← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃) လက်စားချေဖို့ အခွင့်အရေး

"လော့ယန်လင်" လို့ ကျောင်းပေချန်က ယွီးကျစ်မင်ကို ဖက်ထားရင်း တပ်မှူးလော့ကို အော်လိုက်တယ်။

"မင်းက ငါတို့ ကျောင်းအိမ်တော်ကို စစ်တပ်နဲ့ ဝင်လာတာလား။ မင်း ဘာလုပ်ချင်တာလဲ"

တပ်မှူးလော့က ဖြေတယ်။

"သခင်ကြီး။ ကျွန်တော်မျိုးက ဆဋ္ဌမမင်းသားကို နန်းတော် ပြန်ခေါ်သွားဖို့ အမိန့်တော် ရထားလို့ပါ"

ကျောင်းပေချန် ကြောင်သွားတယ်။

"အရှင်မင်းကြီး ပြန်သွားပြီလား"

အားလုံးလည်း ကြောင်သွားကြတယ်။ အရှင်မင်းကြီးက ဘယ်သွားလို့လဲ။

ယွီးရှောင်ရှောင်က အဲဒီအချိန်မှာ ကျောင်းပေချန် အနားကို ရောက်သွားပြီး လက်တစ်ဖက်နဲ့ ယွီးကျစ်မင်ကို လုယူလိုက်ကာ ကျောင်းပေချန်ကို ပါးချလိုက်တယ်။ ဒီလူက ဦးလေး အဖြစ် တူအပေါ် မေတ္တာ ရှိတယ် ဆိုတာကို ထောက်ထားပြီး ယွီးရှောင်ရှောင်က ဒီတစ်ခါတော့ အားလျှော့ရိုက်လိုက်တယ်။ ကျောင်း သခင်ကြီးကို မြေကြီးထဲ စိုက်မသွားစေဘဲ လွင့်စဉ်သွားရုံပဲ ရိုက်လိုက်တယ်။

ကျောင်းပေချန်က မူလကတည်းက အရက်နာကျနေတာရယ်၊ ညက မိန်းမနဲ့ အပျော်အပါး လွန်ထားတာရယ်ကြောင့် ယွီးရှောင်ရှောင်ရဲ့ ပါးရိုက်ခံလိုက်ရတော့ ချက်ချင်း သတိလစ်သွားတယ်။ ဒီနေ့တော့ ပြန်သတိရလာဖို့ မရှိတော့ဘူး။

တော်ဝင်ကိုယ်ရံတော် တွေက တပ်မှူးလော့အမိန့်ပေးစရာ မလိုဘဲ ပြေးသွားပြီး သတိလစ်နေတဲ့ ကျောင်း သခင်ကြီးကို ချက်ချင်း ဖမ်းချုပ်လိုက်တယ်။

ယွီးရှောင်ရှောင်က ကျောင်းပေချန်ကို ဂရုမစိုက်တော့ဘဲ သူမ ရင်ခွင်ထဲမှာ မျက်နှာ အပ်ထားတဲ့ ယွီးကျစ်မင်ကို မေးလိုက်တယ်။

"မင်း အစ်ကိုဝမ်းကွဲတွေကို ရှာဦးမလား"

"မရှာတော့ဘူး" လို့ ယွီးကျစ်မင်က ခေါင်းခါပြတယ်။

"ဪ။ ဒါဆို တို့တွေ သွားမယ်"

ယွီးရှောင်ရှောင်က ကလေးလေးကို ဖက်ပြီး စင်္ကြံလမ်းကို ကျော်ကာ ပန်းခြံထဲမှာ လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ခြံစည်းရိုးကို ကျော်ကာ ချက်ချင်းပဲ ပျောက်ကွယ်သွားတယ်။

တပ်မှူးလော့က မင်းသမီးလေး ထွက်သွားတာကို ကြည့်ပြီး ခဏ ငြိမ်နေတယ်။ မင်းသမီးလေးက သူ့ရှေ့မှာ ပျံသွားတာ ဒါ တတိယ အကြိမ် ရှိပြီလေ။

"တပ်မှူး" လို့ လက်အောက်ငယ်သား တစ်ယောက်က တပ်မှူးလော့ကို တိုးတိုးလေး ခေါ်လိုက်တယ်။ မင်းသမီးက ဆဋ္ဌမမင်းသားကို ခေါ်သွားပြီဆိုတော့ ဒီမှာ ဘာဆက်လုပ်ကြမလဲ။

တပ်မှူးလော့က သက်ပြင်းချလိုက်ပြီး ကျောင်းချိုးမင် အနားကို သွားကာ ပြောလိုက်တယ်။

"အမတ်ကြီး။ ကျွန်တော်မျိုးနဲ့ အတူ နန်းတော်ကို လိုက်ခဲ့ပါ"

