အခန်း (၂၈၁၁-၂၈၁၂)
Vol. 222 Ch. 2811-2812
အခန်း(၂၈၁၁)
ကျန်းချန်၏ စကားကိုကြားလျှင် အရှင်ကျွယ်စစ်၏ မျက်ဝန်းများက မသိမသာ မှေးကျဥ်းသွားခဲ့သည်။
ကျိယောင်နှင့် ပတ်သက်၍ အရှင်ကျွယ်စစ်သည် ကိစ္စတစ်ခုကို အမှတ်ရသွားခဲ့သည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မျိုးဆက်သည် ကြာမြင့်စွာ ပျောက်ကွယ်နေသော ထာဝရရှင်သန်ခြင်းနန်းတော်နှင့် အတူ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ ရုတ်တရက် ရောက်ရှိလာခဲ့ပြီး ကျိလင်သားရဲမျိုးနွယ်စုဝင် တစ်ဦး ဖြစ်သူ ကျိယောင်ကို ထားရစ်ခဲ့သည်။
ဂိုဏ်းတည်ထောင်သူ ဖြစ်သည့် အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်နှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် တို့သည် ရင်းနှီးသောမိတ်ဆွေများ ဖြစ်ခဲ့ကြ၍ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်သည် ကျိယောင်ကို လက်ခံကာ စောင့်ရှောက်ပေးထားခဲ့သည်။
အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်ကို ကျိယောင် ရောက်ရှိပြီးနောက်တွင် သူတို့ဘက်က ကျိယောင် အပေါ်တွင် သိပ် အလေးထားခြင်း မရှိခဲ့ပေ။
ယခုအခါ မြောက်ပိုင်းအေးစက်သောနန်းတော်မှ လူငယ်ပါရမီရှင်သည် ကျိယောင် အတွက် ရောက်လာခဲ့ချေပြီ။
သို့ဆိုလျှင် ထိုကောင်လေးသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်နွှယ်မှု ရှိနေပါသလော။
“ဟေ့ကောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ.. ကျိယောင်က ငါတို့ အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ.. မင်းခေါ်သွားချင်တိုင်း ခေါ်သွားလို့ရမယ်များထင်နေလား”
ဝူရန်က မထီမဲ့မြင် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
သူ၏ ဆရာဖြစ်သူ အရှင်ကျွယ်စစ်က သူ့ဘက်တွင် ရှိနေသဖြင့် ဝူရန်သည် ယခုအခါတွင် သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေခဲ့၏။
“ငါက မင်းရဲ့ဆရာနဲ့ စကားပြောနေတာကို မင်းက ဘာကိစ္စ စကားဖြတ်ပြောရတာလဲ”
ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး ထျန်းယွမ် အင်မော်တယ်ဓားက သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။
ယင်းနောက်တွင် သူက ဝူရန် ဆီသို့ ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။
ထိုအခိုက်အတန့်တွင် သတ်ဖြတ်ခြင်း ဓားအလင်းက ဝူရန်ကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။
ဆရာဖြစ်သူ၏ မျက်စိအောက်မှာပင် ကျန်းချန်က သူ့ကို တိုက်ခိုက်ရဲသည်အား မြင်လိုက်ရလျှင် ဝူရန်၏ မျက်နှာထက်၌ ချက်ချင်းဆိုသလို ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် သူ့အနေဖြင့် အတွေးများနေရန် အချိန်မရှိတော့ဘဲ ကျန်းချန်၏ ဓားချက်ကို ခုခံနိုင်ရန်အတွက် အင်မော်တယ်စွမ်းအားကို အလျင်အမြန်ပင် လှုံ့ဆော်လိုက်ရ၏။
“ဝုန်း..”
