← Chapters

စိန်ခေါ်စာ

Vol. 13 Ch. 195

စိန်ခေါ်စာ

Vol. 13 Ch. 195

“စပါ”

လီကျင့်က ကိုယ်နေဟန်ထားပြင်၍ ပြောလိုက်သည်။

“အရင်စပါ”

အလီက ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြန်ပြောသည်။

လီကျင့်၏ မျက်လုံးတွင် ဒေါသရိပ် ဖြတ်ပြေးသွားသည်။ သူသည် လက်သီးကို ဆုပ်၍ အရိုအသေ ပေးလိုက်သည်။ ထို့နောက် ရှေ့သို ခြေတစ်လှမ်းတိုးလိုက်ပြီး မြားတစ်စင်းသဖွယ် ရှေ့သို့ ပြေးတက်လာသည်။ သူသည် တစ်ချက်ခုန်လိုက်ပြီး လက်သီးကိုဝင့်၍ အလီကို ပိတ်ထိုးလေသည်။

ထိုလက်သီးချက်သည် လျင်မြန်လှပြီး တစ်ကိုယ်လုံးမှ ခွန်အားအားလုံးကို စုစည်းထည့်သွင်းထားသည်။ သူ့ပုံစံက လှောင်အိမ်ထဲမှ လွတ်လာသော ကြောက်စရာကောင်းသည့် ကျားတစ်ကောင်နှင့် တူနေပြီး ကြိုးဝိုင်းအောက် မှလူများ ထိတ်လန့်သွားကြသည်။

အလီက အထင်သေးသော အပြုံးမျိုး ပြုံးလေသည်။ လက်သီးက သူ့အနားသို့ ရောက်လာခါနီးသောအခါ သူသည် သက်တောင့်သက်သာဖြင့် လက်ကိုမြှောက်လိုက်သည်။

“ဒုန်း”

သူ၏ ကြီးမားသော လက်ဝါးက လီကျင့်၏ လက်သီးကို အသာလေး ဖမ်းဆုပ်သွားသည်။

ချက်ချင်းဆိုသလိုပင် လီကျင့်၏ အမူအရာ မည်းမှောင်သွားပြီး ကိုယ်ကိုကိုင်း၍ ခြေထောက်ဖြင့် ပင့်ကန်လိုက်သည်။

သူ့ဒူးက အလီ၏ ရင်ဘတ်ကို တန်းတန်းမတ်မတ် ဦးတည်နေပြီး အဆက်မပြတ် တိုက်ခတ်နေသော မုန်တိုင်း သဖွယ် တိုက်စစ်ဆင်လေသည်။

သို့သော် ထိုကန်ချက်ကိုလည်း အလီ၏ လက်မောင်းများက အေးအေးလူလူ ဟန့်တားလိုက်သည်။ ထို့နောက် သူသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး လီကျင့်အား ကြက်တစ်ကောင်သဖွယ် မ၍ ကြိုးဝိုင်းအပြင်သို့ ပစ်ထုတ် လိုက်သည်။

လီကျင့် ကူကယ်ရာမဲ့၍ ခွန်အားမဲ့သလို ခံစားလိုက်ရသည်။

အလီနှင့် ရင်ဆိုင်ရသောအခါ သူသည် ကလေးတစ်ယောက်သဖွယ် အခြားသူ၏ ကစားခြင်း ခံရသလို ခံစားနေရသည်။ သူ့ကို သူ ထိုးနှက်နိုင်လျင်တောင်မှ ကြီးကြီးမားမား ထိခိုက်အောင် မလုပ်နိုင်ချေ။

သူတို့၏ ကိုယ်လုံးကိုယ်ပေါက် ကွာခြားမှုက ကြီးမားလွန်းလှသည်။

“ကောင်းတယ်ဟေ့”

ပွဲကြည့်ပရိသတ်ထဲမှ နိုင်ငံခြားသားများက ကျယ်လောင်စွာ အော်ဟစ်အားပေးကြသည်။ သူတို့ထဲမှ အချို့ဆိုလျင် ရွှီခနဲပင် အသံပြုကြသေးသည်။

“တရုတ်ကွန်ဖူးက အမှိုက်ပဲ”

“ဟဲဟဲ မင်းက အားနည်းလွန်းတယ်”

အလီက ပေါ့ပေါ့ပါးပါး ရယ်မောလေသည်။

“ဒါလား တရုတ်ကွန်ဖူးဆိုတာ”

