အခန်း (၂၈၁၅-၂၈၁၆)
Vol. 222 Ch. 2815-2816
အခန်း(၂၈၁၅)
ကြောက်မက်ဖွယ်ဖိအား တစ်ခုက တောင်တစ်လုံးကဲ့သို့ အပေါ်စီးကနေ ကျန်းချန်ထံ ကျဆင်းလာခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ အပိုအလေးချိန်တစ်ခု ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရ၏။
ကျန်းချန်၏ ခန္ဓာကိုယ်က အထက်သို့ တဖြည်းဖြည်း ရွေ့လျားသွားသည်နှင့်အမျှ ဖိအားက ပို၍ ပြင်းထန်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး အပေါ်သို့ သက်ရောက်လာခဲ့သည်။
ကြွက်သားများ၊ ကိုယ်တွင်းအင်္ဂါများ သွေးကြောများနှင့် ဒျန်ထျန်များအထိ အရာအားလုံးသည် ထိုဖိအား၏ သက်ရောက်မှုကို ခံလိုက်ရသည်။
ထိုဖိအားက နှလုံးခုန်သံကို ပို၍လေးလံလာစေပြီး သွေးလည်ပတ်မှုကို ပိတ်ဆို့စေသောကြောင့် သွေးကြောများအတွင်းရှိ အင်မော်တယ်စွမ်းအား ပင်လျှင် ပုံမှန်အခြေအနေကဲ့သို့ ချောမွေ့စွာ မလည်ပတ်နိုင်တော့ပေ။
အသက်တစ်ချက် ရှူရှိုက်ရန် အတွက် ပင်လျှင် ပုံမှန်ထက်ပို၍ အားစိုက်ထုတ်နေရသည်။
တစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်မှ စတင်၍ သူတို့ ခံနိုင်ရည်ရှိရမည့် စမ်းသပ်ချက်မှာ ဟင်းလင်းပြင် အကျဥ်းထောင် မဟုတ်တော့ဘဲ ဤကြောက်မက်ဖွယ်ဖိအားသာ ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
သို့ရာတွင် တစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်၏ ဖိအားက သာမန် မဟုတ်သော်လည်း ကျန်းချန် အတွက်မူ ကြီးမားသော အဟန့်အတားဖြစ်စေရန် ခဲယဥ်းနေခဲ့သည်။
အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ကျန်းချန်သည် တစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ရှိ ပေတစ်ရာခန့် မြင့်သော လှေကားထစ်ကို ဖြတ်ကျော်ကာ တစ်ဆယ့်နှစ်ထစ်မြောက် လှေကားထစ် ဆီသို့ ရောက်ရှိလာခဲ့သည်။
တစ်ဆယ့်နှစ်ထစ်မြောက်မှ တစ်ဆယ့်သုံးထစ်မြောက် အထိ ဖိအားက တစ်ဆင့်ထက် တစ်ဆင့် ပို၍ ပြင်းထန်လာသော်လည်း ကျန်းချန် အပေါ်တွင်မူ ဖိအားကြီးကြီးမားမား မပေးနိုင်ခဲ့ပေ။
ကျန်းချန်က ပန်းခြံထဲတွင် အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ပင် မည်သည့် အခက်အခဲမျှ မရှိဘဲ ပို၍မြင့်မားသော လှေကားထစ်များ ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ကျန်းချန်နှင့် အခြားသူများ အစွမ်းကုန် ကြိုးစားနေကြချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် တောင်၏အပြင်ဘက်ရှိ လူအများအပြားသည် သူတို့ရှေ့ရှိ တောင်တန်းအတွင်းမှ အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြသည်။
ပါရမီရှင်များသည် တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်နေသည့်ဖြစ်စဥ်ကို အပြင်ဘက်ကနေ သူတို့မမြင်နိုင်ကြပေ။
တစ်စုံတစ်ယောက်က ကမ္ဘာဦးအင်မော်တယ် ရေကန် ထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်သည့် အချိန်မှသာ သူတို့အနေဖြင့် သိရှိနိုင်မည် ဖြစ်သည်။
အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်မှ တပည့်များစွာက ဆွေးနွေးပြောဆိုနေခဲ့ကြ၏။
“ဒီတစ်ကြိမ် ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲကို ဘယ်သူအရင်ဆုံး ဝင်နိုင်မယ်လို့ မင်းတို့ထင်လဲ”
“ဒါက မေးနေစရာတောင် လိုသေးလို့လား.. တပည့်ရင်းဆယ်ဦးထဲမှာ နံပါတ်တစ် နေရာမှာရှိတဲ့ စီနီယာအစ်ကို လန်ကျန့်ရှို့ပဲပေါ့.. စီနီယာအစ်ကို လန်ကျန့်ရှို့က သိပ်မကြာခင်ကပဲ ကောင်းကင်အင်မော်တယ် သတ္တမအဆင့်ကို ချိုးဖြတ်နိုင်ခဲ့တယ်.. စီနီယာအစ်ကိုက စံချိန်အသစ်တောင် ရေးထိုးနိုင်ခြေ ရှိတယ်”
“ငါမှတ်မိသလောက်ဆိုရင် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ရဲ့သမိုင်းမှာ စမ်းသပ်ချက်ကို အမြန်ဆုံး အောင်မြင်ပြီး ကမ္ဘာဦးအင်မော်တယ်ရေကန် ဆီကို ရောက်လာခဲ့တဲ့သူက သုံးလကြာမြင့်ခဲ့တယ်.. စီနီယာအစ်ကိုလန်က သုံးလအတွင်း ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲ ဝင်ရောက်ဖို့ ဆိုတာတော့ မလွယ်လောက်ဘူး ထင်တယ်”
“...........”
