အခန်း ၉၈
Vol. 10 Ch. 98
အပိုင်း (၉၈) အကျဉ်းထောင်ထဲက သားအဖ
ရုံးတော်အစောင့်တချို့ ယွီးရှောင်ရှောင်နဲ့ တွေ့တဲ့အခါမှာတော့ ပြန်ခုခံနိုင်စွမ်း လုံးဝကို မရှိတော့ဘူး။ သူတို့ရဲ့ ရှေ့မှာ လူတစ်ယောက် ရပ်နေတယ်လို့ပဲ ခံစားလိုက်ရပြီး ချက်ချင်းဆိုသလို မျက်လုံးတွေ ပြာဝေရင်း မြေပြင်ပေါ် လဲကျသွားကြတော့တာပဲ။
ယွီးရှောင်ရှောင်က ရုံးတော်အစောင့်တွေ အကုန်လုံးကို ရိုက်ချလိုက်ပြီးနောက် မြေပြင်ပေါ်ကျပြီး မီးလောင်နေတဲ့ မီးအိမ်တွေကို တံတိုင်းအပြင်ဘက်ဆီ အကုန်ပစ်ထုတ်လိုက်တယ်။ ပြီးမှ တံတိုင်းပေါ် ပြန်ခုန်တက်လာပြီး ပြောတော့တာပဲ။ "ဘာမှမဖြစ်တော့ဘူး၊ လူတွေကို သမီး ရိုက်ပြီး သတိလစ်အောင် လုပ်လိုက်ပြီ"
ရှန်ကျုံးက မြေပြင်ပေါ်မှာ လဲကျနေတဲ့ ရုံးတော်အစောင့်တွေကို ကြည့်ပြီး အစပိုင်းမှာတော့ လူမမိသွားလို့ တော်ပါသေးရဲ့လို့ တွေးမိပေမဲ့ ရုတ်တရက် အသိဝင်လာပြီး ယွီးရှောင်ရှောင်ကို ပြန်မေးလိုက်တာပေါ့။ "ကိုယ်တော်က ဧကရာဇ်လေ၊ ဘာကိစ္စ လူမိမှာကို ကြောက်နေရမှာလဲ"
ယွီးရှောင်ရှောင် စဉ်းစားကြည့်ပြီး ပြန်ဖြေတယ်။ "ဟင် သမီးကဖြင့် သတိလစ်အောင်တောင် ရိုက်ပြီးသွားပြီ၊ အခုမှ လာမေးနေတော့ရော ဘာထူးမှာလဲ"
"အဲ့ဒါဆိုရင် ငါတို့ ဘာဆက်လုပ်ကြမှာလဲ" ရှန်ကျုံးက ဆက်မေးလေတယ်။
ယွီးရှောင်ရှောင်က ရှန်ကျုံးရဲ့ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်တာပေါ့။
"ကိုယ်တော်... ကိုယ်တော် တံတိုင်းပေါ်က မခုန်ချချင်ဘူး" ရှန်ကျုံးက အော်တော့တာပဲ။
ယွီးရှောင်ရှောင်က တံတိုင်းအောက်မှာ ရပ်ပြီး အသုံးမကျတဲ့ ဘုရင်အိုကြီးကို မျက်စောင်းထိုး ကြည့်လိုက်တယ်။
ရှန်ကျုံးခမျာ မြေပြင်ပေါ်က မြက်ပင်တွေကို ခြေထောက်နဲ့ နင်းကြည့်လိုက်ပြီး မြေပြင်ပေါ်မှာ ရပ်နေရပြီဆိုတော့မှ အားအင်တွေ အပြည့် ပြန်ရလာသလို ခံစားလိုက်ရတယ်။ ယွီးရှောင်ရှောင်ကို ကြည့်ပြီးလည်း ဒေါသထွက်ချင်လာတယ်။ ဘယ်လိုလုပ်ပြီး ဧကရာဇ်တစ်ပါးကို အန္တရာယ်များတဲ့ အလုပ်မျိုး ခေါ်လုပ်ရတာလဲ။ ဒါပေမဲ့ ကိုယ့်သမီးအရင်းပဲလေဆိုပြီး ရှန်ကျုံး ဒေါသကို မျိုသိပ်ရင်း ယွီးရှောင်ရှောင်ကို အကျိုးအကြောင်းပြောပြဖို့ ကြိုးစားလိုက်လေရဲ့။ "လင်းလုံ... လူကြီးလူကောင်းတွေဆိုတာ အန္တရာယ်ရှိတဲ့ နံရံအောက်မှာ မရပ်ရဘူးတဲ့။ သမီးက ဘယ်လိုလုပ်ပြီး ခမည်းတော်ကို ဒီလို အန္တရာယ်များတဲ့ ကိစ္စမျိုး လုပ်ခိုင်းရတာလဲ"
