အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း (၈၁) ကျောင်းအမတ်ကြီးဆီ ရောက်လာတဲ့ ကပ်ဆိုး
"အဘိုးလား"
ယွီးရှောင်ရှောင်က မေးလိုက်တယ်။
ယွီးကျစ်မင်က ခေါင်းညိတ်ပြီး ရုတ်တရက် ဝမ်းနည်းသွားကာ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"ကျွန်တော် သွားရတော့မယ် ဆိုရင် အဘိုးကို တွေ့ရတော့မှာ မဟုတ်ဘူး"
ယွီးကျစ်မင်ရဲ့ အဘိုးက ဘယ်သူလဲ ဆိုတာကို ယွီးရှောင်ရှောင် ခဏလောက် စဉ်းစားလိုက်ရတယ်။ ဒီကလေးလေးရဲ့ အဘိုးက ကျောင်းချိုးမင် မဟုတ်ဘူးလား။ ယွီးရှောင်ရှောင် ခြေလှမ်း ရပ်သွားပြီး အတော်လေး စဉ်းစားရ ခက်သွားတယ်။ ကျောင်းချိုးမင် အိမ်ကို သူမ သွားရင် ဒေါသကို မထိန်းနိုင်ဘဲ အိမ်ကို မီးရှို့ပစ်မိမလား။
ယွီးကျစ်မင်က ယွီးရှောင်ရှောင်ရဲ့ လည်ပင်းကို ဖက်ပြီး မျက်နှာလေးကို ယွီးရှောင်ရှောင်ရဲ့ ပါးမှာ အပ်ကာ ချွဲနွဲ့တဲ့ အသံလေးနဲ့ ခေါ်လိုက်တယ်။
"အစ်မတော်"
ယွီးရှောင်ရှောင်က မေးလိုက်တယ်။
"တကယ် တွေ့ချင်လို့လား"
"အင်း။ အစ်ကိုဝမ်းကွဲတွေနဲ့ သွားဆော့ချင်လို့ပါ" လို့ ယွီးကျစ်မင်က ပြန်ဖြေတယ်။
ကလေး တစ်ယောက်ရဲ့ ဆန္ဒကိုတော့ ယွီးရှောင်ရှောင်က အမြဲတမ်း ဖြည့်ဆည်းပေးချင်တာလေ။ ဒါကြောင့် ယွီးကျစ်မင်ကို ပခုံးပေါ် တင်ပြီး သယ်ယိဆိုင် ဘေးက ကျောင်းအိမ်တော်ဆီ ဦးတည်သွားလိုက်တယ်။
အဲဒီအချိန်မှာ နန်းတော်ထဲကနေ တော်ဝင်ကိုယ်ရံတော် တပ်ဖွဲ့ တစ်ဖွဲ့ ထွက်လာတယ်။ ခေါင်းဆောင် စစ်သူကြီးက မြင်းပေါ်မှာ မတ်မတ် ထိုင်ပြီး အမိန့်တော်ကို လက်တစ်ဖက်တည်းနဲ့ ကိုင်ကာ သူ့တပ်သားတွေကို ဦးဆောင်ပြီး ကျောင်းအိမ်တော်ဆီကို မြင်းကို ဒုန်းစိုင်း နှင်လာတယ်။
ကုရှင်းလန်ကို ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ကုအိမ်တော် တံခါးကနေ ထမ်းထုတ်လာပြီး မြင်းလှည်းပေါ် တင်ဖို့ လုပ်နေတုန်း ကုရှင်းနော့က အိမ်ထဲကနေ ပြေးထွက်လာတယ်။ ကုရှင်းလန်နဲ့ အတူ သွားမဲ့ လူတွေကို ကြည့်ပြီး မေးလိုက်တယ်။
"ရှင်းလန်။ မင်း ဘယ်သွားမလို့လဲ"
"နန်းတော်ကို သွားမလို့" လို့ ကုရှင်းလန်က ဖြေတယ်။
ကုရှင်းနော့က မေးလိုက်တယ်။
"အရှင်မင်းကြီးက မင်းကို ထပ်ခေါ်ပြန်ပြီလား"
ဒီယောက္ခထီးက သမက်ကို တွေ့တဲ့ အကြိမ်ရေက နည်းနည်း များလွန်းမနေဘူးလား။
ကုရှင်းလန်က အစ်ကိုကြီးကို လက်ယပ်ခေါ်လိုက်တယ်။ ကုရှင်းနော့က ခါးကို ကိုင်းပေးလိုက်တယ်။
"မနေ့ညက မင်းသမီးက ဆဋ္ဌမမင်းသားကို အိမ်ကို ခေါ်လာတယ်" လို့ ကုရှင်းလန်က ကုရှင်းနော့ကို တိုးတိုးလေး ပြောလိုက်တယ်။
ကုရှင်းနော့ ခြေခွေသွားပြီး ကုရှင်းလန်ရဲ့ ရင်ခွင်ထဲကို ပြုတ်ကျမလိုတောင် ဖြစ်သွားတယ်။
ကုရှင်းလန်က ဆက်ပြောတယ်။
"မင်းသမီးက ဆဋ္ဌမမင်းသားကို နန်းတော်ထဲ ပြန်ပို့သွားတယ်။ ကျွန်တော် သွားကြည့်ရဦးမယ်"
