အခန်း (၂၈၁၉-၂၈၂၀)
Vol. 222 Ch. 2819-2820
အခန်း(၂၈၁၉)
ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ်စတုတ္ထအဆင့် နှောင်းပိုင်းမှ အထွတ်အထိပ်အဆင့်အထိ တိုးတက်လာခဲ့ပြီးနောက်တွင် အရှင်ထျန်းချွယ်၏ ပေတစ်ရာပတ်ပတ်လည်ရှိ အကာအကွယ်နယ်မြေကို ထိုးဖောက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယခင် တိုက်ခိုက်မှုတွင် ကျန်းချန်သည် မည်သို့ပင် တိုက်ခိုက်စေကာမူ ထိုအကာအကွယ်နယ်မြေ၏ တားဆီးခြင်းကို လုံးဝနီးပါး ခံခဲ့ရ၏။
ယခု သူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိသွားသောအခါတွင်မူ ထိုအကာအကွယ် နယ်မြေကို ထိုးဖောက်ရန် အလွန်တရာ လွယ်ကူသွားခဲ့ချေပြီ။
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ်စတုတ္ထအဆင့်ရဲ့ နှောင်းပိုင်းအဆင့်ကို ကျော်လွန်သွားပြီဆိုတော့ ဒီအကာအကွယ်နယ်မြေက မင်းအတွက် အတားအဆီးဖြစ်စေတော့မှာ မဟုတ်ဘူး”
အရှင်ထျန်းချွယ်က ကျန်းချန်၏ စိတ်ထဲမှ သံသယကို ဖြေရှင်းပေးလိုက်သည်။
“ကျွန်တော် ရိုင်းပြမိရင် ခွင့်လွှတ်ပါ စီနီယာ”
ထိုစကားကို ပြောဆိုပြီးနောက်တွင် ကျန်းချန်သည် အရှင်ထျန်းချွယ်ကို တိုက်ခိုက်ရန်အတွက် အပြာရောင်ဧကရာဇ်ဓားသိုင်းကို အသုံးပြုလိုက်သည်။
ယခင်က သူနှင့် အရှင်ထျန်းချွယ်သည် ကျင့်ကြံခြင်းအဆင့် တူညီနေသဖြင့် အရှင်ထျန်းချွယ်၏ ပေတစ်ရာ ပတ်ပတ်လည်မှ အကာအကွယ်နယ်မြေကို မထိုးဖောက်နိုင်ခဲ့၍ အရှင်ထျန်းချွယ်၏ စွမ်းအင်များကို ကုန်ဆုံးအောင် လုပ်ရန်မှာ အတော်လေး ခက်ခဲနေခဲ့သည်။
ယခု သူက ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ တိုက်ခိုက်နိုင်စွမ်း ပိုမို ကောင်းမွန်လာရုံသာမက အရှင်ထျန်းချွယ်ကိုပါ ပြန်လည် တိုက်ခိုက်ရန်အတွက် စွမ်းအားများ ထုတ်သုံးလာစေခဲ့သည်။
ဤနည်းအားဖြင့် သူက အရှင်ထျန်းချွယ်၏ ပြိုင်ဘက်မဟုတ်သေးလျှင်ပင် ယခင်အဆင့်များ ကဲ့သို့ အရှင်ထျန်းချွယ်၏ စွမ်းအားကို တဖြည်းဖြည်းချင်း ကုန်ဆုံးစေနိုင်မည် မဟုတ်ပါလော။
အရှင်ထျန်းချွယ်နှင့် တစ်ခဏမျှ ရင်ဆိုင်ပြီးနောက်တွင် ကျန်းချန်သည် နှစ်ဆယ့်ခုနစ်ထစ်မြောက် လှေကားထစ် ဆီသို့ နောက်တစ်ကြိမ် ပြန်ဆင်းလာခဲ့ပြီး အချိန်မျှော်စင် အတွင်းသို့ ဝင်ရောက်ကာ သူ၏ အင်အားများကို ပြန်လည်ဖြည့်တင်းလိုက်သည်။
ထို့နောက်တွင်မူ ထုံးစံအတိုင်း နှစ်ဆယ့်ရှစ်ထစ်မြောက် လှေကားထစ် ဆီသို့ ပြန်တက်လာခဲ့ပြီး အရှင်ထျန်းချွယ်နှင့် ဆက်လက် တိုက်ခိုက်ခဲ့၏။
ဤသို့ဖြင့် ကျန်းချန်က နှစ်ဆယ့်ခုနစ်ထစ်မြောက်လှေကားထစ်နှင့် နှစ်ဆယ့်ရှစ်ထစ်မြောက်လှေကားထစ်တို့ကြားတွင် ဆယ်ကြိမ်ခန့် အတက်အဆင်းလုပ်ပြီးချိန်၌ အရှင်ထျန်းချွယ်၏ စွမ်းအင်ခန္ဓာကိုယ်ကို အနိုင်ယူနိုင်ခဲ့သည်။