ကျောင်းချိုးမင်က တော်ဝင်ကိုယ်ရံတော် နှစ်ယောက် ထမ်းခေါ်သွားတဲ့ ကျောင်းပေချန်ကို ကြည့်နေတယ်။ တကယ်ကို ဒီသားက ဆဋ္ဌမမင်းသားကို နန်းတော်ထဲကနေ ခေါ်ထုတ်လာတာပဲ။ ပြီးတော့ ဆဋ္ဌမမင်းသားကို ကျောင်းအိမ်တော်ထဲမှာ လာဝှက်ထားလောက်တဲ့အထိ မိုက်မဲလွန်းတယ်။ ပိုပြီး ခွင့်လွှတ်လို့ မရတာက ဒီငတုံးက လင်းလုံမင်းသမီး လက်ပူးလက်ကြပ် ဖမ်းမိတာကို ခံလိုက်ရတာပဲ။ ကျောင်းအမတ်ကြီးက မတ်တတ်တောင် မရပ်နိုင်တော့ဘဲ ယိုင်လဲလုမတတ် ဖြစ်သွားတယ်။ ဒီတစ်ခါတော့ သူက သူ့မြေးကို မကယ်နိုင်ရုံတင် မကဘူး။ သူ့သားအကြီးဆုံးကိုပါ ကယ်နိုင်မှာ မဟုတ်တော့ဘူး။

တပ်မှူးလော့က ကျောင်းချိုးမင် ရုတ်တရက် အသက် ဆယ်နှစ်လောက် အိုစာသွားသလို ဖြစ်သွားတာကို ကြည့်ပြီး ဒီအမတ်ကြီး အပေါ် ဘာသနားစိတ်မှ မဖြစ်မိဘူး။ ကျောင်းချိုးမင် အမတ်ကြီး ဖြစ်လာတဲ့ အနှစ်နှစ်ဆယ် အတွင်းမှာ နန်းတွင်းက အမတ် ဘယ်နှယောက်များ ဒီလူ့လက်ချက်နဲ့ ဒုက္ခရောက်ခဲ့ရလဲ ဆိုတာ ဘယ်သူမှ မသိဘူး။ တပ်မှူးလော့က ဒါဟာ ဝဋ်လည်တာပဲ လို့ ယုံကြည်တယ်။ ကံကြမ္မာ ဆိုတာ အမြဲတမ်း လှည့်လည်နေတာပဲ။ အခုတော့ ခင်ဗျား ကျောင်းချိုးမင် ကံဆိုးမဲ့ အလှည့် ရောက်လာပြီပေါ့။

"သွားကြစို့"

ကျောင်းချိုးမင်က မလဲကျအောင် အားတင်းထားပြီး တပ်မှူးလော့ကို ပြောလိုက်တယ်။

"ငါ မင်းနဲ့ အတူ နန်းတော်ကို လိုက်ခဲ့မယ်"

အနာဂတ် ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိရတဲ့ အခြေအနေမှာ ကျောင်းအိမ်တော် တစ်ခုလုံးမှာတော့ ငိုသံတွေ ဆူညံနေတယ်။

ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ခေါ်ပြီး နန်းတော် အပြန်လမ်းမှာ ထန်စန်းကျောင်း(ကောက်ညှင်းမုန့်တစ်မျိုး)တွေ ဝယ်စားကြတယ်။ ကလေးလေးရဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးကို ကြည့်ပြီး ယွီးရှောင်ရှောင်က သမင်လည်ပြန် လှည့်ကြည့်ကာ ယွီးကျစ်မင်ကို မုန့် တစ်ခု ပိုပေးလိုက်ပြီး ဆုံးမတယ်။

"ယောက်ျားလေး ဆိုတာ တောင့်တောင့်တင်းတင်း ရှိမှ ကောင်းတာ။ နောက်ဆိုရင် အများကြီး စားရမယ်"

ယွီးကျစ်မင်က နန်းတော် အပြင်က စားစရာတွေကို တစ်ခါမှ မစားဖူးဘူး။ အရင်က ယွီးရှောင်ရှောင် ကျွေးတဲ့ ဂျုံပေါက်စီလေးကိုတောင် ဆဋ္ဌမမင်းသားလေးက အရမ်း စားလို့ ကောင်းတယ်လို့ ထင်ခဲ့တာ။ အခု သကြားရည်တွေ ပါတဲ့ ကောက်ညှင်းမုန့်ကို စားရတော့ ပိုပြီးတောင် ပျော်နေပြီး ကျောင်းအိမ်တော်မှာ ကြုံခဲ့ရတဲ့ စိတ်မချမ်းသာစရာ တွေကို ချက်ချင်း မေ့သွားတယ်။

ယွီးရှောင်ရှောင်က မေးလိုက်တယ်။

"အစ်မ ပြောတာ မှတ်မိပြီလား"

"အင်း" လို့ ယွီးကျစ်မင်က ခေါင်းညိတ်ပြတယ်။

"အဲဒါမှ မှန်တာပေါ့"

ယွီးရှောင်ရှောင်က ကောက်ညှင်းမုန့် တစ်ဝက်လောက်ကို ပါးစပ်ထဲ အကုန် ထည့်လိုက်ပြီး ပခုံးပေါ်က ကလေးလေးကို တစ်ချက် ပင့်တင်ကာ ပြောလိုက်တယ်။

"နောက်ဆိုရင် အသားထွက်အောင် ကြိုးစားစားနော်"

"ဟုတ်ကဲ့ပါ" လို့ ယွီးကျစ်မင်က ထပ်ပြီး ခေါင်းညိတ်ပြတယ်။

ကုမိသားစု ညီအစ်ကိုတွေက အဲဒီအချိန်မှာ နန်းတော် တံခါးဝမှာ စောင့်နေကြတယ်။ ယွီးရှောင်ရှောင် နန်းတော်ထဲ ရောက်မလာသေးဘူး ဆိုတာ သိရတော့ ကုရှင်းနော့က ကုရှင်းလန်ကို နန်းတော်ထဲ ဝင်ဖို့ တားထားလိုက်တယ်။