ကုရှင်းနော့က မေးလိုက်တယ်။
"မင်းသမီးက ဆဋ္ဌမမင်းသားကို ငါတို့အိမ် ခေါ်လာတယ်ဟုတ်လား။ မင်းသမီးက ဘာလုပ်မလို့လဲ"
ဒီကိစ္စရဲ့ နောက်ကွယ်က အကြောင်းရင်းတွေက အရမ်း များလွန်းလို့ စကားတစ်ခွန်း နှစ်ခွန်းနဲ့ ရှင်းပြဖို့ မလွယ်ဘူးလေ။ ဒါကြောင့် ကုရှင်းလန်က ကုရှင်းနော့ကို ပြောလိုက်တယ်။
"အစ်ကိုကြီး။ ကျွန်တော် ပြန်လာမှပဲ ပြောပြတော့မယ်။ မင်းသမီးက ဆဋ္ဌမမင်းသားကို ဒုက္ခပေးမဲ့ ရည်ရွယ်ချက် မရှိပါဘူး"
ကုရှင်းနော့က စိတ်ထဲမှာ တွက်ဆကြည့်လိုက်တယ်။ မင်းသား တစ်ပါးကို ခွင့်ပြုချက် မရှိဘဲ နန်းတော် အပြင်ကို ခေါ်ထုတ်လာတာက သေဒဏ် ထိုက်တဲ့ အပြစ်လေ။ မဟုတ်သေးဘူး။ မင်းသမီးက ညကြီးမိုးချုပ် နန်းတော်ထဲ သွားပြီး ဘုရင့် ခွင့်ပြုချက် မရှိဘဲ နန်းတော်ထဲ ဝင်တာကလည်း သေဒဏ်ပဲ မဟုတ်လား။ အာ။ သူ့ရဲ့ မင်းသမီး၊ ညီမလေးက ဘုရင့် ခွင့်ပြုချက် မရှိဘဲ နန်းတော်ထဲ ဝင်တာ အကြိမ်ကြိမ် ရှိနေပြီပဲ ဆိုတာကို ချက်ချင်း သတိရသွားတယ်။ အခုမှပဲ သူ့မှာ နေ့တိုင်း သေဒဏ် ထိုက်တဲ့ အပြစ်တွေကို ကစားသလို လုပ်နေတဲ့ ခယ်မလေး တစ်ယောက် ရှိနေပြီ ဆိုတာကို သဘောပေါက်သွားတော့တယ်။
"အစ်ကိုကြီး" လို့ ကုရှင်းလန်က မေးလိုက်တယ်။
"အစ်ကိုလတ်ကို ပြန်ခေါ်ဖို့ လူလွှတ်လိုက်ပြီလား"
ကုရှင်းနော့ရဲ့ မျက်နှာက တွန့်သွားတယ်။ ဒီကောင်လေးက အခုမှပဲ အစ်ကိုလတ်ကို သတိရတော့တယ်။
"မနက်စောစောကတည်းက လူလွှတ်လိုက်ပါပြီ" လို့ ကုရှင်းနော့က ပြောလိုက်တယ်။
"မင်းနဲ့ ငါ အတူတူ နန်းတော်ကို သွားမယ်"
ပြီးတော့ သူက အိမ်တော်က အစေခံတွေကို မြင်းပြင်ဖို့ ချက်ချင်း အမိန့်ပေးလိုက်တယ်။
ကုရှင်းလန်က မေးလိုက်တယ်။
"အစ်ကိုကြီးလည်း လိုက်မလို့လား"
"မလိုက်ရင် စိတ်မချလို့" လို့ ကုရှင်းနော့က ပြန်ဖြေတယ်။
အဘိုးကြီးက မြေးအကြီးဆုံးနဲ့ အငယ်ဆုံး အတူတူ အပြင်ထွက်မယ် ဆိုတဲ့ သတင်းကို ကြားတော့ အိမ်ရှေ့ တံခါးကို ပြေးလာပေမဲ့ ညီအစ်ကို နှစ်ယောက်က အဝေးကို ရောက်နေပြီ။
အဘိုးကြီးက တံခါးဝမှာ ရပ်ပြီး အိမ်ထိန်းကို မေးလိုက်တယ်။
"သူတို့ ဘာသွားလုပ်ကြမလို့လဲ"
သခင်လေး နှစ်ယောက် စကားပြောတာ အရမ်း တိုးလွန်းလို့ အိမ်ထိန်းက တစ်ခွန်းမှ မကြားလိုက်ရတာမို့ အဘိုးကြီးကို ခေါင်းခါပြလိုက်တယ်။
အဘိုးကြီးက အိမ်ထိန်းကို အမိန့်ပေးလိုက်တယ်။
"သူတို့ ဘာသွားလုပ်လဲ ဆိုတာ သိရအောင် နောက်ကနေ လူလွှတ်ပြီး လိုက်ကြည့်ခိုင်း"
အိမ်ထိန်းက အမိန့်ကို နာခံပြီး အိမ်တော်က သခင်လေး နှစ်ယောက် နောက်ကို လူလွှတ်လိုက်တယ်။
အဘိုးကြီးက ဒေါသတကြီးနဲ့ အိမ်ထဲ ပြန်ဝင်လာရင်း ပါးစပ်ကနေ ညည်းတွားနေတယ်။
"တစ်ယောက်မှ စိတ်အေးရအောင် မနေကြဘူး"
ဒီအချိန်ရောက်တဲ့အထိ အဘိုးကြီးက ထွက်ပြေးနေရတဲ့ မြေးလတ်ကို သတိမရသေးဘူး။
ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ခေါ်ပြီး အတိုဆုံး လမ်းကြောင်းကနေ သွားလိုက်တော့ ကျောင်းအိမ်တော်ရဲ့ နောက်ဖေးပေါက်မှာ ရပ်လိုက်တယ်။
ကျောင်းအိမ်တော်ရဲ့ ခြံဝင်း အရှေ့ဘက်မှာတော့ ဆူညံသံတွေ အများကြီး ကြားနေရပြီး အော်ဟစ်သံတွေ၊ အမျိုးသမီး ငိုသံတွေလည်း ပါနေတယ်။
မောင်နှမ နှစ်ယောက်က ခေါင်းလေး စောင်းပြီး ခဏလောက် နားထောင်နေကြတယ်။ ယွီးကျစ်မင်က ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။
"ဒါက ဘာအသံတွေလဲ"
ယွီးရှောင်ရှောင်က ဒီအသံတွေက အရမ်းကြီး ဆိုးရွားတဲ့ အသံတွေ မဟုတ်ဘူးလို့ ထင်တယ်။ လူတွေက ဇွန်ဘီတွေနဲ့ တွေ့တဲ့ အချိန် အော်တဲ့ အသံက ဒီထက် အများကြီး ပိုပြီး အသည်းခိုက်စရာ ကောင်းသေးတယ်လေ။
"ဘာမှ မဖြစ်ပါဘူး" လို့ ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ပြောလိုက်တယ်။
"မင်းက အစ်ကိုဝမ်းကွဲတွေနဲ့ ဆော့ချင်တာ မဟုတ်လား။ ငါ မင်းကို သူတို့ဆီ ခေါ်သွားပေးမယ်လေ"
အစ်မတော်က အဘိုးအိမ်မှာ ဘာမှ မဖြစ်ဘူးလို့ ပြောတော့ ယွီးကျစ်မင်လည်း စိတ်အေးသွားပြီး ခေါင်းလေး ညိတ်ပြလိုက်တယ်။
ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ပခုံးပေါ် တင်ပြီး ခြေဖျားလေး ထောက်ကာ မြင့်မားတဲ့ ခြံစည်းရိုးကို ကျော်ပြီး ကျောင်းအိမ်တော်ထဲ ဝင်သွားတယ်။
"အစ်မတော်က အရမ်း တော်တာပဲ" လို့ ယွီးကျစ်မင်က ယွီးရှောင်ရှောင်ကို လက်ခုပ်တီးပြီး ချီးကျူးလိုက်တယ်။
ယွီးရှောင်ရှောင်က သူတို့ ရပ်နေတဲ့ နေရာကို ပတ်ကြည့်လိုက်တယ်။ ရေကန်လေးတွေ၊ မဏ္ဍပ်လေးတွေနဲ့ ပန်းခြံ တစ်ခုလိုပဲ။
"မင်းရဲ့ အစ်ကိုဝမ်းကွဲတွေက ဘယ်မှာ နေတာလဲ" လို့ ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို မေးလိုက်တယ်။
"မသိဘူး" လို့ ယွီးကျစ်မင်က ဖြေတယ်။ သူလည်း အဘိုးအိမ်ကို ပထမဆုံး အကြိမ် လာဖူးတာလေ။ အရင်ကဆို အစ်ကိုဝမ်းကွဲတွေကပဲ နန်းတော်ထဲ ဝင်ပြီး သူ့ကို လာကစားပေးတာ။
ယွီးရှောင်ရှောင်က ကလေးလေးလည်း သူ့အစ်ကိုဝမ်းကွဲတွေ ဘယ်မှာ ရှိလဲ မသိဘူး ဆိုတာ ကြားတော့ ပြောလိုက်တယ်။
"ဒါဆို တို့တွေ တစ်ယောက်ယောက်ကို မေးကြည့်တာပေါ့"
"ကောင်းပြီလေ" လို့ ယွီးကျစ်မင်က အစ်မတော် စကားကို နားထောင်တယ်။
ကျောင်းအိမ်တော်ရဲ့ အရှေ့ဘက် ခြံဝင်းထဲမှာတော့ ကျောင်းချိုးမင်က အိမ်တံခါး ပိတ်ပြီး အေးအေးဆေးဆေး နေနေတဲ့ အချိန် ကောင်းကင်ကနေ ကပ်ဆိုးကြီး ကျရောက်လာတဲ့ အရသာကို တကယ် ခံစားနေရတယ်။ မြေကြီးပေါ်မှာ ဒူးထောက်ပြီး ဘုရင်ကြီးက သူ့ကို အပြစ်တင်ထားတဲ့ အမိန့်တော်ကို အကြိမ်ကြိမ် ပြန်တွေးကြည့်ရင်း ကျောင်းအမတ်ကြီးက ကြောင်တောင်တောင်နဲ့ တော်ဝင်ကိုယ်ရံတော် တပ်မှူးကို မေးလိုက်တယ်။
"ဆဋ္ဌမမင်းသားက နန်းတော်ထဲမှာ မရှိဘူးလား"
