အခန်း ၇၈
Vol. 8 Ch. 78
အခန်း (၇၈) - ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်း၊ သီရိချောက်နက်တစ်ခုလုံး တုန်လှုပ်သွားခြင်း
ကျိုးရီသည် သူတို့၏ ထိတ်လန့်တုန်လှုပ်မှုများကို လျစ်လျူရှုကာ ဟင်းလင်းပြင်ထဲသို့ ဆုပ်ကိုင်လိုက်ရာ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းက စန်းရွှေမဟာအရှင်သခင်ကို အပြီးအပိုင် ဝါးမျိုသွားလေတော့သည်။
စန်းရွှေမဟာအရှင်သခင်သည် တကယ်ကို ဝါရင့်မဟာအရှင်သခင်တစ်ပါး ပီသလှပေသည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးအနှစ်သာရဖြစ်စေ သူ၏ ကျင့်ကြံမှုဖြစ်စေ အရင်က ကျိုးရီ စုပ်ယူခဲ့ဖူးသူတိုင်းထက် များစွာ ပိုမိုနက်ရှိုင်းလှပေသည်။
စွမ်းအင်များ သိပ်သည်းလွန်း၍ ကျိုးရီအနေဖြင့် အချိန်တိုအတွင်း အားလုံးကို အပြည့်အဝ ခြေဖျက်နိုင်ခြင်း မရှိခဲ့ချေ။
သူ့အကြည့်က အခြားမဟာအရှင်သခင်နှစ်ပါးဆီသို့ အလိုအလျောက် ရောက်ရှိသွားသည်။
အခြားမဟာအရှင်သခင်နှစ်ပါးမှာ ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသည့် ယုန်တစ်ကောင်ပမာ မျှော်လင့်ချက်မဲ့ခြင်းများကိုပါ ခံစားလိုက်ကြရသည်။
အရေးကြီးသော အခိုက်အတန့်တွင် ငရဲဘိုးဘေးက ချက်ချင်း ပြောလာသည်။
“ဘိုးဘေး လုစန်းထျန်း... အခြေအနေတွေက ဒီလိုဖြစ်နေပြီဆိုတော့ ငါတို့ အသက်နဲ့လဲပြီး တိုက်မှပဲ အနိုင်ရဖို့ အခွင့်အရေး ရှိတော့မယ်၊ မဟုတ်ရင် ငါတို့ စန်းရွှေရဲ့ လမ်းစဉ်အတိုင်း သေချာပေါက် လိုက်ရလိမ့်မယ်”
“ကောင်းပြီ... အစွမ်းကုန် တိုက်ကြတာပေါ့၊ ဘာတစ်ခုမှ ချန်မထားခဲ့နဲ့”
နှစ်ဦးလုံး ခွန်အားများကို တစ်ပြိုင်နက်တည်း အပြည့်အဝ ပေါက်ကွဲထုတ်လိုက်ကြသည်။
ဘိုးဘေးလုစန်းထျန်းကို ဗဟိုပြု၍ မိုင်တစ်ရာပတ်လည်အတွင်း ပြင်းထန်သော မီးတောက်များဖြင့် ဖုံးလွှမ်းသွားပြီးငရဲဘိုးဘေးကို ဗဟိုပြု၍ မိုင်တစ်ရာပတ်လည်အတွင်း တစ္ဆေဝိညာဉ်များဖြင့် ပြည့်နှက်သွားတော့သည်။
သူတို့နှစ်ဦးသည် ဘယ်နှင့်ညာမှနေ၍ ကျိုးရီထံသို့ တဟုန်ထိုး တိုးဝင်သွားကြသည်။
သို့သော် ထိုအခိုက်အတန့်တွင် ငရဲဘိုးဘေးသည် ဦးတည်ရာကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး ထွက်ပြေးသွားတော့သည်။
“ခွေးအိုကြီး... သေစမ်း”
ဘိုးဘေးလုစန်းထျန်းမှာ ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရသည်။
‘ဒီခွေးကောင်က အရေးကြီးတဲ့ အချိန်ကျမှ ငါ့ကို တကယ်ကြီး ရောင်းစားသွားတာပဲ'
‘ကျိုးရီက မဟာအရှင်သခင်တစ်ပါးကိုတောင် အေးဆေးသတ်နိုင်နေတာ ငါတစ်ယောက်တည်းနဲ့ ကျိုးရီကို ဘယ်လိုလုပ်ပြီး တားနိုင်မှာလဲ'
ငရဲဘိုးဘေး ထွက်ပြေးသွားသည်နှင့်တစ်ပြိုင်နက် သူ၏ တိုက်ခိုက်လိုစိတ်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ကျိုးရီကမူ ဂရုမစိုက်ပေ။
ဘိုးဘေးလုစန်းထျန်းရှေ့သို့ ရောက်ရှိသွားပြီး လက်မြှောက်ကာ ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်။
ဝုန်း...