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် ဝူရန်၏ ပုံရိပ်သည် နောက်ထပ် တစ်ကြိမ် လွင့်ထွက်သွားခဲ့သည်။
သူက ပေတစ်ရာခန့် အကွာရှိ မြေပြင်ပေါ်တွင် ဒယိမ်းဒယိုင် ဖြစ်နေခဲ့ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. မင်းက ငါတို့ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ရဲ့ အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းကို ဘယ်လိုလုပ်ပြီး တတ်မြောက်နေရတာလဲ”
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ တပည့်များအပြင် ဟင်းလင်းပြင်ထက်မှ အရှင်ကျွယ်စစ်သည်ပင် မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ယူလိုက်ရသည်။
အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းသည် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၏ ထိပ်တန်းအင်မော်တယ်ဘုရင်အဆင့် ဓားသိုင်း ဖြစ်ပြီး အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ကို တည်ထောင်သူဖြစ်သည့် အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင်ကျွယ်ကျန့် ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှာပင် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို ပြန်ယူခွင့်ရသည့် တပည့်မှာ အနည်းငယ်မျှသာ ရှိ၏။
သူတို့ရှေ့မှ လူငယ်သည် သူတို့ အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၏ မူပိုင်ဓားသိုင်းကို မည်ကဲ့သို့ တတ်မြောက်နေရပါသနည်း။
“ငါတကယ် မထင်ထားမိဘူး.. ဒီကောင်လေးက အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ရဲ့ အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းကို တတ်မြောက်ထားတာပဲ”
သူ့ရှေ့မှ အခြေအနေကို မြင်လိုက်ရလျှင် ကျန်းချန်ကို တိတ်တဆိတ် စောင့်ကြည့်နေသည့် ပိုင်မင်ချွမ်၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်သောအမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
အရှင်ကျွယ်စစ်က ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ရှင်းပြရခက်သော အမူအရာတစ်ခု ယှက်သန်းသွားခဲ့သည်။
“မင်းက အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ရဲ့ တပည့် သက်သက် မဟုတ်ဘူး”
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ တပည့်သက်သက်မဟုတ်သည်မှာ သေချာသလောက်ပင်။
အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းသည် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၏ ထိပ်တန်း အင်မော်တယ်ဘုရင်အဆင့်ဓားသိုင်း ဖြစ်ပြီး ပြင်ပသို့ ပျံ့နှံ့သွားရန်မှာ လုံးဝမဖြစ်နိုင်ပေ။
သူတို့ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် အပြင် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသည့် သူတို့၏ ဂိုဏ်းတည်ထောင်သူအရှင်ကျွယ်ကျန့် တစ်ဦးတည်းသာလျှင် ဤဓားသိုင်းကို ဖြန့်ဝေ သင်ကြားပေးနိုင်စွမ်း ရှိသည်။
သို့ဆိုလျှင် သူတို့ရှေ့မှ လူငယ်သည် သူတို့ အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်ကို တည်ထောင်သူ ဖြစ်သည့် အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေနိုင်သည် မဟုတ်ပါလော။
ထိုသို့တွေးမိသည်နှင့် အရှင်ကျွယ်စစ်သည် အတော်လေး စိတ်လှုပ်ရှားလာခဲ့သည်။
