အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း (၈၇) အကြံအစည်ကြီးတဲ့ မင်းသမီး
ကျောင်းပေချန်က 'မတရားဘူး' လို့ အော်လေလေ၊ ဘုရင်ကြီးက ဒေါသတကြီးနဲ့ ပိုရိုက်ခိုင်းလေလေပဲ။ ဒီလူယုတ်မာက တော်ဝင်မင်းသမီးကိုတောင် စွပ်စွဲရဲတယ်လား။ အသေသတ်မပစ်ရင် သူကိုယ်သူတောင် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးလို့ ဘုရင်ကြီးက ခံစားနေရတယ်။ သူ့သမီးက တစ်ခါတလေ သူ့ကို မျက်စောင်းထိုးတာက ထားပါတော့လေ။ ဒါက သူ့သမီးပဲကိုး။ ဒါပေမဲ့ အမတ်တစ်ယောက်က သူ့ကို အထင်သေးရဲတယ် ဆိုတာကတော့ လုံးဝ သည်းမခံနိုင်တဲ့ ကိစ္စပဲ။
ကျောင်းချိုးမင်က ဘေးမှာ ဒူးထောက်နေရင်း ဝင်မတောင်းပန်ရဲဘူး။ ဝင်တောင်းပန်လိုက်ရင် အခုချိန်မှာ အရိုက်ခံရမဲ့ သူက သူ့သား တစ်ယောက်တည်း ဖြစ်တော့မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကျောင်းအမတ်ကြီးရဲ့ ဦးနှောက်ကတော့ အလုပ်လုပ်နေတုန်းပဲ။ ကိုယ့်သားအကြောင်း ကိုယ်အသိဆုံးပဲလေ။ ကျောင်းပေချန်က အလကားနေရင်း လျှောက်ပြောမဲ့သူ မဟုတ်ဘူး။ ပြီးခဲ့တဲ့ တစ်ခေါက်က သူ့အမိန့်နဲ့ ကုရှင်းလန်ကို ဒုက္ခပေးပြီးတဲ့နောက် ဒီကောင်က လပေါင်းများစွာ ကြောက်လန့်နေခဲ့တာ။ ကျောင်းပေချန်က ယွီးလင်းလုံ ဆဋ္ဌမမင်းသားကို ကျောင်းအိမ်တော်ထဲ ခေါ်သွားတာ မြင်တယ်လို့ ပြောတာက အမှန် ဖြစ်ဖို့ များတယ်။
သခင်လေးကျောင်းက ဘယ်လောက်ပဲ ခန္ဓာကိုယ် တောင့်တင်းခိုင်မာပါစေ၊ အချက်နှစ်ဆယ်လောက် အရိုက်ခံရပြီးတဲ့ အခါမှာတော့ အသံတောင် မထွက်နိုင်တော့ဘူး။
ကုရှင်းနော့က ဘေးကနေ အေးအေးဆေးဆေး ကြည့်နေတယ်။ ဒီရိုက်တဲ့ တော်ဝင်ကိုယ်ရံတော်တွေက ကျင်းကျုံးရဲ့ အမိန့်ကြောင့် အားကုန် မရိုက်တာ ဖြစ်မယ်။ မဟုတ်ရင် ဒီလူတွေရဲ့ အရည်အချင်းနဲ့ဆို ဆယ်ချက်လောက် ရိုက်ရုံနဲ့ ကျောင်းပေချန် အသက်ထွက်သွားမှာ သေချာတယ်။
ကျင်းကျုံးက ဘုရင်ကြီးရဲ့ မျက်နှာကို တစ်ချိန်လုံး အကဲခတ်နေတာ။ ကျောင်းပေချန် အသံမထွက်နိုင်တော့ဘဲ အသက်ရှူသံ သဲ့သဲ့လေးပဲ ကျန်တော့တဲ့ အချိန်မှာ ဘုရင်ကြီးရဲ့ မျက်နှာက ဒေါသနည်းနည်း ပြေသွားတာကို မြင်တော့မှ သူက ခါးကိုင်းပြီး ဘုရင်ကြီးကို တိုးတိုးလေး လျှောက်တင်လိုက်တယ်။
"အရှင်မင်းကြီး။ အခု နှစ်ဆယ့်ကိုးချက် ရှိသွားပါပြီ၊ ကျောင်းပေချန်ကို သေတဲ့အထိ ရိုက်ရမှာလား"
ဘုရင်ကြီးက "ဟမ့်" လို့ အသံပြုလိုက်တယ်။
ကျင်းကျုံးက ဆက်ပြောတယ်။
"အရှင်မင်းကြီး။ ဆက်ရိုက်ရင် ကျောင်းပေချန်က တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားပါလိမ့်မယ်။ ဒီကိစ္စက တကယ်တော့ သူကလည်း ကျောင်းမိဖုရားနဲ့ ဆဋ္ဌမမင်းသား အတွက်မို့လို့ပါ။ ခုနက သူ လျှောက်ပြောတာကလည်း အရှင်မင်းကြီးရဲ့ အပြစ်ပေးတာကို ကြောက်လို့ ဖြစ်မှာပါ"
"ငါ့ကို ကြောက်လို့ လင်းလုံ ခေါင်းပေါ်ကို အပြစ်ပုံချတယ်ပေါ့" လို့ ဘုရင်ကြီးက မကျေမနပ် ပြောလိုက်တယ်။
ကျင်းကျုံးက သတိထားပြီး ဆက်ပြောတယ်။
