← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

အပိုင်း (၉၆) မိသားစုကို ဦးစားပေးတဲ့ ယောက်ျား

ယွီးရှောင်ရှောင်က ကျောင်းပေချန် စွပ်စွဲနေတာတွေကို ပြန်စဉ်းစားကြည့်လိုက်တယ်။ ငတုံးဘုရင်ရှေ့မှာ သူမသွားတိုင်ခဲ့တဲ့ စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့တော့ ဒီကောင် ထောင်နန်းစံရတဲ့အထိ မဖြစ်သင့်ဘူးလို့ တွေးမိတာကြောင့် မေးလိုက်မိတာပေါ့။

"နေပါဦး၊ ငါက နင့်ကို ဘယ်လိုတွေ ဒုက္ခပေးခဲ့တာလဲဆိုတာ သေချာလေး ပြောပြစမ်းပါ"

ကျောင်းပေချန်ခမျာမှာတော့ ရူးတော့မလိုပဲ။ သူ့ကို သေမတတ်ဖြစ်အောင် လုပ်ထားခဲ့ပြီးမှ သူ ဘယ်လိုတွေ ခံလိုက်ရလဲဆိုတဲ့ လုပ်ငန်းစဉ်ကို သူ့ပါးစပ်ကနေ ပြန်ပြောပြခိုင်းတဲ့ထိ အဆိပ်ပြင်းတဲ့ မိန်းမမျိုးကို သူ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးခဲ့တာတော့ အမှန်ပဲ။

ယွီးရှောင်ရှောင်က ဆက်ပြောသေးတယ်။ "မပြောပြနိုင်ဘူးဆိုရင်တော့ ငါက အပြစ်ကင်းတယ်"

ကျောင်းပေချန်က အော်တော့တာပဲ။ "ဆဋ္ဌမမင်းသားကို နန်းတော်ထဲကနေ ခိုးထုတ်လာတာက ငါတဲ့။ ပြီးတော့ အပြစ်ကို မင်းဆီလွှဲချတယ်လို့ အရှင်မင်းကြီးက ထင်နေတာလေ"

"ဟင်" ယွီးရှောင်ရှောင်တစ်ယောက် တစ်ခုခုတော့ လွဲနေပြီဆိုတာ ရိပ်မိသွားပြီ။ "ရှောင်လျို့ကို နန်းတော်အပြင် ခေါ်ထုတ်လာတာ ငါ မဟုတ်ဘူးလား"

ကျောင်းပေချန်ခမျာ သွေးတောင်အန်ချင်သွားတယ်။ ဒီကိစ္စကို သူ့ဆီ လာမေးနေရသေးသလားပေါ့။

ယွီးရှောင်ရှောင်က ရှောင်ကျွမ်းဘက်လှည့်ပြီးတောင် တိုင်ပင်လိုက်သေး။ "တစ်နေရာရာမှာ တစ်ခုခုများ လွဲနေပြီလား"

ကျောင်းပေချန် အရိုက်ခံနေရတုန်းက ရှောင်ကျွမ်းကလည်း ယွီးရှောင်ရှောင်နဲ့အတူ မင်ကွမ်းနန်းဆောင်မှာ ထင်းရှူးစေ့ လှော်လေးတွေ ထိုင်ခွာစားနေခဲ့တာလေ။ သူက ခေါင်းခါပြရင်း ပြန်ပြောတယ်။ "မသိဘူးဗျ အရှင်မင်းကြီးကို ဘယ်သူကများ သွားလျှောက်တင်လိုက်တာပါလိမ့်"

ကျောင်းပေချန်ဆို ဒေါသထွက်လွန်းလို့ လက်တွေပါ တုန်လာပြီ "မင်းသမီးမှ မသိရင် တခြားဘယ်သူက သိမှာလဲ"

အဲဒီအချိန်မှာပဲ ရှောင်ဝေက ယွီးရှောင်ရှောင်အနားကို လျှောက်လာပြီး ဝင်ပြောလိုက်တော့တယ်။

"စစ်သူကြီးလော့ ချွန်လိုက်တာလို့ ကြားတယ်"

