← Chapters

နျူးငှက်

Vol. 6 Ch. 268

နျူးငှက်

Vol. 6 Ch. 268

ကျွီ...

အခန်းတံခါးက ညသန်းခေါင်းယံ တိတ်ဆိတ်ချိန်မှာ သာသာလေး ပွင့်သွားခဲ့တယ်။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့လူငယ်က အခန်းထဲကိုဝင်လာခဲ့ပြီး ကုတင်နဲ့ပေအနည်းငယ်အကွာမှာ ရပ်ကာ ဒူးထောက်ထိုင်ချလိုက်တယ်။

သူ့ရဲ့ပြာလဲ့လဲ့ရောင်မျက်လုံးတွေကတော့ အိပ်ရာပေါ်မှာရှိနေတဲ့ မိန်းကလေးရဲ့ကိုယ်ဟန်ငယ်လေးကို စိုက်ကြည့်လို့။

မိုနီကာရဲ့ဆံပင်တစ်ဝက်လောက်က အရင်ကလိုမျိုး ခရမ်းရောင်နုနု မဟုတ်တော့တာကြာပြီ။ ဖြူဖွေးနေတဲ့ ချည်မျှင်တွေလိုမျိုးပါပဲ။ ကျိုးပဲ့​နေတဲ့ချိုတစ်ဖက်ကိုမြင်နိုင်သလို ဖြူဖျော့နေတဲ့ အသားအရေကလည်း ဒီမိန်းကလေးဖြတ်ကျော်ခဲ့ရတဲ့ လူမဆန်လှတဲ့ အခက်အခဲတွေကို ဖော်ပြပေးနေတယ်။

နက်ဆန်က သူ့လက်ကိုဆန့်ထုတ်ပြီး မိန်းကလေးရဲ့ပါးပြင်ကို ထိတွေ့ဖို့လုပ်လိုက်ပေမဲ့ လမ်းတစ်ဝက်မှာပဲရပ်လိုက်တယ်။ တိတ်ဆိတ်လွန်းတဲ့အပြင် သူတို့နှစ်ယောက်ကြားမှာရှိနေတဲ့ အကွာအဝေးက သိပ်ကိုနီးကပ်တာမလို့ မိုနီကာရဲ့အသက်ရှုသံ တိုးတိုးလေးကို သူကြားနေရတယ်။

ဒီရက်တွေထဲမှာ ဒီမိန်းကလေး သက်သောင့်သက်သာနေရတယ် ဆိုတာသိပ်ရှားတယ်။ ‘ငါ့ကြောင့် သူနိုးသွားရင်' ဆိုတဲ့စိတ်နဲ့အတူ နက်ဆန်က သူ့လက်ကိုပြန်ရုပ်လိုက်ပြီး အခန်းထဲကနေထွက်ခွာ သွားခဲ့ပါတယ်။

သူ့ခြေလှမ်းတွေကတော့ စံအိမ်ရဲ့အပြင်ဖက်ကို ဦးတည်လို့။ အပေါ်ထပ်ကဆင်းလာပြီး အိမ်တံခါးမကြီးနားကို ရောက်လာတဲ့ အခါမှာတော့ နောက်ကနေ တစ်ယောက်ယောက်ခေါ်လိုက်တဲ့ စကားသံကြောင့် သူလှည့်ကြည့်မိတယ်။

“နက်ဆန်... ရှင်ဘယ်သွားလို့မလဲ...”

“.....” ခါတိုင်းဆိုရင် စောစောအိပ်နေကျဆယ်ဗီကို မြင်လိုက်ရတဲ့ အတွက်ကြောင့် နက်ဆန်အံ့ဩသွားတယ်။ သူနာပြုမိန်းကလေးက သူ့အနားကိုရောက်လာပြီးတော့ မယုံနိုင်တဲ့ပုံစံနဲ့ကြည့်လိုက်တယ်။

“ရှင်ခါတိုင်းဆိုရင် ဘယ်သွားသွား ကျွန်မတို့ကိုပြောပြီးမှ သွားနေကျပဲ။ အခုဘာလို့ တိတ်တိတ်လေးထွက်သွားမလို့ လုပ်နေတာလဲ။”

နက်ဆန်က သူ့ကိုလစ်လျူရှုထားဖို့လုပ်ပေမဲ့ ဆယ်ဗီက နက်ဆန်ရဲ့ခါးကို နောက်ကနေဖက်ထားလိုက်တယ်။ အဲဒီနောက် တုန်ယင်နေတဲ့အသံနဲ့...