လူအုပ်ထဲမှ တရုတ်လူမျိုးများအားလုံး ခါးသီးသော အမူအရာမျိုး ဖြစ်လာကြသည်။ လီကျင့်နှင့် အပေါင်းအပါ များသည် လီကျင့်က တစ်ချိန်က နာမည်ကြီးခဲ့သော သိုင်းပညာ အနုပညာရှင်ဟူသည့် ကောလာဟလများကို ကြားဖူးကြသည်။ အထူးသဖြင့် သူက တကယ့် ကွန်ဖူးကို လေ့ကျင့်ခဲ့ခြင်းပင်။ သို့သော် သူ့ကွန်ဖူးက အလီရှေ့တွင် ဘာမှမဟုတ်ခဲ့ဘဲ အရာအားလုံးက ဟန်ထုတ်ရုံသက်သက် ဖြစ်သွားခဲ့သည်။

*တရုတ်ကွန်ဖူးက အဲ့လောက် အားနည်းတာလား*

သူတို့ နှုတ်ခမ်းကို ဖိကိုက်ထားပြီး စိတ်ထဲ၌ တုန်လှုပ်နေကြသည်။

အလီက ရှေ့သို့နှစ်လှမ်းထိုးလာပြီး လီကျင့်အား သူ၏ မိုးထိုးနေသော အရပ်မှနေ၍ ငုံ့ကြည့်လေသည်။

“ငါ အခု ဒီမှာ ရပ်နေတယ်၊ မင်း ငါ့ကို ပြန်တွန်းနိုင်ရင် ငါ မင်း တောင်းဆိုတာကို လက်ခံမယ်”

မောက်မာသော လေသံ၌ လီကျင့်ကို အထင်သေးဟန်တို့ ပါဝင်နေသည်။

“မင်းတင် မဟုတ်ဘူး၊ မင်းမိတ်ဆွေတွေလည်း ကြိုးဝိုင်းထဲ လာလို့ရတယ်၊ မင်းတို့ ငါ့ကို တွန်းနိုင်ဖို့ပဲ လိုတာ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ တရုတ်လူမျိုးများက မှင်တက်နေချိန်မှာတော့ နိုင်ငံခြားသားများက ရယ်မောနေ၏။

“ဒါ လွန်လွန်းတယ်”

လီကျင့် ဒေါသကြောင့် တုန်နေသည်။ ဤသည်က သူတို့ကို စော်ကားလိုက်ရုံတင် မကဘဲ သူတို့၏ အမွေအနှစ်ကိုပါ စော်ကားလိုက်ခြင်းပင်။

သိုင်းပညာ စတန့်သမား သုံးယောက်က အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အံကြိတ်၍ ကြိုးဝိုင်းထံသို့ လျှောက်လာကြသည်။

လေးယောက်နှင့် တစ်ယောက်။ ယင်းက မမျှတသော်လည်း လီကျင့်၌ ရွေးချယ်စရာ မရှိပေ။

“ဟားဟား လာလိုက်စမ်းပါ”

အလီက သရော်တော်တော် ရယ်မော၍ လေးယောက်လုံးအား ကျားတစ်ကောင်သဖွယ် စူးစိုက်ကြည့်နေ၏။

“တက်”

လေးယောက်လုံး ပြိုင်တူ ပြေးတက်လာပြီး လူခွဲ၍ မတူညီသော အရပ်မျက်နှာများမှာ အလီ၏ ခြေလက်များကို ဦးတည် တိုက်ခိုက်လေသည်။

သူတို့ နည်းလမ်းပေါင်းစုံ အသုံးပြုကြသည်။ တစ်ယောက်က ကန်ချက်ကို အာရုံစိုက်ထားပြီး ‌နောက်တစ်ယောက်က လုံးထွေးသက်ပုတ်ခြင်းကို အလေးထားကာ လီကျင့်က လက်သီးကို အသုံးပြုလေသည်။ သူ၏ ထင်ရှားသော တိုက်ကွက်ကို ထုတ်ဖော်လိုက်ပြီး တရုတ်ကွန်ဖူး၏ ဂုဏ်သိက္ခာကို ဆောင်နိုင်ရန် အဘယ်သို့သော အကျိုးဆက်များ ရှိနေပါစေ သူတို့ နိုင်ငံခြားသားများ အထင်သေးအောင် ပြုလုပ်၍ မဖြစ်ပေ။

“ဘန်း ဘန်း ဘန်း ဘန်း”

အသံလေးသံကို ကြားလိုက်ရသည်။ သူတို့၏ တိုက်ခိုက်မှုများက အလီထံ ကျရောက်သွားသော်လည်း သူက တစ်လက်မလေးမျှ မရွေ့ချေ။

“အားနည်းတယ်၊ အားနည်းလွန်းတယ်၊ ဒါ တရုတ်ကွန်ဖူးရဲ့ ခွန်အားလား”

အလီက အေးတိအေးစက် ရယ်မောလေသည်။ သူ့ခြေလက်များကို လွှဲယမ်းလိုက်သည်နှင့် လေးယောက်လုံး လွင့်ထွက်သွားသည်။

