← Chapters

အခန်း (၂၈၁၇-၂၈၁၈)

Vol. 222 Ch. 2817-2818

အခန်း (၂၈၁၇-၂၈၁၈)

Vol. 222 Ch. 2817-2818

အခန်း(၂၈၁၇)

“‌တောင်တန်းနှင့်မြစ်ချောင်းများ ပြိုလဲပျက်စီးခြင်း”

ကျန်းချန်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ဒုတိယမြောက် စည်းတံဆိပ်ကို လက်ဖဝါးအတွင်း လျင်မြန်စွာ စုစည်းလိုက်သည်။

“ဝုန်း..”

ကောင်းကင်နှင့်မြေကြီးက ပြိုလဲပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပြီး ဟင်းလင်းပြင်သည်ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့သည်။

အကယ်၍ ကမ္ဘာဦးအင်မော်တယ်ရေကန် ဆီသို့ ဦးတည်နေသည့် လှေကားထစ်များ၏ အထစ် တစ်ခုချင်းစီသည် သီးခြားနေရာလွတ်များ မဟုတ်ဘဲ အလွန်အမင်း ခိုင်ခန့်မှုသာ မရှိခဲ့လျှင် သူတို့နှစ်ဦး၏ ထိပ်တိုက် ရင်ဆိုင်မှုသည် ကီလိုမီတာ ရာပေါင်းများစွာကို တစ်ခဏအတွင်း အပျက်အစီးပုံ အဖြစ် ပြောင်းလဲပစ်နိုင်မည်မှာ သေချာသလောက်ပင်။

နှစ်ဦးသား ထိပ်တိုက် တွေ့ဆုံရာမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်း ရိုက်ခတ်မှုများ မငြိမ်သက်မီမှာပင် အနက်ရောင်ပုံရိပ်သည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

နေမင်းထက်ပင် ပိုမို တောက်ပ‌သော ဓားအလင်းတန်းသည် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ကျန်းချန် ဆီသို့ ဦးတည်လာခဲ့၏။

“ကောင်းကင်နှင့်မြေကြီး ငြိမ်သက်တိတ်ဆိတ်ခြင်း”

ကျန်းချန်က သူ၏ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဂရုမစိုက်နိုင်ဘဲ အင်မော်တယ်စွမ်းအားများကို လျင်မြန်စွာ လှုံ့ဆော်ကာ ကောင်းကင်ဧကရာဇ်စည်းတံဆိပ်၏ တတိယမြောက် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။

ဤတစ်ကြိမ် ထိပ်တိုက် ရင်ဆိုင်မှုသည် ယခင်တစ်ကြိမ်ထက်ပင် ပိုမို၍ ပြင်းထန်နေခဲ့၏။

နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်ပေါ်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော အဖျက်စွမ်းအင်မုန်တိုင်း တစ်ခု ပေါက်ကွဲထွက်လာခဲ့၏။

ထိုအဖျက်စွမ်းအင်မုန်တိုင်း၏ ဖိအားအောက်တွင် ကျန်းချန်သည် နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်ကနေ ပြုတ်ကျသွားခဲ့ပြီး နှစ်ဆယ့်လေးထစ်မြောက် လှေကားထစ် ဆီသို့ နောက်ဆုတ်ခဲ့ရသည်။

နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်ရှိ အနက်ရောင်ပုံရိပ်က အောက်ဘက်သို့ လိုက်မလာသည်ကို မြင်လိုက်ရမှသာ ကျန်းချန်သည် စိတ်သက်သာရာ ရသွားခဲ့ပြီး သက်ပြင်းချနိုင်ခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ် ဆီသို့ ဇဝေဇဝါဖြစ်နေသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်မှ အနက်ရောင်ပုံရိပ်က အဘယ်ကြောင့် ဤမျှအထိ အစွမ်းထက်နေရပါသနည်း။

ကျန်းချန်သည် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံထားသူဖြစ်သည်။

ထိုကျင့်စဥ်၏ အဆင့်အတန်းကို အတိအကျ မသိသော်လည်း ယင်းသည် အနည်းဆုံး နတ်ဘုရင်အဆင့် ကျင့်စဥ် တစ်ခု ဖြစ်သည်မှာ သေချာ၏။

ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ်သည်လည်း ရှေးခေတ်ကာလက ကောင်းကင်ဧကရာဇ် ကိုယ်တိုင် တီထွင်ခဲ့သည့် ဧကရာဇ်အဆင့် နည်းစနစ်တစ်ခု ဖြစ်သည်။

အခြေခံအားဖြင့် နောက်ခံအရ ပြောရလျှင် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ ထိပ်တန်း ပါရမီရှင်များထက် သူ့အနေဖြင့် လုံးဝ မနိမ့်ကျပေ။

ဆိုရလျှင် သူနှင့် အဆင့်တူချင်းသာ ဖြစ်သော နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်ရှိ အနက်ရောင်ပုံရိပ်၏ ဖိနှိပ်ခြင်းကို ခံရလိမ့်မည်ဟု ကျန်းချန် တစ်ခါမှ မတွေးမိခဲ့ပေ။