ဂိုဏ်းတည်ထောင်သူ အရှင်ကျွယ်စစ်နှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် တို့သည် တစ်ဦးအတွက် တစ်ဦး အသက်ပေးဝံ့သည့် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် အန္တရာယ်ကြုံတွေ့ခဲ့ရပြီးနောက်တွင် အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင်သည် ထိုကိစ္စကို စုံစမ်းရန်အတွက် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကနေ ထွက်ခွာသွားခဲ့သည်။
ဤသို့ဖြင့် အရှင်ကျွယ်ကျန့်သည် အင်မော်တယ်လောကကနေ နှစ်ပေါင်းသန်းချီ ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်သတင်းမှ မကြားရတော့ပေ။
ထိုအကြောင်းကြောင့်ပင် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်သည် အကျပ်အတည်း တစ်ခုနှင့် ကြုံတွေ့ခဲ့ရသောအခါ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကဲ့သို့ နတ်ဘုရင်အဆင့် အင်အားစုများထံကနေ အကူအညီတောင်းခံခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ သူ့ရှေ့မှ လူငယ်သာ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို အရှင်ကျွယ်ကျန့်ထံကနေ အမှန်တကယ် သင်ယူခဲ့ခြင်း ဖြစ်လျှင် ထိုလူငယ်သည် အရှင်ကျွယ်ကျန့် မည်သည့်နေရာတွင် ရှိနေသည်ကို သိနိုင်လောက်သည် မဟုတ်ပါလော။
ယင်းမှာ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် အတွက် သံသယဖြစ်ဖွယ်ရာမရှိ ဝမ်းမြောက်စရာကိစ္စ တစ်ခုပင် ဖြစ်သည်။
“ကျွန်တော် ဘယ်သူလဲဆိုတာ အကြီးအကဲ ခန့်မှန်းမိပြီးသား ဖြစ်မှာပါ”
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်တော် ကျိယောင်ကို ခေါ်သွားချင်ပါတယ်.. အကြီးအကဲဘက်က ကန့်ကွက်စရာမရှိဘူး မဟုတ်လား”
အရှင်ကျွယ်စစ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီးမှ လေးနက်စွာ ပြောလိုက်သည်။
“ကျိယောင်က အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်ရဲ့ အဖွဲ့ဝင် မဟုတ်ပါဘူး.. သူ နေမလား သွားမလားဆိုတာ သူ့ဘာသာသူ ဆုံးဖြတ်ရမဲ့ကိစ္စပါ.. သူသာ ဆန္ဒရှိမယ်ဆိုရင် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်ဘက်က ဘာကန့်ကွက်စရာမှ မရှိပါဘူး”
“ကျေးဇူးတင်ပါတယ် အကြီးအကဲ”
ကျန်းချန်က အရှင်ကျွယ်စစ်ကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီးနောက်တွင် ကျိယောင်နှင့်အတူ လှည့်ထွက်လာခဲ့သည်။
ကျန်းချန်တို့နှစ်ဦး ထွက်ခွာသွားသည်ကိုမြင်လျှင် ဝူရန်က ဒေါသတကြီးဖြင့် အရှင်ကျွယ်စစ်ကို ပြောလိုက်သည်။
“ဆရာ ဒီကောင်က အရမ်း မာနထောင်လွှားလွန်းတယ်.. ဘာလို့ ဆရာက..”
“တော်စမ်း”
အရှင်ကျွယ်စစ်က လက်ကာပြလိုက်ပြီး ဝူရန်၏ စကားကို ဖြတ်ပြောကာ ဝူရန်ကို စိုက်ကြည့်လိုက်သည်။
“အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်ရဲ့ တပည့် မဟုတ်ဘဲနဲ့ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို တတ်မြောက်ထားတယ်ဆိုတာက ဘာကို ဆိုလိုတာလဲဆိုတာ မင်းနားလည်တယ် မဟုတ်လား”
ထိုစကားကိုကြားလျှင် ဝူရန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းသည် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ ထိပ်တန်းအင်မော်တယ်ဘုရင်အဆင့်ဓားသိုင်းဖြစ်သည်။
အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်မှ တပည့်များပင်လျှင် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို သင်ယူလိုလျှင် စမ်းသပ်မှုများစွာကို ဖြတ်ကျော်ရလိမ့်မည် ဖြစ်သည်။
ဤကောင်လေး အနေဖြင့် အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းကို ပြင်ပလောကတွင် သင်ယူနိုင်မည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသည့် အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင် ထံမှသာ ဖြစ်နိုင်ပေလိမ့်မည်။