ယင်းနောက်တွင် ကျန်းချန်သည် နှစ်ဆယ့်ကိုးထစ်မြောက်လှေကားထစ် ဆီသို့ တက်လှမ်းလာခဲ့၏။
နှစ်ဆယ့်ကိုးထစ်မြောက် လှေကားထစ်တွင်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ တလော့အဆင့် အင်မော်တယ် တစ်ဦး စောင့်ကြပ်နေခဲ့သည်။
ထိုလူကလည်း သူ၏ ကျင့်ကြံမှုအဆင့်ကို ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်အထိ နှိမ့်ချထားခဲ့၏။
အနည်းငယ် တိုက်ခိုက်ပြီးနောက်တွင် ကျန်းချန်သည် နှစ်ဆယ့်ရှစ်ထစ်မြောက် လှေကားထစ် ဆီသို့ ပြန်ဆင်းလာခဲ့ပြီး အချိန်မျှော်စင် အတွင်းသို့ ဝင်ရောက်ကာ ဆက်လက် ကျင့်ကြံခဲ့သည်။
သူက နောက်ဆုံးကျန်ရှိသော အမည်မဲ့အင်မော်တယ် နှင်းရည်နှစ်စက်ကို အသုံးပြုကာ ဥာဏ်အလင်းပွင့်သည့် အခြေအနေကို ရောက်ရှိစေရန် လုပ်ဆောင်ခဲ့ပြီး သူ၏ကျင့်ကြံမှုအဆင့်ကို အတိုင်းအတာတစ်ခု အထိ မြှင့်တင်နိုင်ခဲ့သည်။
ထို့နောက် အင်မော်တယ်ကျောက်တုံးများမှ စွမ်းအားများစုပ်ယူကာ အချိန်မျှော်စင် အတွင်း နှစ်လကြာ ကျင့်ကြံပြီးနောက်တွင် အဆုံးသတ်တွင် ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။
ဤအချိန်တွင် ပြင်ပလောက၌ တစ်လနီးပါး ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်သို့ တက်လှမ်းပြီးနောက်တွင် နှစ်ဆယ့်ကိုးထစ်မြောက် လှေကားထစ်ရှိ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်အထွတ်အထိပ် ဂိတ်စောင့်ကို ရင်ဆိုင်ရာ၌ ကျန်းချန်သည် နှစ်ဆယ့်ရှစ်ထစ်မြောက် လှေကားထစ်ရှိ အရှင်ထျန်းချွယ်ထက်ပင် ပိုမိုလွယ်ကူစွာ ရင်ဆိုင်နိုင်ခဲ့သည်။
နှစ်ဆယ့်ကိုးထစ်မြောက် လှေကားထစ် ဆီသို့ ရှစ်ကြိမ်မြောက်တက်လှမ်းပြီးနောက်တွင်မူ ကျန်းချန်သည် နှစ်ဆယ့်ကိုးထစ်မြောက် လှေကားထစ်ရှိ အစောင့်အကြပ်ကို လုံးဝ အနိုင်ယူနိုင်ခဲ့၏။
“နောက်ဆုံး လှေကားထစ်ပဲ ကျန်တော့တယ်”
ကျန်းချန်က နောက်ဆုံး လှေကားထစ်ကို မော့ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤနေရာသို့ စတင်ဝင်ရောက်ပြီး လှေကားထစ်များကို ကျော်ဖြတ်ခဲ့သည့်အချိန်မှစ၍ ယခုအချိန်အထိ ကျန်းချန်သည် စုစုပေါင်း အချိန်နှစ်လခန့် ကုန်ဆုံးခဲ့ပြီဖြစ်သည်။
ယခု နောက်ဆုံးအဆင့် လှေကားထစ်ကို ကျော်ဖြတ်နိုင်လျှင် ကျန်းချန်သည် ကမ္ဘာဦးအင်မော်တယ်ရေကန် ဆီသို့ ရောက်ရှိနိုင်တော့မည် ဖြစ်သည်။
ဤပုံအတိုင်းဆိုလျှင် သူက သုံးလအတွင်း လှေကားထစ်အားလုံးကို ကျော်ဖြတ်ကာ ကမ္ဘာဦးအင်မော်တယ် ရေကန်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး အမှန်တကယ် ရှိနေခဲ့သည်။
ကျန်းချန်က နှစ်ဆယ့်ကိုးထစ်မြောက် လှေကားထစ်တွင် တစ်ခဏမျှ အနားယူလိုက်၏။
ထို့နောက်တွင် ကောင်းကင်ယံသို့ ပျံသန်းလိုက်ပြီး ကမ္ဘာဦးအင်မော်တယ်ရေကန် ရှိရာ ဆီသို့ ဦးတည်နေသည့် နောက်ဆုံးလှေကားထစ် ပေါ်သို့ ဆင်းသက်လိုက်သည်။
“ဝုန်း..”
