အခန်း ၈၀
Vol. 8 Ch. 80
အခန်း (၈၀) - မဟာနတ်ဆိုးကြီး ပေါ်ထွက်လာခြင်း၊ နတ်ဆိုးကပ်ဘေး
အချိန်များ လျင်မြန်စွာ ကုန်ဆုံးနေပြီး မျက်တောင်တစ်ခတ်အတွင်း နှစ်အနည်းငယ် ထပ်မံကြာမြင့်သွားခဲ့သည်။
“ကိတ်မုန့်တွေ... လတ်လတ်ဆတ်ဆတ် ကိတ်မုန့်တွေ”
“အီကြာကွေးကြော်... မြို့တော်က နှစ်တစ်ရာ သက်တမ်းရှိပြီဖြစ်တဲ့ ဘိုးဘွားပိုင် အီကြာကွေးကြော်။ လတ်လတ်ဆတ်ဆတ်နဲ့ ပူပူနွေးနွေးလေးနော်”
လမ်းပေါ်ရှိ သာမန် ဆိုင်ခန်းငယ်တစ်ခုအတွင်းသို့ လူငယ်သိုင်းပညာရှင်တစ်စု ဝင်ရောက်လာကြသည်။
အဝင်ဝတွင် သစ်သားဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားပြီး ၎င်းအပေါ်၌ ‘ကျိုး’ ဟူသော စာလုံးကြီးတစ်ခုကို ရေးသားထားသည်။
“ဦးလေးကျိုး... အကောင်းဆုံး ဝိညာဉ်အရက် နှစ်အိုးလောက်ပေးပါ”
“ရပါပြီ”
ဆံပင်နှင့် မုတ်ဆိတ်များ ဖြူစပြုလာပြီဖြစ်သော ကျိုးရီသည် သူတို့ကို ဝိညာဉ်အရက်နှစ်အိုး ချပေးလိုက်ပြီး ကောင်တာဆီသို့ ပြန်လျှောက်သွားသည်။
အဖုံးကို မဖွင့်ရသေးမီမှာပင် မှာယူခဲ့သော လူငယ်လေးက အရက်ကို စတင် ချီးမွမ်းတော့သည်။
“ညီအစ်ကိုတို့၊ ငါ ဝမ်ဝူက ကြွားတာ မဟုတ်ဘူးနော်။ မြို့တော်မှာ အကြီးဆုံးစားသောက်ဆိုင်လို့ ပြောရင်တော့ ဒီနေရာ မဟုတ်ဘူးပေါ့၊ ဒါပေမယ့် မြို့တော်မှာ အကောင်းဆုံးအရက်လို့ ပြောရင်တော့ ငါ့ဦးလေးကျိုးရဲ့ အရက်က သေချာပေါက် ပထမပဲ”
“ဒီဝိညာဉ်အရက်က မွှေးကြိုင်ပြီး အရမ်းပြင်းတယ်၊ သောက်လိုက်တာနဲ့ ပါးစပ်ထဲမှာ အေးမြသွားပြီး အစာအိမ်ထဲအထိကို နွေးထွေးသွားတာ၊ စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရနိုင်ဘူး”
စကားပြောရင်းနှင့်ပင် သူသည် အဖုံးဖွင့်ကာ လူတိုင်း၏ နှာခေါင်းရှေ့တွင် ဝှေ့ယမ်းပြလိုက်ရာ သူတို့အားလုံးမှာ မူးဝေသွားသည့် အမူအရာများ ဖြစ်ပေါ်သွားကြသည်။
“တကယ်ကို အရက်ကောင်းပဲ”
“ဟီးဟီး... ငါ ဘာပြောခဲ့လဲ။ ငါက ကလေးဘဝကတည်းက ဒီမြို့ထဲမှာ ကြီးပြင်းလာခဲ့တာ၊ အခုချီယန်ခွန်းဂိုဏ်းက တာ့ချန်မင်းဆက် ဖြစ်နေတုန်းက ငါ့အဖေ ဝမ်ဆန်းက တာ့ချန်မြို့တော်ရဲ့ ကောင်းကင်အကျဉ်းထောင် အကျဉ်းထောင်မှူးလေ”
“မယုံရင် ဦးလေးကျိုးကို မေးကြည့်။ ဟုတ်တယ်မလား ဦးလေးကျိုး၊ ကျွန်တော် လိမ်ပြောနေတာ မဟုတ်ဘူးမလား”
ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်”