"အရှင်မင်းကြီး။ လျှောက်ပြောတဲ့သူက တွေးမိတာကို ပြောတာပဲလေ။ ကျွန်တော်မျိုး အထင်တော့ ကျောင်းပေချန်က အရှင်မင်းကြီးက မင်းသမီးလေးကို အရမ်း ချစ်တယ်ဆိုတာ သိလို့ အပြစ်ပုံချရင်တောင် အရှင်မင်းကြီး အပြစ်မပေးနိုင်မဲ့ သူဆီကို ပုံချလိုက်တာ ဖြစ်ပါလိမ့်မယ်။ ကျောင်းပေချန် ကြည့်ရတာ သူများ ဒုက္ခရောက်အောင် မလုပ်ချင်တဲ့ ပုံပါပဲ"
ကျင်းကျုံးရဲ့ တောင်းပန်စကားက တကယ့်ကို အဆင့်မြင့်တယ်။ ဘုရင်ကြီးက သမီးကို ချစ်တဲ့ ဖခင်ကောင်း တစ်ယောက်ပါလို့ ချီးကျူးလိုက်သလို ကျောင်းပေချန် ကိုလည်း ဘုရင်ကြီးရဲ့ အာဏာကို ကြောက်ရွံ့ပြီး တခြားလူတွေကို ဒုက္ခမပေးချင်တဲ့ လူကောင်း တစ်ယောက်ပါလို့ ချီးကျူးလိုက်တာပဲ။
ဘုရင်ကြီးရဲ့ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ထိုင်ခုံ လက်ရန်းကို လက်နဲ့ တစ်ချက် ပုတ်လိုက်တယ်။
ကျင်းကျုံးက ချက်ချင်း လှည့်ပြီး အပြင်မှာ ရိုက်နေတဲ့ ကိုယ်ရံတော်တွေကို အမိန့်ပေးလိုက်တယ်။
"ရပ်လိုက်တော့"
ကိုယ်ရံတော်တွေ ရပ်လိုက်တဲ့ အချိန်မှာ ကျောင်းပေချန်ရဲ့ အောက်မှာ သွေးအိုင်ကြီး ဖြစ်နေပြီး သေလုမြောပါး ဖြစ်နေပြီ။
ကုရှင်းနော့က စိတ်ထဲမှာ နှမြောသွားပေမဲ့ မျက်နှာထား တည်တည်နဲ့ ဘုရင်ကြီးကို လျှောက်တင်လိုက်တယ်။
"အရှင်မင်းကြီး။ တော်ဝင်ကိုယ်ရံတော်တွေ ကျောင်းအိမ်တော်ကို သွားပြီး ကျောင်းပေချန်က ဆဋ္ဌမမင်းသားကို နန်းတော်ထဲကနေ ခိုးထုတ်သွားတဲ့ ကိစ္စကို အခုဆိုရင် နန်းတွင်းကော ပြည်သူတွေကော သိကုန်လောက်ပြီ။ အခုလို ကျောင်းပေချန် ကို ဒီအတိုင်း ပြန်လွှတ်ပေးလိုက်ရင် ကျွန်တော်မျိုး စိုးရိမ်မိတာက။"
ကျောင်းချိုးမင်က ကုရှင်းနော့ စကားမဆုံးခင်မှာပဲ ဘုရင်ကြီးကို ဦးတိုက်ပြီး လျှောက်တင်လိုက်တယ်။
"အရှင်မင်းကြီး။ ကျွန်တော်မျိုးရဲ့ ဒီသားဆိုးက အမှားကြီး လုပ်မိသွားပါပြီ။ အရှင်မင်းကြီးက သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ။ ကျွန်တော်မျိုးလည်း ဒီသားဆိုးနဲ့ အတူတူ အပြစ်ကို ခံယူပါ့မယ်"
ဘုရင်ကြီးက သက်ပြင်းချလိုက်တယ်။ ကျောင်းချိုးမင်က တကယ့်ကို ဖခင်ကောင်း တစ်ယောက်ပါပဲ။
"ကျောင်းပေချန်ကို တာ့လီစစ်ကို ပို့လိုက်"
ဘုရင်ကြီးက အမိန့်ပေးလိုက်တယ်။ သေဒဏ်ကနေ ကင်းလွတ်ခွင့် ရပေမဲ့ အပြစ်ဒဏ်ကိုတော့ ခံရမှာပဲ။ ဒီလူယုတ်မာကို ရက်နည်းနည်းလောက် ပိုပြီး အကျဉ်းချထားရမယ်။
"အရှင်မင်းကြီးရဲ့ သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးတဲ့ ကျေးဇူးတော်ကို ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ်"
ကျောင်းချိုးမင်က မြေကြီးပေါ်မှာ ဒူးထောက်ပြီး မျက်ရည်ကျကာ ကျေးဇူးတင်စကား ဆိုလိုက်တယ်။
တော်ဝင်ကိုယ်ရံတော် နှစ်ယောက်က သတိလစ်နေတဲ့ ကျောင်းပေချန်ကို ဆွဲထုတ်သွားကြတယ်။
နန်းတော် တံခါးမှာ စောင့်နေတဲ့ မိန်းမစိုး တစ်ယောက်က တော်ဝင်ကိုယ်ရံတော် နှစ်ယောက်နဲ့ ပခုံးချင်း တိုက်မိမတတ် ပြေးဝင်လာပြီး ဘုရင်ကြီးကို လျှောက်တင်လိုက်တယ်။
"အရှင်မင်းကြီး။ ကျူးယိက အိမ်ရှေ့မင်းသား ကျင်းမော့က နန်းတော် တံခါး အပြင်မှာ တွေ့ခွင့် တောင်းနေပါတယ်"