"အန္တရာယ်ရှိတဲ့ နံရံအောက်မှာက ဘာရှိလို့လဲ" ယွီးရှောင်ရှောင်က ပြန်မေးတာပေါ့။
"ကိုယ်တော် ငယ်ငယ်လေးကတည်းက သမီးကို စာသင်ပေးဖို့ ပညာရှင် ဆရာကြီးတွေကိုတောင် ရှာပေးခဲ့တာကို" ရှန်ကျုံးက မျက်နှာကို တင်းထားပြီး ယွီးရှောင်ရှောင်ကို ဆူလိုက်လေတယ်။
"လင်းလုံ... သမီးက ကိုယ်တော့်ရဲ့ သမီးတော်ဆိုပေမဲ့ ဘုရင်ကို လိမ်လို့ မရဘူးနော်"
"ဘာတွေ လာပြောနေတာလဲ မသိပါဘူး" ယွီးရှောင်ရှောင် ခပ်တိုးတိုး ညည်းရင်း ရှန်ကျုံးကို ဆွဲကိုင်ပြီး အကျဉ်းထောင်ဆီ ဆက်လျှောက်သွားတော့တယ်။ ရက်စက်တဲ့ ဘုရင်မက စာတွေ ဘယ်လောက်ပဲ ဖတ်ခဲ့ဖူးပါစေ သူမနဲ့ ဘာဆိုင်လို့လဲ။ အခု သူမက စာတစ်စောင်ဖတ်ရဖို့တောင် တော်တော်လေး အားစိုက်နေရတာကို။
"ကိုယ်တော့်ကို လွှတ်စမ်း" ရှန်ကျုံးခမျာ ရုန်းကန်နေရတာပေါ့။
ယွီးရှောင်ရှောင်ကတော့ သူမရဲ့ လှုပ်ရှားမှုကို နည်းနည်းလေးမှ အနှောင့်အယှက်သလိုမျိုး ရှန်ကျုံးကို ဆွဲကိုင်ပြီး အကျဉ်းထောင်ထဲ ဝင်သွားတော့တယ်။
ရှန်ကျုံး အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါမှာတော့ ဆက်ပြီး မရုန်းကန်တော့သလို အော်လည်း မအော်တော့ဘူး။ ဒီအကျဉ်းထောင်ထဲမှာ လူတွေအများကြီး အကျဉ်းကျနေတာလေ၊ ဧကရာဇ်တစ်ပါးက ဘယ်လိုလုပ်ပြီး မျက်နှာအပျက်ခံလို့ ရပါ့မလဲ။
"အရှင်မင်းကြီးလား" ရှောင်ကျွမ်းက ယွီးရှောင်ရှောင် ရှန်ကျုံးကို ဆွဲခေါ်လာတာကို အရင်ဆုံး မြင်လိုက်ရတဲ့သူ။
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"
ရှောင်ဝေက အရင်ဆုံး ဒူးထောက်ပြီး ရှန်ကျုံးကို အရိုအသေပေးလိုက်တာပေါ့။
ကျောင်းပေချန်ကတော့ ဘာမှမသိသလို ကြောင်အမ်းအမ်းနဲ့ ထိုင်နေရင်း သူ့ဆီကို တဖြည်းဖြည်း နီးကပ်လာတဲ့ ရှန်ကျုံးကို မျက်လုံးပြူးပြီး ကြည့်နေတယ်။
ယွီးရှောင်ရှောင်က ရှန်ကျုံးကို အကျဉ်းခန်းထဲ ဆွဲသွင်းလာပြီး မြေပြင်ပေါ် ချပေးလိုက်လေရဲ့။
ရှန်ကျုံးက သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်ပြီး အကျဉ်းခန်းကို ဩဇာအာဏာအပြည့်ပါတဲ့ အကြည့်မျိုးနဲ့ ကြည့်ရင်း မေးတာပေါ့။
"ဒီတံခါးက ဘာဖြစ်သွားတာလဲ" အကျဉ်းထောင်က အခန်းမှာ ဘယ်လိုလုပ်ပြီး တံခါး မရှိဘဲ နေရတာလဲ။
