အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇) သုံးရာ့သတ်သမား၊
ရှရွှယ်ချန်တောင်ခြေရှိ ကျောက်ဂူတစ်ခုအတွင်း၌ ဟေးလုံစခန်းမှ ဓားပြများ ပုန်းအောင်းနေကြသည်။
နေ့အချိန်တွင် တန်ထိုက်ရှုံ့ရင်သည် ဟေးလုံစခန်း၏ ရတနာဂိုဒေါင်မှ ပစ္စည်းများကို မည်သူခိုးယူသွားသည်ကို စုံစမ်းရန်အတွက် ဓားပြခေါင်းဆောင် (၈) ဦးကို အခြားသော ဓားပြဂိုဏ်း (၈) ဂိုဏ်းဆီသို့ စေလွှတ်ခဲ့သည်။
ညနေစောင်းသောအခါ ထိုဓားပြခေါင်းဆောင် (၈) ဦးတို့သည် လမ်းမြှောင်မှတစ်ဆင့် တောင်ခြေရှိ ဂူသို့ ပြန်လည်ရောက်ရှိလာကြသည်။
"အကြီးအကဲ... ကျွန်တော် လင်းယုန်ပျံဂိုဏ်းကို သူတို့ရဲ့ ပုန်းအောင်းရာအထိ နောက်ယောင်ခံလိုက်သွားခဲ့တာ... သူတို့ရဲ့ ဂိုဒေါင်ထဲက ရတနာတွေလည်း အကုန်ခိုးယူခံထားရတာကိုပဲ တွေ့ခဲ့ရတယ်..."
"နောက်တော့ လင်းယုန်ပျံဂိုဏ်းသားတွေ အကုန်လုံး တောင်ပေါ်ကနေ ဆင်းသွားပြီး နန်ယွဲ့တိုင်းပြည် နယ်စပ်ဘက်ကို ဦးတည်သွားကြတယ်..."
ပထမဆုံး ပြန်ရောက်လာသော ဓားပြခေါင်းဆောင်က တန်ထိုက်ရှုံ့ရင်ထံ ချက်ချင်း အစီရင်ခံလိုက်သည်။
သံမဏိသွေးဆောင်ကို စုံစမ်းရန် တာဝန်ယူခဲ့ရသော ဒုတိယဓားပြခေါင်းဆောင်ကလည်း ထိုအတိုင်းပင် ပြောကြားခဲ့၏။
ပြန်ရောက်လာသော ဓားပြခေါင်းဆောင်များ၏ အစီရင်ခံစာများမှာ အတူတူပင် ဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ အခြားသော ဓားပြဂိုဏ်း (၈) ဂိုဏ်းမှာ သူတို့၏ ပုန်းအောင်းရာသို့ ပြန်ရောက်သည့်အခါ ဂိုဒေါင်များ ကြိုတင် ခိုးယူခံထားရသည်ကို တွေ့ရခြင်း သို့မဟုတ် တိုက်ခိုက်ခံရပြီး ဂိုဒေါင်များ လုယက်ခံထားရခြင်း ဖြစ်သည်။
ထိုအချိန်တွင် ခေါင်းဆောင်သုံးဦးဖြစ်သော တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့သည် အတူတူထိုင်နေကြသည်။
"အကြီးအကဲ... ကျွန်တော်တို့ရဲ့ ဂိုဒေါင်ကို ခိုးယူသွားတဲ့ အုပ်စုက တခြားဓားပြဂိုဏ်း မဟုတ်ဘဲ ယွီရွှေတပ်စခန်းက ဖြစ်ဖို့ အလားအလာ အများဆုံးပဲ..."
တတိယမြောက် ခေါင်းဆောင် ချန်ဖန်ဟိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဓားပြခေါင်းဆောင် (၈) ဦး၏ အစီရင်ခံစာများကို ပြန်လည်သုံးသပ်ပြီးနောက် ထိုဓားပြဂိုဏ်း (၈) ဂိုဏ်းမှ ဖြစ်နိုင်ခြေကို ပယ်ဖျက်လိုက်ပြီး ယွီရွှေတပ်စခန်းသာ ကျန်ရှိတော့သည်။
"ယွီရွှေတပ်စခန်းနဲ့ ကျွန်တော်တို့ အခြေတင်ဖြစ်နေတဲ့ကြားထဲမှာ လျှို့ဝှက်အင်အားစုတစ်ခုခုက အခွင့်ကောင်းယူပြီး ကျွန်တော်တို့ ဂိုဒေါင်ကို ခိုးယူသွားတာလည်း ဖြစ်နိုင်တာပဲ..."
