အခန်း ၉၁
Vol. 10 Ch. 91
အပိုင်း (၉၁) စွန့်ပစ်ခံနယ်ရုပ်လေး
ကျင်းမော့က ယွီးကျစ်မင်လေးကို လမ်းတစ်လျှောက်လုံး ပွေ့ချီလာခဲ့တာလေ။ သယ်ယိစားသောက်ဆိုင်ကို ရောက်တော့ အရက်ဆိုင်နဲ့ လမ်းကြားလေးတစ်ခုပဲခြားတဲ့ ကျောင်းအိမ်တော်ကို တစ်ချက်လှမ်းကြည့်ပြီး ယွီးကျစ်မင်ကို သက်တော်စောင့်လက်ထဲ လွှဲပေးလိုက်တော့တယ်။
အဲဒီအချိန်မှာပဲ အလုပ်သမားခေါင်းဆောင်တစ်ယောက်က ကျင်းမော့ဆီကို ကမန်းကတန်းပြေးလာပြီး တိုးတိုးလေး ကပ်ပြောလေရဲ့။
"သခင်လေး... ကိစ္စတွေအကုန် စီစဉ်ပြီးပါပြီ၊ ဒီနေ့အတွင်း အပြီးသတ်နိုင်မှာပါ"
ကျင်းမော့က ခေါင်းတစ်ချက် ညိတ်ပြလိုက်လေရဲ့။
အလုပ်သမားခေါင်းဆောင်လည်း ကျင်းမော့နောက်ကနေ ကပ်လိုက်လာခဲ့တာပေါ့။
ကျင်းမော့က သယ်ယိစားသောက်ဆိုင် ဝင်ပေါက်ရှေ့မှာရှိတဲ့ လှေကားထစ်နှစ်ဆယ့်ကိုးထစ်ကို တက်ပြီးသွားတဲ့နောက်မှာတော့ ရုတ်တရက်ကြီး အနောက်ကိုလှည့်လာပြန်တယ်။ ပြီးတော့ သက်တော်စောင့်လက်ထဲကနေ ယွီးကျစ်မင်ကို ပြန်ပွေ့ယူလိုက်ပြန်တယ်။ သူ့ဘေးမှာ ရံလိုက်လာကြတဲ့ ကျူးယိပြည်ကလူတွေကို လက်ညှိုးထိုးပြရင်း ယွီးကျစ်မင်ကို ပြောလေတယ်။
"ဒီည ငါ အပြင်ထွက်စရာ ကိစ္စလေးရှိလို့။ တစ်ခုခုလိုရင် သူတို့ကိုသာ ခိုင်းလိုက်နော်"
ယွီးကျစ်မင်လေးကလည်း ခေါင်းတညိတ်ညိတ်နဲ့ပေါ့။ သူ့အစ်မတော်က ဒီလူ့စကားကို နားထောင်ဆိုတော့လည်း သူက လိမ်လိမ်မာမာနဲ့ နားထောင်ရမှာပေါ့လေ။
ကျင်းမော့က ယွီးကျစ်မင်ကိုပွေ့ပြီး သယ်ယိစားသောက်ဆိုင်ထဲကိုဝင်လာရင်း ထပ်ပြောပြန်တယ်။
"ဆဋ္ဌမမင်းသား... မင်းသားလေးက သခင်ပဲ၊ သူတို့က ကျွန်တွေ။ ဒါကြောင့် ဒီလူတွေကို ကြောက်နေစရာ မလိုဘူး၊ ပြောတာကို သဘောပေါက်တယ်မလား"
ယွီးကျစ်မင်လေးကတော့ ကျင်းမော့ရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီက လူကြီးတွေကို မျက်လုံးလေးပေကလပ် ပေကလပ်နဲ့ လိုက်ကြည့်နေလေရဲ့။
ယွီးကျစ်မင်လေးက ကြည့်လာတော့ ကျင်းမော့ရဲ့ သက်တော်စောင့်တွေနဲ့ နောက်လိုက်တွေအကုန်လုံး ခေါင်းငုံ့ကုန်ကြတာပေါ့။ ဒီကလေးက ဓားစာခံမင်းသားလေး ဖြစ်နေပေမဲ့ ကျင်းမော့ကသာ မြှောက်စားချင်တယ်ဆိုရင် သူတို့တွေကလည်း ဒီကလေးကို ဧည့်သည်တော်တစ်ယောက်လို သဘောထားရမှာလေ။