နှစ်ဆယ့်လေးထစ်မြောက် လှေကားထစ်၌ တစ်ခဏမျှ ကျင့်ကြံပြီးနောက် ကျန်းချန်သည် ခွန်အား ပြန်လည်ပြည့်ဝလာခဲ့ပြီး နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်ရှိ အနက်ရောင်ပုံရိပ်နှင့် တိုက်ပွဲဝင်ရန် နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်သို့ နောက်တစ်ကြိမ် တက်လှမ်းသွားခဲ့သည်။

ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ရာကို သတိပြုမိသွားခဲ့သည်။

အစောပိုင်းက ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို အသုံးပြုကာ အနက်ရောင်ပုံရိပ်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့စဥ်တွင် အရေးနိမ့်ခဲ့ရသော်လည်း မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့သည်တော့ မဟုတ်ပေ။

အနက်ရောင်ပုံရိပ်ပေါ်ရှိ စွမ်းအင်များသည် သိသိသာသာ ကုန်ဆုံးသွားခဲ့ပြီး တိုက်ခိုက်မှုကလည်း ယခင်ကကဲ့သို့ ပြင်းထန်ခြင်း မရှိတော့ပေ။

ကျန်းချန်၏ စိတ်နှလုံးထဲတွင် ဝမ်းမြောက်သော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

ဤအနက်‌ရောင်ပုံရိပ်သည် အထူးစွမ်းအား တစ်ခုဖြင့် ဖွဲ့စည်းထားသည့် စွမ်းအင်ခန္ဓာကိုယ်မျှသာ ဖြစ်သည်။

၎င်းက အစွမ်းထက်သော်လည်း ပြန်လည် ကောင်းမွန်နိုင်စွမ်း သိပ်မရှိဘဲ စွမ်းအား အသုံးပြုတိုင်းတွင် ခွန်အား လျော့နည်းသွားမည်သာ ဖြစ်သည်။

ဤပုံအတိုင်းသာဆိုလျှင် အနက်ရောင်ပုံရိပ်နှင့် တိုက်ခိုက်နေသရွေ့ အနှေးနှင့်အမြန် အနက်ရောင်ပုံရိပ်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပါလား။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကျန်းချန်က အနက်ရောင်ပုံရိပ်နှင့် ဆက်တိုက်ပင် တိုက်ခိုက်နေခဲ့ရာ မကြာမီမှာပင် အကွက် သုံးဆယ်ထက် မနည်း ရှိသွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ်စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်လာသည်ကို ခံစားမိလိုက်လျှင် ကျန်းချန်သည် အားဖြည့်ရန်အတွက် နှစ်ဆယ့်လေးထစ်မြောက် လှေကားထစ် ဆီသို့ တစ်ဖန် နောက်ဆုတ်ခဲ့၏။

ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်စွမ်းအားများ အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ် ဆီသို့ ပြန်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ အင်အား ထက်ဝက်ကျော် ကုန်ဆုံးနေပြီဖြစ်သော အနက်ရောင်ပုံရိပ်သည် အင်အားအပြည့် ရှိနေသည့် ကျန်းချန်ကို မယှဥ်နိုင်တော့ဘဲ အဆုံးသတ်တွင် ကျန်းချန်၏ တိုက်ခိုက်မှုအောက်၌ အပြီးတိုင် ပျောက်ကွယ်သွားခဲ့၏။

“ကမ္ဘာဦးအင်မော်တယ်ရေကန်ဆီ သွားတဲ့လမ်းက တကယ်ကို မလွယ်ကူပါလား”

နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်ရှိ အနက်ရောင်ပုံရိပ်ကို အနိုင်ယူပြီးနောက်တွင် ကျန်းချန်သည် စိတ်ထဲကနေ မချိပြုံးပြုံးလိုက်သည်။

နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်သည်ပင် ဤမျှခက်ခဲနေပြီဖြစ်ရာ နှစ်ဆယ့်ခြောက်ထစ်မြောက် လှေကားထစ်မှ ဂိတ်စောင့်သည် နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်ထက် ပိုမို၍ အစွမ်းထက်နိုင်ခြေ ရှိသည် မဟုတ်ပါလော။

အကယ်၍ သူက ဤနည်းလမ်းကို အသုံးပြုကာ အနက်ရောင်ပုံရိပ်၏ စွမ်းအားကို ကုန်ဆုံးအောင် လုပ်မည် ဆိုလျှင်ပင် အောက်တစ်ထစ်ရှိ လှေကားထစ် ဆီသို့ ရှစ်ကြိမ် သို့မဟုတ် ဆယ်ကြိမ်ခန့် ဆင်းကာ ခွန်အားဖြည့်ပြီးမှသာ အောင်မြင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကမ္ဘာဦးအင်မော်တယ် ရေကန်၏ စမ်းသပ်မှုသည် သူတစ်ဦးတည်းကို ရည်ရွယ်ထားခြင်း မဟုတ်ပေ။