ဓားအလင်းတန်းက ဆူးတစ်ချောင်းပမာ ဖီးနစ်ပုံရိပ်ယောင်ကို ရက်စက်စွာ ဖောက်ထွင်းသွားပြီး ဘိုးဘေးလုစန်းထျန်းကို ထိမှန်သွား၏။
ဘိုးဘေးလုစန်းထျန်း အနောက်သို့ လွင့်ထွက်သွားပြီး ရင်ဘတ်ကြီး ချိုင့်ဝင်သွားသည်။
“ဖူး...”
သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။
ကျိုးရီက ထပ်မံချဉ်းကပ်လာပြီး သူ့ခွန်အားအားလုံးကို လက်သီးထဲတွင် စုစည်းကာ ဘိုးဘေးလုစန်းထျန်း၏ ရင်ဘတ်ကို ထိုးဖောက်ပစ်လိုက်သည်။
ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းက သူ၏ သွေးအနှစ်သာရများနှင့် ကျင့်ကြံမှုကို အပြင်းအထန် စုပ်ယူနေလေသည်။
“အား...”
ပြင်းထန်သော အော်ဟစ်သံများကြားတွင် ဘိုးဘေးလုစန်းထျန်းသည် ခြောက်သွေ့နေသော အလောင်းအဖြစ် ပြောင်းလဲသွားပြီးနောက် ပေါက်ကွဲထွက်သွားတော့သည်။
ကျိုးရီသည် ငရဲဘိုးဘေးထံသို့ ချက်ချင်း လိုက်သွားလေ၏။
ငရဲဘိုးဘေးသည် အနောက်မှ ဖိအားများကို ခံစားမိလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရင်ထဲအသည်းထဲအထိ ထိတ်လန့်တုန်လှုပ်သွားတော့သည်။
သူ ဆက်လက်ထွက်ပြေး၍ မရနိုင်တော့ကြောင်း သိသွားသဖြင့် လက်နက်ချအညံ့ခံရန် မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်သည်။
“စီနီယာ... အသက်ချမ်းသာပေးပါ။ စီနီယာ... အသက်ချမ်းသာပေးပါ၊ ဒီအဘိုကြီးက စီနီယာကို တစ်သက်လုံး ကျေးကျွန်အဖြစ် အလုပ်အကျွေးပြုပါ့မယ်၊ ကျေးဇူးပြုပြီး အသက်တော့ ချမ်းသာပေးပါ”
ဝုန်း...