ဒီတပ်မှူးက ကျောင်းချိုးမင်ရဲ့ လူ မဟုတ်ပေမဲ့ ကျောင်းချိုးမင်ကိုလည်း မစော်ကားချင်ဘူးလေ။ ဒီနေ့ ကျောင်းမိဖုရားက ဘုရင်ကြီးကို ဒေါသထွက်အောင် လုပ်မိပေမဲ့ ဘယ်နေ့ ကျောင်းမိဖုရားက ဘုရင်ကြီးကို ပြန်ချော့နိုင်မလဲ ဘယ်သူ သိမှာလဲ။ တပ်မှူးက ခေါင်းနည်းနည်း ငုံ့ပြီး ကျောင်းချိုးမင်ကို တိုးတိုးလေး ပြောပြလိုက်တယ်။
"အမတ်ကြီး။ ဒီကိစ္စက အရမ်း အရေးကြီးပါတယ်။ ဆဋ္ဌမမင်းသားကို အမြန်ဆုံး နန်းတော်ကို ပြန်ပို့ပေးလိုက်ပါ"
ကျောင်းချိုးမင်က သူနဲ့ အတူ ဒူးထောက်နေတဲ့ သားသုံးယောက်ကို လှည့်ကြည့်လိုက်တယ်။ သူ့သားတွေကများ ဆဋ္ဌမမင်းသားကို နန်းတော်ထဲကနေ ခိုးထုတ်လာတာလား။ သူ့သားတွေမှာ အဲဒီလောက် အရည်အချင်း ရှိလို့လား။ သမီးဖြစ်သူက ဆဋ္ဌမမင်းသားကို ကယ်ချင်တယ် ဆိုရင်တောင် သူ့ကို အသိမပေးဘဲ နေပါ့မလား။
ကျောင်းမိသားစုရဲ့ သခင်လေး သုံးယောက်ကတော့ ခေါင်းငုံ့ပြီး ဒူးထောက်နေကြတယ်။ ကျောင်းချိုးမင်ရဲ့ အကြည့်ကို လုံးဝ မရင်ဆိုင်ရဲကြဘူး။
ဒါ သိပ်မဟန်တော့ဘူး။ ကျောင်းချိုးမင်က သားသုံးယောက်ကို သေချာ ကြည့်ပြီးမှ ရုတ်တရက် အံ့သြသွားပြီး မေးလိုက်တယ်။
"မင်းတို့ အစ်ကိုကြီးကော ဘယ်ရောက်နေလဲ"
ကျောင်း သခင်လေး သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ခေါင်းခါပြကြတယ်။ သူတို့လည်း မနေ့ညကတည်းက အစ်ကိုကြီးကို မတွေ့တော့ဘူးလေ။
ကျောင်းချိုးမင် တစ်ကိုယ်လုံး ချွေးစေးတွေ ပြန်လာတယ်။ ကျောင်းပေချန် ဆိုတဲ့ ငတုံးကများ ဆဋ္ဌမမင်းသားကို ခေါ်ထုတ်လာတာလား။
တော်ဝင်ကိုယ်ရံတော် တပ်မှူးကလည်း ကျောင်း အစ်ကိုကြီး မရှိတာကို သတိထားမိသွားပြီး ကျောင်းချိုးမင်ကို ပြောလိုက်တယ်။
"အမတ်ကြီး။ တကယ်လို့ ဆဋ္ဌမမင်းသားကို မအပ်နိုင်ဘူး ဆိုရင်တော့ ကျွန်တော်က အိမ်တော်ကို ရှာဖွေရပါလိမ့်မယ်"
ကျောင်းမိသားစုဝင်တွေ အကုန်လုံးက မြေကြီးပေါ်မှာ ဒူးထောက်နေရတယ်။ တပ်မှူးရဲ့ စကားကို ကြားတာနဲ့ ကျောင်းအမတ်ကတော်က ချက်ချင်း ငိုတော့တာပဲ။ အိမ်တော်ကို ရှာဖွေတယ် ဆိုတာ အိမ်ကို ဝင်စီးတာနဲ့ အတူတူပဲ မဟုတ်လား။ လွန်ခဲ့တဲ့ နာရီဝက်လောက်က သူမက ဂုဏ်သရေရှိတဲ့ အမတ်ကတော်ကြီး ဖြစ်ပေမဲ့ အခုတော့ အကျဉ်းသား ဘဝ ရောက်တော့မယ်လေ။ မိန်းမ တစ်ယောက် အနေနဲ့ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲကို ဘယ်လို ခံနိုင်ရည် ရှိမှာလဲ။
အမတ်ကတော် ငိုတာနဲ့ ကျောင်းအိမ်တော်က အမျိုးသမီးတွေ အကုန်လုံး လိုက်ငိုကြတော့တယ်။
"အမတ်ကြီး" လို့ တပ်မှူးက ကျောင်းချိုးမင်ကို စိုက်ကြည့်ပြီး ခေါ်လိုက်တယ်။
ကျောင်းချိုးမင်က ခေါင်းထဲမှာ အကျိုးအမြတ်တွေကို အမြန် တွက်ချက်လိုက်ပြီး အံကြိတ်ကာ တပ်မှူးကို ပြောလိုက်တယ်။
"ကျွန်တော် မနေ့က ဆဋ္ဌမမင်းသားကို လုံးဝ မတွေ့ခဲ့ရပါဘူး။ ကျွန်တော် အရှင်မင်းကြီးနဲ့ တွေ့မှ ရမယ်။ ဒါက ဆဋ္ဌမမင်းသားကို ဒုက္ခပေးချင်တဲ့ လူယုတ်မာတွေရဲ့ အကြံအစည် ဖြစ်ရမယ်"
