← Chapters

အခန်း (၂၈၁၃-၂၈၁၄)

Vol. 222 Ch. 2813-2814

အခန်း (၂၈၁၃-၂၈၁၄)

Vol. 222 Ch. 2813-2814

အခန်း(၂၈၁၃)

ကမ္ဘာဦးအင်မော်တယ် ရေကန် ဖွင့်လှစ်လိုက်ခြင်းသည် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော် တစ်ခုလုံးကို ချက်ချင်းဆိုသလို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

ကျန်းချန်တို့ လူစုသာမက အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ လူများသည်လည်း ထိုအခိုက်အတန့်တွင် ကမ္ဘာဦးအင်မော်တယ် ရေကန် ရှိရာသို့ ဦးတည်၍ လာခဲ့ကြသည်။

ကမ္ဘာဦးအင်မော်တယ် ရေကန် ဖွင့်လှစ်ခြင်းသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် နှစ်ပေါင်း တစ်ထောင်တွင် တစ်ကြိမ်သာ ဖြစ်ပေါ်လေ့ ရှိပြီး မြင့်မြတ်သော အခိုက်အတန့်ဖြစ်သည်။

အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ အကြီးအကဲများမှ စ၍ သာမန် တပည့်များအထိ အားလုံးသည် ကမ္ဘာဦးအင်မော်တယ်ရေကန် ဖွင့်လှစ်မည့်အချိန်ကို အလွန်ပင် အလေးထားကြသည်။

ကမ္ဘာဦးအင်မော်တယ် ရေကန် ဖွင့်လှစ်သည့် အချိန်တိုင်းတွင် အတွင်းထဲသို့ ဝင်ရောက်ခွင့်ရမည့် နေရာအရေအတွက်သည် အလွန်ပင် ကန့်သတ်ချက်ရှိပြီး အများစုသည် ကမ္ဘာဦးအင်မော်တယ် ရေကန် အတွင်းသို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်မီကြပေ။

သို့သော်လည်း ကမ္ဘာဦးအင်မော်တယ် ရေကန် ဖွင့်လှစ်သည့်အကြိမ်တိုင်းတွင် ‌ရေကန်ထဲမှ အရှိန်အဝါစွမ်းအင် တချို့သည် အပြင်သို့ လျှံထွက်လာတတ်၏။

ဆိုရလျှင် ကမ္ဘာဦးအင်မော်တယ် ရေကန်၏ အပြင်ဘက်တွင် အချိန်အနည်းငယ် ကုန်ဆုံးရုံမျှဖြင့်ပင် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေနိုင်၏။

ကျန်းချန်တို့လူစုသည် လျင်မြန်စွာပင် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၏ အနောက်ဘက်ရှိ တောင်တစ်လုံး၏‌ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။

ထိုတောင်ကို ထူထပ်သော မြူနှင်းများဖြင့် ဝိုင်းရံထားသဖြင့် အတွင်းပိုင်း အခြေအနေကို မမြင်နိုင်အောင် ဖြစ်နေခဲ့သည်။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အရှိန်အဝါ စွမ်းအင်လှိုင်းများသည် ထိုတောင်ထိပ်ကနေ ဖြာထွက်နေခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် ကမ္ဘာဦးအင်မော်တယ် ရေကန်သည် ထိုတောင်ထိပ်ပေါ်တွင် တည်ရှိနေသည်မှာ ထင်ရှားနေခဲ့၏။

ဤအခိုက်အတန့်တွင် တောင်ခြေ၌ ပုံရိပ်များစွာသည် တဖြည်းဖြည်း ပို၍ စုဝေးလာခဲ့ကြပြီး ၎င်းတို့ထဲမှာ အများစုသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

ကျန်းချန်တို့ လူစုအပြင် အခြားသော လူစု တစ်စုသည်လည်း ထိုအထဲတွင် အထူးတလှယ် ထင်ရှား ပေါ်လွင်နေခဲ့သည်။

ထိုလူစုထဲတွင် ခေါင်းဆောင်ဖြစ်သူမှာ အဖြူရောင်နန်းဝတ်နန်းစားကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

ထိုအမျိုးသမီး၏ ကိုယ်ပေါ်မှ အရှိန်အဝါက အလွန်ပင် ဆန်းကြယ်ပြီး သူမသည် အနည်းဆုံး တလော့အဆင့်အင်မော်တယ်တစ်ပါး ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

အမျိုးသမီး၏ နောက်တွင် လူငယ်ပါရမီရှင် ငါးဦး ရပ်နေခဲ့၏။

ထိုငါးဦးထဲတွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်ပြီး အားလုံးက အဖြူရောင်ဝတ်စုံများကို ဆင်တူ ဝတ်ဆင်ထားကြသည်။

ထူးခြားသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည့် ထိုပါရမီရှင်ငါးဦးသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ ပါရမီရှင်ထက်များ မနိမ့်ကျပေ။

အထူးသဖြင့် ရေခဲကဲ့သို့ အေးစက်သော မျက်နှာထားရှိကာ လှပ‌ချောမောသည့် အမျိုးသမီးတစ်ဦးသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်တန်းပါရမီရှင်စာရင်းတွင် ထိပ်ဆုံးနေရာတွင် ရှိနေသည့် မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော်မှ နံပါတ်တစ် ပါရမီရှင် ပိုင်မင်ဟွမ် ထက်ပင် အနည်းငယ် သာလွန်နိုင်ဖွယ် ရှိနေခဲ့သည်။

ထိုလူစုက အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် မြူနှင်းအင်မော်တယ်နန်းတော်မှ လူများ ဖြစ်မှန်း စဥ်းစားနေစရာပင် မလိုဘဲ ကျန်းချန် ချက်ချင်းဆိုသလို သိလိုက်သည်။

“ဟူး.. ဟူး..”

ကျန်းချန်က မြူနှင်းအင်မော်တယ်နန်းတော်မှ လူအုပ်စုကိုကြည့်နေစဥ်မှာပင် ဓားပျံကို စီးနှင်လာကြသည့် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ တပည့်သုံးဦးသည် ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။

ဓားပျံပေါ်မှ တပည့်တစ်ဦးစီသည် ကျန်းချန်နှင့် တွေ့ဆုံခဲ့ဖူးသည့် ထိပ်တန်း တပည့်ရင်း ဆယ်ဦးထဲမှ ဝူရန်ထက်ပင် ပို၍ အစွမ်းထက်ကြပြီး ၎င်းတို့သည် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်သည်မှာ သေချာသလောက်ပင်။

“သခင်လေးကျန်းချန်.. ဒီသုံးယောက်က အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ရဲ့ ထိပ်တန်းတပည့်ရင်း ဆယ်ယောက်ထဲမှာ အစွမ်းအထက်ဆုံးသုံးယောက်ပဲ.. သူတို့ သုံးယောက်လုံးက အနည်းဆုံး ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်ရှိတယ်လို့ သိရတယ်.. နံပါတ်တစ်တပည့် ဖြစ်တဲ့ လန်ကျန့်ရှို့ ဆိုရင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့်ကို ထိုးဖောက်ဖို့ အတော်လေး နီးစပ်နေပြီလို့ ပြောကြတယ်”

ကျိယောင်က ကျန်းချန်၏ အနားသို့ တိုးကပ်ကာ ခပ်တိုးတိုးပြောပြလိုက်သည်။

သူက အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်တွင် ဆယ်နှစ်ကျော် နေထိုင်ခဲ့သည့်အတွက် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ ပါရမီရှင်များ အကြောင်းကို အထိုက်အလျောက် သိရှိထားခဲ့သည်။

“အင်မော်တယ်ဘုရင်အဆင့် အင်အားစုရဲ့ ထိပ်တန်းပါရမီရှင်တွေက တကယ်ကို ထူးခြားတာပဲ”

သူ၏‌‌ရှေ့မှ ထိပ်တန်း ပါရမီရှင်များကို ကြည့်ပြီး ကျန်းချန်က စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ပတ်ဝန်းကျင်တွင် လူတဖြည်းဖြည်း များပြားလာခဲ့ပြီး ၎င်းတို့ထဲတွင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများနှင့် တလော့အဆင့်ကျင့်ကြံသူများပင် ပါဝင်နေခဲ့သည်။

အချိန်မည်မျှ ကြာမြင့်သွားမှန်းပင် မသိလိုက်ရပေ။

အလွန်ကြောက်မက်ဖွယ်ရာကောင်းသော တလော့အဆင့် အရှိန်အဝါ တစ်ခုသည် ကောင်းကင်ယံတွင် ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

ထိုသူမှာ ကျန်းချန်တို့ တွေ့ဆုံခဲ့ဖူးသည့် အရှင်ကျွယ်ချန်းပင် ဖြစ်သည်။

အရှင်ကျွယ်ချန်းသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် သက်တမ်းအရှည်ဆုံး ကျင့်ကြံသူ ဖြစ်ပြီး သူ၏ စွမ်းရည်သည် မှန်းဆ၍ မရလောက်အောင် နက်ရှိုင်း၏။

အရှင်ကျွယ်ချန်း ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်မှ ဆူညံသံများသည် တစ်ခဏအတွင်း တိတ်ဆိတ်သွားခဲ့သည်။

