← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း (၇၃) - မျိုးဆက်တစ်ခု၏ ဒဏ္ဍာရီ

သီရိချောက်နက်ကြီးအတွင်း လူသူမြင်တွေ့ရန် ခက်ခဲပြီး သတင်းအချက်အလက် ရှာဖွေရန်မှာ ပို၍ပင် ခက်ခဲလှပေသည်။

သို့သော် စည်းမျဉ်းများ သက်ရောက်မှုမရှိသည့် နေရာတစ်ခု ရှိနေသည်။

၎င်းမှာ ချီယန်ခွန်းဧည့်ရိပ်သာ ဖြစ်သည်။

ကျင့်ကြံသူများ လွှမ်းမိုးထားသည့် ဤချောက်နက်ကြီးအတွင်း ချီယန်ခွန်းဧည့်ရိပ်သာသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အစပိုင်းတွင် ၎င်းသည် သေးငယ်ပြီး လူသိနည်းသော ဇရပ်ကလေးတစ်ခုမျှသာ ဖြစ်သော်လည်း အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ချီယန်ခွန်းဧည့်ရိပ်သာသည် တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး နောက်ဆုံးတွင် သီရိချောက်နက်အတွင်း လူတိုင်း ကြောက်ရွံ့ရသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။

ဤအရာအားလုံးမှာ အကြောင်းရင်းတစ်ခုကြောင့် ဖြစ်သည်။

ထိုအကြောင်းရင်းမှာ ချီယန်ခွန်းဧည့်ရိပ်သာကို လာရောက်ပြဿနာရှာသူ မှန်သမျှ သေဆုံးသွားကြရခြင်းကြောင့်ပင်။

နောက်ပိုင်းတွင် သီရိချောက်နက်အတွင်း၌ ရေးသားမထားသော စည်းမျဉ်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မည်သည့် သွေးကြွေးရန်ငြိုးမျိုး ရှိသည်ဖြစ်စေ ချီယန်ခွန်းဧည့်ရိပ်သာအတွင်းသို့ ဝင်ရောက်လာသည်နှင့် လက်ရဲဇက်ရဲ မလှုပ်ရှားရဲတော့ပေ။ သို့မဟုတ်ပါက သေခြင်းတရားတစ်ခုသာ စောင့်ကြိုနေပေလိမ့်မည်။

ကျိုးရီသည် လင်းယွမ်နတ်သမီး၏ ရုပ်အလောင်းမှ ရရှိခဲ့သော မှတ်ဉာဏ်များကို အမှီပြု၍ ချီယန်ခွန်းဧည့်ရိပ်သာသို့ ရောက်ရှိလာခဲ့သည်။

အဝေးမှ လှမ်းကြည့်လျှင် ၎င်းသည် ကျယ်ပြောလှသော လွင်ပြင်ကြီးပေါ်တွင် မားမားမတ်မတ် တည်ရှိနေသည့် နန်းဆောင်ကြီးတစ်ခုဖြစ်ပြီး တစ်ပြင်လုံး မီးရောင်များ ထွန်းလင်းတောက်ပနေကာ ကြက်အုပ်ထဲက ဟင်္သာပမာ ထင်ရှားပေါ်လွင်နေပေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ အမှောင်ထုဖုံးလွှမ်းနေပြီး နတ်ဆိုးသားရဲများပင်လျှင် အနားမကပ်ရဲကြချေ။

သို့သော် ဤကဲ့သို့သော အခြေအနေကပင် ဤနေရာ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ပိုမိုပေါ်လွင်စေခြင်းဖြစ်သည်။

ကျိုးရီသည်တော့ ကြောက်ရွံ့ခြင်းမရှိပေ။ ထိုနေရာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ရိပ်သာအတွင်းမှ ဆူညံသံများ ဆက်တိုက်ထွက်ပေါ်နေပြီး အလွန်တရာ ထူးဆန်းပေသည်။

“မင်းတို့ ကြားပြီးကြပြီလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတစ်ယောက်က စန်းရွှေမဟာအရှင်သခင်ရဲ့ မယားငယ် လင်းယွမ်နတ်သမီးကို သတ်ပစ်လိုက်တယ်တဲ့”