သို့ဖြစ်ရာ အခြားသော ပါရမီရှင်များ ရင်ဆိုင်ရမည့် စမ်းသပ်မှုသည်လည်း သူကဲ့သို့ပင် ခက်ခဲနေမည်မှာ သေချာသလောက် ဖြစ်၏။

ဤမျှအထိ ခက်ခဲသော စမ်းသပ်မှုနှင့် ရင်ဆိုင်ရလျှင် မည်သူကမျှ တိုတောင်းသော အချိန်အတွင်း ကမ္ဘာဦးအင်မော်တယ်ရေကန် ဆီသို့ ရောက်ရှိနိုင်လိမ့်မည်မဟုတ်ဟု ကျန်းချန် ယုံကြည်ခဲ့သည်။

လက်ရှိအချိန်တွင် ကျန်းချန်သည် ကမ္ဘာဦးအင်မော်တယ်ရေကန်တွင် နေရာတစ်နေရာ ရရှိနိုင်မည်ဟု မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေဆဲ ဖြစ်၏။

နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်တွင် ခဏမျှ အနားယူပြီးနောက် ကျန်းချန်သည် အဆုံးသတ်၌ နှစ်ဆယ့်ခြောက်ထစ်မြောက်‌ လှေကားထစ် ဆီသို့ ခြေချလိုက်သည်။

နှစ်ဆယ့်ခြောက်ထစ်မြောက် လှေကားထစ်တွင် ခရမ်းရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် တစ်ပါး ပေါ်ထွက်လာခဲ့ပြီး ၎င်း၏ စွမ်းရည်သည် နှစ်ဆယ့်ငါးထစ်မြောက်ရှိ ဂိတ်စောင့်ထက်ပင် ပို၍ အစွမ်းထက်နေခဲ့သည်။

ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ကို ထုတ်လိုက်ပြီး အင်မော်တယ်ဖျက်ဆီးခြင်း စွမ်းအားကို နှစ်ကြိမ် ဆက်တိုက် အသုံးပြုခဲ့သော်လည်း ခရမ်းရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်ကို မရှင်းလင်းနိုင်ခဲ့ပေ။

အဆုံးသတ်တွင် သူက နှစ်ဆယ့်ငါးထစ်မြောက် လှေကားထစ်ဆီသို့ ပြန်လည် ဆုတ်ခွာခဲ့ရ၏။

ခွန်အား ပြန်လည်ဖြည့်တင်းရာတွင် အချိန်ကုန် သက်သာစေရန်အတွက် ကျန်းချန်သည် အချိန်မျှော်စင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချန်သည် အချိန်မျှော်စင်၏ ဆယ်ဆမြန်သော အချိန်စီးဆင်းမှုကို အသုံးပြုကာ ကုန်ခမ်းသွားသော စွမ်းအားများကို ပြန်လည် ဖြည့်တင်းပြီးနောက်တွင် နှစ်ဆယ့်ခြောက်ထစ်မြောက် လှေကားထစ်ဆီသို့ ပြန်လည် တက်လှမ်းလာခဲ့သည်။

ဤသို့ဖြင့် ရှေ့တိုး နောက်ဆုတ် ခြောက်ကြိမ်မြောက် လုပ်ဆောင်ပြီးနောက်တွင် နှစ်ဆယ့်ခြောက်ထစ်မြောက်ရှိ ခရမ်းရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်၏ စွမ်းအားသည် အဆုံးသတ်တွင် ကျန်းချန်ကြောင့် ကုန်ဆုံးသွားခဲ့သည်။

ဆက်လက်၍ နှစ်ဆယ့်ခုနစ်ထစ်မြောက် လှေကားထစ်တွင်လည်း ကျန်းချန်သည် ထိုနည်းအတိုင်းပင် လုပ်ဆောင်ခဲ့သည်။

ဤတစ်ကြိမ်တွင်မူ ကျန်းချန်သည် နှစ်ဆယ့်ခုနစ်ထစ်မြောက်လှေကားထစ်နှင့် နှစ်ဆယ့်ခြောက်ထစ်မြောက် လှေကားထစ်ကြားတွင် တစ်ဆယ့်ငါးကြိမ် တိုင်တိုင် အတက်အဆင်း ပြုလုပ်ခဲ့ပြီးမှသာ နှစ်ဆယ့်ခုနစ်ထစ်မြောက် လှေကားထစ်ရှိ ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့ပြီး ထိုအဆင့်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်နိုင်ခဲ့သည်။

ကျန်းချန်က နှစ်ဆယ့်ခုနစ်ထစ်မြောက် လှေကားထစ်တွင် ရပ်နေခဲ့ပြီး လှေကားထစ်များကို မော့ကြည့်လိုက်ရာ သူ၏ ရှေ့တွင် ပေတစ်ရာခန့် မြင့်သည့် လှေကားထစ် သုံးခုသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။

ထိုလှေကားထစ် သုံးခု၏ နောက်ကွယ်တွင် ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည့် အလင်းတံခါး တစ်ချပ် ရှိနေခဲ့၏။

“လှေကားထစ်သုံးထစ်ပဲ ကျန်တော့တယ်”