“အားလုံးပဲ နားထောင်ကြပါ.. ငါတို့ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှာ နှစ်ပေါင်းသုံးထောင်မှာ တစ်ကြိမ်သာ ဖွင့်လှစ်တဲ့ ကမ္ဘာဦးအင်မော်တယ်ရေကန်က အခုဆိုရင် ပွင့်သွားခဲ့ပြီ.. ထုံးစံအတိုင်းပဲ.. ကမ္ဘာဦးအင်မော်တယ်ရေကန် ဖွင့်လှစ်တဲ့အချိန်တိုင်းမှာ လူဆယ်ဦးက ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲကို ဝင်ရောက်ပြီး ခန္ဓာကိုယ်ကို ဆေးကြောခွင့် ခံယူနိုင်မှာဖြစ်တယ်.. အခု ဆက်လက် လုပ်ဆောင်ရမှာက ကမ္ဘာဦးအင်မော်တယ်ရေကန်ထဲကို ဝင်ခွင့်ရမဲ့နေရာ အတွက် ယှဥ်ပြိုင်ဖို့ပဲ”

အရှင်ကျွယ်ချန်း၏ ခန့်ညားထည်ဝါသော အသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

ကမ္ဘာဦးအင်မော်တယ် ရေကန် ထဲသို့ ဝင်ရောက်ရန် အတွက် နေရာ ဆယ်နေရာ ရှိ၏။

ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲ ဝင်ခွင့်ရမည့် နေရာအတွက် ယှဥ်ပြိုင်ရန် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် နှင်းမြူအင်မော်တယ် နန်းတော် တို့သည် ပါရမီရှင် ငါးဦးစီ စေလွှတ်နိုင်သည်။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် အတွက်မူ အနည်းဆုံး ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ရှိရမည် ဖြစ်ပြီး အသက်သုံးထောင်အောက် လူငယ်ပါရမီရှင် ဖြစ်လျှင် ပါဝင်ယှဥ်ပြိုင်ခွင့် ရှိသည်။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် အလွန်တရာအင်အား တောင့်တင်း၍ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်နှင့် ထိုအဆင့်၏ အထက်သို့ ရောက်ရှိနေသည့် လူငယ်ပါရမီရှင် သုံးဆယ်ကျော် ရှိသည်။

ဆိုရလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် နှင်းမြူအင်မော်တယ်နန်းတော်တို့ အပါအဝင် ကမ္ဘာဦးအင်မော်တယ်ရေကန် အတွင်းသို့ ဝင်ရောက်နိုင်မည့် နေရာ အတွက် ယှဥ်ပြိုင်မည့်သူ အရေအတွက်မှာ ငါးဆယ်နီးပါးခန့် ရှိသည်။

လူအယောက်ငါးဆယ်ထဲတွင် တစ်ဦးချင်းစီသည် လူသောင်းချီတွင် တစ်ယောက်သာ ရှိနိုင်သည့် ပါရမီရှင်များ ဖြစ်ကြသည်။

ယင်းအတွက်ကြောင့် ကမ္ဘာဦးအင်မော်တယ် ရေကန် အတွင်း နေရာတစ်နေရာ ရရှိရန် ယှဥ်ပြိုင်ရခြင်းသည် လုံးဝ မလွယ်ကူသော အလုပ်တစ်ခု ဖြစ်၏။

ကမ္ဘာဦးအင်မော်တယ် ရေကန်၏ ယှဥ်ပြိုင်မှု အတွက် စည်းမျဥ်းများက အလွန်တရာပင် ရိုးရှင်းသည်။

တောင်ခြေမှနေ၍ တောင်ထိပ်ရှိ ကမ္ဘာဦးအင်မော်တယ် ရေကန်အထိ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကနေ သတ်မှတ်ထားသော အဆင့်များစွာ ရှိသည်။

တောင်ထိပ်ရှိ ကမ္ဘာဦးအင်မော်တယ် ရေကန် ဆီသို့ ပထမဦးဆုံး ရောက်ရှိသည့် လူဆယ်ဦးသည် ကမ္ဘာဦးအင်မော်တယ်ရေကန် ထဲသို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်၏။

“အားလုံးပဲ.. ကမ္ဘာဦးအင်မော်တယ်ရေကန် အတွက် ပြိုင်ပွဲစည်းမျဥ်းတွေကို ငါ ရှင်းပြပေးပြီးပြီ.. ကန့်ကွက်စရာမရှိဘူးဆိုရင် အခုပဲ စလိုက်ကြရအောင်”

အရှင်ကျွယ်ချန်းက ပါရမီရှင် များစွာကို ဝေ့ကြည့်ကာ ပြောလိုက်သည်။

သူ၏ စကားသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

“ဝှစ်..ဝှစ်..ဝှစ်..”

