အခန်း ၇၇
Vol. 8 Ch. 77
အခန်း (၇၇) - မဟာအရှင်သခင်တစ်ပါးကို သုတ်သင်ခြင်း
ရိုးရှင်းသော စကားတစ်ခွန်းကိုသာ ပြောဆိုလိုက်ပြီးနောက် ကျိုးရီ လက်ဝှေ့ယမ်းလိုက်ရာ ညာလက်ထဲတွင် မင်ဧကရာဇ်ဓား ပေါ်ထွက်လာပြီး ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားတော့သည်။
ကျင့်ကြံသူများကြားက တိုက်ပွဲတွင် ပြတ်ပြတ်သားသား သတ်ဖြတ်နိုင်ရန်က အဓိက သော့ချက်ပင်ဖြစ်သည်။
‘စကားအများကြီး ပြောနေလည်း အပိုပဲ'
ကျန်တဲ့အရာတွေအားလုံးက အချိန်ဖြုန်းနေခြင်းမျှသာ ဖြစ်ပေသည်။
လီရွှန်ကျိုး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုံးဝ မှင်တက်သွားရတော့သည်။
“အရူးပဲ... ဒီကောင်က တကယ့် အရူးအစစ်ပဲ”
ကျိုးရီနှင့် ပတ်သက်၍ သူ လုံးဝ စကားမဆိုနိုင်တော့ချေ။ ဤကောင်က ရူးသွပ်လွန်းလှသည်။
‘စကားပနံ မသင့်ရုံနဲ့တင် ဓားဆွဲထုတ်တယ်ပေါ့၊ သူ့ရှေ့မှာ ရပ်နေတဲ့ သုံးယောက်က မဟာအရှင်သခင်တွေဆိုတာ သူ မသိဘူးလား'
‘ဒီမဟာအရှင်သခင်သုံးပါးက ဝါရင့် ပုဂ္ဂိုလ်ကြီးတွေ မဟုတ်ဘဲ အဆင့် တက်လာကာစ လူသစ်တွေ ဖြစ်နေရင်တောင် သူတို့က မဟာအရှင်သခင်အဆင့်ရှိတဲ့ ကျင့်ကြံသူ သုံးယောက် ဖြစ်နေတုန်းပဲလေ'
သူ၏ အကဲခတ်မှုအရ ကျိုးရီသည်လည်း မဟာအရှင်သခင်အဆင့်သို့ တက်လှမ်းထားနိုင်သော်ငြား အရမ်း ငယ်ရွယ်လွန်းလှသည်။
အလွန်ဆုံးရှိမှ ဤအဆင့်သို့ ခုမှစတင် ဝင်ရောက်လာသော တည်ရှိမှုတစ်ခုသာ ဖြစ်ရမည်။
ကျိုးရီ၏ ခွန်အားအစစ်အမှန်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ကျိုးရီအနေဖြင့် မဟာအရှင်သခင်သုံးပါးကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သူ သေချာပေါက် ပြောရဲသည်။
သူ့ကိုပင် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မည်။
သူ စကားမဆိုနိုင်ဖြစ်နေစဉ်မှာပင် ကျိုးရီက စန်းရွှေမဟာအရှင်သခင်အား ခုတ်ပိုင်းလိုက်နှင့်ပြီ ဖြစ်သည်။
ဘိုးဘေးလုစန်းထျန်းနှင့် ငရဲဘိုးဘေးတို့ကမူ မလှုပ်ရှားကြသေးချေ၊ မဟာအရှင်သခင်အဆင့် ကျင့်ကြံသူများ အနေဖြင့် သူတို့တွင် ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် မာန်မာနများ ရှိကြရာ ဂျူနီယာတစ်ယောက်အား အုပ်စုဖွဲ့ တိုက်ခိုက်ရသည်ကို ရွံရှာစက်ဆုပ်ကြသည်။
တိုက်ခိုက်မည်ဆိုပါက တစ်ယောက်ချင်းစီသာ တိုက်ခိုက်မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ဤသတင်းသာ အပြင်ပေါက်သွားပါက အခြားသူများ၏ တိတ်တဆိတ် လှောင်ပြောင်ခြင်းကို တစ်သက်လုံး ခံရပေလိမ့်မည်။