ထိုစကားကို ကြားသောအခါ လူစုက သူ့ကို မြှောက်ပင့်စကားများ ပြောဆိုကြပြီး ကျိုးရီ၏ အတွေးများကမူ လွင့်မျောသွားတော့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူနှင့် လီရွှန်ကျိုးတို့ သီရိချောက်နက်မှ ပြန်ရောက်လာခဲ့ကြသည်။
လီရွှန်ကျိုးသည် သူ့မြေးဖြစ်သူ လီကျန်းဝမ်ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် တာ့ချန်တစ်ခုလုံး ဖျက်သိမ်းကြောင်း ကြေညာကာ ချီယန်ခွန်းဂိုဏ်းအဖြစ် အမည်ပြောင်းလဲခဲ့သည်။
တကယ်တော့ ဤအရာကလည်း ခေတ်ရေစီးကြောင်းနှင့်အညီ လိုက်ပါပြောင်းလဲခြင်းပင်။
ကောင်းကင်နတ်ဘုရားနန်းတော်သည် သွေးဖီးနစ်နတ်ဘုရားနန်းတော်ကို သိမ်းပိုက်လိုက်ပြီး ၎င်း၏ အင်အားမှာ ပိုမိုကြီးမားလာခဲ့သည်။
ကောင်းကင်နတ်ဘုရားနန်းတော်၏ လက်အောက်ရှိ အဓိက ဂိုဏ်းများအားလုံးသည် ပြိုင်ဆိုင်မှုများ ပြုလုပ်ကြပြီး ဩဇာလွှမ်းမိုးမှုများကို တည်ဆောက်နေကြသည်။
မင်းဆက်များသည် ခေတ်သစ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီမှုမရှိတော့ချေ၊ ၎င်းတို့မှာ ရှုပ်ထွေးလွန်းလှသည်။
သာမန်ပြည်သူများသည် အင်အားစုတစ်ခုအတွက် မည်သည့်အကူအညီမျှ မပေးနိုင်သည့်အပြင် ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်နေကြသည်။
ချီယန်ခွန်းဂိုဏ်းအဖြစ် ပြောင်းလဲပြီးနောက် လောကအနှံ့မှ အထူးချွန်ဆုံး ပါရမီရှင်များကိုသာ စုဆောင်းကာ ကျင့်ကြံမှုအပေါ်တွင်သာ အာရုံစိုက်စေခဲ့သည်။
၎င်းက ချီယန်ခွန်းဂိုဏ်းကို လမ်းကြောင်းမှန်ပေါ်သို့ ရောက်သွားစေခဲ့ပြီး ယခင်က ထျန်းကျီဂိုဏ်းကို ကျော်လွန်ကာ ကောင်းကင်နတ်ဘုရားနန်းတော်၏ လက်အောက်ရှိ ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခုအဖြစ်သို့ ခုန်ပျံကျော်လွှား ရောက်ရှိသွားစေခဲ့သည်။
၎င်းမှာ ရုတ်တရက် ထင်ပေါ်ကျော်ကြားလာခြင်းဖြစ်ပြီး လီမိသားစုအတွက် ဒုတိယအကြိမ် ဘဝသစ်တစ်ခု ရရှိသွားခဲ့ခြင်းပင်။
သေချာသည်မှာ မဟာအရှင်သခင် လီရွှန်ကျိုးသည်လည်း နောက်ကွယ်မှ ပံ့ပိုးပေးခဲ့သည်။
အကယ်၍ သူသာ ချီယန်ခွန်းဂိုဏ်းသို့ တိုက်ရိုက်ဝင်ရောက်ခဲ့ပါက ၎င်းသည် ချီယန်ခွန်း နတ်ဘုရားနန်းတော်ပင် ဖြစ်သွားနိုင်ပေသည်။
သို့သော် လီရွှန်ကျိုး ထိုသို့ မလုပ်ဆောင်ခဲ့ပေ။