“ရှင် ဒီတစ်ခေါက် အဝေးကြီးကိုသွားမှာလား။”

“.....” တုံ့ပြန်မှုမရှိဘဲ နက်ဆန်ဆက်ရပ်နေခဲ့တယ်။

“အဲဒီမိန်းကလေးအတွက် ထပ်ပြီးကြိုးစားဦးမလို့လား။

“.....” နှုတ်ဆိတ်နေခဲ့ပေမဲ့ နက်ဆန်ဆိုလိုချင်တဲ့သဘောကို ဆယ်ဗီသိပြီးသား။ သူက မသေဆေးကိုမရမချင်း ရပ်တန့်မှာ မဟုတ်ဘူး။

“ကျွန်မ လိုက်လာလို့မရဘူးလား...”

“ကိုယ်မင်းကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး။”

“ကောင်းပြီလေ၊ ဒါပေမဲ့ အိမ်ပြန်လာဖို့မမေ့ပါနဲ့။” ဆယ်ဗီက နက်ဆန့်ခါးကို လွှတ်ပေးလိုက်တယ်။ လူငယ်လေးရဲ့ကျောပြင်က အမှောင်ထုထဲကိုတိုးဝင်ပြီး ပျောက်ကွယ်သွားတဲ့အထိ ဆယ်ဗီ စောင့်ကြည့်နေခဲ့မိတယ်။ သူ့ရဲ့တခြားတစ်ဖက်ခြမ်းက စကားသံ ထွက်လာခဲ့ပေမဲ့ မကြားသယောင်ဆောင်ထားခဲ့တာပေါ့။

“ရူးမိုက်လိုက်တဲ့လူသား... ဘဝတစ်သက်တာလုံးကိုဖြုန်းတီးပြီး မသေဆေးရှာခဲ့တဲ့လူတစ်​ယောက်ကို ငါမြင်ဖူးခဲ့တယ်။ အဲဒီအရာက လူသားတွေအတွက်မဟုတ်ဘူး။”

ဆယ်ဗီက ညကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ ညနေပိုင်း မိုးရွာထားလို့လားမသိပေမဲ့ ကောင်းကင်ပေါ်မှာတိမ်တွေရှိနေဆဲပဲ။ လမင်းကြီးရဲ့အလင်းရောင်ကိုတော့ တိမ်တွေကြားမှာဝိုးတဝါးသာ မြင်နိုင်တယ်။

“သူ့ရဲ့မိုက်ရူးရဲဆန်တဲ့ပုံစံကို ငါသဘောကျတယ်... ငါဆိုရင်လည်း သူ့အတွက် ဒီလိုလုပ်ပေးမိမှာပဲလေ။” ဆယ်ဗီရဲ့စကားအဆုံးမှာ အင်နာနာရဲ့သက်ပြင်းချသံ ထွက်ပေါ်လာခဲ့လေရဲ့။

“သူ့ရဲ့စေတနာတွေက တခြားတစ်ယောက်အတွက် ဖြစ်နေတာတောင်မှလား။” အင်နာနာရဲ့လေသံက ဆယ်ဗီကို အပြစ်တင်တယ်ဆိုတာထက် ကိုယ်တိုင်အတိတ်အချိန်တွေကို လွမ််းဆွတ်သတိရနေသလိိုမျိုးပါပဲ။

....

