← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အပိုင်း (၉၄) တံတိုင်းအောက်ဝယ်

အမည်းရောင်ဝတ် လူတစ်စု ဝေးသွားတာကို လိုက်ကြည့်နေရင်း ရှောင်ကျွမ်း ခေါင်းလှည့်လိုက်တော့ သူ့မင်းသမီးကလည်း အဲ့ဒီလူတွေကို လိုက်ကြည့်နေလေရဲ့။ "သိုင်းပညာတတ်တယ်" ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို ဆက်ပြောတယ်။ "ရုပ်ရည်ကိုတော့ သေချာမမြင်ရဘူး၊ ဒါပေမဲ့ ဝတ်ထားတဲ့ အဝတ်အစားတွေက ကျူးယိလူမျိုးတွေနဲ့ တူတယ်"

ယွီးရှောင်ရှောင်ကတော့ "လူသတ်ချင်နေတဲ့ အငွေ့အသက်တွေ ရတယ်" လို့ပဲ ခပ်တိုတို မှတ်ချက်ချလိုက်တော့တယ်။

ရှောင်ကျွမ်းလည်း လူအုပ်ထဲ ရောပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အမည်းရောင်ဝတ် လူတွေကို ကမန်းကတန်း လှည့်ကြည့်ရင်း "လူသတ်ချင်တဲ့ အငွေ့အသက်ဟုတ်လား။ သူတို့က လူသွားသတ်မလို့လား" လို့ မေးလိုက်တာပေါ့။

ကြက်သားပေါင်း သွားဝယ်တဲ့ ရှောင်ဝေ ပြန်ရောက်လာတော့လည်း "သူတို့က ဘယ်သူ့ကို သတ်မလို့တဲ့လဲ" လို့ ဝင်မေးလိုက်ပြန်တယ်။

ယွီးရှောင်ရှောင်က ရှောင်ဝေ ဝယ်လာတဲ့ ကြက်ကောင်လုံးကြီး နှစ်ကောင်ကို ကြည့်ပြီး ကြက်ပေါင်တစ်ချောင်းကို လက်နဲ့ ဆွဲဖြုတ်ယူလိုက်တယ်။

"မင်းသမီးနဲ့ ငါက တစ်ချက်လေးပဲ လှမ်းမြင်လိုက်ရတာ၊ သူတို့ ဘယ်သူ့ကို သွားသတ်မလဲဆိုတာတော့ ဘယ်သူ သိမှာလဲ"

ရှောင်ဝေက သူ့ညီကို တစ်ချက်ကြည့်ပြီး နောက်လိုက်လေရဲ့။ "မင်းက လူသတ်ချင်တဲ့ အငွေ့အသက်ကိုတောင် ခံစားမိနေပြီပေါ့လေ"

ရှောင်ကျွမ်းခမျာ ဘာမှဆက်မပြောနိုင်တော့ဘဲ ငိုချင်စိတ်တောင် ပေါက်သွားရှာတယ်။ တကယ်တော့ သူ ဘာမှ သတိမထားမိလိုက်ပါဘူး။

ယွီးရှောင်ရှောင်က ကြက်ပေါင်တစ်ချောင်းကို ရှောင်ကျွမ်းဆီ ကမ်းပေးရင်း အကြံပေးလေရဲ့။

"ဒါဆိုလည်း မင်း သူတို့နောက် လိုက်သွားပြီး သွားစုံစမ်းကြည့်လိုက်လေ"

"မင်းသမီး... သူတို့ဆီမှာ လူသတ်ချင်တဲ့ အငွေ့အသက်တွေ ရှိနေတိုင်းလည်း လူသွားသတ်မယ်လို့ တပ်အပ်ပြောလို့ မရဘူးလေ" ရှောင်ကျွမ်းက ငြင်းရှာတယ်။

"မင်းသမီးက သွားကြည့်ခိုင်းနေမှတော့ သွားကြည့်လိုက်ပေါ့ကွာ" ရှောင်ဝေက ဝင်ပြောတာပေါ့။ လူတွေ ရှုပ်ယှက်ခတ်နေတဲ့ လမ်းမကြီးပေါ်မှာ သူတို့သုံးယောက် မတ်တတ်ရပ်ပြီး လူသတ်မဲ့ကိစ္စကြီးကို ဆွေးနွေးနေတာ ကောင်းပါ့မလား။