ရှောင်ဝေနဲ့ ယှဉ်ပြီး ဒူးထောက်နေတဲ့ ရှောင်ကျွမ်းက သူတို့မင်းသမီးကို မော့ကြည့်လိုက်ပေမဲ့ ဘာမှတော့ ဝင်မပြောရဲရှာဘူး။
ယွီးရှောင်ရှောင်က ကျောင်းပေချန်ကို လက်ညှိုးထိုးပြပြီး ရှန်ကျုံးကို ပြောလိုက်တယ်။
"ဒီလောက် အကောင်ကြီးကြီး လူတစ်ယောက်လုံး ဒီမှာထိုင်နေတာကို၊ အဖေက တံခါးကို ဂရုစိုက်နေရသေးတာလား"
ရှန်ကျုံးက ကျောင်းပေချန်ကို လှမ်းကြည့်လိုက်တယ်။ ဒီကောင်လေးရဲ့ အခုပုံစံက နည်းနည်းတော့ သနားစရာပဲ။ အကျဉ်းသားဝတ်စုံကို ဝတ်ထားပြီး မျက်နှာကလည်း ဖူးယောင်နေလိုက်တာများ ကျောင်းချိုးမင်သာ လာကြည့်ရင် သူ့သားမှန်းတောင် မှတ်မိမှာမဟုတ်ဘူး။ ပါးစပ်ဘေးမှာလည်း သွေးကွက်တွေနဲ့၊ ကြမ်းပြင်ပေါ်မှာလည်း သွေးတွေပေလို့ပေါ့။ ရှန်ကျုံး မျက်မှောင်ကြုတ်သွားပြီး မေးလိုက်မိတော့တယ်။ "ကြိမ်ဒဏ် အချက်နှစ်ဆယ် သုံးဆယ်လောက် အရိုက်ခံရတာနဲ့တင်ကို မင်းက ဒီလိုပုံပေါက်သွားတာလား"
ရှောင်ကျွမ်းက လည်ပင်းလေး ပုဝင်သွားအောင် ကျုံ့လိုက်လေတယ်။ အချက်နှစ်ဆယ် သုံးဆယ်ဆိုတာ နည်းတဲ့အရာလား။
ကျောင်းပေချန်က ရှန်ကျုံးကို ကြည့်ပြီး "တကယ်ပဲ အရှင်မင်းကြီးလား" လို့ မေးရှာတယ်။
ယွီးရှောင်ရှောင်က ရှန်ကျုံးကို ပြောပေးတာပေါ့။ "သူ့ခမျာ အထင်လွဲခံရလို့ အရမ်းဝမ်းနည်းသွားပြီး နည်းနည်းလေး ကြောင်တောင်တောင် ဖြစ်သွားတာ။ ခမည်းတော်လည်း အပြစ်မယူပါနဲ့လေ"
"ကိုယ်တော်က သူ့ကို ဘာများ အထင်လွဲလို့တုံး"
"ရှောင်လျို့ကို နန်းတော်ထဲက ခေါ်ထုတ်လာတာ သမီးလေ" ယွီးရှောင်ရှောင်က ဖြေလိုက်လေတယ်။
သမီးလေ၊ ဟုတ်လား။ လာပြီး သမီးလေ လုပ်နေသေးတယ်။ ရှန်ကျုံးက ကိုယ့်သမီးကိုယ် မျက်လုံးပြူးပြီး ကြည့်လိုက်တာပေါ့။
"အဖေ သူ့ကို တောင်းပန်လိုက်ပါတော့" ယွီးရှောင်ရှောင်ကတော့ ပြောချလိုက်တော့တယ်။
ရှန်ကျုံးက ခေါင်းလှည့်ပြီး ကျောင်းပေချန်ကို ထပ်ကြည့်လိုက်ပြန်တယ်။ ကျောင်းအိမ်တော်ရဲ့ ကောင်လေးက ကုရှင်းလန်လောက် မချောပေမဲ့ မျက်နှာပေါက် ရှင်းရှင်းလင်းလင်းနဲ့ ရုပ်ဖြောင့်တဲ့ လူငယ်လေးတစ်ယောက်ပဲ။ အရပ်ကလည်း ကုရှင်းလန်ထက် နည်းနည်းတောင် ပိုရှည်သေးတယ်။ ရှန်ကျုံးက သူ့မေးစေ့ကို ပွတ်ရင်း ယွီးရှောင်ရှောင်ကို ပြောလိုက်လေတယ်။