ဘုရင်ကြီးက ကျင်းမော့ နာမည်ကို ကြားတာနဲ့ ခေါင်းကိုက်သွားတယ်။ ဒီလူသာ မရှိရင် သူ ဒီလောက် ခေါင်းကိုက်စရာ ကိစ္စတွေနဲ့ ကြုံရမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီ ကျူးယိ အိမ်ရှေ့မင်းသားကို သူ မတွေ့ဘဲ နေလို့လည်း မရဘူး။
"သူ့ကို ဝင်ခွင့်ပြုလိုက်" လို့ ဘုရင်ကြီးက အမိန့်ပေးလိုက်တယ်။
ကျင်းမော့က စာကြည့်ဆောင်ကို လာတဲ့ လမ်းမှာ အရိုက်ခံထားရလို့ သတိလစ်နေပြီး သွေးတွေ ပေကျံနေတဲ့ ကျောင်းပေချန် ကို တွေ့လိုက်ရတယ်။ ကျင်းမော့က ပြုံးလိုက်တယ်။ ကြည့်ရတာ ကျောင်းမိသားစု ထပ်ပြီး အရှုံးပေါ်သွားပြန်ပြီပဲ။
ဘုရင်ကြီးက ကျင်းမော့ကို တွေ့တော့ အားမရှိတဲ့ လေသံနဲ့ မေးလိုက်တယ်။
"အိမ်ရှေ့မင်းသား။ ဒီအချိန်ကြီး နန်းတော်ထဲ ဝင်လာတာ ဘာကိစ္စ ရှိလို့လဲ"
ကျင်းမော့က ဒူးထောက်နေတုန်းပဲ ရှိသေးတဲ့ ကျောင်းချိုးမင်ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"အရှင်မင်းကြီး။ ကျောင်းအမတ်ကြီးက သူ့သားကို ခိုင်းပြီး ဆဋ္ဌမမင်းသားကို နန်းတော်ထဲကနေ ခိုးထုတ်သွားတယ်လို့ ကျွန်တော် ကြားလိုက်တယ်"
ဘုရင်ကြီးက ကျင်းမော့ကို ထိုင်ခိုင်းလိုက်တယ်။
ကျင်းမော့က ထိုင်ပြီးတာနဲ့ ဆက်ပြောတယ်။
"အရှင်မင်းကြီး။ ကျွန်တော်တို့ ကျူးယိက ဘယ်သူ့ကိုမှ အတင်းအဓမ္မ မလုပ်ခိုင်းပါဘူး။ အရှင်မင်းကြီးက သဘောမတူဘူး ဆိုရင်လည်း ကျွန်တော် ကျူးယိကို ပြန်ရောက်တဲ့အခါ အရှင်မင်းကြီး ကိုယ်စား ကျွန်တော့် ခမည်းတော်ကို ရှင်းပြပေးလို့ ရပါတယ်"
ဘုရင်ကြီးက ကျင်းမော့ကို လက်ကာပြပြီး ပြောလိုက်တယ်။
"ငါကိုယ်တော်ရဲ့ ဆဋ္ဌမသားက အခု နန်းတော်ထဲမှာ ရှိနေပါတယ်။ အိမ်ရှေ့မင်းသား ကျူးယိကို ပြန်သွားမဲ့ အချိန်တိုင်း ဆဋ္ဌမသားက အတူတူ လိုက်သွားဖို့ အဆင်သင့်ပါပဲ"
"ကျောင်းအမတ်ကြီးမှာ သားလေးယောက် ရှိတယ်လေ" လို့ ကျင်းမော့က ပြောလိုက်တယ်။
"မနေ့ညက ကျောင်းပေချန်။ ဒီညကျရင် ကျောင်းအမတ်ကြီးရဲ့ ဘယ်သားက ထပ်ပြီး လုပ်ဆောင်လာဦးမလဲ ဘယ်သူ သိမှာလဲ"
"အရှင်မင်းကြီး။ ကျွန်တော်မျိုး မဝံ့ရဲပါဘူး" လို့ ကျောင်းချိုးမင်က အမြန် ဘုရင်ကြီးကို ကတိပေးလိုက်တယ်။
ကျင်းမော့က ကျောင်းချိုးမင်ကို လှောင်ပြုံး ပြုံးကြည့်ပြီး ပြောလိုက်တယ်။
"ကျောင်းအမတ်ကြီးရဲ့ စကားကို ကျွန်တော်က ဘယ်လောက်အထိ ယုံရမှာလဲ"
ကျောင်းချိုးမင်က ဘုရင်ကြီးကို မော့ကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်မှာတော့ ကံတရားကို လက်ခံလိုက်တဲ့ ပုံစံ ပေါက်နေတယ်။
"ဒါဆို အိမ်ရှေ့မင်းသားက ဘာသဘောလဲ" လို့ ဘုရင်ကြီးက ကျင်းမော့ကို မေးလိုက်တယ်။
"ကျွန်တော် နောက်နှစ်ရက်နေရင် ကျူးယိကို ပြန်တော့မယ်" လို့ ကျင်းမော့က ပြောတယ်။
"စိတ်အေးရအောင် အရှင်မင်းကြီးက အခုပဲ ဆဋ္ဌမမင်းသားကို ကျွန်တော် ခေါ်သွားခွင့် ပေးလိုက်တာ အကောင်းဆုံးပဲ ထင်ပါတယ်"
ဘုရင်ကြီး ကြောင်သွားပြီး ချက်ချင်း အခက်တွေ့သွားတယ်။
"အခု ချက်ချင်းလား"
ကျင်းမော့က ပြန်ဖြေတယ်။