ယွီးရှောင်ရှောင်က ကျောင်းပေချန်ကို လှမ်းမေးလိုက်တာပေါ့။ "နင်နဲ့ စစ်သူကြီးလော့က ရန်ငြိုးရန်စတွေများ ရှိနေလို့လား"

"ငါနဲ့ အဲ့ဒီ လော့ယန်လင်နဲ့ ဘာရန်ငြိုး ရှိစရာအကြောင်းရှိလို့လဲ" ကျောင်းပေချန်က အော်ဟပြန်တယ်။

"ရန်ငြိုးမရှိရင် သူက ဘာလို့ နင့်ကို ဒုက္ခပေးရတာလဲ" ယွီးရှောင်ရှောင်က ဖြတ်ပြောပြန်ရော။

ကျောင်းပေချန်ရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ ထပ်စိမ့်ထွက်လာပြန်တယ်။ ဒီတစ်ခါတော့ သူ တကယ်ကို သွေးအန်လိုက်ရပြီလေ။

ရှောင်ဝေက ယွီးရှောင်ရှောင်ဘေးမှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သေချာလေး ရှင်းပြလိုက်တယ်။

"ဒီလိုလေ မင်းသမီးရဲ့၊ မင်းသမီးက ဆဋ္ဌမမင်းသားကို ကျောင်းအိမ်တော်ဆီ ခေါ်သွားပြီး ကစားနေခဲ့တယ်မလား။ အဲ့ဒီအချိန်မှာ ကျောင်းသခင်လေးက မြင်သွားပြီး ဆဋ္ဌမမင်းသားကို ခေါ်သွားချင်တာလေ။ အဲဒီမှာ မင်းသမီးရိုက်တာ ခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ စစ်သူကြီးလော့က လူတွေခေါ်ပြီး ကျောင်းအိမ်တော်ရဲ့ နောက်ဖေးဥယျာဉ်ကို ရောက်လာခဲ့တာဆိုတော့ စစ်သူကြီးလော့က အထင်လွဲသွားတာ ဖြစ်ရမယ်"

ယွီးရှောင်ရှောင်က ကျောင်းပေချန်ကို လက်ညှိုးငေါက်ငေါက်ထိုးရင်း ပြောတော့တာပဲ။

"စစ်သူကြီးလော့ အထင်လွဲတာ မဟုတ်ဘူးနော်။ ဒီကောင်က တကယ်ကြီး ရှောင်လျို့ကိုခေါ်ပြီး ထွက်ပြေးမလို့ လုပ်နေခဲ့တာပါဆို"

"အဲ့ဒါဆိုရင် ဆဋ္ဌမမင်းသားကို နန်းတော်ထဲကနေ ခေါ်ထုတ်လာတာက ဘယ်သူလဲ" ကျောင်းပေချန်က ဝင်မေးလေတယ်။

"ငါလေ" ယွီးရှောင်ရှောင်ကတော့ လက်လေးထောင်ပြရင်း ဘာမှ မပူမပင်ဘဲ ဝန်ခံလိုက်တယ်။

"စစ်သူကြီးလော့ကတော့ ဆဋ္ဌမမင်းသားကို နန်းတော်ထဲကနေ ခေါ်ထုတ်လာတဲ့သူကလည်း သခင်လေးကျောင်းပဲလို့ ထင်သွားတာဖြစ်လိမ့်မယ်" ရှောင်ဝေက ထပ်ပြောပြတယ်။

ဒီတော့မှ ယွီးရှောင်ရှောင်က အံ့သြသွားတဲ့ပုံစံနဲ့ ပြန်မေးလိုက်လေရဲ့။ "စစ်သူကြီးလော့က ဘာလို့များ အဲ့ဒီလိုကြီး တွေးသွားရတာပါလိမ့်"

ဒီလောက်တောင် ဟန်ဆောင်ကောင်းတဲ့သူမျိုးကို ကျောင်းပေချန် တစ်ခါမှ မမြင်ဖူးခဲ့တာတော့ အမှန်ပဲ။ ယွီးရှောင်ရှောင်ကို 'ထွက်သွားစမ်း' လို့ အော်ဟစ်ပစ်လိုက်ချင်ပေမဲ့ လည်ချောင်းထဲမှာ တစ်ခုခုဆို့နေသလို ဖြစ်နေပြီး ပါးစပ်ကြီးပဲ ဟစိဟစိဖြစ်နေတာ။ အသံကတော့ ထွက်မလာရှာဘူး။