"သြော်... သမီးက ဒီလိုပုံစံမျိုးကို သဘောကျတာကိုး။ ကျောင်းပေချန်အတွက်နဲ့ သူများအပြစ်ကိုတောင် ဝင်ခံပေးတဲ့ အလုပ်ကို လုပ်ရဲတယ်ပေါ့"
"ဘာ" ဒီတစ်ခါတော့ ယွီးရှောင်ရှောင် လန့်သွားရမဲ့ အလှည့်ပဲ။
ရှန်ကျုံးက ဆက်ပြီး ပြောပြန်တယ်။ "နောက်ဆိုရင် ခမည်းတော်ကို သူ့ရာထူး ပြန်ပေးဖို့ပါ တောင်းဆိုတော့မှာ မဟုတ်လား"
"ဒီကမ္ဘာမှာ မိန်းမတစ်ယောက်ကို လင်အများကြီး ယူခွင့်ပြုထားလို့လား" ယွီးရှောင်ရှောင်က ရှန်ကျုံးကို မေးလိုက်လေတယ်။ ဒီကမ္ဘာက မိန်းမတွေသာ ရှုပ်ရှုပ်ယှက်ယှက်နေရင် အသတ်ခံရမယ်လို့ သူမ သေသေချာချာကို ကြားဖူးထားတာလေ။ ဘယ်လိုဖြစ်လို့လဲ ဒီဘုရင်အိုကြီး ပြောပုံအရဆို သူမက နောက်တစ်ခါတောင် အိမ်ထောင်ပြုလို့ ရနေသေးတာလားပေါ့။
"ပေါက်... ပေါက်ကရတွေ" ရှန်ကျုံးခမျာ ဒေါသတကြီးနဲ့ ခုန်ဆွခုန်ဆွ ဖြစ်သွားတော့တယ်။
"လင်အများကြီး ယူရမယ်ဟုတ်လား။ ကုရှင်းလန် သေသွားမှ သမီး နောက်ထပ်အိမ်ထောင်ပြုတာကမှ ဖြစ်နိုင်ခြေ ရှိဦးမယ်"
ယွီးရှောင်ရှောင်လည်း ဒေါသထွက်သွားပြီ။ ရှန်ကျုံးကို မျက်နှာသေကြီးနဲ့ ကြည့်ရင်း ပြန်အော်တယ်။
"အိမ်မှာ သမီးရဲ့ ရှောင်ကုလေးက အကောင်းကြီး ရှိနေသေးတာကို၊ အဖေက သူသေအောင် ကျိန်ဆဲနေတာလား"
ရှန်ကျုံးက ခပ်မာမာနဲ့ ပြန်ပြောတာပေါ့။ "ကိုယ်တော်က ဧကရာဇ်ကွ။ ကိုယ်တော်က သေစေချင်ရင် အဲဒီလူ သေကိုသေရမယ်"
ယွီးရှောင်ရှောင် လက်သီးဆုပ်လိုက်ပြီ။ ဒီဘုရင်အိုကတော့ လွယ်လွယ်နဲ့ ကောင်းလာမဲ့ပုံ မပေါ်ဘူး။ ဒီလိုဆိုမှတော့ ဒီဘုရင်စုတ်ကြီးကို အရင်ဆုံး သတ်ပစ်လိုက်တာကမှ ပိုကောင်းမယ်ထင်တယ်။
ရှန်ကျုံးကတော့ သူ့အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပြီဆိုတာကို နည်းနည်းလေးမှ မရိပ်မိဘဲ ယွီးရှောင်ရှောင်ကို ဆက်ပြောနေသေးတာ။
"ကုရှင်းလန်နဲ့ အိမ်ထောင်ကျပြီးကတည်းက သမီး ဘယ်လိုပုံပေါက်သွားလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်စမ်းပါဦး"
ရှောင်ဝေက မြေပြင်ပေါ်ကနေ အမြန်ကုန်းထလိုက်ပြီး ယွီးရှောင်ရှောင်နဲ့ ရှန်ကျုံးကြားကို လိမ္မာပါးနပ်စွာ ဝင်ကာလိုက်တယ်။ ဒီသားအဖနှစ်ယောက်ကို ဆက်ပြောခွင့်ပေးထားလို့ မဖြစ်တော့ဘူး။ ဆက်ပြောနေရင် သူတို့ရဲ့ အရှင်မင်းကြီးက သမိုင်းမှာ သမီးအရင်းရဲ့ ရိုက်သတ်တာခံရတဲ့ ပထမဆုံးဧကရာဇ် ဖြစ်သွားနိုင်တယ်။
