အခန်း ၉၂
Vol. 10 Ch. 92
အပိုင်း (၉၂) တစ်ချို့ကပျော်၊ တစ်ချို့ကငို
အဲ့ဒီနေ့က နန်းတော်ထဲကနေ ထွက်လာတဲ့ ကျောင်းချိုးမင်ကို ကြည့်ရတာ တစ်ချိန်လုံး သူကိုယ်သူ ပညာရှိတစ်ယောက်လို မားမားမတ်မတ်နေတတ်တဲ့ ခါးကြီးက ကိုင်းနေပြီး ခြေလှမ်းတွေကလည်း ယိုင်နဲ့နဲ့ဖြစ်နေရှာတယ်။ နန်းဆောင်တံခါးဝကနေ ဝေါယာဉ်ဆီသွားတဲ့ လမ်းတိုတိုလေးကိုတောင် ကျောင်းချိုးမင်ခမျာ အကြာကြီးလျှောက်နေရပြီး အသက်ရှစ်ဆယ် ကိုးဆယ်အရွယ် ကုသခင်ကြီးတစ်ယောက်လို ဖြစ်နေတာ။
ရှန်ကျုံးကလည်း မနှစ်ကမှ နန်းတော်ထဲရောက်လာပြီး မျက်နှာသာပေးမခံရသေးတဲ့ နန်းတွင်းသူလေး တချို့ကို လန်ရှူးစာကြည့်ဆောင်ဆီ ခေါ်လိုက်တယ်။
မိန်းမပျိုလေးတွေက ဆင်တူဂါဝန်ရှည်တွေဝတ်၊ ဆံပင်ပုံစံတူတွေပြင်ပြီး ရင်ဘတ်မှာ ပိုးဇာပါးပါးလေးတွေ လွှမ်းခြုံထားကြတာဆိုတော့ သူတို့ရဲ့ နုနယ်လှပတဲ့ ခန္ဓာကိုယ်လေးတွေက အပြစ်ကင်းစင်နေတဲ့ကြားကနေ ဆွဲဆောင်မှုတွေ အပြည့်ဖြစ်နေတာပေါ့။
သူတို့တစ်သိုက် မင်းကြီးကို အရိုအသေပေးပြီးတဲ့အခါမှာတော့ ကျင်းကျုံးက ဝင်ပြောလိုက်လေတယ်။
"မင်းတို့က မတ်တတ်ရပ်နေတုန်းပဲလား"
တူရိယာတီးခတ်သံတွေ ထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် မိန်းမပျိုလေးတွေကလည်း စည်းချက်ညီညီ ကပြဖျော်ဖြေကြတော့တယ်။
ရှန်ကျုံးက ကကွက်တွေကို အစက သိပ်စိတ်ဝင်စားပုံမရဘူး။ ဒါပေမဲ့ နောက်တော့ မျက်တောင်မခတ်တမ်းကို ကြည့်နေတော့တာ။ ဒီလိုနဲ့ အလှလေးတွေက သောကတွေပွေနေတဲ့ မင်းကြီးရဲ့ စိတ်ညစ်စရာတွေကို နောက်တစ်ကြိမ် ပြေပျောက်သွားစေပြန်တယ်။
ယွီးရှောင်ရှောင်က ကုညီအစ်ကိုနှစ်ယောက်နောက်ကနေ ကုအိမ်တော်ကို လိုက်လာခဲ့တယ်။ မြင်းလှည်းပေါ်ကနေ ဆင်းဆင်းချင်းမှာပဲ အိမ်မကြီးထဲကနေ ကုသခင်ကြီး ထွက်လာတာနဲ့ ပက်ပင်းတိုးတော့တာပဲ။ မြေးနှစ်ယောက်ရော ယွီးရှောင်ရှောင်ပါ ဘေးကင်းဘေးရှင်းရှိနေတာကို ကိုယ်တိုင်မြင်ရမှ အဘိုးကြီးလည်း သက်ပြင်းချနိုင်သွားတော့တယ်။
"မင်းသမီး... ဘာမှမဖြစ်ဘူးမလား"
"ဘာမှမဖြစ်ပါဘူး အဘိုးရဲ့။ အဘိုးက အပြင်ထွက်ပြီး လမ်းလျှောက်မလို့လား" ယွီးရှောင်ရှောင်က ပြန်မေးလေရဲ့။