တပ်မှူးက သဘောပေါက်သွားတယ်။ သားအဖ နှစ်ယောက်လုံး ပြောတဲ့ စကားက အတူတူပဲ။ ဒါပေမဲ့ ဒီစကားကို ဘယ်သူ ယုံမှာလဲ။ ဘယ်သူကများ အတွင်းလူ မပါဘဲ နန်းတော်ထဲကနေ မင်းသားလေးကို ခိုးထုတ်နိုင်မှာလဲ။ အဲဒီလိုသာ တကယ် ဖြစ်နိုင်တယ်ဆိုရင် နန်းတော်က ဈေးတစ်ခုလို ဖြစ်သွားမှာပေါ့။ နန်းတော်ကို စောင့်ရှောက်နေတဲ့ သူတို့ အကုန်လုံးလည်း ဘုရင်ကြီးရဲ့ ခေါင်းဖြတ်တာကို ခံရမှာ သေချာတယ်။
…
အခန်း (၈၂) ကျောင်းအမတ်ကြီးရဲ့ အပြစ်ကင်းစင်ကြောင်း သက်သေပြခြင်း
"အမတ်ကြီး… ကျွန်တော့်ကို အခက်မတွေ့စေပါနဲ့"
တော်ဝင်ကိုယ်ရံတော် တပ်မှူးက ကျောင်းချိုးမင်ကို တောင်းပန်လိုက်တယ်။
ကျောင်းချိုးမင်က စိတ်ကို ဒုံးဒုံးချလိုက်ပြီး ပြောတယ်။
"ကျွန်တော်က ရိုးသားဖြောင့်မတ်တဲ့ သူပါ။ တပ်မှူးလော့… ခင်ဗျား အိမ်ကို ရှာချင်ရင် ရှာလို့ ရပါတယ်"
ကျောင်းအမတ်ကြီးက ယွီးကျစ်မင် ကျောင်းအိမ်တော်မှာ မရှိနိုင်ဘူးလို့ ယုံကြည်နေတယ်။ ကျောင်းပေချန် ဆိုတဲ့ ငတုံးက ဆဋ္ဌမမင်းသားကို နန်းတော်ထဲကနေ ခေါ်ထုတ်လာရင်တောင် ဆဋ္ဌမမင်းသားကို ကျောင်းအိမ်တော်ထဲမှာ လာဝှက်ထားလောက်တဲ့အထိတော့ မတုံးပါဘူး။ အခုချိန်မှာ အိမ်တော်ကို ရှာဖွေခွင့် ပေးလိုက်တာက အကောင်းဆုံးပဲ။ အပြစ်ကင်းကြောင်း သက်သေပြပြီးရင် ဘုရင်ကြီး ဆီမှာ သူ့ရဲ့ အပြောအဟော စွမ်းရည်နဲ့ ဒီတစ်ခါတော့ ဘုရင်ကြီး သူ့ကို အထင်လွဲသွားတာလို့ ယုံကြည်အောင် သူ လုပ်နိုင်မယ်လို့ ယုံကြည်တယ်။
"ဒါဆိုရင် ကျွန်တော်မျိုး တောင်းပန်ပါတယ်နော်" လို့ တပ်မှူးလော့က ကျောင်းချိုးမင်ကို ယဉ်ယဉ်ကျေးကျေး ပြောလိုက်ပြီး သူ့တပ်သားတွေကို အချက်ပြကာ အမိန့်ပေးလိုက်တယ်။
"ရှာကြ"
ကိုယ်ရံတော်တွေက အိမ်ရှေ့ ခြံဝင်းကနေ စပြီး ကျောင်းအိမ်တော်ကို တစ်နေရာပြီး တစ်နေရာ ရှာဖွေကြတယ်။
ကျောင်းအိမ်တော်ရဲ့ နောက်ဘက် ပန်းခြံထဲမှာတော့ ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ခေါ်ပြီး လူရှာရင်း အပင်ပေါ်မှာ နားနေတဲ့ ငှက်လေးတွေကို ခဏ ရပ်ကြည့်နေတယ်။ နောက်ထပ် လူရှာဖို့ ဆက်ထွက်မယ် လုပ်တုန်း အနောက်ကနေ အသံ တစ်သံ ကြားလိုက်ရတယ်။
"ဘယ်သူလဲ"
ယွီးရှောင်ရှောင် လှည့်ကြည့်လိုက်တော့ သူမကို မေးတဲ့သူနဲ့ အကြည့်ချင်း ဆုံသွားတယ်။ အင်း။ ဒီလူကို ယွီးရှောင်ရှောင် သိတယ်။ မင်္ဂလာဆောင်တဲ့ နေ့က သူမနဲ့ ရန်ဖြစ်ခဲ့တဲ့သူလေ။ ကုရှင်းလန်ရဲ့ စစ်မှုထမ်းဆုကို လုယူခဲ့တဲ့ ကျောင်းပေချန် မဟုတ်လား။
ကျောင်းပေချန်က လင်းလုံမင်းသမီးက ဆဋ္ဌမမင်းသားကို ပခုံးပေါ် ထမ်းထားတာကို မြင်တော့ မျက်လုံးတွေကို ပွတ်ပြီး သေချာ ပြန်ကြည့်လိုက်တယ်။ ဘုရားရေ။ တကယ်ကြီး ရှိနေတာပဲ။
ယွီးကျစ်မင်က သူ့ကို မြင်တော့ ခေါ်လိုက်တယ်။
"ဦးလေး"