ကျန်းချန် လှေကားထစ်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာဦးအင်မော်တယ် ရေကန်၏ နောက်ဆုံးလှေကားထစ်မှ အစောင့်အကြပ်သည် ကျန်းချန်၏ ရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုသူမှာ အသက်နှစ်ဆယ်ကျော် အရွယ်သာ ရှိပုံရသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။
သူမက ဖြူဖွေးသောကျောက်စိမ်း ကဲ့သို့ အသားရေကို ပိုင်ဆိုင်ထားပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အဖြူရောင်ဖိနပ် တစ်စုံကို စီးထား၏။
သူမကို ကြည့်ရသည်မှာ လောကီဖုန်မှုန့်များ၏ စွန်းပေမှု လုံးဝမရှိသကဲ့သို့ သန့်ရှင်းစင်ကြယ်ပုံရသည်။
ထိုအမျိုးသမီးတွင် ရေတံခွန် ကဲ့သို့ ရှည်လျားသော ဆံနွယ်များ၊ လှပသော မျက်နှာသွင်ပြင်များနှင့် အလွန်တရာ အေးစက်သော မျက်ဝန်းများ ရှိသည်။
သူမ၏ ခန္ဓာကိုယ်ကနေ ဘုရင်မ တစ်ပါး ကဲ့သို့ မြင့်မြတ်သောအရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။
သူ့ရှေ့မှ အမျိုးသမီးကိုကြည့်ကာ ကျန်းချန် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
နောက်ဆုံးအဆင့်၏ အစောင့်အကြပ်က အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူအမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ယခင် လှေကားထစ်များတွင် သူရင်ဆိုင်ခဲ့ဖူးသည့် တလော့အဆင့် အင်မော်တယ်နှစ်ပါးထက်ပင် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
“မင်းက တကယ်ကို တော်တာပဲ.. အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှာ နောက်ထပ် အံ့အားသင့်စရာကောင်းတဲ့ ပါရမီရှင် တစ်ယောက် ထပ်ပေါ်လာပြန်ပြီပေါ့...အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ရဲ့ သမိုင်းမှာ မင်းက ငါ့ဆီကို အမြန်ဆုံးရောက်လာနိုင်တဲ့ ပထမဆုံးလူပဲ”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ချိုသာသောစကားသံက ကျန်းချန်၏ နားထဲသို့ ချက်ချင်းဆိုသလို ပျံ့လွင့်လာခဲ့သည်။
ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်၏။
“စီနီယာ.. ကျွန်တော်က အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်က မဟုတ်ပါဘူး”
ထိုစကားကိုကြားလျှင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက ကျန်းချန်ကို တအံ့တဩ ကြည့်လိုက်သည်။
“မင်းဆီမှာ ငါဘုရင်ရဲ့ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း အရှိန်အဝါရှိနေတာပဲ.. ဘာလို့ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်က မဟုတ်ရမှာလဲ”
“စီနီယာက အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင်လား”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီး၏ စကားအဆုံးတွင် ကျန်းချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းကို အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ကို တည်ထောင်သူဖြစ်သည့် အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင် ကျွယ်ကျန့်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးသည် သူ့ကိုယ်သူ ဘုရင်ဟု သုံးနှုန်းရုံသာမက အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်းကို တီထွင်ခဲ့သူ ဖြစ်ကြောင်း ပြောဆိုနေသဖြင့် သူမသည် ဒဏ္ဍာရီလာ အကြွင်းမဲ့ဓား အင်တယ်ဘုရင် မဟုတ်လျှင် မည်သူ ဖြစ်နိုင်ပါမည်နည်း။
ခန့်ညားထည်ဝါသော အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို တည်ထောင်သူ ဖြစ်သည့် အင်မော်တယ်ဘုရင် ကျွယ်ကျန့်သည် အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု ကျန်းချန် ဘယ်လိုမှ မမျှော်လင့်ထားခဲ့ပေ။
“ဟုတ်တယ် အဲဒါ ဒီဘုရင်ပဲ.. မင်းအံ့ဩသွားတယ် မဟုတ်လား”
အင်မော်တယ်ဘုရင် ကျွယ်ကျန့်က ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
သူမ၏ လှပသော မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။
“မင်းက တကယ်ကို ထူးခြားတယ်...မင်းဆီမှာ ငါနဲ့ ရင်းနှီးနေတဲ့ အရှိန်အဝါတွေ တစ်ခုထက်မက ရှိနေသလိုပဲ”
“စီနီယာရဲ့အမြင်က တကယ်ကို စူးရှပါတယ်”
ကျန်းချန်က အလျင်အမြန်ပင် ပြောလိုက်သည်။
“ကျွန်တော် အဆင့်နိမ့်စကြဝဠာမှာ ရှိစဥ်က အဆင့်နိမ့်စကြဝဠာမှာ ကျန်ရစ်ခဲ့တဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ထဲကို ကံကောင်းထောက်မစွာနဲ့ ဝင်ရောက်ခွင့်ရခဲ့ပါတယ်.. စီနီယာရဲ့ အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းကို ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ဆီကနေ သင်ယူခဲ့တာပါ”
ကျန်းချန်၏ စကားကိုကြားလျှင် အင်မော်တယ်ဘုရင် ကျွယ်ကျန့် အနည်းငယ် မှင်တက်သွားခဲ့သည်။
“ဟူး..”