နက်ဆန်ကိုယ်တိုင်ကတော့ လမ်းဘေးမှာရပ်ထားတဲ့ အနက်ရောင် ကားတစ်စီးပေါ်ကိုတက်လိုက်တယ်။ ဒါရိုက်ဘာခုံမှာတော့ EUOC ယူနီဖောင်းဂျာကင်ကို ကြယ်သီးမတပ်ဘဲခြုံဝတ်ထားတဲ့ အယ်မာကို တွေ့နိုင်ပါတယ်။ ဂျာကင်ရဲ့အောက်မှာတော့ အဖြူရောင်ဆွဲသား တီရှပ်ရိုးရိုးရှင်းရှင်းကို ခံဝတ်ထားတယ်။

“ဒီတော့ ဆုံးဖြတ်ပြီးသွားပြီပေါ့။” အယ်မာက မေးလိုက်တော့ နက်ဆန် ခေါင်းညိတ်ပြလိုက်တယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်က မသေဆေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သူလက်ခံ ရရှိခဲ့ပြီးကတည်းက အခုလိုလုပ်ဖို့အတွက်စဥ်းစားနေတာပါ။

“ စံအိမ်ထဲမှာ အိုလီရာနာ၊ ဒေါ်ရသီ၊ ပါစီဗယ်နဲ့ မော်လီကို အစောင့်အဖြစ် ငါထားခဲ့တယ်။ ဒါပေမဲ့ တစ်ခုခုဖြစ်လာရင် မင်းရဲ့အကူအညီ လိုနိုင်တာမလို့ သူတို့ကို သေချာစောင့်ရှောက်ပေးပါ။”

နက်ဆန်ရဲ့စကားကြောင့် အယ်မာက ပြုံးလိုက်တယ်။ အဲဒီနောက် ညအရှင်ရဲ့လက်မောင်းကို လက်သီးနဲ့ဖွဖွလေးထိုးလိုက်ပြီး ကားကိုဂီယာထိုး လမ်းမပေါ်မောင်းတက်လိုက်တာပေါ့။

“ညအရှင်ကတော့ ကျွန်မကို အခက်တွေ့အောင်လုပ်ပြန်ပြီ။ ဆယ်ဗီနဲ့မိုနီကာကို ရှင်ကိုယ်တိုင်တောင် နိုင်တာမဟုတ်ဘူးမလား။”

အယ်မာရဲ့ရင်းနှီးဖော်ရွေတဲ့စကားကိုကြားတော့ နက်ဆန်လည်း ပြုံးလိုက်မိတယ်။ တစွတ်ထိုးဆန်တဲ့ဆယ်ဗီနဲ့ အစွဲအလန်းကြီးတဲ့ မိုနီကာတို့က ထိန်းရလွယ်တဲ့သူတွေမဟုတ်တာ အသေအချာပဲ။

“ သူတို့ကို ကျွန်တော့်နောက် လိုက်မလာစေနဲ့။ သဘာဝလွန် ဖြစ်ရပ်တွေနဲ့ ဝေးဝေးမှာနေခိုင်း။”

နက်ဆန်က အယ်မာကို လုပ်ရမယ့်အရာတွေအသေးစိတ် မှာနေပါတယ်။ အယ်မာကလည်း ကားကိုဖြည်းဖြည်းလေး မောင်းနေရင်းကနေ လက်တစ်ဖက်ကိုဝမ်းဗိုက်ပေါ်တင်ထားတယ်။ အတွင်းက ကလေးလှုပ်ရှားနေတာကြောင့် ဗိုက်ကလည်းပုံစံမျိုးစုံ ဖောင်းလိုက်ပိန်လိုက်နဲ့ပေါ့။

“ ညအရှင်... ရှင်က ရှင့်လူတွေကိုဂရုစိုက်နေတာမြင်ရလို့ ဝမ်းသာမိပေမဲ့ ရှင့်ကိုယ်ရှင်လည်း ဂရုစိုက်ဦးနော်။ ရှင်က ညကျောင်းတော်ရဲ့အင်အားအများစုကို ဒီနေရာမှာ ထားခဲ့တာမဟုတ်လား။”

နက်ဆန်က ခေါင်းညိတ်ပြီးသက်ပြင်းချလိုက်တယ်။ သူနဲ့ပါလာတဲ့ အစေခံဆိုလို့ နာတာရှာတစ်ယောက်ပဲရှိတာပါ။ အယ်မာကလည်း မီးပွိုင့်တစ်ခုမှာ ကားခဏရပ်လိုက်ပြီးနောက်...