ကုရှင်းလန်က မြင်းလှည်းထဲမှာ ထိုင်ရင်း ယွီးရှောင်ရှောင်ကို မျှော်နေတယ်။ ဘယ်ဘက် ကြည့်လည်း မလာ၊ ညာဘက် ကြည့်လည်း မလာနဲ့။ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို သူတို့ လာတဲ့ လမ်းတစ်လျှောက် ပြန်ရှာခိုင်းတာတောင် မတွေ့ခဲ့ဘူး။ ကုရှင်းလန် တကယ် စိတ်ပူလာပြီး ကုရှင်းနော့ကို ပြောလိုက်တယ်။

"မင်းသမီးက ဘယ်သွားနိုင်မှာလဲ"

ကုရှင်းနော့က ကုရှင်းလန် နားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

"မင်းသမီးက ဆဋ္ဌမမင်းသားကို ခေါ်ပြီး ဘယ်သွားနိုင်မှာလဲ။ စိတ်မပူပါနဲ့၊ ဆက်စောင့်ကြည့်တာပေါ့။ မင်းသမီးရဲ့ သိုင်းပညာက အဲဒီလောက် ကောင်းတာ။ ဘာအန္တရာယ်မှ မဖြစ်နိုင်ပါဘူး"

ဒီအချိန်မှာ နန်းတော် တံခါးစောင့် စစ်သူကြီးက ကုအိမ်တော် မြင်းလှည်းနဲ့ မနီးမဝေးမှာ ရပ်နေတယ်။ ကုသခင်ကြီး ပြောတဲ့ စကားကို သူ တစ်ခွန်းမှ မကြားရပေမဲ့ ကုသခင်လေး အသံကျယ်ကျယ်နဲ့ စိုးရိမ်တကြီး ပြောလိုက်တဲ့ စကားကိုတော့ စစ်သူကြီးက သေချာ ကြားလိုက်ရတယ်။ ဘုရားရေ။ စစ်သူကြီးက စိတ်ထဲမှာ ညည်းတွားလိုက်တယ်။ နန်းတော်ထဲမှာ ဆဋ္ဌမမင်းသားလေး ပျောက်သွားလို့ ရှာနေတုန်း အခု မင်းသမီးကြီးပါ ပျောက်သွားပြီလား။ အရှင်မင်းကြီးတော့ ရူးတော့မှာပဲ။

ရှောင်ကျွမ်း ထပ်ပြီး ပြန်ရောက်လာတယ်။ ဒီတစ်ခေါက် သူက ကုအိမ်တော်ကနေ နန်းတော် အထိ လမ်းတစ်လျှောက်က အရက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ အကုန်လုံး ရှာကြည့်တာတောင် မင်းသမီး အရိပ်အယောင်ကို မတွေ့ခဲ့ဘူး။ ရှောင်ကျွမ်းက ကုရှင်းလန်ကို ခေါင်းခါပြပြီး ပြောတယ်။

"သမက်တော်။ ကျွန်တော်မျိုး သေချာ မေးကြည့်ပြီးပါပြီ၊ လမ်းမှာ မင်းသမီးကို မြင်တဲ့သူ တစ်ယောက်မှ မရှိဘူး"

ကုရှင်းလန်က မေးလိုက်တယ်။

"ဒါဆို သူက နန်းတော်ဘက်ကို မလာဘူးလား"

ကုရှင်းနော့လည်း စိတ်ပူလာပြီ။ ဒါပေမဲ့ ကုရှင်းလန်က အခုချိန်မှာ ခေါင်းပေါ်ကနေ မီးခိုးထွက်မတတ် စိတ်ပူနေပြီမို့ ကုသခင်လေးက တည်ငြိမ်ဟန်ဆောင်ပြီး ကုရှင်းလန်ကို ပြောလိုက်တယ်။

"မင်းကို စိတ်မပူပါနဲ့ ပြောထားတယ် မဟုတ်လား။ ဘာလို့ ဒီလောက် လောနေရတာလဲ။ နေ့ခင်းကြောင်တောင်ကြီး မင်းသမီး ဘာအန္တရာယ် ဖြစ်နိုင်မှာလဲ"

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ဘေးမှာ ရပ်ပြီး ကုသခင်လေး ညီကို ဆူနေတာကို နားထောင်နေကြတယ်။

ကုရှင်းလန်က ပြောတယ်။

"ဒါဆို သူ ဘယ်ကို သွားနိုင်မှာလဲ"

တော်ဝင်ကိုယ်ရံတော်တွေက သူ့ကို လိမ်စရာ အကြောင်းမှ မရှိတာ။ မင်းသမီး နန်းတော်ထဲ ဝင်သွားရင်လည်း သူ့ကို မပြောဘဲ နေပါ့မလား။

ကုရှင်းနော့က ကုရှင်းလန်ရဲ့ ပခုံးကို ပုတ်ပြီး ပြောတယ်။

"ထပ်စောင့်ကြည့်ဦး။ မင်းသမီးကို ဒုက္ခပေးချင်ရင်တောင် အဲဒီလူမှာ အရည်အချင်း ရှိဖို့ လိုသေးတယ်"