ကျန်းချန်က လှေကားထစ်၏ အဆုံးရှိ အလင်းတံခါးကို လှမ်းကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုအလင်းတံခါးသည် ကမ္ဘာဦးအင်မော်တယ် ရေကန်၏ ဝင်ပေါက် ဖြစ်နိုင်လောက်၏။

သို့ရာတွင် ကမ္ဘာဦးအင်မော်တယ်ရေကန်၏ ဝင်ပေါက်က သူ၏ ရှေ့တည့်တည့်တွင် ရှိနေသော်လည်း ကျန်းချန် မပေါ့ဆဝံ့ပေ။

အကြောင်းရင်းမှာ နောက်ဆုံးလှေကားထစ် သုံးဆင့်သည် ကျော်ဖြတ်ရန် အခက်ခဲဆုံး လှေကားထစ်များ ဖြစ်မည်ကို ကောင်းစွာ သိထားသောကြောင့်ပင်။

သို့သော်လည်း နောက်ဆုံး လှေကားထစ် သုံးထစ်သည် မည်မျှပင် ခက်ခဲသည်ဖြစ်စေ၊ ဤအဆင့်အထိပင် ရောက်ရှိလာပြီ ဖြစ်ရာ ကျန်းချန်သည် အဘယ်ကြောင့် အလျှော့ပေးရပါမည်နည်း။

ကျန်းချန်က သူ့ကိုယ်သူ အကြွင်းမဲ့ဓားအင်မော်တယ်မှ ထိပ်တန်းပါရမီရှင်များထက် မညံ့ဖျင်းကြောင်း ယုံကြည်မှုအပြည့်ရှိနေခဲ့၏။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ ပါရမီရှင်များက စမ်းသပ်မှုကို ကျော်ဖြတ်ကာ ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲသို့ ဝင်ရောက်နိုင်လျှင် သူသည်လည်း မလုပ်နိုင်စရာအကြောင်းမရှိပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေထဲကို ပျံသန်းသွားခဲ့ကာ နှစ်ဆယ့်ရှစ်ထစ်မြောက် လှေကားထစ် ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

နှစ်ဆယ့်ရှစ်ထစ်မြောက် လှေကားထစ်ရှိ ဟင်းလင်းပြင်သည် တစ်ခဏမျှ တုန်ခါသွားခဲ့ပြီးနောက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ဦးသည် ကျန်းချန်၏ ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

ထိုအဖြူရောင်ဝတ်စုံဝတ်လူက ကျန်းချန်ကို အကဲခတ်လိုက်ပြီးနောက်တွင် တအံ့တဩ ရေရွတ်လိုက်သည်။

“ကောင်လေး.. နောက်ဆုံးလှေကားထစ် သုံးဆင့်ကို ဒီလောက်ထိ မြန်မြန်ဆန်ဆန် ရောက်လာတယ် ဆိုတော့ မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”

ကျန်းချန်က ရုတ်တရက် အံ့ဩ ထိတ်လန့်သွားခဲ့သည်။

နှစ်ဆယ့်ရှစ်ထစ်မြောက် လှေကားထစ်ရှိ အဖြူရောင်ဝတ်စုံဝတ်လူတွင် ကိုယ်ပိုင်အသိစိတ် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန်က စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ထူးဆန်းစွာ မေးမြန်းလိုက်သည်။

“ဒီစကားက ဘာကိုဆိုလိုတာလဲ စီနီယာ.. ဒီအဆင့်အထိ ရောက်လာတဲ့သူ တစ်ယောက်မှ မရှိသေးလို့လား”

“ဟုတ်တယ် မင်းက နောက်ဆုံးလှေကားထစ် သုံးဆင့်ကို ရောက်လာတဲ့ ပထမဆုံးလူပဲ.. အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ရဲ့ သမိုင်းတစ်လျှောက်မှာ မင်းက ဒီနေရာကို အမြန်ဆုံးရောက်လာတဲ့ ပထမဆုံးလူပဲ”

အဖြူရောင်ဝတ်စုံဝတ်လူက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ကောင်လေး အပိုစကားတွေ မေးမနေနဲ့တော့.. ငါတို့ ရင်ဆိုင်ကြရအောင် ငါအရှင်က မင်းရဲ့ ကျင့်ကြံမှု အဆင့်အတိုင်းပဲ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို နှိမ့်ချထားပေးမယ်.. ငါအရှင်ကို အနိုင်ယူနိုင်သရွေ့ မင်းနောက်တစ်ဆင့်ကို တက်နိုင်မှာပါ”

အခန်း(၂၈၁၇)ပြီး၏။

အခန်း(၂၈၁၈)

“အရှင်တဲ့လား”

အဖြူရောင်ဝတ်စုံဝတ်လူ၏ မိမိကိုယ် မိမိ ရည်ညွှန်းလိုက်သော နာမ်စားကို ကြားလိုက်ရလျှင် ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