ယွီးရှောင်ရှောင်ကတော့ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး အရေးကြီးတဲ့ကိစ္စ ပြီးမှပဲ ဒီဘုရင်စုတ်ကို ရှင်းလည်း မနောက်ကျသေးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်တာပေါ့။ ပြီးတော့ ခြေထောက်ကိုမြှောက်ပြီး ကျောင်းပေချန်ကို တစ်ချက်လှမ်းကန်လိုက်လေရဲ့။
"နင် စကားပြောလေ။ နင် အထင်လွဲခံရတဲ့ ကိစ္စတွေကို ငါ့အဖေကို ပြောပြလိုက်စမ်း"
ကျောင်းပေချန်က ရှန်ကျုံးကိုကြည့်ပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ လျှောက်တင်ရှာတယ်။ "အ... အရှင်မင်းကြီး၊ မင်းသမီးနဲ့... မင်းသမီးနဲ့ ကျွန်တော်မျိုးကြားမှာ ဘာ... ဘာပတ်သက်မှုမှ မရှိပါဘူး"
ဘုရားရေ... ရှောင်ဝေကတော့ ဒီကောင့်ကို သေအောင်သာ ကန်ပစ်လိုက်ချင်တော့တာပဲ။
ယွီးရှောင်ရှောင်က သခင်လေးကျောင်းကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ဖြတ်ပြောလိုက်တာပေါ့။
"တော်စမ်းပါ၊ နင့်ကို ငါက မျက်စိကျစရာလား"
ရှောင်ဝေက ယွီးရှောင်ရှောင်ကို ဝင်သတိပေးရတယ်။
"မင်းသမီး၊ လိုရင်းကိုပဲ ဆက်ပြောကြရအောင်" စကားလမ်းကြောင်းက ဒီအတိုင်း ဆက်ပြီးချော်နေဦးမယ်ဆိုရင် သူတို့တွေ ဒီအကျဉ်းထောင်ထဲကနေ ဘယ်တော့များမှ ထွက်နိုင်ကြတော့မှာလဲ။
ရှောင်ဝေ သတိပေးလိုက်တော့မှ ယွီးရှောင်ရှောင်က ရှန်ကျုံးဘက်လှည့်ပြီး ပြန်ပြောတယ်။
"ရှောင်လျို့ကို နန်းတော်ထဲကနေ ခေါ်ထုတ်သွားတာ သမီးပါ"
"သမီးတော်က ညကြီးမိုးချုပ် အိပ်မနေဘဲ နန်းတော်ထဲ ပြေးလာပြီး သမီးရဲ့မောင်တော်ကို နန်းတော်ပြင် ခေါ်ထုတ်သွားရအောင် ဘာကိစ္စရှိလို့လဲ" ရှန်ကျုံးက မေးလာတယ်။
ယွီးရှောင်ရှောင်က ပြန်ဖြေတာပေါ့။
"ရှောင်လျို့က ကျူးယိနိုင်ငံကို သွားရတော့မှာလေ၊ သူ့ကို ကျင်းမော့နဲ့ သွားတွေ့ပေးရမှာပေါ့။ စိတ်ချပါ၊ ရှောင်လျို့ကို စောင့်ရှောက်ပေးမယ်လို့ ကျင်းမော့က ကတိပေးထားတယ်။ ရှောင်လျို့ ဘာမှမဖြစ်စေရဘူး"
"သမီးက ညကြီးမိုးချုပ် မောင်တော်ကိုခေါ်ပြီး ကျင်းမော့ဆီ သွားခဲ့တယ်ပေါ့လေ" ရှန်ကျုံးက အသံကျယ်ကြီးနဲ့ မေးလိုက်တော့တာပဲ။ ကုရှင်းလန်ကော အဆင်ပြေရဲ့လား၊ ဒေါသထွက်ပြီး သေမသွားဘူးလား။ သူများမယားလုပ်နေပြီး ညသန်းခေါင်ကြီး တခြားယောက်ျားတစ်ယောက်ရဲ့ အခန်းထဲ ပြေးသွားတဲ့ မိန်းမမျိုး ရှိသေးတာလား။