သို့သော် ဤအခိုက်အတန့်တွင် လက်တွေ့ဖြစ်ရပ်က လူတိုင်း၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်လေသည်။
ကျိုးရီ ဤဓားချက်ကို ခုတ်ပိုင်းလိုက်သည်နှင့် ၎င်း၏ စွမ်းအားမှာ ယခင်ကထက် ဆယ်ဆမက ချက်ချင်း တိုးပွားလာခဲ့သည်။
အရှိန်အဝါများအားလုံး သုံးပေသာရှိသော ဓားသွားလေးထက်တွင် စုစည်းသွားပြီး စူးရှတောက်ပသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သီရိချောက်နက်၏ တစ်ဝက်ခန့်ကို လင်းထိန်သွားစေတော့သည်။
ရေတွက်၍မရနိုင်သော နတ်ဆိုးသားရဲများနှင့် လူသားမျိုးနွယ်ဝင်များ ထိတ်လန့်သွားကြပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားကြရသည်။
ပစ်မှတ်ထားခံလိုက်ရသော စန်းရွှေမဟာအရှင်သခင် တစ်ဦးတည်းသာလျှင် ဤတိုက်ကွက်၏ ကြောက်မက်ဖွယ်အစွမ်းကို အာရုံခံမိလိုက်သည်။
ဤဓားချက်အောက်တွင် သူသည် ဝေဝါးဝါး သေမင်းအငွေ့အသက်ကိုပင် ခံစားလိုက်ရသည်။
အနည်းငယ်မျှပင် ပေါ့ပေါ့ဆဆ မနေရဲတော့ဘဲ သူ၏ အကာအကွယ်အားလုံးကို ချက်ချင်း ထုတ်သုံးလိုက်သည်။
အရင်ဆုံး နတ်ဘုရားလက်နက် ကျားသတ်နတ်ဘုရားဓားကို ဆင့်ခေါ်လိုက်သည်။
လက်နက်ကိုယ်ထည်သည် တစ်ကိုယ်လုံး ရေခဲပြင်ပမာ ကြည်လင်တောက်ပနေပြီး မဟာနတ်ဆိုးကြီး၏ အရိုးများဖြင့် သွန်းလုပ်ထားခြင်းပင်။
နတ်ဘုရားလက်နက် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူသည်လည်း တိုက်ကွက်တစ်ခု မျက်တောင်တစ်ခတ်အတွင်း ထုတ်ဖော်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ မီတာသောင်းချီ ရှည်လျားသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး နတ်ဘုရားတစ်ပါးပမာ ဖြစ်နေတော့သည်။
နတ်ဘုရားလက်နက်နှင့် နတ်ဘုရားစွမ်းရည် ပေါင်းစပ်လိုက်သောအခါ မိုင်တစ်သောင်း အတွင်းရှိ သက်ရှိသတ္တဝါ အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေပြီး မြေပြင်ပေါ်တွင် ဝပ်စင်းသွားစေ မတ်တပ်ရပ်ရန်ပင် အနိုင်နိုင် ဖြစ်သွားရသည်။
“သူက ကောင်းကင်ဖျက်ဆီးခြင်းခုတ်ချက်ကိုတောင် သုံးလိုက်တာလား၊ ဘာတွေဖြစ်နေတာလဲ”
ဘိုးဘေးလုစန်းထျန်း၏ မျက်လုံးများ ချက်ချင်းကျုံ့ဝင်သွားရသည်။
“ကောင်းကင်ဖျက်ဆီးခြင်းခုတ်ချက်ဆိုတာ စန်းရွှေရဲ့ အားအပြင်းဆုံး လျှို့ဝှက်တိုက်ကွက်လေ၊ အရမ်း အန္တရာယ်များတဲ့ အခိုက်အတန့် မဟုတ်ရင် ဒါကို သူ လုံးဝ သုံးမှာမဟုတ်ဘူး။ သူ ဘာလို့ ဒီတိုက်ကွက်ကို ထုတ်သုံးလိုက်တာလဲ”
စကားမဆုံးသေးမီမှာပင် ထိုနှစ်ဦး၏ တိုက်ကွက်များ ထိပ်တိုက် တွေ့စုံသွားကြတော့သည်။
ဝုန်း...