"သူ့သိုင်းပညာ ကောင်းတာတော့ ဟုတ်ပါတယ်" လို့ ကုရှင်းလန်က စိုးရိမ်တကြီး ပြောတယ်။

"ဒါပေမဲ့ သူက လူတွေကို သတိမထားတတ်ဘူးလေ။ မင်းသမီးက ဘာမှ နားမလည်ဘူး"

ကိုယ့်ဇနီးလေး တစ်ခုခု ဖြစ်သွားမလား ဆိုတာကို တွေးမိတိုင်း ကုရှင်းလန်က ကိုယ်တိုင် မြင်းစီးပြီး လိုက်ရှာချင်စိတ် ပေါက်လာတယ်။

ကုရှင်းနော့က မေးလိုက်တယ်။

"မင်းသမီးမှာ ဘယ်သူ ရန်သူ ရှိလို့လဲ"

"ကျွန်မမှာ ရန်သူ မရှိပါဘူး"

ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ပခုံးပေါ် တင်ပြီး မြင်းလှည်း အပြင်ဘက်မှာ ရပ်ကာ ပြတင်းပေါက်ကနေ ခေါင်းပြူပြီး ကုရှင်းလန်ကို တည်ငြိမ်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်ကာ ပြောလိုက်တယ်။

"ရှောင်ကု။ ရှင် ကျွန်မကို ဒီလောက်တောင် စိတ်ပူနေတာလား"

ကုရှင်းလန်က ယွီးရှောင်ရှောင် ရုတ်တရက် ထွက်လာလို့ အရင်ဆုံး လန့်သွားပြီး သတိဝင်လာတော့မှ မေးလိုက်တယ်။

"မင်း ဘယ်သွားနေတာလဲ"

ကုရှင်းနော့ကတော့ လန့်သွားတယ်။ သူ့လို အကြားအာရုံ ကောင်းတဲ့ သူတောင် ယွီးရှောင်ရှောင်ရဲ့ ခြေသံကို မကြားလိုက်ဘူးလေ။ မင်းသမီးက ကြောင်ဝင်စားလား။ သိုင်းပညာက အရမ်းကို ကောင်းလွန်းတယ်။

ယွီးရှောင်ရှောင်က ဖြေတယ်။

"ကျောင်းအိမ်တော်ကို သွားတာ"

ကုရှင်းလန် ကြောင်အမ်းအမ်း ဖြစ်သွားပြီး မေးလိုက်တယ်။

"ဘာ။ ကျောင်းအိမ်တော်ကို ဘာသွားလုပ်တာလဲ"

အဲဒီအချိန်မှာ နန်းတော် တံခါးစောင့် စစ်သူကြီးက လင်းလုံမင်းသမီး ပခုံးပေါ်မှာ ထမ်းလာတဲ့ ကလေးလေးက ဆဋ္ဌမမင်းသား ဆိုတာကို သေချာ မြင်သွားပြီ။ စစ်သူကြီးက ချက်ချင်း သူ့လူတွေကို အမိန့်ပေးလိုက်တယ်။

"မြန်မြန်။ အရှင်မင်းကြီးကို သွားလျှောက်တင်လိုက်၊ မင်းသမီးကြီးက ဆဋ္ဌမမင်းသားကို ပြန်ခေါ်လာပြီ လို့"

ကိုယ်ရံတော် တစ်ယောက်က နန်းတော်ထဲကို ခြေကုန်သုတ် ပြေးသွားတယ်။

စစ်သူကြီးက ယွီးရှောင်ရှောင် အနားကို ပြေးလာပြီး အရိုအသေပေးကာ ပြောလိုက်တယ်။

"မင်းသမီးလေး။ အရှင်မင်းကြီးက ဆဋ္ဌမမင်းသား ပျောက်သွားလို့ ကျောင်းအိမ်တော်ကို ရှာဖို့ လူလွှတ်ထားတာ၊ မင်းသမီးလေးက ဆဋ္ဌမမင်းသားကို ပြန်ခေါ်လာပေးမယ်လို့ မထင်ထားဘူး"

ယွီးရှောင်ရှောင်က ပြောတယ်။

"ဪ။ ကျွန်မနဲ့ ရှောင်လျိုက အခုလေးတင် ကျောင်းအိမ်တော်ကနေ ပြန်လာတာ။ ကျွန်မ ရှင်တို့ရဲ့ တော်ဝင်ကိုယ်ရံတော်တွေကိုတောင် တွေ့ခဲ့သေးတယ်"

စစ်သူကြီးက မေးလိုက်တယ်။

"ဆဋ္ဌမမင်းသား ဘာမှ မဖြစ်ဘူး မဟုတ်လား"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

"ရှောင်လျို့က ကျွန်မနဲ့ အတူ ရှိနေတာ ဘာဖြစ်နိုင်မှာလဲ။ ကျွန်မ သူ့ကို"

"မင်းသမီး"

ကုရှင်းနော့က မြင်းလှည်းပေါ်ကနေ ဆင်းလာပြီး ယွီးရှောင်ရှောင် စကားကို ဖြတ်ပြောလိုက်တယ်။

"ရှင်းလန်က မင်းသမီးကို အကြာကြီး ရှာမတွေ့လို့ တော်တော် စိတ်ပူနေတာ"

ဘုရင်ကြီးက ဆဋ္ဌမမင်းသားကို ရှာဖို့ ကျောင်းအိမ်တော်ကို လူလွှတ်ထားတယ် ဆိုတဲ့ စကား တစ်ခွန်းတည်းနဲ့တင် ကုသခင်လေးက လက်စားချေဖို့ အခွင့်အရေး ရပြီလို့ တွေးလိုက်မိတယ်။

