အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄) ချီလင်အကယ်ဒမီမှ သူတို့ ထွက်ခွာခြင်း
အချိန်ဝက်ခန့် လွန်မြောက်သွားလေ၏။
အသံလှိုင်းလက်နက်၏ တိုက်ခိုက်မှုကြောင့် ရွှေခန္ဓာနယ်ပယ်သို့ အသစ်တက်လှမ်းထားသည့် ကျောက်ဟယ်ရွှမ်းမှာ လူမဆန်သည့် ဒုက္ခဝေဒနာကို ခံစားလိုက်ရသည်။
သူ၏ ကိုယ်တွင်းကလီစာများမှာ ခန္ဓာကိုယ်ထဲမှ အပြင်သို့ ခုန်ထွက်တော့မည့်အလား မထိန်းချုပ်နိုင်အောင် တုန်ခါနေသဖြင့် သည်းခံနိုင်ဖွယ်မရှိသော ညှဉ်းပန်းမှုတစ်ခု ဖြစ်နေ၏။
အမျိုးမျိုးသော ဝေဒနာများက သူ၏ စိတ်အာရုံထဲသို့ ထိုးစိုက်ဝင်ရောက်လာပြီး ကျောက်ဟယ်ရွှမ်း၏ ဦးခေါင်းမှာ ပေါက်ကွဲတော့မည့်အလား ဖောင်းကားလာကာ ၎င်းကို လက်ဖြင့် ကုတ်ဖဲ့ရန်ပင် အားထုတ်မိလုနီးပါး ဖြစ်သွား၏။
ကံကောင်းထောက်မစွာပင် ထိုဒုက္ခမှာ အချိန်ဝက်သာ ကြာမြင့်ခဲ့သည်။
ကျောက်ဟယ်ရွှမ်းမှာ တကယ်ပင် ၎င်းကို ကျော်ဖြတ်နိုင်ခဲ့သည်။
ရွှေခန္ဓာနယ်ပယ်မှ ကျင့်ကြံသူ၏ ရုပ်ခန္ဓာမှာ အထူးပင် သန်စွမ်းလှသဖြင့် ထိုသို့သော ပြင်းထန်သည့် ညှဉ်းပန်းမှုကို ထူးခြားသော ကြံ့ခိုင်မှုဖြင့် သည်းခံနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ကျောက်ဟယ်ရွှမ်းမှာ ပါးစပ်မှ အမြှုပ်များ ထွက်ကျလာကာ တုန်ယင်နေပြီး နားထဲတွင် အူသံများ ကြားနေရသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲတော့မည့်သူကဲ့သို့ ဖြစ်နေ၏။
"ကောင်းတယ်... ရွှေခန္ဓာနယ်ပယ်က တော်တော်လေး သန်မာတာပဲ..."
ဂူအပြင်ဘက်တွင် ရပ်နေသည့် ကျောက်လင်က ကျောက်ဟယ်ရွှမ်းမှာ သေဆုံးခြင်းမရှိသေးသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
ကျောက်လင်၏ အသံကို ကြားလိုက်ရသောအခါ ကျောက်ဟယ်ရွှမ်းက ကျောက်လင်အား ရုတ်တရက် စူးရဲစွာ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများမှာ အပြင်သို့ ထွက်ကျတော့မည့်အလား ဖြစ်လာ၏။
“ငါ မင်းကို သတ်ပစ်မယ်…”
ကျောက်ဟယ်ရွှမ်းက အော်ဟစ်လိုက်သည်။
ကျောက်ဟယ်ရွှမ်း ထိုသို့အော်ဟစ်လိုက်စဉ်တွင်ပင် ကျောက်လင်၏ ပခုံးပေါ်၌ ဆလင်ဒါတစ်ခုကို ထမ်းထားသည်ကို မြင်လိုက်ရသည်။
ကျောက်လင်၏ နှုတ်ခမ်းထောင့်တွင် ဆိုးရွားသော အပြုံးတစ်ခု ပေါ်လာ၏။
အသံလှိုင်းလက်နက်ဖြင့် တိုက်ခိုက်ချိန်တွင် ဤအခြေအနေကို ကျောက်လင် ကြိုတင်တွက်ဆထားပြီးဖြစ်ကာ အချိန်ဝက်ကြာ တိုက်ခိုက်မှုမှာ ကျောက်ဟယ်ရွှမ်းအား သတ်ဖြတ်ရန် လုံလောက်မည် မဟုတ်ကြောင်း သိထားသည်။
ထို့ကြောင့် ကျောက်လင်မှာ စနစ်ဈေးဆိုင်မှ ပြင်းအားမြင့်ဗုံး တစ်လုံးကို ချက်ချင်း ဝယ်ယူလိုက်၏။
【ပြင်းအားမြင့်ဗုံး - ၅၀,၀၀၀ အမှတ်】
ယခုအချိန်၌ ကျောက်လင်အတွက် စနစ်အမှတ်များမှာ ပေါများလှသဖြင့် မျက်တောင်မခတ်ဘဲ ၅၀,၀၀၀ အမှတ်ဖြင့် ပြင်းအားမြင့်ဗုံး တစ်လုံးကို ဝယ်ယူနိုင်ပေသည်။
ကျောက်လင်မှာ အာရ်ပီဂျီ-၇ ဒုံးကျည်လောင်ချာကို ဝယ်ယူပြီးဖြစ်ရာ ယခုတစ်ခါ ပြင်းအားမြင့်ဗုံးတစ်လုံးသာ လိုအပ်တော့သည်။
“သွားတော့..”