အကယ်၍ ထိုကောင်လေးသာ အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင်၏ တပည့် အမှန်တကယ် ဖြစ်နေခဲ့လျှင် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်တွင် သူ၏ ရာထူးအဆင့်အတန်းသည် အလွန်တရာ မြင့်မားနိုင်ပြီး တလော့အဆင့် အင်မော်တယ်များပင်လျှင် ယဥ်ကျေးပျူငှာစွာ ဆက်ဆံရလိမ့်မည် ဖြစ်သည်။
“ဝူရန် ငါ မင်းကို သတိပေးထားမယ်.. သူ့ကို ထပ်ပြီး သွားမဆွမိစေနဲ့.. မဟုတ်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို မင်းဘာသာမင်း တာဝန်ယူရလိမ့်မယ်”
ဝူရန်ကို အလေးအနက် သတိပေးလိုက်ပြီး အရှင်ကျွယ်စစ်၏ ပုံရိပ်သည် ဝူရန်၏ ရှေ့ကနေ တိုက်ရိုက်ဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က ကျိယောင်ကို သူတည်းခိုသည့် နေရာသို့ ပြန်ခေါ်လာပြီးနောက်တွင် မည်သည့် အကြောင်းအရာမှ မမေးမီ ကျိယောင်၏ ဒဏ်ရာများကို အရင်ကုသပေးခဲ့သည်။
“ကျိယောင် မင်းဘာလို့ အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်မှာ ရောက်နေရတာလဲ.. မင်းရဲ့သခင်မလေးရော”
ကျိယောင်က ဖုံးကွယ်ထားခြင်း မရှိဘဲ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို အလျင်အမြန်ပင် ပြောပြလိုက်သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံပြီးနောက်တွင် လုရှောင်ချင်းသည် ထာဝရရှင်သန်ခြင်းနန်းတော်ကို အင်မော်တယ်လောကဆီ ပြန်ယူဆောင်လာခဲ့ပြီး အကူအညီတောင်းရန် အတွက် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် ဆီသို့ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မိတ်ဆွေရင်း ဖြစ်သည့် အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်က ရှိမနေခဲ့ပေ။
ထို့အပြင် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်သည်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်လိုခြင်း မရှိသည်မှာ သိသာနေခဲ့၏။
ထို့ကြောင့် လုရှောင်ချင်းက အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်တွင် အချိန်ကြာမြင့်စွာ မနေတော့ဘဲ ကျိယောင်ကိုသာ အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်တွင် ထားရစ်ခဲ့ခြင်းဖြစ်သည်။
အကြောင်းရင်းမှာ နတ်ဘုရားနယ်မြေ စကြဝဠာကနေ အင်မော်တယ်လောကသို့ တက်လှမ်းလာလျှင် အကြွင်းမဲ့ဓား အင်မော်တယ်အနီးရှိ နယ်မြေ တစ်ခုခုတွင် မလွဲမသွေ ပေါ်ပေါက်လာလိမ့်မည် ဖြစ်သောကြောင့်ပင်။
အကယ်၍ ကျန်းချန်သာ အင်မော်တယ်လောကသို့ တက်လှမ်းလာခဲ့လျှင် အကြွင်းမဲ့ဓား အင်မော်တယ်နယ်မြေ အနီးသို့ ရောက်ရှိလာမည်ဖြစ်ပြီး တစ်ချိန်ချိန်တွင် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ကို မလွဲမသွေ ရောက်လာလိမ့်မည် ဖြစ်သောကြောင့် သူမက ကျိယောင်ကို အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်တွင် တမင် ထားရစ်ခဲ့ခြင်းသာ။
သို့ရာတွင် ကျိယောင်က အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ အဖွဲ့ဝင် မဟုတ်ဘဲ အပြင်လူ တစ်ဦး ဖြစ်နေ၍ ကျိယောင်၏ အခြေအနေက အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်တွင် သိပ်မကောင်းပေ။
သူက အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်မှ တပည့်များ၏ အနိုင်ကျင့်ခြင်းကို မကြာခဏပင် ခံခဲ့ရ၏။
သို့သော်လည်း လုရှောင်ချင်း မှာကြားခဲ့သော တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် အတွက် ကျိယောင်သည် ဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။