အရှင်ကျွယ်ချန်း၏ စကားသံ အဆုံးသတ်သည်နှင့် ထူးခြားသော အရှိန်အဝါများ ရှိသည့် လူငယ်ပါရမီရှင် အားလုံးသည် တောင်ထဲကို ဝင်ရန် အပြေးအလွှား သွားခဲ့ကြသည်။

ကျန်းချန်၏ နံဘေးရှိ ပိုင်မင်ဟွမ် အပါအဝင် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်မှ ပါရမီရှင်လေးဦး တို့သည်လည်း ချက်ချင်းဆိုသလိုပင် ထွက်ခွာသွားကြသည်။

အစွမ်းထက် လူငယ်ပါရမီရှင်များသည် ဦးစွာ ဝင်ရောက်ခွင့်ရရန် အတွက် သူတို့ ပတ်ဝန်းကျင်မှ လူများကို ဟန့်တားရန် တလော့အဆင့် နည်းစနစ်များကိုပင် အသုံးပြုခဲ့ကြသည်။

လူငယ်ပါရမီရှင်များ ထုတ်ဖော်လိုက်သည့် စွမ်းအားများသည် လေထုထဲတွင် ပေါင်းစည်းသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းတစ်ခုသည် ချက်ချင်းဆိုသလိုပင် ပျံ့နှံ့သွားခဲ့သည်။

အကယ်၍ အရှင်ကျွယ်ချန်းသာ ရှိမနေခဲ့လျှင် ဘေးကနေ ကြည့်နေကြသည့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ တပည့် အများအပြားသည် ထိုအဖျက်စွမ်းအင် မုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် လုံးဝ ပျောက်ကွယ်သွားကြလိမ့်မည်ဖြစ်သည်။

“ဖယ်ကြစမ်း”

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ အေးစက်ပြီး မာနကြီးသော လူငယ်တစ်ဦးသည် သူ၏ အရှိန်အဝါကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူများကို ချက်ချင်းဆိုသလို တုန်လှုပ်သွားစေခဲ့သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဓားအလင်းတန်း တစ်ခုနှယ် ပြောင်းလဲသွားခဲ့ပြီး တောင်ထဲသို့ ပြေးဝင်သွားခဲ့သည်။

“ကောင်းကင်အင်မော်တယ် သတ္တမအဆင့် အရှိန်အဝါပါလား”

တောင်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသော အေးစက်ပြီး မာနကြီးသည့် လူငယ်၏‌ နောက်ကျောကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ဤအေးစက်ပြီး မာနကြီးသော လူငယ်သည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ နံပါတ်တစ် ပါရမီရှင် လုံကျန့်လျှို့ ဖြစ်နိုင်ရန် အလားအလာ အရှိဆုံးပင်။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ အစွမ်းအထက်ဆုံး ပါရမီရှင် ဟူသော ဂုဏ်ပုဒ် အတိုင်းပင် လုံကျန့်လျှို့၏ ပါရမီနှင့် နောက်ခံသည် ကျန်းချန်ထက် များစွာ မနိမ့်ကျပေ။

အကယ်၍ သူတို့သာ အဆင့်တူချင်း ဆိုလျှင် ကျန်းချန်အနေဖြင့် လုံကျန့်လျှို့ကို အနည်းငယ်မျှပင် ကြောက်ရွံ့နေမည် မဟုတ်ပေ။

သူက လုံကျန့်လျှို့နှင့် ရင်ဆိုင်မည် ဆိုလျှင် သူ၏ ဝှက်ဖဲအားလုံးကို အသုံးပြုသည့်တိုင် အနိုင်ရရန် အခွင့်အရေးလုံးဝ ရှိလိမ့်မည် မဟုတ်ဟု စိုးရိမ်မိသည်။

တောင်ထဲသို့ လုံကျန့်လျှို့ ဝင်ရောက်သွားပြီးနောက်တွင် ကျန်ရှိသည့် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် လူငယ်ပါရမီရှင်များသည်လည်း သူတို့၏ ထူးခြားသော စွမ်းအင်များကို ထုတ်ဖော်ကာ လျင်မြန်သော အရှိန်အဟုန်ဖြင့် တောင်ထဲကို ဝင်ရောက်သွားခဲ့ကြသည်။

အခန်း(၂၈၁၃)ပြီး၏။

အခန်း(၂၈၁၄)

