← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အပိုင်း (၉၇) သားအဖနှစ်ယောက်လုံး မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရခြင်း

ရှောင်ဝေကတော့ မျက်တောင်တစ်ခတ်စာလောက်ပဲ ကြောင်အမ်းအမ်းဖြစ်သွားပြီး ချက်ချင်း ခြေကုန်သုတ် ပြေးလိုက်သွားတော့တယ်။ ယွီးရှောင်ရှောင်နောက်ကိုလိုက်ပြီး တာ့လီရုံးတော်ရဲ့ တံတိုင်းကို ကျော်ခွ၊ အပြင်ဘက်ကို ရောက်သွားတဲ့အခါမှာတော့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ နောက်ဖေးလမ်းကြားလေးထဲမှာ ရှောင်ဝေတစ်ယောက် လေထဲမှာလွင့်နေသလိုများ ဝေခွဲမရဖြစ်ကျန်ခဲ့ရတော့တယ်။ မင်းသမီးရဲ့ အရိပ်အယောင်လေးကိုတောင် မတွေ့ရတော့ဘူးလေ။

နံရံခြေရင်းက မြက်ရိုင်းတောထဲမှာ ပုန်းနေတဲ့ တောကြောင်တချို့ကတော့ မျက်လုံးလေးတွေ အရောင်လက်သွားပြီး ညောင်... ညောင် ဆိုပြီး အသံပြုလိုက်ကြတယ်။

ရှောင်ဝေက အဲ့ဒီမြက်တောကို ခြေထောက်နဲ့ လှမ်းကန်ပစ်လိုက်တာပေါ့။ သူ့မင်းသမီးက အသတ်ခံရမဲ့အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ အရှင်မင်းကြီးကို သွားပြီး ဒုက္ခပေးနေချိန်မှာ ဒီကြောင်တွေက ဘေးနားကနေ ပွဲလာကြည့်နေသေးတယ်ပေါ့လေ။ လုံးဝ ခွင့်မလွှတ်နိုင်ဘူး။

ရှောင်ဝေရဲ့ ကန်ချက်ကြောင့် တောကြောင်လေးတွေလည်း လွတ်ရာကျွတ်ရာကို ပြေးကြရတော့တာပဲ။ အကျိုးအကြောင်းမသင့်တဲ့ လူသားနဲ့ လာတွေ့နေမှတော့ ကြောင်လေးတွေခမျာ ပြေးရုံကလွဲလို့ ဘာတတ်နိုင်မှာတဲ့လဲ။

ရှောင်ဝေက တာ့လီရုံးတော်ရဲ့ တံတိုင်းကို နောက်တစ်ချက် ထပ်ကန်လိုက်ပြန်တယ်။ သူ ဒီကြောင်လေးတွေကို ရန်ရှာနေလို့ရော ဘာထူးမှာလဲ။ ကြောင်တစ်ကောင်ကို သေအောင်ကန်လိုက်လို့ သူ့မင်းသမီးက နန်းတော်ထဲ မဝင်ဘဲ နေမှာမှ မဟုတ်တာ။

အကျဉ်းခန်းထဲမှာတော့ ရှောင်ဝေတစ်ယောက်တည်း ပြန်ရောက်လာတာကို မြင်လိုက်ရတဲ့ ရှောင်ကျွမ်းက အသံတုန်တုန်ယင်ယင်နဲ့ မေးရှာတယ်။ "မင်းသမီးရော"

ရှောင်ဝေက မြေပြင်ပေါ်မှာ လဲကျနေဆဲဖြစ်တဲ့ လုပ်ကြံသူတွေကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေတယ်။ "လိုက်မမီတော့ဘူး၊ နန်းတော်ထဲ ဝင်သွားပြီ"

ရှောင်ကျွမ်းခမျာ မြေပြင်ပေါ်ကို အရုပ်ကြိုးပြတ် ထိုင်ကျသွားတော့တယ်။ ပြီးတော့ နောက်ဆုံးလက်ကျန် မျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားရင်း ရှောင်ဝေကို မေးရှာတယ်။

"မင်းသမီးက အရှင်မင်းကြီး နန်းတော်ပြင်ထွက်ဖို့ အမိန့်တောင်းခံလွှာလေး ဘာလေး သွားတင်လောက်မှာပါနော်"