ရှောင်ကျွမ်းလည်း ကြက်ပေါင်ကြီးကို ကိုက်ရင်း အဲ့ဒီလူတွေနောက်ကို ပြေးလိုက်သွားရတော့တာပဲ။

ယွီးရှောင်ရှောင်က စကားပြောနေရင်းနဲ့တောင် ကြက်ပေါင်နှစ်ချောင်းလုံးကို ဗိုက်ထဲ ထည့်ပြီးသွားပြီလေ။ ရှောင်ဝေ ဘာမှမစားတာကို မြင်တော့ "မင်းလည်း စားလေ၊ မလောက်ရင် ငါတို့ ထပ်ဝယ်ကြတာပေါ့" လို့ တိုက်တွန်းလိုက်ပြန်တယ်။

ရှောင်ဝေက ခေါင်းသာ ညိတ်ပြပြီး ဘာမှ မစားရဲဘူး။ သူသာ စားလိုက်ရင် မင်းသမီးအတွက် မလောက်မင ဖြစ်သွားမှာကို စိုးရိမ်နေတာလေ။

ယွီးရှောင်ရှောင်က ရှေ့ကို ဆက်လျှောက်သွားရင်း သကြားလှော် သစ်အယ်သီး ရောင်းတဲ့ ဈေးဆိုင်လေး တစ်ဆိုင်ကို ရုတ်တရက် မြင်လိုက်ရတော့မှ သတိရသွားလေရဲ့။ "ရှောင်ကျွမ်းက သစ်အယ်သီးတွေ ယူသွားပြီ"

ရှောင်ဝေလည်း သက်ပြင်းချရင်း မေးရှာတယ်။ "ဒါဆို ကျွန်တော်မျိုး နောက်တစ်ထုပ် သွားဝယ်လိုက်ရမလား"

"အလဟဿ မဖြုန်းတီးရဘူး" ယွီးရှောင်ရှောင်က ရှောင်ဝေကို မျက်နှာတည်ကြီးနဲ့ ဆုံးမလိုက်တာပေါ့။

"စားစရာကို ဖြုန်းတီးတဲ့သူတွေက အသေဆိုးနဲ့ သေတတ်တယ်"

ရှောင်ဝေခမျာ မင်းသမီးနဲ့ ဆက်ပြီး စကားမပြောချင်တော့ဘူး၊ ရင်ထဲမှာတော့ ဆို့နင့်သွားတာပဲ။

ယွီးရှောင်ရှောင်က ရှောင်ဝေရဲ့ ပါးစပ်ထဲကို ကြက်တောင်ပံတစ်ချောင်း အတင်း ထိုးထည့်လိုက်တယ်။ မင်းသမီး အမြင်မှာတော့ ဒီလူငယ်လေးက ကုရှင်းလန်လိုပဲ တွေးဝေငေးမောတတ်တဲ့ လူငယ်လေး ဖြစ်နေတာကိုး။ ယွီးရှောင်ရှောင်က ကုရှင်းလန်အတွက် စိတ်ပူရသလို ရှောင်ဝေအတွက်လည်း စိတ်ပူနေမိတယ်။ ဒီလို အကျင့်စရိုက်မျိုးနဲ့ဆို နောင်ကျရင် ကောင်မလေးတွေကို ဘယ်လို ရည်းစားစာပေးပြီး ကလေးတွေ ဘယ်လိုမွေးကြမလဲပေါ့။

ကြက်သားပေါင်းကြီး ကိုင်ပြီး လမ်းမပေါ်မှာ လမ်းလျှောက်ရင်း စားနေရတာက ယောက်ျားကောင်းတစ်ယောက်ရဲ့ ပုံရိပ်ကို တော်တော်လေး ထိခိုက်စေတယ်လေ။ ဒါပေမဲ့ ရှောင်ဝေမှာ ရွေးချယ်စရာ မရှိပါဘူး။ မင်းသမီးတောင် ပုံရိပ်ဘာညာ ဂရုမစိုက်ဘဲ အားပါးတရ ကိုက်စားနေတာကို သူက သက်တော်စောင့်တစ်ယောက်ဖြစ်ပြီး အထက်တန်းစား သခင်လေးတစ်ယောက်လို လုပ်နေလို့မှ မရတာ။ ဒါကြောင့် ရှောင်ဝေတစ်ယောက် သူ့မင်းသမီးနဲ့အတူ ပုံရိပ်ကိုပါ လွှင့်ပစ်လိုက်ရတော့တာပါပဲ။