သူမ၏ နှုတ်ခမ်းဖျားကနေ သက်ပြင်းချသံ ထွက်ပေါ်လာခဲ့သည်။
“ဒီဘုရင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ဘယ်ရောက်နေသလဲ ဆိုတာကို နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှာဖွေခဲ့ပေမဲ့ ဘာသတင်းမှ မရခဲ့ဘူး.. ဒီနေ့တော့ တစ်စုံတစ်ယောက်က အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်ဆီကို ရောက်လာပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ သတင်းကို ယူလာပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ဒါပေမဲ့ ဒီဘုရင်ရဲ့ မူလခန္ဓာကိုယ် အစစ်က ဒီမှာ ရှိမနေတော့ဘူး”
ကျန်းချန်က အလျင်အမြန် မေးလိုက်သည်။
“စီနီယာရဲ့ မူလခန္ဓာကိုယ်အစစ်က အခု ဘယ်နေရာမှာ ရှိနေလဲဆိုတာ ကျွန်တော် သိခွင့်ရှိမလား”
အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင်ကျွယ်ကျန့်သည် အင်မော်တယ်လောကတွင် နာမည်ကျော်ကြားသော ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါး ဖြစ်ပြီး သူ၏ ခွန်အားသည် အလွန်တရာပင် နက်ရှိုင်း၏။
ထာဝရရှင်သန်ခြင်းနန်းတော်နှင့်အတူ အင်မော်တယ်လောက ဆီသို့ ရောက်လာသည့် လုရှောင်ချင်းသည် အလွန်တရာပင် အန္တရာယ်များ၏။
အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင် ကျွယ်ကျန့်နှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် တို့သည် တစ်ဦးကိုတစ်ဦး အသက်ပေးဝံ့သော မိတ်ဆွေများ ဖြစ်ကြသည်။
အင်မော်တယ်ဘုရင်ကျွယ်ကျန့်သာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်တွင် ဆက်ခံသူရှိမှန်း သိလျှင် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
အင်မော်တယ်ဘုရင် ကျွယ်ကျန့်၏ အကူအညီသာ ရရှိလျှင် လုရှောင်ချင်းသည် သေချာပေါက် ပို၍ ဘေးကင်းသွားပေလိမ့်မည်။
“ငါလည်း မသိဘူး”
အင်မော်တယ်ဘုရင်ကျွယ်ကျန့်က ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်လေး တခြားကိစ္စတွေကို အခုအချိန်မှာ ခဏထားလိုက်ဦး.. မင်းအနေနဲ့ ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲကို ဝင်ပြီး မင်းရဲ့ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်မှု ခံယူဖို့ အချိန်တန်နေပြီ”
ထိုစကားကို ကြားလျှင် ကျန်းချန်သည် မချိပြုံး ပြုံးလိုက်ရုံသာ တတ်နိုင်ခဲ့သည်။
“စီနီယာ.. ဒီနောက်ဆုံးအဆင့်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ သိပါရစေ”
သူ့ရှေ့မှ ပုဂ္ဂိုလ်သည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို တည်ထောင်သူ ဖြစ်သည့် အင်မော်တယ်ဘုရင် တစ်ပါးဖြစ်သည်။
အင်မော်တယ်ဘုရင် ကျွယ်ကျန့်သည် သူမ၏ ကျင့်ကြံမှုကို ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့် အထိ ဖိနှိပ်ထားလျှင်ပင် သူ့အနေဖြင့် သေချာပေါက် ရင်ဆိုင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
အကယ်၍ ဤနောက်ဆုံးအဆင့်သာ ယခင် အဆင့်နှစ်ဆင့်ကဲ့သို့ ပြိုင်ဘက်ကို အနိုင်ယူနိုင်မှ ကျော်ဖြတ်နိုင်မည် ဆိုလျှင် ကျန်းချန် အမှန်တကယ်ပင် စိုးရိမ်စိတ် ဝင်လာခဲ့သည်။
အခန်း(၂၈၁၉)ပြီး၏။