ယွီးရှောင်ရှောင်တို့ သုံးယောက်သားကတော့ ကျောင်းပေချန်ရှေ့မှာ ဆောင့်ကြောင့်လေးတွေထိုင်ပြီး ဒီကိစ္စကို ဝိုင်းစဉ်းစားနေကြတယ်။ ဟိုတွေးဒီတွေးနဲ့ ခေါင်းချင်းဆိုင်လိုက်ကြပြီးတဲ့နောက် အားကိုးရတဲ့ လူငယ်လေး ရှောင်ဝေပါ ရှိနေတာမို့ နောက်ဆုံးမှာတော့ ဒီကိစ္စက အထင်လွဲမှုသက်သက်သာဖြစ်ကြောင်း ယွီးရှောင်ရှောင် ကောက်ချက်ချနိုင်သွားတော့တယ်။

ကျောင်းပေချန်က ယွီးရှောင်ရှောင်ကို အေးစက်စက် အကြည့်တွေနဲ့ စိုက်ကြည့်ရင်း ပြောလိုလေရဲ့။

"မင်းသမီး... ပြန်ကြွပါတော့"

"ကောင်းပြီလေ၊ နင်က ငါ့ကြောင့် အထင်လွဲခံရတာပဲ ထားလိုက်ပါတော့။ ဒါပေမဲ့ အဲဒါက နင့်အဖေ နင့်ကို သတ်ချင်နေတာနဲ့ ဘာဆိုင်လို့တုံး" ယွီးရှောင်ရှောင်က မေးခွန်းထုတ်လေတယ်။

ရှောင်ကျွမ်းက ဝင်ပြောလေရဲ့။ "အမတ်ချုပ်ကြီးကျောင်း ဒေါသထွက်သွားလို့ နေမှာပေါ့"

"နင် ငတုံးလား" ယွီးရှောင်ရှောင်က ရှောင်ကျွမ်းကို မျက်စောင်းလေးထိုးလိုက်တယ်။ "ငါ့အဖေတောင် သူ့ကို မသတ်ရသေးတာ၊ သူ့အဖေက သူ့ကို ဘာကိစ္စ သတ်ရမှာလဲ"

ရှောင်ကျွမ်းကတော့ သက်ပြင်းချရင်း ရေရွတ်ရှာတယ်။ "အောမီးတောဖော... ကျားရိုင်းတောင် သူ့သားသမီးကို ပြန်မစားဘူးဆိုတဲ့ စကားရှိတာပဲ၊ အမတ်ချုပ်ကြီးက ဘယ်လိုလုပ် ဒီလောက်တောင် ရက်စက်ရတာလဲ"

"နင်က သေချာပေါက် နင့်အဖေရဲ့ သားအရင်း မဟုတ်လို့ နေမှာ" ယွီးရှောင်ရှောင်ကတော့ ပြတ်ပြတ်သားသား ကောက်ချက်ချလိုက်ပြန်တယ်။

ကျောင်းပေချန်ခမျာမှာတော့ သူ့ရှေ့မှာရှိနေတဲ့ ကောင်မလေးက သေခါနီးလူတစ်ယောက်ကိုတောင် ဘာလို့များ အလွတ်မပေးရက်တာလဲဆိုပြီး တွေးမိနေတော့တယ်။

ရှောင်ဝေက မေးစေ့လေးကိုပွတ်ပြီး အတော်ကြာအောင် စဉ်းစားနေပြီးမှ ရှင်းပြတယ်။ "

ဒီလိုဖြစ်ဖို့တော့ မလွယ်ဘူး။ ကျောင်းအိမ်တော်လို အသိုင်းအဝိုင်းမျိုးမှာ အိမ်တော်သခင်မ မက်မွန်နီခြံစည်းရိုးကျော်တဲ့ကိစ္စမျိုးကတော့ (ဖောက်ပြန်တာမျိုး) ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး"