"နားမလည်ဘူးလား" လို့ ကျင်းမော့က မေးပြန်တယ်။
"နားလည်ပါတယ်" ယွီးကျစ်မင်က ကျင်းမော့ကို ပြောလိုက်လေရဲ့။ "ဒါဆို ညဘက် ဘယ်အချိန်မှ ပြန်လာမှာလဲဟင်"
ကျင်းမော့ရဲ့ အင်္ကျီရင်ဘတ်ကို ဆွဲထားတဲ့ ယွီးကျစ်မင်ရဲ့ လက်သေးသေးလေးတွေက တော်တော်လေးကို အားထည့်ထားတာ။ ဒီကလေးလေး သူ့ကို မှီခိုနေပြီဆိုတာ ကျင်းမော့ သိလိုက်တာပေါ့။ ဒါက ကျင်းမော့အတွက်တော့ တော်တော်လေး ဆန်းသစ်တဲ့ ခံစားချက်ပဲ။ သူ့မှာလည်း ဒီနှစ်ထဲမှာမှ သုံးနှစ်ခွဲပြည့်မဲ့ ညီတော်လေးတစ်ပါး ရှိသေးတာကိုး။ ဒါပေမဲ့ မိထွေးတော်က မွေးတဲ့ အဲ့ဒီညီတော်လေးဆိုတာ နာမည်သာ ကြားဖူးတာ၊ ပွေ့ချီဖို့နေနေသာသာ အရိပ်တောင် မမြင်ဖူးဘူးလေ။
"စိတ်ချပါ" ကျင်းမော့က ယွီးကျစ်မင်လေးရဲ့ ကျောပြင်ကို ခပ်ဖွဖွလေး ပုတ်ပေးရင်း ပြောလိုက်ရှာတယ်။
"ငါက မင်းရဲ့အစ်မတော်ကို ကတိပေးထားပြီးသားဆိုတော့ မင်းကို သေချာပေါက် ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ"
ယွီးကျစ်မင်လေးက ကျင်းမော့ကို ကြည့်ပြီး ပြုံးပြရှာတယ်။
ကျင်းမော့ မျက်နှာပေါ်က အပြုံးတွေကတော့ မျက်လုံးထဲထိ ရောက်မနေခဲ့ပါဘူး။ ကျောင်းယင်းရှန်သာ ဉာဏ်ကောင်းတဲ့သူဆိုရင် ဒီမိန်းမက ဒီသားကို သေချာပေါက် စွန့်ပစ်မှာပဲလေ။ ဒါပေမဲ့ သူက ဒီလို ဉာဏ်များတဲ့မိန်းမကို ဘယ်လိုလုပ် စိတ်ချမ်းသာခွင့် ပေးနိုင်ပါ့မလဲ။ နောက်ထပ် သားတစ်ယောက် ထပ်မွေးမယ်ဟုတ်လား။ ကျင်းမော့က ယွီးကျစ်မင်ကို ပွေ့ချီရင်း သူနားနေမဲ့နေရာဆီ လျှောက်သွားလိုက်တယ်။ ဒီတစ်သက် သားသမီး ထပ်မရနိုင်တော့ဘူးဆိုရင် ကျောင်းယင်းရှန်ဆိုတဲ့ မိန်းမ ဘယ်လိုများ ဆက်လုပ်မလဲဆိုတာ ကျင်းမော့ ကြည့်ချင်သေးတာကိုး။
မိဖုရားကျောင်း ဆေးသောက်ပြီးသွားတော့ ရေနဲ့ ပလုတ်ကျင်းလိုက်တယ်။ ဆေးလာပို့တဲ့ နန်းတွင်းအစေခံလေးကလည်း ဆေးခွက်အလွတ်ကို ကိုင်ပြီး ပြန်ထွက်သွားလေရဲ့။
အထိန်းတော်ကြီးက မိဖုရားကျောင်းရဲ့ မျက်နှာကို ရေစိုဝတ်နဲ့ သေချာလေး သုတ်သင်ပေးနေတယ်။ ဘာပဲဖြစ်ဖြစ် အရွယ်တင်လှပနေဆဲ မိန်းမပျိုလေးမှ မဟုတ်တော့တာလေ၊ မိတ်ကပ်တွေ ဖျက်လိုက်တဲ့အခါ မိဖုရားကျောင်းရဲ့ မျက်နှာကို သေချာကြည့်ရင် အရေးအကြောင်းလေးတွေ မြင်နေရပြီပေါ့။ အထိန်းတော်ကြီးက မိဖုရားကျောင်းရဲ့ အကျင့်စရိုက်ကို အူမချေးခါးမကျန် သိထားသူဆိုတော့ မျက်နှာပေါ်က အရေးအကြောင်းတွေကို မြင်ပေမဲ့လည်း သူ့မျက်နှာပေါ်မှာ ဘာအမူအရာမှ ပြောင်းလဲမသွားခဲ့ဘူး။