လောကကြီးကိုပင် တုန်လှုပ်သွားစေသော ပေါက်ကွဲသံကြီး ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ချောက်နက်ကြီးတစ်ခုလုံး အပြင်းအထန် တုန်ခါသွားခဲ့သည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အလင်းစက်ကွင်းမှာ ထိုနှစ်ဦး ထိပ်တိုက်တွေ့ဆုံရာ နေရာမှ စတင်၍ နေမင်းတစ်စင်းပမာ ဖြာထွက်လာကာ မရေမတွက်နိုင်သော သတ္တဝါများကို ချက်ချင်း ကန်းသွားစေတော့သည်။
ထိုအလင်းရောင်၏ အပူချိန်မှာ အလွန်မြင့်မားလွန်းလှသဖြင့် မိုင်တစ်ရာ ပတ်လည်အတွင်း၌ မီးတောက်များ စတင် တောက်လောင်လာသည်။
သို့သော် ထိုမီးတောက်မှာ ခဏမျှသာ ခံလိုက်ပြီး ပေါက်ကွဲမှု၏ နောက်ဆက်တွဲလေလှိုင်းများကြောင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့ရပြီး မြေပြင်နှင့် ကျောက်ကမ်းပါးများကိုပါ ဆုတ်ဖြဲပစ်လိုက်တော့သည်။
“ဘုရားရေ... ဒါ မဟာအရှင်သခင်တွေကြားက တိုက်ပွဲလား။ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ မိုင်ထောင်ချီ အကွာအဝေးကနေ ဖြာထွက်လာတဲ့ စွမ်းအင်လှိုင်းတစ်ခုကတင် ငါ့ခန္ဓာကိုယ်ရဲ့ အကာအကွယ်ချီစွမ်းအင်ကို ဖျက်ဆီးပြစ်လုနီးပါးပဲ”
“ဒါက နှစ်ပေါင်းသောင်းချီအတွင်း ရှားရှားပါးပါးမြင်တွေ့ရတဲ့ တိုက်ပွဲပဲ၊ တကယ့်ကို နှစ်ပေါင်းသောင်းချီမှ တစ်ကြိမ်ပဲ ဖြစ်နိုင်တာ”
မရေမတွက်နိုင်သော လူများ ရူးသွပ်သွားကြတော့သည်။
ခွန်အားကြီးသူများ၏ တိုက်ပွဲက သူတို့၏ သွေးများကို ဆူပွက်လာစေသည်။
သို့သော် စစ်မြေပြင် အလယ်ဗဟိုတွင် ရှိနေကြသော ငရဲဘိုးဘေး၊ ဘိုးဘေးလုစန်းထျန်းနှင့် လီရွှန်ကျိုးတို့မှာမူ လုံးဝ မှင်တက်သွားကြပြီး စကားပင် မဆိုနိုင် ဖြစ်နေကြရသည်။
အဘယ်ကြောင့်ဆိုသော် ကျိုးရီနှင့် စန်းရွှေမဟာအရှင်သခင်တို့ ထိပ်တိုက် တိုက်ခိုက်သည့် တစ်ကွက်အတွင်း စန်းရွှေမဟာအရှင်သခင်က ကျိုးရီ၏ တိုက်ကွက်ကြောင့် အနောက်ထိ လွက့်သွားခဲ့ရသည်ကို သူတို့သုံးဦး မြင်တွေ့လိုက်ရသောကြောင့်ဪင်။
မှန်ပေသည်၊ လွင့်စင်သွားခြင်းပင်။
ကျိုးရီ၏ ဓားချက်အောက်တွင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိုးကျသွားကာ မီတာသောင်ချီ နက်ရှိုင်းသော ချောက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့၏။
ကမ္ဘာပျက်သကဲ့သို့ မြေကြီးများပင် အက်ကွဲသွားခဲ့သည်။
‘ငါက ကျိုးရီအပေါ် အသာစီးမရခဲ့ဘူးတဲ့လား'
‘ငါက ဝါရင့် မဟာအရှင်သခင်တစ်ပါးလေ'
‘ဒီအဆင့်ကို အခုမှ တက်လာတဲ့ လူသစ်လေး မဟုတ်ပါဘူး'
‘ဒီလို ဝါရင့်ပုဂ္ဂိုလ်ကြီးတစ်ယောက်က ရန်သူရဲ့ ဓားတစ်ချက်ကိုတောင် မတားဆီးနိုင်ဘူးဆိုတာ... ဒါ လာနောက်နေတာလား'
ဖူး...