အခန်း(၂၈၂၀)
“စိတ်မပူပါနဲ့.. ဒီအဆင့်က မင်းကို ဒီဘုရင်နဲ့ တိုက်ခိုင်းမှာမဟုတ်ဘူး”
အင်မော်တယ်ဘုရင် ကျွယ်ကျန့်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“ဒီဘုရင်ရဲ့ကျင့်ကြံခြင်းအဆင့်ကို မင်းနဲ့ အဆင့်တူအထိ နှိမ့်ချထားပေးရင်တောင် မင်းအနေနဲ့ ဒီဘုရင်ကို အနိုင်ရဖို့ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူး”
အင်မော်တယ်လောကတွင် နာမည်ကျော်ကြားသည့် အင်မော်တယ်ဘုရင် တစ်ပါး အနေဖြင့် အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင်၏ စွမ်းရည်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်မှာ တွေးနေစရာပင် မလိုပေ။
သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကျန်းချန်နှင့် အဆင့်တူအထိ နှိမ့်ချရန်မဆိုထားနှင့်၊ ကောင်းကင်အင်မော်တယ် ပထမအဆင့်အထိ နှိမ့်ချထားပေးလျှင်ပင် ကျန်းချန်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် နည်းလမ်း တစ်ခုထက်မက သူ့တွင် ရှိနေခဲ့သည်။
ထိုစကားကို ပြောပြီးသည်နှင့် အင်မော်တယ်ဘုရင် ကျွယ်ကျန့်က လက်တစ်ဖက်ကို မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်သည်။
“ဝုန်း..”
ဓားစွမ်းအင်များသည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် လျင်မြန်စွာ စုစည်းသွားခဲ့ပြီး အဆုံးသတ်တွင် ကျန်းချန်၏ ဦးခေါင်း ပေါ်ရှိ ပေတစ်ထောင် ပတ်လည် ဟင်းလင်းပြင်ကို လွှမ်းခြုံထားသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များနှင့် ပြည့်နှက်နေသော ဓားအစီအရင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုဓားအစီအရင်၏ အလယ်ဗဟိုတွင် တစ်မီတာခန့် ရှည်လျားသည် အနက်ရောင်ဓားငယ်လေး တစ်လက် ရှိနေခဲ့သည်။
“ဓားအစီအရင်ထဲက အနက်ရောင်ဓားငယ်လေးကို မြင်တယ်မဟုတ်လား.. အဲဒီ အနက်ရောင်ဓားငယ်လေးက ကမ္ဘာဦးအင်မော်တယ်ရေကန်ဆီကို သွားနိုင်တဲ့ ဝင်ခွင့်တံဆိပ်ပြားပဲ.. မင်းအနေနဲ့ အဒီအနက်ရောင်ဓားငယ်လေးကို ဓားအစီအရင်ထဲကနေ ရအောင် ယူနိုင်သရွေ့ ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲကို ဝင်ရောက်ပြီး ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်မှု ခံယူနိုင်ပြီ”
အင်မော်တယ်ဘုရင်ကျွယ်ကျန့်က ကျန်းချန်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါမှသာ ကျန်းချန်တစ်ယောက် သက်ပြင်းချနိုင်ခဲ့သည်။
ထိုသို့မဟုတ်ဘဲ အင်မော်တယ်ဘုရင်နှင့်သာ တိုက်ခိုက်ရမည်ဆိုလျှင် သူ့အတွက် အခွင့်အရေး လုံးဝရှိမည် မဟုတ်ပေ။
“ဒီဘုရင်ရဲ့ ဓားအစီအရင်ကို လျှော့မတွက်နဲ့.. အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်က မွေးရာပါ ဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တောင် ဒီအစီအရင်ကို ထိုးဖောက်ဖို့အတွက် နှစ်ဆယ့်ခြောက်ရက် အချိန်ယူခဲ့ရတယ်”
ယင်းအချိန်တွင် အင်မော်တယ်ဘုရင် ကျွယ်ကျန့်၏ စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ.. ကျွန်တော် နားလည်ပါပြီ”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီးနောက်တွင် သူ၏ အကြည့်သည် ဟင်းလင်းပြင်ထဲမှ ဓားအစီအရင် ပေါ်သို့ ကျရောက်သွားခဲ့သည်။