“မဟာအရှင်သခင်က နက်နဲကောင်းကင်မှန်ကို အသုံးပြုပြီး စစ်ဆေးကြည့်လိုက်တော့ တရားခံက သွေးဖီးနစ်နတ်ဘုရားနန်းတော်က မျိုးဆက်တစ်ယောက် ဖြစ်နေတာနဲ့ သွေးဖီးနစ်ရဲ့ ဘိုးဘေး လုစန်းထျန်းကို ချက်ချင်း သွားတိုက်တော့တာပဲ”

“အင်း... သူတို့နှစ်ယောက် တစ်ရက်နဲ့တစ်ည အပြင်းအထန် တိုက်ခိုက်ကြတာ၊ မျောက်နတ်ဆိုးတောင်ကြားကိုတောင် ချောက်နက်အသစ်တစ်ခုဖြစ်တဲ့အထိ ဖျက်ဆီးပစ်လိုက်ကြတာ။ သက်ရှိတွေ ဘယ်လောက်တောင် သေကြေပျက်စီးသွားလဲ မသိဘူး”

“နောက်မှ သိရတာက အဲဒီလူက သွေးဖီးနစ်နတ်ဘုရားနန်းတော်က မဟုတ်သလို သူတို့ရဲ့ ကျင့်စဉ်ကို ကျင့်ကြံထားတာလည်း မဟုတ်ဘူးတဲ့။ အခု စန်းရွှေမဟာအရှင်သခင်နဲ့ ဘိုးဘေးလုစန်းထျန်းတို့က ချောက်နက်ကြီးတစ်ခုလုံးကို သတင်းထုတ်ပြန်ထားကြပြီ”

“ဘယ်သူမဆို အဲဒီကောင်ကို ရှာတွေ့ရင် အထွတ်အထိပ်ဆေးလုံးတစ်လုံး ဆုချမယ်တဲ့ဗျာ”

“ရှူး... ဘုရားရေ၊ အထွတ်အထိပ်ဆေးလုံးတဲ့လား၊ အဲဒါက မဟာအရှင်သခင်အဆင့်ကို ဝင်ရောက်နိုင်ဖို့ ကူညီပေးနိုင်တဲ့ နတ်ဘုရားဆေးလုံးလေ။ သူတို့က တကယ်ကြီး ဒီလောက် ကြီးမားတဲ့ အရင်းအနှီးကို ထုတ်ပေးရဲတာလား”

“အဲဒီကောင်က ခြင်္သေ့မြီး သွားဆွဲမိတာကိုး။ စန်းရွှေမဟာအရှင်သခင်နဲ့ လုစန်းထျန်းက ဘယ်လိုလူတွေလဲ မင်း တွေးကြည့်စမ်း၊ သူတို့က ဒီသီရိချောက်နက်၊ ကမ္ဘာငယ်လေးထဲမှာ ဩဇာအရှိဆုံး ပုဂ္ဂိုလ်ကြီးတွေလေ"

“ဒီလိုမျိုး လှည့်စားခံလိုက်ရတာ၊ အဲဒီကောင်ကို မသတ်ရရင် သူတို့ရင်ထဲက ဒေါသတွေ ပေါက်ကွဲထွက်စရာ နေရာမရှိ ဖြစ်မှာပေါ့”

“ငါတို့သာ အဲဒီကောင်ကို ဖမ်းနိုင်ရင် အထွတ်အထိပ်ဆေးလုံးကို ရမှာပဲ”

သူတို့ စကားပြောနေကြစဉ်မှာပင် ကျိုးရီ အရက်ဆိုင်အထဲသို့ ဝင်လိုက်ရာ အသံများ ချက်ချင်းရပ်တန့်သွားတော့သည်။

လူတိုင်းနီးပါး သူတို့၏ အကြည့်များကို ကျိုးရီထံသို့ လွှဲပြောင်းလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် သံသယများ၊ ဝေခွဲမရမှုများနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေကြသည်။

“ဒီကောင်က ဘယ်သူလဲ။ အရင်က ငါ သူ့ကို မမြင်ဖူးဘူး”

“ငါလည်း မသိဘူး၊ တိုးတိုးနေစမ်းပါ။ ဒီနေရာကို လာနိုင်တဲ့သူက ဘယ်လိုမှ သာမန်လူ မဟုတ်နိုင်ဘူး”