စမ်းသပ် အတားအဆီးများကို ကျော်ဖြတ်ပြီး ကမ္ဘာဦးအင်မော်တယ်ရေကန် ထဲသို့ ဝင်ရောက်ရန်မှာ လအနည်းငယ်ကနေ နှစ်အနည်းငယ် အထိ ကြာမြင့်နိုင်ပြီး အလွန်ရှည်လျားသော ဖြစ်စဥ်တစ်ခု ဖြစ်သည်။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် ဆုတ်ယုတ်နေသည့်အချိန်က ကမ္ဘာဦးအင်မော်တယ် ရေကန်ကို ဖွင့်လှစ်ခဲ့စဥ်တွင် သတ်မှတ်ထားသော နေရာဆယ်နေရာ အတွက် စမ်းသပ်အတားအဆီးများကို ကျော်ဖြတ်ရသည့် ဖြစ်စဥ်တစ်ခုလုံးသည် သုံးနှစ်တိုင်တိုင် ကြာမြင့်ခဲ့သည်။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် နှစ်ပေါင်းသန်းချီ၍ တည်ရှိခဲ့သော နန်းတော် ဖြစ်သည်။
ကမ္ဘာဦးအင်မော်တယ် ရေကန်က နှစ်သုံးထောင်မှ တစ်ကြိမ်သာ ပွင့်သော်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ သက်တမ်းအရ မရေမတွက်နိုင်သည် အထိ အကြိမ်ကြိမ် ပွင့်ခဲ့ဖူး၏။
ဤကဲ့သို့ အကြိမ်ကြိမ် ပွင့်ခဲ့ဖူးသမျှထဲတွင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ အစွမ်းအထက်ဆုံး ပါရမီရှင်သည်ပင် ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲသို့ ဝင်ရောက်ရန် သုံးလကြာမြင့်ခဲ့သည်။
လန်ကျန့်လျှို့၏ ပါရမီနှင့်စွမ်းရည်သည် ယနေ့ခေတ် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် ပြိုင်ဘက်ကင်းသော်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ သမိုင်းတစ်လျှောက်တွင်မူ ထိပ်ဆုံးသုံးနေရာ စာရင်းထဲဝင်ရန်ပင် ခဲယဥ်းလိမ့်မည် ဖြစ်သည်။
“ကဲပါ.. ကမ္ဘာဦးအင်မော်တယ် ရေကန် ကိစ္စက ငါတို့နဲ့ သိပ်မဆိုင်ပါဘူး.. ဘာပဲဖြစ်ဖြစ် သူတို့တွေ အဆင့်ကျော်ဖြတ်တာ ပိုနှေးဖို့ပဲ ငါဆုတောင်းတယ်.. ကမ္ဘာဦးအင်မော်တယ်ရေကန် ပွင့်နေတဲ့ အချိန် ပိုကြာလေလေ ငါတို့ အားလုံးအတွက် ပိုကောင်းလေလေပဲ.. ကမ္ဘာဦးအင်မော်တယ်ရေကန် ပွင့်နေတုန်းမှာ ငါတို့လည်း အချိန်ယူပြီး ကြိုးစား လေ့ကျင့်သင့်တယ်”
ကမ္ဘာဦးအင်မော်တယ်ရေကန်သည် အနှိုင်းမဲ့ထူးခြားဆန်းကြယ်ပြီး ၎င်းပွင့်လာသည်နှင့် တစ်ပြိုင်နက် ရေကန်ထဲမှ လျှံထွက်လာသော စွမ်းအင်များသည်ပင် ကျင့်ကြံသူများကို အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သည်။
အထူးသဖြင့် ပကတိအင်မော်တယ် အဆင့်နှင့် ကောင်းကင်အင်မော်တယ်အဆင့်ရှိ တပည့်များသည် ဤလျှံထွက်လာသော စွမ်းအားများကို အမှီပြု၍ အဆင့်တစ်ဆင့် သို့မဟုတ် နှစ်ဆင့်အထိပင် တိုးတက်သွားနိုင်၏။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ တပည့်တစ်ဦး၏ စကားအဆုံးတွင် ကျင့်ကြံသူများသည် စကားများစွာ ပြောမနေတော့ဘဲ ကမ္ဘာဦးအင်မော်တယ် ရေကန်မှ လျှံထွက်လာသည့် စွမ်းအင်များကို စတင်စုပ်ယူကာ ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။
တောင်အတွင်းရှိ ပါရမီရှင်များကမူ ကမ္ဘာဦးအင်မော်တယ်ရေကန် ဆီသို့ ဦးတည်နေသည့် ဆန်းကြယ်သည့် လှေကားထစ်များပေါ်သို့ အသည်းအသန် တက်လှမ်းနေကြဆဲပင်။