ကျောင်းပေချန်က အိပ်မက်မက်နေသလို ယွီးရှောင်ရှောင် အနားကို လျှောက်လာပြီး မေးလိုက်တယ်။
"မင်းသမီးက ဘယ်လိုလုပ် ဒီရောက်နေတာလဲ"
ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။
"ကျွန်မက ရှောင်လျိုရဲ့ အစ်ကိုဝမ်းကွဲတွေကို လာရှာတာ"
ကျောင်းပေချန်က 'ရှောင်လျို' ဆိုတဲ့ စကားလုံးကို တော်တော်ကြာ စဉ်းစားပြီးမှ မေးလိုက်တယ်။
"အရှင်မင်းကြီး ရောက်နေတာလား"
ကျောင်းသခင်လေး အနေနဲ့ကတော့ ဘုရင်ကြီး ခေါ်မလာဘဲနဲ့ ဒီနှစ်ယောက် ဘယ်လိုမှ အတူတူ သွားလာနိုင်မှာ မဟုတ်ဘူးလို့ ထင်နေတာလေ。
ကျောင်းပေချန် စကားပြောလိုက်တာနဲ့ အရက်နံ့တွေ ထောင်းခနဲ ထွက်လာလို့ ယွီးရှောင်ရှောင်က နှာခေါင်းကို လက်နဲ့ ယပ်ပြီး မေးလိုက်တယ်။
"ရှင် အရက်သောက်ထားတာလား"
ကျောင်းပေချန်က မနေ့က ဆဋ္ဌမမင်းသား ကိစ္စနဲ့ စိတ်ညစ်ပြီး အပြင်မှာ အရက် သွားသောက်ခဲ့တယ်။ ညဉ့်နက်မှ အိမ်ပြန်ရောက်ပြီး သူ အသစ် ယူထားတဲ့ မယားငယ် အခန်းထဲ ဝင်ကာ အရက်ရှိန်နဲ့ ကောင်းကောင်းကြီး ပျော်ပါးခဲ့တယ်။ အခုမှ အိပ်ရာက နိုးလာတာလေ။ ယွီးရှောင်ရှောင် မေးတာကို ကြားတော့ သူ နောက်ကို နည်းနည်း ဆုတ်လိုက်ပြီး ပြန်ဖြေတယ်။
"ဟုတ်ပါတယ်။ ကျွန်တော်မျိုး မနေ့ညက အရက်သောက်ထားပါတယ်။ မင်းသမီး။ ဘယ်သူ့ကို ရှာတာလဲ"
ဆဋ္ဌမမင်းသားရဲ့ အစ်ကိုဝမ်းကွဲတွေက အများကြီးလေ။ ယွီးရှောင်ရှောင် ဘယ်သူ့ကို ရှာတာလဲ ဆိုတာ ကျောင်းပေချန် မသိဘူး။
ယွီးကျစ်မင်က ပြောတယ်။
"သားက အစ်ကိုကြီးကို ရှာတာ"
အစ်ကိုကြီး ဆိုတာက ကျောင်းပေချန်ရဲ့ သားအကြီးဆုံးလေ။ ကျောင်းပေချန်က ယွီးကျစ်မင်ကို ပြုံးကြည့်ပြီး ပြောလိုက်တယ်။
"ဒါဆို ဦးလေးက ဆဋ္ဌမမင်းသားကို အစ်ကိုကြီး ဆီ ခေါ်သွားပေးမယ်နော်"
"ဟုတ်ကဲ့။ ဦးလေး ချီ"
ယွီးကျစ်မင်က ကျောင်းပေချန်ကို လက်နှစ်ဖက် ဆန့်တန်းပေးလိုက်တယ်။
ယွီးရှောင်ရှောင်က မတားပါဘူး။ ဦးလေးက တူကို ချီတာကို တားစရာ အကြောင်းမှ မရှိတာ။
ကျောင်းပေချန်က အခုမှ အိမ်ရှေ့ ခြံဝင်းက ဆူညံသံတွေကို ကြားသွားပြီး ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။
"မင်းသမီး။ ကျွန်တော်တို့ ကျောင်းအိမ်တော်ရဲ့ အိမ်ရှေ့မှာ ဘာတွေ ဖြစ်နေတာလဲ"
ယွီးရှောင်ရှောင်က ဂရုမစိုက်သလို ပြန်ဖြေတယ်။
"မသိဘူးလေ။ ရှင့်အိမ်မှာ ဘာဖြစ်နိုင်မှာမို့လို့လဲ"
အမြဲတမ်း စိတ်အေးလက်အေး နေတတ်တဲ့ ကျောင်း သခင်လေးလည်း အင်း ဟုတ်တာပဲ လို့ တွေးလိုက်တယ်။ သူတို့ ကျောင်းမိသားစုက မြို့တော်မှာ ဝင်တိုက်မိရင်တောင် ဘယ်သူမှ လာမပြောရဲတာလေ။ ဘာများ ဖြစ်နိုင်မှာလဲ။
ယွီးကျစ်မင်က သူ့ဦးလေး အရင်းရဲ့ ရင်ခွင်ထဲ ရောက်တော့ ရုတ်တရက် ဝမ်းနည်းသွားပြီး ကျောင်းပေချန်ကို ပြောလိုက်တယ်။
"ဦးလေး။ သား သွားရတော့မယ်"