…

အခန်း (၈၄) တန်ဖိုးရှိတဲ့ ကလေးလေး

"မင်းသမီး"

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို အမြန် ခေါင်းခါပြလိုက်တယ်။ ယွီးကျစ်မင် ရှေ့မှာ ကျောင်းမိဖုရားကို သတ်မယ်လို့ ပြောလိုက်ရင် ဒီကလေးက ဘယ်လို နေမှာလဲ။

"မင်းသမီး ဘာမှ မပြောနဲ့တော့"

ကုရှင်းနော့က ယွီးရှောင်ရှောင် အနားကို လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်တယ်။

"နောက်ဆက်တွဲ ကိစ္စတွေကို ကျွန်တော် ရှင်းပေးပါ့မယ်"

ယွီးရှောင်ရှောင်က သဘောမပေါက်ဘူး။ ကလေးလေး တစ်ယောက်ကို အိမ်ပြန်ပို့ပေးရုံ သက်သက်ကို ကုအစ်ကိုကြီးကို ဘာလို့ အကူအညီ တောင်းရမှာလဲ။

"ကျွန်တော့်ကို တစ်ခါလောက် ယုံကြည့်လို့ ရမလား" လို့ ကုရှင်းနော့က ယွီးရှောင်ရှောင်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်တယ်။

ကုအစ်ကိုကြီးက ရုပ်ရည်ချောမောပြီး တည်ငြိမ်တဲ့ အသွင်အပြင် ရှိတဲ့၊ နောင်တစ်ချိန်မှာ မိသားစုရဲ့ ဂုဏ်ကို ဆက်ခံရမဲ့ သူဌေးသား တစ်ယောက်ရဲ့ ပုံစံမျိုး ရှိတယ်။ ဒါပေမဲ့ အခုလို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီး နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားတဲ့ အပြုံးလေးကြောင့် ကုအစ်ကိုကြီးက ရုတ်တရက် ယွီးရှောင်ရှောင် အနေနဲ့ ရင်းနှီးသလို ခံစားရတဲ့ စစ်တပ်က လူမိုက်တစ်ယောက်ရဲ့ အငွေ့အသက်မျိုး ပေါ်လာတယ်။

"ဘယ်လိုလဲ" လို့ ကုရှင်းနော့က ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

"ကောင်းပြီလေ" လို့ ယွီးရှောင်ရှောင်က ခေါင်းညိတ် သဘောတူလိုက်တယ်။ ကလေးကို ဘယ်သူပဲ ပို့ပို့ အတူတူပဲလေ။

"စစ်သူကြီးဝမ်"

ကုရှင်းနော့က ယွီးရှောင်ရှောင် သဘောတူတာကို မြင်တော့ တော်ဝင်ကိုယ်ရံတော် စစ်သူကြီးဘက် လှည့်ပြီး ပြောလိုက်တယ်။

"ကျွန်တော်တို့ နန်းတော်ထဲ ဝင်ချင်ပါတယ်"

စစ်သူကြီးဝမ်က ပြန်ဖြေတယ်။

"အကြီးဆုံးကုသခင်လေး ခဏ စောင့်ပါဦး။ ကျွန်တော် အရှင်မင်းကြီးဆီ သတင်းပို့ဖို့ လူလွှတ်ထားပါတယ်"

ကုရှင်းနော့က စစ်သူကြီးဝမ်ကို ခေါင်းညိတ်ပြလိုက်ပြီး ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို အမိန့်ပေးလိုက်တယ်။

"ရှင်းလန်ကို မြင်းလှည်းပေါ်ကနေ ထမ်းချလိုက်ကြ"

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က သူတို့ မင်းသမီးလေး ဘာမှ မဖြစ်တာကို မြင်တော့ စိတ်အေးသွားပြီး ကုရှင်းလန်ကို မြင်းပေါ်ကနေ သေသေချာချာ ထမ်းချလိုက်ကြတယ်။

"ယောက်ဖ"

ယွီးကျစ်မင်က သကြားရည်တွေ ပေပွနေတဲ့ ပါးစပ်လေးနဲ့ ကုရှင်းလန်ကို ကြည့်ပြီး ချိုသာတဲ့ အသံလေးနဲ့ ခေါ်လိုက်တယ်။

လူတိုင်းက ယွီးရှောင်ရှောင်ကလွဲရင် အကုန်လုံး အံ့သြသွားကြတယ်။ ကျောင်းမိဖုရားရဲ့ သားက လင်းလုံမင်းသမီးရဲ့ ခင်ပွန်းကို ဒီလောက် ရင်းရင်းနှီးနှီး ခေါ်နေတာ၊ သူတို့ အိပ်ရာထ မှားလို့များ ဒီလို မြင်ကွင်းမျိုး မြင်နေရတာလား။

ယွီးကျစ်မင်က ကုရှင်းလန်ကို လက်နှစ်ဖက် ဆန့်တန်းပေးပြီး ပြောတယ်။

"ယောက်ဖ ချီ"