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ကျိုးရီက ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ ငရဲဘိုးဘေး ခေါင်းပြတ်သွားတော့သာ်။
ထိုသို့ဖြင့် မဟာအရှင်သခင်သုံးပါးလုံး သုတ်သင်ရှင်းလင်းခံလိုက်ရလေပြီ။
လေထုတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများမှာ တုန်ယင်နေကြပြီး လုံးဝ မယုံကြည်နိုင်သေးသော မျက်လုံးများဖြင့် ထိုဦးတည်ချက်ဆီသို့ လှမ်းကြည့်နေကြသည်။
“ငရဲဘိုးဘေး သေသွားပြီ။ ငရဲဘိုးဘေး သေသွားပြီ”
“သူတစ်ယောက်တည်း မဟုတ်ဘူး၊ စန်းရွှေမဟာအရှင်သခင်နဲ့ ဘိုးဘေးလုစန်းထျန်းတို့လည်း သေသွားပြီ၊ အဲဒီကောင်က မဟာအရှင်သခင်သုံးပါးလုံးကို တစ်ပြိုင်နက်တည်း သတ်ပစ်လိုက်တာ”
“ဘုရားရေ... သူက ဘယ်သူများလဲ”
“သီရိချောက်နက်ရဲ့ အုပ်စိုးသူ ပြောင်းလဲတော့မယ်”
ကျိုးရီသည် ငရဲဘိုးဘေးကို အပြည့်အဝ စုပ်ယူပြီးသွားသည့် အချိန်မှသာ လီရွှန်ကျိုး သတိပြန်ဝင်လာလေသည်။
သူသည် ကျိုးရီကို ဘီလူးတစ်ကောင်အား ကြည့်နေသကဲ့သို့ အနည်းငယ် ကတုန်ကယင်ဖြင့် စိုက်ကြည့်နေသည်။
သူတို့နှစ်ဦးလုံး၏ ကျင့်ကြံမှုမှာ တူညီနေသော်လည်း ကျိုးရီ၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ပမာ သေးငယ်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။
ဤခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလှပေသည်။
မည်သို့ပင်ဆိုစေ ထိုမဟာအရှင်သခင်သုံးပါးထဲမှ မည်သူမဆို သူ့ကို ဒဏ်ရာရအောင်လုပ်ပြီး လောကကြီးအနှံ့ လိုက်လံဖမ်းဆီးနိုင်စွမ်းရှိသော်လည်း သူ့ကို ချက်ချင်းသတ်ပစ်နိုင်စွမ်းတော့ မရှိချေ။
အနည်းဆုံးတော့ ယခုလောက် လွယ်လွယ်ကူကူ မသတ်နိုင်ပေ။
သို့သော် သူတို့အားလုံးမှာ ကျိုးရီ၏ အရှေ့တွင် တိုက်ကွက်အနည်းငယ်မျှဖြင့် သုတ်သင်ရှင်းလင်းခံလိုက်ရလေပြီ။
ဤကဲ့သို့သော ဖိနှိပ်လွှမ်းမိုးနိုင်မှုမှာ တကယ်ကို ယုံကြည်နိုင်စရာ မရှိလှပေ။ သူ့အမြင်များကို လုံးဝ ရိုက်ချိုးပစ်လိုက်သကဲ့သို့ပင်။
“ကျိုး... ကျိုးရီ... မင်းက တကယ်ပဲ မဟာအရှင်သခင်အဆင့် ကျင့်ကြံသူ ဟုတ်ရဲ့လား၊ ဒါမှမဟုတ် မဟာအရှင်သခင်အဆင့်ကို ကျော်လွန်ပြီး ပိုမိုအစွမ်းထက်တဲ့ အဆင့်ကို ရောက်နေပြီလား”