စန်းရွှေမဟာအရှင်သခင် သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ သူ အံ့အားသင့်နေရန် အချိန်မရှိတော့ချေ၊
ကျိုးရီက နောက်ထပ် ထပ်မံတိုက်ခိုက်လာပြန်၏။
“တောက်...”
သူ တံတွေးထွေးလိုက်ပြီး နတ်ဘုရားစွမ်းရည်တစ်ခုကို အသက်သွင်းကာ သူ၏ မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ကျိုးရီ ဓားကို တင်းတင်းဆုပ်ကိုင်ကာ အောက်သို့ ခုတ်ပိုင်းချလိုက်သည်။
ဝုန်း...
ကမ္ဘာမြေကြီးသည် ဤတိုက်ကွက်၏ စွမ်းအားကို တိုက်ရိုက် ထိမှန်ခံလိုက်ရပြီး မိုင်ထောင်ချီ ရှည်လျားသော မြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ ၎င်း၏ အောက်ခြေရှိ အဆုံးအစမရှိသော အရိုးပင်လယ်ကြီးပါ ပေါ်ထွက်လာခဲ့၏။
လောကကြီးပျက်သုဉ်းချိန် ရောက်သွားသကဲ့သို့ ဖြစ်နေပြီး ချောက်နက်ကြီးမှာလည်း အဆက်မပြတ် တုန်ခါနေတော့သည်။
လျှို့ဝှက်စွမ်းရည်ဖြင့် ကောင်းကင်ယံသို့ ထွက်ပြေးသွားသော စန်းရွှေမဟာအရှင်သခင်သည် မှင်တက်နေသော အဖော်နှစ်ယောက်ကို ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“ဘာကြည့်နေကြတာလဲ။ ဘာလို့ အခုထိ မလှုပ်ရှားကြသေးတာလဲ၊ ဒီကောင်က ထူးဆန်းလွန်းတယ်။ ငါတစ်ယောက်တည်းနဲ့ သူ့ကို မယှဉ်နိုင်ဘူး”
ဝါရင့်မဟာအရှင်သခင်တစ်ပါးထံမှ ဤကဲ့သို့သော စကားများ ထွက်လာခြင်းက အတော်လေး ရယ်စရာကောင်းလှသော်လည်း မည်သူမျှ မရယ်ရဲကြချေ။
အပြန်အလှန်အနေဖြင့် ထိုစကားလုံးများက အခြားသူများ၏ နားထဲတွင် ကြောက်မက်ဖွယ် ရာဇဝင်တစ်ခုပမာ ပဲ့တင်ထပ်သွားခဲ့သည်။
“တိုက်မယ်”
ငရဲဘိုးဘေးနှင့် ဘိုးဘေးလုစန်းထျန်းတို့လည်း ပေါ့ပေါ့ဆဆ မနေရဲတော့ချေ။
သူတို့သည် ဘယ်နှင့်ညာ ညှပ်ပိတ်ကာ နှစ်ဦးလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြတော့သည်။
ငရဲဘိုးဘေး၏ လက်နှစ်ဖက်မှ အစီအရင်သင်္ကေတများ ထွက်ပေါ်လာခဲ့၏။
သူ့ခန္ဓာကိုယ်မှ ထူထပ်သော အမည်းရောင် မီးခိုးငွေ့များ ချက်ချင်းထွက်ပေါ်လာကာ လူဦးခေါင်းပုံ တစ္ဆေများအဖြစ် ပြောင်းလဲသွားပြီး စူးရှသော အော်ဟစ်သံများနှင့်အတူ ကျိုးရီဆီသို့ တဟုန်ထိုး တိုးဝင်သွားကြသည်။
၎င်းမှာ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခု ဖြစ်သော်လည်း အလွန်သိပ်သည်းလှသဖြင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများပါ ရောယှက်လာခြင်းဖြစ်သည်။
ဘိုးဘေးလုစန်းထျန်းက မီးလုံးတစ်ခုဖြင့် တိုက်ခိုက်လိုက်သည်။
ဤမီးတောက်မှာ သာမန်မီး မဟုတ်ပေ။