သီရိချောက်နက်တွင် အနှစ်တစ်ရာတိတိ ပိတ်မိနေခဲ့ရသဖြင့် သူသည် ဂုဏ်သတင်း၊ ချမ်းသာကြွယ်ဝမှုနှင့် အာဏာပြိုင်ဆိုင်မှုများအပေါ်တွင် စိတ်ဝင်စားမှု ကင်းမဲ့နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်
ထို့ကြောင့် သူသည် ကျင်းဧကရာဇ်ကို အနည်းငယ် လမ်းညွှန်ပေးပြီးနောက် ခရီးထွက်ရန် ထွက်ခွာသွားခဲ့၏။
ကျိုးရီကို လာရောက်တွေ့ဆုံရန်နှင့် ကောင်းကင်နတ်ဘုရားနန်းတော်၏ ဩဇာလွှမ်းမိုးမှုနယ်ပယ် ပြင်ပမှ ကိစ္စရပ်များကို ပြောပြရန်အတွက်သာ တစ်ခါတစ်ရံ ပြန်လာလေ့ရှိသည်။
ကောင်းကင်အကျဉ်းထောင် မရှိတော့သဖြင့် ကျိုးရီမှာလည်း ထိုနေရာသို့ ပြန်သွား၍ မရနိုင်တော့ချေ။
ထို့ကြောင့် သူသည် လမ်းပေါ်တွင် ဆိုင်ခန်းတစ်ခု ဖွင့်လှစ်လိုက်ပြီး ဘဝအကြောင်းကို တိတ်တဆိတ် ဆင်ခြင်တွေးတောကာ နယ်မြေနတ်ဘုရားအဆင့်သို့ တက်လှမ်းရန်သာ အာရုံစိုက်နေတော့သည်။
“ဟေး... မင်းတို့ ကြားပြီးကြပြီလား၊ တောင်ပိုင်းက နတ်ဘုရားဓားဂိုဏ်းမှာ နတ်ဆိုးကပ်ဘေးတစ်ခု ဖြစ်ပွားခဲ့ပြီး မြို့အတော်များများ သုတ်သင်ခံလိုက်ရတယ်တဲ့၊ သန်းနဲ့ချီတဲ့ သာမန်ပြည်သူတွေ သေဆုံးသွားကြတယ်”
“ငါလည်း ကြားတယ်။ အခု တောင်ပိုင်းမှာ ငြိမ်းချမ်းမှု မရှိဘူး၊ တောင်ဘက်နယ်စပ်က မရေမတွက်နိုင်တဲ့ တောင်တန်းတွေထဲမှာ နတ်ဆိုးတွေအများကြီး ပုန်းအောင်းနေကြတယ်”
“မင်းတို့က သေချာမသိကြဘူး မဟုတ်လား။ ငါကြားတာကတော့ အရင်ကတည်းက ငါတို့ လောကမှာ လူသားမျိုးနွယ်နဲ့ နတ်ဆိုးတွေက အတူတူ ရှိနေခဲ့ကြပြီး နတ်ဆိုးတွေကတောင် နည်းနည်း ပိုပြီးအသာစီးရခဲ့ကြတယ်တဲ့”
“ဒါပေမယ့် အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ လူသားမျိုးနွယ်က မဟာတာအို နည်းလမ်းမျိုးစုံကို သင်ယူလာနိုင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ နတ်ဆိုးတွေကို အနိုင်ယူရင်း မောင်းထုတ်နိုင်ခဲ့ကြတယ်၊ တောင်ဘက်နယ်စပ်က နတ်ဆိုးတွေ ထွက်ပြေးသွားတဲ့ နေရာတွေထဲက တစ်ခုပဲ”
“အဲဒီက နတ်ဆိုးအများစုက ရှေးခေတ်တုန်းက အရမ်းကြောက်ဖို့ကောင်းခဲ့တာ”
“ကျစ်... အဲဒီလောက်တောင် အစွမ်းထက်တယ်လား”
မဟာအရှင်သခင်သုံးပါး၏ မှတ်ဉာဏ်များမှတစ်ဆင့် ဤပြဿနာ တကယ်ရှိခဲ့ဖူးကြောင်း၊ ရှေးခေတ်ကာလမှ ယနေ့တိုင်အောင် လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်ကြောင်း ကျိုးရီ သိလိုက်သည်။
လူသားများနှင့် နတ်ဆိုးများကြားတွင် ဖြေရှင်း၍မရနိုင်သော ပဋိပက္ခများ ရှိနေကြသည်။