“ရှင်သွားမယ့်နေရာအကြောင်းကိုရော အသေးစိတ် ဖတ်ပြီးပြီလား။”

“နာဂါတိုအရပ်မှာရှိတဲ့ နတ်ကွန်းတစ်ခုက ရေတွင်းပျက်ပဲ မဟုတ်လား။”

အယ်မာက စကားစရသွားပြီဖြစ်တဲ့အတွက် ပြုံးလိုက်ပြီးတော့ အဲဒီအကြောင်းကိုဆက်ပြောပါတယ်။ ညမီးရောင်တွေက သူ့မျက်နှာကို ရောင်ပြန်ဟပ်နေတဲ့အတွက် မိတ်ကပ်ပါးပါးသာ လိမ်းထားပေမဲ့ သိပ်လှလို့နေပါတယ်။

“ပထမဆုံးအနေနဲ့ ရှင်သတိထားဖို့လိုတာက ဂျပန်နိုင်ငံဆိုတာက ကျွန်မတို့EUOCအတွက်ရော ညကျောင်းတော်အတွက်ပါ အလှမ်းဝေးတဲ့နေရာတစ်ခုပဲ။ အခုအချိန်မှာ အီဇုမိုနတ်ကျောင်းနဲ့ ရိုမြူလက်ဘုရားကျောင်းက အဲဒီမှာစစ်ဖြစ်နေတဲ့အတွက်ကြောင့် နှစ်ဖက်လုံးရဲ့အာရုံ ရှင့်ဆီရောက်မလာအောင်လည်း သတိထားရဦးမယ်။”

“နားလည်ပြီ...” နက်ဆန်က မငြင်းဘဲ ဆက်နားထောင် နေပါတယ်။ ဒီလိုကိစ္စမျိုးတွေမှာ အယ်မာက ပိုပြီး အတွေ့အကြုံ ရှိတယ်မဟုတ်လား။

“ဒီတော့ မသေဆေးအကြောင်းကို ဆက်သွားကြရအောင်။ တကယ်တော့ဒီနည်းလမ်းက EUOCမှာရှိတဲ့ မသေဆေးနဲ့ ပတ်သက်တဲ့ နောက်ဆုံးဖြစ်နိုင်ခြေရှိတဲ့ သဲလွန်စပဲ။”

နောက်ဆုံးဆိုတဲ့စကားကိုကြားတော့ နက်ဆန်က လက်သီးကို ဆုပ်ထားလိုက်မိတယ်။ ဒါက မိုနီကာအတွက်နောက်ဆုံးကျန်တဲ့ မျှော်လင့်ချက်လည်း ဖြစ်နေတယ်မဟုတ်လား။

“ရှင်သွားမယ့် နာဂါတိုနတ်ရေတွင်းက ရှေးခေတ်က ဒဏ္ဍာရီလာ မိစ္ဆာငှက်တစ်ကောင်ဖြစ်တဲ့ နူးကိုချုပ်နှောင်ထားတဲ့နေရာလို့ သတင်းကြီးတယ်။ နူးငှက်က မိစ္ဆာငှက်တစ်ကောင်ဖြစ်ပြီး နိမိတ်ဆိုးသယ်ဆောင်သူအဖြစ်ကျော်ကြားပေမဲ့ သူ့နှလုံးက တခြားမိစ္ဆာတွေကို အသက်ရှည်စေတယ်လို့ မှတ်တမ်းတွေထဲမှာပါတယ်။”

နက်ဆန်က အယ်မာရဲ့စကားတွေကိုနားထောင်ရင်း ကိုယ်တိုင် စဥ်းစားတွေးတောနေပါတယ်။ မိုနီကာက မိစ္ဆာမျိုးနွယ်ဝင်ဖြစ်လို့ ဒီနည်းလမ်းက သူနဲ့အသင့်တော်ဆုံးဖြစ်နေတာ။ ဒါပေမဲ့...