၎င်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အမှောင်ထုတစ်ခုလုံး လင်းထိန်သွားခဲ့ပြီး လေထုထဲရှိ ၀ိညာဉ်စွမ်းအင်များပင် လောင်ကျွမ်းသွားခဲ့ရကာ နက်နဲပြီး ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတ္တိတစ်ခု ပါဝင်နေပေသည်။
စန်းရွှေမဟာအရှင်သခင်လည်း ပေါ့ပေါ့ဆဆ မနေရဲတော့ဘဲ ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။
လက်နှစ်ဖက်ဖြင့် ဓားရိုးကို မြဲမြံစွာ ဆုပ်ကိုင်ကာ အောက်သို့ ခုတ်ပိုင်းချလိုက်ရာ မီတာသောင်းချီရှည်လျားသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြန်သည်။
ကြောက်မက်ဖွယ်ကောင်းလှသော အစွန်းရောက် တိုက်ကွက်သုံးခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ရာ ဖိအားများမှာ အဆုံးအစမရှိသော ဒီရေလှိုင်းကြီးများပမာ လွှမ်းမိုး ကျရောက်လာတော့သည်။
“မကောင်းတော့ဘူး”
လီရွှန်ကျိုး ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ဤစွမ်းအားမှာ အလွန်ကြီးမားလှသဖြင့် ရှောင်တိမ်းရန် ကြိုးစားလျှင်ပင် မဖြစ်နိုင်တော့ပေ။
တစ်ကြိမ် ပစ်မှတ်ထားခံလိုက်ရသည်နှင့် ၎င်းကို ထိပ်တိုက်ရင်ဆိုင်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
ပိုမိုမြင့်မားသော အဆင့်ရှိသည့် နတ်ဘုရားစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားခြင်းမရှိပါက ရှောင်တိမ်းရန်အခွင့်အရေး လုံးဝမရှိပေ။
သို့သော် ကျိုးရီသည်လည်း မဟာအရှင်သခင်အဆင့်တွင်သာ ရှိနေသေးသဖြင့် သဘာဝကျကျပဲယင် ၎င်းကို ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိတော့သည်။
ကျိုးရီကမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိချေ။ ဤကျင့်ကြံမှုအဆင့်သို့ ရောက်ရှိထားသော ကျွမ်းကျင်သူတစ်ဦးအဖို့ ကိစ္စအတော်များများကို စကားလုံးများဖြင့် ထုတ်ပြောနေစရာမလိုဘဲ ရလဒ်အား တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
‘ဒီသုံးယောက်ရဲ့ တိုက်ကွက်တွေက ငါ့ကို မသတ်နိုင်သေးဘူး'
ကျိုးရီသည် မင်ဧကရာဇ်ဓားကို ကိုင်ဆောင်ကာ ကောင်းကင်ဖြတ်ပိုင်းခြင်းဓားသိုင်းကို ထုတ်ဖော်လိုက်တော့သည်။
သူ၏ သက်တမ်း စတင် လောင်ကျွမ်းလာခဲ့ပြီး ဓားအလင်းတန်းမှာလည်း မိုင်ထောင်ချီအထိ ဆန့်ထွက်သွားကာ ကောင်းကင်ယံသို့ ထိုးတက်သွားသော အလင်းတိုင်လုံးကြီးတစ်ခုပမာ ဖြစ်နေတော့သည်။
ထိုသုံးဦး၏ တိုက်ကွက်များနှင့် ထိပ်တိုက် တွေ့ဆုံးမိသွားတော့သည်။
ဝုန်း...