ယွီးရှောင်ရှောင်က ဘာမှ မစဉ်းစားဘဲ ယွီးကျစ်မင်ကို ကုရှင်းလန် ရင်ခွင်ထဲ ထည့်ပေးလိုက်တယ်။ ဒီကလေးက အချီခံရတာကို အရမ်း သဘောကျတယ် ဆိုတာ သူမ သတိထားမိတယ်။ ဘုရင်ကြီးက အလှအပတွေ နောက်ပဲ လိုက်နေပြီး ကျောင်းမိဖုရားကလည်း မိဖုရားခေါင်ကြီး ဖြစ်ဖို့ပဲ အာရုံစိုက်နေတော့ သားဖြစ်သူကို ဂရုမစိုက်တာကြောင့် ဒီကလေးလေးက မေတ္တာ ငတ်နေတာ ဖြစ်နိုင်တယ်လေ။

ကုရှင်းလန်က တောင့်တင်းသွားတယ်။ ယွီးကျစ်မင်ရဲ့ ပါးစပ်နားမှာ သကြားရည်တွေ ခြောက်ပြီး ကပ်နေတာကို မြင်တော့ အမြဲတမ်း သပ်ရပ်ချင်တဲ့ ကုသခင်လေးက သကြားရည် ခြောက်တွေကို လက်နဲ့ ဖြည်းဖြည်းချင်း ဖယ်ပေးလိုက်ပြီး ကလေးလေးရဲ့ အင်္ကျီကော်လံကိုပါ သေသေချာချာ ပြင်ပေးလိုက်တယ်။

ကုရှင်းနော့က သူ့ညီလေး ယွီးကျစ်မင်ကို ပြုစုပေးနေတာကို ကြည့်ပြီး တိုးတိုးလေး သက်ပြင်းချလိုက်တယ်။ ကုရှင်းလန်က သူ ကြီးပြင်းလာတာကို မြင်ခဲ့ရတာလေ။ အပြင်ပန်းမှာ အေးစက်စက်နဲ့ စကားနည်းပေမဲ့ တကယ်တော့ စိတ်ထား အရမ်း နူးညံ့တဲ့ ကောင်လေးပါ။

စစ်သူကြီးဝမ် နန်းတော်ထဲ လွှတ်လိုက်တဲ့ ကိုယ်ရံတော်က မိန်းမစိုးချုပ် ကျင်းကျုံးနဲ့အတူ နန်းတော် တံခါးကနေ အမြန် ထွက်လာတယ်။ ကျင်းကျုံးက ကုရှင်းလန် ရင်ခွင်ထဲမှာ ထိုင်နေတဲ့ ယွီးကျစ်မင်ကို မြင်လိုက်ရတော့ သူများ အမြင်မှားတာလား ဆိုပြီး လန့်သွားတယ်။

"အမတ်ချုပ်ကြီး"

စစ်သူကြီးဝမ်က ကျင်းကျုံး ထွက်လာတာကို မြင်တော့ ချက်ချင်း နှုတ်ဆက်လိုက်တယ်။

ကျင်းကျုံးက 'ဆဋ္ဌမမင်းသားကို ကုရှင်းလန်က ဘာလို့ ချီထားတာလဲ' လို့ မေးချင်ပေမဲ့ ကုရှင်းလန် ဘေးမှာ ရပ်နေတဲ့ ယွီးရှောင်ရှောင်ကို မြင်တော့ ဘာမှ ဆက်မမေးရဲတော့ဘူး။ အလကား ပြဿနာ အရှာခံရမှာက ကျင်းကျုံးရဲ့ အကျင့် မဟုတ်ဘူးလေ။

"အရှင်မင်းကြီးက မင်းသမီးလေးနဲ့ ဆဋ္ဌမမင်းသားကို နန်းတော်ထဲ ဝင်ခဲ့ဖို့ အမိန့်တော် ရှိပါတယ်"

ကျင်းကျုံးက ယွီးရှောင်ရှောင်ကို ယဉ်ယဉ်ကျေးကျေး ပြောလိုက်တယ်။

ယွီးရှောင်ရှောင်က ကုအစ်ကိုကြီးနဲ့ ကုရှင်းလန်ကို လက်ညှိုးထိုးပြပြီး မေးလိုက်တယ်။

"ကျွန်မ ဝင်သွားရင် သူတို့ကကော"

ကျင်းကျုံးက ပြန်ဖြေတယ်။

"ကုသမက်တော်နဲ့ အကြီးဆုံးကုသခင်လေးကိုလည်း အတူတူ ဝင်ခဲ့ဖို့ မိန့်တော်မူပါတယ်"

ကုမိသားစု ညီအစ်ကို နှစ်ယောက်က အမိန့်တော်ကို ခံယူပြီး ကျေးဇူးတင်စကား ဆိုလိုက်ကြတယ်။ ပြီးတော့ နန်းတော် တံခါး ရှေ့က လူတွေ အကုန်လုံးက ယွီးရှောင်ရှောင်ကို ကြည့်နေကြတယ်။ မင်းသမီးရဲ့ သိုင်းပညာ ကောင်းတာ သူတို့ သိပေမဲ့ ဘုရင့် အမိန့်တော် ရောက်လာတာကိုတော့ ကျေးဇူးတင်စကား ဆိုရမယ် မဟုတ်လား။

ကုရှင်းလန်က ယွီးရှောင်ရှောင် ရပ်နေပြီး ဘာမှ မလုပ်တာကို မြင်တော့ ခေါ်လိုက်တယ်။

"မင်းသမီး"

ယွီးရှောင်ရှောင်က မေးလိုက်တယ်။

"ဒီမှာ ဘာရပ်လုပ်နေတာလဲ။ နန်းတော်ထဲ မဝင်ဘူးလား"