ကျောက်လင်က ရုတ်တရက် အော်ပြောလိုက်သည်။
ထို့နောက် ကျောက်လင်က ပြင်းအားမြင့်ဗုံးကို ပစ်လွှတ်လိုက်၏။
ကျောက်ဟယ်ရွှမ်းမှာ ဂူအတွင်းတွင် ရှိနေသဖြင့် ပုန်းကွယ်ရန် နေရာ လုံးဝ မရှိတော့ပေ။
ပြင်းအားမြင့်ဗုံ၏ အိတ်ဇောမီးတောက်များမှာ ကျောက်ဟယ်ရွှမ်းထံသို့ တိုးဝင်သွားသည်။
ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ…
ဂူတစ်ခုလုံး တုန်ခါသွား၏။
ရွှေခန္ဓာနယ်ပယ်သို့ အသစ်တက်လှမ်းထားသည့် ကျောက်ဟယ်ရွှမ်းမှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးမိုးအဖြစ် ပေါက်ကွဲပျက်စီးသွားလေသည်။
ပြင်းအားမြင့်ဗုံးများသည် ရွှေခန္ဓာနယ်ပယ်၏ အမြင့်ဆုံးအဆင့်ရှိ စစ်ထူယန်လုံကဲ့သို့ အစွမ်းထက်သူများကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။
ကျောက်ဟယ်ရွှမ်းအနေဖြင့် ၎င်းကို တားဆီးရန် အခွင့်အရေး မရှိခဲ့ပေ။
“မင်းက ဘာလို့ ငါ့ကို သတ်ချင်တာလဲဆိုတာ ပြောဖို့ ငြင်းဆန်ခဲ့တယ်..."
"ဒါတွေက အရေးမကြီးတော့ပါဘူး..."
“မင်း သိထားရမှာက မင်း ငါ့ကို သတ်ချင်ရင် ငါ့လက်ချက်နဲ့ သေရမယ့် အကျိုးဆက်ကို ခံယူရလိမ့်မယ်..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် ကျောက်လင်က စနစ်နေရာလွတ်ထဲမှ စစ်ထူယန်လုံ၏ အလောင်းကို ထုတ်ယူကာ ဂူထဲသို့ ပစ်ချလိုက်၏။
ကြွက်လေးမှာ ကျောက်လင်၏ လက်မောင်းထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ဂူထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားကာ ကျောက်စိမ်းလက်စွပ်ကို ပါးစပ်ဖြင့် ကိုက်ချီလျက် ကျောက်လင်၏ ပခုံးပေါ်သို့ ပြန်ခုန်တက်လာသည်။
၎င်းမှာ ကျောက်ဟယ်ရွှမ်း၏ ဘိုးဘေးပိုင် ရတနာဖြစ်သည့် ကြယ်အမြုတေလက်စွပ် ဖြစ်သည်။
"ဒါက အစွမ်းထက်တဲ့ ရတနာဖြစ်ရမယ်... ပြင်းအားမြင့်ဗုံးရဲ့ တိုက်ခိုက်မှုအောက်မှာတောင် မကွဲသွားဘူး..."
