← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉) ပြောပြီးပြီလေ။ မင်းကို လိုချင်တယ်လို့

ချွေ့ယွိက ယွီးရှောင်ရှောင် ရှေ့မှာ ဒူးထောက်ချလိုက်ပြီး ပြောတယ်။

"မင်းသမီးလေး အသက်ချမ်းသာပေးပါ"

ယွီးရှောင်ရှောင် မျက်တောင်တခတ်ခတ် ဖြစ်သွားတယ်။ လူသတ်မယ်လို့ သူမ မပြောခဲ့ပါဘူးနော်။

ကျင်းကျုံးက ဘေးမှာ မတ်မတ်ရပ်ပြီး ဘာမှ မသိချင်ယောင် ဆောင်နေတယ်။ လင်းလုံမင်းသမီးက လူသတ်တာ သွေးတောင် မထွက်ဘူး။ ချွေ့ယွိက ဆဋ္ဌမမင်းသားရဲ့ အမေအရင်းတဲ့လား။ မင်းသမီးကြီး ပါးစပ်ကနေ ဒီလို စကားမျိုး ထွက်လာပြီး နန်းတော် အပြင်ကို ရောက်သွားရင် ဒါက ကိုယ်ဝန်ဆောင် အငှားငှားပြီး ကလေးမွေးခိုင်းတဲ့ နန်းတွင်း လျှို့ဝှက်ချက် တစ်ခု ဖြစ်သွားမှာပဲ။ ကျောင်းမိဖုရားက အခုလည်း အခြေအနေ မကောင်းတာကို တခြား မိဖုရားတွေကသာ ဒီအချက်ကို ကိုင်ပေါက်ရင် ကျောင်းမိဖုရားက တကယ်ကို လေးဖက်လေးတန် ရန်သူတွေ ဝိုင်းနေတဲ့ အခြေအနေကို ရောက်သွားမှာပဲ။

"သူ ဘာကို ဆိုလိုတာလဲ"

ယွီးရှောင်ရှောင်က ကျင်းကျုံးကို မေးလိုက်တယ်။

ကျင်းကျုံးက ယွီးရှောင်ရှောင်ကို ရယ်ပြပေမဲ့ ဘာမှ မပြောဘူး။ မင်းသမီးကို ကူညီပြီး ကျောင်းမိဖုရားကို ဓားနဲ့ ထိုးတဲ့ အလုပ်ကို သူ လောလောဆယ် မလုပ်ချင်သေးဘူးလေ။

"သွားမယ်"

ယွီးရှောင်ရှောင်က ကျောင်းမိဖုရားရဲ့ ဒီသူငယ်ချင်းလေး ဘာဖြစ်သွားလဲ ဆိုတာကို နားမလည်တာကြောင့် ချွေ့ယွိကို မြန်မြန် သွားဖို့ ပြောလိုက်တယ်။

ချွေ့ယွိက ဒယိမ်းဒယိုင်နဲ့ ထပြီး ရှေ့ကနေ လမ်းပြပေးတယ်။

ယွီးရှောင်ရှောင်က ချွေ့ယွီနောက်ကနေ မင်ကွမ်း နန်းဆောင်က ထွက်လာပေမဲ့ လမ်းလျှောက်တာ နှေးလွန်းလို့ စိတ်မရှည် ဖြစ်လာတယ်။ နန်းတွင်း အမျိုးသမီးတွေက ခြေလှမ်း သေးသေးလေးတွေနဲ့ လျှောက်ရတယ် ဆိုပေမဲ့ အမြဲတမ်း ခြေလှမ်းကျဲကျဲနဲ့ သွက်သွက်လက်လက် လျှောက်တတ်တဲ့ နည်းပြယွီး အနေနဲ့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။

"သူ လမ်းလျှောက်တာ ထမင်းမစားထားတဲ့ အတိုင်းပဲ။ ကျွန်မ ရှောင်လျိုကို ခေါ်ပြီး ချူချင်း နန်းဆောင်ကို အရင် သွားနှင့်မယ်" လို့ ယွီးရှောင်ရှောင်က ကျင်းကျုံးကို လှည့်ပြောလိုက်တယ်။

"မင်းသမီးလေး"

ကျင်းကျုံးက ယွီးရှောင်ရှောင်ကို 'မင်းသမီးလေး' လို့ပဲ ခေါ်လိုက်ရသေးတယ်၊ မင်းသမီးလေးက လမ်းဘေးက ပန်းခြုံတွေကို ကျော်ပြီး ယွီးကျစ်မင်ကို ပခုံးပေါ် ထမ်းကာ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားပြီ။

ချွေ့ယွိက ကြောက်လန့်တကြားနဲ့ ကျင်းကျုံးကို ပြောလိုက်တယ်။

"အမတ်ချုပ်ကြီး။ ဒီလိုဆိုရင် မင်းသမီးလေးက သတင်းမပို့ဘဲ ချူချင်း နန်းဆောင်ထဲကို ဝင်သွားလိမ့်မယ်"

အဲဒီမှာ ရှိနေတဲ့ အစေခံတွေ၊ မိန်းမစိုးတွေ အကုန်လုံး တိတ်ဆိတ်သွားကြတယ်။ ကျောင်းမိဖုရား စိတ်အသင့် မဖြစ်ခင်မှာ မင်းသမီးကြီးနဲ့ တွေ့ရမယ် ဆိုတာက တကယ်ကို ရက်စက်လွန်းရာ ကျပါတယ်။