ကျင်းကျုံးက ချောင်းဟန့်လိုက်ပြီး ပြောတယ်။

"မင်းသမီးလေး။ အမိန့်တော်ကို မခံယူဘူးလား"

"ဘာ"

ယွီးရှောင်ရှောင်က ကျင်းကျုံးကို ကြည့်ပြီး ပြန်မေးလိုက်တယ်။

"အိမ်ပြန်တာတောင် အမိန့်တော် ခံယူရဦးမှာလား။ ရှင် ထပ်ပြီး အကြံဆိုးတွေ ကြံနေပြန်ပြီ မဟုတ်လား"

အိမ်ပြန်တာတောင် ဒူးထောက်ပြီး ကျေးဇူးတင်စကား ဆိုရတယ်လို့ ဘယ်သူက ပြောလဲ။ ဒီ မိန်းမစိုးက အကြံဆိုးတွေ ထပ်ကြံနေတာ သေချာတယ်။

ကျင်းကျုံးက ယွီးရှောင်ရှောင်ကို ကြည့်ပြီး ဘာမှ မပြောနိုင်အောင် ဖြစ်သွားတယ်။ သူက အကြံဆိုးတွေ ကြံရင်တောင် လင်းလုံမင်းသမီးလို လူမျိုးကို ဘယ်လို လုပ်လို့ ရမှာလဲ။ သူက ဘုရင်ကြီးကိုတောင် ခေါ်ပြီး အဆောက်အအုံပေါ်ကနေ ခုန်ချရဲတဲ့သူလေ။

"နန်းတော်ထဲ ဝင်မယ်"

ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ပြောလိုက်ပြီး ကျင်းကျုံးကို လုံးဝ ဂရုမစိုက်ဘဲ နန်းတော်ထဲ ဝင်သွားတယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ကုရှင်းလန်ကို ထမ်းပြီး ယွီးရှောင်ရှောင် နောက်ကနေ လိုက်သွားကြတယ်။

ဘုရင်ကြီးက သမီးတော်၊ သမက်တော်နဲ့ သမီးရဲ့ ယောက်ဖကြီးတို့ကို စာကြည့်ဆောင်မှာပဲ လက်ခံ တွေ့ဆုံတယ်။

ယွီးကျစ်မင်က ဘုရင်ကြီးကို တွေ့တဲ့အခါ အရမ်း ဝမ်းသာအားရ ဖြစ်ပြီး ရင်းနှီးတဲ့ ပုံစံ မပြဘဲ ကုရှင်းလန်ရဲ့ ရင်ခွင်ထဲမှာပဲ ပုန်းနေတယ်။

ဘုရင်ကြီးက သူ့သားကို တစ်ချက် ကြည့်လိုက်တယ်။ ယွီးကျစ်မင် ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှ မရှိတာ သေချာတော့မှ ယွီးရှောင်ရှောင်ကို ကြည့်လိုက်တယ်။ ဒါက သူ့ကို ရှင်းပြရမယ် မဟုတ်လား။

ယွီးရှောင်ရှောင်က ဘုရင်ကြီး သူမကို စိုက်ကြည့်နေတာကို မြင်တော့ ဘာမှ မပြောဘဲ နေရင် မကောင်းဘူး ထင်ပြီး ကုရှင်းနော့ကို တိုးတိုးလေး မေးလိုက်တယ်။

"အစ်ကိုကြီး။ ကျွန်မ စကားပြောရမှာလား"

ကုရှင်းနော့ ဘာပြောရမှန်း မသိ ဖြစ်သွားတယ်။

ဘုရင်ကြီးက စားပွဲကို ရိုက်လိုက်ပြီး အော်လိုက်တယ်။

"လင်းလုံ။ မင်း ဒီနေ့ စကားမပြောနိုင်တော့ဘူးလား"

"ပြောသင့်တဲ့ စကားတွေ ပြောလိုက်ပါ"

ကုရှင်းနော့က ယွီးရှောင်ရှောင် စကားမပြောမှာ စိုးလို့ အမြန် တိုးတိုးလေး ဝင်ပြောလိုက်တယ်။

ယွီးရှောင်ရှောင်က ချက်ချင်း ပြောလိုက်တယ်။

"ရှောင်လျိုက ကျွန်မကို ပြောတယ်၊ ကျောင်းမိဖုရားက သူ့ကို မလိုချင်တော့ဘူးတဲ့"

"ဘာ"

ဘုရင်ကြီး အံ့သြသွားတယ်။

ယွီးရှောင်ရှောင်က ဆက်ပြောတယ်။

"ကျောင်းမိဖုရားက ဘယ်လိုလုပ် အဲဒီလို လုပ်ရက်တာလဲ။ ကျူးယိကို သွားရုံလေးလေ၊ ရှောင်ချီ ကျူးယိကို သွားရမယ် ဆိုတုန်းကတောင် ကျွန်မက သူ့ကို မလိုချင်တော့ဘူးလို့ မပြောခဲ့ပါဘူး"