ဒုတိယခေါင်းဆောင် တုယွီထောက်ကမူ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"လက်ရှိအခြေအနေအရ ကျွန်တော်တို့ရဲ့ ဂိုဒေါင်ကို ဘယ်သူခိုးယူသွားလဲဆိုတာ စုံစမ်းဖို့က အရေးမကြီးတော့ဘူး..."
"ကျွန်တော်တို့ဆီမှာ စားနပ်ရိက္ခာ သိပ်မကျန်တော့ဘူး... အများဆုံး သုံးရက်စာပဲ ကျန်တော့တယ်…”
"အခု ကျွန်တော် ခင်ဗျားတို့ကို ဆွေးနွေးချင်တာက ညီအစ်ကိုတွေကို ခေါ်ပြီး နန်ယွဲ့တိုင်းပြည် နယ်စပ်ကို ပြောင်းရွှေ့သင့်မသင့် ဆိုတာပဲ..."
တန်ထိုက်ရှုံ့ရင်၏ အသံမှာ အနည်းငယ် တုန်ယင်နေပြီး သူ၏ ရုပ်ရည်မှာလည်း အိုမင်းရင့်ရော်သွားသည့်နှယ် ဖြစ်နေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် သူသည် ယခင်ကဲ့သို့ သူရဲကောင်းတစ်ယောက် မဟုတ်တော့ပေ။
တန်ထိုက်ရှုံ့ရင်က အနည်းငယ် နောင်တရမိသည်။
သူသာ၍ သူသည် တန်ထိုက်ပေါင်ပေါင်၏ စကားကို နားထောင်ပြီး ဟေးလုံစခန်းကို နန်ယွဲ့တိုင်းပြည် နယ်စပ်သို့ ကြိုတင်ပြောင်းရွှေ့ခဲ့ပါက ဂိုဒေါင်ကို ထိန်းသိမ်းထားနိုင်ရုံသာမက ခုခံရန် လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသည့် နေရာမျိုးကိုရရှိကာ ဟေးလုံစခန်းကို ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။
သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီ။ ရတနာဂိုဒေါင်တွင် ပစ္စည်းများ မရှိတော့သဖြင့် ဟေးလုံစခန်းမှ ဓားပြများမှာ ငတ်မွတ်နေကြပြီး လစဉ် လစာကိုလည်း မရရှိကြတော့ပေ။ သူတို့အထဲမှ အချို့မှာ သစ္စာဖောက်ပြီး ထွက်ပြေးရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြလိမ့်မည်။
ဟေးလုံစခန်းမှ ဓားပြများ၏ တစ်ဝက်ခန့်သာ နန်ယွဲ့တိုင်းပြည် နယ်စပ်သို့ လိုက်ပါသွားလျှင်ပင် ကံကောင်းသည်ဟု ဆိုရပေမည်။
တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့မှာ ခဏတာ တိတ်ဆိတ်သွား၏။
သူတို့နှစ်ဦးက သက်ပြင်းချလိုက်သည်။
"အကြီးအကဲ... ခင်ဗျား ဆုံးဖြတ်ပါ။ ကျွန်တော်တို့ လိုက်နာပါ့မယ်..."
တန်ထိုက်ရှုံ့ရင်သည် ဂူတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။
"အခု ကျွန်တော်တို့ ညီအစ်ကိုတွေကို စုစည်းပြီး ဒီညမှာပဲ ရှရွှယ်ချန်တောင်ကနေ ထွက်ခွာမယ်... နန်ယွဲ့တိုင်းပြည် နယ်စပ်ကို တန်းတန်းမတ်မတ် သွားမယ်..."
"ထွက်ခွာချင်တဲ့ ညီအစ်ကိုတွေကို ထွက်သွားခွင့်ပေးလိုက်ပါ... မတားပါနဲ့..."