ကျန်းချန်က သူ၏‌ရှေ့မှ အခြေအနေကို အကဲခတ်၍ ကြည့်နေခဲ့သည်။

သူက အလောတကြီးသွားရန် စိတ်မကူးခဲ့ပေ။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ကမ္ဘာဦးအင်မော်တယ်ရေကန်ဆီသို့ သွားရန် ကျော်ဖြတ်ရမည့် အဆင့်များသည် ထိုမျှလောက် လွယ်ကူလိမ့်မည် မဟုတ်ပေ။

ဆိုရလျှင် ခဏတဖြုတ် အရင်ဦးအောင်ဝင်ထားနိုင်ရုံမျှဖြင့် ဘာမှ ထူးခြားသွားလိမ့်မည်မဟုတ်ချေ။

လူငယ်ပါရမီရှင် အားလုံး တောင်ထဲသို့ ဝင်ရောက်သွားပြီးနောက်မှသာ သူက တောင်ထဲသို့ အေးအေးဆေးဆေး ဝင်ရောက်ခဲ့သည်။

တောင်၏ ဝင်ပေါက်ကို ဖြတ်သန်းလိုက်ချိန်တွင် ရင်ပြင်တစ်ခုလို ဖြတ်သန်းသွားရသလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းခါသွားခဲ့ပြီး အေးစိမ့်သော အထိတွေ့ တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် တောင်ထိပ်သို့ ဦးတည်နေသည့် လှေကားထစ် တစ်ခုပေါ်သို့ ရောက်ရှိနေကြောင်း သတိပြုမိလိုက်သည်။

ဤလှေကားထစ် တစ်ခုလုံးသည် မဲနက်နေပြီး မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရပေ။

လှေကားထစ် တစ်ခုချင်းစီသည် ပေတစ်ရာခန့် မြင့်မား၏။

လက်ရှိတွင် ကျန်းချန်သည် ပထမ လှေကားထစ်တွင် ရှိနေခဲ့ပြီး ပတ်ဝန်းကျင်တွင် အခြားသော လူငယ်ပါရမီရှင်များ ရှိမနေခဲ့ပေ။

သူ့ထက် အရင်ဝင်ရောက်သွားသည့် လူငယ်ပါရမီရှင်များသည် ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်နေခဲ့သည်။

ကမ္ဘာဦးအင်မော်တယ် ရေကန် ဆီသို့ ဦးတည်နေသည့် လှေကားထစ်များသည် အလွန်ပင် ထူးခြား၏။

ဤနေရာသို့ ဝင်ရောက်လာသည့် လူငယ်ပါရမီရှင်တိုင်းသည် လက်ရှိအချိန်တွင် သီးခြားစီ ဖြစ်နေသော နေရာလွတ်ထဲတွင် ရှိနေကြခြင်း ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ကျန်းချန်က သူ၏ရှေ့မှ ဆန်းကြယ်သော လှေကားထစ်များကို ကြည့်နေစဥ်မှာပင် ဟင်းလင်းပြင်ထဲကနေ အနက်ရောင်အလင်းတန်းတစ်ခု ကျဆင်းလာခဲ့ပြီး ကျန်းချန်ကို ချက်ချင်းဆိုသလို ဝန်းရံလိုက်သည်။

အနက်ရောင် အလင်းတန်းများက တစ်ခုပြီး တစ်ခု ပို၍ ထူထပ်လာခဲ့ပြီး အဆုံးသတ်တွင် လေတိုး၍ပင် မရနိုင်အောင် ပိတ်လှောင်ထားသည့် ဟင်းလင်းပြင် အကျဥ်းထောင်တစ်ခုအဖြစ် ပုံပေါ်လာခဲ့ကာ ကျန်းချန်ကို ပိတ်လှောင်လိုက်၏။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ပြီး ထျန်းယွမ်အင်မော်တယ်ဓားကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ အနက်ရောင် ဟင်းလင်းပြင် နံရံကို ခုတ်ပိုင်းလိုက်သည်။

“ထန်း..”

ဓားချင်းထိခတ်သံ ကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင် ဟင်းလင်းပြင်နံရံသည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျန်းချန်သည် သူ၏ ဓားချက်က အနက်ရောင်ဟင်းလင်းပြင်နံရံ ပေါ်တွင် ဓားရာ တစ်ခုမျှသာ ထင်ကျန်ရစ်ခဲ့သည်ကို တအံ့တဩ တွေ့ရှိလိုက်ရသည်။

“ဒီဟင်းလင်းပြင်နံရံက အတော်လေး ခိုင်မာတာပဲ”

ကျန်းချန်က စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင် ဖြစ်သွားခဲ့သည်။