"ပြဿနာတွေကို ရှောင်ရှားဖို့က အကောင်းဆုံးပဲလေ။ အရှင်မင်းကြီးကော ဘယ်လို ထင်လဲ"
ကျောင်းချိုးမင်က ဝင်ပြောတယ်။
"အိမ်ရှေ့မင်းသား။ ကျောင်းမိဖုရားက ဆဋ္ဌမမင်းသားနဲ့ နှုတ်မဆက်ရသေးဘူးလေ။ အိမ်ရှေ့မင်းသားက အခု ချက်ချင်း ဆဋ္ဌမမင်းသားကို ခေါ်သွားရင်။"
"ကျောင်းအမတ်ကြီးက ဘာတွေ လာပြောနေတာလဲ"
ကျင်းမော့က ကျောင်းချိုးမင်ရဲ့ စကားကို ဂရုမစိုက်ဘဲ ဖြတ်ပြောလိုက်တယ်။
"ဆဋ္ဌမမင်းသားကို နောက်ထပ် တစ်မိနစ်လောက် ပိုနေခွင့်ပေးလိုက်ရင် ကျောင်းမိဖုရားရဲ့ ရောဂါက ချက်ချင်း ပျောက်သွားမှာမို့လို့လား"
ကျင်းမော့က အခု ချက်ချင်း ယွီးကျစ်မင်ကို ခေါ်သွားမယ် ဆိုရင် ဘုရင်ကြီးပဲ ဖြစ်ဖြစ်၊ ကျောင်းချိုးမင်ပဲ ဖြစ်ဖြစ် မနေ့ညက တကယ် ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ဆဋ္ဌမမင်းသားဆီကနေ မေးဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။ ဒါက ကောင်းတဲ့ ကိစ္စပေမဲ့ ကုရှင်းနော့ကတော့ ကျင်းမော့က ဘုရင်ကြီးကို ဒီလို အတင်းအကျပ် လုပ်နေတာကို ကြည့်ပြီး ရင်ထဲမှာ အရှက်ရသလို ခံစားနေရတယ်။
"ဆဋ္ဌမမင်းသားကို သွားခေါ်ခဲ့" လို့ ဘုရင်ကြီးက ကျင်းကျုံးကို အမိန့်ပေးလိုက်တယ်။
ကျင်းကျုံးက အမိန့်ကို နာခံပြီး ထွက်သွားတယ်။
ကျင်းမော့က ကုရှင်းနော့ကို တစ်ချက် ကြည့်လိုက်တယ်။ ဝမ်ရှန်းတံခါး တံတိုင်းအောက်မှာ စစ်ဝတ်စုံ အပြည့်နဲ့ ရှိနေတဲ့ ကုရှင်းနော့ကို သူ မြင်ဖူးခဲ့တယ်။ အခုတော့ ဒီ ကုအိမ်တော်က အကြီးဆုံးသခင်လေးက သာမန် အရပ်သားတွေ ဝတ်တဲ့ အဝတ်အစားကို ဝတ်ဆင်ထားပေမဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး မတုန်မလှုပ် ရပ်နေနိုင်တာက တကယ့်ကို ရှားပါးတဲ့ အရည်အချင်းပဲ။
ကျောင်းချိုးမင်က ကျင်းမော့ကို တစ်ချက် ကြည့်လိုက်၊ ကုရှင်းနော့ကို တစ်ချက် ကြည့်လိုက် လုပ်နေပြီး ရုတ်တရက် သူတို့ ကျောင်းမိသားစုကို ပစ်မှတ်ထားတဲ့ အကြံအစည် တစ်ခုကို သဘောပေါက်သွားတယ်။ လင်းလုံမင်းသမီးရဲ့ အရည်အချင်းနဲ့ ဆိုရင် အတွင်းလူ မပါဘဲနဲ့ နန်းတော်ထဲကနေ ဆဋ္ဌမမင်းသားကို အလွယ်တကူ ခေါ်ထုတ်သွားနိုင်တာပဲ။ တော်ဝင်ကိုယ်ရံတော်တွေ ကျောင်းအိမ်တော်ကို ရောက်လာတဲ့ အချိန်နဲ့ အံကိုက် မင်းသမီးက ဆဋ္ဌမမင်းသားကို ကျောင်းအိမ်တော်ထဲ ခေါ်သွားတယ်။ ပြီးတော့ ကျောင်းပေချန်ကို ရှာပြီး စကားတွေနဲ့ မြှောက်ပေးတယ်။ ကျောင်းပေချန်က အယုံလွယ်တော့ တော်ဝင်ကိုယ်ရံတော်တွေ ရှေ့မှာတင် မင်းသမီးရဲ့ အကွက်ဆင်တာကို ခံလိုက်ရပြီး မင်းသားကို နန်းတော်ထဲက ခိုးထုတ်သွားတဲ့ အပြစ်က သူတို့ ကျောင်းမိသားစု ခေါင်းပေါ်ကို ရောက်လာတာပဲ။ ကျင်းမော့ကလည်း အချိန်ကိုက် လူလာတောင်းတယ်။ ယွီးကျစ်မင်က ကျင်းမော့ လက်ထဲ ရောက်သွားရင် သူတို့က မင်းသားလေးကို မနေ့ညက ဘယ်သူက နန်းတော်ထဲက ခေါ်သွားတာလဲ ဆိုတာ မေးခွင့် ရတော့မှာ မဟုတ်ဘူး။
ကျင်းမော့နဲ့ ယွီးလင်းလုံတို့ ပူးပေါင်းသွားကြပြီပဲ။