ကုသခင်ကြီးခမျာ စိတ်ထဲကနေ ကြိတ်တွေးလိုက်မိတယ်။ 'လမ်းလျှောက်ရမလား၊ ငါက စိတ်ပူလွန်းလို့ သေတော့မလို ဖြစ်နေတာကို'
ကုရှင်းနော့က ကုသခင်ကြီးနား ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်လေတယ်။ "ကိစ္စပြတ်သွားပြီ။ ကျောင်းပေချန် အချုပ်ထဲ ရောက်သွားပြီ"
ကုသခင်ကြီးလည်း ဇဝေဇဝါနဲ့ ပြန်မေးတာပေါ့။ "ဒီကိစ္စက ဟိုကောင် ကျောင်းပေချန်နဲ့ပါ သက်ဆိုင်သွားတာလား"
ကုရှင်းနော့ စဉ်းစားကြည့်လိုက်တော့လည်း ဒီလို ဘုရားပေးတဲ့ ဇာတ်အလှည့်အပြောင်းကြီးကို အချိန်တိုအတွင်း အဘိုးကို ရှင်းပြလို့ ပြီးမှာ မဟုတ်ဘူးလေ။
ယွီးရှောင်ရှောင်ကတော့ ဘာမှမဖြစ်ခဲ့တဲ့လူလိုပဲ ကုသခင်ကြီးကို ပြောနေလေရဲ့။
"အဘိုး... ဒီနေ့ည ကျင်းမော့က ကျွန်မရယ် ရှောင်ကုရယ်ကို ထမင်းကျွေးမလို့တဲ့။ အိမ်မှာ ညစာ မချက်နဲ့တော့လေ၊ ကျွန်မတို့ အကုန်လုံး ပန်းကန်လုံး စားသောက်ဆိုင်သွားပြီး တစ်နပ်လောက် သွားဆွဲကြမလား"
ကုသခင်ကြီးက အံ့သြတကြီး မေးလာတယ်။ "အိမ်ရှေ့မင်းသား ကျင်းမော့က မင်းတို့နှစ်ယောက်ကို ထမင်းစား ဖိတ်ပြန်ပြီလား"
ကုရှင်းနော့က ကုသခင်ကြီးကို အိမ်ထဲ ဆွဲခေါ်သွားရတော့တာပေါ့။ ပြောစရာရှိတာ အိမ်ထဲရောက်မှ ပြောလို့ရတာပဲလေ။
သူတို့တစ်သိုက် အဘိုးရဲ့ စာကြည့်ခန်းထဲ ရောက်သွားတာတောင် ယွီးရှောင်ရှောင်က ကုသခင်ကြီးကို ဒီည ကျင်းမော့ဆိုတဲ့ သူဌေးကြီးဆီသွားပြီး တစ်မိသားစုလုံး အလကားသွားစားကြမလားလို့ ထပ်မေးနေပြန်တယ်။ ကုရှင်းနော့ကလည်း နန်းတော်ထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ကုသခင်ကြီးကို တစ်ခါတည်း ရှင်းပြလိုက်လေရဲ့။ ကုရှင်းလန်ကတော့ ကာယကံရှင်တစ်ယောက် ဖြစ်နေပေမဲ့ ဘေးမှာထိုင်နေရင်း ဝင်ပြောခွင့်တောင် မရရှာဘူး။
ကုသခင်ကြီးက ယွီးရှောင်ရှောင်ကိုကြည့်ပြီး ပြုံးလိုက်၊ ကုရှင်းနော့ကို ကြည့်ပြီးအံ့သြသွားလိုက်နဲ့ မျက်နှာအမူအရာတွေ အမျိုးမျိုးပြောင်းနေရလွန်းလို့ နောက်ဆုံးတော့ ပါးပြင်က ကြွက်သားတွေတောင် ညောင်းလာတော့တာပဲ။ အဲ့ဒါနဲ့ပဲ ယွီးရှောင်ရှောင်ကို အရင်ပြောရတော့တယ်။
"မင်းသမီးရယ်... ကျင်းမော့က တစ်မိသားစုလုံးကို ဖိတ်ထားတာမှ မဟုတ်တာ၊ ဘယ်လိုလုပ် သွားလို့ ကောင်းပါ့မလဲ"