ကျင်းကျုံးက ချွေ့ယွိကို မျက်စောင်းထိုးပြီး ခြေထောက်ကို အားပြုကာ ခုန်လိုက်တော့ မျက်စိတစ်မှိတ် အတွင်းမှာပဲ သူလည်း အဝေးကို ရောက်သွားပြီး မင်းသမီးလေး နောက်ကို လိုက်သွားတော့တယ်။

ယွီးရှောင်ရှောင်က တစ်ခါ ရောက်ဖူးတဲ့ နေရာကို နောက်တစ်ခါ သွားဖို့ လမ်းပြစရာ မလိုပါဘူး။ ယွီးကျစ်မင်က နားထဲမှာ လေတိုက်သံတွေ ကြားနေရပြီး သေချာ ပြန်ကြည့်လိုက်တော့ သူ့အမေရဲ့ ချူချင်း နန်းဆောင်ကို ရောက်နေပြီ။

ယွီးရှောင်ရှောင်က သူမ မိုးကြိုးပစ်ချခဲ့တဲ့ အိပ်ခန်း ရှေ့မှာ ရပ်လိုက်တယ်။ အဆောက်အအုံ အပျက်အစီးတွေကို ရှင်းလင်းထားပြီး မြေကွက်လပ် တစ်ခု ဖြစ်နေတယ်။ အဲဒီ မြေကွက်လပ်ပေါ်မှာ ပန်းအိုးတွေ အများကြီး ချထားတာကို ကြည့်ပြီး ဒီနေရာက နောင်ကျရင် ပန်းခြံ ဖြစ်လာမဲ့ ပုံပဲ လို့ ယွီးရှောင်ရှောင် တွေးလိုက်တယ်။

"အစ်မတော်… မယ်တော်က ဘယ်မှာလဲ"

ယွီးကျစ်မင်က ပတ်ဝန်းကျင်ကို ကြည့်ပြီး သူ့အမေရဲ့ အိပ်ခန်းကို မမှတ်မိတော့လို့ ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

ယွီးရှောင်ရှောင်က မြေကွက်လပ်မှာ ရပ်ပြီး နားစွင့်လိုက်တယ်။ ပြီးတော့ ကလေးလေးကို ခေါ်ပြီး အနောက်ဘက်ကို လျှောက်သွားတယ်။

ကျောင်းမိဖုရားက အခု အိပ်ခန်း အသစ်ထဲက ခုတင်ပေါ်မှာ လှဲနေတယ်။ အစေခံတွေ အကုန်လုံးကို အပြင်ကို ထုတ်ထားပြီး ခုတင်ဘေးမှာ သူမ နန်းတော်ထဲ ဝင်ကတည်းက သူမကို ပြုစုပေးခဲ့တဲ့ မောမော တစ်ယောက်တည်းပဲ ရှိတယ်။

ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ခေါ်ပြီး ကျောင်းမိဖုရား ခုတင်နဲ့ အနီးဆုံး ပြတင်းပေါက် အောက်ကို ရောက်သွားတယ်။ အဲဒီ ပြတင်းပေါက်ကနေ အခန်းထဲကို ခုန်ဝင်ဖို့ ယွီးရှောင်ရှောင်က ပြင်လိုက်တယ်။

"ခဏနေရင် ဆဋ္ဌမမင်းသား ရောက်လာတော့မယ်"

ယွီးရှောင်ရှောင် အခန်းထဲ ခုန်ဝင်ဖို့ လုပ်တုန်း ကျောင်းမိဖုရား ခုတင်ဘေးက မောမော ပြောတဲ့ အသံကို ကြားလိုက်ရတယ်။

"မိဖုရားက ဆဋ္ဌမမင်းသားနဲ့ သေချာ စကားပြောရမယ်နော်။ ဆဋ္ဌမမင်းသားက ငယ်သေးတယ်။ သူ့ကို လန့်သွားအောင် လုပ်လိုက်ရင် အစီအစဉ်တွေ ပျက်သွားလိမ့်မယ်"

ယွီးရှောင်ရှောင် ရပ်သွားတယ်။ ဒီနှစ်ယောက်က အကြံဆိုးတွေ ကြံနေတယ်လို့ သူမ ခံစားလိုက်ရတယ်။

ယွီးကျစ်မင်က ယွီးရှောင်ရှောင်ကို မော့ကြည့်တယ်။

"ရှူး။"

ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို တိုးတိုးလေး ပြောလိုက်တယ်။

"ငါတို့ မင်းအမေ ပြောတာကို ခိုးနားထောင်ကြမယ်။ သူ့ကို မသိစေနဲ့နော်"

ယွီးကျစ်မင်က သူ့အစ်မတော်က သူ့ကို ကစားနည်း တစ်ခု ခေါ်ကစားတယ် ထင်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

ကျောင်းမိဖုရားက ခုတင်ပေါ်ကနေ ပြောတယ်။

"ဆဋ္ဌမမင်းသားက အရှင်မင်းကြီးကို ကျွန်မနဲ့ မခွဲနိုင်ဘူးလို့ ပြောရင် အရှင်မင်းကြီး စိတ်ပျော့သွားမှာလား"