အဆင့်နှစ်ဆယ်မြောက် လှေကားထစ်တွင် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ နံပါတ်တစ် ပါရမီရှင်တပည့် လန်ကျန့်ရှို့သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့ပြီး ကြောက်မက်ဖွယ် ဓားဆန္ဒတစ်ခုကို ထုတ်ဖော်၍ သူ့ထံသို့ သက်ရောက်လာသည့် ဖိအားများကို ဖယ်ရှားလိုက်ကာ နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ် ဆီသို့ ခြေချလိုက်သည်။
“နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ကိုတောင် ရောက်လာခဲ့ပြီ.. တကယ့် တိုက်ပွဲက ဒီနေရာကနေ စတော့မှာပဲ”
လန်ကျန့်လျှို့ နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်၏ ဟင်းလင်းပြင်ကို မော့ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ ပါရမီရှင်တပည့် တစ်ဦးအနေဖြင့် လန်ကျန့်လျှို့သည် ကမ္ဘာဦးအင်မော်တယ်ရေကန်၏ စမ်းသပ်မှု နှင့် ပတ်သက်၍ ကောင်းစွာ သိရှိထားခဲ့သည်။
ကမ္ဘာဦးအင်မော်တယ်ရေကန် ဆီသို့ ဦးတည်နေသည့် လှေကားထစ် စုစုပေါင်း သုံးဆယ်ရှိသည်။
ပထမလှေကားထစ် ဆယ်ခုသည် ဟင်းလင်းပြင်အကျဥ်းထောင်များ ဖြစ်ပြီး အလယ်မှ လှေကားထစ်ဆယ်ခုမှာ ကြောက်မက်ဖွယ်ဖိအားများ ဖြစ်သည်။
ဤလှေကားထစ် အဆင့်နှစ်ဆယ်သည် သူ့အတွက် မည်သည့် အဟန့်အတားမျှ မဖြစ်စေနိုင်ခဲ့ပေ။
သို့သော် နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်မှ စတင်၍ အဆင့်တိုင်းတွင် အစွမ်းထက် ဂိတ်စောင့်တစ်ဦးစီ ရှိကြသည်။
အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် တည်ထောင်ခဲ့သည့်အချိန်မှစ၍ ကမ္ဘာဦးအင်မော်တယ်ရေကန် ပွင့်သည့်အချိန်တိုင်းတွင် ပါရမီရှင်ပေါင်း များစွာသည် နောက်ဆုံး ဆယ်ဆင့်တွင် ပိတ်မိနေခဲ့ကြသည်။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ သမိုင်းအတွင်း အစွမ်းအထက်ဆုံး ပါရမီရှင်သည်ပင် နောက်ဆုံး လှေကားထစ် ဆယ်ခုကို ချိုးဖျက်ရန် သုံးလခန့် ကြာမြင့်ခဲ့၏။
လန်ကျန့်လျှို့သည် သူ့ကိုယ်သူ ယုံကြည်မှု ရှိသော်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ သမိုင်းတစ်လျှောက်ရှိ ပါရမီရှင်အားလုံးထက် သူက ပိုသာသည်ဟု မခံယူခဲ့ပေ။
နောက်ဆုံး ဆယ်ဆင့်ကို ဖြတ်ကျော်ပြီး ကမ္ဘာဦးအင်မော်တယ်ရေကန်ထဲသို့ နှစ်ဝက်အတွင်း ဝင်ရောက်နိုင်လျှင် အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။
လန်ကျန့်လျှို့က နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ရှိ ဟင်းလင်းပြင်မှ အခြေအနေကို စောင့်ကြည့်နေစဥ်မှာပင် ဟင်းလင်းပြင်အတွင်း၌ ပြင်းထန်သော ဟင်းလင်းပြင်လှိုင်းတစ်ခု အလွန်လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ထူးခြားသော အရှိန်အဝါရှိသည့် အနက်ရောင်အရိပ်တစ်ခုသည် ဟင်းလင်းပြင်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
ထိုအနက်ရောင်အရိပ်ကိုမြင်လျှင် လန်ကျန့်လျှို့၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်မှ စ၍ ရင်ဆိုင်ရမည့် ပြိုင်ဘက်များမှာ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ ပါရမီရှင်များ ထံမှ ဆင်းသက်လာသည့် စွမ်းအင်ခန္ဓာကိုယ်များသာ ဖြစ်သည်။