ရှောင်ဝေကတော့ ဘာသံမှမထွက်ဘဲ မြေပြင်ပေါ်မှာ လဲနေတဲ့ ဝတ်စုံနက်နဲ့ဝတ်လူတွေကို သံတိုင်တံခါးအောက်ကနေ ဆွဲထုတ်ပြီး တစ်ယောက်ချင်းစီ ကြိုးလိုက်တုပ်နေတော့တယ်။

ရှောင်ဝေ အလုပ်ရှုပ်နေတာကို ကြည့်ရင်း ရှောင်ကျွမ်းက ထပ်ပြောပြန်တယ်။ "ငါ မင်းကို မေးနေတယ်လေ"

ရှောင်ဝေကတော့ "ကံလို့ပဲ မှတ်လိုက်ပါတော့" လို့ ဆိုလေတယ်။ သူတို့က သားအဖတွေလေ။ ရှောင်ဝေကတော့ အခုချိန်မှာ ဘာမှမထူးတော့ဘူးဆိုတဲ့ အတွေးမျိုး တွေးနေလိုက်တယ်။ အရှင်မင်းကြီးက မင်းသမီးရဲ့ ဆွဲခေါ်မှုကြောင့် နန်းတာ်ပေါ်ကနေတောင် တစ်ခါ ခုန်ချဖူးနေပြီပဲ၊ မင်းသမီးရဲ့ ဆွဲခေါ်မှုနဲ့ နန်းတော်ပြင်ကို နောက်တစ်ခေါက် ထွက်လာရုံနဲ့ ဘာများ ဖြစ်သွားမှာမို့လို့လဲပေါ့။

အစောင့်နှစ်ယောက် ပြောနေတဲ့ စကားတွေကို ကြားလိုက်ရတဲ့ ကျောင်းပေချန်ကလည်း အိပ်မက်မက်နေသလိုလေသံနဲ့ မေးလာတယ်။ "မင်းသမီးက တကယ်ပဲ နန်းတော်ထဲ ဝင်သွားတာလား"

ရှောင်ဝေက ကျောင်းပေချန်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ရှောင်ကျွမ်းကိုပါ ခြေထောက်နဲ့ လှမ်းကန်ရင်း အော်တော့တာပဲ။ "မင်းက ထိုင်နေတုန်းလား။ ထပြီး ကူညီလေ"

ရှောင်ကျွမ်းကတော့ နေရာကနေ တစ်လက်မလေးတောင် မရွေ့ဘဲ သခင်လေးကျောင်းနဲ့အတူ အိပ်မက်ကမ္ဘာထဲ ရောက်နေကြတယ်။

ယွီးရှောင်ရှောင်ကတော့ သိပ်မကြာခင်မှာပဲ နန်းတော်တံခါးပေါက်ရှေ့ကို ရောက်သွားပြီ။ ထုံးစံအတိုင်းပဲ နန်းတော်ရဲ့ မြင့်မားလှတဲ့ မြို့ရိုးပေါ်ကို ခုန်တက်ပြီး ဟိုဘက်ကို ပြန်ခုန်ချလိုက်တယ်။ မြို့ရိုးအောက်မှာ ရပ်ရင်း နန်းတော်ရဲ့ ဘယ်နေရာကနေ ဂီတသံတွေ ထွက်ပေါ်နေလဲဆိုတာကို နားစွင့်လိုက်ပြီး အသံလာရာဆီကို ခြေဦးလှည့်လိုက်တာပေါ့။

ရှန်ကျုံးက ဒီည ဘယ်မိဖုရားရဲ့ နန်းဆောင်ကိုမှ သွားမအိပ်ခဲ့ဘူး။ စာကြည့်ဆောင်ထဲက အခန်းတစ်ခန်းမှာ ထိုင်ပြီး လက်ထဲမှာလည်း အရက်ခွက်ကို ကိုင်ထားတယ်။ လက်ချောင်းလေးတွေကတော့ စူးကျိုး ပန်းထိုးပန်းချီ ကာရံထားတဲ့ အခန်းကာရဲ့ အပြင်ဘက်ကနေ ပျံ့လွင့်လာတဲ့ တေးဂီတသံစဉ်တွေနဲ့အတူ စည်းချက်လိုက်နေတာပေါ့။ မျက်လုံးကို မှိတ်ထားပြီး ပါးစပ်ကလည်း သောကတွေကို ဘယ်လိုများ ဖြေဖျောက်ရပါ့မလဲ ဆိုတဲ့ စာသားကို ရွတ်ဆိုနေလေရဲ့။