ယွီးရှောင်ရှောင်က ထပ်မေးတာပေါ့။ "အဲ့လို စည်းကမ်းတွေရှိသေးတာလား၊ ထမင်းကျွေးရင် တစ်မိသားစုလုံးကို မဖိတ်ရဘူးလား"
ကုသခင်ကြီးက ခေါင်းညိတ်ပြလိုက်တာပေါ့။ ကျင်းမော့ ကျွေးတဲ့ထမင်းက အဲ့လောက် စားလို့လွယ်ပါ့မလား။ ကုမိသားစုက ရန်သူဘက် ကူးပြောင်းသွားပြီလို့ လူတွေ ဝေဖန်ကြရင် ဘယ်လိုလုပ်မလဲဆိုတာ တွေးပူနေရတာကိုး။
ယွီးရှောင်ရှောင်ကတော့ ကုသခင်ကြီး ခေါင်းညိတ်လိုက်တာကိုမြင်တော့ ချက်ချင်းကို စိတ်လေသွားတော့တာပဲ။ အဲ့ဒါနဲ့ ကုရှင်းလန်ရဲ့ ဘေးနားမှာပဲ ဝင်ထိုင်လိုက်တော့တယ်။
အဲ့ဒီကျမှ ကုရှင်းလန်က "အဘိုး၊ မင်းသမီးကို အခန်းထဲ ပြန်နားခိုင်းလိုက်ရအောင်လေ" လို့ စကားစလာတယ်။
ကုသခင်ကြီးကလည်း ခွင့်ပြုရှာတယ်။ "မင်းသမီး ပင်ပန်းနေရင်လည်း အခန်းထဲ ပြန်နားလိုက်ပါကွယ်"
ယွီးရှောင်ရှောင်တစ်ယောက် မပင်ပန်းပါဘူးလို့ ငြင်းမလို့ ရှိသေး၊ ကုရှင်းလန်က "အခန်းထဲမှာ စားစရာတွေ ရှိတယ်နော်" လို့ သူမကို တိုးတိုးလေး ကပ်ပြောလိုက်လေရဲ့။
စားစရာရှိတယ်ဆိုတဲ့စကားလည်း ကြားရော ယွီးရှောင်ရှောင်တစ်ယောက် ချက်ချင်းကို ထသွားတော့တာပဲ။ ကုအစ်ကိုကြီး ပြောတဲ့ စကားတွေကို သူမက နားမှ နားမလည်တာ၊ အခန်းထဲ ပြန်ပြီး မုန့်သွားစားနေတာကမှ ကောင်းဦးမယ်လေ။
ယွီးရှောင်ရှောင် ထွက်သွားတော့မှ ကုရှင်းလန်က သူ့အဘိုးနဲ့ အစ်ကိုကြီးကို ရှင်းပြတော့တယ်။
"ဆဋ္ဌမမင်းသားလေးက သူ့ရဲ့ ဝမ်းကွဲအစ်ကိုဆီ သွားဆော့ချင်တယ်ဆိုလို့ မင်းသမီးက ကျောင်းအိမ်တော်ကို ခေါ်သွားပေးရုံပါ။ မင်းသမီးက ကျောင်းမိသားစုကို ဒုက္ခပေးချင်လို့ လုပ်တာ မဟုတ်ပါဘူး"
"ဒါဆို မင်းပြောချင်တာက ဒီကိစ္စတွေအကုန်လုံးက တိုက်ဆိုင်သွားတာပေါ့လေ" ကုရှင်းနော့က ဝင်မေးလေတယ်။
"တကယ်ကို တိုက်ဆိုင်သွားတာပါဗျာ" ကုရှင်းလန်ကလည်း အတည်ပြုလေရဲ့။
အဲ့ဒီတော့မှ ကုသခင်ကြီးလည်း ဟက်ခနဲ အသံထွက်တဲ့အထိ သဘောကျသွားတော့တယ်။ ကျောင်းမိသားစုလည်း ဒီလောက်ထိ ကံဆိုးတတ်တဲ့ အချိန်တွေ ရှိသေးတာကိုး။ နတ်မင်းကြီးကတော့ တစ်ခါလောက် မျက်စိဖွင့်ကြည့်ပေးလိုက်ပြီ ထင်ပါရဲ့။