သို့သော်လည်း အဆင့်တစ်ဆင့်ကို တက်လှမ်းတိုင်းတွင် ရင်ဆိုင်ရမည့် စွမ်းအင်ခန္ဓာကိုယ်သည် ပို၍ အစွမ်းထက်လာလိမ့်မည် ဖြစ်၏။
ဥပမာအားဖြင့် နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ရှိ ဂိတ်စောင့်သည် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ သာမန်ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးမှ ဆင်းသက်လာသည့် စွမ်းအင်ခန္ဓာကိုယ်မျှသာ ဖြစ်သည်။
သို့ရာတွင် နောက်ပိုင်း၌ လန်ကျန့်လျှို့သည် တပည့်ရင်းအဆင့်ရှိ ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ပါရမီရှင်နှင့်ပင် ရင်ဆိုင်ရနိုင်၏။
အထူးသဖြင့် နောက်ဆုံးနှစ်ဆင့်၊ သုံးဆင့်တွင် ရင်ဆိုင်ရမည့် ပြိုင်ဘက်များသည် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ နှစ်သန်းပေါင်းရာချီ သမိုင်းတစ်လျှောက်တွင် အသန်မာဆုံးများထဲမှ ဖြစ်ရာ လန်ကျန့်လျှို့ ပင်လျှင် သတိထား၍ ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။
လန်ကျန့်လျှို့က လေထဲရှိ အနက်ရောင်အရိပ်ကို စောင့်ကြည့်နေစဥ်မှာပင် ဆန်းကြယ်သော ဓားရှည် တစ်လက်သည် အနက်ရောင်အရိပ်၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
သူက ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းသည် ဟင်းလင်းပြင်ကို ထိုးဖောက်၍ ကျဆင်းလာသော ဂလက်ဆီတစ်ခုကဲ့သို့ လန်ကျန့်လျှို့ထက် သက်ရောက်လာခဲ့သည်။
လန်ကျန့်လျှို့က အနက်ရောင်ပုံရိပ်၏ ဓားချက်နှင့် ရင်ဆိုင်ရသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ရှေးဟောင်းရွှေရောင်ဓားတစ်လက်သည် သူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထို့နောက်တွင် သူက ရှေ့သို့ တိုးဝင်ကာ တောက်ပသော ဓားအလင်းကို ထုတ်ဖော်လိုက်သည်။
လန်ကျန့်လျှို့၏ ဓားအလင်းသည် အနက်ရောင်ပုံရိပ်၏ ဓားအလင်းကို ချေမှုန်းလိုက်ရုံသာမက လေထဲရှိ အနက်ရောင်ပုံရိပ်ကိုပင် ထိုးဖောက်သွားခဲ့ရာ အနက်ရောင်ပုံရိပ်သည် လေထဲမှာပင် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင်မူ လန်ကျန့်လျှို့၏ ပုံရိပ်သည် လျှပ်စီးလက်သကဲ့သို့ လက်ခနဲဖြစ်သွားခဲ့ပြီး နှစ်ဆယ့်နှစ်ထစ်မြောက် လှေကားထစ် ဆီသို့ ရောက်ရှိသွားခဲ့သည်။
အခန်း(၂၈၁၅)ပြီး၏။
အခန်း(၂၈၁၆)
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ အစွမ်းအထက်ဆုံးပါရမီရှင်အနေဖြင့် လန်ကျန့်လျှို့၏ ပါရမီသည် အတော်လေး အစွမ်းထက်သည်။
အဆင့်တူအတွင်း ဆိုလျှင် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ ပါရမီရှင်များကြားတွင် သူ့ကို ယှဥ်နိုင်သူမှာ အလွန်နည်းပါးသည်။
အနည်းဆုံးတော့ နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ရှိ သာမန် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် အနက်ရောင်ပုံရိပ်သည် သူ၏ ပြိုင်ဘက်ဖြစ်ရန် အလှမ်းဝေးလွန်းနေခဲ့သည်။
လန်ကျန့်လျှို့က နှစ်ဆယ့်နှစ်ထစ်မြောက် လှေကားထစ်ပေါ်သို့ ဆင်းသက်လိုက်၏။