ကျောင်းချိုးမင်က ဒါကို သဘောပေါက်သွားတော့ လက်ဖဝါးတွေမှာ ချွေးစေးတွေတောင် ပြန်လာတယ်။ ဒီနှစ်ယောက် ပူးပေါင်းလိုက်ရင် ယွီးကျစ်ရီ အတွက် လက်ရုံး တစ်ဖက် ပိုရသွားတာနဲ့ အတူတူပဲ။ ယွီးလင်းလုံ။ ကျောင်းချိုးမင်က အခုတော့ သူလည်း လူကဲခတ် မှားတတ်တယ် ဆိုတာကို ဝန်ခံရတော့မယ်။ ဒီ အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးတဲ့ မင်းသမီးက ကြိုတင် ကြံစည်နိုင်တဲ့ ဉာဏ်ရည် ရှိပြီး ရက်စက်တဲ့ စိတ်ထား ရှိတယ် ဆိုတာကို သူ ဘယ်တုန်းကမှ မသိခဲ့ဘူးလေ။
…
အခန်း (၈၈) မင်းသမီးက ချူချင်း နန်းဆောင်ကို သွားမလို့
ကျင်းကျုံးက ဆဋ္ဌမမင်းသားကို သွားခေါ်ဖို့ အမိန့်ရပြီး စာကြည့်ဆောင်ထဲက ထွက်လာတာနဲ့ အနောက်က မိန်းမစိုးလေး တစ်ယောက်ကို အမိန့်ပေးလိုက်တယ်။
"ချူချင်း နန်းဆောင်က ကျောင်းမိဖုရားဆီ သွားပြီး ကျူးယိ အိမ်ရှေ့မင်းသားက ဆဋ္ဌမမင်းသားကို သယ်ယိ စားသောက်ဆိုင်ဆီ ခေါ်သွားတော့မယ် လို့ သတင်းပို့လိုက်"
မိန်းမစိုးလေးက ကျင်းကျုံးကို "ဟုတ်ကဲ့ပါ" လို့ ပြန်ထူးပြီး ချူချင်း နန်းဆောင် ရှိရာကို ပြေးသွားတယ်။
မင်ကွမ်း နန်းဆောင်က ချူချင်း နန်းဆောင်လိုပဲ နန်းတော်ရဲ့ အရှေ့မြောက်ဘက် ထောင့်မှာ ရှိတာပါ။ ကျင်းကျုံးက အဲဒီ မိန်းမစိုးလေး မျက်စိအောက်က ပျောက်သွားတဲ့ အထိ စောင့်နေပြီးမှ မင်ကွမ်း နန်းဆောင်ကို သွားတယ်။ သူ စောင့်နေတဲ့ အချိန်လေး အတွင်းမှာ ကျောင်းမိဖုရားက ဘာလုပ်ရမလဲ ဆိုတာ စဉ်းစားဖို့ အချိန် လုံလောက်လောက်ပြီလေ။
ယွီးရှောင်ရှောင်နဲ့ ရှောင်ကျွမ်းတို့ နှစ်ယောက်က ယွီးကျစ်မင် အိပ်ခန်းထဲမှာ စားလို့ရတဲ့ အရာတွေကို အကုန် စားပစ်လိုက်ကြတယ်။ ထပ်ပြီး စားစရာ မရှိတော့တာ မြင်တော့ ရှောင်ဝေက ပြောလိုက်တယ်။
"မင်းသမီး။ သွားကြရအောင်"
ယွီးကျစ်မင်က ပြောတယ်။
"အစ်မတော်က သားနဲ့ ဆော့ပေးလေ"
ကုရှင်းလန်က ယွီးကျစ်မင်ကို ဖက်ထားပြီး ပြောလိုက်တယ်။
"ဆဋ္ဌမမင်းသား။ နောက်ကျရင် ကျူးယိ ရောက်သွားရင် ကိုယ့်ဘာသာ ဂရုစိုက်ရမယ်နော်"
ယွီးကျစ်မင်က နားလည်သလိုလို နားမလည်သလိုလိုနဲ့ ခေါင်းညိတ်ပြပြီး ပြောတယ်။
"ယောက်ဖက သားနဲ့ ဆော့ပေး"
ယွီးရှောင်ရှောင်က ရယ်လိုက်ပြီး ပြောတယ်။
"သူက ကလေးလေးပဲ ရှိသေးတာ။ ရှင် ပြောတာတွေကို သူ ဘယ်နားလည်ပါ့မလဲ"
တော်ဝင်မင်းသမီးက ရိုင်းစိုင်းတဲ့ စကားတွေ ပြောပေမဲ့ ကုရှင်းလန် အပါအဝင် ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က စစ်သားတွေ ဆိုတော့ ဒါတွေကို ဂရုမစိုက်ကြဘူး။ ရှောင်ကျွမ်းက ယွီးရှောင်ရှောင် ပြောတာကို ထောက်ခံပြီး မေးလိုက်တယ်။
"မင်းသမီး။ အရှင်မင်းကြီးက ဘယ်သူ့ကို ဆဋ္ဌမမင်းသားနဲ့ အတူ ကျူးယိကို လိုက်သွားခိုင်းမလဲ"
ယွီးရှောင်ရှောင်က ဖြေတယ်။
"ဘယ်သူ့ကို လွှတ်လွှတ် အတူတူပဲလေ။ အဲဒါက သူများ တိုင်းပြည်ပဲ ဥစ္စာ"
ရှောင်ကျွမ်း စဉ်းစားကြည့်တော့လည်း ဟုတ်တာပဲ လို့ တွေးလိုက်မိတယ်။ အရှင်မင်းကြီးက စစ်တပ် တစ်တပ်လုံး ဆဋ္ဌမမင်းသားနဲ့ အတူ ကျူးယိကို လွှတ်လိုက်ရင်တောင် အသုံးဝင်မှာမှ မဟုတ်တာ။