အလင်းတန်း လေးခု လေထုထဲတွင် တွေ့ဆုံကာ ပေါက်ကွဲသွားကြသည်။
ပြင်းထန်သော ပေါက်ကွဲသံတစ်ခုတည်းကတင် မရေမတွက်နိုင်သော သတ္တဝါများကို ပေါက်ကွဲသွားစေခဲ့ပြီး ယခုတစ်ကြိမ် စွမ်းအင်လှိုင်းက မိုင်ထောင်ချီအတွင်းရှိ မြေပြင်အားလုံးကို လောင်ကျွမ်းသွားစေခဲ့သည်။
ပြင်းထန်သော လေပြင်းများ တိုက်ခတ်သွားခဲ့ပြီး မိုင်တစ်ရာအကွာအဝေးတွင် ရှိနေသော ကျင့်ကြံသူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြရသည်။
“အင့်...”
“ဖူး...”
အဆင့်နိမ့်ကျင့်ကြံသူ အများအပြားမှာ သွေးများ အန်ထုတ်လိုက်ကြရပြီး အနောက်သို့ လွင့်စင်သွားခဲ့ကြရသည်။
ကောင်းကင်ယံရှိ မဟာအရှင်သခင်သုံးပါးလည်း ပေါက်ကွဲမှုလှိုင်းကြောင့် အနောက်သို့ လွင့်စင်သွားခဲ့ကြရသည်။
ကျိုးရီသည်လည်း ဤပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားလိမ့်မည်ဟု သူတို့ ထင်နေကြစဉ်မှာပင် ကျိုးရီသည် ပေါက်ကွဲမှု၏ အလယ်ဗဟိုမှ ဖြတ်သန်းလာကာ သူတို့ဆီသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။
“ဘာ...”
“ဒါ မဖြစ်နိုင်တာ”
သူတို့ သုံးယောက်လုံး မှင်တက်သွားကြရသည်။
အဆင့်တူ တိုက်ခိုက်မှုဖြစ်ပြီး သုံးယောက်တစ်ယောက် တိုက်ခိုက်ခဲ့ခြင်းပင်။
‘ဘယ်လိုပဲ ကြည့်ကြည့် ငါတို့ဘက်က အသာစီးရနေသင့်တာ မဟုတ်ဘူးလား”
သူတို့ သုံးယောက်လုံး အနောက်သို့ လွင့်စင်သွားသော်ငြား ကျိုးရီကမူ မည်သည့်ဒဏ်ရာမျှမရဘဲ လုံးဝ ကောင်းမွန်နေရုံသာမက တန်ပြန်တိုက်စစ်ဆင်နိုင်သေးလေ၏။
ဤအရာက ရိုးရှင်းစွာပင် ပြက်လုံးကြီးတစ်ခု ဖြစ်နေတော့သည်။
လီရွှန်ကျိုးမှာ ပို၍ပင် အံ့အားသင့်သွားရသည်။
“ဒီကောင်လေးက တကယ်ကြီး ဒီလောက်တောင် အစွမ်းထက်နေတာလား”
‘အစပိုင်းကတော့ ကျိုးရီက ငါ့ကိုတောင် မယှဉ်နိုင်ဘူးလို့ ထင်ခဲ့တာ၊ အခု ပြန်တွေးကြည့်တော့ ငါ့အတွေးတွေက တကယ်ကို ရယ်စရာကောင်းနေတာပဲ’