မောမောက ပြောတယ်။

"မိဖုရား… ဆဋ္ဌမမင်းသားက သနားစရာ ကောင်းအောင် ငိုပြရင် အရှင်မင်းကြီးက မိဖုရားနဲ့ ဆဋ္ဌမမင်းသားတို့ရဲ့ သံယောဇဉ်ကို ကြည့်ပြီး မိဖုရားရဲ့ ကောင်းကွက်တွေကို ပြန်သတိရလာမှာပါ"

ကျောင်းမိဖုရားက လှောင်ပြုံး ပြုံးပြီး ပြောလိုက်တယ်။

"အခုတော့ ဟွာမိဖုရားတို့ ပျော်နေလောက်ပြီ"

"မိဖုရား" လို့ မောမောက ဖျောင်းဖျတယ်။

"ဒေါသထွက်ရင် ကျန်းမာရေး ထိခိုက်မယ်နော်။ အခု မိဖုရားက ဒေါသထွက်လို့ မဖြစ်သေးဘူး"

"ဆဋ္ဌမမင်းသားက သိပ်ငယ်သေးတယ်" လို့ ကျောင်းမိဖုရားက ပြောတယ်။

"အရှင်မင်းကြီး ရှေ့မှာ ဘယ်လို သရုပ်ဆောင်ရမလဲ ဆိုတာ သူ သိမှာလား။ အရှင်မင်းကြီးက ကျွန်မကို ခွင့်မလွှတ်ရင် ကျွန်မ ဘယ်လိုလုပ် မင်းသား ထပ်မွေးနိုင်မှာလဲ"

"မိဖုရား"

မောမောရဲ့ လေသံက နည်းနည်း မာသွားတယ်။

"မိဖုရားမှာ ဆဋ္ဌမမင်းသား ရှိသေးတယ်လေ"

"သူ့ကို အားကိုးလို့ မရတော့ဘူး" လို့ ကျောင်းမိဖုရားက အေးစက်စက် လေသံနဲ့ ပြောတယ်။

"အရှင်မင်းကြီးရဲ့ ဘေးမှာ မကြီးပြင်းရရင် အရှင်မင်းကြီးက သူ့အပေါ် ဘယ်လောက်များ သံယောဇဉ် ရှိမှာလဲ။ အရှင်မင်းကြီးက နှလုံးသား ပေါ့ပျက်တဲ့သူလေ။ လူတစ်ယောက်ကို ချစ်ဖို့ အရမ်း လွယ်တယ်။ ဆဋ္ဌမမင်းသားက အရှင်မင်းကြီးရဲ့ အချစ်တော် မင်းသား ပြန်ဖြစ်လာဖို့ အခွင့်အရေး ရှိသေးတယ်လို့ မင်း ထင်နေတာလား"

"တကယ်လို့ ဆဋ္ဌမမင်းသားက ကျူးယိကနေ ပြန်လာရင်ကော"

"အဲဒါက ဘယ်အချိန်လောက်များ ဖြစ်မှာလဲ"

ကျောင်းမိဖုရားက ပြောတယ်။

"ငါတို့က ကျင်းမော့ကို စော်ကားထားပြီးပြီ။ ဆဋ္ဌမမင်းသား မြန်မြန် ပြန်လာနိုင်ဖို့ ဆိုတာ စိတ်ကူးယဉ်နေတာပဲ။ ဆဋ္ဌမမင်းသားကို တွေးနေမဲ့ အစား အရှင်မင်းကြီး ငါ့ဆီ ပြန်လာအောင်။ ငါနဲ့ အရှင်မင်းကြီး ပြန်အဆင်ပြေအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို စဉ်းစားပေးပါ"

"ဒါဆို ဆဋ္ဌမမင်းသားကကော"

ကျောင်းမိဖုရားက ခဏ တိတ်သွားပြီးမှ ပြောလိုက်တယ်။

"ငါ ရက်စက်တယ်လို့ မပြောပါနဲ့။ သူ့ကံက မကောင်းလို့ပါ။ သူ့ကို ငါ ဂရုမစိုက်နိုင်တော့ဘူး"

"မိဖုရား" လို့ မောမောက ဝမ်းနည်းစွာနဲ့ ညည်းတွားလိုက်တယ်။

ကျောင်းမိဖုရားက ထပ်ရယ်လိုက်ပြန်တယ်။

"ကျင်းမော့က ငါ့အဖေကို ကျင်းချန်းကို တိုက်ခိုက်ဖို့ အတင်း ခိုင်းမှာပဲ။ ဒါပေမဲ့ ငါ့အဖေက ကျင်းမော့ရဲ့ ယုံကြည်မှုကို မရနိုင်တော့ဘူးလေ။ ဒါဆိုရင် ကျင်းမော့ကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး ကျင်းချန်းရဲ့ ယုံကြည်မှုနဲ့ ကျေးဇူးတင်မှုကို ယူလိုက်တာက ကျောင်းမိသားစု အတွက် ပိုကောင်းတဲ့ အခွင့်အရေးပဲ။ ငါက ဘာလို့ ငါ့အဖေကို ကျင်းမော့ရဲ့ ခြိမ်းခြောက်တာကို ခံစေရမှာလဲ။ ငါ့မှာ နောက်ထပ် သားတစ်ယောက် ရလာမှာပါ"