အဲ့ဒီအချိန်မှာပဲ မိဖုရားကျောင်းက သူမရဲ့ ဝမ်းဗိုက်ထဲမှာ နွေးခနဲဖြစ်သွားတာကို ခံစားလိုက်ရတယ်။ အရင် ဆေးသောက်ပြီးတဲ့အချိန်တွေထက် ပိုပြီး နေလို့ထိုင်လို့ ကောင်းနေတော့
"ဒီတစ်ခါ ဆေးနည်း ပြောင်းလိုက်တာလား" လို့ မေးလိုက်တာပေါ့။
အထိန်းတော်ကြီးက ပြန်ပြောလေတယ်။ "သမားတော်ကို ခေါ်ပြီး မေးကြည့်လိုက်ရမလား မယ်မယ်"
နန်းတွင်းသမားတော်ဆောင်မှာ ကျောင်းမိသားစုရဲ့ သူလျှိုတွေ အများကြီး ထည့်ထားတာဆိုတော့ ဆေးနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်က လုပ်ကြံသွားမလား ဆိုတာကိုတော့ မိဖုရားကျောင်းက လုံးဝ မစိုးရိမ်ပါဘူး။ ဒါကြောင့် အထိန်းတော်ကြီးကို ခေါင်းယမ်းပြရင်း ဒီအတိုင်းပဲ ပြောလိုက်တော့တယ်။
"ငါ ဘာမှ နေမကောင်းဖြစ်တာမျိုး မရှိပါဘူး။ အဖေ ရောက်လောက်ပြီ၊ သွားကြည့်ချေ"
အထိန်းတော်ကြီးလည်း ကမန်းကတန်း အမြန်ထွက်သွားရတာပေါ့။
ကျောင်းချိုးမင်က တကယ်လည်း ချူချင်းနန်းဆောင်ရဲ့ တံခါးပေါက်ကို ရောက်နေပြီလေ။ ရှန်ကျုံး ရှေ့မှာ ခေါင်းတွေ အဆက်မပြတ် ဆောင့်ရလွန်းလို့ အမတ်ချုပ်ကြီးကျောင်းရဲ့ ခေါင်းက ပတ်တီးပေါ်မှာတောင် သွေးတွေ စိမ့်ထွက်နေပြီး တော်တော်လေးကို ကြည့်ရဆိုးနေတာ။
ကျောင်းချိုးမင်ကို နန်းဆောင်တံခါးဝမှာ သွားကြိုပြီးတာတောင် အထိန်းတော်ကြီးခမျာ ဘာစကားမှ အပိုမပြောရဲဘဲ မိဖုရားကျောင်းကို သွားတွေ့ဖို့ပဲ ခေါင်းငုံ့ပြီး ဖိတ်ခေါ်လိုက်ရတယ်။
မိဖုရားကျောင်းက သူမအဖေရဲ့ ပုံစံကို မြင်တော့ "အဖေ့ ဒဏ်ရာက စိုးရိမ်ရလား" လို့ စိုးရိမ်တကြီးနဲ့ မေးရှာတာပေါ့။
ကျောင်းချိုးမင်က ခေါင်းယမ်းလိုက်ပြီး မိဖုရားကျောင်းရဲ့ ခုတင်ဘေးက ခုံဝိုင်းလေးပေါ်မှာ ထိုင်လိုက်လေတယ်။ "ကျင်းမော့နဲ့ ယွီးလင်းလုံတို့ ပူးပေါင်းသွားကြပြီ"
"ဆဋ္ဌမမင်းသားလေးကို ယွီးလင်းလုံပဲ နန်းတော်ထဲကနေ ခေါ်ထုတ်သွားတာမလား" မိဖုရားကျောင်းက ပြန်မေးလေတယ်။