‘ဒီကောင်လေးက ဘာလို့ ဒီလောက်မောက်မာနေရလဲ၊ ပြီးတော့ ထိပ်တန်းကျင့်ကြံသူ အများအပြားကို ရန်စပြီးတာတောင် ဘာလို့ မကြောက်ရတာလဲ’ ဆိုသည့်မေးခွန်းကို သူ နောက်ဆုံးတော့ သဘောပေါက်သွားလေသည်။
မယုံနိုင်ဖွယ် ဖြစ်ရပ်များက ဆက်လက် ဖြစ်ပေါ်နေဆဲပင်။ ကျိုးရီသည် စန်းရွှေမဟာအရှင်သခင်၏ ရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။
စန်းရွှေမဟာအရှင်သခင် ထိတ်လန့်တုန်လှုပ်သွားပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် သူ့ဓားနှင့် ချက်ချင်း ဝှေ့ယမ်းလိုက်သည်။
“မင်း တိုက်ခိုက်တိုင်း ဘာလို့ ငါ့ကိုပဲ အရင်ရွေးနေရတာလဲ”
“ဘာလို့လဲဆိုတော့ ခင်ဗျားက အရင်ဆုံးစတိုက်ခဲ့လို့ပဲ”
ကျိုးရီ၏ ဓားက သူ၏ ဓားရှည်ကြီးပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသည်။
ကြီးမားသော ခွန်အားကြောင့် သူ့လက်မောင်းပင် ထုံကျဉ်သွားပြီး ခန္ဓာကိုယ်မှာ ခေတ္တမျှ ရပ်တန့်သွားခဲ့ရရာ ကျိုးရီသည် ဤအခွင့်အရေးကို အရယူကာ နောက်ထပ်ဓားချက်တစ်ချက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။
“မကောင်းတော့ဘူး”
စန်းရွှေမဟာအရှင်သခင် အလွန်အမင်း ထိတ်လန့်သွားပြီး အနောက်သို့ ချက်ချင်း ခုန်ဆုတ်လိုက်သော်လည်း ကံမကောင်းစွာဖြင့် ခြေတစ်လှမ်း နောက်ကျသွားခဲ့ရသည်။
ကျိုးရီ၏ ဓားချက်က လက်မောင်းတစ်ဖက်နှင့်အတူ ပခုံးတစ်ဝက်ကိုပါ ဖြတ်တောက်သွားခဲ့သည်။
ဖူး...
“အား...”
သွေးများပန်းထွက်လာခဲ့ပြီး စန်းရွှေမဟာအရှင်သခင်ထံမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအချိန်တွင် ကျိုးရီကမူ နောက်ထပ်တိုက်ခိုက်ရန် စတင်နေခဲ့ပြီဖြစ်သည်။
ရန်သူ အားနည်းနေချိန်တွင် အသက်ကိုပါ နှုတ်ယူရန်အတွက် ကျိုးရီသည် မင်ဧကရာဇ်ဓားကို ကိုင်ဆောင်ကာ စန်းရွှေမဟာအရှင်သခင် အရှေ့သို့ တိုးဝင်သွားပြီး ကောင်းကင်ဖြတ်ပိုင်းခြင်းဓားသိုင်းကို ထပ်မံထုတ်ဖော်လိုက်တော့သည်။
ဝုန်း...