သို့သော် သူတို့အထဲမှ လူအနည်းငယ်ကမူ ကျိုးရီကိုသာ စိုက်ကြည့်နေကြသည်။

ကျိုးရီအတွင်းသို့ ရောက်ရှိပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဤအရက်ဆိုင်၏ အပြင်အဆင်မှာ တာ့ချန်ရှိ အရက်ဆိုင်များ၏ ပုံစံနှင့် အတော်လေး ဆင်တူနေကြောင်း တွေ့ရှိလိုက်ရသည်။

လမ်းခရီးတွင် မဟာကမ္ဘာရှိ အရက်ဆိုင်များစွာကို သူ မြင်ခဲ့ဖူးသော်လည်း ၎င်းတို့အားလုံးမှာ တာ့ချန်နှင့် အနည်းငယ် ကွာခြားနေသည်။ တာ့ချန်၏ အရက်ဆိုင်များတွင် ဆိုင်ရှင်က ကောင်တာအနောက်တွင် ထိုင်လေ့ရှိပြီး စားပွဲထိုးများကမူ အပြင်ဘက်တွင် အလုပ်ရှုပ်နေတတ်သည်။

ဖောက်သည်များသည် စားပွဲထိုးထံမှဖြစ်စေ၊ ဆိုင်ရှင်ထံမှဖြစ်စေ အရက်ကို မှာယူနိုင်ကြသည်။

၎င်းမှာ သူ့ယခင်ဘဝက ဘားတစ်ခုနှင့် အနည်းငယ် တူညီနေသော်လည်း ကော့တေးလ် ဖျော်စပ်ပေးခြင်းတော့ မရှိချေ။

ကျိုးရီ ရောက်လာပြီးနောက် စားပွဲထိုးက ချက်ချင်း ရှေ့တိုးလာခဲ့သည်။

“ဂုဏ်သရေရှိ ဧည့်သည်တော်... အရက်သောက်ဖို့ လာတာလားခင်ဗျာ၊ ဒါမှမဟုတ်...”

“ငါ သတင်းအချက်အလက်တချို့ လာဝယ်တာ”

ထိုစကားကို ကြားသောအခါ စားပွဲထိုးက ချက်ချင်း ပြုံးလိုက်ပြီး ပြောလာသည်။

“ဒါဆိုရင်တော့ ဧည့်သည်တော်... ကျေးဇူးပြုပြီး ဒုတိယထပ်ကို ကြွပါခင်ဗျာ”

ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။ သူ မလှုပ်ရှားရသေးမီမှာပင် သူ့အနောက်မှ လူအချို့က သူ့ကို ပိတ်ဆို့လိုက်ကြပြီ ဖြစ်သည်။

“ခဏရပ်ဦး”

ကျိုးရီ သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဤလူများသည် သူ စဝင်လာကတည်းက မကောင်းသော ရည်ရွယ်ချက်များဖြင့် စိုက်ကြည့်နေခဲ့ကြခြင်းဖြစ်ရာ သူ့ကို ပြဿနာရှာချင်နေကြကြောင်း ထင်ရှားလှပေသည်။

“မိတ်ဆွေပုံစံက အတော်လေး သူစိမ်းဆန်နေပါလား၊ ဘယ်ကနေ လာတာလဲဆိုတာ သိချင်လို့”

ကျိုးရီ သူတို့ကို တစ်ချက် ကြည့်ပြီး ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။

“ဘာကိစ္စလဲ”

“ဟီးဟီး... တစ်စုံတစ်ယောက်က သီရိချောက်နက်ထဲကို အတင်းဝင်လာပြီး လူတွေကို စည်းမဲ့ကမ်းမဲ့ သတ်ဖြတ်နေတယ်။ စည်းမျဉ်းဖောက်ဖျက်တဲ့ အဲဒီကောင်ကို လူတိုင်းက လိုက်ရှာနေကြတာ”

“ငါတို့အားလုံးက စန်းရွှေမဟာအရှင်သခင် လမ်းညွှန်ပေးတာကို ခံထားဖူးကြတဲ့သူတွေဆိုတော့ သူ့အတွက် သေချာပေါက် စုံစမ်းစစ်ဆေးပေးရမှာပေါ့၊ မိတ်ဆွေအနေနဲ့ ငါတို့မျက်နှာကို ထောက်ထားပြီး မငြင်းဆန်ဖို့ မျှော်လင့်ပါတယ်”

“ထွက်သွားစမ်း”

ရိုးရှင်းသော စကားတစ်ခွန်းက ထိုလူများကို ချက်ချင်းပင် ဒေါသပေါက်ကွဲသွားစေတော့သည်။

“မောက်မာလှချည်လား ကောင်လေး”