အလွန်လျင်မြန်စွာ နှစ်ဆယ့်နှစ်ထစ်မြောက် လှေကားထစ်ပေါ်ရှိ ဟင်းလင်းပြင်သည် ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ပြီး ကောင်းကင်အင်မော်တယ် သတ္တမအဆင့် အရှိန်အဝါကို ထုတ်လွှတ်နေသည့် အနက်ရောင်ပုံရိပ် တစ်ခုသည် လန်ကျန့်လျှို့၏ ရှေ့တွင် ထပ်မံ စုစည်းလာခဲ့သည်။
လန်ကျန့်လျှို့က တုံ့ဆိုင်းမနေဘဲ သူ၏ဓားကို ဝှေ့ယမ်းကာ အနက်ရောင်ပုံရိပ်ကို တိုက်ခိုက်လိုက်သည်။
နှစ်ဆယ့်နှစ်ထစ်မြောက် လှေကားထစ်မှ ဂိတ်စောင့်နှင့် လန်ကျန့်လျှို့ ရင်ဆိုင်နေချိန်တွင် ကျန်ရှိသော ပါရမီရှင်များသည်လည်း ကမ္ဘာဦးအင်မော်တယ် ရေကန်သို့ ဦးတည်နေသည့် လှေကားထစ်များပေါ်တွင် သူတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ အဆင့်များကို ထုတ်ဖော်ကာ လှေကားထစ်များကို ကျော်ဖြတ်နိုင်ရန် အစွမ်းကုန် ကြိုးစားနေခဲ့ကြသည်။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ ကောင်းကင်အင်မော်တယ်ဆဋ္ဌမအဆင့် တပည့်ရင်းနှစ်ဦး၊ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ နံပါတ်တစ် ပါရမီရှင် ပိုင်မင်ဟွမ်နှင့် မြူနှင်းအင်မော်တယ် နန်းတော်မှ ရေခဲကဲ့သို့ အေးစက်သောမျက်နှာထား ရှိသည့် မိန်းမလှလေး တို့သည်လည်း လှေကားထစ် အဆင့် နှစ်ဆယ်ကို လျင်မြန်စွာ ကျော်ဖြတ်ပြီး နှစ်ဆယ့် တစ်ထစ်မြောက် လှေကားထစ် ဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ကျန်းချန်သည်လည်း ခြွင်းချက် မဟုတ်ပေ။
သူက အင်အားအလွန်အကျွံ မစိုက်ထုတ်ရဘဲ လှေကားထစ်နှစ်ဆယ်ကို အောင်မြင်စွာ ဖြတ်ကျော်ကာ နှစ်ဆယ့်တစ်ထစ်မြောက်သို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန်က နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ပေါ်တွင် ရပ်နေခဲ့ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်နေခဲ့သည်။
ဒသမလှေကားထစ်မှ တစ်ဆယ့်တစ်ထစ်မြောက်လှေကားထစ်သို့ အရောက်တွင် လှေကားထစ်ပေါ်ရှိ စမ်းသပ်ချက်သည် ဟင်းလင်းပြင်အကျဥ်းထောင်ကနေ ကြောက်မက်ဖွယ်ဖိအားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤစည်းမျဥ်းအရဆိုလျှင် ယခုသူက နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ဆီ ရောက်ရှိလာပြီဖြစ်သောကြောင့် လှေကားထစ်ပေါ်ရှိ စမ်းသပ်မှုသည်လည်း ပြောင်းလဲသွားနိုင်ခြေရှိနေခဲ့သည်။
ခဏအကြာတွင် ကျန်းချန် မှန်းဆထားသည့် အတိုင်းပင် ဖြစ်လာခဲ့ပြီး အနက်ရောင်အရိပ် တစ်ခုသည် ဟင်းလင်းပြင်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုအနက်ရောင်ပုံရိပ် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် ကျန်းချန်ထက် နိမ့်ကျခြင်းမရှိဘဲ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လေထဲရှိ အနက်ရောင်ပုံရိပ်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ထိုအနက်ရောင်ပုံရိပ်သည် နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်၏ စမ်းသပ်မှု ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
“ဝုန်း..”