ကျောင်းမိဖုရားက ပြောရင်းနဲ့ သူမရဲ့ ဗိုက်ကို ပွတ်သပ်လိုက်တယ်။ သူမဆီမှာ နောက်ထပ် မင်းသား တစ်ပါး သေချာပေါက် ရလာရမယ်။ ဒါမှ သူမနဲ့ ကျောင်းမိသားစုက အသက်ရှင်နိုင်မဲ့ လမ်း ရှိမှာ။

ပြတင်းပေါက် အပြင်ဘက်မှာ ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ငုံ့ကြည့်လိုက်တယ်။

ဆဋ္ဌမမင်းသားလေးက အမေဖြစ်သူ ပြောတဲ့ စကားတွေ အကုန်လုံးကို နားမလည်ပေမဲ့ 'သူ့ကို ငါ ဂရုမစိုက်နိုင်တော့ဘူး' ဆိုတဲ့ စကားကိုတော့ နားလည်တယ်။ သူ့အမေက သူ့ကို တကယ် မလိုချင်တော့ဘူးပဲ။

ယွီးရှောင်ရှောင်က အထဲဝင်ပြီး ကျောင်းမိဖုရားကို နောက်တစ်ခေါက် ထပ်ရိုက်ချင်ပေမဲ့ သူမ လည်ပင်းကို ဖက်ပြီး ဘာမှ မပြောဘဲ တိတ်ဆိတ်နေတဲ့ ကလေးလေးကို ကြည့်ပြီး သက်ပြင်းအကြီးကြီး ချလိုက်ကာ ယွီးကျစ်မင်ကို ခေါ်ပြီး လှည့်ထွက်လာခဲ့တယ်။

"မင်းသမီးလေး"

ကျင်းကျုံးက ချူချင်း နန်းဆောင်ရဲ့ တံခါးဝ အရောက်မှာ ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ပခုံးပေါ် ထမ်းပြီး တံခါးထဲကနေ ထွက်လာတာကို မြင်တော့ ယွီးရှောင်ရှောင် အနားကို အမြန် ပြေးသွားတယ်။

ယွီးရှောင်ရှောင်က ကျင်းကျုံးကို အေးစက်စက် မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

ကျင်းကျုံးက ယွီးရှောင်ရှောင်ရဲ့ အကြည့်ကို ခံလိုက်ရတော့ ကြက်သီးတွေတောင် ထသွားတယ်။ ဒီလို လူသတ်ချင်တဲ့ မျက်လုံးမျိုးက မင်းသမီးလေးက စစ်မြေပြင်ကို အကြိမ်ကြိမ် ရောက်ဖူးနေသလိုပဲ။

ယွီးရှောင်ရှောင်က ဘာမှ မပြောဘဲ ကျင်းကျုံး ဘေးကနေ ဖြတ်သွားတယ်။

ကျင်းကျုံးက ချူချင်း နန်းဆောင်ထဲမှာ ဘာအသံမှ မကြားရလို့ ကျောင်းမိဖုရားများ မင်းသမီးလေး လက်ချက်နဲ့ သေသွားပြီလားလို့ စိုးရိမ်ပြီး ချူချင်း နန်းဆောင်ထဲ ပြေးဝင်သွားကာ သွားကြည့်တော့တယ်။

ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ခေါ်ပြီး ချူချင်း နန်းဆောင်နဲ့ ဝေးတဲ့ အထိ လျှောက်လာပြီးမှ ယွီးကျစ်မင်ကို ပြောလိုက်တယ်။

"သူ မင်းကို မလိုချင်လည်း ကိစ္စမရှိဘူး၊ ငါ မင်းကို လိုချင်တယ်"

ကျောင်းမိဖုရားက စွန့်ပစ်လိုက်တာ သူ့အတွက် ဘာအဓိပ္ပာယ်လဲ ဆိုတာ ယွီးကျစ်မင် နားမလည်သေးပေမဲ့ မင်းသားလေးက အရမ်း ဝမ်းနည်းနေပြီး ယွီးရှောင်ရှောင်ရဲ့ ပခုံးပေါ်မှာ ထိုင်ရင်း ငိုနေတယ်။

ယွီးရှောင်ရှောင်က ဒီကလေးလေးကို ခဏလောက် ငိုခွင့်ပေးလိုက်တယ်။ လူတွေက ဝမ်းနည်းတဲ့ အခါ ငိုလိုက်တာ ကောင်းတယ်လေ။ ငိုပြီးရင် မဝမ်းနည်းတော့ဘဲ ကိုယ့်ဘဝကို ဆက်လျှောက်လို့ ရတာပေါ့။

"အစ်မတော်" လို့ ယွီးကျစ်မင်က ငိုရင်း ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

"မယ်တော်က ဘာလို့ သားကို မလိုချင်ရတာလဲ"

ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို သူမ မျက်နှာရှေ့ ရောက်အောင် မယူလိုက်ပြီး မျက်လုံးချင်း ဆုံကာ ပြောလိုက်တယ်။

"ငါ ပြောပြီးပြီလေ။ မင်းကို ငါ လိုချင်တယ်လို့"

…

အခန်း (၉၀) အကြံဆိုးတဲ့ မင်းသမီးကြီး

ယွီးကျစ်မင်က မေးလိုက်တယ်။

"အစ်မတော်။ အစ်မတော်က သားကို ကြိုမှာလား"

"သေချာပေါက်ပေါ့"