ကျောင်းချိုးမင်က သက်ပြင်းချရင်း ပြန်ဖြေလိုက်လေရဲ့။ "အဖေလည်း အဲ့လိုပဲ တွေးမိပါတယ်။ ဒါပေမဲ့ အခု ဆဋ္ဌမမင်းသားလေးကို ကျင်းမော့က ခေါ်သွားပြီဆိုတော့ ကျွန်တော်မျိုးတို့ မင်းသားလေးနဲ့ သီးသန့်စကားပြောဖို့ အခွင့်အရေး လုံးဝမရှိနိုင်တော့ဘူး မယ်မယ်"
"အဖေ၊ သူတို့ အကွက်ဆင်တာကို ကျွန်မတို့ ခံလိုက်ရုံပဲ ရှိတော့တယ်။ ဒါပေမဲ့ ကျင်းမော့ ခိုင်းတဲ့အတိုင်း ကျင်းချန်ကိုတော့ သွားမလုပ်လိုက်နဲ့နော်"
ကျောင်းချိုးမင်က ပြန်မေးတာပေါ့။ "အကယ်၍များ သူက ဆဋ္ဌမမင်းသားလေးရဲ့ အသက်နဲ့ ခြိမ်းခြောက်လာရင်ရော"
မိဖုရားကျောင်းက အေးတိအေးစက် လေသံနဲ့ ခွန်းတုံ့ပြန်လိုက်လေတယ်။ "ဒီအခြေအနေတောင် ရောက်နေပြီကို အဖေက ဆဋ္ဌမမင်းသားကို စိတ်ပူနေတုန်းလား"
ကျောင်းချိုးမင်က ညည်းရှာလေရဲ့။ "သမီး မောင်လည်း အခု အချုပ်ထဲ ရောက်နေပြီလေ"
"အရှင်မင်းကြီးကလည်း နောက်ဆိုရင် ကျွန်မအပေါ် အရင်လို မျက်နှာသာပေးတော့မှာ မဟုတ်ဘူး"
မိဖုရားကျောင်းက ဝင်ပြောလိုက်ပြန်တယ်။
ယွီးရှောင်ရှောင်က ရှန်ကျုံးကို တခြားမိဖုရားတွေနဲ့အိပ်ဖို့ ပွင့်ပွင့်လင်းလင်းကြီး ပြောချခဲ့တဲ့ စကားတွေကိုတော့ ကျောင်းချိုးမင် ပါးစပ်ကနေ ထုတ်မပြောရက်ရှာဘူး။ ဒါကြောင့် မိဖုရားကျောင်းကို ဝေ့ဝိုက်ပြီးပဲ ပြောလိုက်ရတယ်။ "ယွီးလင်းလုံက မင်းကြီးကို မိဖုရားတွေအကုန်လုံးဆီ အလှည့်ကျ သွားဖို့ လျှောက်တင်ထားတယ်"
"မိဖုရားခေါင်ကြီး မွေးထားတဲ့ သမီးပီသပါပေတယ်" မိဖုရားကျောင်းက အံကို ကျိတ်ရင်း ဆိုပြန်တယ်။
"သတ္တမမင်းသားရဲ့ အနာဂတ်ကတော့ ဒီလိုအစ်မမျိုးရဲ့ အကြံအစည်တွေနဲ့ဆို သိပ်ကို တောက်ပနေတော့မှာပဲ"
"မယ်မယ်…ဖြေရှင်းဖို့ နည်းလမ်း တစ်ခုမဟုတ် တစ်ခုတော့ ရှိမှာပါ" လို့ ကျောင်းချိုးမင်က ဖြောင်းဖျရှာပါတယ်။
"ဖြေရှင်းမယ်ဟုတ်လား" မိဖုရားကျောင်းက လှောင်ပြုံးပြုံးတာပေါ့။"ကျန်းမိဖုရားခေါင်ကြီးရဲ့ မောင်နှစ်ယောက်က မကြာခင် မြို့တော်ကို ရောက်လာတော့မယ်ဆို။ သူတို့သာ မြို့တော်ကို ရောက်လာခဲ့ရင် ယွီးလင်းလုံက ဘာတွေ ဆက်စီစဉ်မယ်လို့ အဖေထင်လဲ"
"ဒါဆို... မယ်မယ် ဆိုလိုချင်တဲ့ သဘောက"