ထိုအခိုက်အတန့်တွင် အနက်ရောင်ပုံရိပ်က ဦးစွာလှုပ်ရှားလိုက်ပြီး ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။
ယင်းနောက်တွင် အနက်ရောင်ဓားရိပ်များသည် နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့ပြီး ကျန်းချန်ဆီသို့ အပြင်းအထန် ဖိနှိပ်လာခဲ့၏။
ကျန်းချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ထျန်းယွမ်အင်မော်တယ်ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းများ အစီအရီ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံရှိ အနက်ရောင်ဓားရိပ်များနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
ဓားစွမ်းအားများ ထိပ်တိုက် ရင်ဆိုင်ပြီးနောက်တွင် ကျန်းချန်၏ပုံရိပ်သည် နေရာမှာပင် ရပ်မြဲ ဖြစ်သော်လည်း အနက်ရောင်ပုံရိပ်ကမူ တုန်ယင်သွားခဲ့ပြီး အနည်းငယ် ဝေဝါးသွားခဲ့သည်။
နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်၏ ဂိတ်စောင့်ဖြစ်သည့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် စွမ်းအင်ခန္ဓာကိုယ်၏ ကျင့်ကြံခြင်းအဆင့်သည် ကျန်းချန်နှင့် တူညီသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ အမည်မဲ့အင်မော်တယ် နန်းတော်မှ လော့ကျင်းလင်လောက်သာ ရှိသည်။
ကျန်းချန်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်အစောပိုင်းတွင် ရှိစဥ်ကပင် လော့ကျင်းလင်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။
ယခု သူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် နှောင်းပိုင်းသို့ပင် ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ရှေ့မှ စွမ်းအင်ခန္ဓာကိုယ်ကို ရင်ဆိုင်ရန်သည် သူ့အတွက် ခက်ခဲခြင်း မရှိတော့ပေ။
အနက်ရောင်ပုံရိပ်၏ စွမ်းရည်ကို စမ်းသပ်ပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ဓားချက်နှစ်ချက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်ကာ အနက်ရောင်ပုံရိပ်ကို အပြီးတိုင် ချေမှုန်းပစ်လိုက်ပြီး နှစ်ဆယ့်နှစ်ထစ်မြောက် လှေကားထစ် ဆီသို့ တက်လှမ်းသွားခဲ့သည်။
နှစ်ဆယ့်နှစ်ထစ်မြောက် လှေကားထစ်မှ ဂိတ်စောင့်ဖြစ်သည့် အနက်ရောင်ပုံရိပ်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်နှောင်းပိုင်းတွင် ရှိနေဆဲ ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ပို၍ပင် အစွမ်းထက်လာခဲ့သည်။
ကျန်းချန်က ဆယ်ကွက်တိတိတိုက်ခိုက်ပြီးနောက်တွင် ထိုအနက်ရောင်ပုံရိပ်ကို အနိုင်ယူနိုင်ခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် နှစ်ဆယ့်သုံးထစ်မြောက်သို့ ရောက်ရှိလာခဲ့ပြီး ထိုလှေကားထစ်မှ ဂိတ်စောင့်ကို အကွက်သုံးဆယ်ခန့် တိုက်ခိုက်ပြီးမှသာ အပြီးတိုင် ဖျက်ဆီးနိုင်ခဲ့သည်။
နှစ်ဆယ့်လေးထစ်မြောက် လှေကားထစ်တွင်မူ ကျန်းချန်သည် သူ၏ စွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်ပြီး အင်မော်တယ်ဘုရင် အဆင့် နည်းစနစ်များကို အလှည့်ကျ အသုံးပြုကာ အကွက်တစ်ရာခန့် တိုက်ခိုက်ပြီးမှသာ အနိုင်ရရှိခဲ့သည်။