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်လေရဲ့။
ရှန်ကျုံးက ဆက်ပြီး ဒေါသတကြီးနဲ့ အော်တော့တယ်။
"သမီးရဲ့ မိန်းမကျင့်ဝတ်တွေက ဘယ်ရောက်သွားပြီလဲ"
မိန်းမကျင့်ဝတ် ဆိုတဲ့စကားလုံးကို ဝမ်မောမော ရှင်းပြဖူးလို့ ယွီးရှောင်ရှောင် ကြားဖူးထားတယ်။ မင်းသမီးလေးက လုံးဝ အဖက်မတန်သလို လေသံမျိုးနဲ့ ပြန်ပက်တာပေါ့။
"အဖေက သမီး ဖောက်ပြန်မှာကို ကြောက်နေတာမလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျင်းမော့က သမီးကို ပြန်လုပ်နိုင်လို့လား" သူမကသာ ကျင်းမော့ကို မုဒိန်းကျင့်ရင် ကျင့်ပစ်လိုက်မှာ။
"မဟုတ်ဘူးလေ၊ ကိုယ်တော်... ငါက..." ရှန်ကျုံးခမျာ စကားတွေတောင် ထစ်အသွားရရှာတယ်။
ရှောင်ဝေနဲ့ ရှောင်ကျွမ်းတို့ကတော့ အရမ်းကို နားခါးနေကြပြီ။ ဘာလို့များ သူတို့ကို ဒီလိုစကားမျိုးတွေ ကြားခိုင်းနေရတာလဲနော်။
"သူ့ကို လွှတ်ပေးလိုက်တော့" ယွီးရှောင်ရှောင်က ရှန်ကျုံးကို စိတ်မရှည်တဲ့ဟန်နဲ့ ပြောလိုက်လေတယ်။
"ကိုယ်တော် သူ့ကို လွှတ်ပေးလိုက်ရင် ဒီအပြစ်ကို ဘယ်သူက ခံမှာလဲ" ရှန်ကျုံးက ပြန်မေးတယ်။
"ဘာလဲ၊ အဖေက သမီးကိုပါ ဖမ်းချင်သေးလို့လား" ယွီးရှောင်ရှောင်ကလည်း ပြန်မေးတာပေါ့။
ရှောင်ဝေက ရှန်ကျုံးကို တိုးတိုးလေး ကပ်ပြောလိုက်လေရဲ့။
"အရှင်မင်းကြီး၊ ဒီအကျဉ်းခန်းရဲ့ တံခါးကို မင်းသမီးက ဖြုတ်ချထားတာပါ"
ရှောင်ဝေ ဆိုလိုချင်တာက ဒီလိုလူမျိုးကို ဘယ်လို အကျဉ်းထောင်မျိုးကများ ဖမ်းလှောင်ထားနိုင်မှာလဲပေါ့။
ရှန်ကျုံးလည်း အတော်ကြာအောင် ဆွံ့အသွားပြီးမှ ကျောင်းပေချန်ကို ပြောလိုက်ရတော့တယ်။
"ကိုယ်တော် မင်းကို အထင်လွဲမိသွားတာပါ။ မင်း အိမ်တော်ကို ပြန်တော့"
ကျောင်းပေချန်ကတော့ မြေပြင်ပေါ်မှာ ကြောင်တောင်တောင်လေး ထိုင်နေတုန်းပဲ။ သူ တကယ်ကြီး လွတ်သွားပြီပေါ့။
"အယ်မလေး…..ငါ့သားလေးရဲ့…. အဖြစ်ဆိုးလှချည်လား" အဲဒီအချိန်မှာပဲ အကျဉ်းထောင်တံခါးဝဆီကနေ ယောက်ျားတစ်ယောက်ရဲ့ အက်ရှရှ ငိုသံကြီး ထွက်ပေါ်လာခဲ့တော့တယ်။
ယွီးရှောင်ရှောင်က ကျောင်းပေချန်ကို ငုံ့ကြည့်လိုက်ပြီး အရမ်းကို သနားသွားတယ်။ သူမ မကူညီချင်လို့တော့ မဟုတ်ပါဘူး၊ အမတ်ချုပ်ကြီးကျောင်းက သူ့သားကို ငိုယိုပြီး လာရှာနေပြီလေ။
…