ယွီးရှောင်ရှောင်က ဘယ်သူ့ကိုမှ အသိမပေးဘဲ ပြတင်းပေါက်ကနေတစ်ဆင့် အခန်းထဲကို ခုန်ဝင်သွားတယ်။ ခေါင်မိုးတန်းတွေနဲ့ ထောင့်ချိုးတွေမှာ ပုန်းကွယ်နေကြတဲ့ အရိပ်ကိုယ်ရံတော်တွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရှန်ကျုံးရှေ့ကို တန်းတန်းမတ်မတ် လျှောက်သွားရင်း "ခမည်းတော်" လို့ လှမ်းခေါ်လိုက်လေတယ်။

ရှန်ကျုံးကတော့ သူ နားကြားများ မှားသလားလို့ တွေးမိနေတယ်။ အရက်သောက်ပြီး သီချင်းနားထောင်နေတဲ့အချိန်မှာတောင် ကိုယ့်သမီးအရင်းရဲ့ အသံကို ကြားနေသေးတယ်ပေါ့လေ။ ရှန်ကျုံးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကိုယ့်ရင်ဘတ်ကိုကိုယ် ပြန်ပုတ်လိုက်တယ်။ သမီးလေး အိမ်ထောင်ကျသွားတာကို သူ ဒီလောက်တောင် ဝမ်းနည်းနေရတယ်ဆိုတော့ သူက သမီးကို အရမ်းချစ်တဲ့ ဖခင်ကောင်းတစ်ယောက် ဆိုတာ သိသာစေတယ်လေ။

မှောင်ရိပ်ထဲမှာ ပုန်းနေကြတဲ့ အရိပ်ကိုယ်ရံတော်တွေကတော့ ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြပြီ။ ပုံမှန်ဆိုရင် ဒီလိုအချိန်မျိုးမှာ သူတို့က ပြေးထွက်သွားပြီး မင်းသမီးကြီးကို ဖမ်းချုပ်ရမှာဆိုပေမဲ့ ပြဿနာက သူတို့ထဲက ဘယ်သူကမှ ဒီမင်းသမီးရဲ့ ပြိုင်ဘက် မဟုတ်ကြတာပဲ။

အရိပ်ကိုယ်ရံတော်တွေခမျာ သေသေကြေကြေဆိုပြီး ယွီးရှောင်ရှောင်နဲ့ သွားချရမလားလို့ တုံ့ဆိုင်းနေကြတုန်းမှာပဲ၊ ယွီးရှောင်ရှောင်က ရှန်ကျုံး သူမကို အဖက်မလုပ်တာမြင်တော့ လက်လှမ်းပြီး ရှန်ကျုံးကို ဆွဲမလိုက်တယ်။ ပြီးတော့ ဟိုဘက်ဒီဘက် ဆွဲဆောင့်လှုပ်ယမ်းလိုက်ပြီး "အဖေ" လို့ အော်ခေါ်လိုက်လေရဲ့။

ရှန်ကျုံးခမျာ မျက်လုံးကြီးပြူးသွားပြီး သူ့ကို ဆွဲမထားတဲ့ ယွီးရှောင်ရှောင်ကို ဖြူရော်နေတဲ့ မျက်နှာကြီးနဲ့ ကြည့်လိုက်တာပေါ့။ "လင်း.. လင်းလုံ"

ရှန်ကျုံးခမျာ ရုတ်တရက်ကြီး သေးတောင် ထွက်ကျချင်သွားတယ်။ ဒီကောင်မလေးက ဘယ်လိုလုပ်ပြီး ဒီကို ရောက်ချလာရတာတုံး။

ယွီးရှောင်ရှောင်က ပြောလိုက်တာပေါ့။ "ကျောင်းပေချန်ကိစ္စကို အဖေ အထင်လွဲနေတာ"

"လင်းလုံ၊ သမီး ဘယ်လိုလုပ် ဒီရောက်နေတာလဲ" လို့ ရှန်ကျုံးက မေးရှာတယ်။

ယွီးရှောင်ရှောင်ကတော့ ဂရုကိုမစိုက်ဘူး။ "အဖေ့ကို သူ့ဆီ ခေါ်သွားမယ်၊ မျက်နှာချင်းဆိုင် ရှင်းကြတာပေါ့"