စင်စစ် အင်မော်တယ်ဘုရင် ကျွယ်ကျန့် သတိမပေးလျှင်ပင် ကျန်းချန် အနေဖြင့် သူ့အရှေ့မှ ဓားအစီအရင်ကို လျှော့တွက်မည် မဟုတ်ပေ။
အင်မော်တယ်လောက၏ အစွမ်းထက် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သည့် အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်၏ ဓားလမ်းစဥ် အောင်မြင်မှုများသည် ခန့်မှန်း၍ မရလောက်အောက်ပင် နက်ရှိုင်း၏။
သူမ စိတ်ရှိသလို ဖန်တီးလိုက်သည့် ဓားအစီအရင် ဖြစ်နေလျှင်ပင် အလွယ်တကူ ဖြေရှင်းနိုင်ရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။
သို့သော်လည်း ကျန်းချန်ကမူ စိတ်မပူခဲ့ပေ။
သူ့တွင် အဆတစ်ရာစနစ် ရှိနေ၍ အဆတစ်ရာ သိမြင်နားလည်မှုကို အသက်သွင်းနိုင်မည် ဆိုလျှင် သူ့ရှေ့မှ ဓားအစီအရင်ကို အချိန်အတိုင်းအတာ တစ်ခု အတွင်း သေချာပေါက် ဖြေရှင်းနိုင်မည် ဖြစ်သည်။
အင်မော်တယ်ဘုရင် ကျွယ်ကျန့်၏ ဓားအစီအရင်သည် အမှန်တကယ်ပင် နက်ရှိုင်း၏။
ကျန်းချန် အချိန်အတန်ကြာအောင် ကြည့်ရှုနေခဲ့သော်လည်း ဓားအစီအရင်ထဲကနေ မည်သည့် အားနည်းချက်ကိုမှ ရှာမတွေ့ခဲ့ပေ။
“ဒင်.. သင်က အကြွင်းမဲ့ဓားအစီအရင်ရဲ့ ရိုးရှင်းတဲ့ဗားရှင်းကို ကြည့်ရှုပြီး အဆ ၁၀၀ သိမြင်နားလည်မှုကို အသက်သွင်းလိုက်ပါပြီ”
“ဒင်.. သင်က အကြွင်းမဲ့ဓားအစီအရင်ကို တစ်ထောင်ပုံ တစ်ပုံ နားလည်သွားခဲ့ပါပြီ”
ထိုအချိန်မှာပင် စနစ်၏ သတိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် အဆုံးသတ်၌ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က စိတ်ထဲတွင် အတော်လေး ဝမ်းသာသွားခဲ့၏။
အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်၏ ဤအကြွင်းမဲ့ဓားအစီအရင်သည် အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင်ကို နာမည်ကျော်ကြားစေခဲ့သည့် အကြွင်းမဲ့ဓားအစီအရင်၏ ရိုးရှင်းသောဗားရှင်း တစ်ခုသာ ဖြစ်၍ ကျန်းချန်အတွက် သိမြင်နားလည်ရန် သိပ်မခက်ခဲပေ။
လက်ရှိ နားလည်သည့် အရှိန်အဟုန်ဖြင့်သာ ဆိုလျှင် ဤအကြွင်းမဲ့ဓားအစီအရင်၏ ရိုးရှင်းသောဗားရှင်းကို နားလည်ရန် လဝက်ခန့်သာ အချိန်လိုအပ်လိမ့်မည် ဖြစ်သည်။
ကျန်းချန်က အချိန်ဖြုန်းမနေတော့ဘဲ သူ့ရှေ့မှ အကြွင်းမဲ့ဓားအစီအရင်ကို ဆက်လက် အာရုံစိုက်ကာ စိုက်ကြည့်နေခဲ့၏။
“ဒီကောင်လေးက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ”
သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အင်မော်တယ်ဘုရင် ကျွယ်ကျန့်၏ လှပသော မျက်ဝန်းလေးထဲတွင် လှပသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူမအနေဖြင့် ကမ္ဘာဦးအင်မော်တယ် ရေကန်၏ စမ်းသပ်မှုကို သတ်မှတ်သည့် အချိန်ကစ၍ ကမ္ဘာဦးအင်မော်တယ်ရေကန် ဖွင့်လှစ်သည့် အကြိမ်တိုင်းတွင် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ ပါရမီရှင် အများအပြားကို တွေ့ဖူးခဲ့သည်။
ဤနှစ်ပေါင်းများစွာအတွင်း နောက်ဆုံးအဆင့်ကို ရောက်လာကြသည့် လူငယ်ပါရမီရှင် အားလုံးနီးပါးသည် ဓားအစီအရင်ကို အတင်းအကျပ် ထိုးဖောက်ရန်သာ ခြွင်းချက်မရှိ ရွေးချယ်ခဲ့ကြ၏။