"ဟုန်ရှင်းက ခြံစည်းရိုးကျော်တယ်" ကမ္ဘာပျက်ကပ်ကနေ လာတဲ့သူဆိုပေမဲ့ ယွီးရှောင်ရှောင်ကို စာမတတ်ပေမတတ်လို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ နက်နဲကျယ်ပြန့်လှတဲ့ ရှေးဟောင်းဘာသာစကား ယဉ်ကျေးမှုတွေနဲ့ ကြုံလာရတဲ့အခါမှာတော့ နည်းပြယွီတစ်ယောက် မျက်စိသူငယ် နားသူငယ် ဖြစ်သွားရတော့တာပဲ။ ကျောင်းပေချန်ရဲ့ အမေ နာမည်က မက်မွန်နီလားပေါ့။

ရှောင်ကျွမ်းက စကားကို ဒဲ့ပြောတတ်သူပီပီ ဝင်ပြောချတော့တာပဲ။ "ဖောက်ပြန်တာ၊ လင်ငယ်ထားတာကို ပြောတာဗျ။ တကယ်ကို ထင်မထားဘူး။ အမတ်ချုပ်ကတော်က ကျင့်ဝတ်နဲ့ အရမ်းညီတဲ့ မိန်းမကောင်းတစ်ယောက်လို့ ကျွန်တော် ကြားဖူးထားတာ"

"ယွီးလင်းလုံ" ကျောင်းပေချန်ခမျာ ခန္ဓာကိုယ်ကို အတင်းရုန်းထလိုက်ပြီး လက်သီးနှစ်ဖက်ကိုဝှေ့ယမ်းရင်း ယွီးရှောင်ရှောင်ကို မျက်နှာတွေချည်း ထထိုးချင်နေတော့တယ်။။ သူ့အမေ ဆုံးပါးသွားခဲ့တာ နှစ်တွေဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ။ ဒီကောင်မလေးက သေခါနီး လူတစ်ယောက်ကို အလွတ်မပေးတဲ့အပြင် သေသွားတဲ့သူကိုတောင် ချမ်းသာမပေးဘူးပဲ။

ဒီတစ်ခါတော့ ယွီးရှောင်ရှောင် ကိုယ်တိုင် လက်ပါစရာတောင် မလိုလိုက်ဘူး။ ရှောင်ကျွမ်းက လက်လှမ်းပြီး တွန်းချလိုက်တာနဲ့တင် သခင်လေးကျောင်းခမျာ နောက်ကို ပြန်လန်ကျသွားရတယ်။

ရှောင်ဝေက အကြံပေးတာပေါ့။

"အမတ်ချုပ်ကြီး ဒီလိုလုပ်ရတာ သေချာပေါက် အကြောင်းရင်းတစ်ခုခု ရှိမှာပါ။ မင်းသမီး... ကျွန်တော်တို့ စဉ်းစားလို့မရရင်လည်း ပြန်သွားပြီး သမက်တော်ကိုပဲ စဉ်းစားခိုင်းလိုက်ကြတာပေါ့"

ယွီးရှောင်ရှောင်က ကျောင်းပေချန်ရဲ့ သွေးတွေပေကျံနေတဲ့ နှုတ်ခမ်းထောင့်ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုလေရဲ့။

"နင်က အပြစ်ကင်းတယ်ဆိုတဲ့အကြောင်းကို ငါ့အဖေဆီ သွားပြောပြပြီး နင့်ကို လွှတ်ပေးဖို့ ပြောလိုက်မယ်"

ကျောင်းပေချန်က အေးစက်စက်လေသံနဲ့ ပြန်ဖြေလေရဲ့။"မင်းသမီး ဒုက္ခခံနေစရာ မလိုပါဘူး။ မင်းသမီး ပြန်ကြွပါတော့"

"နင် ငါ့ကို မယုံဘူးလား"

ကျောင်းပေချန် ယွီးရှောင်ရှောင်ကို ကြည့်လိုက်တဲ့ အကြည့်တွေက 'ဟန်ဆောင်လိုက်၊ ဆက်ပြီး ဟန်ဆောင်နေလိုက်ဦး' လို့ ပြောနေသလိုပဲ။

ယွီးရှောင်ရှောင်က မတ်တပ်ထရပ်လိုက်လေရဲ့။ "နင် မယုံဘူးပေါ့လေ။ ကောင်းပြီလေ၊ ငါ့အဖေကို ခေါ်လာခဲ့မယ်၊ နင့်မျက်စိရှေ့မှာတင် သူ့ကို ပြောပြမယ်"