ကျောင်းပေချန် ချက်ချင်း ဝမ်းနည်းသွားတယ်။ ဟုတ်တယ်။ မင်းသားလေးက မကြာခင် ကျူးယိကို သွားရတော့မယ်။ သူ့အစ်မ ပြောပုံ အရဆိုရင် ဒီသားကို ကျူးယိကို လွှတ်ပြီး ပစ်ထားတော့မဲ့ သဘောပဲ။ နောက်တစ်ခါ ဘယ်တော့ ပြန်တွေ့ရမလဲ ဆိုတာတောင် မသိရတော့ဘူး။
ယွီးကျစ်မင်က နှုတ်ခမ်းလေး ဆူပြီး ပြောတယ်။
"သား ဦးလေးကို သတိရနေမှာပါ"
ကျောင်းပေချန်က ယွီးကျစ်မင်ကို ပွေ့ချီပြီး ဝမ်းနည်းပမ်းနည်းနဲ့ ရှေ့ကို လျှောက်လာတယ်။ ရေကန်ဘေးက စင်္ကြံလမ်းကို ဖြတ်သွားတဲ့ အချိန်မှာ ကျောင်းပေချန် ရုတ်တရက် တွေးမိတယ်။ အခု ဆဋ္ဌမမင်းသားက နန်းတော် အပြင် ရောက်နေပြီလေ။ ဆဋ္ဌမမင်းသားကို ကျူးယိကို မသွားစေချင်ရင် သူ ဆဋ္ဌမမင်းသားကို ခေါ်ပြီး ထွက်ပြေးလို့ ရတာပဲ။ ကျင်းမော့က မြို့တော်မှာ သူနဲ့ ဆဋ္ဌမမင်းသားကို ဖမ်းမိတဲ့အထိ အမြဲတမ်း စောင့်နေမှာမှ မဟုတ်တာ။ ဘုရင်ကြီးက တခြား မင်းသား တစ်ပါးကို ရွေးပြီး ကျင်းမော့နဲ့ အတူ ကျူးယိကို လွှတ်လိုက်ပြီးရင် သူ ဆဋ္ဌမမင်းသားကို ခေါ်ပြီး ပြန်လာလို့ ရပြီလေ။ သူ့မှာ အစ်မ ရှိနေတာပဲ။ ဘုရင်ကြီး ဘယ်လောက် ဒေါသထွက်ထွက် သူ့ခေါင်းကိုတော့ ဖြတ်မှာ မဟုတ်ပါဘူး။
ကျောင်းပေချန်ရဲ့ ဒီအတွေးက ကုရှင်းလန်ရဲ့ အတွေးနဲ့ အတူတူပဲ။ စစ်သူကြီးတွေက တစ်ခါတလေ ပြဿနာ တစ်ခုတည်းကို ရင်ဆိုင်ရတဲ့ အခါ ရွေးချယ်တဲ့ လမ်းကြောင်းကလည်း ဆင်တူကြတယ် ဆိုတာ တွေ့ရတယ်။
ကျောင်းပေချန်က ယွီးကျစ်မင်ကို တိုးတိုးလေး ပြောလိုက်တယ်။
"ဆဋ္ဌမမင်းသား။ ဦးလေး မင်းသားကို မြို့ပြင် ခေါ်ထုတ်သွားမယ်"
ယွီးကျစ်မင်က သုံးနှစ်ခွဲပဲ ရှိသေးလို့ နန်းတော် တံခါး အပြင်ကို ပထမဆုံး အကြိမ် ထွက်ဖူးတာပါ။ မြို့ပြင် ထွက်တယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ သူ နားမလည်ဘူး။
ကျောင်းပေချန် ပြောတဲ့ အသံက အရမ်း တိုးပေမဲ့ ယွီးရှောင်ရှောင်ရဲ့ နားကိုတော့ မလွတ်ပါဘူး။ မင်းသမီးလေးက ရှေ့ကို တစ်ဟုန်ထိုး ခုန်သွားပြီး ကျောင်းပေချန် ရှေ့မှာ ရပ်ကာ မေးလိုက်တယ်။
"ရှင် ရှောင်လျိုကို ဘယ်ခေါ်သွားမလို့လဲ"
ကျောင်းပေချန်က ဆဋ္ဌမမင်းသားက သတ္တမမင်းသား ကိုယ်စား ဒုက္ခခံရမှာကို တွေးပြီး ယွီးရှောင်ရှောင်ကို ရုတ်တရက် ဒေါသတကြီးနဲ့ အော်လိုက်တယ်။
"ဘာလို့ ဆဋ္ဌမမင်းသားက ကျူးယိကို သွားရမှာလဲ"
"ဘာ" ယွီးရှောင်ရှောင်က ပြန်မေးလိုက်တယ်။
"ဒါဆို ရှင်က ဘယ်သူ သွားသင့်တယ်လို့ ထင်လဲ"
ကျောင်းပေချန်က ယွီးရှောင်ရှောင်ကို ထပ်အော်လိုက်တယ်။
"ဆဋ္ဌမမင်းသား မဟုတ်ရင် ပြီးတာပဲ။ ငါ ဆဋ္ဌမမင်းသားကို ခေါ်သွားမယ်"
"ဦးလေး"
ယွီးကျစ်မင်က ကျောင်းပေချန် အော်တာကို ကြောက်သွားပြီး မျက်ရည်ဝဲလာကာ ပြောလိုက်တယ်။
"သား အစ်မတော် ဆီ သွားမယ်"
ကျောင်းပေချန်က ယွီးကျစ်မင်ကို ဖက်ထားပြီး လုံးဝ မလွှတ်ပေးဘူး။ လင်းလုံမင်းသမီးက သူတို့ မိသားစုရဲ့ ရန်သူလေ။ ဆဋ္ဌမမင်းသားကို ရန်သူ လက်ထဲ ဘယ်လိုလုပ် ထည့်ပေးရမှာလဲ။