၎င်းတို့က ဓားအစီအရင်ကို တိုက်ရိုက် တိုက်ခိုက်ပြီး အစီအရင်၏ စွမ်းအားကို တဖြည်းဖြည်း အားနည်းအောင် လုပ်ပြီးမှသာ အဆုံးသတ်တွင် ဖြိုခွင်းနိုင်ခဲ့ကြသည်။
ထိုအချိန်က မွေးရာပါ ဓားခန္ဓာကိုယ် ပိုင်ရှင်ကမူ ဓားအစီအရင်ကို ဖြေရှင်းရန် အတွက် သူ၏ ကိုယ်ပိုင်စွမ်းရည်ကို အားကိုးခဲ့သည်။
ထိုပါရမီရှင်သည် မွေးရာပါဓားခန္ဓာကိုယ် ပိုင်ရှင် ဖြစ်၍ ဓားအစီအရင်ထဲမှ အားနည်းချက်အချို့ကို သိမြင်နိုင်စွမ်း ရှိနေခဲ့ပြီး အားနည်းချက်များကိုသာ ရွေးချယ် တိုက်ခိုက်ခဲ့၍ ရက်နှစ်ဆယ်ကျော် အတွင်း ဓားအစီအရင်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခု သူ့ရှေ့မှ ကောင်လေးကမူ ဓားအစီအရင်ကို အတင်းအကျပ် တိုက်ခိုက်ရန် မရွေးချယ်ဘဲ အစီအရင်ကို သိမြင်နားလည်ရန် အတွက် ကြိုးစားနေခဲ့သည်။
သူမ ဖန်တီးထားသည့် အကြွင်းမဲ့ဓားအစီအရင်သည် ရိုးရှင်းသောဗားရှင်း ဖြစ်သော်လည်း ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူများအတွက် အမှန်တကယ်ပင် နက်နဲလွန်းပြီး အလွယ်တကူ သိမြင်နားလည်နိုင်သည့်အရာ မဟုတ်ပေ။
ကျန်းချန်ကမူ အင်မော်တယ်ဘုရင် ကျွယ်ကျန့်၏ အတွေးများကို မသိခဲ့ပေ။
လက်ရှိအချိန်တွင် ကျန်းချန်သည် ဝါတော်ရ ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ တင်ပျဥ်ခွေ၍ ထိုင်နေခဲ့ပြီး တည်ငြိမ်မှုအပြည့်ဖြင့် သူ့ရှေ့မှ အကြွင်းမဲ့ဓား အစီအရင်ကို အပြည့်အဝ သိမြင်နားလည်ရန် အာရုံစိုက်နေခဲ့သည်။
“ဒင်.. သင်က အကြွင်းမဲ့ဓားအစီအရင်ရဲ့ တစ်ထောင်ပုံတစ်ပုံကို နားလည်သွားခဲ့ပါပြီ”
“ဒင်.. သင်က အကြွင်းမဲ့ဓားအစီအရင်ရဲ့ တစ်ထောင်ပုံတစ်ပုံကို နားလည်သွားခဲ့ပါပြီ”
“............”
ဤသို့ဖြင့်ပင် မျက်စိတစ်မှိတ် အတွင်း လဝက်ဟူသော အချိန်က ကုန်ဆုံးသွားခဲ့သည်။
ကျန်းချန်၏ အကြွင်းမဲ့ဓားအစီအရင် အပေါ် နားလည်မှုသည်လည်း ဆယ်ပုံကိုးပုံခန့်အထိ ရောက်ရှိသွားခဲ့၏။
နောက်ထပ် နှစ်ရက်ခန့်ကြာပြီးနောက်တွင် စနစ်၏ သာယာသော သတိပေးသံသည် ကျန်းချန်၏ စိတ်ထဲတွင် အဆုံးသတ်၌ ထွက်ပေါ်လာခဲ့သည်။
“ဒင်.. သင်က အကြွင်းမဲ့ဓားအစီအရင်ကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ”
ထိုအခိုက်အတန့်တွင် ကျန်းချန်က သူ၏ မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
အဆုံးသတ်တွင် အကြွင်းမဲ့ဓား အစီအရင်ကို သူက အောင်မြင်စွာ နားလည်သွားခဲ့ပြီ ဖြစ်သည်။
အကြွင်းမဲ့ဓား အစီအရင်ကို အောင်မြင်စွာ သိမြင်နားလည်ပြီးနောက်တွင် ကျန်းချန်သည် ဟင်းလင်းပြင်ထဲမှ အကြွင်းမဲ့ဓားအစီအရင်ကို တစ်ချက် ကြည့်လိုက်သည်။
သူက အကြွင်းမဲ့ဓားအစီအရင်မှ အချက်အလက်များကို သူ၏ လက်ဖဝါးပေါ်မှ အရေးအကြောင်းများ ကဲ့သို့ပင် အလွတ်ရနေခဲ့ပြီ ဖြစ်သည်။
သူက ချက်ချင်းပင် မတ်တတ် ထရပ်လိုက်ပြီး ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ ပေါ့ပါးစွာဖြင့် ဟင်းလင်းပြင်ထဲမှ အကြွင်းမဲ့ဓား အစီအရင်ဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့သည်။
“ဒီကောင်လေးက အကြွင်းမဲ့ဓားအစီအရင်ကို နားလည်သွားပြီလား”