“ဒီလှေကားထစ်ပေါ်မှာ စောင့်ကြပ်နေတဲ့ ဂိတ်စောင့်တွေက ပိုပိုပြီး အစွမ်းထက်လာတာပဲ”
နှစ်ဆယ့်လေးထစ်မြောက် လှေကားထစ်ရှိ အနက်ရောင်ပုံရိပ်ကို အနိုင်ယူပြီးနောက်တွင် ကျန်းချန်၏ မျက်နှာထက်၌ ဖြူဖျော့သော အမူအရာတစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။
လှေကားထစ် တစ်ထစ်မှ တစ်ထစ်သို့ တက်လှမ်းတိုင်းတွင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
ပြိုင်ဘက်၏ ကျင့်ကြံခြင်းအဆင့်က ပြောင်းလဲခြင်းမရှိဘဲ သူနှင့် အဆင့်တူအတွင်း ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ သိသိသာသာပင် မြင့်တက်လာခဲ့သည်။
နှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ရှိ ပြိုင်ဘက်ကို ကျန်းချန်သည် စက္ကန့်ပိုင်းအတွင်း အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သော်လည်း နှစ်ဆယ့်လေးထစ်မြောက် လှေကားထစ်သို့ ရောက်သောအခါတွင် အကွက်တစ်ရာခန့် တိုက်ခိုက်ပြီးမှသာ ခက်ခက်ခဲခဲ အနိုင်ရခဲ့သည်။
ဤလှေကားထစ်ပေါ်မှ ဂိတ်စောင့်ဖြစ်သည့် အနက်ရောင်ပုံရိပ်များသည် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ ထိပ်တန်းပါရမီရှင် အချို့ကို ပုံစံတူ ယူထားခြင်းဖြစ်သည်ဟု ကျန်းချန် ခံစားမိခဲ့သည်။
ဥပမာအားဖြင့် နှစ်ဆယ့်လေးထစ်မြောက် လှေကားထစ်ပေါ်မှ ဂိတ်စောင့်သည် အလွန်အစွမ်းထက်သော ပါရမီနှင့် နောက်ခံရှိပြီး အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ ထိပ်တန်းကျင့်စဥ်များကိုပင် အသုံးချနိုင်စွမ်း ရှိသည်။
၎င်းက အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို အသုံးပြုရာတွင် ကျန်းချန်ထက်ပင် ပို၍ ကျွမ်းကျင်နေခဲ့၏။
အဆင့်တူအတွင်း ရင်ဆိုင်ရသော ပြိုင်ဘက်များတွင် နှစ်ဆယ့်လေးထစ်မြောက် လှေကားထစ်ရှိ အနက်ရောင်ပုံရိပ်သည် ကျန်းချန် ရင်ဆိုင်ခဲ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သည်မှာ သေချာသလောက်ပင်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ် ဆီသို့ အလျင်စလို မသွားသေးဘဲ နှစ်ဆယ့်လေးထစ်မြောက် လှေကားထစ်တွင် တင်ပျဥ်ခွေ၍ ထိုင်ကာ စွမ်းအားများကို ပြန်လည် ဖြည့်တင်းလိုက်သည်။
နှစ်ဆယ့်လေးထစ်မြောက် လှေကားထစ်ရှိ အနက်ရောင်ပုံရိပ်သည်ပင် ဤမျှ အစွမ်းထက်နေပြီ ဖြစ်ရာ နှစ်ဆယ့်ငါးထစ်မြောက်လှေကားထစ်ရှိ အနက်ရောင်ပုံရိပ်သည် သံသယဖြစ်စရာ မလိုလောက်အောင်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေပေလိမ့်မည်။
အစောပိုင်းက တိုက်ပွဲတွင် ကျန်းချန်၏ စွမ်းအားသည် ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားခဲ့သည်။
ထို့ကြောင့် သူ၏ လက်ရှိ အခြေအနေဖြင့် နှစ်ဆယ့်ငါးထစ်မြောက်လှေကားထစ်သို့ တက်လှမ်းသွားမည်ဆိုလျှင် အနိုင်ရရန် အခွင့်အလမ်း လုံးဝ ရှိလိမ့်မည် မဟုတ်ချေ။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ် ဆီသို့ တက်လှမ်းသွားခဲ့သည်။
ထုံးစံအတိုင်းပင် နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်ပေါ်၌ အနက်ရောင်အရိပ် တစ်ခု လျင်မြန်စွာ စုစည်းလာခဲ့သည်။