“တစ်ခုရှိတာက အဲဒီငှက်ကိုချိပ်ပိတ်ခဲ့တဲ့သူက ဒဏ္ဍာရီလာ အွန်မျိုဂျီဆဲမဲဖြစ်ပြီး ဟေးယန်ခေတ်မှာချိပ်ပိတ်ခဲ့တာပဲ။ အဲဒီသတ္တဝါက ဆက်ပြီး အသက်ရှင်မနေတော့တာလည်း ဖြစ်နိုင်တယ်။ ဘာပဲပြောပြော မိစ္ဆာတွေဆိုတာကလည်း သက်တမ်းအကန့်အသတ်နဲ့ပဲလေ။”

နက်ဆန်ရဲ့စိတ်ထဲမှာ စိုးရိမ်မှုတချို့ဖြတ်သန်းသွားခဲ့တယ်။ ဥရောပမှာလည်း မသေဆေးနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေ ရှားပါးတာမဟုတ်ပေမဲ့ ဒေသပြင်ပဘက်ထွက်ပြီးရှာရတဲ့ အကြောင်းက သူတို့အနေနဲ့မတတ်သာတော့လို့ပါ။ စပိန်အင်ပါယာ ခေတ်ကောင်းစဥ်တုန်းက မသေဆေးရှိတဲ့နေရာတွေကို ဘုရားသခင်ကိုဆန့်ကျင်တဲ့နေရာတွေအဖြစ်သတ်မှတ်ပြီး လိုက်လံဖျက်ဆီးခဲ့တာကြောင့် အခုလိုအခြေအနေနဲ့ကြုံနေရတာ။

“ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမဲ့ ကြိုးစားကြည့်ရမှာပဲ။” ရွေးစရာ သူ့မှာမရှိတော့ဘူး။ မိုနီကာက သေမင်းဆီကနေအချိန်ငှားပြီး အသက်ရှင်နေရတာ။ အယ်မာကတော့ သက်ပြင်းချလိုက်ပြန်တယ်။ မီးစိမ်းနေပြီမလို့ ကားက ဆက်သွားနေပြီ။

“မိစ္ဆာအသက်ရှင်မရှင်ဆိုတာက ထားပါဦး။ အခုတော့ရေတွင်းကိစ္စ ဆက်ပြောကြမယ်။

ပညာရှင်ဆဲမဲက မိစ္ဆာငှက်ကိုလှောင်ထားဖို့ ရေတွင်းအောက်ခြေမှာ ဒိုင်မေးရှင်းအသေးလေးတစ်ခုကို ဖွင့်လှစ်ခဲ့တယ်လို့ပြောတယ်။ အဲဒီထဲကို ဝင်နိုင်ဖို့အတွက် လျှို့ဝှက်ထုံးတမ်းဓလေ့တွေလို တယ်တဲ့။”

နက်ဆန်က မျက်ခုံးပင့်လိုက်တယ်။ ဒိုင်မေးရှင်းစွမ်းအားကို သူရင်းနှီးတယ်ဆိုပေမဲ့ တကယ့်ကိုရှားပါးတဲ့အမျိုးအစားလေ။ ပညာရှင်ဆဲမဲက သူနဲ့ယှဥ်နိုင်တဲ့ ရှေးအယ်ဒါဖြစ်တာကသိပ်ပြီး အံ့ဩစရာမရှိဘူးဆိုပေမဲ့ ဒိုင်မေးရှင်းတစ်ခုကိုဖွင့်လှစ်နိုင်စွမ်း ရှိတယ်ဆိုရင်တော့ သတိထားရမယ့်အရာ ဖြစ်လာပြီ။

“ပထမဆုံးအနေနဲ့ နတ်ကျောင်းကိုရောက်တဲ့အခါမှာ လူတွေဝင်တဲ့ ဘေးပေါက်ဝကနေမဝင်ဘဲ နတ်တွေဝင်တဲ့ ပင်မအပေါက်ဝကနေ ဝင်ရမယ်။

ဒုတိယအနေနဲ့ နတ်ကွန်းရင်ပြင်ကိုရောက်တဲ့အခါ နတ်ရေစင်နဲ့ ကိုယ်လက်သန့်စင်ရမယ်။

တတိယအချက်ကတော့ နတ်ကွန်းမှာ ပိုက်ဆံတချို့လှူပြီး ခေါင်းလောင်းခေါက်၊ ဆဲမဲနာမည်နဲ့တောင်စောင့်နတ်ကို ဆုတောင်းဖို့ပဲ။”