"ဟင်းချက်ကောင်းတဲ့ လူ နည်းနည်းလောက် ထည့်ပေးလိုက်ရင် ရပြီ" လို့ ယွီးရှောင်ရှောင်က ပြောရင်း ယွီးကျစ်မင်ကို ကုရှင်းလန် ရင်ခွင်ထဲကနေ မ ယူလိုက်တယ်။ ကလေးလေးကို ကြည့်ပြီး မေးလိုက်တယ်။
"အစ်မ ပြောထားတာတွေကို မှတ်မိသေးလား"
ယွီးကျစ်မင်က လက်ချောင်းလေးတွေကို ကိုက်နေတယ်။
ယွီးရှောင်ရှောင်က ပြောတယ်။
"ကျူးယိကို ရောက်ရင် ဘာလုပ်ရမယ်လို့ ပြောထားလဲ"
ယွီးကျစ်မင်က ချက်ချင်း ပြန်ဖြေတယ်။
"ကျင်းမော့ရဲ့ ခြေသလုံးကို ဖက်ထားရမယ်"
အားလုံး …
စစ်သား သုံးယောက်လုံး တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ဘာပြောရမှန်း မသိအောင် ဖြစ်သွားကြတယ်။
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြပြီး ယွီးကျစ်မင်ကို ချီးကျူးလိုက်တယ်။
"မှန်တယ်။ အစ်မ ပြောတာတွေကို မှတ်ထားနော်၊ ရှောင်လျိုက တော်တော် ဉာဏ်ကောင်းတာပဲ"
ယွီးကျစ်မင်က ယွီးရှောင်ရှောင်ကို ပြုံးပြတယ်။ ဖြူဖွေးနေတဲ့ သွားလေး နှစ်တန်းက ပေါ်လာတယ်။
ယွီးရှောင်ရှောင်က ကလေးလေးရဲ့ ဆံပင်တွေကို ပွတ်သပ်လိုက်တယ်။ ကလေးလေးရဲ့ ဆံပင်တွေက လူကြီးတွေထက် ပိုနူးညံ့တယ် ဆိုတာ သူမ တွေ့ရှိသွားတယ်။
ယွီးကျစ်မင်က ကိုယ်ကို ရှေ့တိုးပြီး "ပြွတ်" ခနဲ သွားရည်တွေနဲ့ ယွီးရှောင်ရှောင် ပါးကို နမ်းလိုက်တယ်။ ကလေးတွေက ဘယ်သူက သူတို့ အပေါ် ကောင်းလဲ ဆိုတာကို အလိုလို သိနိုင်တဲ့ စွမ်းရည် ရှိတယ်။ သူ ဝမ်းအနည်းဆုံး အချိန်မှာ ယွီးရှောင်ရှောင်က ရောက်လာပြီး သူနဲ့ ဆော့ပေးတယ်၊ သူ့ကို ချော့တယ်၊ စားစရာ အကောင်းဆုံးတွေ ကျွေးတယ်။ ဆဋ္ဌမမင်းသားရဲ့ စိတ်ထဲမှာတော့ အစ်မတော်က လူကောင်းပဲ၊ သူ အရင်းနှီးဆုံး နေချင်တဲ့ သူပဲလေ။
အသက် သုံးနှစ်ပဲ ရှိသေးတဲ့ ကလေး ဆိုပေမဲ့ ဇနီးသည်ရဲ့ ပါးပေါ် ကျရောက်သွားတဲ့ အနမ်းက ကုရှင်းလန်ကို နည်းနည်းတော့ မကျေမနပ် ဖြစ်သွားစေတယ်။ ဘယ်လောက် ငယ်ငယ် ကလေးလေးကလည်း ယောက်ျားလေးပဲလေ။
ယွီးရှောင်ရှောင်ကတော့ ပြန်မနမ်းရဲဘူး။ အကျင့်သီလ ရှိသွားလို့တော့ မဟုတ်ပါဘူး၊ ကလေးတွေ ဆိုတာ အရမ်း နူးညံ့လွန်းလို့ သူမ အားပါသွားရင် ကလေးကို ထိခိုက်မိသွားမှာ စိုးလို့ပါ။
အဲဒီအချိန်မှာ ချူချင်း နန်းဆောင်က အပျိုတော် ချွေ့ယွီနဲ့ ကျင်းကျုံး တို့ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ချူချင်း နန်းဆောင်ကို ရောက်လာကြတယ်။
ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ကုရှင်းလန် ရင်ခွင်ထဲ ပြန်ထည့်ပေးလိုက်ပြီး အခန်း အပြင်ကို ထွက်ကာ စင်္ကြံလမ်း အပြင်ဘက်မှာ ရပ်နေတဲ့ လူအုပ်ကြီးကို တစ်ချက် ကြည့်လိုက်တယ်။
ရှောင်ဝေက ယွီးရှောင်ရှောင် ကိုယ်စား မေးလိုက်တယ်။
"ဘာကိစ္စရှိလို့လဲ"
ချွေ့ယွီက ကျင်းကျုံးနဲ့ အတူ ယွီးရှောင်ရှောင်ကို ဂါရဝပြုပြီးမှ ပြန်ဖြေတယ်။
"ကျောင်းမိဖုရားက ဆဋ္ဌမမင်းသားကို တစ်ခေါက်လောက် တွေ့ချင်လို့ပါ"
ယွီးရှောင်ရှောင်က ချွေ့ယွီဆိုတဲ့ အမည်ကို ကြားဖူးတယ်။ ကျောင်းမိဖုရားရဲ့ နန်းတွင်း တိုက်ပွဲတွေမှာ ပါဝင်ကူညီပေးတဲ့ သူငယ်ချင်းလေ။ နောက်ဆုံးမှာ ရက်စက်တဲ့ ဘုရင်မက သူမကို ဆီပူအိုးထဲ ထည့်ကြော်လိုက်တာဆိုတော့ သူမလည်း မကောင်းတဲ့ နိဂုံးနဲ့ အဆုံးသတ်ခဲ့ရတာပဲ။