ကျောက်လင်က ကြယ်အမြုတေလက်စွပ်၏ စွမ်းအားကို ချက်ချင်း သိလိုက်ရကာ ကြွက်လေး၏ ပါးစပ်ထဲမှ ဆွဲယူလိုက်၏။
ကျွီ...
ကြွက်လေးက ဆန္ဒပြလိုက်သည်။
"ဟုတ်ပြီ... ဖက်တီး... မင်းအတွက် ကိုလာ ဆယ်ဘူး ပေးမယ် ဒေါသမထွက်ပါနဲ့..."
ကျောက်လင်က ကြွက်လေးကို အလွယ်တကူ ချော့လိုက်သည်။
ကိုလာဆယ်ဘူးဖြင့် အစွမ်းထက်သည့် ရတနာတစ်ခုကို လဲလှယ်နိုင်ခဲ့သည်။
ကျောက်လင် ကိုလာဆယ်ဘူးကို ထုတ်လိုက်သောအခါ ကြွက်လေးမှာ ချက်ချင်း ပြုံးလိုက်ပြီး အဖုံးများကို လိမ်ဖွင့်ကာ လည်ချောင်းထဲသို့ ကိုလာများကို အငမ်းမရ သောက်ချလိုက်၏။
ထိုအချိန်တွင် ကျောက်လင်က စနစ်နေရာလွတ်ထဲမှ စုဆောင်းထားသည့် မြေကြီးများကို ထုတ်လိုက်ပြီး ကျောက်ဂူတစ်ခုလုံးကို ဖို့ပေးလိုက်သည်။
ဤသို့ဖြင့် ဆရာနှင့်တပည့်ဖြစ်ကြသော စစ်ထူယန်လုံနှင့် ကျောက်ဟယ်ရွှမ်းတို့မှာ အတူတကွ မြှုပ်နှံခံလိုက်ရ၏။
ကြွက်လေးမှာ ကိုလာ ဆယ်ဘူးကို လျင်မြန်စွာ သောက်ပြီးနောက် အဆက်မပြတ် သီးကပ်နေသည်။
"ဟုတ်ပြီ... ဖက်တီး... တခြားသူတွေ မရောက်လာခင် မင်းကို ဒီနေရာကနေ ခေါ်ထုတ်သွားမယ်..."
ကျောက်လင်က ကြွက်လေးကို သူ၏ ရင်ခွင်ထဲသို့ ထည့်လိုက်သည်။
အပြင်ဘက်တွင် ယွမ်ကော်ကော်နှင့် သူမ၏ နည်းပြလေးယောက်တို့မှာ လူသတ်ပွဲကို ဆင်နွှဲနေကြပြီး စစ်သူကြီးသုံးပါးတောင်ကြားမှ ဓားပြတစ်ရာကျော်ကို သတ်ဖြတ်လိုက်သည်။
နောက်ဆုံးတွင် ရင်ထဲရှိ ဒေါသအလုံးအရင်းကို အကုန်ထုတ်ပစ်နိုင်ခဲ့သည်။
"ဒါနဲ့... စစ်သူကြီးသုံးပါးတောင်ကြားရဲ့ ရတနာဂိုဒေါင်မှာ ရတနာတွေ အများကြီး ကျန်နေသေးတယ်..."
"ဒီရတနာတွေကို ချင်းပေါင်စံအိမ်ကို ရောင်းလိုက်ရင် ပဉ္စမအဆင့် ဝိညာဉ်ဆေးလုံးကို ဝယ်ဖို့ ငွေလုံလောက်ပြီ..."
ယွမ်ကော်ကော် စိတ်အေးသွားပြီး တစ်ခုခုကို သတိရသွားသဖြင့် ချက်ချင်း ပြောလိုက်သည်။
ချက်ချင်းပင် ယွမ်ကော်ကော်မှာ ပျံသန်းသွားပြီး တောင်ကြား၏ အလယ်ဗဟိုရှိ ဆယ်မီတာမြင့်သော ကျောက်တုံးကြီးရှေ့တွင် ရပ်လိုက်သည်။
ကျန်နည်းပြ သုံးယောက်လည်း ပြန်ရောက်လာကြ၏။
“ဆရာတို့... ဂိုဒေါင်ထဲက ရတနာတွေကို အခုပဲ ခွဲဝေကြရအောင်..."
