ့လေတော့သည်။
အသက်ရှင်ကျန်ရစ်သူမရှိ….