ရှောင်ကျွမ်းကတော့ အမည်းရောင်ဝတ် လူတစ်စုနောက်ကို လမ်းနှစ်လမ်းလောက်အထိ ပြေးလိုက်သွားခဲ့တာ။ အဲ့ဒီလူတွေ နောက်ကို တကောက်ကောက်လိုက်သွားရင်း ရုံးတော်အထိ ရောက်သွားလေရဲ့။ အဲ့ဒီလူတွေ ရုံးတော်ရဲ့ နောက်ဖေးခြံစည်းရိုးကို ကျော်ခွပြီးဝင်သွားကြတယ။

ရှောင်ကျွမ်းလည်း ခြံစည်းရိုးတံတိုင်းပေါ် မှောက်ခုံလေးနေရင်း အဲ့ဒီအမည်းရောင်ဝတ်လူတွေ ဘယ်သွားမလို့လဲဆိုတာကို လိုက်ကြည့်နေတာပေါ့။ သူတို့တစ်သိုက်က အကျဉ်းထောင်ရှိရာဘက်ကို ပြေးသွားကြတာလေ။

ရှောင်ကျွမ်းက ရုံးတော်ထဲကို ဆက်မဝင်တော့ဘူး။ ကျူးယိလူမျိုးတချို့က သူတို့ ဖုန်ထျန်းတိုင်းပြည်ရဲ့ ရုံးတော် အကျဉ်းထောင်ထဲကို ဘာကိစ္စ ဝင်ပြေးရတာလဲပေါ့။ ရှောင်ကျွမ်းကတော့ ဒီကိစ္စဟာ သူဝင်ပါရမဲ့ ကိစ္စမဟုတ်ဘူးလို့ တွေးလိုက်မိတယ်။ ပါးစပ်ဟပြီး ရုံးတော်အစောင့်တွေကို ဖမ်းခိုင်းဖို့အတွက် အော်ခေါ်မလို့ လုပ်ပြီးမှ အတွေးတစ်ချက် ဝင်လာတယ်။ တရားရေးဝန်ကြီးက ကျောင်းချိုးမင်ရဲ့လူလေ။ ရှောင်ကျွမ်းက ဉာဏ်ရည်ပိုင်းမှာ ရှောင်ဝေလောက် မထက်မြက်ပေမဲ့ ရှန်ကျုံးဘေးမှာ ခစားရင်း နန်းတွင်းအရှုပ်တော်ပုံတွေကို နှစ်ပေါင်းများစွာ ထိုင်ကြည့်လာခဲ့တဲ့သူ မဟုတ်လား။ ဘာလို့ ဒီကျူးယိလူတွေက သူတို့အနားကနေမှ ကွက်တိလာဖြတ်သွားရတာလဲ။ သူတို့ သတိထားမိအောင် ဘာလို့များ တမင်လာလုပ်ပြနေရတာလဲ။ ဝင်သွားတဲ့ နေရာကလည်း ဘာလို့ ကျောင်းချိုးမင်ရဲ့ ပိုင်နက်ထဲ ဖြစ်နေရတာလဲ။ ဒါက သူ့မင်းသမီးကို ပစ်မှတ်ထားတဲ့ အကြံအစည်များ ဖြစ်နေမလား။ ဒီအထိ တွေးမိသွားတော့ ရှောင်ကျွမ်းက ခြံစည်းရိုးပေါ်ကနေ ချက်ချင်းပဲ ပြတ်ပြတ်သားသား ခုန်ဆင်းလိုက်ပြီး သူ့မင်းသမီးကို ရှာဖို့ လှည့်ပြန်လာခဲ့လိုက်တော့တယ်။

ယွီးရှောင်ရှောင်နဲ့ ရှောင်ဝေတို့ နှစ်ယောက်ကတော့ အော်ကွေ့ကြည်ရောင်းတဲ့ ဆိုင်လေးရှေ့မှာ ဆောင့်ကြောင့်လေးတွေထိုင်ရင်း သူတို့ရဲ့ အော်ကွေ့ကြည်လေးတွေ ကျက်လာမဲ့အချိန်ကို စောင့်နေကြလေရဲ့။