“အချိန်ကုန်လိုက်တာ”

သူ ခေါင်းယမ်းလိုက်သည်။

“မင်းတို့က ဒီလို လွယ်တဲ့သူတွေမှန်းသာ ငါ သိခဲ့ရင် ငါကိုယ်တိုင်တောင် လုပ်စရာ မလိုလောက်ဘူး”

လီကျင့်နှင့် ကျန်သုံးယောက်တို့ စိတ်ဓာတ်ကျဆင်းသွားသည်။

“လက်ဝှေ့ချန်ပီယံက ဒီလောက် သန်မာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

လီထိုက်က ရေရွတ်ရင်း ခုံ၌ အားမရှိစွာ ထိုင်နေပြီး မျက်လုံးတွင် စိုးရိမ်ပူပန်ဟန်တို့ ပြည့်နှက်လာသည်။

သူက သန်မာလွန်းသည်။ လုံးဝကို မတူညီသော အဆင့်ပင်။

လီကျင့်နှင့် စတန့်သမား သုံးယောက်၏ ကွန်ဖူးကို သူ မြင်ဖူးပါသည်။ သူတို့ နံရံပေါ်တွင် လမ်းလျှောက်ခြင်းတို့ မလုပ်နိုင်သော်လည်း သာမန်လူများထက် များစွာ သန်မာပါသည်။ သူတို့ကို အထူးအင်အားစုများနှင့်ပင် ယှဉ်နိုင်လောက်သည်။ သူတို့တွင် စုံလင်သော နည်းပညာများ ရှိသော်လည်း ဘယ်သူကမှ အလီကို ဘာမှမလုပ်နိုင်ကြချေ။

သူတို့၏ ကျွမ်းကျင်မှုက ဖိနှိပ်နိုင်သော ခွန်အားအောက်၌ ပြိုလဲသွားလေပြီ။ အလီက သူတို့ကို လုံးဝ ဖိနှိပ်ခဲ့သည်။

“အဲ့လူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ”

ရှုနန်သည်လည်း အံ့ဩနေ၏။

လီကျင့်တို့၏ အဖွဲ့လိုက် တိုက်ခိုက်မှုက ထိုမျှ အားမပျော့ပါ။ သို့သော် အလီ၏ ခံစစ်ကို မကျော်နိုင်ချေ။ ထို့အပြင် ယောက်ျားသား လေးယောက်၏ ခွန်အားက အလီ့ကို မမီချေ။ သူက ဘယ်လောက် သန်မာနေသနည်း။

*ဒါက ... ကြောက်ဖို့ကောင်းလွန်းတယ်*

“ဟားဟား ငါ အရင်က ပြောခဲ့ဖူးသားပဲ၊ တရုတ်ကွန်ဖူးဆိုတာ ဟန်ပြသက်သက်ပဲ၊ လက်ဝှေ့နဲ့ယှဉ်ရင် လုံးဝ အမှိုက်ပဲ”

လုချောင်းက ရယ်မောလေသည်။

“အလီက တကယ် မလှုပ်ရှားလို့၊ သူသာ တကယ် လှုပ်ရှားရင် လက်သီးချက် တစ်ချက်ပဲ လိုတယ်၊ အဲ့လေးယောက် ခုခံနိုင်မယ်လို့ မင်း ထင်လား”

“အလီ အလီ အလီ”

“အင်္ဂလန်ဂုဏ်ဆောင်ကွ”

“တရုတ်ကွန်ဖူးက အမှိုက်ပဲ”

ခန်းမထဲမှ နိုင်ငံခြားသားများအားလုံးက ဆူညံစွာ အားပေးနေပြီး တရုတ်လူမျိုးများက တိတ်ဆိတ်နေ၏။

အလီ၏ ခွန်အားက သူတို့စိတ်ထဲ စွဲထင်သွားသည်။ ရုပ်ရှင်ထဲမှ သိုင်းပညာ ထူးချွန်သူ တစ်ယောက်သာ မဟုတ်လျင် အခြား ဘယ်သူက လက်ဝှေ့ချန်ပီယံဟောင်းကို အနိုင်ယူနိုင်မည်နည်း။

*အဲ့လိုလူမျိုး ရှိလို့လား၊ တရုတ်ကွန်ဖူးက အဲ့လောက်အဆင့်ထိ လေ့ကျင့်နိုင်လို့လား*

ယင်းက လုံးဝ မဖြစ်နိုင်ချေ။

“ငါတို့ ရဲ့လင်းချန်ကို ခေါ်လိုက်ကြမလား”