အင်မော်တယ်လောကတွင် တလော့အဆင့်သို့ ရောက်ရှိသူများသာလျှင် ကိုယ့်ကိုယ်ကို အရှင်ဟု ခေါ်ဆိုရန် အရည်အချင်း ရှိကြသည်။

ဆိုရလျှင် သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ်လူ၏ မူလခန္ဓာကိုယ်သည် တလော့အဆင့် အင်မော်တယ်တစ်ပါး ဖြစ်နိုင်ခြေ အလွန်များနေခဲ့သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ အဖြူရောင်ဝတ်စုံဝတ်လူကို လက်သီးဆုပ်၍ ဂါဝရပြုကာ မေးမြန်းလိုက်သည်။

“စီနီယာက ဘယ်သူလဲ ဆိုတာ ကျွန်တော်သိလို့ရမလား”

ဤအချိန်တွင် နှစ်ဆယ့်ငါးထစ်မြောက်လှေကားထစ်မှ စတင်ကာ သူရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်များက အဘယ်ကြောင့် ဤမျှအထိ အစွမ်းထက်နေမှန်း ကျန်းချန် အဆုံးသတ်၌ နားလည်သွားခဲ့သည်။

အကြောင်းရင်းမှာ ထိုပြိုင်ဘက်များသည် သူနှင့် ကျင့်ကြံခြင်းအဆင့် တူညီကြသော်လည်း စစ်မှန်သော ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူများ မဟုတ်သောကြောင့်ပင်။

ဥပမာအားဖြင့် သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ်လူသည် တလော့အဆင့် အင်မော်တယ်တစ်ပါး ဖြစ်သော်လည်း နှစ်ဆယ့်ရှစ်ထစ်မြောက် လှေကားထစ်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကျန်းချန်နှင့် အဆင့်တူအထိ နှိမ့်ချထားခဲ့သည်။

ကျင့်ကြံခြင်းအဆင့်ကို မည်သို့ပင် နှိမ့်ချထားစေကာမူ တိုက်ပွဲဝင်စွမ်းရည်နှင့် အတွေ့အကြုံများသည် တလော့အင်မော်တယ် အဆင့်တွင် ရှိနေဆဲ ဖြစ်၏။

ယခင် လှေကားထစ် အနည်းငယ်မှ ပြိုင်ဘက်များသည် ဤ အဖြူရောင်ဝတ်စုံဝတ် လူလောက် အစွမ်းမထက်နိုင်သော်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ထက် များစွာ သာလွန်နေလောက်၏။

၎င်းတို့သည် အနည်းဆုံး ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ ဖြစ်နိုင်လောက်သည်ဟု သူထင်မြင်မိသည်။

“ငါက အရှင်ထျန်းချွယ်ပဲ”

အဖြူရောင်ဝတ်စုံဝတ်လူက ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကောင်လေး စတိုက်လို့ရပြီ.. အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်ရဲ့ သမိုင်းမှာ ကမ္ဘာဦးအင်မော်တယ်ရေကန်ကို ဝင်ရောက်နိုင်ဖို့ စမ်းသပ်မှုကို အမြန်ဆုံးကျော်ဖြတ်နိုင်ခဲ့တဲ့ စံချိန်က သုံးလပဲ.. မင်းမှာ အဲဒီစံချိန်ကို ချိုးဖျက်နိုင်မဲ့ အခွင့်အရေးရှိ မရှိ ငါ တကယ် သိချင်မိတယ်”

အကယ်၍ ဤအချိန်တွင် အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေမှ လူများသာ ဤနေရာတွင် ရှိနေခဲ့လျှင် အရှင်ထျန်းချွယ် ဟူသော နာမည်ကို ကြားသည်နှင့် ထိတ်လန့်တုန်လှုပ်သွားမည်မှာ သေချာသည်။

အရှင်ထျန်းချွယ်သည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ ဂန္တဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူ၏ ပါရမီမှာ အနှိုင်းမဲ့ပြီး အကြွင်းမဲ့ဓားအင်မော်တယ် ဆုတ်ယုတ်နေသော ခေတ်ကာလတွင် သူက ရှေးဟောင်းအမွေအနှစ် နယ်မြေကနေ အင်မော်တယ်ဘုရင်အဆင့် အမွေအနှစ်ကို ရရှိခဲ့သည်။

နှစ်ပေါင်းသုံးသောင်း မပြည့်မီမှာပင် သူက တလော့အင်မော်တယ် တစ်ပါး ဖြစ်လာခဲ့ပြီး အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ သမိုင်းတွင် အသက်အငယ်ဆုံး တလော့အင်မော်တယ်လည်း ဖြစ်ကာ အင်မော်တယ်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်ရန်ပင် အလွန်တရာ မျှော်လင့်ချက်ရှိသူ ဖြစ်ခဲ့သည်။

သို့သော်လည်း အရှင်ထျန်းချွယ်သည် နောက်ပိုင်းတွင် အကြောင်းရင်း မယ်မယ်ရရ မသိရဘဲ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကနေ ပျောက်ကွယ်သွားခဲ့ပြီး ထိုအချိန်မှစ၍ သတင်းအစအန မရတော့ပေ။