"ကျုပ်က ၇၀% ယူမယ်၊ ခင်ဗျားတို့ သုံးယောက်က ၁၀% စီ ယူကြ..."
"ဘယ်လိုလဲ..."
ယွမ်ကော်ကော်က ကျန်နည်းပြ သုံးယောက်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"လွန်လွန်းတယ်"
သူတို့သုံးယောက်လုံးမှာ ဒေါသထွက်ပြီး ခုန်ပေါက်နေကြသည်။
"ကျုပ် လွန်လွန်းနေတယ်ဆိုရင် ခင်ဗျားတို့ တစ်ပြားမှ ရမှာမဟုတ်ဘူး..."
"ကျုပ်တစ်ယောက်တည်းနဲ့ ခင်ဗျားတို့ သုံးယောက်ကို အနိုင်ယူနိုင်တယ် ကျုပ်ကို တားနိုင်မယ်လို့ ထင်နေတာလား..."
ယွမ်ကော်ကော်က သူတို့ သုံးယောက်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
နည်းပြသုံးယောက်မှာ ထိုစကားကို ကြားသောအခါ ကြက်သေသေသွားပြီးနောက် သက်ပြင်းချလိုက်ကြသည်။
မှန်ပါသည်။ ယွမ်ကော်ကော်မှာ ရွှေခန္ဓာနယ်ပယ်၏ အမြင့်ဆုံးအဆင့်တွင် ရှိနေပြီးဖြစ်ရာ သူတို့ သုံးယောက်ကို အနိုင်ယူရန်မှာ သူ့အတွက် အလွန်ပင် လွယ်ကူလှသည်။
"ကောင်းပြီ..."
"ရတယ်..."
သူတို့သုံးယောက်မှာ မကျေမနပ်ဖြင့် သဘောတူလိုက်ကြသည်။
ယွမ်ကော်ကော်မှာ မောက်မာစွာ ပြုံးလိုက်သည်။
ချက်ချင်းပင် နည်းပြသုံးယောက်မှာ ကျောက်တုံးကြီး၏ နောက်ကွယ်မှ ယန္တရားကို နှိပ်လိုက်ရာ ကျောက်တံခါးမှာ ထပ်မံ ပွင့်သွား၏။
သူတို့လေးယောက်လုံး ဂူထဲသို့ အလျင်အမြန် ဝင်ရောက်သွားပြီး ကောက်နှံအိတ်များနှင့် သစ်သားသေတ္တာများ ထားရှိရာ နေရာသို့ ရောက်သွားကြသည်။
"အား..."
"ဘာမှမရှိတော့ဘူး”
"အရာအားလုံးက ဘယ်လိုလုပ်ပြီး အကုန်ပြောင်းရွှေ့ခံလိုက်ရတာလဲ"
"ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီရတနာတွေကို ဘယ်သူက ရွှေ့သွားနိုင်မှာလဲ"
နေရာတစ်ခုလုံး ဗလာကျင်းနေသည်ကို မြင်လိုက်ရသောအခါ သူတို့ လေးယောက်လုံး အလွန်ပင် ထိတ်လန့်သွားကြသည်။
ချက်ချင်းပင် သူတို့လေးယောက်မှာ ဂူ၏ အနက်ဆုံးနေရာသို့ ပြေးသွားကြ၏။
ကျောက်လင်မှာ ဂူဝင်ပေါက်ကို မြေကြီးဖြင့် ပိတ်ထားပြီးဖြစ်ရာ သူတို့လေးယောက်မှာ ထူးခြားသည့်အရာကိုမျှ မတွေ့မိဘဲ ကျော်သွားကြသည်။
ယွမ်ကော်ကော်နှင့် သူမ၏ အပေါင်းပါ သုံးယောက်မှာ ဂူ၏ အနက်ဆုံးနေရာအထိ ပြေးသွားသော်လည်း မည်သူ့ကိုမျှ မတွေ့ရှိခဲ့ပေ။
သူတို့လေးယောက်လုံး ဂူထဲတွင် လူမရှိကြောင်း အတည်ပြုရန် အကြိမ်ကြိမ် ရှာဖွေခဲ့ကြသည်။
“ဘာလို့ ငါတို့ကို တစ်ယောက်ယောက်က နောက်ယောင်ခံ လိုက်နေသလို ခံစားနေရတာလဲ…”
ရုတ်တရက် ယွမ်ကော်ကော်က ပြောလိုက်သည်။
"တကယ်ပဲ ဝံပုလွေတောင်ထွတ်ကစလို့ ဒီဓားပြစခန်းတွေရဲ့ ရတနာဂိုဒေါင်တွေကို အကုန်လုံး ကြိုတင်ပြီး ရွှေ့ပြောင်းခံထားရတာ..."