အမှန်တိုင်း ပြောရရင် ကျူးယိကို သွားရမယ် ဆိုတာက ယွီးရှောင်ရှောင် အတွက်တော့ ဘာမှ အရေးမကြီးပါဘူး။ နေရာ ပြောင်းနေရုံ သက်သက်ပဲလေ။ ဇွန်ဘီခေတ်မှာ မိဘမဲ့ ကလေးတွေ အများကြီးပဲ။ မိဘ မရှိလည်း ဆက်အသက်ရှင်နိုင်ကြတာပဲ မဟုတ်လား။ ယွီးရှောင်ရှောင် ကိုယ်တိုင်လည်း နည်းပြတွေက ကြီးပြင်းအောင် ပြုစုပျိုးထောင်ပေးခဲ့တာလေ၊ ကြီးလာတော့ သူမ ကိုယ်တိုင်လည်း နည်းပြ ဖြစ်လာတာပဲ၊ အခုထိ ကောင်းကောင်းမွန်မွန် ရှင်သန်နေတာပဲလေ။ ယွီးရှောင်ရှောင် တကယ် ဂရုစိုက်တာက မိဘတွေက ကိုယ့်ကလေးကို ဘယ်လိုများ စွန့်ပစ်ရက်တာလဲ ဆိုတာပဲ။ ကလေးလေးတွေက သိပ်ကို တန်ဖိုးရှိတာကို၊ မလိုချင်ဘူး ဆိုတာနဲ့ အလွယ်တကူ စွန့်ပစ်လိုက်လို့ ရတာလား။ လုံးဝ ခွင့်လွှတ်လို့ မရဘူး။

ဘုရင်ကြီးက ကုရှင်းလန် ရင်ခွင်ထဲမှာ မျက်နှာ အပ်ထားတဲ့ ဆဋ္ဌမမင်းသားကို ကြည့်ပြီး မေးလိုက်တယ်။

"မင်း အမေက တကယ် အဲဒီလို ပြောလိုက်တာလား"

ယွီးရှောင်ရှောင်က ကလေးလေးကို ပြောလိုက်တယ်။

"ရှောင်လျို မကြောက်နဲ့နော်။ အစ်မ ရှိတယ်"

ယွီးကျစ်မင်က ခေါင်းညိတ်ပြလိုက်တယ်။

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို ကြည့်ပြီး မေးလိုက်တယ်။

"ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ"

ဘုရင်ကြီးက တော်တော်လေး စိတ်ထိခိုက်သွားတယ်။ ကျောင်းမိဖုရားက သူ့အမြင်မှာ အမြဲတမ်း အိမ်ထောင်ရှင်မကောင်း၊ မိခင်ကောင်း တစ်ယောက်ပဲလေ။ ဘယ်လိုလုပ် ကိုယ့်သားကို စွန့်ပစ်နိုင်မှာလဲ။

ယွီးရှောင်ရှောင်က ပြောတယ်။

"ရှင် ဘာမှ မပြောတာက ဒီကိစ္စကို အသံတိတ် ပျောက်သွားအောင် လုပ်ချင်လို့လား။ ဟေး။ ဒါ ရှင့်သားနော်။ ရှင့်နန်းတော်ထဲမှာ မိန်းမတွေ ရာနဲ့ချီ ရှိပေမဲ့ သားက ခုနစ်ယောက်တည်း ရှိတာလေ"

ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို စိုက်ကြည့်ပြီး မျက်လုံးတွေ နီရဲလာကာ ပြောလိုက်တယ်။

"လင်းလုံ။ ငါက မင်းရဲ့ ခမည်းတော်ပါ"

ဘုရင်ကြီး ပြောချင်တဲ့ အဓိပ္ပာယ်က 'ငါက ဘုရင်။ မင်း ငါ့ကို လေးစားရမယ်' ဆိုတာပါ။ လူသားတိုင်း နားလည်နိုင်တဲ့ စကားကို ယွီးရှောင်ရှောင်လို အခြား ကမ္ဘာက လာတဲ့ သူကတော့ နားမလည်ပါဘူး။

"ကျွန်မ သိတယ်လေ။ ရှင်က ကျွန်မ ခမည်းတော်ပဲ" လို့ ယွီးရှောင်ရှောင်က ပြန်ပြောတယ်။

"အခုက ရှောင်လျို အကြောင်း ပြောနေတာလေ။ ကျောင်းမိဖုရားကို ဘယ်လို လုပ်မလဲ"

ဘုရင်ကြီးက ဒေါသထွက်သွားပြီး ပြန်မေးလိုက်တယ်။

"မင်းက ငါ့ကို ဘယ်လို လုပ်စေချင်လို့လဲ"

ယွီးရှောင်ရှောင်က ပြောလိုက်တယ်။

"သူက အဖေ့မိန်းမလေ။ ကျွန်မကို လာမေးနေတယ်။ ဒါမှမဟုတ်။ သူ့ကို သတ်ပစ်လိုက်ရမလား"

အရှင်မင်းကြီး ခမျာ ဘယ်လောက်တောင် စိတ်ဆင်းရဲနေရမလဲ။

ဘုရင်ကြီးက ထိုင်ခုံမှာ ထိုင်ရင်း အသက်ရှူ မြန်နေတယ်။ စိတ်ထဲမှာ တစ်ခုမှ အဆင်ပြေတာ မရှိဘူး။

ယွီးရှောင်ရှောင်က မျက်လုံးလေး မှေးပြီး ကြည့်လိုက်တယ်။ ဒီအရူးဘုရင်က ကျောင်းမိဖုရားကို သတ်ဖို့ မရက်စက်နိုင်ဘူး ဆိုတာ သူမ သိသားပဲ။

…

All Chapters