ယွီးရှောင်ရှောင်က ကလေးလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း ပြောလိုက်တယ်။

"ငါ ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်"

ယွီးကျစ်မင်က သူ့လက်မောင်းလေးတွေ မြှောက်ပြီး မျက်ရည်တွေကို သူ့ဘာသာ သုတ်လိုက်တယ်။

ယွီးရှောင်ရှောင်က ကလေးလေးကို သူမ ပခုံးပေါ် ပြန်တင်ပေးလိုက်ပြီး ပြောတယ်။

"မငိုနဲ့တော့၊ ကျူးယိကို သွားတာက တိုင်းတပါးမှာ ကျောင်းသွားတက်တယ်လို့ပဲ သဘောထားလိုက်။ ငါ အားတဲ့ အချိန်ကျရင် မင်းဆီ လာလည်မယ်လေ"

"မလိမ်ဘူးနော်"

"မလိမ်ပါဘူး။ လူကြီးလူကောင်း ကတိလေ"

"ကောင်းပြီလေ"

ယွီးကျစ်မင်က အစ်မတော်ကြီးရဲ့ ခေါင်းကို ဖက်ထားပြီး ငိုနေတုန်းပဲ။ ဒါပေမဲ့ အသံမထွက်ဘဲ ငိုနေတာပါ။

ယွီးရှောင်ရှောင်က မြန်မြန် လျှောက်ပြီး ယွီးကျစ်မင်ကို စာကြည့်ဆောင်ဆီ ခေါ်သွားတယ်။

ဘုရင်ကြီးက သားဖြစ်သူရဲ့ မျက်နှာ တစ်ခုလုံး မျက်ရည်တွေ စိုနေတာကို မြင်တော့ ရင်နာသွားပြီး မေးလိုက်တယ်။

"မင်း အမေကို တွေ့ခဲ့တာလား"

ယွီးရှောင်ရှောင်က "ဟွန့်" လို့ အသံပြုလိုက်တယ်။

ယွီးကျစ်မင်က ခေါင်းညိတ်ပြတယ်။

ဘုရင်ကြီးက သားဖြစ်သူရဲ့ ခေါင်းကို ပွတ်သပ်ပေးပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"မင်း ကျောင်းအိမ်တော်ကို သွားပြီး မောင်လေးကို သွားကြိုရတာ ပင်ပန်းသွားပြီ"

"ဘာ"

ယွီးရှောင်ရှောင်က ပြောတယ်။

"ရှောင်လျိုက ပြောတယ်"

"သူ သူ့အမေကို တွေ့ချင်တယ် ဆိုတာ ငါ သိတယ်"

ဘုရင်ကြီးက ယွီးရှောင်ရှောင် စကားမဆုံးခင် ဖြတ်ပြောလိုက်တယ်။

"ကျောင်းပေချန်ကို ငါ ထောင်ထဲ ထည့်ထားလိုက်ပြီ။ ဒီလူယုတ်မာကို ငါ ဒီတစ်ခါ လုံးဝ ခွင့်မလွှတ်ဘူး"

"ဟုတ်တယ်" လို့ ယွီးရှောင်ရှောင်က ပြောတယ်။

"သူ့ကို ကိုယ့်ဘာသာ ဘာမှ မလုပ်နိုင်တဲ့ အထိ ရိုက်ပစ်လိုက်"

"ဘာ… ဘာပြောတာလဲ"

သမီးဖြစ်သူ ပြောတဲ့ စကားကို နားမလည်တာကလည်း ဒီရက်ပိုင်း ဘုရင်ကြီး ခေါင်းကိုက်ရတဲ့ ကိစ္စတွေထဲက တစ်ခုပါပဲ။

ကျင်းမော့က အဲဒီအချိန်မှာ မတ်တတ်ရပ်ပြီး လျှောက်တင်တယ်။

"အရှင်မင်းကြီး။ ကျွန်တော် အခု ဆဋ္ဌမမင်းသားကို နန်းတော် အပြင် ခေါ်သွားတော့မလို့ပါ"

ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို မပြီး ကျင်းမော့ ရှေ့ကို ပို့ပေးလိုက်ကာ ပြောလိုက်တယ်။

"ရှင့်ကို ဒုက္ခပေးရအုံးမယ်"

ယွီးကျစ်မင်က ကျင်းမော့ဆီမှာ အပွေ့မခံဘူးလို့ ဘုရင်ကြီးက ထင်ထားပေမဲ့ သူ့ထင်ထားတာနဲ့ လွဲသွားတယ်။ သူ့ရဲ့ ဆဋ္ဌမသားက ကျင်းမော့ရဲ့ ရင်ခွင်ထဲကို အသာတကြည် လိုက်သွားပြီး ချိုသာတဲ့ အသံလေးနဲ့ ကျင်းမော့ကို "ကျေးဇူးတင်ပါတယ်" လို့တောင် ပြောလိုက်သေးတယ်။

ကျင်းမော့က ယွီးကျစ်မင်ကို ပြုံးကြည့်ပြီး မေးလိုက်တယ်။

"ဆဋ္ဌမမင်းသား။ မင်းသားက ဒီနေ့က စပြီး ကျွန်တော်နဲ့ အတူ နေရမှာကို သဘောကျရဲ့လား"

"သဘောကျပါတယ်" လို့ ယွီးကျစ်မင်က ခေါင်းညိတ်ပြတယ်။

"လိမ္မာတယ်"