ထုံးတမ်းဓလေ့က ရိုးရှင်းသားလို့တွေးမိပေမဲ့ အယ်မာကတော့ ရှေ့ဆက်ပြောပါတယ်။ “တကယ်လို့ မိုးခြိမ်းသံကြားရရင် ဝင်လို့ရတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ။ မိုးကြိုးပစ်ချရင်တော့ ဝင်လို့မရဘူး။”

“......” အယ်မာသိထားတာတွေက အတော်အသေးစိတ်တာပဲလို့ နက်ဆန်တွေးလိုက်မိတယ်။ သူ့စိတ်ထဲမှာလည်း တခြားကိစ္စတစ်ခုကို သိချင်စိတ်တစ်ခုဖြစ်လာတယ်။

“အစောပိုင်းက EUOCက ဂျပန်မှာလွှမ်းမိုးမှုသိပ်မရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား။ ဘာလို့ဒီလောက်အများကြီး သိထားရတာလဲ။”

နက်ဆန်က ဒီကိစ္စကို အခုမှမေးရကောင်းလားဆိုတဲ့သဘောနဲ့ အယ်မာကရယ်မောလိုက်တယ်။ သူ့တစ်ကိုယ်လုံးတသိမ့်သိမ့် တုန်သွားပြီးနောက်မှာတော့ အဖြေပေးလိုက်တယ်...

“လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက အီဇုမိုနတ်ကျောင်းနဲ့ EUOCက အတူပူးပေါင်းပြီး နျူးငှက်မိစ္ဆာကို ချိပ်ပိတ်ထားတဲ့အဆောင်တွေကို အားဖြည့်ဖို့လုပ်ခဲ့တာ။ အဖွဲ့အစည်းနှစ်ခု ဆက်ဆံရေးတိုးတက်စေ ဖို့လည်း ပါတာပေါ့။ ရေတွင်းထဲကိုဝင်တဲ့ထုံးတမ်းကတော့ စပ်စုတတ်တဲ့အေးဂျင့်တချို့ကြောင့် ရလာတာပါ။”

“အရင်တုန်းက အဲဒီနေရာကို EUOCက သွားပြီး မစ်ရှင်လုပ်ခဲ့ဖူးတာလား။”

“ဟုတ်တယ်...” ဒါပေမဲ့ အဲဒီအခိုက်မှာပဲ အယ်မာရဲ့ပုံစံက တော်တော်လေးနက်သွားခဲ့တယ်။

“အဲဒီတုန်းက ရေတွင်းထဲဝင်တဲ့နည်းကိုရပြီး စမ်းကြည့်ခဲ့တဲ့ အေးဂျင့်ငါးယောက်ရဲ့ကံကြမ္မာကတော့ မကောင်းခဲ့ဘူး။ တစ်ယောက်က တစ်မိသားစုလုံး မျိုးရိုးစဥ်ဆက်ကျိန်သင့်ခဲ့ပြီး ဒုတိယတစ်ယောက်က ရူးသွားခဲ့တယ်။ ကျန်တဲ့သူတွေကတော့ ရေတွင်းထဲကနေ ပြန်ထွက်မလာနိုင်တော့ဘူး။”

“ကျွန်တော်လည်း ပြန်ထွက်လာနိုင်တဲ့ အခွင့်အရေး နည်းတယ်ဆိုတဲ့သဘောလား။”

နက်ဆန်စကားကို အယ်မာက ခေါင်းညိတ်ပြီးတော့ အတည်ပြု ပေးလိုက်တယ်။ အဲဒီနောက်တော့ လှမ်းမြင်နေရပြီဖြစ်တဲ့ ဇာရာဇိုရာလေဆိပ်ထဲကို ကားဝင်ကွေ့လိုက်ပြီး ပါကင် ထိုးလိုက်တယ်။ ကားပေါ်ကမဆင်းခင် နက်ဆန်ကိုအယ်မာက သတိပေးလိုက်ပြန်တယ်။

“ပြန်လွတ်လာတဲ့သူတွေ​ပြောတာကတော့ နင်အထဲကိုရောက်ရင် ဘယ်လောက်စွမ်းအားကြီးကြီး၊ ဘယ်လောက်စိတ်ဓာတ်ပြင်းထန် ပြင်းထန် ကိုယ့်ကိုယ်ကိုယ် မေ့သွားကြတယ်တဲ့။ ပြီးတော့ အဲဒီလူတွေကလည်း အဲဒီအချက်ကလွဲရင် အထဲမှာဘာဖြစ်ခဲ့လဲ ဆိုတာမမှတ်မိကြတော့ဘူး။”