ရှောင်ဝေက ယွီးရှောင်ရှောင်အနောက်မှာ ပိတ်ရပ်လိုက်ပြီး မေးတာပေါ့။ "မင်းသမီး၊ သူ့ကို ကူညီပေးမလို့လား"

သူ့မင်းသမီး ရူးများ ရူးသွားပြီလား။ ဒီသခင်လေးကျောင်း အပြစ်ကင်းကင်း မကင်းကင်း၊ ဒီလူ ထောင်ထဲမှာ နေနေရတာက အပြင်ထွက်လာပြီး သမက်တော်တို့မိသားစုကို ဒုက္ခပေးနေတာထက်တော့ ပိုမကောင်းဘူးလား။

ရှောင်ကျွမ်းကလည်း ဝင်ပြောရှာတယ်။ "မင်းသမီးရယ်၊ သခင်လေးကျောင်းရဲ့ ကိစ္စကို ကျွန်တော်တို့ ဝင်မပါဘဲ နေလိုက်ကြရအောင်လား"

ကျောင်းပေချန်က ခပ်ဟဟ ရယ်လိုက်ပြီး ပြောတာပေါ့။ "မင်းသမီး၊ စေတနာကောင်းချင်ယောင် ဆောင်မနေပါနဲ့တော့"

ယွီးရှောင်ရှောင်က ပြန်ပြောလေရဲ့။"ကျောင်းချိုးမင်က ကိုယ့်သားအရင်းကိုတောင် ပြန်သတ်တဲ့လူပဲ၊ ဒီလိုလူက ဘယ်လိုလုပ်ပြီး အမတ် ဆက်လုပ်နေလို့ ရမှာလဲ။ ဒီကိစ္စကို ငါ့အဖေ သိအောင် လုပ်ရမယ်"

ရှောင်ဝေလည်း အဲဒီစကားကို ကြားရော ချက်ချင်း လမ်းဖယ်ပေးလိုက်တော့တာပဲ။ "မင်းသမီး၊ ဒါဆိုရင် အရှင်မင်းကြီးဆီ သွားလျှောက်တင်ဖို့ ကျွန်တော် လိုက်ခဲ့ပါ့မယ်"

ကျောင်းပေချန် တစ်ခဏလောက် ကြက်သေသေသွားပြီးမှ ရုတ်တရက်ဆိုသလို ယွီးရှောင်ရှောင်ရှေ့မှာ ဒူးထောက်ချလိုက်တော့တယ်။

ယွီးရှောင်ရှောင်က မေးတာပေါ့။ "ငါ နင့်ကို ကယ်ပေးမှာမို့ ကျေးဇူးတင်ရမယ်ဆိုတာ အခုမှ သိသွားပြီလား"

"မင်းသမီး၊ ဒီကိစ္စကို အရှင်မင်းကြီး သိသွားလို့ မဖြစ်ပါဘူး" လို့ ကျောင်းပေချန်က ပြောတော့တာပဲ။

"သခင်လေးကျောင်း၊ ခင်ဗျား အကောင်းအဆိုးကို နားမလည်တာတော့ မဖြစ်သင့်ဘူးလေ"

ရှောင်ကျွမ်းက အော်ပြောလိုက်လေတယ်။

ယွီးရှောင်ရှောင်က နားမလည်တော့ ပြန်မေးတာပေါ့။ "သူက နင့်ကို သတ်ချင်နေတာလေ၊ နင်က သူ့ကို ဖုံးကွယ်ပေးချင်သေးတာလား"