“ကျွန်တော် တကယ်ပဲ မဟာအရှင်သခင်အဆင့်မှာပါ”
ကျိုးရီ ဖုံးကွယ်မထားပေ။ လှည့်စားနေစရာ အကြောင်းလည်း မရှိချေ။
“ဒါပေမယ့်... ဒါပေမယ့် အရမ်း ကွာခြားလွန်းနေတယ် မဟုတ်လား၊ မဟာအရှင်သခင်ချင်အတူတူပဲကို တခြား မဟာအရှင်သခင်တွေကို ဘယ်လိုလုပ်ပြီး ချက်ချင်းသတ်ပစ်နိုင်ရတာလဲ”
“ဘာမှမထူးပါဘူး။ မွေးရာပါအဆင့်ထဲမှာလည်း အဆင့်တူ အချင်းချင်း သတ်ဖြတ်နိုင်တဲ့သူတွေ အများကြီးရှိတာပဲလေ၊ ကျွန်တော်လည်း မဟာအရှင်သခင်တစ်ပါး ဖြစ်နေမှတော့ မဟာအရှင်သခင် အနည်းငယ်လောက်ကို သတ်တာက ပုံမှန်ပဲ မဟုတ်ဘူးလား”
လီရွှန်ကျိုး၏ နှုတ်ခမ်းများ ပြင်းထန်စွာ တုန်ယင်သွားသည်။
‘ဒီနှစ်ခုကို နှိုင်းယှဉ်လို့ရလို့လားဟ’
‘သိုင်းပညာရှင်တစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့် ပိုမြင့်လေလေ၊ အသက်ရှင်သန်နိုင်မယ့် နည်းလမ်းတွေ ပိုများလေလေဖြစ်ပြီး သတ်ဖို့ ပိုခက်ခဲလေလေပဲ၊ အဆင့်တူဆိုရင်တောင်မှ ပြိုင်ဘက်ကို လွယ်လွယ်လေး သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး'
‘အလွန်ဆုံး အန္တရာယ်များတဲ့ အခြေအနေတစ်ခုကို ရောက်သွားအောင်ပဲ တွန်းအားပေးနိုင်တယ်
‘ကျိုးရီက ဒီလောကကြီးရဲ့ နိယာမတွေကို လုံးဝ ဆန့်ကျင်နေတာပဲ'
သူ၏ အံ့အားသင့်မှုများကို ကျိုးရီ စိတ်မဝင်စားပေ။
မဟာအရှင်သခင်သုံးပါး၏ မှတ်ဉာဏ်များနှင့် သိုလှောင်လက်စွပ်များကို ရရှိပြီးပြီဖြစ်ရာ သူ ဤနေရာတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့သဖြင့် နှုတ်ဆက်စကား ဆိုလိုက်လေသည်။
“ဂျူနီယာရဲ့ ကိစ္စတွေ ပြီးသွားပြီဆိုတော့ တာ့ချန်ကို အရင်ပြန်တော့မယ်။ နှုတ်ဆက်ပါတယ်”
သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လီရွှန်ကျိုး ရင်ထဲတွင် တုန်လှုပ်သွားသည်။ ကျိုးရီ ယခင်က ဤအကြောင်းကို ပြောခဲ့ဖူးသော်လည်း ထိုစဉ်က ကျိုးရီ နောက်ပြောင်နေသည်ဟုသာ သူ ထင်ခဲ့မိသည်။
ယခုမူ ကျိုးရီ အတည်ပြောနေသည်ဟု သူ ခံစားလိုက်ရ၏။
သူ ချက်ချင်း ပြောလိုက်လေသည်။
“ခဏလောက်နေဦး၊ မင်း... မင်း တာ့ချန် ကို ပြန်လို့ရတယ် ဟုတ်လား”
ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။
“ဘာဖြစ်လို့လဲ”
‘ကျစ်...’