ကျင်းမော့က ယွီးကျစ်မင်ရဲ့ သိပ်မပြည့်ဖြိုးတဲ့ ပါးလေးကို ဆွဲညှစ်လိုက်တယ်။

ဘုရင်ကြီးက ရုတ်တရက် တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရတယ်။ ကိုယ့်သားက သူများနောက် အသာတကြည် လိုက်သွားတဲ့ ခံစားချက်က ဘယ်လိုကြီးလဲ။

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို လှည့်ကြည့်လိုက်တယ်။ အထင်သေးတဲ့ အကြည့်နဲ့ပဲ ပြောလိုက်တယ်။

"ရှင့်ဘေးမှာ မိန်းမတွေ အများကြီး ရှိတာပဲ။ အဲဒီ ကောင်မလေးတွေကို ပိုပြီး ဂရုစိုက်ပါလား။ မိန်းမ တစ်ယောက်တည်းနဲ့ပဲ အမြဲတမ်း အိပ်နေရတာ ခမည်းတော် မငြီးငွေ့ဘူးလား"

ကျောင်းမိဖုရားက မကောင်းတဲ့သူလို့ သူမ မပြောတော့ပါဘူး။ ကျောင်းမိဖုရား ဆိုတဲ့ မိန်းမယုတ်က ပရိယာယ် အရမ်း များပြီး ဒီအရူးဘုရင်ကို လုံးဝ ဖမ်းစားထားတာဆိုတော့ ပြောလည်း အလကားပဲလေ။ ယွီးရှောင်ရှောင်က ဒီအရူးဘုရင်ကို တခြား မိန်းမတွေနဲ့ ပိုအိပ်ဖို့ပဲ အားပေးလိုက်တော့မယ်လို့ စဉ်းစားလိုက်တယ်။ တခြား မိန်းမတွေနဲ့ အိပ်ရင်း အချစ်စစ်ကို တွေ့သွားနိုင်တယ် မဟုတ်လား။

အခန်းထဲမှာ လုံးဝ တိတ်ဆိတ်သွားတယ်။

ယွီးကျစ်မင်က သူ့အစ်မတော်က သူ့ကို ဖက်ထားဖို့ မှာထားတဲ့ ပေါင်ကြီးကို တစ်ချက် ကြည့်လိုက်၊ သူ့အဖေကို တစ်ချက် ကြည့်လိုက်၊ ပြီးတော့ သူ့ယောက်ဖကို တစ်ချက် ကြည့်လိုက် လုပ်နေတယ်။ အားလုံး ဘာလို့ စကားမပြောကြတော့တာလဲ ဆိုတာ ကလေးလေး နားမလည်ဘူး။

ဘုရင်ကြီးက ပါးစပ်အဟောင်းသားနဲ့ သူ့သမီးကို ကြည့်နေတယ်။ မေးရိုးတောင် ပြုတ်ကျမတတ် ဖြစ်နေပြီ။ ဒီနေ့ အိပ်ရာထတာ မှားသွားပြန်ပြီလား။ လင်းလုံက ခုနက သူ့ကို ဘာပြောလိုက်တာလဲ။

ကုရှင်းနော့က အချိန်အတော်ကြာအောင် အောင့်ထားပြီးမှ ဘုရင်ကြီးကို အတင်း ပြုံးပြကာ ပြောလိုက်တယ်။

"မိဖုရားခေါင်ကြီးက မြင့်မြတ်တဲ့ သူပါ။ မိဖုရားခေါင်ကြီးက မင်းသမီးလေးကို ညီတူမျှတူ မျှဝေပေးရမယ် ဆိုတဲ့ အကြောင်း အမြဲတမ်း သင်ပေးခဲ့တာ ဖြစ်မှာပါ။ မင်းသမီးလေးက မိဖုရားခေါင်ကြီး ကိုယ်စား အရှင်မင်းကြီးကို အကြံပြုနေတာပါ"

ဘာကြီးလဲ။ ယွီးရှောင်ရှောင်က ကုရှင်းနော့ကို အံ့သြစွာနဲ့ ကြည့်လိုက်တယ်။ ဒါက မိဖုရားခေါင်ကြီးနဲ့ ဘာဆိုင်လို့လဲ။ ညီတူမျှတူ မျှဝေပေးရမယ် ဆိုတာက ဘာကြီးလဲ။

ကုရှင်းလန်က ကိုယ့်ဇနီးကြောင့် အံ့သြသွားသလို သူ့အစ်ကိုကြီးကြောင့်လည်း ထပ်ပြီး အံ့သြသွားရပြန်ပြီ။ ကုရှင်းနော့ကို ကြည့်ပြီး ဒီလို စကားမျိုးကို အစ်ကိုကြီးက ဘယ်လိုလုပ် ပြောထွက်ရတာလဲလို့ တွေးနေမိတယ်။ အစ်ကိုကြီး ထောင်ကျခဲ့တာကြောင့် အရှက်ဆိုတဲ့ အရာကို စွန့်ပစ်လိုက်ပြီလား။