ကျန်းချန်အနေဖြင့် အင်မော်တယ်လောကသို့ တက်လှမ်းလာရန် အတွက် အချိန်အတော်ကြာ ယူရလိမ့်မည်ဟု ကျိယောင် မူလက ထင်မှတ်ထားခဲ့သည်။
အကယ်၍ ကျန်းချန်က အင်မော်တယ်လောကသို့ တက်လှမ်းလာနိုင်ခဲ့လျှင်ပင် ကျယ်ပြောလှသော အင်မော်တယ်လောကထဲတွင် အကြွင်းမဲ့ဓား အင်မော်တယ်နယ်မြေမှ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်သို့ ရောက်လာရန်မှာ ပို၍ပင် ခက်ခဲလိမ့်မည်ဟု သူ ယူဆခဲ့၏။
သို့သော်လည်း လုရှောင်ချင်း ထွက်ခွာသွားပြီး ဆယ်နှစ်ကျော်အကြာမှာပင် ကျန်းချန်က အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်တွင် ပေါ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
အခန်း(၂၈၁၁)ပြီး၏။
အခန်း(၂၈၁၂)
ကျန်းချန်သည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ ရုတ်တရက် ရောက်ရှိလာသည်မှာ အံ့ဩစရာအကောင်းဆုံး မဟုတ်သေးပေ။
ကျိယောင်ကို အံ့အားအသင့်စေဆုံးအရာမှာ ကျန်းချန် အစောပိုင်းက ပြသခဲ့သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်ပင် ဖြစ်သည်။
ဝူရန်သည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ အကြီးအကဲ၏ တိုက်ရိုက်တပည့် ဖြစ်ပြီး အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ နာမည်ကျော် တပည့်ရင်းဆယ်ဦး ထဲမှ တစ်ဦးလည်း ဖြစ်သည်။
သူသိထားသလောက်ဆိုလျှင် ဝူရန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေသည့်အပြင် တိုက်ခိုက်ရေးစွမ်းရည်သည်လည်း အလွန်ကြောက်မက်ဖွယ်ရာ ကောင်းပြီး သာမန် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်။
ထိုကဲ့သို့ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ ထိပ်တန်းပါရမီရှင်သည်ပင် ကျန်းချန်ကို ခုခံနိုင်စွမ်း မရှိခဲ့ချေ။
ဆိုလိုသည်မှာ ကျန်းချန်၏ လက်ရှိစွမ်းရည်သည် ဝူရန်ထက်များစွာ သာလွန်နေခြင်းပင်။
ဆယ်နှစ်ကျော်ကာလ အတွင်းမှာပင် ကျန်းချန်သည် အဆင့်နိမ့်စကြဝဠာကနေ အင်မော်တယ်လောကသို့ တက်လှမ်းလာနိုင်ခဲ့ရုံမက အကြွင်းမဲ့ ဓားအင်မော်တယ်နန်းတော်၏ ထိပ်တန်းတပည့်ရင်း ဆယ်ဦးထက် မနိမ့်ကျသော စွမ်းရည်ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။
ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။
သိထားရမည့်အချက်မှာ အဆင့်နိမ့်စကြဝဠာက တက်လှမ်းလာသူ တစ်ယောက်သည် အင်မော်တယ်လောကသို့ ရောက်ခါစတွင် အတုအယောင်အင်မော်တယ် အဆင့်တွင်သာ ရှိသောအချက်ပင်။
အတုအယောင် အင်မော်တယ် အဆင့်ကနေ ပကတိအင်မော်တယ်အဆင့်၊ ထိုမှတစ်ဆင့် ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
အင်မော်တယ်လောကမှ ပါရမီရှင် အများအပြား ပင်လျှင် နှစ်ပေါင်း ထောင်နှင့်ချီ၍ အချိန်မပေးဘဲ ထိုကဲ့သို့ တိုတောင်းသော အချိန်အတွင်း ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိလိမ့်မည် မဟုတ်ပေ။
သူက ကျိလင်အင်မော်တယ်သားရဲ၏ သွေးမျိုးဆက် ဖြစ်သည့် အတွက် ကျိလင်မျိုးနွယ်စုတွင် ရှားပါးသော ပါရမီရှင်တစ်ဦး အဖြစ် သတ်မှတ်ခံရသည်။
သို့သော်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် ဆယ်နှစ်ကျော်ကြာ ကျင့်ကြံခဲ့သည့်တိုင် ပကတိအင်မော်တယ် အဆင့်သို့သာ ထိုးဖောက်နိုင်ခဲ့၏။
တစ်ဖက်မှ ကျန်းချန်ကမူ အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်မှ ထိပ်တန်းပါရမီရှင်များထက် မနိမ့်ကျသော စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ချေပြီ။
“သခင်လေးကျန်းချန်က တကယ့်ကို မွန်းစတားတစ်ကောင်ပဲ”