ထိုပုံရိပ်က အလွန်ပင် ရှင်းလင်းပြတ်သားပြီး မျက်နှာအသွင်အပြင်များကိုပင် ရှင်းလင်းစွာ မြင်တွေ့နိုင်ကာ ကျောပေါ်တွင် လေးလံသော အနက်ရောင်ဓားကြီး တစ်လက်ကို လွယ်ပိုးထားသည်။
ထိုအနက်ရောင်ပုံရိပ်၏ ခန္ဓာကိုယ်ကနေ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်နေခဲ့၏။
အကယ်၍ ဤနေရာတွင်သာ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ တပည့်တစ်ဦး ရှိနေမည် ဆိုလျှင် သေချာပေါက် တုန်လှုပ်သွားလိမ့်မည် ဖြစ်သည်။
အကြောင်းရင်းမှာ ဤအနက်ရောင်ပုံရိပ်သည် အခြားသူ မဟုတ်ဘဲ လန်ကျန့်လျှို့ထက် မနိမ့်ကျသော ပါရမီရှင် တစ်ဦးဖြစ်သည့် ယခင်မျိုးဆက်မှ အစွမ်းထက်ဆုံး ပါရမီရှင် ကျန့်ဝူဖုန်း ဖြစ်နေသောကြောင့်ပင်။
ကျန့်ဝူဖုန်းက အသက်အရွယ် သိပ်မကြီးသေးသော်လည်း ကျင့်ကြံခြင်းအဆင့်ကမူ ရွှေအင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ တလော့အင်မော်တယ် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။
သူက လက်ရှိတွင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် ရှိနေခဲ့ပြီး ယခုအခါတွင် တလော့အဆင့်ကို ရောက်ရန် အလွန်ပင် နီးစပ်နေပြီ ဖြစ်ကာ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ တလော့အဆင့်အောက်တွင် နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဟုပင် ဆို၍ ရ၏။
“အင်မော်တယ်ဝိညာဥ် ဖျက်ဆီးခြင်း စည်းတံဆိပ်”
ကျန်းချန်က သူ၏ရှေ့မှ အနက်ရောင်ပုံရိပ် မည်သူမည်ဝါဖြစ်မှန်း မသိသော်လည်း ထိုလူ၏ စွမ်းအားကို ခံစားမိခဲ့သည်။
ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ အရင်ဦးအောင် တိုက်ခိုက်လိုက်ပြီး ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို အစွမ်းကုန်အသုံးပြု၍ အနက်ရောင်ပုံရိပ်ကို ရိုက်ချလိုက်၏။
“ဝုန်း..”
အနက်ရောင်ပုံရိပ်က သူ၏ နောက်ကျောမှ လေးလံသော ဓားကြီးကို ဆွဲထုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ကနေ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။
ထို့နောက်တွင် လေးလံသော ဓားထံကနေ ကြောက်မက်ဖွယ်ဓားအလင်း ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ အင်မော်တယ်ဝိညာဥ်ဖျက်ဆီးခြင်း စည်းတံဆိပ်ကို ချေမှုန်းပစ်လိုက်သည်။
ကျန်းချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခြေခုနစ်လှမ်း၊ ရှစ်လှမ်းခန့် နောက်သို့ ဆုတ်သွားခဲ့ရ၏။
ဤအခိုက်အတန့်တွင် လေထုထဲရှိ အနက်ရောင်ပုံရိပ်ကို ကြည့်ကာ ကျန်းချန်၏ အမူအရာက ပို၍ လေးနက်လာခဲ့သည်။
နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်မှ ဂိတ်စောင့် ဖြစ်သည့် အနက်ရောင်ပုံရိပ်သည် အမှန်တကယ်ပင် အလွန်တရာအစွမ်းထက်သော ပြိုင်ဘက်တစ်ဦး ဖြစ်နေခဲ့၏။
“ဝုန်း..”
ကျန်းချန် အံ့ဩထိတ်လန့်နေစဥ်မှာပင် လေထဲရှိ အနက်ရောင်ပုံရိပ် လက်ထဲမှ လေးလံသောဓားကြီး ထံကနေ ကြောက်မက်ဖွယ်ဓားအလင်းက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ဓားအလင်းတန်း၏ ပြင်းထန်သောအရှိန်အဝါ ဖိအားသည် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။
အခန်း(၂၈၁၆)ပြီး၏။