ကုရှင်းနော့လည်း ပြုံးတော့ ပြုံးနေမိပေမဲ့ စိတ်ထဲမှာတော့ သာမန်တိုက်ဆိုင်မှုသက်သက်ဆိုတာကို သိပ်မယုံချင်ဘူး။ ဆဋ္ဌမမင်းသားကို နန်းတော်ထဲကနေ ခေါ်ထုတ်လာတာရယ်၊ မင်းကြီးက ကျောင်းအိမ်တော်ကို လူလွှတ်လိုက်တာရယ်၊ မင်းသမီးက ဆဋ္ဌမမင်းသားကို ကျောင်းအိမ်တော်ဆီ ခေါ်သွားတာရယ်၊ ကျောင်းပေချန်က လူဝင်လုတာရယ်၊ မင်းသမီးက သွားတိုင်တာရယ်၊ နောက်ဆုံး ကျင်းမော့က နန်းတော်ထဲထိ ဝင်ပြီး လူသွားတောင်းတာရယ် စတဲ့ ကွင်းဆက်တွေထဲက တစ်ခုလေး လိုသွားရင်တောင် ဒီနေ့ကိစ္စကြီးက ဖြစ်လာစရာ အကြောင်းမရှိဘူးလေ။ ဒါကြီးက တကယ် ရိုးရိုးတိုက်ဆိုင်မှုလေးပဲလား။
"သတ္တမမင်းသားလေး ဘေးကင်းရင် ပြီးတာပါပဲ" ကုသခင်ကြီးကတော့ ရယ်ရင်းမောရင်းပဲ မြေးနှစ်ယောက်ကို ပြောလိုက်တယ်။
"ကျောင်းမိသားစုက နန်းတွင်းမှာ အမြစ်တွယ်နေတာ ကြာပြီ၊ ဒီလောက်လေးနဲ့ ပြိုလဲသွားပါစေလို့ မျှော်လင့်နေရင်တော့ ဘယ်ဖြစ်နိုင်ပါ့မလဲ"
"ဒါဆို ကျောင်းမိသားစုက ရှေ့ဆက် ဘာတွေ လုပ်လာနိုင်မလဲ" ကုရှင်းလန်က မေးလိုက်တာလေ။
ကုသခင်ကြီးရော ကုရှင်းနော့ပါ နှစ်ယောက်စလုံး ခေါင်းခါလိုက်ကြတယ်။ အခုအချိန်မှာ စစ်တုရင်ကို အကွက်ချရွှေ့ရမဲ့သူတွေက ကျောင်းချိုးမင်တို့ သားအဖဖြစ်နေပြီ။ သူတို့ကတော့ ဘေးကနေ ပွဲကြည့်ရုံ သက်သက်ပဲ။
အဲဒီအချိန်မှာ တရားရေးဝန်ကြီးကတော့ ကျောင်းချိုးမင် အခေါ်ခံရလို့ ကျောင်းအိမ်တော်ဆီ ရောက်နေခဲ့ပြီ။ အစကတော့ အမတ်ချုပ်ကြီးကျောင်းက သူ့သားအကြီးကို သေချာစောင့်ရှောက်ပေးဖို့ မှာမယ်ထင်နေတာလေ။ ဒါပေမဲ့ ကျောင်းချိုးမင်ရဲ့ တိုးတိုးတိတ်တိတ် ခိုင်းစေချက်တွေကို နားထောင်ပြီးတဲ့နောက်မှာတော့ တရားရေးဝန်ကြီးခမျာ မှင်တက်သွားတော့တာပဲ။
"အမတ်ချုပ်ကြီး... ဘာလို့ ဒီလောက်ထိ လုပ်ရတာလဲဗျာ" သူ့ခမျာ အာမေဍိတ်သံတောင် ထွက်သွားတယ်။ ကျားဆိုးတောင် ကိုယ့်သားသမီးကို ပြန်မစားဘူးဆိုတဲ့ စကားရှိတာပဲ၊ ကျောင်းချိုးမင်က ဘယ်လိုလုပ်ပြီး သူ့သားအရင်းခေါက်ခေါက်ကိုမှ ဒီလောက် ရက်ရက်စက်စက် လုပ်ရက်ရတာပါလိမ့်။
ကျောင်းချိုးမင်ကတော့ တရားရေးဝန်ကြီးကို လက်ကာပြရင်း ပြောလိုက်လေတယ်။ "ငါ ဆုံးဖြတ်ချက်ချပြီးသွားပြီ၊ မင်းသာ ပြန်ပြီး စီစဉ်လိုက်တော့"
တရားရေးဝန်ကြီးကလည်း ထပ်ပြီး တားရှာတယ်။ "အမတ်ချုပ်ကြီး... ဒီကိစ္စကိုတော့ သေချာလေး စဉ်းစားပါဦး"