ရှောင်ဝေခမျာ ကြက်သားတစ်ကောင်ရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို အတင်းကိုက်ဆွဲစားထားရတာဆိုတော့ ဗိုက်တွေကားပြီး လေချဉ်တောင် တက်လာတယ်။ အဲ့ဒါနဲ့ ယွီးရှောင်ရှောင်ကို ပြောရတော့တာပေါ့။

"မင်းသမီး... ခဏနေ ပန်းကန်လုံးကြီး စားသောက်ဆိုင်ကို ပြန်ရောက်ရင် ဒီအစေခံ ထပ်စားနိုင်တော့မှာ မဟုတ်ဘူးနော်"

"ဒီအစေခံက ဘာကြီးတုံး" ယွီးရှောင်ရှောင်က ဆီအိုးထဲမှာ ပေါ်လိုက်မြုပ်လိုက်ဖြစ်နေတဲ့ အော်ကွေ့ကြည်တွေကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း ပြောလေရဲ့။ "မင်းကို ငါ့အစေခံအဖြစ် သဘောမထားပါဘူး"

"ဒါဆို... ကျွန်တော်မျိုးက 'ကျွန်တော်' လို့ပဲ သုံးရမလားဟင်" ရှောင်ဝေက မေးလိုက် လေရဲ့ ။

"ရတာပေါ့" ယွီးရှောင်ရှောင်က ပြန်ဖြေရင်း မေးပြန်တယ်။ "ငါးဆယ်သားလောက်ဆို လောက်မလား"

ရှောင်ဝေခမျာ နောက်ထပ် လေချဉ်တစ်ချက် ထပ်တက်လာပြန်တယ်။ သူ့စိတ်ထဲမှာတော့ အော်ကွေ့ကြည်အစိတ်သားလောက် ဝယ်ရင်တောင် လုံလောက်နေပြီလို့ ထင်နေတာလေ။

အဲ့ဒီအချိန်မှာပဲ ရှောင်ကျွမ်းက သူ့မင်းသမီးကို ရှာတွေ့သွားတယ်။

ယွီးရှောင်ရှောင်က ရှောင်ကျွမ်းကို မြင်လိုက်တာနဲ့ ဘာမှတွေးမနေဘဲ ခေါင်းလှည့်ပြီး အော်ကွေ့ကြည်နေတဲ့ အဖွားကြီးကို လှမ်းမှာလိုက်လေတယ်။ "နောက်ထပ် ငါးဆယ်သား ထပ်ကြော်ပေးပါဦး"

ရှောင်ကျွမ်းလည်း ယွီးရှောင်ရှောင်ရဲ့ ဘေးနားမှာ ဝင်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ရင်း ကမန်းကတန်း သတင်းပို့လေရဲ့။ "မင်းသမီး... အဲ့ဒီလူတွေ ရုံးတော်ကို သွားကြတယ်ဗျ"

"သွားတော့ရော ဘာဖြစ်လဲ၊ သူတို့ ဘယ်သူ့ကို သတ်လိုက်လို့လဲ"

"ကျွန်တော် အထဲအထိ ဆက်မလိုက်ရဲဘူး၊ အဲ့ဒါက ကျောင်းချိုးမင်ရဲ့ နေရာလေ၊ ထောင်ချောက်ထဲ ဆင်းမိသွားမှာ ကြောက်လို့ပါ"

ယွီးရှောင်ရှောင်က မျက်မှောင်ကြုတ်လိုက်တာပေါ့။ ဘယ်နေရာသွားသွား ဒီကျောင်းချိုးမင်ရဲ့ ကိစ္စချည်းပဲ လာလာပတ်သက်နေသလိုပဲ။

ယွီးရှောင်ရှောင်က ရှောင်ကျွမ်းကို အာရုံစိုက်နေတဲ့ အချိန်လေးကို အခွင့်ကောင်းယူပြီး ရှောင်ဝေက အော်ကွေ့ကြည်ကြော်နေတဲ့ အဖွားကြီးကို "ကျွန်တော်တို့ ငါးဆယ်သားပဲ ယူမယ်နော်" လို့ လှမ်းပြောလိုက်လေတယ်။

