အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) - အဆင့်မြင့် နတ်ဘုရားရတနာတစ်ခုကို နောက်တစ်ကြိမ် မြင်တွေ့ရခြင်း
ပြားချပ်ပြီး ဖြူဖွေးနုနယ်သော ဝမ်းဗိုက်ပေါ်တွင် ဓားရာတစ်ခု ပေါ်ထွက်လာပြီး ရွှေဝါရောင်ဖျော့ဖျော့ သွေးများ စိမ့်ထွက်လာခဲ့သည်။
“နင်ရူးနေတာလား”
လင်းယွမ်နတ်သမီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျိုးရီကမူ သူ့အကြည့်ကို အေးအေးလူလူပင် ရုပ်သိမ်းလိုက်သည်။
“ငါက ဒီကို အလုပ်ကိစ္စ ဆွေးနွေးဖို့လာတာ၊ မင်းကို ဖျော်ဖြေပေးဖို့ လာတာမဟုတ်ဘူး”
လင်းယွမ်နတ်သမီးသည် အလွန်အမင်း ဒေါသထွက်သွားသဖြင့် နှာမှုတ်လိုက်သည်။
“နင့်ပုံစံက အလုပ်ကိစ္စ လာဆွေးနွေးတဲ့ ပုံစံနဲ့ လုံးဝ မတူဘူး”
“မှန်တယ်၊ ဆက်ပြီးဆွေးနွေးနေဖို့လည်း မလိုတော့ဘူး”
ကျိုးရီသည် ကောင်းခြင်း၊ ဆိုးခြင်းကို မည်သည့်အခါမျှ ဂရုမစိုက်ဘဲ စိတ်အလိုအတိုင်းသာ လုပ်ဆောင်လေ့ရှိသည်။
သူ့ရှေ့တွင် လူကောင်းတစ်ယောက် ရှိနေလျှင် သူက ထိုလူထက် ပိုကောင်းချင်မှ ကောင်းလိမ့်မည်၊ သို့သော် သူ့ရှေ့တွင် လူဆိုးတစ်ယောက် ရှိနေပါက သူသည် ထိုလူထက် သေချာပေါက် ပိုမိုကြမ်းကြုတ်ပြနိုင်ပေသည်။
မောက်မာလွန်းသည်ဟု ဆိုနိုင်သော်လည်း လောကကြီး၏ နိယာမက ဤအတိုင်းပင်။ မည်သည့် ထိပ်တန်းကျင့်ကြံသူကများ ကိုယ့်ကိုယ်ကို စည်းမျဉ်းစည်းကမ်းများဖြင့် ချည်နှောင်ထားပါမည်နည်း။
ကျိုးရီထံမှ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်သောအခါ လင်းယွမ်နတ်သမီး ချက်ချင်းတုန်လှုပ်သွားပြီး သူမ၏ အကာအကွယ် နတ်ဘုရားလက်နက် အင်မော်တယ်ဝတ်ရုံကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။
ထိုပစ္စည်းမှာ မည်သည့်နတ်ဆိုးသားရဲ၏ အရေပြားနှင့် အကြေးခွံများဖြင့် ပြုလုပ်ထားသည် မသိ၊ အလွန် ထူးခြားပြောင်မြောက်လှပေသည်။
၎င်းသည် အလင်းတန်းများ တလက်လက်တောက်ပနေပြီး အလင်းစက်ကွင်းတစ်ခု ဖြစ်ပေါ်နေကာ မြေကမ္ဘာအင်မော်တယ်တစ်ပါး၏ တိုက်ခိုက်မှုကိုပင် အလွယ်တကူ တားဆီးနိုင်လောက်အောင် စွမ်းအားကြီးမားလှသည်။
“နင်က ငါ့ကို သတ်ချင်တာလား၊ မှန်ထဲမှာ နင့်မျက်နှာ နင်ပြန်ကြည့်လိုက်ဦး။ ငါက စန်းရွှေကိုပဲ မှီခိုနေရတယ်လို့ မထင်နဲ့၊ ငါကလည်း နင့်လိုကောင်မျိုး အလွယ်တကူ လာရန်စလို့ရတဲ့ အရာမဟုတ်ဘူး”
သို့သော် သူမ စကားပြောနေစဉ်မှာပင် ကျိုးရီက လက်မြှောက်ကာ ဓားတစ်ချက် ခုတ်ပိုင်းလိုက်လေပြီ။
ဝုန်း...