"သမီး ခမည်းတော်ကို အရင်ချပေးပါဦး"

ယွီးရှောင်ရှောင်က ရှန်ကျုံးကို ဆွဲမထားရင်း ပြတင်းပေါက်ဆီ လျှောက်သွားပြီး လက်ချာတွေက ရိုက်နေသေးတာ။ "ဒီတစ်ခေါက် အဖေ လူမှားရိုက်မိသွားပြီ။ ဧကရာဇ်ဖြစ်နေရင်တောင် တခြားသူကို တောင်းပန်ပါတယ်လို့ ပြောသင့်တယ်။ ခေါင်းဆောင်လုပ်တဲ့သူဆိုတာ ကိုယ့်အမှားကို ဝန်ခံရဲတဲ့ သတ္တိရှိရတယ်လေ"

ရှန်ကျုံးက ပွင့်နေတဲ့ ပြတင်းပေါက်ကို ကြည့်ရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်တာပေါ့။ "သမီး... သမီး ဘာလုပ်မလို့လဲ"

ယွီးရှောင်ရှောင်က ဒီဘဝရဲ့ အဖေအရင်းကို ဆွဲမပြီး ပြတင်းပေါက်အပြင်ဘက်ကို ခုန်ချလိုက်လေရဲ့။

"ကျောင်းပေချန်ဆီ ခေါ်သွားမလို့လေ"

ရှန်ကျုံးခမျာ "အား" ဆိုပြီး အော်လိုက်နိုင်ရုံလေးပဲ ရှိသေးတယ်၊ အဲဒီနောက်မှာတော့ ကိုယ့်သမီးအရင်းရဲ့ ဆွဲခေါ်မှုနဲ့အတူ လေထဲမှာ ပျံသန်းသွားရတော့တာပဲ။ ဒီလို အရသာမျိုးကို ရှန်ကျုံးဧကရာဇ်ရဲ့ လက်ကျန်သက်တမ်း တစ်လျှောက်လုံးမှာ တစ်ခါလေးတောင် ပြန်မတွေးချင်တော့ပါဘူး၊ ဘာလို့လဲဆိုတော့ သူ တကယ်ကြီး သေးထွက်ကျလုမတတ် ဖြစ်သွားခဲ့ရတာလေ။

အခန်းထဲက အရိပ်ကိုယ်ရံတော်တွေကတော့ ပွင့်နေတဲ့ ပြတင်းပေါက်ကြီးကို ကြောင်တောင်တောင်ကြီးတွေ ငေးနေကြတာပေါ့။

အခန်းကန့် အပြင်ဘက်မှာတော့ ဂီတပညာရှင်တွေက ရှန်ကျုံး အနှစ်သက်ဆုံး စောင်းကို တီးခတ်နေကြတုန်းပဲ။ အရွယ်ကောင်း မိန်းမပျိုလေး ခြောက်ယောက်ကလည်း တေးဂီတနဲ့အတူ ကခုန်နေကြဆဲ။

အရိပ်ကိုယ်ရံတော် တစ်ယောက်က စိုးရိမ်စိတ်ကြောင့် အများကြီး ထွက်လာတဲ့ တံတွေးတွေကို မျိုချလိုက်ရင်း သူ့ညီအစ်ကိုတွေကို မေးလိုက်လေတယ်။ "ငါ.. ငါတို့ ဘာဆက်လုပ်ကြမလဲ"

"လိုက်သွားကြမလား" အရိပ်ကိုယ်ရံတော် နောက်တစ်ယောက်က မသေချာတဲ့ လေသံနဲ့ ပြောတာပေါ့။

အခြား ကိုယ်ရံတော်တစ်ယောက်ကလည်း ဝင်ထောက်တယ်။

"မင်းသမီးကြီးက အရိပ်တောင် မမြင်ရတော့ဘူးလေ"

"အရှင်မင်းကြီးကို ကျောင်းပေချန်ဆီ ခေါ်သွားမယ်လို့ သူပြောသွားတယ်မလား" စတုတ္ထမြောက် ကိုယ်ရံတော်က ဆိုလာတယ်။

ကိုယ်ရံတော် လေးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပွင့်နေတဲ့ ပြတင်းပေါက်ကနေ အမြန်ခုန်ထွက်၊ နန်းတော်တံခါးပေါက်ဆီ သုတ်ခြေတင် ပြေးကြတော့တယ်။