ကျောင်းပေချန်က တိုးညင်းတဲ့ အသံနဲ့ "သူက ကျွန်တော့်အဖေပါ" လို့ ပြန်ဖြေရှာတယ်။

ယွီးရှောင်ရှောင် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိတာပေါ့။

ကျောင်းပေချန်က မြေပြင်ပေါ် ဒူးထောက်ရင်း ယွီးရှောင်ရှောင်ကို ဦးချကန်တော့လိုက်တယ်။ ဒီလုပ်ကြံသူတွေကို သေချာ စစ်ဆေးမေးမြန်းလိုက်ရင် သူ့အဖေက သားအရင်းကို ပြန်သတ်ဖို့ လုပ်ခဲ့တဲ့ ကိစ္စကို သူတို့ ထွက်ဆိုလာနိုင်တယ်။ သားအရင်းကို သတ်မှု၊ အကျဉ်းသားကို တရားမဝင် ကွပ်မျက်မှု၊ ဒီအပြစ်နှစ်ခုတည်းနဲ့တင် သူ့အဖေ ညီလာခံမှာ မျက်နှာပြစရာ နေရာမရှိ ဖြစ်သွားနိုင်တယ်လေ။ ကျောင်းပေချန်ရဲ့ ရင်ထဲမှာ အမုန်းတရားတွေ ရှိနေပေမဲ့ သူတို့ ကျောင်းမိသားစု ဒီလိုပျက်စီးဆုံးရှုံးသွားတာကိုတော့ သူ မမြင်ချင်ပါဘူး။

"ဒီလူက အကောင်းအဆိုး နားမလည်ဘူးပဲ" ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို ပြောလေရဲ့။

"မင်းသမီး..." ကျောင်းပေချန်က ယွီးရှောင်ရှောင်ကို မော့ကြည့်လိုက်တယ်။ သူ့အကြည့်တွေက တောင်းပန်တိုးလျှိုးနေသလိုလို။

ထောင်က ဘယ်လိုပုံစံလဲဆိုတာ လာကြည့်ရင်းနဲ့ မထင်မှတ်ဘဲ အလွမ်းဇာတ်လမ်း တစ်ပုဒ်ကို ကြည့်လိုက်ရတာမို့ ယွီးရှောင်ရှောင်ခမျာ သက်ပြင်းပဲ ချလိုက်ရတော့တယ်။ "နင်က မိသားစုကို ဦးစားပေးတဲ့သူပဲ"

ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို အံ့သြတကြီး ကြည့်လာတယ်။ "မင်းသမီး... မင်းသမီးက သူ့ကို သနားနေသေးတာလား"

ကမ္ဘာပျက်ကပ်ကြီးထဲမှာ မိသားစုရှိတဲ့သူဆိုတာ လက်ချိုးရေလို့ရတယ်။ မိသားစုဆိုတဲ့ အကာအကွယ်လေး ရှိဖို့ဆိုတာ ကမ္ဘာပျက်ကပ်မှာ ရှင်သန်နေရတဲ့ လူသားအများစုအတွက်တော့ မျှော်လင့်ချက် အိပ်မက်တစ်ခုလိုပဲ။ ယွီးရှောင်ရှောင်က သူမကို ဦးချကန်တော့နေတဲ့ ကျောင်းပေချန်ကို ကြည့်ရင်း ဒီလူက ကုရှင်းလန်ကို ဒုက္ခပေးခဲ့ဖူးပေမဲ့ အလုံးစုံ ဆိုးသွမ်းနေတဲ့ လူဆိုးကြီးတော့ မဟုတ်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ်။

"ကောင်းပြီလေ" ယွီးရှောင်ရှောင်က ကျောင်းပေချန်ကို ပြောလိုက်တာပေါ့။ "ဒီကိစ္စကို ငါ မမြင်ခဲ့ဘူးလို့ပဲ သဘောထားလိုက်မယ်။ ငါ့အဖေကို သွားခေါ်လိုက်ဦးမယ်"

ကျောင်းပေချန်၊ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ မြင်လိုက်ရတာကတော့ ယွီးရှောင်ရှောင် တစ်ပတ်လှည့်လိုက်ပြီး မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာတင် သူတို့ရှေ့ကနေ ပျောက်ကွယ်သွားတာကိုပဲ။

ရှောင်ကျွမ်း တစ်ခဏလောက် ကြက်သေသေသွားပြီး တုန်တုန်ယင်ယင်နဲ့ ရှောင်ဝေကို မေးလိုက်လေရဲ့။

"မင်းသမီးက အရှင်မင်းကြီးကို ဒီအကျဉ်းထောင်ထဲ ခေါ်လာမလို့လား။"

ငါတွေးနေသလိုတော့ မဟုတ်လောက်ပါဘူးနော်။ မဖြစ်နိုင်ပါဘူးလေ။ အား... ရူးတော့မှာပဲ

…

All Chapters