ဓားအလင်းတန်းက မိုင်ထောင်ချီ ဆန့်ထွက်သွားပြီး လိုဏ်ဂူတစ်ခုလုံးကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်၏။ တောင်ကြီး ပြိုကျကာ ကျောက်တုံးများ အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။
လင်းယွမ်နတ်သမီးလည်း အနောက်သို့ လွင့်စင်သွားခဲ့ရသည်။
ဝုန်း... ဝုန်း... ဝုန်း...
သူမသည် တောင်ပေါင်းများစွာကို တိုက်ရိုက်ဖောက်ထွင်းသွားပြီး တောင်များကို ထက်ပိုင်း ပြတ်သွားစေကာ နောက်ဆုံးတွင် ဧရာမတောင်ကြီးတစ်လုံးနှင့် ပြင်းထန်စွာ ရိုက်ခတ်သွားပြီး တောင်ကြီးတစ်ခုလုံး ပင့်ကူအိမ်ပမာ အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားသည်။
“ဖူး...”
သူမ သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ သူမ လက်မောင်းတစ်ဖက် ဖြတ်တောက်သွားခဲ့ပြီး အလွန်အမင်း အားနည်းသွားခဲ့ရသည်။
အထူးပြုလုပ်ထားသော အကာအကွယ်၊ နတ်ဘုရားချပ်ဝတ်တန်ဆာ အင်မော်တယ်ဝတ်ရုံမှာလည်း ဆုတ်ပြဲသွားခဲ့ပြီး ဝတ်ရုံတစ်ခုလုံးတွင် ရွှေရောင်ဖျော့ဖျော့ သွေးများ စွန်းထင်းနေခဲ့ပြီဖြစ်သည်။
တိုက်ကွက်တစ်ခု။
တိုက်ကွက်တစ်ခုတည်းဖြင့် မြေကမ္ဘာအင်မော်တယ်အဆင့် အထွတ်အထိပ်တွင် ရှိသော သူမကို အပြင်းအထန် ဒဏ်ရာရသွားစေခဲ့သည်။
သူမသည် အကာအကွယ်များ ကြိုတင်ပြုလုပ်ထားခဲ့သော်လည်း ကျိုးရီ၏ ဓားချက်ကို ခံနိုင်ရည်မရှိခဲ့ချေ။
ဤအရာက ကျိုးရီ မည်မျှကြောက်စရာကောင်းကြောင်း ထင်ရှားနေလေသည်။
သူက မဟာအရှင်သခင်တစ်ပါး ဖြစ်သည်။
နယ်ပယ်တစ်ခု၏ အရှင်သခင်ပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူမ၏ မျက်လုံးများထဲ၌ မောက်မာဝင့်ကြွားမှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိတော့ဘဲ တုန်တုန်ရီရီဖြင့် ပြောလာတော့သည်။
“ကျွန်မ... ကျွန်မ မှားပါပြီ၊ ကျွန်မ မှားပါပြီ၊ တာအိုမိတ်ဆွေ... ဒီအပိုင်းအစကို ယူလိုက်ပါ”
သူမသည် ရတနာအပိုင်းအစကို လှမ်းပစ်ပေးလိုက်သည်။ ၎င်းက မျက်တောင်တစ်ခတ်အတွင်း ကျိုးရီရှေ့သို့ ရောက်ရှိလာရာ ကျိုးရီက ချက်ချင်း ဖမ်းလိုက်သည်။
“ဒီဟာကို စောစောကတည်းက ထုတ်ပေးလိုက်ရင် ပိုကောင်းမှာ၊ နတ်ဘုရားဆေးလုံးတွေ၊ အဖိုးတန် ဆေးဖက်ဝင်အပင်တွေနဲ့ လဲလှယ်လိုက်ရင်လည်း မင်းအတွက် အရှုံးရှိမှာမဟုတ်ဘူး"
“အခုတော့ ငါတို့က ရန်သူတွေဖြစ်သွားကြပြီဆိုတော့ မင်းဆီမှာ ရတနာအပိုင်းအစတွေ ဘယ်လောက်ပဲ ရှိနေပါစေ မင်းကို အသက်ချမ်းသာပေးလို့ မရတော့ဘူး”
လင်းယွမ်နတ်သမီး လုံးဝ မျှော်လင့်ချက်မဲ့သွားပြီး ရူးသွပ်စွာ အော်ဟစ်တော့သည်။
“နင် ငါ့ကို သတ်လို့မရဘူး၊ နင် ငါ့ကို သတ်လို့မရဘူး။ ငါက စန်းရွှေမဟာအရှင်သခင်ရဲ့ မိန်းမ။ နင် ငါ့ကို ထိရင် သူက နင့်ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး”
ကံမကောင်းစွာဖြင့် ကျိုးရီက ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သည်။ သူမ မည်သို့ပင် ပြောစေကာမူ သူမကို လွှတ်ပေးမည် မဟုတ်ချေ။
မျက်တောင်တစ်ခတ်အတွင်း သူမရှေ့သို့ ရောက်ရှိသွားပြီး လက်သီးတစ်ချက်ဖြင့် သူမ၏ရင်ဘတ်ကို ဖောက်ကာ အသက်ဝိညာဉ်ကို အလွယ်တစ်ကူ ချေမွပစ်လိုက်သည်။
“ဖူး...”