"ငါတို့ လူအော်ခေါ်ကြမလား" ကိုယ်ရံတော် တစ်ယောက်က ပြေးရင်းလွှားရင်း မေးလိုက်သေးတာ။

"အရှင်မင်းကြီးတောင် အော်မခေါ်တာကို ငါတို့က ဘာကိစ္စ အော်ရမှာလဲ"

"မင်းသမီးကြီးကို ဖမ်းနိုင်ဖို့ လူဘယ်လောက်တောင် အော်ခေါ်ရမှာမို့လို့လဲကွ"

……

ဒီလို ရက်စက်လွန်းတဲ့ အမှန်တရားကြီးကို ရင်ဆိုင်လိုက်ရတဲ့နောက်မှာတော့ အရိပ်ကိုယ်ရံတော်တွေလည်း ဘာသံမှ ထပ်မထွက်တော့ဘဲ နန်းတော်ထဲကနေ တာ့လီရုံးတော်ဆီကိုပဲ အပြေးအလွှား သွားကြတော့တယ်။

အရိပ်ကိုယ်ရံတော်တွေခမျာ လမ်းတစ်ဝက်ပဲ ရောက်သေးတယ်။ ယွီးရှောင်ရှောင်ကတော့ ရှန်ကျုံးကိုခေါ်ပြီး တာ့လီရုံးတော်ရဲ့ တံတိုင်းပေါ်မှာ ဆောင့်ကြောင့်လေး သွားထိုင်နေပြီလေ။

ရှန်ကျုံးရဲ့ ခြေနှစ်ဖက်က အောက်ခြေအမာကို နင်းမိသွားတဲ့အချိန်မှပဲ သူက ပါးစပ်ကို အုပ်ထားရင်း ယွီးရှောင်ရှောင်ကို ပြောလာတယ်။ "ကိုယ်တော် အန်ချင်နေပြီ"

ယွီးရှောင်ရှောင်က သူ့အဖေရင်းကို အသုံးမကျတဲ့ အမှိုက်တစ်စကို ကြည့်သလို ကြည့်လိုက်တာပေါ့။ ဒီဘဲက ဘာများ အသုံးကျသေးလို့လဲ။ အားစိုက်ရတဲ့ သူက ဘာမှမဖြစ်ဘဲနဲ့၊ ဘာမှမလုပ်ရတဲ့သူက အန်ချင်နေတယ်ဆိုပါလား။

ရှန်ကျုံးလည်း ပါးစပ်ဟပြီး တာ့လီရုံးတော် တံတိုင်းပေါ် ဆောင့်ကြောင့်ထိုင်လျက်နဲ့ပဲ အထဲကို အန်ချလိုက်တော့တယ်။

ယွီးရှောင်ရှောင်လည်း ဘာမှမတတ်နိုင်တာမို့သူ့အဖေရဲ့ ကျောကို ပုတ်ပေးရင်း ပြောလေရဲ့။ "အဖေက မိန်းမတွေနဲ့ တအားလုပ်တော့ ခန္ဓာကိုယ်က အရမ်းအားနည်းနေတာပဲ"

ရှန်ကျုံးက တစ်ဝကြီး အန်ပြီးသွားတော့ ခေါင်းလှည့်ပြီး ယွီးရှောင်ရှောင်ကို ဆူလိုက်လေတယ်။

"မိန်းကလေးဆိုတာ စကားပြောရင် ဣန္ဒြေလေး ဘာလေး ဆည်ရတယ်"

ယွီးရှောင်ရှောင်ကတော့ အော်ကွေ့ကြည်တွေ ထည့်ထားတဲ့ ဆီစိမ်စက္ကူထုပ်ကို ထုတ်လိုက်ပြီး "အော်ကွေ့ကြည် စားမလား"လို့တောင် မေးလိုက်သေးတာ။

မုန်လာဥနံ့နဲ့ ဆီနံ့တွေ ရောထွေးပြီး ရှန်ကျုံးရဲ့ နှာခေါင်းထဲကို ဝင်သွားတာကြောင့် အန်လို့ပြီးသွားပြီဆိုတဲ့ လူက "ဝေါ့" ဆိုပြီး ဆက်အန်ရပြန်တယ်။