ရှောင်ဝေက ယွီးရှောင်ရှောင်က ချွေ့ယွီစကားကို ဘာမှ ပြန်မပြောတာ မြင်တော့ ကျင်းကျုံးကို ထပ်မေးလိုက်တယ်။
"ခင်ဗျားကကော ဘာကိစ္စလဲ"
ကျင်းကျုံးက ရှောင်ဝေရဲ့ အပြုအမူကို တော်တော်လေး မကျေနပ်ဘူး။ နန်းတွင်း အရိပ်ကိုယ်ရံတော် အဖြစ် ရှိနေတုန်းက ဒီကောင်က သူ့ကို မြင်ရင် ကြောက်လန့်နေခဲ့တာလေ။ အခု လင်းလုံမင်းသမီး ဆိုတဲ့ အားကိုးစရာ သစ်ပင်ကြီး ရသွားတော့ သူ့ကို အဖက်မလုပ်တော့ဘူးပေါ့။
"မင်းသမီးလေး"
ကျင်းကျုံးက စိတ်ထဲမှာ မကျေနပ်ပေမဲ့ ယွီးရှောင်ရှောင်ကိုတော့ ရိုရိုသေသေပဲ လျှောက်တင်တယ်။
"ကျူးယိ အိမ်ရှေ့မင်းသားက နန်းတော်ထဲ ရောက်နေပြီး ဆဋ္ဌမမင်းသားကို သယ်ယိ စားသောက်ဆိုင်ဆီ ခေါ်သွားတော့မယ် လို့ ဆိုပါတယ်။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို ဆဋ္ဌမမင်းသားကို သွားခေါ်ဖို့ အမိန့်ပေးလိုက်ပါတယ်"
ယွီးရှောင်ရှောင်က ရှောင်ဝေကို ပြောလိုက်တယ်။
"ရှောင်ကုကို ရှောင်လျိုကို ချီခိုင်းလိုက်။ မင်းနဲ့ ရှောင်ဝေ သူတို့ကို ကျင်းမော့ဆီ လိုက်ပို့ပေးလိုက်"
ရှောင်ဝေက "ဟုတ်ကဲ့" လို့ ပြန်ထူးပြီး ထွက်သွားဖို့ လုပ်လိုက်တယ်။
ချွေ့ယွီက ယွီးရှောင်ရှောင်က သူမ စကားကို လုံးဝ အဖက်မလုပ်တာ မြင်တော့ ရဲရဲတင်းတင်းပဲ ထပ်ပြောလိုက်တယ်။
"မင်းသမီးလေး။ ကျောင်းမိဖုရားက ဆဋ္ဌမမင်းသားကို တွေ့ချင်လို့ပါ"
"သူက ဒီသားကို မလိုချင်တော့ဘူးဆို"
ယွီးရှောင်ရှောင်က ချွေ့ယွိကို မျက်စောင်းထိုးပြီး ပြောလိုက်တယ်။
"အခုမှ ပြန်လိုချင်နေတာလား။ ရပ်လိုက်ပါတော့။ ကလေးကောင်းလေးတွေက သူ့နောက် လိုက်ရင် ပျက်စီးသွားမှာပဲ"
"မင်း… မင်းသမီးလေး"
"မြန်မြန် ထွက်သွားစမ်း"
ယွီးရှောင်ရှောင်က ချွေ့ယွိကို လက်ကာပြပြီး မောင်းထုတ်လိုက်တယ်။
ချွေ့ယွိက ကျင်းကျုံးကို ကြည့်ပြီး သူမကို ကူညီပေးဖို့ အကူအညီ တောင်းလိုက်တယ်။
ကျင်းကျုံးက သက်ပြင်းချပြီး ချွေ့ယွိကို ခေါင်းခါပြလိုက်တယ်။ အခု အရှင်မင်းကြီးက ကျောင်းမိဖုရား အပေါ် ဒေါသထွက်နေတဲ့ အချိန်လေ၊ ပြဿနာ တစ်ခုခု ထပ်ဖြစ်ရင် အရှင်မင်းကြီး ဒေါသပေါက်ကွဲပြီး ကျောင်းမိဖုရားကို ဘာလုပ်မလဲ ဆိုတာ ဘယ်သူ သိမှာလဲ။
ရှောင်ဝေနဲ့ ရှောင်ကျွမ်းတို့က ကုရှင်းလန် ထိုင်နေတဲ့ ကုလားထိုင်ကို မပြီး အိပ်ခန်းထဲကနေ ထွက်လာကြတယ်။
"သမက်တော်ကို ဂါရဝပြုပါတယ်" လို့ ကျင်းကျုံးက ကုရှင်းလန်ကို အမြန် ဂါရဝပြုလိုက်တယ်။
ကုရှင်းလန်က ကျင်းကျုံးကို ထူးဆန်းတဲ့ မျက်နှာထားနဲ့ တစ်ချက် ကြည့်လိုက်တယ်။ မိန်းမစိုးချုပ်က သူ့အပေါ် ဒီလောက် ရိုရိုသေသေ ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖူးတာ ဒါ ပထမဆုံး အကြိမ်ပဲ။
ချွေ့ယွီက ကုရှင်းလန် ရင်ခွင်ထဲမှာ ငိုနေတဲ့ ယွီးကျစ်မင်ကို ကြည့်ပြီး တိုးတိုးလေး ခေါ်လိုက်တယ်။
"ဆဋ္ဌမမင်းသား"
ယွီးကျစ်မင်က လှည့်ကြည့်ဖို့ လုပ်တုန်း ယွီးရှောင်ရှောင်က ကုရှင်းလန် ရှေ့မှာ ဝင်ရပ်ပြီး ကလေးလေးရဲ့ အမြင်အာရုံကို ကွယ်ထားလိုက်တယ်။