ကျိယောင်က ကျန်းချန်၏ အံ့အားသင့်စရာကောင်းသော တိုးတက်မှု အရှိန်အဟုန်ကို အံ့အားသင့်နေစဥ်မှာပင် ကျန်းချန်၏ စကားသံက နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
“ရှောင်ချင်းက အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကနေ ထွက်သွားပြီးနောက်မှာ ဘယ်ကိုသွားလိုက်တာလဲ”
ကျိယောင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ အလေးအနက် ပြောလိုက်သည်။
“သခင်မလေးက ထာဝရရှင်သန်ခြင်းနန်းတော်ရဲ့ မူလတည်နေရာ ဖြစ်တဲ့ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေကို သွားလိမ့်မယ် ထင်တယ်”
“ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေလား”
ရင်းနှီးနေသည့် အမည်ကို ကြားလိုက်ရလျှင် ကျန်းချန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည်လည်း ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေတွင် တည်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လင်းရှီယောင် သူ့ကို ပြောပြခဲ့သည့် တလော့အဆင့် အင်အားစုဖြစ်သော ပိယွင်အင်မော်တယ်နန်းတော်သည်လည်း ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေတွင် တည်ရှိပုံရသည်။
“အင်မော်တယ်လောကမှာ ကောင်းကင်နယ်မြေ ဆိုတာက အင်မော်တယ်နယ်မြေတွေထက် ပိုပြီး အစွမ်းထက်တဲ့ နယ်မြေပဲ.. အင်မော်တယ်လောကထဲမှာ အင်မော်တယ်နယ်မြေတွေ မရေမတွက်နိုင်အောင် များပြားပေမဲ့ အင်မော်တယ်ကောင်းကင်နယ်မြေကတော့ စုစုပေါင်း ငါးခုပဲ ရှိတယ်.. ဒီအင်မော်တယ်ကောင်းကင်နယ်မြေ ငါးခုက အင်မော်တယ်လောက တစ်ခုလုံးရဲ့ ဗဟိုချက်ဖြစ်ပြီး သူတို့ရဲ့စွမ်းရည်က မှန်းဆလို့ မရလောက်အောင် နက်ရှိုင်းတယ်"
"အင်မော်တယ်ကောင်းကင်နယ်မြေငါးခုမှာ တလော့အဆင့်၊ ထိုက်ယီအဆင့်၊ ဟန်ယွင်အဆင့် ကျင့်ကြံသူတွေတင် မကဘဲ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတွေတောင် ရှိကြတယ်.. အရေးကြီးဆုံးအချက်ကတော့ အင်မော်တယ်ဧကရာဇ် ပေါ်ထွက်ခဲ့ဖူးတဲ့ နယ်မြေကိုပဲ အင်မော်တယ်ကောင်းကင်နယ်မြေလို့ ခေါ်ဆိုနိုင်တယ်”
ထိုအခိုက်အတန့်တွင် ကျိယောင်က ကျန်းချန်ကို သူ သိထားသမျှ အချက်အလက်များအား ရှင်းပြလိုက်သည်။
ကျိယောင်၏ စကားများကို ကြားလျှင် ကျန်းချန်၏ စိတ်နှလုံးက အနည်းငယ် တုန်ယင်သွားခဲ့သည်။
ခရမ်းရောင်မီးလျှံကောင်းကင်နယ်မြေသည် နတ်ဘုရားနယ်မြေစကြဝဠာ၏ နတ်ကုန်းမြေတိုက်ကြီးနှင့် ဆင်တူပြီး အင်မော်တယ်လောက တစ်ခုလုံး၏ ဗဟိုချက်ပင် ဖြစ်သည်။
အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေနှင့် မြောက်ပိုင်းအေးစက်သောနယ်မြေ တို့ကမူ မဟာမြေရိုင်းနယ်မြေ ကဲ့သို့ ဝေးလံသော နေရာတွင် ရှိသည့် နယ်မြေများနှင့် ဆင်တူသည်။
သူ၏ လက်ရှိ စွမ်းရည်ဖြင့် ဆိုလျှင် အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေမျိုးမှာပင် တစ်ကိုယ်တော် သွားလာရန် မလွယ်ကူသေးရာ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသို့ သွားရန်မှာ ပို၍ပင် အလှမ်းဝေးနေခဲ့၏။
“သခင်လေးကျန်းချန်.. သခင်မလေး ထွက်မသွားခင်က ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ ဆီကို တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းနိုင်တဲ့ အဆောင်လက်ဖွဲ့ တစ်ခုကို ထားရှိခဲ့တယ်”
စကားဆုံးသည်နှင့် ကျိယောင်က လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဆန်းကြယ်သော ဟင်းလင်းပြင် စွမ်းအင်လှိုင်းများနှင့် အင်မော်တယ် အလင်းများ စီးဆင်းနေသည့် ရွှေရောင်အဆောင်လက်ဖွဲ့ စာရွက်တစ်ခုသည် ကျိယောင်၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။