ယွီးရှောင်ရှောင်ကတော့ ကျောင်းပေချန် ဘာလုပ်ချင်နေလဲ ဆိုတာ သဘောပေါက်သွားပြီး ဒေါသထွက်လာတယ်။ သူမက ကျင်းမော့နဲ့တောင် သဘောတူညီမှု ရပြီး ဆံပင် တစ်ဆုပ်တောင် ပေးလိုက်ရတာ။ အခု ဒီလူက ယွီးကျစ်မင်ကို ခေါ်ပြီး ထွက်ပြေးမလို့လား။
"မရဘူး"
ယွီးရှောင်ရှောင်က ကျောင်းပေချန်ကို စူးစူးရဲရဲ ကြည့်ပြီး အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။
"ရှင် ရှောင်လျိုကို ချထားခဲ့"
"မင်းသမီး။ ကျွန်တော့်ကို အတင်း ဖိအား မပေးပါနဲ့"
ကျောင်းပေချန်က အော်လိုက်တယ်။
ယွီးရှောင်ရှောင်က အင်္ကျီလက်ကို ပင့်တင်လိုက်တယ်။ ဖိအားပေးရင် ဘာဖြစ်လဲ။ ဘာလုပ်ချင်လို့လဲ။
ကျောင်းပေချန်က ယွီးရှောင်ရှောင်ရဲ့ အကြိတ်ခံရဖူးလို့ သူမ လက်ရဲဇာတ်ရဲ ရှိတယ် ဆိုတာ သိတယ်။ ဒါကြောင့် လှည့်ပြီး ယွီးကျစ်မင်ကို ပွေ့ကာ ပြေးတော့တယ်။
"ငါ ဒီနေ့ ဆဋ္ဌမမင်းသားကို သေချာပေါက် ကယ်ထုတ်သွားမယ်"
"အစ်မတော်"
ယွီးကျစ်မင်က လန့်ပြီး ငိုကာ ယွီးရှောင်ရှောင်ကို လှမ်းခေါ်တယ်။
ယွီးရှောင်ရှောင်က ဒီနေ့တော့ ကျောင်းပေချန်ကို သေအောင် ရိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး လိုက်ရိုက်ဖို့ ပြင်လိုက်တုန်း သူမနဲ့ ကျောင်းပေချန် အနောက်ကနေ တုန်ရီနေတဲ့ အသံ တစ်သံ ထွက်လာတယ်။
"မိုက်မဲတဲ့ သား"
ကျောင်းချိုးမင်က သားအကြီးဆုံးကို အဲဒီ တစ်ခွန်းပဲ ဆဲနိုင်ပြီး တစ်ကိုယ်လုံး တုန်ရီနေကာ ဒုတိယ စကား တစ်ခွန်းတောင် ဆက်မပြောနိုင်တော့ဘူး။
ကျောင်းပေချန်လည်း ဆက်မပြေးတော့ဘူး။ တော်ဝင်ကိုယ်ရံတော် တပ်ဖွဲ့ နှစ်ဖွဲ့က ရှေ့ရော နောက်ပါ ပိတ်ထားလိုက်ပြီလေ။
ယွီးရှောင်ရှောင်က အဲဒီ တော်ဝင်ကိုယ်ရံတော်တွေကို ကြည့်ပြီး ကျောင်းချိုးမင်ကို အံ့သြစွာနဲ့ မေးလိုက်တယ်။
"ရှင့်အိမ်မှာ စစ်တပ်တောင် ရှိတာလား"
နန်းတော်ထဲက အရူးဘုရင်ကတော့ တကယ်ကို အသုံးမကျတာပဲ။ အမတ်အိမ်မှာ စစ်တပ် ဒီလောက် အများကြီး မွေးထားတာကို သူက လွှတ်ထားတာလား။
ကျောင်းချိုးမင်က ယွီးရှောင်ရှောင်ကို ကြည့်ပြီး ဘာမှ မပြောနိုင်ဘူး။ သူမ ဘယ်လိုလုပ်ပြီး သူ့အိမ်ထဲ ရောက်နေလဲ လို့ မေးချင်ပေမဲ့ ကျောင်းအမတ်ကြီးက မေးဖို့ အားတောင် မရှိတော့ဘူး။
တပ်မှူးလော့က ယွီးရှောင်ရှောင် အနားကို ပြေးလာပြီး ဂါရဝပြုလိုက်တယ်။
"ကျွန်တော်မျိုး လော့ယန်လင်… မင်းသမီးလေးကို ဂါရဝပြုပါတယ်"
ယွီးရှောင်ရှောင်က ဒီစစ်သူကြီးကို တစ်ချက် ကြည့်ပြီး ပြောလိုက်တယ်။
"ကျွန်မ ရှင့်ကို မြင်ဖူးသလိုပဲ"
တပ်မှူးလော့က မျက်ရည်ကျချင်သွားတယ်။ မင်းသမီးလေး မင်္ဂလာဆောင်တဲ့ နေ့က သူ့ရှေ့မှာတင် မြို့ရိုးပေါ်ကို နှစ်ခါတောင် ပျံတက်သွားခဲ့တာလေ။ သူ့မျက်နှာကို မင်းသမီးလေး မမှတ်မိရင် တကယ် မဖြစ်သင့်ဘူး။
…