တန်ထိုက်ရှုံ့ရင်က တည်ငြိမ်စွာ ပြောလိုက်သည်။
တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့မှာ အံ့အားသင့်သွားကြ၏။ တန်ထိုက်ရှုံ့ရင်သည် ဓားပြများကို ထွက်ခွာခွင့်ပေးလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
သို့သော်လည်း သူတို့နှစ်ဦးက ပြန်စဉ်းစားကြည့်သည်။
အကယ်၍ လက်အောက်ငယ်သားများက ထွက်ခွာရန် ဆုံးဖြတ်ထားလျှင် သူတို့ကို အတင်းအဓမ္မ နန်ယွဲ့တိုင်းပြည်သို့ ခေါ်ဆောင်သွားလျှင်လည်း သူတို့သည် ထွက်ပြေးရန် အခွင့်အရေးကို ရှာကြပေလိမ့်မည်။
စိတ်သဘောထားချင်း မတူညီပါက အတင်းအဓမ္မ ထိန်းသိမ်းထားရန် မလိုအပ်ပေ။
ထို့နောက် တန်ထိုက်ရှုံ့ရင်သည် ဟေးလုံစခန်းမှ ဓားပြအားလုံးကို စုစည်းပြီး နန်ယွဲ့တိုင်းပြည်သို့ ပြောင်းရွှေ့မည့် အစီအစဉ်ကို ကြေညာလိုက်သည်။
ထိုအချိန်တွင် ရှရွှယ်ချန်တောင်ခြေ၊ ယွီရွှေတပ်စခန်း၌ ရှန့်ယွင်ချွမ်းနှင့် ကျောက်လင်တို့မှာ တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင် ထိုင်လျက် စကားပြောနေကြသည်။
"ကျောက်လင်... ဒီဓားပြရှင်းလင်းရေး စစ်ဆင်ရေးမှာ ဓားပြ ဘယ်နှစ်ယောက်လောက် သတ်ခဲ့လဲ..."
ရှန့်ယွင်ချွမ်းက တည်ငြိမ်စွာ မေးလိုက်သည်။
ယခုအခါ ဓားပြဂိုဏ်းများ အားလုံးကို ရှင်းလင်းပြီးဖြစ်ပြီး ဓားပြများမှာလည်း ထွက်ပြေးသွားကြပြီ ဖြစ်ရာ ရှရွှယ်ချန်တောင်၏ ဓားပြရှင်းလင်းရေး စစ်ဆင်ရေးမှာ အောင်မြင်သည်ဟု ဆိုနိုင်ပေသည်။
ရှန့်ယွင်ချွမ်း၏ စွမ်းဆောင်ချက်စာရင်းတွင် နောက်ထပ် အောင်မြင်မှုတစ်ခု တိုးလာသည်။
ရှန့်ယွင်ချွမ်းမှာ ယခုအခါ လုံးဝ စိတ်အေးလက်အေး ရှိနေပြီ ဖြစ်သည်။
"ကျွန်တော် ဘယ်ဘက်နားရွက် (၂၆၄) ခု စုဆောင်းထားပြီးပါပြီ... အရင်က မှတ်ပုံတင်ထားတဲ့ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်အမှတ် (၈၉) ခုနဲ့ဆိုရင် စုစုပေါင်း (၃၅၃) ခု ရှိပါတယ်..."
"အဲ့ဒီလိုဆိုရင်တော့ ကျွန်တော်လည်း သုံးရာ့သတ်သမားတစ်ယောက် ဖြစ်သွားပြီပေါ့..."
ကျောက်လင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
ပထမဆုံးအနေဖြင့် ဝံပုလွေတောင်ထွတ်၊ သွေးဓားဂူနှင့် သွေးကင်းမြီးကောက်တောင်တန်းရှိ ဓားပြဂိုဏ်း (၃) ဂိုဏ်းနှင့် တိုက်ပွဲတွင်လည်းကောင်း၊ ဒုတိယအနေဖြင့် ကျောက်လင်တစ်ယောက်တည်း တစ္ဆေမျက်နှာချောက်ကို တိုက်ခိုက်ခဲ့ခြင်း၊ တတိယအနေဖြင့် ကျောက်လင် တစ်ဦးတည်း လှုပ်ရှားစဉ်အတွင်း ဓားပြအချို့ကို သတ်ဖြတ်ခဲ့ခြင်းတို့ ဖြစ်သည်။
သူတို့သည် အမှန်တကယ်ပင် ဓားပြ (၂၆၄) ယောက်ကို သတ်ဖြတ်ခဲ့ကြသည်။
"သုံးရာ့သတ်သမား... မင်းရဲ့ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်အဆင့်က အခု ငါနဲ့ တူညီတဲ့ တပ်မှူးအဆင့်ပဲ..."
"ကျောက်လင်... ဒီဓားပြရှင်းလင်းရေး စစ်ဆင်ရေးမှာ မင်းရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်..."