လင်းယွမ်နတ်သမီး သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး သူမရှေ့ရှိ လူကို လုံးဝ မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။
‘ဒီကောင်က တကယ့်အရူးပဲ’
ကျိုးရီသည် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသက်သွင်းကာ သူမ၏ သွေးအနှစ်သာရများနှင့် ကျင့်ကြံမှုအားလုံးကို စုပ်ယူလိုက်သည်။
[ဒီယောကျ်ားက တကယ်ကို ချောမောလှပတာပဲ၊ အရင်တစ်ခေါက်က အဘိုးကြီးစန်းရွှေရဲ့ တပည့်ထက်တောင် ပိုချောသေးတယ်။ သူ့ရဲ့ အဆင့်ကလည်း မနိမ့်ဘူး၊ ငါသာ သူနဲ့အတူ နှစ်ကိုယ်တူကျင့်ကြံခွင့် ရမယ်ဆိုရင် အတော်ကောင်းမှာပဲ]
[အစပိုင်းမှာတော့ အခြေအနေကို စမ်းသပ်ကြည့်တဲ့အနေနဲ့ သူ့ကို အကျိုးအမြတ်တချို့ အရင်ပေးလိုက်မယ်]
[အဲဒီနောက်ကျမှ သူ့ရဲ့ သွေးအနှစ်သာရတွေကို နေ့တိုင်း တစ်စိမ့်စိမ့် စုပ်ယူပစ်မယ်။ ဒါဆိုရင် ငါ မဟာအရှင်သခင်အဆင့်ကို ဝင်ရောက်ဖို့ ခြေတစ်လှမ်း ထပ်တိုးလာမှာပဲ]
သူမ၏ မှတ်ဉာဏ်များကို စုပ်ယူပြီးနောက် သူမ အဘယ်ကြောင့် သူ့အား ပစ်မှတ်ထားခဲ့သည်ကို ကျိုးရီ နားလည်သွားသည်။
လင်းယွမ်နတ်သမီး ကျင့်ကြံသော နည်းလမ်းများမှာ တာအိုလျှို့ဝှက်ဂိုဏ်းမှဖြစ်ပြီး ယင်၊ ယန် နည်းလမ်းများဖြင့် သွေးစွမ်းအင်ကို စုပ်ယူဖျက်ဆီးသည့် လမ်းစဉ်တစ်ခု ဖြစ်သည်။
နေ့တိုင်း အင်မော်တယ် စုံတွဲတစ်တွဲကဲ့သို့ ပျော်ပါးနေရသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ လျှို့ဝှက်နည်းလမ်းများ အသုံးပြု၍ တစ်ဖက်လူ၏ သွေးအနှစ်သာရကို ခန်းခြောက်အောင် စုပ်ယူနေခြင်းဖြစ်သည်။
တစ်ဖက်လူက သတိပြုမိချိန်တွင် အလွန် နောက်ကျသွားခဲ့ပေလိမ့်မည်။
သင်္ဂြိုဟ်ရန် သင်္ချိုင်းပင် မရှိလိုက်ဘဲ ဘယ်အချိန်မှာ သေဆုံးသွားမည်ကိုပင် သိလိုက်နိုင်မည် မဟုတ်ပေ။
“ဒီလောကကြီးက သိပ်ကို နက်နဲ ရှုပ်ထွေးလွန်းတယ်၊ အထူးသဖြင့် ကျင့်ကြံသူတွေကြားမှာပေါ့။ ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်ကို တည်ငြိမ်အောင်ထားရမယ်”
“ခဏတာ ပျော်ရွှင်မှုအတွက်နဲ့ တစ်သက်လုံး ကြိုးစားခဲ့ရတဲ့ ကျင့်ကြံမှုတွေကို အဆုံးရှုံးမခံနိုင်ဘူး”
သူ စကားပြောနေစဉ်မှာပင် အင်မော်တယ်လိုဏ်ဂူအတွင်းမှ ဖြူဖွေးဖွေး အလင်းတန်းနှစ်ခု အဝေးဆီသို့ အလျင်အမြန် ပျံသန်းသွားကြသည်။ ၎င်းတို့မှာ ခုနက အစေခံမိန်းကလေး နှစ်ဦးပင်။
ကျိုးရီ လက်ညှိုးညွှန်လိုက်ရာ ဓားအလင်းတန်းနှစ်ခု ထွက်လာပြီး ထိုအမျိုးသမီးနှစ်ဦး၏ ခေါင်းများ ချက်ချင်း ပြတ်တောက်သွားတော့သည်။
သူသည် အဆင့်မြင့်ရတနာအပိုင်းအစများကို ထုတ်ယူကာ ပေါင်းစပ်လိုက်သည်။
အပိုင်းအစများမှာ အပြင်ရောက်သည်နှင့် အလိုအလျောက် ပေါင်းစည်းသွားကြသည်။
ဂျိန်း..