ယခုလေးတင် သူခုတ်ပိုင်းလိုက်သော ဓားချက်တွင် သူ၏ စွမ်းအားကို အကုန်အစင် မထုတ်သုံးထားသော်လည်း အနည်းဆုံး အင်အား ခုနစ်ပုံခန့်ကို အသုံးပြုထားခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဓားချက်မျိုးကို သာမန် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူပင်လျှင် အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဟင်းလင်းပြင်နံရံ ပေါ်သို့ ကျရောက်သွားချိန်တွင်မူ ဓားရာတစ်ခုမျှသာ ထင်ကျန်ရစ်ခဲ့၏။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် ကမ္ဘာဦးအင်မော်တယ်ရေကန်အတွက် ယှဥ်ပြိုင်မှုတွင် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် သတ်မှတ်ချက်ကို အဘယ်ကြောင့် ထားရှိခဲ့မှန်း ကျန်းချန် ယခုမှပင် နားလည်သွားခဲ့သည်။

ဆိုရလျှင် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်အောက်ရှိ လူငယ်ပါရမီရှင် အများစုသည် ပထမအဆင့် လှေကားထစ်ကိုပင် ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်လောက်ပေ။

“လူသားအဖြစ်ပြောင်းလဲစေသောဓားချက်”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီးနောက်တွင် သူ၏ စွမ်းအားများကို ထိန်ချန် မထားတော့ဘဲ အပြာရောင်ဧကရာဇ် ဓားသိုင်းကို တိုက်ရိုက်ပင် အသုံးပြုကာ အနက်ရောင် ဟင်းလင်းပြင်နံရံကို ခုတ်ပိုင်းလိုက်သည်။

သူ၏ ဓားချက်က အနက်ရောင် ဟင်းလင်းပြင်နံရံ ပေါ်သို့ အသံတိတ် ကျရောက်သွားခဲ့သည်။

ထိုခဏတွင် အနက်ရောင် ဟင်းလင်းပြင်နံရံသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ မှေးမှိန်သွားခဲ့ပြီး အဆုံးသတ်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ဟင်းလင်းပြင်နံရံ ပျောက်ကွယ်သွားပြီးနောက်တွင် တောင်ထိပ်သို့ ဦးတည်နေသည့် လှေကားထစ်များသည် ကျန်းချန်၏ ရှေ့တွင် တစ်ဖန် ပြန်ပေါ်လာခဲ့သည်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ဒုတိယလှေကားထစ် ဆီသို့ အလျင်အမြန် တက်လှမ်းလိုက်၏။

“ဟူး..ဟူး”

ဒုတိယလှေကားထစ် ဆီသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ထဲမှ လေတိုးသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး အနက်ရောင် အလင်းတန်းများသည် မိုးသီးမိုးပေါက်များ ကဲ့သို့ ကျဆင်းလာခဲ့ကာ အနက်‌ရောင်ဟင်းလင်းပြင် အကျဥ်းထောင်တစ်ခု အဖြစ် လျင်မြန်စွာ စုစည်းသွားခဲ့ပြီး ကျန်းချန်ကို တစ်ဖန် ဝန်းရံ ပိတ်ဆို့လိုက်သည်။

ဤ အနက်‌ရောင်ဟင်းလင်းပြင် အကျဥ်းထောင်၏ ဟင်းလင်းပြင်နံရံသည် ယခင်တစ်ခုထက် ပို၍ ထူထပ်ပုံရ၏။

“ကမ္ဘာဦးအင်မော်တယ်ရေကန်ဆီ ဦးတည်နေတဲ့ လှေကားထစ်တွေရဲ့ အဆင့်တိုင်းမှာ ဒီလို ဟင်းလင်းပြင် အကျဥ်းထောင်တွေ ရှိနေတာလား”

သူ့ရှေ့မှ အခြေအနေကို မြင်လျှင် ကျန်းချန် ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။

ကမ္ဘာဦးအင်မော်တယ် ရေကန် ဆီသို့ ဦးတည်နေသည့် လှေကားထစ်များသည် အနည်းဆုံး ဒါဇင်ပေါင်းများစွာ ရှိလောက်သည်။

အကယ်၍ အဆင့်တိုင်းတွင် ရင်ဆိုင်ရမည့် ဟင်းလင်းပြင်အကျဥ်းထောင်များသည် ယခင်တစ်ခုထက် ပို၍ အစွမ်းထက်နေမည် ဆိုလျှင် ကမ္ဘာဦးအင်မော်တယ်ရေကန် ဆီသို့ ချောချောမွေ့မွေ့ ရောက်ရှိရန်မှာ လွယ်ကူတော့မည် မဟုတ်ပေ။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မစဥ်းစားတော့ဘဲ အပြာရောင် ဧကရာဇ်ဓားသိုင်းမှ ပထမဓားကွက် ဖြစ်သည့် လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်ကို ထပ်မံ အသုံးပြုလိုက်သည်။