"သတ္တမမင်းသားသာ ဝူကျိုးမြို့ကို ရောက်သွားမယ်ဆိုရင်လေ" မိဖုရားကျောင်းက အဖေဖြစ်သူကို စူးစူးရဲရဲ ကြည့်ရင်း ဆက်ပြောတော့တယ်။
"သူက အေးအေးချမ်းချမ်း ကြီးပြင်းခွင့် ရသွားရုံတင်မကဘူး၊ ကျန်းမိသားစု လက်ထဲက စစ်တပ်တွေလည်း သူ့ဆီ အကုန်ရောက်သွားဦးမှာ။ ကုမိသားစု အင်အားပါ ထပ်ပေါင်းလိုက်သေးဆိုတော့၊ အဖေ စဉ်းစားကြည့်လေ။ ယွီးလင်းလုံက ယွီးကျစ်ရီကို ဝူကျိုးမြို့ဆီ ပို့ဖို့ နည်းလမ်းပေါင်းစုံ သုံးလာနိုင်တယ် မဟုတ်ဘူးလား"
ကျောင်းချိုးမင်လည်း ခုံဝိုင်းလေးပေါ်မှာ ငုတ်တုတ်ကလေး အကြာကြီး ထိုင်နေမိတော့တယ်။ ယွီးလင်းလုံဆိုတဲ့ ဒီမင်းသမီးက အမတ်ချုပ်ကြီးကျောင်းအတွက် တော်တော်လေး ကိုင်တွယ်ရခက်တဲ့ ပြဿနာကြီး ဖြစ်နေတာကိုး။
မိဖုရားကျောင်းက အဖေဖြစ်သူကို ခဏစောင့်ကြည့်လိုက်ပေမဲ့ ဘာစကားမှ ထွက်မလာတော့ တိုးတိုးလေး ပြောလိုက်တယ်။ "အဖေ့စိတ်ထဲမှာလည်း သိနေလောက်ပါပြီ"
"ဘာကို သိရမှာလဲ"
"မင်းကြီးရှေ့မှာ ကျွန်မတို့ အပြစ်ကင်းပါတယ်လို့ သက်သေပြဖို့ လမ်းမရှိတော့ဘူးလေ"
မိဖုရားကျောင်းက ဆက်ပြီး ပြောတော့တယ်။ "အရှင်မင်းကြီး စိတ်ပြောင်းသွားအောင် လုပ်ချင်တယ်ဆိုရင် သမီးတို့ မောင်လေးကို စတေးမှ ရတော့မယ်"
အဲ့ဒီစကားကိုလည်း ကြားရော ကျောင်းချိုးမင်တစ်ယောက် ထိုင်ခုံပေါ်ကနေ ဝုန်းကနဲ မတ်တတ်ရပ်လိုက်မိတော့တာပဲ။
"အကယ်၍ မောင်လေးသာ အချုပ်ထဲမှာ လုပ်ကြံခံလိုက်ရမယ်ဆိုရင်…" မိဖုရားကျောင်းက အေးစက်စက် လေသံနဲ့ ပြောတော့တာပဲ။
"လုပ်ကြံတဲ့သူကလည်း ကျူးယိလူမျိုးဆိုရင်ပေါ့။ အဖေက တိုင်းပြည်အတွက်နဲ့ ကျူးယိတွေရဲ့ ဒေါသကို ဆွခဲ့မိတယ်ဆိုရင် အရှင်မင်းကြီးကိုယ်တိုင်လည်း အဖေ့အတွက် စိတ်မကောင်းဖြစ်သွားလိမ့်မယ်"
ကျောင်းချိုးမင်ခမျာ လှုပ်ရှားမှုတွေ နှေးကွေးသွားပြီး ထိုင်ခုံပေါ်ကို ပြန်ထိုင်ကျသွားတော့တယ်။
"အဖေ... ကျွန်မတို့ ပြတ်ပြတ်သားသား ဆုံးဖြတ်မှ ဖြစ်တော့မယ်" မိဖုရားကျောင်းက တိုက်တွန်းလိုက်တာပေါ့။
ကျောင်းချိုးမင်ကတော့ စကားလုံးတွေကို ခက်ခက်ခဲခဲ ညှစ်ထုတ်ရင်း မေးရှာတယ်။ "လူလွှတ်ပြီး သမီးရဲ့မောင်ကို ဒဏ်ရာရအောင် လုပ်ခိုင်းရမလား"
"ကျူးယိတွေ လွှတ်လိုက်တဲ့ လုပ်ကြံသူက လက်ချော်သွားလိမ့်မယ်လို့ အဖေက ထင်နေတာလား"