ရတနာအပိုင်းအစများ ပေါင်းစည်းသွားသည့် အခိုက်အတန့်မှာပင် ကောင်းကင်ယံမှ မိုးကြိုးများနှင့် လျှပ်စီးတန်းများ ရုတ်တရက် ကျရောက်လာခဲ့၏။
ကောင်းကင်ကြီးက ဤအရာကို အနည်းငယ် စိုးရိမ်ထိတ်လန့်နေဟန် ရလေသည်။
အဆင့်မြင့်ရတနာမှာ ပိုမိုကြီးမားလာပြီး ပုံသဏ္ဌာန်တစ်ခု စတင်ထင်ဟပ်လာခဲ့သည်။ ၎င်းသည် ရှေးဟောင်း ခေါင်းလောင်းကြီးတစ်ခု၏ အကြွင်းအကျန်နှင့် အနည်းငယ် တူညီနေသည်။
၎င်းအပေါ်ရှိ အစီအရင်သင်္ကေတများမှာ အလင်းတန်းများ တလက်လက် တောက်ပနေပြီး ဝိညာဉ်ကိုပင် ဆွဲဆောင်နိုင်သည်။
အသိစိတ်တစ်ခု ဖြတ်ပြေးသွားသည်ကို ကျိုးရီ ရှင်းလင်းစွာ ခံစားလိုက်ရပြီး ၎င်းက သူ့ကို ခိုးကြည့်သွားဟန်တူသည်။
“ဒါက... အဆင့်မြင့်ရတနာရဲ့ လက်နက်ဝိညာဉ်လား”
ရတနာတစ်ခုသည် နတ်ဘုရားလက်နက်အဆင့်သို့ ရောက်ရှိသွားပါက ကိုယ်ပိုင်အသိစိတ် ရှိလာခဲ့ပြီး ဤကဲ့သို့သော အဆင့်မြင့်နတ်ဘုရားရတနာမျိုးဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
၎င်း၏ ပြီးပြည့်စုံသော အသွင်သဏ္ဌာန်မှာ လူသားတစ်ယောက်နှင့် ကွာခြားလိမ့်မည် မဟုတ်ပေ။ လူထက် ပို၍ပင် ဉာဏ်ရည် ထက်မြက်နေပေလိမ့်မည်။
သို့သော် လက်ရှိတွင် လက်နက်၀ိညာဥ်မှာ ပျက်စီးနေသော အခြေအနေတွင် ရှိနေပြီး သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ရှိသေးသဖြင့် ၎င်း၏ အသိစိတ်မှာ အပြည့်အဝ နိုးထလာခြင်းမရှိသေးပေ။
ကျိုးရီ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။ သေချာပေသည်၊
ယခုအချိန်က လက်နက်ဝိညာဉ် အားနည်းနေသေးသည့် အချိန်ပင်။ လက်နက်ဝိညာဉ် အားနည်းချိန်တွင် သူ၏ ဝိညာဉ်အမှတ်အသားကို ထည့်သွင်းထားရပေမည်။
ထိုသို့ဖြင့် ကျိုးရီသည် ရွှေရောင် သွေးအနှစ်သာရ တစ်စက်ကို အဆင့်မြင့်ရတနာအတွင်းသို့ ပစ်ထည့်လိုက်ပြီး ၎င်းနှင့် ပေါင်းစပ်လိုက်သည်။
အနာဂတ်တွင် အခြားအပိုင်းအစအားလုံးကို ရှာတွေ့ပြီး အဆင့်မြင့်ရတနာ၏ စွမ်းအားနှင့် အသိစိတ်များ အပြည့်အဝ ပြန်လည်နိုးထလာခဲ့လျှင်ပင် ၎င်းအနေဖြင့် သူ့ကို ခုခံနိုင်မည့်နည်းလမ်း ရှိတော့မည်မဟုတ်ပေ။
ဤအခိုက်အတန့်တွင် အဆင့်မြင့်ရတနာမှ အလင်းတန်းတစ်ခု ကောင်းကင်ယံအထိ ဖြာထွက်လာခဲ့သည်။
ပုံရိပ်တစ်ခု ပေါ်လာပြီး အောက်ခြေမမြင်ရသော အမည်းရောင်ရေကန်ကြီးတစ်ခုကို ဖော်ပြနေသည်။
“ဝုန်း...”