ဒုတိယလှေကားထစ်ရှိ အနက်ရောင်ဟင်းလင်းပြင်နံရံသည်လည်း ကျန်းချန်၏ ဓားချက်ကို ခံနိုင်ရည် မရှိခဲ့ပေ။

မကြာမီမှာပင် ကျန်းချန်၏ ပတ်ဝန်းကျင်ကနေ ပျောက်ကွယ်သွားခဲ့၏။

ကျန်းချန်က အချိန်ဖြုန်းမနေဘဲ တတိယလှေကားထစ် ဆီသို့ တက်လှမ်းသွားခဲ့သည်။

တတိယလှေကားထစ်တွင်လည်း ဟင်းလင်းပြင် အကျဥ်းထောင်သည် ကျန်းချန်၏ ပတ်ဝန်းကျင်တွင် လျင်မြန်စွာ စုစည်းလာခဲ့ရာ ကျန်းချန်က ထျန်းယွမ်အင်မော်တယ်ဓားကို ဝှေ့ယမ်း၍ ခုတ်ပိုင်းချလိုက်သည်။

ဟင်းလင်းပြင်နံရံများကို ဖြိုခွင်းရာတွင် ကျန်းချန်အတွက် မည်သည့် အခက်အခဲမှ မရှိသလောက်ပင်။

မကြာမီမှာပင် ကျန်းချန်သည် လှေကားထစ်များကို ဆက်တိုက်ဆိုသလို တက်လှမ်းလာခဲ့ပြီး ဆဋ္ဌမ လှေကားထစ်ဆီသို့ ရောက်ရှိသွားခဲ့သည်။

ဤတစ်ကြိမ်တွင် ကျန်းချန်သည် လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို အစွမ်းကုန် ထုတ်ဖော်ခဲ့သော်လည်း ဟင်းလင်းပြင်နံရံကို ဖျက်ဆီးနိုင်ခြင်း မရှိဘဲ အနည်းငယ် မှေးမှိန်သွားအောင်သာ လုပ်ဆောင်နိုင်ခဲ့သည်။

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး နောက်ထပ်ဓားချက်တစ်ချက်ကို ထပ်မံ ထုတ်ဖော်လိုက်သောအခါမှသာ အဆုံးသတ်တွင် ဟင်းလင်းပြင်နံရံသည် လုံးဝ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့သည်။

ယင်းနောက်တွင် ကျန်းချန်သည် လှေကားထစ် သုံးထစ်ကို ဆက်တိုက်ဆိုသလို ထပ်မံဖြတ်ကျော်ခဲ့သည်။

တတိယ လှေကားထစ်ကို ရောက်ရှိချိန်တွင်မူ ကျန်းချန်သည် လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို သုံး၊ လေးကြိမ်ဆက်တိုက် အသုံးပြုမှသာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်နံရံကို ဖြိုခွဲနိုင်ခဲ့သည်။

လှေကားထစ် အဆင့်ဆင့်ကို ဖြတ်ကျော်လာပြီးနောက်တွင် ကျန်းချန်သည် လှေကားထစ်များပေါ်ရှိ ဟင်းလင်းပြင် အကျဥ်းထောင်နှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိ နားလည်သွားခဲ့၏။

စင်စစ် ဤဟင်းလင်းပြင် အကျဥ်းထောင်များသည် ယှဥ်ပြိုင်သူများကို ပိတ်လှောင်ထားနိုင်ရန် အတွက် မဟုတ်ပေ။

ဥပမာပြောရလျှင် ကျင့်ကြံသူ တစ်ယောက်သည် ဟင်းလင်းပြင်နံရံကို တိုက်ခိုက်နေသရွေ့ နံရံပေါ်ရှိ စွမ်းအားများကို ဆက်တိုက်ဆိုသလို ကုန်ခမ်းစေနိုင်ပြီး ဟင်းလင်းပြင်အကျဥ်းထောင်ကို တဖြည်းဖြည်း ချေမှုန်းနိုင်လိမ့်မည်ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဟင်းလင်းပြင် အကျဥ်းထောင်များသည် ဂိမ်းကစား သကဲ့သို့ပင် ကျန်းမာရေးအမှတ်များ ရှိနေခြင်းပင်။

၎င်းကို တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်းတွင် အမှတ်တချို့က ကုန်ဆုံးသွားမည် ဖြစ်ပြီး ၎င်း၏ အမှတ် ကုန်ဆုံးသွားသည်အထိ တိုက်ခိုက်မည် ဆိုလျှင် ဟင်းလင်းပြင်အကျဥ်းထောင်သည် အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။