သို့မဟုတ်လျှင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် ယခုအချိန်၌ အင်‌မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ထပ်မံ ရှိနေမည်မှာ သေချာသလောက်ပင်။

“စီနီယာ.. ဒီလိုဆိုရင်လည်း ကျွန်တော် ရိုင်းပြမိရင် ခွင့်လွှတ်ပါ”

ကျန်းချန်က အားနာမနေတော့ဘဲ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို အသုံးပြုကာ အရှင်ထျန်းချွယ်ကို တိုက်ခိုက်လိုက်သည်။

ကျန်းချန်က တိုက်ခိုက်လိုက်သော်လည်း အရှင်ထျန်းချွယ်သည် လှုပ်ရှားမှုမရှိဘဲ တုံ့ပြန်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသကဲ့သို့ ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သို့ရာတွင် ကျန်းချန်၏ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကနေ ထုတ်ဖော်လိုက်သော ဓားအလင်းက အရှင်ထျန်းချွယ်၏ ခန္ဓာကိုယ် အနီးသို့ ‌ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အရှင်ထျန်းချွယ်၏ ခန္ဓာကိုယ်သည် အငွေ့ပျံပျောက်ကွယ်သွားသကဲ့သို့ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။

“အင်မော်တယ်ဘုရင် ကျွယ်ကျန့်ရဲ့ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းက တကယ်ကို အထင်ကြီးစရာပဲ.. ဒါပေမဲ့ မင်းရဲ့အင်အားက သိပ်ကို အားနည်းလွန်းနေသေးတော့ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းရဲ့ အနှစ်သာရကို သိပ်မပိုင်နိုင်သေးဘူး”

အရှင်ထျန်းချွယ်က ပြုံး၍ ပြောလိုက်သည်။

“ငါအရှင်ကို အစွမ်းကုန်သာ တိုက်ခိုက်စမ်းပါ.. ဘာမှ ထိမ်ချန်မထားနဲ့.. မဟုတ်ရင် ဒီအဆင့်ကို ကျော်ဖြတ်ဖို့ မင်းအတွက် အရမ်းကို ခက်ခဲလိမ့်မယ်”

ကျန်းချန်က ဘာစကားမျှ ပြန်မပြောခဲ့ဘဲ အပြာရောင်ဧကရာဇ်ဓားသိုင်း၊ နတ်ခန္ဓာပုံရိပ်ဖြစ်သည့် ပျက်စီးခြင်းဓားပုံရိပ်၊ ကောင်းကင်ဧကရာဇ် စည်းတံဆိပ် တို့ကို တစ်လှည့်စီအသုံးပြုခဲ့သော်လည်း အရှင်ထျန်းချွယ်၏ အင်္ကျီစကိုပင် ထိမိအောင် မလုပ်နိုင်ခဲ့ပေ။

“သိပ်ကို သန်မာလွန်းတာပဲ”

ကျန်းချန်က မချိပြုံး ပြုံးလိုက်ပြီး စိတ်ပျက်အားလျော့သလို ခံစားလိုက်ရသည်။

အရှင်ထျန်းချွယ်သည် သူ၏ ကျင့်ကြံမှုကို ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်အထိ နှိမ့်ချပေးထားသော်လည်း တလော့အဆင့် အင်မော်တယ်တစ်ပါး ဖြစ်နေသည့်အတွက် တိုက်ခိုက်ရေးစွမ်းရည်တွင် မယုံကြည်နိုင်လောက်သည်အထိ မြင့်မားနေခဲ့သည်။

ယခင်က သူ အသုံးပြုခဲ့သော နည်းလမ်းဖြစ်သည့် ပြိုင်ဘက်၏ စွမ်းအားကို ကုန်ဆုံးအောင် ပြုလုပ်သည့်နည်းလမ်းအား အသုံးပြုမည် ဆိုလျှင်ပင် အရှင်ထျန်းချွယ်၏ စွမ်းအားကို ကုန်ဆုံးအောင် လုပ်ရန်မှာ လွယ်ကူသောအလုပ်တစ်ခု မဟုတ်ပေ။

အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ အထူးချွန်ဆုံး ပါရမီရှင်သည်ပင် ကမ္ဘာဦးအင်မော်တယ်ရေကန် အတွင်းသို့ ဝင်ရောက်ရန် အဘယ်ကြောင့် သုံးလခန့် အချိန်ယူခဲ့ရမှန်း ကျန်းချန် အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

ဆိုရလျှင် နောက်ဆုံး အတားအဆီးသုံးခုသည် အမှန်တကယ်ပင် ခက်ခဲလွန်းနေခဲ့၏။

နှစ်ဆယ့်ရှစ်ထစ်မြောက် လှေကားထစ် တစ်ခုတည်းသည်ပင် အချိန်တိုအတွင်း ကျော်ဖြတ်နိုင်ရန် မဖြစ်နိုင်ပေ။