လေထု တင်းမာလာသည်ကို မြင်သောအခါ စားပွဲထိုးက ဖျန်ဖြေရန် အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

“ဓားနတ်ဘုရားလင်း၊ ဓားအင်မော်တယ်ဇောင်... ကျွန်တော်တို့ ရိပ်သာမှာ စည်းမျဉ်းတွေ ရှိပါတယ်၊ ကျွန်တော်တို့မျက်နှာကို ထောက်ထားပေးကြဖို့ မျှော်လင့်ပါတယ်”

“ဒီကောင်က သူစိမ်းဖြစ်နေပြီး တကယ်ကို သံသယဖြစ်စရာ ကောင်းနေတာ၊ ဘာတစ်ခုမှ မလွဲချော်စေဖို့ သူ့ကို ငါတို့ စစ်ဆေးမေးမြန်းရမယ်”

စကားဆုံးသည်နှင့်တစ်ပြိုင်နက် အပေါ်ထပ်မှ စူးရှသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“မင်းတို့ ပြဿနာရှာလို့ မဝကြသေးဘူးလား”

၎င်းမှာ စူးရှသော အော်ဟစ်သံတစ်ခုမျှသာ ဖြစ်သော်လည်း လူတိုင်း၏နားထဲတွင် မိုးခြိမ်းသံကြီးတစ်ခုပမာ ပဲ့တင်ထပ်သွားခဲ့ရာ အစွမ်းထက် ကျင့်ကြံသူများ၏ ရင်ထဲတွင် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြရသည်။

“ဘယ်လောက်တောင် ကြီးမားတဲ့ ခွန်အားလဲ”

ကျိုးရီ မျက်ခုံးလှုပ်သွားသည်။ တစ်ဖက်လူ၏ ခွန်အားမှာ မဟာအရှင်သခင်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်ပြီး ဤအဆင့်သို့ အခုမှစတင် ဝင်ရောက်လာသော လူသစ်မျိုးလည်း မဟုတ်ချေ။

ဓားနတ်ဘုရားလင်းနှင့် ဓားအင်မော်တယ်ဇောင်တို့ မျက်နှာများ ဖြူလျော်သွားကြ၏။ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခံလိုက်ရကြောင်း ထင်ရှားပေသည်။

“န၀မသခင်... စိတ်လျှော့ပါအုံး၊ ကျွန်တော်တို့ မှားသွားပါတယ်”

“နောက်တစ်ကြိမ် ထပ်ဖြစ်ရင်တော့ မင်းတို့ တောင်းပန်ဖို့ အခွင့်အရေးရတော့မှာ မဟုတ်ဘူး၊ အခုချက်ချင်း ထွက်သွားကြစမ်း”

“ဟုတ်ကဲ့ပါ”

ထိုလူစုမှာ ကျိုးရီကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

စားပွဲထိုးလေးက သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျိုးရီထံသို့ ဖိတ်ခေါ်သည့်အမူအရာ ပြုလုပ်လိုက်သည်။

“ဂုဏ်သရေရှိဧည့်သည်တော်... ကျေးဇူးပြုပြီး အပေါ်ကိုကြွပါ”

ကျိုးရီ ဒုတိယထပ်သို့ တက်သွားပြီး လျှို့ဝှက်အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်သည်။

လူရိပ်တစ်ခုကို မြင်လိုက်ရသောအခါ သူ ခေတ္တမျှ မှင်တက်သွားရပြန်သည်။

တစ်ဖက်လူမှာ ရွှေရောင်အစီအရင်သင်္ကေတများ ပါရှိသည့် အမည်းရောင်ဝတ်ရုံကို ဆင်မြန်းထားသော အဘိုးအိုတစ်ဦး ဖြစ်သည်။

သူ၏ မျက်လုံးများမှာ ကျားတစ်ကောင်ပမာ စူးရှနေပြီး ထူထဲသော မျက်ခုံးများနှင့် စတုရန်းပုံစံမျက်နှာ ရှိကာ သူ့အငွေ့အသက်များကိူ ဖုံးကွယ်ထားသော်လည်း အခြားသူများအား ထိတ်လန့်တုန်လှုပ်စေနိုင်စွမ်း ရှိနေသည်။