လီရွှန်ကျိုး အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
သူ ချက်ချင်း ရှေ့တိုးသွားပြီး ပြောလိုက်သည်။
“ဒါဆိုရင် ငါ့ကို မင်းနဲ့အတူ ခေါ်သွားလို့ရမလား”
“မရဘူး”
ကျိုးရီ ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
“ဘာလို့လဲ”
လီရွှန်ကျိုး မှင်သက်သွား၏။
ထို့နောက် ကျိုးရီက ပြောလာသည်။
“ကျွန်တော်တို့က အဲဒီလောက် မရင်းနှီးသေးဘူးလေ၊ အစောက ကျွန်တော် မေးခဲ့တဲ့ သတင်းအချက်အလက်တွေအတွက် ခင်ဗျားကို လျော်ကြေးပေးပြီးသွားပြီဆိုတော့ ကျွန်တော်တို့ အချင်းချင်း ဘာအကြွေးမှ မတင်တော့ဘူး”
ကျိုးရီသည် အလုပ်ကိစ္စနှင့် ပုဂ္ဂိုလ်ရေးကိစ္စကို ရှင်းရှင်းလင်းလင်း ခွဲခြားထားသည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးမှာ မတော်တဆ သိကျွမ်းခဲ့သူများသာ။
အလွန်ဆုံး ဇာတိမြေ တစ်ခုတည်းက ဖြစ်နေသည်ဆိုသည့် သံယောဇဉ်တစ်ခု ရှိနေရုံမျှသာ။ ၎င်းမှာ သိပ်မလေးနက်လှပေ။
သူက လီရွှန်ကျိုး၏ အဖေ မဟုတ်ပေ။ သူ့ကို အလကား ကူညီပေးနေဖို့ရာ မဖြစ်နိုင်ချေ။
လီရွှန်ကျိုး အလျင်အမြန် ပြောလာသည်။
“ဒီနှစ်တွေတစ်လျှောက်လုံး ငါ စုဆောင်းထားခဲ့တဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ အားလုံးကို မင်းကို ပေးပါ့မယ်။ ငါ့ကို ခေါ်ထုတ်သွားပေးမလား”
‘ဒီနေရာမှာ နှစ်ပေါင်းများစွာ ပိတ်မိနေလို့ ငါ တကယ်ကို ရူးတော့မလိုဖြစ်နေပြီး'
‘အခု ရုတ်တရက် ဒီနေရာကနေ လွတ်မြောက်နိုင်မယ့် အခွင့်အရေးတစ်ခု ရလာတာဆိုတော့ ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးခံလို့ မဖြစ်ဘူး’
“ကျွန်တော့်မှာ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပေါတယ်၊ မလိုဘူး”
ကျိုးရီ တိုက်ရိုက်ပင် ခေါင်းခါပြလိုက်သည်။ ၎င်းမှာ သူ မလိုဆုံးသောအရာ ဖြစ်ပေသည်။
လီရွှန်ကျိုးမှာ ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်တစ်ကောင်ပမာ ရွစိထိုး၍ စိုးရိမ်ပူပန်နေတော့သည်။
အကယ်၍ ကျိုးရီသာ ထွက်သွားခဲ့လျှင် ဤမှောင်မိုက်သော ချောက်နက်ကြီးထဲမှ ဘယ်တော့မှ ထွက်သွားနိုင်တော့မည်မဟုတ်ပေ။
ခဏကြာ စိုးရိမ်ပူပန်ပြီးနောက် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား ရုတ်တရက် အံကြိတ်ကာ ပြောလာသည်။
“ငါ့ကိုယ်ငါ မင်းဆီရောင်းပါ့မယ်။ ငါက မဟာအရှင်သခင် တစ်ပါးပဲ။ မင်းနဲ့ယှဉ်ရင် ငါက အားနည်းပေမယ့် ငါက မဟာအရှင်သခင်တစ်ပါး ဖြစ်နေတုန်းပဲ မဟုတ်လား"