"ငါ မင်းကို သုံးရာ့သတ်သမားဘွဲ့ကို ချက်ချင်း ပေးအပ်နိုင်ပေမဲ့ သုံးရာ့သတ်သမားအတွက် ဆုကြေးကိုတော့ စီရင်စုဝန်ရုံးကနေပဲ ခွဲဝေပေးရမှာ... မင်း ရက်အနည်းငယ်လောက် စောင့်ရလိမ့်မယ်..."
"သုံးရာ့သတ်သမားရဲ့ အခွင့်အရေးတွေကတော့ - ပထမအချက်၊ တစ္ဆေမျက်နှာ ခါးဆွဲတံဆိပ်ပြားကို ဝတ်ဆင်ခွင့်ရပြီး လျန်ရှီးခရိုင်အတွင်း လွတ်လပ်စွာ သွားလာနိုင်မယ်... ဒုတိယအချက်၊ စစ်တပ်ပိုင်မြေ (၁၀၀) မူကို ရရှိမယ်... တတိယအချက်၊ ခရိုင်မြို့မှာ မြေပိုင်ဆိုင်ခွင့်စာချုပ် ရရှိမယ်... စတုတ္ထအချက်၊ နှစ်စဉ်ပေးဆောင်ရမည့် စစ်မှုထမ်းခွန် တစ်ဝက် လျှော့ပေါ့ပေးမယ်... ပဉ္စမအချက်၊ အရင်ဆုံး သတ်ဖြတ်ပြီးမှ အစီရင်ခံတဲ့ အခွင့်အရေးကိုရရှိမယ်..."
ရှန့်ယွင်ချွမ်းက ကျေနပ်သည့် အမူအရာဖြင့် ပြောလိုက်သည်။
ကျားသစ်နက်စစ်တပ်၏ ဗိုလ်ချုပ်ဟောင်းတစ်ဦးအနေဖြင့် ရှန့်ယွင်ချွမ်းသည် ကျောက်လင်ကို သူ၏ စစ်သားတစ်ဦးအဖြစ် သတ်မှတ်ထားသည်။ ကျောက်လင်၏ ကြီးမားသော အောင်မြင်မှုကို မြင်ရသဖြင့် သူ အလွန်ပင် ဝမ်းသာနေသည်။
ထိုအချိန်တွင် ကျောက်လင်က တိုးတိုးလေး မေးလိုက်၏။
"တပ်မှူး... အခု ရှရွှယ်ချန်တောင်က ဓားပြဂိုဏ်းတွေက ခြိမ်းခြောက်မှု မရှိတော့ဘူးဆိုတော့ နောက်တစ်ဆင့်က ကျန်ရှိနေတဲ့ ဓားပြတွေကို ရှင်းလင်းဖို့ပဲ..."
"ကျွန်တော် ဒီမှာ လုပ်စရာသိပ်မရှိတော့ဘူး..."
"ဒါကြောင့် ကျွန်တော် စောစောထွက်ခွာဖို့ ခွင့်တောင်းချင်ပါတယ်... ကျွန်တော် စစ်တပ်ပိုင်မြေကို အမြန်ဆုံး စိုက်ပျိုးဖို့ လိုအပ်နေလို့ပါ..."
ဓားပြဂိုဏ်းများအားလုံး ရှရွှယ်ချန်တောင်မှ ထွက်ခွာသွားကြပြီး တောင်ထွတ်အချို့တွင် ပုန်းအောင်းနေသော ဓားပြအနည်းငယ်သာ ကျန်ရှိတော့သည်။
ယွီရွှေတပ်စခန်းကို တိုက်ခိုက်ရေးတပ်နှင့် နယ်ခြားစောင့်တပ်ဟူ၍ ခွဲခြားထားသည်။
ရွေးချယ်ခံထားရသော စစ်သားများသာလျှင် တကယ့် တိုက်ခိုက်ရေး စစ်သားများဟု သတ်မှတ်ပြီး တရားရုံး၏ စစ်မှုထမ်းလစာကို ရရှိကြသည်။
နယ်ခြားစောင့်တပ်များမှာ ပုံမှန်အားဖြင့် လယ်ယာစိုက်ပျိုးကြပြီး အရေးပေါ် အခြေအနေမျိုးတွင်သာ စစ်တပ်ထဲသို့ ခေါ်ဆောင်ခြင်း ခံရသည်။
နောက်ထပ် ရှင်းလင်းရေး စစ်ဆင်ရေးအတွက် ထိုစစ်သားများသာ လိုအပ်သည်။
"မင်း ဒါကိုပြောစရာ မလိုပါဘူး… ငါ စဉ်းစားပြီးသားပါ..."