အဖွားကြီးကလည်း အတင်းအကျပ် ရောင်းချင်တဲ့သူ မဟုတ်လေတော့ ရှောင်ဝေကို "ရပါတယ်ကွယ်" လို့ ပြန်ဖြေရှာတယ်။

ရှောင်ကျွမ်းက မေးလေရဲ့။ "မင်းသမီး... ကျွန်တော်တို့ ရုံးတော်ကို သွားကြည့်ကြမလား"

"မင်း သွားချင်တယ်ဆိုရင်လည်း သွားကြည့်ကြတာပေါ့"

ရှောင်ကျွမ်းကတော့ ခေါင်းခါရင်း "ကျွန်တော် မသွားချင်ပါဘူး" လို့ ငြင်းရှာတယ်။

အဲ့ဒီတော့မှ ယွီးရှောင်ရှောင်က ရှောင်ကျွမ်းရဲ့ လက်ကို လှမ်းကြည့်ပြီး မေးတော့တာပဲ။ "ငါတို့ရဲ့ သကြားလှော် သစ်အယ်သီးတွေရော ဘယ်ရောက်သွားလဲ"

ရှောင်ကျွမ်းခမျာ ဟာလာဟင်းလင်းဖြစ်နေတဲ့ သူ့လက်နှစ်ဖက်ကို ကြည့်လိုက်မိတယ်။ လခွမ်း…. သကြားလှော် သစ်အယ်သီးထုပ်ကို ခြံစည်းရိုးတံတိုင်းအောက်မှာ မေ့ထားခဲ့မိပြီလေ။

"အကုန်စားပစ်လိုက်ပြီလား" ယွီးရှောင်ရှောင်က မေးတာပေါ့ ။

ရှောင်ကျွမ်းလည်း ပြာပြာသလဲထပြီး တရားရေးရုံးတော်ဘက်ကို ပြေးရင်း ပြောရှာတယ်။ "မင်းသမီး ခဏစောင့်နော်၊ ကျွန်တော် သွားပြန်ယူလိုက်ဦးမယ်"

ယွီးရှောင်ရှောင်က ဒယ်အိုးထဲကနေ ခုလေးတင် ဆယ်ထားတဲ့ အော်ကွေ့ကြည်ကို စားရင်း အဖွားကြီးကို စားလို့ကောင်းကြောင်း ချီးမွမ်းလိုက်သေးတယ်။ ပြီးတော့မှ ရှောင်ဝေကို ဆက်ပြောတယ်။

"ငါတို့ ရှောင်ကျွမ်းနောက် လိုက်သွားရအောင်၊ နောက်ကျသွားလို့ ငါတို့ရဲ့ သစ်အယ်သီးတွေကို တစ်ယောက်ယောက် ယူသွားရင် ဒုက္ခ"

ရှောင်ဝေလည်း ယွီးရှောင်ရှောင်နောက်ကနေ လိုက်သွားရတာပေါ့။ ရုံးတော်လို ခြောက်ကပ်ကပ်နဲ့ အသည်းယားစရာကောင်းတဲ့ နေရာမျိုးကို ဘယ်သူက အလုပ်မရှိ အလုပ်ရှာပြီး အားအားယားယား သွားလည်ချင်မှာတဲ့လဲ။ ဒါပေမဲ့မင်းသမီးရဲ့ အစာအိမ်အတွက် စဉ်းစားကြည့်ရင်တော့ မင်းသမီး လမ်းနည်းနည်းပိုလျှောက်တာ ပိုကောင်းမယ်လို့ ရှောင်ဝေ တွေးလိုက်မိတယ်။ လမ်းတစ်လျှောက်လုံးလည်း စားလာတာပဲလေ၊ ခဏနေရင် ပန်းကန်လုံးကြီး စားသောက်ဆိုင်မှာလည်း ဝိုင်းလုံးပြည့် ဟင်းပွဲတွေက မင်းသမီးကို စောင့်နေသေးတယ် မဟုတ်လား။