ကျောင်းချိုးမင်ကတော့ ဘာစကားမှ ထပ်မပြောတော့ဘဲ တရားရေးဝန်ကြီးကို လက်ယမ်းပြပြီးပဲ ထွက်သွားခိုင်းလိုက်တော့တယ်။
တရားရေးဝန်ကြီးကတော့ ခြေထောက်တွေ ခွေယိုင်ပြီး ကျောင်းအိမ်တော်ထဲကနေ ထွက်လာခဲ့ရတာပေါ့။ နောက်လိုက်တွေက သူ့ကို ဝေါယာဉ်ပေါ် တောင် တွဲတင်ပေးလိုက်ရသေး။ ဝေါယာဉ်ထဲမှာ ကြောင်တောင်တောင်နဲ့ အတော်ကြာအောင် ထိုင်နေပြီးမှပဲ တရားရေးဝန်ကြီးက "ရုံးတော်ကို ပြန်မယ်" လို့ အမိန့်ပေးလိုက်တော့တယ်။
ဝေါယာဉ်ရှေ့ကနေ ရုံးတော်အစောင့်တွေက မောင်းတီးပြီး လမ်းရှင်းပေးနေကြတယ်။
ဝေါယာဉ်လှုပ်ခါနေတာနဲ့အမျှ တရားရေးဝန်ကြီးရဲ့ ခန္ဓာကိုယ်ကြီးကလည်း ယိမ်းထိုးနေတာပေါ့။ သူသာ အံကြိတ်ပြီး ထိန်းမထားနိုင်ခဲ့ရင် ကျောင်းချိုးမင်ဆီ ချက်ချင်း ပြေးသွားပြီး 'စည်းစိမ်ဥစ္စာ ရာထူးအာဏာလေးအတွက်နဲ့ ကိုယ့်သားအရင်းကိုတောင် စွန့်ပစ်ရက်တာ တန်ရဲ့လား' လို့ သွားမေးပစ်လိုက်ချင်စိတ် ပေါက်နေတာ။
ဝေါယာဉ်က ကျောက်တံတားကြီးထိပ်နား ဖြတ်သွားတဲ့အချိန်မှာတော့ နောက်လိုက်တစ်ယောက်က ဝေါယာဉ်ပြတင်းပေါက် အပြင်ဘက်ကနေ လှမ်းသတင်းပို့လေတယ်။ "သခင်ကြီး... ပိုင်ဟူတိုင်းပြည်က စစ်သူကြီးချုပ် ကျော်ယို့ တံတားထိပ်မှာ ထိုင်နေပါတယ်"
တရားရေးဝန်ကြီးက 'အင်း' လို့ပဲ ခပ်တိုတို တုံ့ပြန်လိုက်တယ်။ ဝေါယာဉ်ကန့်လန့်ကာကို လှန်ကြည့်ဖို့တောင် စိတ်မပါတော့ဘူးလေ။
ကျော်ယို့ကတော့ နောက်လိုက်နှစ်ယောက်ကို ခေါ်ပြီး ဝမ်အဖွားကြီးရဲ့ ဈေးဆိုင်လေးမှာ စားပွဲတစ်လုံးကို နေရာဦးထားတာ။ သူ့ရှေ့မှာလည်း ပန်းကန်လုံးအလွတ်တွေ တစ်ပုံကြီး ထပ်ထားလေရဲ့။ တံတားထိပ်က တိုက်ခတ်လာတဲ့ ဆောင်းဦးလေအေးတွေကြောင့် ကျော်ယို့ခမျာ နှာရည်တွေတောင် တရွှဲရွှဲ ကျနေပြီပေါ့။
နောက်လိုက်တစ်ယောက်က သူ့လက်တွေကို အင်္ကျီလက်ပွကြီးထဲ ထိုးထည့်ထားရင်း ကျော်ယို့ကို ပြောရှာတယ်။
"သခင်ကြီး... ကျွန်တော်တို့ ဒီနေရာမှာ မနေ့ညကတည်းက စောင့်နေကြတာ။ လင်းလုံမင်းသမီးကတော့ သေချာပေါက် လာတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ပြန်ပြီး နားကြရအောင်လား"
ကျော်ယို့က ငြင်းတာပေါ့။ "သူ မနေ့က ညဈေးကို လာမယ်လို့ သေချာပေါက် ပြောသွားတာလေကွာ"