ကျင်းမော့က ယွီးရှောင်ရှောင်ရဲ့ လှပတဲ့ မျက်နှာလေးကို ကြည့်ပြီး ခုနက ကြားလိုက်ရတဲ့ စကားကို မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းသမီးရဲ့ လှပတဲ့ မျက်နှာလေးနဲ့ ဒီလို စကားမျိုး တွဲလိုက်ရင် တကယ့်ကို စိတ်ကူးယဉ် အိပ်မက်တွေ ပျက်စီးသွားသလို ခံစားရတယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ခေါင်းငုံ့ပြီး ဘာမှ မသိချင်ယောင် ဆောင်နေကြတယ်။ ခုနက သူတို့ ဘာမှ မကြားခဲ့ပါဘူး။

ကျောင်းအမတ်ကြီးကတော့ ရင်ထဲမှာ သွေးတွေ ယိုဆင်းနေတယ်။ ယွီးလင်းလုံနဲ့ ကျင်းမော့တို့ ပူးပေါင်းပြီး သူတို့ ကျောင်းမိသားစုကို ဒုက္ခပေးပြီးတဲ့နောက် အခု သူ့သမီးကို ဘုရင်ကြီးက တစ်ဦးတည်း အချစ်ပိုနေတာကိုပါ ဖြိုခွဲဖို့ ကြိုးစားနေပြန်ပြီ။ အရမ်းကို ရက်စက်လွန်းတယ်။

ဘုရင်ကြီးက အချိန်အတော်ကြာမှ သတိပြန်ဝင်လာပြီး လက်ကို မြှောက်ကာ သူ့နဖူးကို သူ ရိုက်လိုက်ပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"မင်း ထွက်သွားတော့"

သူ့အနေနဲ့ ကောင်မလေး တစ်ယောက်လောက် ရှာပြီး စိတ်ပြေလက်ပျောက် လုပ်ရမယ်။ ကောင်… ကောင်မလေးလား။

ဘုရင်ကြီးက သမီးဖြစ်သူကို ကြည့်တဲ့ အကြည့်တွေက လုံးဝကို ပြောင်းလဲသွားတယ်။

ယွီးရှောင်ရှောင်က လှည့်ထွက်သွားတယ်။ ဒီအရူးဘုရင်ကို တစ်စက္ကန့်လေးတောင် ပိုမကြည့်ချင်တော့ဘူး။

ကျင်းမော့က ယွီးကျစ်မင်ကို ပွေ့ချီပြီး ယွီးရှောင်ရှောင်နဲ့ အတူ ဖုန်းထျန်း နန်းတော်ထဲကနေ ထွက်လာခဲ့တယ်။ သူ့မြင်းရှေ့မှာ ရပ်ပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"မင်းသမီး။ ကျွန်တော် နောက်နှစ်ရက်နေရင် တိုင်းပြည်ကို ပြန်တော့မယ်"

"ဪ"

ယွီးရှောင်ရှောင်က ပြောတယ်။

"ခရီးလမ်း ချောမွေ့ပါစေ"

"ဒီည ကျွန်တော် သယ်ယိ စားသောက်ဆိုင်မှာ ညစာစားပွဲ လုပ်မလို့ပါ။ မင်းသမီးနဲ့ ကုသမက်တော်တို့ ကြွပေးနိုင်မလား" လို့ ကျင်းမော့က ယွီးရှောင်ရှောင်ကို ဖိတ်လိုက်တယ်။

တစ်ယောက်ယောက်က ထမင်းဖိတ်ကျွေးတယ် ဆိုတော့ ယွီးရှောင်ရှောင် ဝမ်းသာသွားတယ်။ ဒါပေမဲ့ သယ်ယိ စားသောက်ဆိုင်လို့ ကြားလိုက်တာနဲ့ ယွီးရှောင်ရှောင် မပျော်တော့ဘူး။

"ရှင်က ဘာလို့ အဲဒီ ဒေဝါလီခံတော့မဲ့ နေရာမှာပဲ ဆက်နေနေတာလဲ"

ကျင်းမော့က ပြောတယ်။

"အဲဒီနေရာက ဒေဝါလီ မခံပါဘူး"

"မဖြစ်နိုင်ဘူး" လို့ ယွီးရှောင်ရှောင်က ပြောတယ်။

"အဲဒီလောက် ကြီးတဲ့ နေရာ၊ အဆောက်အအုံတွေ အများကြီး ရှိတာကို ရှင့်ကိုပဲ ဧည့်ခံနေတယ် ဆိုတော့ ဆိုင်ရှင် သေချာပေါက် ငတ်သေတော့မှာပဲ"

"သယ်ယိ စားသောက်ဆိုင်က…"

ကျင်းမော့ စကားတစ်ဝက်နဲ့ ရပ်သွားတယ်။ ယွီးလင်းလုံလို ဉာဏ်ကောင်းတဲ့ သူက သယ်ယိ စားသောက်ဆိုင်က ဘာနေရာလဲ ဆိုတာ မသိဘူး ဆိုတာကို သူ မယုံဘူးလေ။

"တို့တွေ ပန်းကန်လုံးစားသောက်ဆိုင်ကို သွားရအောင်" လို့ ယွီးရှောင်ရှောင်က ပြောတယ်။

"အဲဒါကမှ ဧည့်ခံပွဲ လုပ်ရမဲ့ နေရာလေ"

"ကောင်းပြီလေ"

ကျင်းမော့က ချက်ချင်း သဘောတူလိုက်ပြီး ကုရှင်းလန်ကို ကြည့်ကာ မေးလိုက်တယ်။

"ကုသမက်တော်ကကော ဘယ်လို သဘောရလဲ"