နောက်တစ်စက္ကန့်တွင် အမည်းရောင်ရေကန်ကြီး၏ ရေပြင်မှာ လှိုင်းထသွားပြီး မိုးကြိုးလျှပ်စီးပုံသဏ္ဌာန် ဂျိုများရှိသည့် ဧရာမရေနဂါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။
၎င်း၏ အကြေးခွံများမှာ ကတ္တရာစေးကဲ့သို့ နက်မှောင်နေပြီး ဝမ်းဗိုက်တွင် ခြေသည်းနှစ်ခု ပါရှိသည်။
ရေနဂါးကြီး၏ ခန္ဓာကိုယ်မှာ ကြီးမားလှခြင်း မရှိဘဲ မီတာတစ်ရာခန့်သာ ရှိသော်ငြား ၎င်းမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များကို စွမ်းအင်ပုံရိပ်မှတစ်ဆင့် ကျိုးရီ ရှင်းရှင်းလက်းလင်း ခံစားနေရသည်။
“တကယ်ကို ထူးခြားလွန်းတဲ့ ရေနဂါးကြီးပါလား”
ဤရေနဂါးကြီးမှာ ကျိုးရီ ယခင်က မြင်တွေ့ခဲ့ဖူးသော ရေနဂါးများနှင့် အလွန်ကွာခြားလှသည်။
၎င်းတွင် နဂါးမျိုးနွယ်စု၏ သွေးမျိုးဆက်စွမ်းအားများ သေချာပေါက် ပါဝင်နေမည်ဖြစ်ပြီး နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်ရန် အလွန်နီးစပ်နေသော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။
‘ဒါပေမယ့် အဲဒါက ဘယ်မှာလဲ'
ရေကန်ကြီး၏ ပတ်ဝန်းကျင်ကို ကြည့်ရလျှင် ၎င်းသည်လည်း ဤသီရိချောက်နက်အတွင်း၌ပင် ရှိနေရပေမည်။
“လင်းယွမ်နတ်သမီးရဲ့ မှတ်ဉာဏ်တွေထဲမှာ ဒီရေကန်ကြီးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုမှမရှိဘူး။ ကြည့်ရတာ သဲလွန်စအချို့ရဖို့အတွက် နောက်ထပ် လူနည်းနည်းလောက် ထပ်ရှာရဦးမယ်ထင်တယ်”
ကျိုးရီ ခြေဖျားကို ခပ်ဖွဖွလေး ထောက်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သူ ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် အဝေးတစ်နေရာမှ အလွန် ပြင်းထန်သော အလင်းတန်းတစ်ခု ပြေးဝင်လာပြီး တိမ်တိုက်များကို ချက်ချင်း ဖောက်ထွင်းသွားခဲ့သည်။
တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည့် သန်မာထွားကျိုင်းသော လူရိပ်တစ်ခု ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။
သူသည် မြေပြင်ပေါ်ရှိ မြင်ကွင်းကို လှမ်းကြည့်လိုက်ရာ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် မှန်တစ်ချပ် ထွက်ပေါ်လာပြီး ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့်အရာများ ပြန်ပေါ်လာတော့သည်။
“သွေးဖီးနစ်နတ်ဘုရားနန်းတော်ရဲ့ ဂိုဏ်းသဘာပတိကြီး ဟုတ်လား။ မဟုတ်ဘူး၊ ဒါက သွေးဖီးနစ်နတ်ဘုရားနန်းတော်က ဂျူနီယာ တစ်ယောက်ပဲဖြစ်ရမယ်၊ အဘိုးကြီး လုစန်းထျန်း... သူက မင်းရဲ့ သွေးဖီးနစ်နတ်ဘုရားနန်းတော်က မျိုးဆက်ဖြစ်နေမှတော့ ဒီအကြွေးကို မင်းဆီကနေပဲ တောင်းရတော့မှာပေါ့”
သူသည် စကားဆုံးသည်နှင့် ရတနာမှန်ကို ပြန်သိမ်းလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အခြားအရပ်တစ်ခုသို့ တဟုန်ထိုး ထွက်ခွာသွားလေတော့သည်။