နောက်လိုက်နှစ်ယောက်စလုံး စိတ်ထဲကနေ မျက်စောင်း အခါခါ ထိုးလိုက်မိကြတယ်။ သူတို့သခင်ခမျာ လင်းလုံမင်းသမီးနဲ့ တွေ့ပြီးကတည်းက ပုံမှန်ကို မဟုတ်တော့တာ။ အခုတောင် မိုးလင်းနေပြီကို ညဈေးဆိုပြီး ပြောနေတုန်းပဲလေ။
"ဒါမှမဟုတ် သခင်ကြီး ကုအိမ်တော်ကို သွားပြီး မင်းသမီးကို သွားရှာမလားဟင်" နောက်ထပ် နောက်လိုက်တစ်ယောက်က အကြံပေးလာတယ်။ ဝမ်အဖွားကြီးခမျာလည်း သူတို့ကြောင့် မနေ့ညကတည်းက ဆိုင်မသိမ်းရသေးဘူးလေ။ အဖွားကြီးက သူတို့ကို နှင်မထုတ်ရဲပေမဲ့ လူဆိုတာလည်း ကိုယ့်အသိစိတ်နဲ့ကိုယ်တော့ ရှိသင့်တယ် မဟုတ်လား။
ကျော်ယို့က အော်တာပေါ့။
"ငါနဲ့ ကုရှင်းလန်က သေရင်တောင်ထချမဲ့ ရန်သူတွေလေကွာ။ ငါက သူ့အိမ် သွားရမှာလား"
'သခင်ကြီးနဲ့ တတိယသခင်လေးကုက ထမင်းတစ်ဝိုင်းတည်း အတူတူ ထိုင်စားဖူးနေတာတောင် သေခန်းပြတ် ရန်သူ လုပ်နေသေးတယ်' လို့ နောက်လိုက်နှစ်ယောက်က စိတ်ထဲကနေ ကဲ့ရဲ့လိုက်မိလေရဲ့။
အဲ့ဒီအချိန်မှာပဲ တတိယမြောက် ကိုယ်ရံတော်က တံတားဟိုဘက်ထိပ်ကနေ ကျော်ယို့ဆီ ပြေးလာတယ်။ သူက ချွေးသံတရွှဲရွှဲနဲ့ စစ်သူကြီးချုပ်ကို သတင်းပို့တာပေါ့။ "သခင်ကြီး... စုံစမ်းလို့ ရခဲ့ပါပြီ။ ဒီနေ့ လင်းလုံမင်းသမီးရယ်၊ ကုရှင်းလန်ရယ်ကို ကျင်းမော့က ပန်းကန်လုံးကြီး စားသောက်ဆိုင်မှာ ထမင်းစား ဖိတ်ထားတယ်တဲ့"
"ကျင်းမော့ ဟုတ်လား"
ကိုယ်ရံတော်က ခေါင်းညိတ်ပြလေတယ်။
"တောက်စ်" ကျော်ယို့က စားပွဲကို ဝုန်းကနဲ ရိုက်ပြီး မတ်တတ်ရပ်လိုက်လေရဲ့။ "ဒီကောင် မင်းသမီးကို ထမင်းကျွေးတာ နှစ်ခါရှိနေပြီ။ ဒီကောင် ရိုးရိုးသားသား မဟုတ်ဘူးဆိုတာ ငါ သိနေသားပဲ"
နောက်လိုက်သုံးယောက်စလုံး တစ်ပြိုင်နက်တည်း ခေါင်းလှည့်ပြီး မျက်စောင်းထိုးလိုက်မိကြတယ်။ အိမ်ရှေ့မင်းသား ကျင်းမော့က မိန်းမတစ်ယောက် ရိုက်နှက်တာကို ခံချင်တဲ့ ဝါသနာတော့ မရှိလောက်ပါဘူးလေ။
"ဒီနေ့ည ငါလည်း သွားမယ်" ကျော်ယို့က ပြောပြောဆိုဆိုနဲ့ ရှေ့ကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားတော့တယ်။
နောက်လိုက်သုံးယောက်လည်း ကျော်ယို့နောက်ကနေ ပြေးလိုက်ရင်း မေးရတာပေါ့။ "ဒါဆို အခု သခင်ကြီး ဘယ်သွားမလို့လဲ"
"ဧည့်ရိပ်သာကို ပြန်မယ်လေ" ကျော်ယို့က ပြန်ဖြေတယ်။ "ငါ ရေမိုးချိုးပြီး အဝတ်အစား သွားလဲမလို့"
…