ယခုအခါတွင် နတ်ဆိုးများနှင့် လူသားများက တိုက်ပွဲ ရပ်စဲထားကြသော်လည်း လက်တွေ့တွင် ထိုနတ်ဆိုးများ၏ သွေးမျိုးဆက်စွမ်းအားများမှာ အလွန်အားနည်းနေခြင်းကြောင့်သာ။
တစ်ချိန်တည်းမှာပင် ရှေးဟောင်း မဟာနတ်ဆိုးများစွာမှာ ချိတ်ပိတ်ခံထားရ၏။
အချို့မှာမူ သွေးမျိုးဆက်စွမ်းအားများကို ဖုံးကွယ်ထားကြသည်။
နှစ်တစ်ထောင်ကြာတိုင်း ကောင်းကင်နှင့်မြေကြီးကြားရှိ အငွေ့အသက်များသည် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လေ့ရှိသည်။
ထိုအပြောင်းအလဲ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အချိန်တိုအတွင်းမှာပင် နတ်ဆိုးများက အလျင်အမြန် အားကောင်းလာတော့သည်။
ထိုအခါ မဟာနတ်ဆိုးကြီးများသည် အတားအဆီးများကို ချိုးဖျက်လာနိုင်ကြပြီး သူတို့၏ မျိုးဆက်များမှာမူ သွေးမျိုးဆက်စွမ်းအားများ နိုးထလာကြသည်။
သူတို့သည် စွမ်းအားကြီးမားလွန်းသဖြင့် သာမန် နတ်ဆိုးများကို လွှမ်းမိုးနိုင်ပြီး တိုက်ခိုက်ရန် ခိုင်းစေနိုင်ပေသည်ယ
ဤအခြေအနေကို နတ်ဆိုးကပ်ဘေးဟု ခေါ်ဆိုသည်။
အချိန်ကို တွက်ချက်ကြည့်လျှင် နောက်ဆုံးအကြိမ် နတ်ဆိုးကပ်ဘေး ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ကိုးရာကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
နှစ်တစ်ထောင်ပြည့်ရန် နီးကပ်နေလေပြီ။
သူ အတွေးများနေချိန်မှာပင် ဆိုင်အတွင်းသို့ လူအချို့ ဝင်လာကြသည်။
“အကြီးအကဲကျောက်... ဒီဆိုင်လေးထဲက အရက်က တကယ်ကို စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်လောက်အောင် ကောင်းတာ၊ ခင်ဗျား သေချာပေါက် မြည်းစမ်းကြည့်သင့်တယ်၊ ခင်ဗျားကို လုံးဝ စိတ်ပျက်စေမှာ မဟုတ်ဘူး”
“မင်းတို့က ဒီအဘိုးကြီးကို ဒီအထိ ဆွဲခေါ်လာတာ၊ အခု ကြိုပြောထားမယ်နော်၊ အရသာမရှိရင် မင်းတို့ဆွေမျိုးတစ်သိုက်လုံးကို ငါဆဲမှာ၊ အဲဒီအချိန်ကျမှ လာအပြစ်မတင်နဲ့”
ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ ကျိုးရီ၏ အတွေးများ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဝင်လာသူကို ကြည့်လိုက်မိပြီး ဝင်လာသူကလည်း သူ့ကို မြင်လိုက်သည်။
“အဘိုးကြီးကျောက်”
“ညီလေးကျိုး”
နှစ်ဦးလုံး မှင်သက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဝင်လာသူမှာ အခြားသူမဟုတ်ဘဲ စစ်သူကြီးကျောက် ဖြစ်နေသောကြောင့်ပင်။