သူက ထိုအဆောင်လက်ဖွဲ့ကို ကျန်းချန်ထံ ကမ်းပေးလိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“သခင်မလေးက တည်နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို ဘယ်အချိန်မှာ အသုံးပြုမလဲ ဆိုတာ သခင်လေး ဘာသာ ဆုံးဖြတ်ဖို့ မှာခဲ့တယ်.. ဒါပေမဲ့ တလော့အဆင့်ကို မရောက်မချင်း သူ့ဆီကို လွယ်လွယ်နဲ့ မလာဖို့လည်း မှာသွားတယ်”
တည်နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို ယူလိုက်စဥ် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ရရှိထားသော လုရှောင်ချင်းသည် ယခင်က ကဲ့သို့ ရိုးသားဖြူစင်သည့် ကလေးမလေး မဟုတ်တော့ဘဲ အရာအားလုံးကို အသေးစိတ် စီစဥ်ထားခဲ့ပုံ ရသည်။
သို့သော်လည်း ယခုအခါတွင် ခရမ်းရောင်မီးလျှံကောင်းကင်နယ်မြေသို့ သွားနိုင်မည့် နည်းလမ်းကို ရရှိထားပြီ ဖြစ်ရာ ကျန်းချန်သည် တလော့အဆင့် အထိ ကျင့်ကြံပြီးမှ သွားရန် လုံးဝ အစီအစဥ်မရှိခဲ့ပေ။
လက်ရှိအချိန်တွင် သူက ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သာ ရှိနေသေး၍ တလော့အဆင့်ကို ရောက်ရှိရန်မှာ အတော်လေး အလှမ်း ဝေးလွန်းနေသေးသည်။
အကယ်၍ ကြီးမားသော အခွင့်အလမ်းများသာ မရှိလျှင် ကျန်းချန် အနေဖြင့် တလော့အဆင့်ကို ရောက်ရန်မှာ အချိန်များစွာ ယူရလိမ့်မည် ဖြစ်၏။
ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသည် အင်မော်တယ်လောကရှိ အင်မော်တယ်ကောင်းကင်နယ်မြေ ငါးခုထဲမှ တစ်ခုဖြစ်သည်။
၎င်းက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထက်များစွာ ပို၍ အန္တရာယ်များသော်လည်း ကြီးကျယ်သော အခွင့်အလမ်းများကို ထိုနေရာတွင် ပို၍ လွယ်ကူစွာ ရရှိနိုင်သည်ဟုလည်း အဓိပ္ပာယ်ရ၏။
ဆိုရလျှင် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသို့ သွားမှသာ သူက တလော့အဆင့်ကို ပို၍ လျင်မြန်စွာ ထိုးဖောက်နိုင်မည် ဖြစ်သည်။
သို့ရာတွင် ကျန်းချန်သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ ဆီသို့ ယခုချက်ချင်းသွားရန် အစီအစဥ်မရှိသေးပေ။
အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ ကမ္ဘာဦးအင်မော်တယ် ရေကန်သည် ရှားပါးသော အခွင့်အလမ်းတစ်ခု ဖြစ်ရာ သူ့အနေဖြင့် ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်၍ ထိုအခွင့်အရေးကို လွယ်လွယ်နှင့် လက်လွတ်မခံလိုခဲ့ပေ။
ကမ္ဘာဦးအင်မော်တယ်ရေကန် ကိစ္စပြီးဆုံးမှသာ လုရှောင်ချင်းထားရစ်ခဲ့သော တည်နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို အသုံးပြု၍ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသို့ တိုက်ရိုက် သွားရောက်ရန် ရည်ရွယ်ထားခဲ့သည်။
နောက်ထပ် ရက်အနည်းငယ်အတွင်း ကျန်းချန်သည် အပြင်သို့ ထပ်မထွက်တော့ဘဲ ကမ္ဘာဦးအင်မော်တယ် ရေကန် ဖွင့်လှစ်မည့်အချိန်ကို အခန်းထဲတွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
ယနေ့တွင် အမြဲတစေ တည်ငြိမ် အေးဆေးနေခဲ့သော အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် ကမ္ဘာဦးကာလမှ လာသည့် အလား ထူးဆန်းသော အရှိန်အဝါတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ လူတိုင်းနီးပါးသည် ထိုအရှိန်အဝါကို ခံစားမိခဲ့၏။