ထိုတိုက်ကွက်မှာ အလွန်အမင်း အားကောင်းလွန်းလှပေသည်။
သက်တမ်းကို သတ်ဖြတ်ခြင်းတိုက်ကွက်အတွက် အကူပစ္စည်းအဖြစ် အသုံးပြုလိုက်ခြင်းက မဟာအရှင်သခင်အဆင့်တွင် ရှိနေသော ကျိုးရီအား မူလ ကျင့်ကြံမှုအဆင့်နှင့် မကိုက်ညီသော ခွန်အားများကို ထုတ်ဖော်နိုင်စေခဲ့သည်။
“ဟင့်အင်း... ကျွန်တော် မှားပါပြီ၊ ကျွန်တော် မှားပါပြီ။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ၊ အား...”
စန်းရွှေမဟာအရှင်သခင်သည် သေမင်း အငွေ့အသက်ကို အာရုံခံမိလိုက်လေပြီ။
ကျိုးရီ၏ တိုက်ခိုက်မှုကို သူ ဘယ်လိုနည်းနဲ့မှ မတားဆီးနိုင်တော့ကြောင်း ကြိုတင် မြင်တွေ့နေရသည်။
သို့သော် ကျိုးရီက ရန်သူ အသနားခံရုံဖြင့် ရပ်တန့်မည့်သူမျိုး မဟုတ်ပေ။
ဓားတစ်ချက်တည်းဖြင့် စန်းရွှေမဟာအရှင်သခင်၏ ဦးခေါင်းမှာ ပြတ်တောက်သွားခဲ့ရသည်။
သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်မှာ သီးခြားစီ ဖြစ်သွားခဲ့ရပြီး သူ့ဦးခေါင်း လေထဲတွင် လည်ပတ်ကာ ပျံသန်းသွားချိန်တွင် သူ၏ မျက်ဝန်းထောင့်များမှ မျက်ရည်များပင် စီးဆင်းလာခဲ့ရသည်။
နောင်တမျက်ရည်များ ဖြစ်သည်။
‘ငါ ဘာဖြစ်လို့များ ကျိုးရီကို သွားဆွမိခဲ့တာလဲ'
‘အမျိုးသမီးတစ်ယောက်အတွက်နဲ့လား’
ဟုတ်ပေသည်။ အမျိုးသမီးတစ်ယောက်အတွက် မဟုတ်ဘဲ၊ သူ၏ ဂုဏ်သိက္ခာအတွက်ကြောင့်ပင်။
အကယ်၍ ကောင်းကင်ကြီးက သူ့ကို နောက်ထပ် အခွင့်အရေးတစ်ခုသာ ထပ်ပေးမည်ဆိုလျှင် သူ့မိသားစုတစ်ခုလုံး အသတ်ခံရလျှင်ပင် ကျိုးရီထံသို့ ပြဿနာ သွားရှာတော့မည်မဟုတ်ပေ။
‘ဒီကောင်က လူသားတစ်ယောက် မဟုတ်ဘူး၊ တကယ့် ဘီလူးတစ်ကောင်ပဲ’
လေထုတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ငရဲဘိုးဘေး၊ ဘိုးဘေးလုစန်းထျန်းနှင့် အဝေးမှ စောင့်ကြည့်နေသော လီရွှန်ကျိုးတို့အားလုံး လုံးဝ မှင်တက်သွားကြရတော့သည်။
‘ဒါက ဘယ်လို အခြေအနေကြီးလဲ'
သုံးယောက်တစ်ယောက်တိုက်ခိုက်ပြီး ငါတို့ဘက်က အသာစီးရထားတာတောင် ကျိုးရီကို မသတ်နိုင်ခဲ့ရုံတင်မကဘဲ မဟာအရှင်သခင်တစ်ပါးပါ ကျိုးရီရဲ့ တန်ပြန်တိုက်စစ်မှာ အသတ်ပေးလိုက်ရတယ် ဟုတ်လား'
‘သောက်ကျိုးနည်း ခွေးကောင်’
‘ဒီကောင်က တကယ် မဟာအရှင်သခင်အဆင့်မှာပဲ ရှိနေတာ ဟုတ်ရဲ့လား'