လွန်ခဲ့သော နှစ်အနည်းငယ်က ကောင်းကင်နတ်ဘုရားနန်းတော်နှင့် သွေးဖီးနစ်နတ်ဘုရားနန်းတော်တို့ စစ်ပွဲဖြစ်ပွားခဲ့စဉ် စစ်သူကြီးကျောက်မှာ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။
ထိုအချိန်မှစ၍ သူ့အကြောင်း သတင်းအစအန နည်းနည်းလေးမျှ မရရှိခဲ့ချေ။
ကျိုးရီသည် ကောင်းကင်လျှို့ဝှက်ချက်ပေတံကို အသုံးပြု၍ စစ်ဆေးကြည့်ခဲ့ရာ သူ မသေသေးကြောင်း သိရသဖြင့် ဆက်လက် မရှာဖွေတော့ချေ။
ယနေ့ သူ့ဆိုင်ထဲတွင် ပြန်တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“ဘုရားရေ... ချီယန်ခွန်းဂိုဏ်းမှာ မင်းကို ဘာလို့ ရှာမတွေ့တာလဲလို့ ငါ တွေးခဲ့တာ။ ဒီနေရာမှာ ပုန်းအောင်းပြီး စားသောက်ဆိုင်လေး ဖွင့်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
“မတွေ့တာကြာပြီပဲ၊ နေကောင်းရဲ့လား”
“ကောင်းပါတယ်... ကောင်းပါတယ်၊ ငါ အကောင်းကြီးရှိသေးပါတယ်ကွ”
စစ်သူကြီးကျောက်၏ ဘေးရှိ လူက ပြုံးကာ ပြောလာသည်။
“အကြီးအကဲကျောက်... ခင်ဗျားတို့က အချင်းချင်း သိနေကြတာလား”
“သိရုံတင်မကဘူး၊ ငါတို့က မိတ်ဆွေဟောင်းတွေပါ။ အကြီးအကဲလျူ... ဒီနေ့ ငါ့ရဲ့ မိတ်ဆွေဟောင်းနဲ့ စကားစမြည်ပြောချင်လို့ ခင်ဗျားတို့ အရင်ပြန်နှင့်ကြပါ၊ နောက်ရက်ကျမှ ခင်ဗျားတို့ အားလုံးကို ငါ ဧည့်ခံကျွေးမွေးပါ့မယ်”
“ဒါဆိုရင်လည်း ကျွန်တော်တို့ အနှောင့်အယှက် မပေးတော့ပါဘူး။ အကြီးအကဲကျောက်... တစ်ခုခု လိုအပ်ရင် လှမ်းသာခေါ်လိုက်ပါ၊ လိုအပ်တဲ့အချိန်တိုင်း ကျွန်တော်တို့ လာခဲ့ပါ့မယ်”
လူတိုင်း နှုတ်ဆက်ထွက်ခွာသွားကြသည်။ စစ်သူကြီးကျောက်က ကောင်တာဆီသို့ လျှောက်လာပြီး ကျိုးရီ၏ ရင်ဘတ်ကို ဖွဖွလေး တစ်ချက်ထိုးလိုက်သည်။
“ကောင်လေး... ငါ မင်းကို လိုက်ရှာပြီး ကျေးဇူးတင်စကားပြောချင်နေခဲ့တာ၊ ငါ့အတွက် ဒီလောက်ကောင်းတဲ့ မြေးသမက်တစ်ယောက် ရှာပေးခဲ့လို့ မင်းကို ကျေးဇူးတင်ရမှာပဲ”
“ယန်ကျန်း ဆိုတဲ့ ကောင်လေးက တကယ်ကို ထူးခြားပြောင်မြောက်ပြီး ပါရမီထူးတယ်၊ အခုဆို သူက သိုင်းသူတော်စင်တောင် ဖြစ်နေပြီ”
“သူက နတ်ဘုရားဓားဂိုဏ်းကို တည်ထောင်ခဲ့ပြီး ငါ့ရဲ့ ကျောက်မိသားစုကလည်း သူနဲ့အတူ အကျိုးကျေးဇူးတွေ ခံစားနေရတယ်၊ ပြီးခဲ့တဲ့နှစ်က သူက ငါ့ကို သိုင်းသူတော်စင်အဆင့်ရောက်အောင် ကူညီပေးခဲ့သေးတယ်”
“ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်”
“ကောင်လေး... မင်း နောင်တရနေပြီလား၊ အဲဒီတုန်းက ငါ့မြေးမလေးတွေထဲက တစ်ယောက်ယောက်ကိုသာ မင်း လက်ထပ်ခဲ့ရင် အခုဆို မင်းမှာ သိုင်းသူတော်စင် ယောက်ဖတစ်ယောက်နဲ့ သိုင်းသူတော်စင် အဘိုးတစ်ယောက် ရှိနေပြီလေ”
စစ်သူကြီးကျောက်၏ မျက်နှာပေါ်တွင် မောက်မာသော အပြုံးတစ်ခု ပေါ်လာသည်။
ကျိုးရီကမူ ပြုံးရုံသာ ပြုံးပြပြီး ဘာမှ ပြန်မပြောခဲ့ပေ။
“အရက်တစ်ခွက်လောက် သောက်ကြမလား”
“သောက်မှာပေါ့၊ မင်းရဲ့ ဝိညာဉ်အရက်ကို ငါ တောင့်တနေတာ ကြာပြီ။ တခြားဝိညာဉ်အရက်တွေက မင်းလောက် မကောင်းဘူး၊ ထူးဆန်းတယ်နော်၊ ဒီဟာကို ချက်ဖို့ မင်း ဘာတွေများ အသုံးပြုထားတာလဲ”
“သောက်သာ သောက်စမ်းပါဗျာ”
ကျိုးရီ ခွက်နှစ်ခွက် ငဲ့ပေးလိုက်ရာ သူတို့နှစ်ဦးလုံး တစ်ငုံတည်းဖြင့် မော့သောက်လိုက်ပြီး လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
“အရသာရှိလိုက်တာ။ ဒါက တကယ်ကို လူ့လောကမှာ အကောင်းဆုံးအရက်ပဲ”
စစ်သူကြီးကျောက်က စိတ်ခံစားမှု အပြည့်ဖြင့် သက်ပြင်းချလိုက်ပြီးနောက် ပြောလာသည်။
“မင်းရဲ့ ဆိုင်ခန်းကို နတ်ဘုရားဓားဂိုဏ်းရဲ့ နယ်မြေထဲ ပြောင်းလာသင့်တယ်လို့ ငါထင်တယ်၊ ငါက မင်းကို ကာကွယ်ပေးထားမှာဆိုတော့ ဘယ်သူမှ မင်းကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး”
“ဒါ့အပြင် အဲဒီမှာဆို မင်း အေးဆေးကျင့်ကြံနိုင်မှာ သေချာတယ်၊ အကယ်လို့ နောင်တစ်ချိန်ချိန်မှာ မင်း သိုင်းသူတော်စင်အဆင့်ကို ရောက်သွားရင် မင်းရဲ့ သက်တမ်းက နှစ်ရာချီပြီး ရှည်လာနိုင်တယ်”
“တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်တော် မကြာသေးခင်ကမှ သိုင်းသူတော်စင်အဆင့်ကို ကျော်ဖြတ်ဝင်ရောက်ပြီးသွားပြီ”
စစ်သူကြီးကျောက်: “… …”
လေထုတစ်ခုလုံး သေခြင်းတရား ဖုံးလွှမ်းသွားသည့်အလား တိတ်ဆိတ်သွားသည်။
အချိန်အတော်ကြာမှ စစ်သူကြီးကျောက် စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ပြောလာသည်။
“မဟုတ်ဘူး၊ ငါပြောချင်တာက မင်းက ဘယ်လိုကျင့်ကြံနေတာလဲ၊ မင်း ကျင့်ကြံနေတာကို ငါ တစ်ခါမှမတွေ့ဖူးဘူး၊ ဒါပေမယ့် မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုလုပ်ပြီး တဟုန်ထိုး တက်လာနေရတာလဲ”