ဤသည်မှာ ကျင့်ကြံမှုသက်သက်ဖြင့် ရရှိနိုင်သောအဆင့် မဟုတ်ချေ။

ဤသည်မှာ မြင့်မားသော ရာထူးအဆင့်အတန်းကြောင့် ဖြစ်ပေါ်လာသည့် မြင့်မြတ်သောအငွေ့အသက်ဖြစ်ပြီး လောကကြီးကို ငုံ့ကြည့်ကာ ဧကရာဇ်အာဏာကိုပင် လက်ဖဝါးထဲတွင် ကစားခဲ့သည့် လွှမ်းမိုးမှုဟန်ပန်မျိုး ဖြစ်လေသည်။

သို့သော် သူ မှင်တက်သွားရခြင်းမှာ တစ်ဖက်လူ၏ လွှမ်းမိုးမှုဟန်ပန်ကြောင့် မဟုတ်ဘဲ ထိုသူ၏ အသွင်အပြင်နှင့် ကိုယ်ပိုင်လက္ခဏာကြောင့်ပင်။

ထိုလူက ပန်းကန်လုံးအကွဲ တစ်လုံးဖြင့် စတင်ခဲ့ပြီး လောကကြီးတစ်ခုလုံးကို သိမ်းပိုက်ခဲ့သည့် တာ့ချန်၏ တည်ထောင်သူ၊ ထိုက်ကျူဧကရာဇ် လီရွှန်ကျိုး ဖြစ်နေသောကြောင့်ပင်။

မျိုးဆက်တစ်ခု၏ ဒဏ္ဍာရီကြီး ဖြစ်ပေသည်။

ဤသီရိချောက်နက်အတွင်း၌ တာ့ချန်၏ တည်ထောင်သူဧကရာဇ်နှင့် ဆုံတွေ့ရလိမ့်မည်ဟု ကျိုးရီ လုံးဝ မထင်ထားခဲ့ပေ။

သူသည် ယခင်က တာ့ချန် ဧကရာဇ်မျိုးနွယ်စုဝင်များ၏ သင်္ချိုင်းအတွင်း၌ တာ့ချန်၏ ပဉ္စမမြောက် ဧကရာဇ်ဖြစ်သော ရွှမ်းဧကရာဇ်၏ ရုပ်အလောင်းကို ထိတွေ့ခဲ့ဖူးသဖြင့် လီရွှန်ကျို၏ အသွင်အပြင်နှင့် ပတ်သက်သော မှတ်ဉာဏ်များကို ရရှိထားခဲ့ခြင်းဖြစ်သည်။

သူ့အကြည့်ကို မြင်သောအခါ တစ်ဖက်လူကလည်း ပြောလာသည်။

“ထင်တဲ့အတိုင်းပဲ။ မင်းက တာ့ချန်က လာတာမလား”

ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။

“မင်း လှုပ်ရှားတဲ့နေ့က မင်ဟွမ်ကျမ်းစာရဲ့ အငွေ့အသက်တွေကို ငါ အာရုံခံမိလိုက်တယ်၊ အဲဒီတုန်းက မင်းကို တာ့ချန် ဧကရာဇ်မျိုးနွယ်စုရဲ့ မျိုးဆက်တစ်ယောက်လို့ ငါ ထင်နေခဲ့တာ၊ ဒါပေမယ့် မင်းက ပြင်ပလူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“မင်း မင်ဟွမ်ကျမ်းစာကို ရနိုင်ခဲ့တာက ငါ့အတွက်တော့ တကယ်ကို အံ့ဩစရာပဲ၊ ငါ့ရဲ့ စတုတ္ထမြောက်သားနဲ့ မင်းက ဘာတော်စပ်လဲ”

“ဂျူနီယာ ကျိုးရီက တာ့ချန်ဧကရာဇ်မျိုးနွယ်စုနဲ့ ဘာမှမတော်စပ်ပါဘူး”

“ဘာမှ မတော်စပ်ဘူး ဟုတ်လား”

လီရွှန်ကျို ခေတ္တမျှ မှင်တက်သွားရပြန်သည်။

“ဒါဆို ငါ့ရဲ့ တာ့ချန်ဧကရာဇ်အင်ပါယာကြီးက ပျက်စီးသွားပြီလား။ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး လောကကြီးကနေ ပျောက်ကွယ်သွားတာလား”

“အဲလိုတော့ မဟုတ်ပါဘူး၊ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေက နည်းနည်း ထူးခြားနေလို့ပါ”

All Chapters