“ငါ့ကို ခေါ်ထုတ်သွားပေးပါ၊ မင်းအတွက် ဆယ်နှစ်လောက် ငါ့အသက်နဲ့လဲပြီး အလုပ်လုပ်ပေးပါ့မယ်၊ မင်း ဘာလုပ်ခိုင်းလုပ်ခိုင်း ငါလုပ်ပါ့မယ်”
ကျိုးရီကမူ အနည်းငယ်မျှ စိတ်ဝင်စားခြင်းမရှိချေ။
မဟာအရှင်သခင် အဆင့်ရှိသည့် လက်အောက်ငယ်သားတစ်ဦးကို ဆယ်နှစ်တိတိ အသုံးပြုခွင့်ရမည်ဆိုလျှင် အခြားသူများဆိုပါက အိပ်မက်ထဲမှာပင် ရယ်မောရင်း နိုးထလာမည်ဖြစ်သော်လည်း သူကမူ လောလောဆယ်တွင် တကယ်ကို ဂရုမစိုက်ပေ။
“အနှစ်နှစ်ဆယ်။ အနှစ်နှစ်ဆယ်ဆိုရင် လုံလောက်ပြီ မဟုတ်လား”
ကျိုးရီ စိတ်မဝင်စားသေးသည်ကို မြင်သောအခါ လီရွှန်ကျိုးမှာ ငိုတော့မလိုပင်ဖြစ်ကာ စိုးရိမ်ပူပန်နေတော့သည်။
“အနှစ်ငါးဆယ်။ အနှစ်ငါးဆယ်၊ မင်းအတွက် အနှစ်ငါးဆယ်တိတိ နွားတစ်ကောင်၊ မြင်းတစ်ကောင်လို ငါ အလုပ်လုပ်ပေးပါ့မယ်”
“အနှစ်တစ်ရာ၊ အနှစ်တစ်ရာ”
“ကောင်းပြီလေ”
မဟာအရှင်သခင်အဆင့်ရှိသည့် လက်အောက်ငယ်သားတစ်ဦးကို အနှစ်တစ်ရာတိတိ အသုံးပြုခွင့်ရမည်ဆိုလျှင် အသေးစားကိစ္စရပ်များ ဖြေရှင်းရန်အတွက် အသုံးဝင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ နေရာတိုင်းကို သူကိုယ်တိုင် သွားရောက်၍ မရနိုင်ပေ။
မဟာအရှင်သခင်တစ်ပါးသည် လောကတွင် အတော်လေး အစွမ်းထက်သည်ဟု သတ်မှတ်ခံထားရပေသည်။
လက်ရှိတွင် သူ့ထံ၌ ဤအဆင့်ရှိ လက်အောက်ငယ်သား မရှိသေးရာ တစ်ယောက်လောက် အသုံးပြုနိုင်လျှင် ပိုကောင်းပေမည်။
လီရွှန်ကျိုး နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရသည်။
“ကျိုးရီ... အို မဟုတ်ဘူး၊ အရှင်ကျိုး... ကျေးဇူးတင်ပါတယ်”
လွတ်လပ်ခွင့်အတွက် အနှစ်တစ်ရာ ကျေးကျွန်အဖြစ် အလုပ်အကျွေးပြုရပေမည်။
‘ဒါက တန်ပါတယ်လေ'
“ရပါတယ်”
ကျိုးရီသည် လီရွှန်ကျိုး၏ ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ အပေါ်သို့ ပျံတက်သွားသည်။
အတားအဆီးသို့ ရောက်ရှိသောအခါ သဏ္ဌာန်မဲ့ကျင့်စဉ်ကို အသုံးပြု၍ လီရွှန်ကျိုးအား တိုက်ရိုက် ခေါ်ထုတ်သွားလေသည်။
ဤအခိုက်အတန့်တွင် အပြင်ဘက်၌ နေထွက်လာပြီဖြစ်သည်။
အရှေ့ဘက် ကောင်းကင်ယံမှာ ရွှေရောင်လွှမ်းနေပြီး ကောင်းကင်တစ်ဝက်ကျော်ကို ရွှေဝါရောင်အဖြစ် ဆေးခြယ်ထားပေသည်။
နေမင်းကြီးကို မြင်လိုက်ရသောအခါ လီရွှန်ကျိုး စိတ်လှုပ်ရှားကာ တုန်ရီနေပြီး သူ့မျက်လုံးများမှာလည်း နီရဲလာခဲ့သည်။
“ငါ ထွက်လာနိုင်ပြီ။ ဟားဟားဟား၊ ငါ ထွက်လာနိုင်ပြီ။ နောက်ဆုံးတော့ ငါ ထွက်လာနိုင်ခဲ့ပြီ။ ဝါး...”