“ငါတို့ ပထမဆုံးတွေ့တုန်းက မင်းက မွေးရာပါအဆင့် သာမန် ကျင့်ကြံသူလေး တစ်ယောက်ပဲ ရှိသေးတာ၊ အခု ငါက သိုင်းသူတော်စင် ဖြစ်လာတော့ မင်းကလည်း သိုင်းသူတော်စင် ဖြစ်နေပြီတဲ့လား”
“ကျွန်တော်လည်းမသိဘူး၊ ကံကောင်းလို့ နေမှာပေါ့”
“ကံကောင်းတာသက်သက်နဲ့တော့ ဒီလောက်အထိ ရောက်မလာနိုင်ပါဘူး၊ မင်းက နတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်များ ဖြစ်နေမလားပဲ”
ကျိုးရီ ပြုံးလိုက်ပြီး စကားလွှဲလိုက်သည်။
“ဒါနဲ့ ခင်ဗျားက နတ်ဘုရားဓားဂိုဏ်းမှာ အဆင်ပြေနေတာပဲကို ဘာလို့ ချီယန်ခွန်းဂိုဏ်းကို ရုတ်တရက် ရောက်လာရတာလဲ”
ဤနေရာသို့ ရောက်သောအခါ စစ်သူကြီးကျောက် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ၊ သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်း အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“ပြောရရင်တော့ ဇာတ်လမ်းက အရှည်ကြီးပဲ၊ မကြာမီက ဘာအကြောင်းကြောင့်မှန်း မသိ၊ နတ်ဘုရားဓားဂိုဏ်းရဲ့ နယ်မြေထဲမှာ နတ်ဆိုးတွေပေါ်လာပြီး လူတွေကို သတ်ဖြတ်နေကြတယ်၊ ပြီးတော့ သူတို့က မြို့တစ်မြို့လုံးကို တိုက်ရိုက်သတ်ဖြတ်ပစ်ကြတာ”
“ယန်ကျန်းနဲ့ ငါ အပြင်ထွက်ပြီး အကြိမ်ကြိမ်ရှာပေမယ့် မတွေ့ခဲ့ဘူး၊ အဲဒါကြောင့်မလို့ ချီယန်ခွန်းဂိုဏ်းဆီကနေ အကူအညီတောင်းဖို့ လာခဲ့တာ”
ကောင်းကင်နတ်ဘုရားနန်းတော်၏ လက်အောက်ရှိ ဂိုဏ်းများကိုလည်း အဆင့်အမျိုးမျိုး ခွဲခြားထားသည်။
ချီယန်ခွန်းဂိုဏ်းမှာ ပထမတန်းစား ဂိုဏ်းတစ်ခုဖြစ်ပြီး နတ်ဘုရားဓားဂိုဏ်းမှာ တတိယတန်းစား ဂိုဏ်းတစ်ခု ဖြစ်သည်။
ကောင်းကင်နတ်ဘုရားနန်းတော်၏ စည်းမျဉ်းများအရ အဆင့်နိမ့်ဂိုဏ်းများသည် အဆင့်မြင့်ဂိုဏ်းများထံမှ အကူအညီ တောင်းခံနိုင်ပြီး အဆင့်မြင့်ဂိုဏ်းများအနေဖြင့်လည်း ငြင်းပယ်ခွင့် မရှိပေ။
သို့သော် သူတို့သည် အကျိုးအမြတ်အချို့ကို ပြန်လည် ရရှိမည်ဖြစ်သည်။
ချီယန်ခွန်းဂိုဏ်းသည် နတ်ဘုရားဓားဂိုဏ်းနှင့် အနီးဆုံး ပထမတန်းစား ဂိုဏ်းတစ်ခုဖြစ်ရာ သူတို့ ဤနေရာသို့ လာရောက်ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။
“ခင်ဗျားတို့ နတ်ဘုရားဓားဂိုဏ်းရဲ့ နယ်မြေမှာ မဟာနတ်ဆိုးကြီးတစ်ကောင် ပေါ်လာတယ်ဆိုပြီး ခုလေးတင် ဖောက်သည်တချို့ ပြောနေတာ ကြားလိုက်တယ်၊ တကယ်ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး”