ထိုအရှိန်အဝါက လူတိုင်း၏ စိတ်ဝိညာဥ်ကိုပင် သက်ရောက်သွားခဲ့ပြီး အဆင့်ထိုးဖောက်ရန် နီးစပ်နေသူ တချို့သည် ထိုအရှိန်အဝါ၏ သက်ရောက်မှုကြောင့် အဆင့်တက်ရန် အခက်အခဲများပင် ပြေလျော့သွားသလို ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် အခန်းထဲ၌ မျက်လုံးမှိတ်၍ တင်ပျဥ်ခွေကာ ကျင့်ကြံနေသော ကျန်းချန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ ထက်ရှသော အကြည့်က အရာအားလုံးကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့ပြီး အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၏ အနက်ရှိုင်းဆုံး နေရာကနေ ထွက်ပေါ်လာသည့် အရှိန်အဝါ ရှိရာသို့ လှမ်းကြည့်လိုက်သည်။
“နောက်ဆုံးတော့ ကမ္ဘာဦးအင်မော်တယ်ရေကန် ဖွင့်လှစ်သွားပြီ ထင်တယ်”
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ အနက်ရှိုင်းဆုံး နေရာမှ ပေါက်ကွဲထွက်လာသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကမ္ဘာဦးအင်မော်တယ် ရေကန်သည် ကမ္ဘာဦးကာလမှစ၍ ဖြစ်တည်လာခဲ့၍ သဘာဝရေကန်တစ်ခု ဖြစ်သည်။
ထိုရေကန်အတွင်းရှိ ရေများတွင် မယုံကြည်နိုင်လောက်သော စွမ်းအင်များ ပါဝင်နေခဲ့ပြီး အင်မော်တယ် ခန္ဓာကိုယ်ကို ဆေးကြော သန့်စင်ပေးနိုင်ကာ စွမ်းအင်များကို အရှိန်အဟုန်ဖြင့် တိုးတက်စေနိုင်၏။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ ပါရမီရှင်တပည့် တစ်ဦးသည် ကမ္ဘာဦးအင်မော်တယ် ရေကန် ထဲသို့ ဝင်ရောက်ပြီး ရက်အနည်းငယ် အတွင်းမှာပင် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်ကနေ ရွှေအင်မော်တယ် အဆင့် အထိ တစ်ထိုင်တည်း ထိုးဖောက်နိုင်ခဲ့ပြီး ရွှေအင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထိုအကြောင်းကြောင့်ပင် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်မှ ထိပ်တန်း ပါရမီရှင်အားလုံးသည် ကမ္ဘာဦးအင်မော်တယ် ရေကန်၏ ဆေးကြောသန့်စင်မှုကို အလိုရှိနေကြခြင်းဖြစ်သည်။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် အနေဖြင့် အကြွင်းမဲ့ဓား အင်မော်တယ်နယ်မြေကို နှစ်သန်းပေါင်းများစွာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အဓိကအကြောင်းရင်း တစ်ချက်မှာ ကမ္ဘာဦးအင်မော်တယ် ရေကန်ကြောင့်ပင် ဖြစ်သည်။
ကမ္ဘာဦးအင်မော်တယ် ရေကန်ကို အလွန်အကျွံ အသုံးမပြုမိစေရန်နှင့် အာနိသင်များ ဆုံးရှုံးမသွားစေရန် အတွက် အကြွင်းမဲ့ ဓားအင်မော်တယ် နန်းတော်သည် ကမ္ဘာဦးအင်မော်တယ်ရေကန် အသုံးပြုမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားခဲ့၏။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို တည်ထောင်သူ ဖြစ်သည့် အင်မော်တယ်ဘုရင် ကျွယ်ကျန့် ကိုယ်တိုင်က ကမ္ဘာဦးအင်မော်တယ် ရေကန်တွင် အင်မော်တယ်ဘုရင် အဆင့် အတားအဆီး အစီအရင်ကို ခင်းကျင်းထားခဲ့သည်။
ထို့ကြောင့် ကမ္ဘာဦးအင်မော်တယ် ရေကန်၏ အစီအရင် အတားအဆီးသည် နှစ်ပေါင်းသုံးထောင်တွင် တစ်ကြိမ်သာ ပွင့်လိမ့်မည် ဖြစ်သည်။
ယခုအခါတွင် နှစ်ပေါင်းသုံးထောင်တွင် တစ်ကြိမ်သာ ပွင့်လေ့ရှိသော ကမ္ဘာဦးအင်မော်တယ် ရေကန်သည် ပွင့်လာတော့မည်ဖြစ်သည်။
“ကျန်းချန်.. ကမ္ဘာဦးအင်မော်တယ်ရေကန်က ပွင့်သွားပြီ.. ငါတို့ အဲဒီကို သွားဖို့ အချိန်တန်ပြီ”
ထိုအခိုက်အတန့်တွင် ပိုင်မင်ချွမ်၏ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် တိုက်ရိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ထပ်မံ၍ တွေဝေမနေတော့ဘဲ ကျိယောင်ကို အခန်းထဲကနေ ခေါ်ထုတ်လာခဲ့ကာ ရင်ပြင်ရှိ ပိုင်မင်ချွမ်တို့လူစုနှင့် သွားရောက် ပူးပေါင်း၍ ကမ္ဘာဦးအင်မော်တယ်ရေကန်ရှိရာ အရပ် ဆီသို့ အလျင်အမြန် လျှောက်လာခဲ့သည်။
အခန်း(၂၈၁၂)ပြီး၏။