ချွေ့ယွိက ထပ်အော်လိုက်တယ်။
"ဆဋ္ဌမမင်းသား။ ကျောင်းမိဖုရားက မင်းသားလေးကို တွေ့ချင်နေတယ်"
"မယ်တော်" လို့ ယွီးကျစ်မင်က ရေရွတ်လိုက်တယ်။
ကုရှင်းလန်က ပြောတယ်။
"ဆဋ္ဌမမင်းသားက ကျောင်းမိဖုရားကို တွေ့ချင်လို့လား"
ကလေးတွေက အမေ အပေါ် ဘယ်လောက်ပဲ ဒေါသထွက်ထွက် မွေးရာပါ အသိစိတ်အရ အမေနဲ့ နီးကပ်ချင်ကြတာပဲလေ။ ယွီးကျစ်မင်က ခေါင်းညိတ်ပြလိုက်တယ်။
"မင်းသမီး" လို့ ကုရှင်းလန်က ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။ ကျောင်းမိဖုရားက ဘယ်လောက်ပဲ မကောင်းပါစေ။ ဆဋ္ဌမမင်းသားရဲ့ အမေအရင်းပဲလေ။ ခွဲခွာရတော့မဲ့ အချိန်မှာ သားအမိ နှစ်ယောက် မတွေ့ရဘူး ဆိုရင် ကျောင်းမိဖုရားကို ဂရုမစိုက်ရင်တောင် ဆဋ္ဌမမင်းသား အတွက်တော့ နှမြောစရာ မဟုတ်ဘူးလား။
ယွီးရှောင်ရှောင်က ယွီးကျစ်မင်ရဲ့ ပါးလေးကို လက်ချောင်းနဲ့ ထိုးပြီး ဒေါသတကြီးနဲ့ ပြောလိုက်တယ်။
"သူက မင်းကို မလိုချင်တော့ဘူးလေ။ ဘာလို့ သူ့ကို တွေးနေသေးတာလဲ"
ယွီးကျစ်မင်က နှုတ်ခမ်းလေး ဆူပြီး မျက်ရည်ဝဲလာပြန်တယ်။
ယွီးရှောင်ရှောင်လည်း မတတ်နိုင်တော့ဘဲ ယွီးကျစ်မင်ကို လက်နဲ့ ဆွဲမလိုက်ရတော့တယ်။
"ချီ"
ယွီးကျစ်မင်က ခြေထောက်တိုလေးတွေကို လှုပ်ပြီး အော်လိုက်တယ်။
ယွီးရှောင်ရှောင်က ကလေးလေးကို ပခုံးပေါ် ထမ်းလိုက်ပြီး ကုရှင်းလန်ကို ပြောလိုက်တယ်။
"ရှင် ကျွန်မ အဖေဆီ အရင် သွားနှင့်။ ကျွန်မ ရှောင်လျိုကို ခေါ်ပြီး ကျောင်းမိဖုရား ဆီ သွားလိုက်ဦးမယ်"
ယွီးရှောင်ရှောင်က ချူချင်း နန်းဆောင်ကို သွားမယ် ဆိုတာ ကြားတော့ ကျင်းကျုံးက ခုနက ချွေ့ယွီရဲ့ အော်သံကြောင့် ဒုက္ခရောက်တော့မယ်လို့ တွေးလိုက်မိတယ်။ မင်းသမီးလေးသာ အဲဒီကို သွားရင် ကျောင်းမိဖုရားတော့ နောက်ထပ် အသက်တစ်ဝက်လောက် လျော့သွားဦးမယ် ထင်တယ်။
ကုရှင်းလန်က စိတ်မချသလိုနဲ့ ပြောတယ်။
"ဒါဆို မင်း သတိထားနော်"
ယွီးရှောင်ရှောင်က ဂရုမစိုက်သလို ပြန်ပြောတယ်။
"ကျောင်းမိဖုရားက ကျွန်မကို ဘယ်နိုင်မှာလဲ"
ကုရှင်းလန်က နှုတ်ခမ်းကို တွန့်လိုက်တယ်။ ဟုတ်ပါတယ်။ သူ့ဇနီး ပြောတာ မှန်ပါတယ်။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ကုရှင်းလန်ကို ထမ်းပြီး အရင် ထွက်သွားကြတယ်။ ကျင်းကျုံးလည်း အသက်ဘေးက လွတ်ဖို့ လိုက်သွားချင်ပေမဲ့ ယွီးရှောင်ရှောင်က သူ့ကို တားလိုက်ပြီး ပြောတယ်။
"ဟို မိန်းမစိုး။ ရှင် ကျွန်မနဲ့ အတူ ကျောင်းမိဖုရား ဆီ လိုက်ခဲ့"
ကျင်းကျုံးက ရပ်လိုက်ပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"ကျွန်တော်မျိုး အမိန့်နာခံပါတယ်"
"လမ်းပြ"
ယွီးရှောင်ရှောင်က ချွေ့ယွိကို လက်ညှိုးထိုးပြီး အမိန့်ပေးလိုက်တယ်။
ချွေ့ယွီက မျက်ရည်တွေ ဝဲပြီး ယွီးကျစ်မင်ကို ကြည့်နေတယ်။
ယွီးရှောင်ရှောင်က မျက်မှောင်ကြုတ်သွားပြီး ပြောတယ်။
"မင်း ရှောင်လျိုကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ။ မသိတဲ့သူ ဆိုရင် မင်းက ရှောင်လျို့ အမေလို့ ထင်သွားဦးမယ်"
…