“ပြောမနေပါနဲ့တော့၊ ဒီကိစ္စကြောင့် ငါ ခေါင်းပူနေတာ၊ ယန်ကျန်းဆိုရင် ဆံပင်တွေတောင် တော်တော်ဖြူသွားပြီ”
ကျိုးရီသည် အရက်ခွက်ကို ဖွဖွလေး ပွတ်သပ်နေပြီး သူ့မျက်နှာမှာ ခန့်မှန်းရခက်နေသည်။
ယန်ကျန်း ကြီးပြင်းလာသည်ကို သူ စောင့်ကြည့်လာခဲ့ရသည်။
ထိုကောင်လေးသည် သူ့ဖခင်ထံမှ သူရဲကောင်းဆန်သော နှလုံးသားကို အမွေရရှိထားခဲ့သည်။
သူက လူကောင်းတစ်ယောက်ပင်။ သို့သော် ကံမကောင်းစွာဖြင့် ဤလောကကြီးတွင် လူကောင်းတစ်ယောက် ဖြစ်ရုံသက်သက်ဖြင့် ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ရန် မလုံလောက်ပေ။
တစ်ခါတစ်ရံတွင် အနည်းငယ် ပို၍ ရက်စက်ကြမ်းကြုတ်ခြင်းကသာ ရှေ့ဆက်နိုင်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပေသည်။
နတ်ဆိုးကပ်ဘေးက နီးကပ်လာပြီဖြစ်သည်။ သဘာဝဘေးအန္တရာယ်များနှင့် နတ်ဆိုးဘေးအန္တရာယ်များကို သာမန်လူသားများ၏ စွမ်းအားဖြင့် တွန်းလှန်နိုင်စွမ်း မရှိချေ။
အကယ်၍ ယန်ကျန်းသာ သူ၏ မဖြစ်စလောက် ခွန်အားလေးဖြင့် မဟာနတ်ဆိုးကြီးကို တိုက်ခိုက်ရန် ကြိုးစားမည်ဆိုပါက သူ့ဘ၀ နီဂုံးချုပ်သွားပေလိမ့်မည်။
“တကယ်တော့ ယန်ကျန်းရဲ့ ပါရမီနဲ့ဆိုရင် ကောင်းကင်နတ်ဘုရားနန်းတော်ကို သွားပြီး ကျင့်ကြံတာက ပိုပြီး တိုးတက်နိုင်လောက်တယ်”
“ယန်ကျန်းကို ငါလည်း အဲဒီလို ပြောခဲ့ဖူးပါတယ်၊ ဒါပေမယ့် သူက မိသားစုကို ခွဲမသွားရက်ဘူးလေ၊ ပြီးတော့ ဂိုဏ်းတည်ထောက်တုန်းက သူ့ဘေးမှာ ရပ်တည်ပြီး အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့ ညီအစ်ကိုတွေကိုလည်း သူ ထားမသွားရက်ဘူး”
“နတ်ဘုရားဓားဂိုဏ်းကို တည်ထောင်ဖို့ သူ အရမ်းကြိုးစားခဲ့ရတာ၊ သူ ကောင်းကင်နတ်ဘုရားနန်းတော်ကို သွားလို့ရပေမယ့် သူ မရှိရင် နတ်ဘုရားဓားဂိုဏ်းက မကြာခင်မှာ တခြားဂိုဏ်းတွေရဲ့ ၀ါးမျိုတာကို ခံရလိမ့်မယ်"
“မင်းသိထားရမှာက ဒီလောကကြီးမှာ လူတွေကို ဝါးမျိုတာ နတ်ဆိုးတွေချည်းပဲ မဟုတ်ဘူး၊ တစ်ခါတစ်လေမှာ လူသားတွေက ပိုပြီးတောင် ကြောက်စရာကောင်းသေးတယ်”
ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။
“ဒါနဲ့ ချီယန်ခွန်းဂိုဏ်းက ဘာပြောလိုက်လဲ”
“သိပ်မလွယ်ဘူး”
စစ်သူကြီးကျောက် ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်တော့သည်။