အစ်မလင်းက မေးလာသည်။ လီထိုက်က သက်ပြင်းချပြီးမှ ခေါင်းခါလေ၏။

“ငါတို့ သခင်လေးရဲ့ကို လာဖို့ပြောရင်တောင်မှ ဘာမှ အကူအညီဖြစ်မှ မဟုတ်ဘူး၊ ဒါ ငါ မသိနားမလည်ဘဲ မစဉ်းစားလို့ ဖြစ်သွားခဲ့တာ”

လက်ဝှေ့ချန်ပီယံက သန်မာလွန်းပြီး မာနကြီးသည်။ သူ့ကို သရုပ်ဆောင်ခိုင်းခြင်းက မဖြစ်နိုင်လုနီးပါးသော အရာပင်။

ရဲ့လင်းချန်က ကွန်ဖူးကို သိသော်လည်း လက်ဝှေ့ချန်ပီယံကို ယှဉ်နိုင်လိမ့်မည်ဟု လီထိုက် မထင်ပါ။

“ငါတို့ သူ့ကို အငြင်းခံလိုက်ရတယ်လို့ ပြောလိုက်မယ်၊ ပြီးမှ အခြားတစ်နည်းနည်းကို စဉ်းစားကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံထဲမှာ နိုင်ငံခြားသားတွေ အများကြီးပါ”

ရှောင်ဖေးဖေးက အကြံပြုသည်။

ဤအရှက်ခွဲခံရသော ကိစ္စကို ရဲ့လင်းချန် မသိသည်က ပိုကောင်းပေ၏။

“တရုတ်ကွန်ဖူးက အမှိုက် မဟုတ်ဘူး”

လီကျင့်က တစ်လုံးချင်း အော်ပြောကာ ကြမ်းပြင်ပေါ်မှ ဖြည်းဖြည်းချင်း ထလာသည်။ အလီက သူ့ကို စိတ်ဝင်စားဟန်ဖြင့် ကြည့်လာသည်။

“မင်း ငါတို့ကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတာကလည်း ငါတို့က ငါတို့ပညာမှာ အကောင်းဆုံး ဟုတ်မနေလို့ပဲ၊ ငါတို့က ငါတို့ တရုတ်ကွန်ဖူးရဲ့ နက်ရှိုင်းတဲ့ ပညာရပ်တွေထဲက အပေါ်ယံလောက်ပဲ ရှိတာ၊ မင်းက တကယ့် ပညာရှင်ကို မတွေ့ဖူးလို့ မောက်မာနေတာ”

လီကျင့်က ဆက်ပြောသည်။ အခြားသူများ တရုတ်ကွန်ဖူးပညာအား အထင်သေးသည်ကို သူ သည်းမခံနိုင်ပါ။

“တကယ့် ပညာရှင်”

အလီက အထင်သေး စက်ဆုပ်ဟန် ပြုံးလေသည်။

“မင်းတို့ တရုတ်လူမျိုးတွေက ကြွားဝါရတာကို သဘောကျတာပဲ၊ ပညာရှင်က ဘယ်မှာလဲ၊ ငါ တရုတ်ကို ရောက်နေတာ နှစ်တွေ ဒီလောက် ကြာနေပြီ၊ ငါ့လက်သီးချက် တစ်ချက်ကို ခံနိုင်တဲ့လူဆိုလို့ တစ်ယောက်တောင် မတွေ့သေးဘူး”

“မင်းတို့ လုပ်နိုင်တာဆိုလို့ ကြွားဖို့ပဲ တတ်တယ်၊ တကယ်တော့ ဟော်ရန်ကျားလို ရုပ်ရှင်မျိုး ထုတ်လုပ်တာက မင်းတို့ကိုယ်မင်းတို့ လှည့်စားတာပဲ၊ တရုတ်ကွန်ဖူးက အမှိုက်တစ်စပဲ၊ မင်း သဘောမတူရင် ငါ့ကို အချိန်မရွေး စိန်ခေါ်လို့ ရတယ်၊ ငါ အဆုံးထိ တိုက်မယ်၊ ဒါ အလီဆိုတဲ့ ငါ့ရဲ့ ကြေညာချက်ပဲ”

အလီသည် ကျောက်တိုင်သဖွယ် မားမားမတ်မတ် ရပ်နေပြီး သူ့အသံက ပွဲကြည့်ပရိသတ်တိုင်း၏ နားစည်သို့ ရိုက်ခတ်လာ၏။

တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ် ...

တိတ်ဆိတ်၍နေ၏။

အလီ၏ အရှိန်အဝါ၏ လွှမ်းမိုးခြင်း ခံထားရသဖြင့် ဘယ်သူမှ စကားတစ်ခွန်းပင် မပြောနိုင်ကြချေ။

ယင်းက လက်ဝှေ့ပညာက တရုတ်ကွန်ဖူးထံ ထုတ်ပြန်လိုက်သည့် စိန်ခေါ်စာပင်။

All Chapters