“ကောင်လေး.. မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှ ထိပ်တန်းအမွေအနှစ်တွေ အများကြီးရှိနေတယ် ဆိုတော့ မင်းရဲ့ ကံတရားကတကယ်ကို အနှိုင်းမဲ့ပဲ.. မင်းအတွက် ဒီအဆင့်ကို ကျော်ဖြတ်ဖို့က နည်းနည်းတော့ ခက်ခဲလိမ့်မယ်.. နှစ်ဆယ့်ခုနစ်ထစ်မြောက်ကို ပြန်ဆင်းပြီး တစ်ခဏလောက် သွားကျင့်ကြံလိုက်ဦး”

ထိုအချိန်တွင် အရှင်ထျန်းချွယ်၏ စကားသံက ကျန်းချန်၏ နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။

အရှင်ထျန်းချွယ်၏ စကားကိုကြားလျှင် ကျန်းချန်သည် စိတ်လှုပ်ရှားသွားခဲ့ပြီး အရှင်ထျန်းချွယ်ကို မေးမြန်းလိုက်သည်။

“စီနီယာ.. ကျွန်တော် တကယ်လို့ အဆင့်တက်သွားခဲ့ရင် စီနီယာရဲ့ ကျင့်ကြံမှုအဆင့်ကရော ပြောင်းလဲသွားမှာလား”

“ဟုတ်တယ်”

အရှင်ထျန်းချွယ်က ခေါင်းညိတ်ပြလိုက်သည်။

“ငါစတင်ပေါ်လာတဲ့ အချိန်ကစပြီး ငါ့ရဲ့ ​ကျင့်ကြံမှုက ပြောင်းလဲသွားမှာမဟုတ်ဘူး.. အင်အားသုံးစွဲမှုကြောင့် အားနည်းသွားတာလောက်ပဲ ရှိလိမ့်မယ်.. ဒီအတားအဆီးကို ကျော်ဖြတ်သူ အများစုက အဆင့်တက်ပြီးမှပဲ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်.. မဟုတ်ရင်တော့ အထူးချွန်ဆုံးပါရမီရှင်တွေ ဖြစ်နေရင်တောင် နောက်ဆုံးအဆင့် သုံးဆင့်ကို ကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်”

“သတိပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ”

ကျန်းချန်က ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက်တွင် နှစ်ဆယ့်ခုနစ်ထစ်မြောက် လှေကားထစ် ဆီသို့ ပြန်ဆင်းလာခဲ့သည်။

ဤတစ်ကြိမ်တွင်မူ ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို အသုံးပြုရန် ရည်ရွယ်ချက် မရှိတော့ပေ။

အကြောင်းရင်းမှာ အင်မော်တယ်ကျောက်တိုင်၏ ဝိညာဥ်က သူ့ကို ထပ်ခါတလဲလဲ သတိပေးထားသောကြောင့် ဖြစ်၏။

ယင်းမှာ အလွန်အမင်း အကျပ်အတည်း ဖြစ်နေသည့် အခြေအနေမှလွဲ၍ အစွမ်းထက် ပုဂ္ဂိုလ်များ၏ရှေ့တွင် အင်မော်တယ်ကျောက်တိုင်ကို မထုတ်ဖော်ရန် ဖြစ်သည်။

သို့မှသာ အဆုံးမဲ့ ဒုက္ခများကို မကြုံတွေ့ရမည် ဖြစ်၏။

ယခု သူ့ရှေ့ရှိ အရှင်ထျန်းချွယ်သည် ကိုယ်ပိုင်အသိစိတ် ရှိနေသူ ဖြစ်သည်။

ထို့ကြောင့် သူ၏ ဘေးကင်းရေး အတွက် ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို လွယ်လွယ်နှင့် အသုံးပြုလိမ့်မည် မဟုတ်ပေ။

နှစ်ဆယ့်ခုနစ်ထစ်မြောက် လှေကားထစ် ဆီသို့ ပြန်ဆင်းပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ကျင့်ကြံရန်အတွက် အချိန်မျှော်စင် ထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။

နှစ်ဆယ့်ရှစ်ထစ်မြောက် လှေကားထစ်ရှိ အရှင်ထျန်းချွယ်ကို ရင်ဆိုင်ရန်မှာ အတော်လေး ခက်ခဲလွန်းနေခဲ့၏။

ကျင့်ကြံမှု အဆင့်ချင်း တူညီနေသရွေ့ အရှင်ထျန်းချွယ်၏ စွမ်းအားကို တဖြည်းဖြည်း ကုန်ဆုံးစေရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။

ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ လက်ရှိ ကျင့်ကြံမှုအဆင့်ထက် ပို၍ မြင့်မားသော အဆင့်သို့ တက်လှမ်းရန်ပင် ဖြစ်သည်။

သူ့တွင် အဆတစ်ရာစနစ် ရှိရုံသာမက အချိန်မျှော်စင်၏ ဆယ်ဆမြန်သော အချိန်စီးဆင်းမှုလည်း ရှိသည်။