ရှောင်ကျွမ်းခမျာ သူမှောက်ကြည့်ခဲ့တဲ့ တရားရေးရုံးတော် ခြံစည်းရိုးအောက်ကို အပြေးပြန်ရောက်သွားတော့ သူ့ရဲ့ သကြားလှော်သစ်အယ်သီးတွေ မြေကြီးပေါ် ပြန့်ကျဲနေတာကို မြင်လိုက်ရ လေရဲ့ ။ လမ်းဘေးကြောင်တချို့က သစ်အယ်သီးတွေကို ကိုက်ချီပြီး စားဖို့တောင် ပြင်နေကြပြီလေ။ ရှောင်ကျွမ်းလည်း ကြောင်တွေကို မောင်းထုတ်လိုက်ပြီး မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ရင်း သစ်အယ်သီးတွေကို လိုက်ကောက်နေရတော့တယ်။ သစ်အယ်သီးတွေက တော်တော်လေး လျော့သွားသလိုပဲမို့ မင်းသမီးကို အားနာစိတ်တွေတောင် ဝင်လာမိတယ်။

ယွီးရှောင်ရှောင်နဲ့ ရှောင်ဝေတို့ တံတိုင်းအောက် ရောက်သွားတဲ့ အချိန်မှာတော့ ရှောင်ကျွမ်းက သကြားလှော် သစ်အယ်သီးတွေကို ကောက်လို့ ပြီးသွားတဲ့ အချိန်နဲ့ ကွက်တိပဲ။

သစ်အယ်သီးတွေ ရှိနေသေးတာကို မြင်တော့မှ ယွီးရှောင်ရှောင်လည်း စိတ်အေးသွားတော့တယ်။ ပြီးတော့ တရားရေးရုံးတော်ရဲ့ မီးခိုးရောင် တံတိုင်းအမြင့်ကြီးကို ခေါင်းမော့ကြည့်ရင်း "ဒီအထဲက ရုံးတော်လား" လို့ မေးလိုက်တော့ တယ်။

"ဟုတ်ပါတယ်" ရှောင်ဝေငက ပြန်ဖြေတယ်။

ရှောင်ကျွမ်းကလည်း ပြန်ပြောတာပေါ့။ "သမက်တော် အရင်က ဒီအထဲမှာ အကျဉ်းကျခံခဲ့ရတာလေ"

အင်း...ဒါက ကုရှင်းလန်ကို အကျဉ်းချဖူးတဲ့ နေရာပေါ့။ ယွီးရှောင်ရှောင်က ကိုယ်ကို တစ်ချက်ပင့်ခုန်လိုက်ပြီး တံတိုင်းပေါ် တက်သွားတော့တယ်။ "ဒါဆို ငါတို့ အထဲဝင်ပြီး ကြည့်ကြတာပေါ့"

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့လည်း ယွီးရှောင်ရှောင်နောက်ကနေ တံတိုင်းပေါ်ကို လိုက်ခုန်တက်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး။

ယွီးရှောင်ရှောင်က ဟိုတစ်ကွက် ဒီတစ်ကွက် မီးရောင်လေးတွေ လင်းနေတဲ့ ရုံးတော်ကို လှမ်းကြည့်လိုက်တယ်။ ဒီကမ္ဘာကို ရောက်လာပြီးကတည်းက ဒီကမ္ဘာရဲ့ အကျဉ်းထောင်တွေ ဘယ်လိုပုံစံရှိလဲဆိုတာ သူမ မမြင်ဖူးသေးဘူးလေ။ အခု ကြည့်ရသလောက်တော့ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းတွေနဲ့မို့ ဒါက ပန်းခြံလား၊ အကျဉ်းထောင်လားတောင် မသဲကွဲဘူး ဖြစ်နေတယ်။

ရှောင်ဝေက ရှောင်ကျွမ်းကို လှမ်းမေးလိုက်တာပေါ့။ "ဟိုကျူးယိကလူတွေ အလုပ်ပြီးသွားလောက်ပြီလား။ ဘာလို့ ရုံးတော်ထဲမှာ လှုပ်ရှားသံတစ်ခုလေးတောင် မကြားရတာလဲ"

ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို တိုက်တွန်းရှာတယ်။ "မင်းသမီး... တစ်ခုခု အကွက်ဆင်ထားသလို ခံစားရတယ်။ ကျွန်တော်တို့ ပြန်ကြရအောင်လေ"

ယွီးရှောင်ရှောင်ကတော့ ပါးစပ်ထဲက အော်ကွေ့ကြည်ကို မျိုချပြီး ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တော့တယ်။ "အထဲ ဝင်ကြည့်ကြတာပေါ့"

…

All Chapters