စကားပြောရင်းနှင့်ပင် လီရွှန်ကျိုး စတင် ငိုကြွေးတော့သည်။
သူ့ခံစားချက်ကို ကျိုးရီ ကောင်းကောင်းကြီး နားလည်ပေသည်။
သီရိချောက်နက်သည် မှောင်မိုက်သော အကျဉ်းထောင်တစ်ခုနှင့် တူညီပြီး ၎င်းအတွင်းသို့ ရောက်ရှိသွားသည်နှင့် ကျိန်စာသင့်သကဲ့သို့ ဖြစ်သွားကာ လွတ်မြောက်ရန် မဖြစ်နိုင်သလောက်ပင်။
ယခု ရုတ်တရက် လွတ်လပ်ခွင့် ရသွားပြီဖြစ်၏။ သံကြိုးများ ဖြုတ်ချခံလိုက်ရပြီး အပြည့်အဝ လန်းဆန်းသွားသည့် ခံစားချက်မျိုးကို မည်သူမျှ မတွန်းလှန်နိုင်ကြချေ။
မဟာအရှင်သခင်တစ်ပါးလည်း ထူးမခြားနားပင်။
ခဏကြာ ငိုကြွေးပြီးနောက် လီရွှန်ကျိုး နောက်ဆုံးတွင် သတိပြန်လည်လာခဲ့သည်။
သူ့မျက်ဝန်းထောင့်များမှ မျက်ရည်များကို သုတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလာသည်။
“အရှင်ကျိုး... အရှင့်ရှေ့မှာ အရူးတစ်ယောက်လို ဖြစ်သွားတယ်”
ကျိုးရီ ပခုံးတွန့်ပြလိုက်သည်။
“လူ့သဘာဝပါပဲ”
လီရွှန်ကျိုးသည် ကျိုးရီကို ပို၍ လေးစားလာခဲ့သည်။
ကျိုးရီ၏ တည်ငြိမ်မှုမှာ သူ စိတ်ကူးယဉ်နိုင်စွမ်းထက် များစွာ သာလွန်နေပြီး တကယ်ကို ထူးခြားပြောင်မြောက်လှပေသည်။
“ဒါဆို ငါတို့ အခု...”
“တာ့ချန်ကို ပြန်မယ်”
“ကောင်းပါပြီ”
ကျိုးရီ ခြေတစ်လှမ်း လှမ်းလိုက်ရာ မိုင်ထောင်ပေါင်းများစွာ ဖြတ်ကျော်သွားခဲ့သည်။
လီရွှန်ကျိုး အံ့အားသင့်စွာဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
“ဘယ်လောက်တောင်မြန်တဲ့ အရှိန်လဲ”
ထိုအရာကို သတိပြုမိသွားသောအခါ သူ နောက်မှ အလျင်အမြန် လိုက်ပါသွားတော့သည်။
“အရှင်ကျိုး... ကျွန်တော့်ကို စောင့်ပါဦး၊ ကျွန်တော်က အရှင့်လောက်မမြန်ဘူး”
ကျိုးရီ အနည်းငယ် အရှိန်လျှော့လိုက်သော်လည်း သူတို့နှစ်ဦးလုံးမှာ ခြေတစ်လှမ်းလျှင် မိုင်တစ်ထောင်ခန့် ဖြတ်ကျော်နိုင်သည့် အဆင့်တွင် ရှိနေဆဲဖြစ်၏။
လီရွှန်ကျိုး အောက်သို့ လှမ်းကြည့်လိုက်မိသည်။
“ဟင်။ အဲဒါ သွေးဖီးနစ်နတ်ဘုရားနန်းတော် မဟုတ်ဘူးလား။ ဘာလို့ ကောင်းကင်နတ်ဘုရားနန်းတော်ရဲ့ အလံကို အဲဒီမှာ စိုက်ထားရတာလဲ၊ သွေးဖီးနစ်နတ်ဘုရားနန်းတော် ပျက်စီးသွားပြီလား”
ကျိုးရီ သူ့ကို ရှင်းပြနေရန် စိတ်မဝင်စားသဖြင့် ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။