"ငါလည်း တစ်ယောက်ယောက်က နောက်ဘက်မှာ ပုန်းအောင်းနေတယ်လို့ ခံစားမိတယ် ငါတို့ ဓားပြတွေနဲ့ တိုက်ခိုက်နေတုန်းမှာ အဲ့ဒီလူက ဂိုဒေါင်ထဲ ခိုးဝင်ပြီး ရတနာတွေကို အကုန်ယူသွားတာပဲ..."
နည်းပြတစ်ယောက်ကလည်း ဤအချက်ကို ထောက်ပြပြောဆိုသည်။
ခဏအကြာတွင် နည်းပြတစ်ယောက်က သက်ပြင်းချကာ တည်ငြိမ်စွာ ပြောလိုက်၏။
"ဒါပေမဲ့ ဒီတစ်ခါ ငါတို့ လေးယောက်လုံး မီးဝိုင်းခံခဲ့ရတာ အဲ့ဒီလူက အထူးတိုက်ခိုက်မှုနည်းလမ်းကို သုံးပြီး မီးကို မငြိမ်းသတ်ပေးခဲ့ရင် ငါတို့ လေးယောက်လုံး မီးလောင်သေဆုံးသွားကြမှာ..."
"ဒီလူက ရတနာတွေကို ခိုးသွားပေမဲ့ ငါတို့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကားဆိုရမှာပေါ့..."
ယွမ်ကော်ကော် စဉ်းစားကြည့်လိုက်ရာ ၎င်းမှာ ဟုတ်မှန်ကြောင်း သဘောပေါက်သွားသည်။
ထို့ကြောင့် သူတို့လေးယောက်လုံး ဂူထဲမှ ထွက်ခွာသွားကြ၏။
ရှန့်ယွင်ချွမ်းမှာ ယွီရွှေတပ်စခန်းမှ စစ်သည်များကို ဦးဆောင်ကာ ကျောက်တောကို ဖြတ်၍ ယွမ်ကော်ကော်နှင့် သူမ၏ အပေါင်းပါ သုံးယောက်ရှေ့သို့ ရောက်ရှိလာသည်။
"တပ်မှူး... ရှရွှယ်ချန်တောင်မှာ လုပ်ဆောင်ချက်တွေလည်း ပြီးဆုံးလုနီးပါး ဖြစ်နေပါပြီ..."
"ကျုပ် ယွမ်ကော်ကော်က အချိန်ဖြုန်းမနေချင်တော့တဲ့အတွက် အချိန်စောပြီး ပြန်သွားတော့မယ်..."
ယွမ်ကော်ကော်က တိုက်ရိုက်ပင် ပြောလိုက်သည်။
ဓားပြစခန်းများ၏ ဂိုဒေါင်များ အားလုံးမှာ ယူဆောင်ခံထားရပြီးဖြစ်ရာ ယွမ်ကော်ကော်အနေဖြင့် ရှရွှယ်ချန်တောင်တွင် ဆက်နေခြင်းမှာ အချိန်ဖြုန်းရာ ရောက်ပေမည်။
"ကျုပ်လည်း ချီလင်အကယ်ဒမီကို ပြန်ချင်ပါတယ်..."
ကျန်နည်းပြ သုံးယောက်ကလည်း အလားတူပင် ဆန္ဒရှိကြောင်း ဖော်ပြလိုက်သည်။
"ယွီရွှေတပ်စခန်းကို ကိုယ်စားပြုပြီး နည်းပြလေးယောက်ရဲ့ ကြီးမားတဲ့ အကူအညီအတွက် ကျေးဇူးတင်စကား ပြောကြားလိုပါတယ်..."
သူတို့လေးယောက်ကို ဆက်နေစေရန် မစည်းရုံးနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ရှန့်ယွင်ချွမ်းက ကျေးဇူးတင်စကားဆိုရန် လက်သီးစုပ်လိုက်လေသည်။