“.....” မသေဆေးဆိုကတည်းက လွယ်မယ့်ကိစ္စမဟုတ်မှန်း နက်ဆန်သိပေမဲ့ အယ်မာဆီကကြားရတဲ့အကြောင်းတွေအရ သူထင်ထားတာထက် ပိုကြောက်စရာကောင်းမယ့်နေရာဖြစ်ပုံပဲ။

“ညအရှင်... ဒီနေရာကနေ လှည့်ပြန်မယ်ဆိုရင် နောက်မကျသေးဘူးနော်။” အယ်မာက သူ့ကို စိုးရိမ်ပူပန်တဲ့ အကြည့်တွေနဲ့စိုက်ကြည့်နေခဲ့ပေမဲ့ နက်ဆန်ကချက်ချင်းပဲ ငြင်းပယ်လိုက်တယ်။

“ကျွန်တော့်ကတိကို ကျွန်တော်တည်ရမယ်။ အဲဒီရေတွင်းထဲကို ဝင်မှဖြစ်မယ်။” နက်ဆန်ရဲ့ပြတ်သားတဲ့ပုံစံကို တွေ့ပြီးတဲ့နောက်မှာတော့ အယ်မာက သူ့ကိုထပ်မတိုက်တွန်းတော့ဘူး။ အဲဒီအစား ခက်ခက်ခဲခဲ ပြုံးလိုက်ပြီးတော့ ကားပေါ်ကနေဆင်းကာ ကတ္တရာကားပါကင်ပေါ် ခြေချလိုက်တယ်။

နက်ဆန်လည်း ကားပေါ်ကနေဆင်းလိုက်တော့ အယ်မာက ဒေါက်ဖိနပ်နဲ့ ’တကောက်ကောက်'အသံမြည်အောင်လျှောက်ရင်း ကားနောက်ဖုံးနားကိုရောက်နေနှင့်ပြီ...

“အထုပ်တွေ ကိုယ့်ဘာသာထုတ်ပါမယ်။”လို့ လှမ်းပေါ်ပေမဲ့ အယ်မာက ကားနောက်ဖုံးကိုဆောင့်ကြီးအောင့်ကြီးနဲ့ ဖွင့်လိုက်တယ်။

“နေစမ်းပါ၊ ငါက နင့်ကိုမသေစေချင်လို့ အကောင်းပြောနေတာကို တော်တော်အကဲပိုနေလိုက်။ နင်ပြန်ထွက်မလာနိုင်ရင် အဲဒီ မိန်းကလေးတွေကိုငါဘယ်လို ရှင်းစပြရမှာလဲ။”

အယ်မာက ခရီးဆောင်အိတ်ကြီးကို နက်ဆန့်ဆီပစ်ပေးလိုက်ပြီး ခါးကိုနှိုပ်ကာ ခဏထိုင်ချလိုက်တယ်။ စိတ်လိုက်မာန်ပါလုပ်ပြီး ခန္ဓာကိုယ်ကို အခက်တွေ့စေခဲ့ပုံပဲ။ နက်ဆန်ကတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေပြီ။

“ငါ့မှာ မပေါ့မပါးကြီးနဲ့ နင်တို့သောက်လုပ်တွေပဲ လိုက်လုပ်ပေးနေရတယ်။ တော်ပြီ၊ နင့်ကိစ္စတွေပြီးရင် ငါ့ဘာသာ ခွင့်ယူပြီး နားနားနေနေနေတော့မယ်။ ဒီတော့ မြန်မြန်သာ ပြန်လာခဲ့။” အယ်မာက ကုန်းကုန်းကွကွဖြစ်နေရင်းကနေ နက်ဆန့်ကို လက်ခလယ်ထောင်ပြလိုက်ရင်း ​ဆူလိုက်ပါလေရော။ နက်ဆန်ကတော့ အားနာစွာနဲ့ ပြုံးပြလိုက်ရတော့တာပေါ့။

All Chapters