ယွီးရှောင်ရှောင် ခေါင်းခါလိုက်တာပေါ့။ တကယ်ကို မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတာပဲ။ ဧကရာဇ်တွေဆိုတာ တော်ပြီး ထက်မြက်ရမယ်၊ စစ်ရေးကျွမ်းကျင်ရမယ်၊ အရမ်းချောပြီး အရမ်းမိုက်ရမယ်၊ ဘယ်သူမှ ယှဉ်လို့မရအောင် စွမ်းဆောင်နိုင်ရမယ် မဟုတ်ဘူးလား။ ကိုယ့်ဘေးနားက လူကို ကြည့်လိုက်စမ်းပါဦး။ 'ကျွတ် ကျွတ်' ယွီးရှောင်ရှောင်တစ်ယောက် စိတ်ထဲကနေ တွေးလိုက်မိတယ်။ ဝတ္ထုတွေထဲက အတိုင်း အဟုတ်မှတ်နေလို့ မရဘူးဆိုတာ သေချာသွားပြီပဲ။

ဒီအချိန်မှာ ရှန်ကျုံးကလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရသလို ခံစားနေရတယ်။ သူ့သမီးက နူးညံ့သိမ်မွေ့တဲ့ မိန်းမကောင်းလေး မဟုတ်ဘူးဆိုတာက ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် အိမ်ထောင်ချပေးလိုက်ပြီပဲ၊ ကုမိသားစုကလည်း သူ့ဆီကို ပြန်လာအမ်းရဲမှာ မဟုတ်ပါဘူးလေ။ ဒါပေမဲ့ အနည်းဆုံးတော့ ပုံမှန်လူတစ်ယောက်လိုဖြစ်သင့်တယ်မလား။ သူ့မှာ သည်းခြေရည်တွေ ထွက်လာတဲ့အထိ အန်နေရတာကို ဒီကောင်မလေးကတော့ တစ်စက္ကန့်လေးတောင် မနားဘဲ စားနေနိုင်တယ်။ အေးစက်နေတဲ့ အော်ကွေ့ကြည်က အဲ့ဒီလောက်တောင် စားလို့ကောင်းနေတာလား။ သမီးတစ်ယောက်ကို ဆယ့်သုံးနှစ်အရွယ်အထိ ပြုစုပျိုးထောင်လာခဲ့ပြီး အိမ်ထောင်ချပေးလိုက်မှ ကိုယ့်သမီးက ပုံမှန်လူသားမဟုတ်ဘူးဆိုတာကို ရုတ်တရက်ကြီး သိလိုက်ရတဲ့အတွက် ရှန်ကျုံး တစ်ယောက် သွားသာသေလိုက်ချင်စိတ် ပေါက်သွားတော့တယ်။

ရှန်ကျုံး အန်နေတဲ့ အသံတွေက နောက်ဆုံးတော့ တာ့လီရုံးတော်ထဲက လူတွေကို ဆွဲဆောင်သွားတော့တယ်။ ရုံးတော်အစောင့်တချို့က မီးအိမ်တွေဆွဲပြီး တံတိုင်းဘက်ကို လျှောက်လာရင်း "ဘယ်သူလဲကွ" လို့ အသံကျယ်ကြီးနဲ့ အော်မေးကြတာပေါ့။

ရှန်ကျုံးက အရမ်းကို စိုးရိမ်တကြီးနဲ့ "ဘယ်လိုလုပ်ကြမလဲ၊ ငါတို့ကို မိသွားပြီ" လို့ ယွီးရှောင်ရှောင်ကို ပြောရှာတယ်။

"ခဏလေး စောင့်နေ"

ရှန်ကျုံးခမျာ သူ့သမီးအရင်းကြီး တံတိုင်းပေါ်ကနေ ခုန်ချသွားတာကို မျက်လုံးကြီးပြူးပြီး ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။ သူ့ခြေထောက်အောက်က တံတိုင်းကိုပဲ လက်နဲ့ အမြန် ကုပ်တွယ်ထားလိုက်ရပြီး အော်ချင်ပေမဲ့ အသံက ထွက်မလာခဲ့ဘူး။ ကိုယ်တော့်ကို နှစ်မီတာလောက် မြင့်တဲ့ တံတိုင်းပေါ်မှာ တစ်ယောက်တည်း ထားခဲ့ရလား၊ သမီးအမိုက်မ အစုတ်အပြတ်လေးရဲ့။

…

All Chapters