“စိတ်ကို စူးစိုက်ပြီး လေရဲ့စွမ်းအားကို အသုံးပြုကြည့်ပါ၊ အောက်ဘက်က အသံတွေကို ခင်ဗျား ကြားရလိမ့်မယ်”
လီရွှန်ကျိုး၏ မျက်နှာအမူအရာ တည်ကြည်သွားပြီး ၎င်းမှာ နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်ကြောင်း သိလိုက်သည်။
ချက်ချင်းပင် သေချာ အာရုံစိုက် နားထောင်လိုက်ရာ များမကြာမီ အောက်ဘက်မှ သတင်းများကို သိရှိသွားတော့သည်။
“သွေးဖီးနစ်နတ်ဘုရားနန်းတော်က တကယ်ကို ကံဆိုးတာပဲ။ သူတို့က ကောင်းကင်နတ်ဘုရားနန်းတော်ကို ဖျက်ဆီးဖို့ လုပ်နေတာ”
“ဒါပေမယ့် ဘယ်သူကများ ထင်ထားမှာလဲ၊ သူတို့ရဲ့ အုပ်စုဖွဲ့တိုက်တဲ့နည်းလမ်းကို ကောင်းကင်နတ်ဘုရားနန်းတော်ဘက်က ကောင်းကင်နဲ့မြေကြီးထာဝရအသက်ဆိုတဲ့ တိုက်ကွက်နဲ့ ပြန်တိုက်လိုက်လို့ အများစု သုတ်သင်ခံလိုက်ရတယ်”
“ဒီပုံစံ ‘ပထမဆုံးတိုက်ပွဲက အဆုံးအဖြတ်တိုက်ပွဲပဲ’ လို့ အော်လေ့ရှိတဲ့ ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ နည်းနည်း ဆင်တူနေတယ်”
“အရာရာကို ကျောခိုင်းပြီးတိုက်ရမယ်ဆိုတာ လူတိုင်း သိကြပေမယ့် သမိုင်းကို ပြန်ကြည့်ရင် တကယ်တမ်း အဲဒါကို ကောင်းကောင်းအသုံးချနိုင်တဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ”
“ခင်ဗျားက တခြားသူတွေကို ရယ်ရဲသေးတယ်ပေါ့၊ ခင်ဗျားတို့ လီမိသားစုရဲ့ တံခါးခေါက်ဧကရာဇ်ကလည်း သိပ်ပြီး မထူးပါဘူး”
လီရွှန်ကျိုး၏ မျက်နှာ ချက်ချင်းမည်းမှောင်သွားပြီး မုန်းတီးစွာဖြင့် အံကြိတ်ကာ ပြောလာသည်။
“တာ့ချန်ကို ပြန်ရောက်တာနဲ့ အဲဒီကောင်လေးရဲ့ အရိုးတွေကို ငါ သေချာပေါက် ပြန်တူးပြီး သူ့အလောင်းကို နာနာရိုက်ပစ်မယ်။ သူက ငါ့လီမိသားစုရဲ့ ဂုဏ်သတင်းကို လုံးဝ ဖျက်ဆီးပစ်လိုက်တာပဲ”
သို့သော် ခဏအကြာတွင် သူ အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။
“ဒီလူတွေ ပြောနေတာက သွေးဖီးနစ်နတ်ဘုရားနန်းတော်က လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ နှောင့်ယှက်မှုကြောင့် သူတို့ရဲ့ တပ်ဖွဲ့တွေကို ရုပ်သိမ်းလိုက်ရတာတဲ့”
“ဘယ်သူကများ ကောင်းကင်နတ်ဘုရားနန်းတော်ကို ရုတ်တရက် ဝင်ကူညီပေးမှာလဲ။ နေပါဦး...”
သူ ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ကျိုးရီကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။
“အရှင်ကျိုး... ဒါက အရှင်နဲ့များ ပတ်သက်နေမလား”