"ယွီရွှေတပ်စခန်းမှာ စစ်သား (၅၀၀) ရှိတယ်... အဲ့ဒီစစ်သားတွေက ရှရွှယ်ချန်တောင်က ကျန်ရှိနေတဲ့ ဓားပြတွေကို ရှင်းလင်းဖို့ လုံလောက်ပါတယ်..."
"မနက်ဖြန် မနက်မှာပဲ နယ်ခြားစောင့်တပ်သားတွေ အိမ်ပြန်နိုင်ပြီဆိုတာကို ငါ ကြေညာပေးမယ်..."
ရှန့်ယွင်ချွမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ကျောက်လင်က ပြုံးလိုက်၏။
ရုတ်တရက် ရှန့်ယွင်ချွမ်းက ကျောက်လင်ကို အလေးအနက် ကြည့်ပြီး ပြောလိုက်သည်။
"ကျောက်လင်... မင်း အခု ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်ကို ရောက်နေပြီ... မင်း တိုက်ခိုက်ရေးသမားဖြစ်လာဖို့ လျှောက်ထားနိုင်တယ်... မင်းရဲ့ စွမ်းအားနဲ့ဆိုရင် တိုက်ခိုက်ရေးသမား (၅၀၀)ကို ဦးဆောင်တဲ့ တပ်မှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်တယ်... မင်း အနာဂတ်မှာ နေရာအနှံ့ တိုက်ခိုက်ပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ပါတယ်..."
ကျောက်လင်သည် ချက်ချင်း ထရပ်ပြီး အလေးအနက် ပြန်ဖြေလိုက်သည်။
"တပ်မှူး... ကျွန်တော် ရွာမှာပဲ ရိုးရှင်းတဲ့ ဘဝကို ပိုပြီး သဘောကျပါတယ်... အဲ့တာက ပိုပြီး သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ရပါတယ်..."
"ကျွန်တော်သာ တပ်မှူးဖြစ်လာခဲ့ရင် အသေးအဖွဲ ကိစ္စတွေနဲ့ပဲ ဝိုင်းနေရမှာဖြစ်ပြီး အာဏာလုပွဲတွေကို ရင်ဆိုင်ရမှာပါ... ဒါက ကျွန်တော် နှစ်သက်တဲ့ ဘဝ မဟုတ်ပါဘူး..."
အဓိကအကြောင်းရင်းမှာ ကျောက်လင်သည် အလွန်အမင်း ထင်ရှားကျော်ကြားချင်စိတ် မရှိခြင်းပင်။ သူ၏ ခန္ဓာကိုယ်ထဲတွင် စနစ်တစ်ခုပါရှိနေပြီး အကယ်၍ လူများက သတိထားမိပါက နောက်ဆုံးတွင် သူ ထုတ်ဖော်ပြသခံရပေလိမ့်မည်။
ထင်းရှူးနက်ကျေးရွာ၏ နယ်စပ်တွင် ပုန်းအောင်းနေပြီး လျှို့ဝှက်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းမှာ ကျောက်လင်အတွက် အကောင်းဆုံး ဖြစ်သည်။
ထိုစကားကို ကြားရသောအခါ ရှန့်ယွင်ချွမ်းက ကျောက်လင်၏ ဆုံးဖြတ်ချက်ကို နားလည်သွားသဖြင့် သူ မဖိအားပေးတော့ပေ။
"ကောင်းပါပြီ... လူတိုင်းမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိကြတာပဲ… ငါ မင်းကို မတိုက်တွန်းတော့ပါဘူး..."
"ဒါပေမဲ့ နောက်ထပ် တိုက်ပွဲတွေ ထပ်ဖြစ်လာခဲ့ရင် ငါ မင်းကို အရင်ဆုံး ခေါ်ယူမှာပါ..."
ရှန့်ယွင်ချွမ်းက အနည်းငယ် ပြုံးလိုက်သည်။
ဤဓားပြရှင်းလင်းရေး စစ်ဆင်ရေးတွင် ကျောက်လင်၏ စွမ်းဆောင်ရည်မှာ ရှန့်ယွင်ချွမ်းအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။
သူသည် ကျောက်လင်ကဲ့သို့ လက်အောက်ငယ်သားမျိုးကို သဘောကျသည်။
ကျောက်လင်က အားမလိုအားမရဖြင့် ခေါင်းညိတ်လိုက်သည်။