အဆင့်တက်သည့် မြန်နှုန်းအရ ဆိုလျှင် သူ့အနေဖြင့် မည်သူ့ထက်မျှ မနိမ့်ကျပေ။

ကျန်းချန်က အချိန်မျှော်စင်အတွင်း၌ ဆယ်လခန့် အချိန်ဖြုန်းခဲ့ပြီး အမည်မဲ့အင်မော်တယ်နှင်းရည် နှစ်စက်ကို ဆက်တိုက်ဆိုသလို မျိုချကာ နှစ်ကြိမ်တိုင်တိုင် ဥာဏ်အလင်းပွင့်မှုကို ရရှိခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အချိန်မျှော်စင်အတွင်း၌ ဆယ်လသည် ပြင်ပလောကရှိ အချိန်နှင့်ဆိုလျှင် ရက်ပေါင်း နှစ်ဆယ်နီးပါးနှင့် ညီမျှ၏။

ကျန်းချန်က အချိန်မျှော်စင်ထဲမှ ထွက်လာပြီးနောက်တွင် နှစ်ဆယ့်ရှစ်ထစ်မြောက် လှေကားထစ် ဆီသို့ တက်လှမ်းသွားခဲ့ပြီး အရှင်ထျန်းချွယ်နှင့် နောက်တစ်ကြိမ် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

“မင်း အဆင့်တက်တာ မြန်လှချည်လား”

အရှင်ထျန်းချွယ်က ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

“ဘာလို့ ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်အထိ မထိုးဖောက်ရတာလဲ.. ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်ကို ရောက်ရင် မင်းအတွက် ကျော်ဖြတ်နိုင်မဲ့ အခွင့်အရေး ပိုများသွားလိမ့်မယ်”

“အရင်စမ်းကြည့်ဦးမယ် စီနီယာ.. တကယ်လို့ မရ‌သေးဘူးဆိုရင်လည်း နှစ်ဆယ့်ခုနစ်ထစ်မြောက် လှေကားထစ်ကို နောက်တစ်ကြိမ် ပြန်ဆင်းရတာပေါ့”

ထို့နောက်တွင် ကျန်းချန်သည် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ ဓားကွက်များဖြင့် အရှင်ထျန်းချွယ်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်လိုက်သည်။

သူက ပို၍ သန်မာလာလေလေ သူ့ရှေ့ရှိ အရှင်ထျန်းချွယ်ကို ပို၍ မြန်ဆန်စွာ အနိုင်ယူနိုင်လေလေ ဖြစ်မှန်း ကျန်းချန် ကောင်းစွာ သိထားခဲ့သည်။

သို့သော် အရှင်ထျန်းချွယ်ကို ဖြေရှင်းပြီးလျှင်ပင် သူ့ကို စောင့်ကြိုနေသည့် နောက်ထပ် လှေကားထစ်နှစ်ထစ် ကျန်ရှိနေသေး၏။

အကယ်၍ သူက ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်သို့ တက်လှမ်းပြီးမှ အရှင်ထျန်းချွယ်ကို အနိုင်ယူခဲ့မည် ဆိုလျှင် နှစ်ဆယ့်ကိုးထစ်မြောက် လှေကားထစ်သို့ ရောက်ရှိချိန်တွင် သူရင်ဆိုင်ရမည့် ပြိုင်ဘက်မှာ ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့် ဖြစ်နေပေလိမ့်မည် မဟုတ်ပါလော။

အကယ်၍ သူသာ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်အထွတ်အထိပ်ဖြင့် နှစ်ဆယ့်ရှစ်ထစ်မြောက် လှေကားထစ်ကို ကျော်ဖြတ်နိုင်ခဲ့လျှင် နှစ်ဆယ့်ကိုးထစ်မြောက် လှေကားထစ်သို့ ရောက်ရှိချိန်တွင် သူ၏ ပြိုင်ဘက်သည်လည်း ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်သာ ဖြစ်နေပေလိမ့်မည်။

ထိုအချိန်သို့ ရောက်မှသာ သူက ကောင်းကင်အင်မော်တယ်ပဉ္စမအဆင့်သို့ တက်လှမ်းလိုက်လျှင် နှစ်ဆယ့်ကိုးထစ်မြောက် လှေကားထစ်ကို ကျော်ဖြတ်ရန်မှာ များစွာ လွယ်ကူသွားလိမ့်မည် ဖြစ်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း သုံးကွက်သည် တစ်ကွက်နှင့်တစ်ကွက် ဆက်စပ်သွားခဲ့ကာ ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးလွှမ်းသွားစေခဲ့ပြီး အရှင်ထျန်းချွယ် ဆီသို့ ဦးတည်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင် ကျန်းချန်၏ တိုက်ခိုက်မှုသည် အရှင်ထျန်းချွယ်၏ ပေတစ်ရာ အကွာတွင် တားဆီးခြင်း မခံရတော့ပေ။

အရှင်ထျန်းချွယ်က လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ဓားစွမ်းအား သုံးခုကို ထုတ်ဖော်လိုက်မှသာ ကျန်းချန်၏ တိုက်ခိုက်မှုကို ဖြေရှင်းနိုင်ခဲ့သည်။

အခန်း(၂၈၁၈)ပြီး၏။

All Chapters