ကုရှင်းလန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောတယ်။

"ကျွန်တော်ကတော့ ဖိတ်ကြားတဲ့အတိုင်းပါပဲ"

ကျင်းမော့က အသံကျယ်ကျယ်နဲ့ ရယ်လိုက်ပြီး ယွီးကျစ်မင်ကို ပွေ့ချီကာ မြင်းပေါ်ကို ခုန်တက်လိုက်တယ်။ ပြီးတော့ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"မင်းသမီး။ ဒီနေ့ မီးအိမ် ထွန်းတဲ့အချိန်ကျရင် အဲဒီ စားသောက်ဆိုင်မှာ မင်းသမီးကို စောင့်နေပါ့မယ်"

ယွီးရှောင်ရှောင်က မီးအိမ်ထွန်းတဲ့အချိန်ဆိုတာ ဘယ်အချိန်လဲ လို့ မေးချင်ပေမဲ့ ကျင်းမော့က သူမ စကားမပြောခင်မှာပဲ မြင်းကို နှင်ပြီး ထွက်သွားပြီ။

ကုရှင်းနော့က ကျင်းမော့တို့ လူစု ထွက်သွားတာကို ကြည့်ပြီး ကုရှင်းလန်ကို တိုးတိုးလေး ပြောလိုက်တယ်။

"သူ ဒီနေ့ အရှင်မင်းကြီး ရှေ့မှာ ကုလီ အကြောင်း မပြောခဲ့ဘူး။ သူ သပ်လျှိုမသွားဘူး။ ငါ သူ့ကို ကျေးဇူးတင်တယ်"

"အစ်ကိုကြီး" လို့ ကုရှင်းလန်က သူ့အစ်ကိုကြီးကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တယ်။

ကုရှင်းနော့က ကုရှင်းလန်ရဲ့ ပခုံးကို ပုတ်လိုက်ပြီး လှည့်ကာ မီးရောင်တွေ ထွန်းလင်းတဲ့ အချိန် ဆိုတာ ဘယ်အချိန်လဲ လို့ စဉ်းစားနေတဲ့ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"မင်းသမီး။ အိမ်ပြန်ကြရအောင်"

"အင်း" လို့ ယွီးရှောင်ရှောင်က ပြန်ထူးလိုက်တယ်။

အဲဒီအချိန်မှာ ကျောင်းမိဖုရားက ချူချင်း နန်းဆောင်ထဲမှာ မျက်နှာ မကောင်းဘဲ ကျင်းကျုံးကို ပြောလိုက်တယ်။

"အရှင်မင်းကြီးဆီကို ပြန်သွားပါတော့"

"မိဖုရား" လို့ ကျင်းကျုံးက ခေါ်လိုက်တယ်။

"အခု မိဖုရား ဘယ်လို လုပ်မလဲ"

"ငါ ချူချင်း နန်းဆောင်မှာ အရမ်း ငိုနေတယ်လို့ ပြောလိုက်" လို့ ကျောင်းမိဖုရားက ပြောတယ်။

"ကျောင်းအမတ်ကြီးကို ငါ့ဆီ ဝင်လာခွင့် ပေးဖို့ လျှောက်တင်ပေးပါ"

"မိဖုရား"

ကျင်းကျုံးက အံ့သြသွားတယ်။

"သွားပါတော့" လို့ ကျောင်းမိဖုရားက ကျင်းကျုံးကို တစ်ချက်လေးတောင် မကြည့်ဘဲ ပြောလိုက်တယ်။

ကျင်းကျုံး ထွက်သွားတော့ မောမောက ဒူးခွေကျသွားပြီး မြေကြီးပေါ် ထိုင်ရက်နဲ့ ကျောင်းမိဖုရားကို ငိုယိုပြီး ပြောလိုက်တယ်။

"မိဖုရား။ ဆဋ္ဌမမင်းသားကကော ဘယ်လို လုပ်မလဲ"

ကျောင်းမိဖုရားက အေးစက်စက် လေသံနဲ့ ပြောတယ်။

"ဒီသားက ငါနဲ့ စိတ်ဝမ်းကွဲသွားမှာ သေချာတယ်"

"ဆဋ္ဌမမင်းသားက ငယ်သေးတာပဲ။ သူ့ကို သေချာ ရှင်းပြရင်…"

"ငါက ဆဋ္ဌမမင်းသားနဲ့ စကားပြောဖို့ အခွင့်အရေး ရဦးမှာမို့လို့လား"

ကျောင်းမိဖုရားက မောမောရဲ့ စကားကို ဖြတ်ပြောလိုက်ပြီး အေးစက်စက် လေသံနဲ့ ပြောတယ်။

"တခြား နည်းလမ်း ရှာရမယ်"

အဲဒီအချိန်မှာ မိန်းမစိုးလေး တစ်ယောက်က ဆေးခွက် တစ်ခွက်ကို ကိုင်ပြီး အိပ်ခန်းထဲ ဝင်လာတယ်။ ကျောင်းမိဖုရား ခုတင်ရှေ့မှာ ဒူးထောက်ပြီး ရိုရိုသေသေ လျှောက်တင်တယ်။

"မိဖုရား။ တော်ဝင် သမားတော်ဌာနက ဆေးကျိုပြီး လာပို့ပါတယ်"

…

All Chapters