ဆိုလိုသည်မှာ အချိန်အလုံအလောက် ရှိသရွေ့ ဟင်းလင်းပြင်အကျဥ်းထောင်သည် ချေမှုန်းခံရမည်သာ ဖြစ်၏။

အရေးပါသော အမှတ်သို့ ရောက်ရှိသွားသည်နှင့် သာမန် တိုက်ကွက် တစ်ခုကပင် ဟင်းလင်းပြင် အကျဥ်းထောင်ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေနိုင်သည်။

ကျင့်ကြံသူက ပို၍ အစွမ်းထက်လေလေ၊ ဟင်းလင်းပြင် အကျဥ်းထောင်ကို ပို၍ လျင်မြန်စွာ ဖောက်ထွက်နိုင်လေလေ ဖြစ်သည်မှာ ထင်ရှား၏။

ဥပမာအားဖြင့် ကျန်းချန်က ဓားကွက်နှစ်ကွက်၊ သုံးကွက်ဖြင့် သတ္တမ လှေကားထစ်ရှိ ဟင်းလင်းပြင် အကျဥ်းထောင်ကို ဖောက်ထွက်ရန် ကြိုးစားခဲ့ရသော်လည်း သာမန် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ပါရမီရှင်တစ်ဦး အတွက်မူ အနည်းဆုံး ဆယ်ကွက် သို့မဟုတ် အကွက်ပေါင်း ဒါဇင်ချီ၍ လိုအပ်လိမ့်မည် ဖြစ်သည်။

ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်အောက်ရှိ ပါရမီရှင်များသာ ဆိုလျှင် သတ္တမ လှေကားထစ်ရှိ ဟင်းလင်းပြင်အကျဥ်းထောင်ကို သုံးရက်မှ ငါးရက်အတွင်း ဖောက်ထွက်ရန် ခက်ခဲပေလိမ့်မည်။

အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်က ဤကဲ့သို့ ဟင်းလင်းပြင် အကျဥ်းထောင်ကို လှေကားထစ်များ ပေါ်တွင် ခင်းကျင်းထားသည်မှာ ပါရမီအရှိဆုံး လူဆယ်ဦးကို ကမ္ဘာဦးအင်မော်တယ် ရေကန် ထဲသို့ အရင် ဝင်ရောက်စေပြီး ခန္ဓာကိုယ် ဆေးကြောခွင့် ရရှိစေရန် ဖြစ်သည်။

“ကမ္ဘာဦးအင်မော်တယ် ရေကန်ဆီ ဦးတည်နေတဲ့ လှေကားထစ်က သုံးပုံတစ်ပုံတောင် မရှိသေးဘူးထင်တယ်.. ကြည့်ရတာ ကမ္ဘာဦးအင်မော်တယ် ရေကန်ဆီ ရောက်ဖို့ အချိန်အများကြီး ယူရဦးမယ်”

ကျန်းချန်က တိမ်တိုက်များနှင့် မြူနှင်းများ ဖုံးလွှမ်းနေပြီး အဆုံးသတ်ကို လုံးဝ မမြင်ရသည့် လှေကားထစ်များအား မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူက ခေါင်းကို ခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရှင်းထုတ်လိုက်ကာ အချိန်ဖြုန်းမနေတော့ဘဲ တစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ် ဆီသို့ တိုက်ရိုက်ပင် ပြေးတက်သွားခဲ့သည်။

ကျန်းချန်ကို အံ့အားသင့်သွားစေသည်မှာ ကျန်းချန် မျှော်လင့်ထားသကဲ့သို့ တစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်တွင် ဟင်းလင်းပြင် အကျဥ်းထောင် တစ်ခု စုစည်းလာခြင်း မရှိပေ။

သူက တစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ပေါ်တွင် တစ်ခဏမျှ ရပ်နေသော်လည်း ဘာမျှ ဖြစ်မလာခဲ့ချေ။

“ဒါက ဘယ်လိုအခြေအနေလဲဟ”

ကျန်းချန် တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး မျက်ဝန်းထဲတွင် ဇဝေဇဝါ အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

ကျန်းချန်က ခဏမျှ စောင့်ဆိုင်းပြီးနောက်တွင် တစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်တွင် အပြောင်းအလဲ တစ်စုံတစ်ရာ မရှိသောကြောင့် ထပ်မံ၍ စောင့်မနေတော့ပေ။

သူက တစ်ဆယ့်နှစ်ထစ်မြောက် လှေကားထစ်ဆီ သွားရန် သူ၏ ခြေထောက်ကို မြေပြင်မှ ကြွလိုက်သည့် အခိုက်အတန့်တွင် ကြောက်မက်ဖွယ် ဖိအားတစ်ခုသည် ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

အခန်း(၂၈၁၄)ပြီး၏။

All Chapters