မိဖုရားကျောင်းက မျက်နှာသေကြီးနဲ့ပဲ ပြန်ချေပလိုက်တယ်။ "မောင်လေးသာ ဒဏ်ရာပဲ ရသွားမယ်ဆိုရင် ရင်ညန်ယွင်တို့အုပ်စုက ဒါဟာ ကျွန်မတို့ ကိုယ့်အသားကိုယ် လှီးပြတဲ့ အကွက်ဆင်မှုပါလို့ သေချာပေါက် စွပ်စွဲကြမှာပဲ။ မင်းကြီးကလည်း ကျွန်မတို့ ကျောင်းမိသားစုအပေါ် ဒေါသထွက်နေချိန်ဆိုတော့ ရင်ညန်ယွင်တို့ ပြောတာကို မယုံဘူးလို့ ဘယ်သူက အာမခံရဲမှာလဲ"
"သမီး..." ကျောင်းချိုးမင်ရဲ့ အသံတွေတော့ တုန်ယင်လို့ပေါ့။ "သမီးက ပေချန်ကို သေစေချင်နေတာလား"
"မသေဘူးဆိုရင်တောင် သေလုမြောပါး ဒဏ်ရာမျိုး ရမှဖြစ်မယ်" မိဖုရားကျောင်းက ပြတ်ပြတ်သားသား ပြောလိုက်လေတယ်။
"ဒါက ကျွန်မတစ်ယောက်တည်းအတွက် မဟုတ်ဘူး၊ တစ်ဆွေလုံး တစ်မျိုးလုံးအတွက်ပါ"
အဲ့ဒီနောက်မှာတော့ ကျောင်းချိုးမင်တစ်ယောက် အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့တော့တယ်။
မိဖုရားကျောင်းကလည်း အဖေဖြစ်သူကို ဆုံးဖြတ်ချက်ချဖို့ ဖိအားမပေးတော့ဘဲ ခုတင်ပေါ်မှာ ငြိမ်ငြိမ်လေး လှဲရင်း စောင့်နေလေရဲ့။
အတန်ကြာမှ ကျောင်းချိုးမင်ဆီက သက်ပြင်းချသံကြီး ထွက်ပေါ်လာတော့တယ်။ "ဒါဆို... သတ္တမမင်းသားကရော သေချာပေါက် အရွယ်ရောက်လာမှာလား"
"အဖေ နားမလည်သေးဘူးလား" မိဖုရားကျောင်းက ဆက်ပြောလေတယ်။
"အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုသာ မရှိတော့ရင် ကျွန်မတို့ ကျောင်းမိသားစု ရှေ့ဆက်ရမဲ့လမ်းက ဘယ်လိုလုပ် ဖြောင့်ဖြူးနိုင်တော့မှာလဲ။ လောလောဆယ် မင်းကြီး ဒေါသပြေသွားအောင် အရင်လုပ်ရမယ်၊ ပြီးမှ သတ္တမမင်းသားကိစ္စကို ဆက်ကြံကြတာပေါ့"
"အရှင်မင်းကြီးဆီက မျက်နှာသာ ပြန်ရဖို့ မယ်မယ် ထပ်ပြီး နည်းလမ်းရှာကြည့်ပါဦးလား" လို့ ကျောင်းချိုးမင်က တောင်းဆိုရှာတယ်။
"ကျွန်မ အရှင်မင်းကြီးဘေးမှာ ခစားလာတာ နှစ်တွေတောင် မနည်းတော့ဘူးလေ၊ သူ့ရဲ့ အကျင့်ကို ကျွန်မ အသိဆုံးပါ" မိဖုရားကျောင်းက တိုးလျလျ လေသံလေးနဲ့ ပြောရှာတယ်။ "ပန်းလှလှလေးတစ်ပွင့် တွေ့လိုက်တာနဲ့ သူက မျက်စိလည်သွားတတ်တာမျိုး။ အခုလို ရက်ကြာတဲ့ထိတောင် မျက်နှာမပြရရင် အရှင်မင်းကြီးရဲ့ ရင်ဘတ်ထဲမှာ ကျွန်မဆိုတဲ့လူ ရှိနေမှာတောင် မဟုတ်တော့ဘူး"
…