ကျန်းချန်၏ အမူအရာကို မြင်လိုက်ရလျှင် အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင် ကျွယ်ကျန့်၏ လှပသော မျက်ဝန်းလေးတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင် ကျွယ်ကျန့်၏ အကြည့်အောက်မှာပင် ကျန်းချန်သည် အကြွင်းမဲ့ဓား အစီအရင်ထဲကို ဝင်ရောက်သွားခဲ့ပြီး ဆန်းကြယ်သော ခြေလှမ်းကွက်များဖြင့် အစီအရင်ထဲတွင် လျှောက်လှမ်းနေခဲ့သည်။
သူ၏ ခြေလှမ်းတိုင်းက အစီအရင်၏ အရေးကြီးသော နေရာများ ဆီသို့ တိတိကျကျ နင်းလျှောက်သွားသောကြောင့် အစီအရင်က သူ့ကို တိုက်ခိုက်ရန် ခက်ခဲနေခဲ့သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် မည်သည့် အားစိုက်ထုတ်မှုမှ မလိုလိုက်ဘဲ အစီအရင်၏ အလယ်ဗဟိုသို့ လျှောက်သွားခဲ့ပြီး အနက်ရောင်ဓားငယ်လေးကို လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် အင်မော်တယ်ဘုရင် ကျွယ်ကျန့်သည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲရှိ အကြွင်းမဲ့ဓား အစီအရင်သည် ချက်ချင်းဆိုသလိုပင် အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားခဲ့၏။
သူမက ကျန်းချန်ကို ကြည့်ကာ တအံ့တဩ ပြောလိုက်သည်။
“ဒီဘုရင်က မင်းကို လျှော့တွက် ထားမိပုံပဲ.. မင်းက တကယ်ပဲ ဒီဘုရင်ရဲ့ အကြွင်းမဲ့ဓား အစီအရင်ကို နားလည်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ဒါက အကြွင်းမဲ့ဓားအစီအရင်ရဲ့ ရိုးရှင်းသောဗားရှင်း မို့လို့ပါ.. တကယ်လို့သာ ဒီအစီအရင်က တကယ် အကြွင်းမဲ့ဓားအစီအရင်သာဆိုရင် ကျွန်တော် နားလည်နိုင်မှာ မဟုတ်ပါဘူး”
ကျန်းချန်က သူ့ကိုယ်သူ နှိမ့်ချ၍ ပြောဆိုလိုက်သည်။
“သိပ်ပြီးလည်းနှိမ့်ချမနေပါနဲ့.. ဒီလောက် နှစ်ပေါင်းများစွာအတွင်းမှာ မင်းက ဒီဘုရင်ရဲ့ အကြွင်းမဲ့ဓားအစီအရင်ကို ထိုးထွင်းသိမြင်နိုင်တဲ့ ပထမဆုံးလူပဲ”
အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင် ကျွယ်ကျန့်က ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“စမ်းသပ်မှုအားလုံးကို အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ကောင်လေး.. ကမ္ဘာဦးအင်မော်တယ်ရေကန်ထဲကို သွားပြီး ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်မှု ခံယူလိုက်တော့”
“စီနီယာ.. ကျွန်တော် စီနီယာကို မေးစရာရှိတယ်”
ထိုအချိန်တွင် ကျန်းချန်က အင်မော်တယ်ဘုရင်ကျွယ်ကျန့်ကို ရုတ်တရက် ပြောလိုက်သည်။
အင်မော်တယ်ဘုရင်ကျွယ်ကျန့်က လက်ကာပြလိုက်ပြီး ကျန်းချန်ကို ပြောလိုက်သည်။
“မင်းဘာကို မေးချင်လဲဆိုတာ ငါသိတယ်.. ငါ့မှာ ကိုယ်ပိုင် အသိစိတ်ရှိတယ် ဆိုပေမဲ့ ငါ့ရဲ့ မူလခန္ဓာကိုယ်အစစ်နဲ့တော့ ဘာအဆက်အသွယ်မှမရှိဘူး.. ဒါကြောင့် မင်း ငါ့ကို မေးနေလည်း ဘာမှထူးမှာ မဟုတ်ဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ခါးသီးစွာ ပြုံးရုံသာ တတ်နိုင်ခဲ့ပြီး ဘာစကားမျှ ထပ်မပြောတော့ဘဲ အင်မော်တယ်ဘုရင် ကျွယ်ကျန့်ကို ဦးညွှတ်လိုက်ကာ ကမ္ဘာဦးအင်မော်တယ် ရေကန်၏ ဝင်ပေါက် ဆီသို့ ဦးတည်၍ ထွက်ခွာသွားခဲ့သည်။
အခန်း(၂၈၂၀)ပြီး၏။