← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အပိုင်း (၉၉) ကုရှင်းလန်က အပြစ်ကင်းပါတယ်

ကျောင်းချိုးမင်ရဲ့ ငိုသံကြီးက ကြားရသူအဖို့ ရင်ကွဲပက်လက်ဖြစ်ရလောက်အောင်ကို ဖီလင်အပြည့်နဲ့။ သူက ငိုရင်းယိုရင်းနဲ့ "ငါ့သားလေးရဲ့ အသက်ကို ဘယ်သူ ရန်ရှာလိုက်တာလဲကွ" လို့က အော်နေသေးတာ။

တရားရေးဝန်ကြီးရဲ့ အသံကလည်း မသာအိမ်ရောက်နေတဲ့အတိုင်းပဲ။

"အမတ်ချုပ်ကြီး... သေတဲ့သူက ပြန်ရှင်မလာနိုင်တော့ပါဘူး၊ စိတ်ကို တင်းထားပါဗျာ။ ကျွန်တော်မျိုး ဒီကိစ္စကို သေချာပေါက် စုံစမ်းစစ်ဆေးပေးပါ့မယ်"

"သေချာပေါက် ပြင်းပြင်းထန်ထန် စစ်ဆေးပေးရမယ်" ကျောင်းချိုးမင်က ထပ်ပြောတာပေါ့။

တရားရေးဝန်ကြီးကလည်း ဆက်တိုက်ခေါင်းညိတ်ပြီး အနားက ရုံးတော်အစောင့်တွေကို လှည့်ဆူတော့တာပဲ။

"အသုံးမကျတဲ့ကောင်တွေ၊ နန်းတော်က မင်းတို့ကို ဘာအတွက် ကျွေးမွေးထားရတာလဲ"

အစောင့်တွေကလည်း တိုးတိုးတိတ်တိတ်နဲ့ အပြစ်ဝန်ခံပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်နေကြတာပေါ့။ အသံတွေအရဆိုရင် ကျောင်းချိုးမင်နဲ့ တရားရေးဝန်ကြီး နောက်မှာ ရုံးတော်အစောင့်တွေ အတော်များများ ပါလာပုံရတယ်။

ရှန်ကျုံးက မေးတော့တာပဲ "ကျောင်းချိုးမင် ရူးသွားတာလား။ သူ့သားက အရှင်လတ်လတ်ကြီး ရှိနေသေးတာကို"

ယွီးရှောင်ရှောင်ကတော့ ခေါင်းညိတ်လိုက်ပြီး "သူ ရူးနေတာ" လို့ပဲ ဖြေလိုက်တယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေကတော့ ဆက်ပြီး နံရံကပ်ပန်းချီကားတွေလို ငြိမ်ကုပ်နေလိုက်ကြတယ်။

ကျောင်းပေချန်ရဲ့ ပါးပြင်ပေါ်က ကြွက်သားတွေဆိုတာ ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး အကြိမ်ကြိမ် ကြိုးစားပြီးမှ "အဖေ" လို့ အော်ခေါ်နိုင်သွားတယ်။

အကျဉ်းထောင်တစ်ခုလုံး ချက်ချင်းဆိုသလို တိတ်ဆိတ်သွားပြီး ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားရလောက်တဲ့အထိ ဖြစ်သွားတော့တာပဲ။

ကျောင်းချိုးမင် တစ်ခဏလောက် ကြက်သေသေသွားပြီးမှ အရှေ့က ထောင့်ချိုးလေးကို ခပ်သုတ်သုတ် ကွေ့ဝင်လာခဲ့တယ်။ ပထမဆုံး မြင်လိုက်ရတာကတော့ အကျဉ်းခန်းထဲမှာ ရပ်နေတဲ့ ရှန်ကျုံးနဲ့ ယွီးရှောင်ရှောင်ပါပဲ။

ယွီးရှောင်ရှောင်က ကျောင်းချိုးမင်ကို လှည့်ကြည့်လိုက်ပြီး အမတ်ချုပ်ကြီးကို လက်လေးဝှေ့ယမ်းပြရင်း "ဟိုင်း" လို့က နှုတ်ဆက်လိုက်သေး။

ကျောင်းချိုးမင်ကတော့ ဒါ လုံးဝမဖြစ်နိုင်ဘူးလို့ တွေးမိနေတာလေ။ ဒီသားအဖနှစ်ယောက်က ဘယ်လိုလုပ် ဒီကို ရောက်နေရတာလဲပေါ့။

တရားရေးဝန်ကြီးကလည်း မဖြစ်နိုင်ဘူးလို့ တွေးနေမိတယ်။ နန်းတော်ထဲမှာ ရှိနေရမဲ့ အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး အတွင်းခံကြီးနဲ့ သူ့ရဲ့ တာ့လီရုံးတော် အကျဉ်းထောင်ထဲကို ရောက်လာရတာလဲ။ အကျဉ်းထောင်ထဲမှာမှ မိန်းမလှလေးတွေမှ မရှိတာကြီးကို။

ရှန်ကျုံးက သူ့အမတ်နှစ်ယောက် သူ့ကို မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေပြီး အရိုအသေတောင် မပေးကြတာကို မြင်တော့ မျက်နှာချက်ချင်း တင်းမာသွားပြီး မေးလိုက်တော့တယ်။ "ကျောင်းချိုးမင်... မင်း ကိုယ်တော့်ကို မမှတ်မိတော့ဘူးလား"

ကျောင်းချိုးမင်က အကျဉ်းခန်းဆီ ခပ်သုတ်သုတ် လျှောက်လာပြီး မြေပြင်ပေါ်မှာ ဒူးထောက်လျက်ပဲ လျှောက်တင်လိုက်တော့တယ်။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲလို့ အမတ်ချုပ်ကြီးကျောင်းက သူ့ကိုယ်သူ ပြန်မေးနေမိတော့တာပေါ့။ သူက သူ့လူတွေနဲ့ တိုင်ပင်ထားတာလေ။ ကိစ္စပြီးရင် တာ့လီရုံးတော်အပြင်ဘက်မှာ မီးထွန်းပြီး အချက်ပြဖို့၊ မီးရောင်မြင်တာနဲ့ သူနဲ့ တရားရေးဝန်ကြီးက အကျဉ်းထောင်ထဲဝင်လာပြီး ချစ်ရတဲ့သားလေး ဆုံးရှုံးသွားရတဲ့ အလွမ်းဇာတ်လေး ဘာလေး ခင်းကြမယ်ပေါ့။ အခုတော့ သူ့တပည့်တွေက တာ့လီရုံးတော်ထဲကနေ လွှင့်ပစ်လိုက်တဲ့ မီးအိမ်တွေကို မြင်ပြီး အချက်ပြတယ်ထင်သွားလို့ အကျဉ်းထောင်ထဲ ဝင်လာတဲ့အခါမှာတော့ အသက်ရှင်နေသေးတဲ့ သူ့သားရယ်၊ နောက်ပြီး ဒီတော်ဝင်သားအဖနှစ်ယောက်ရယ်ကို တွေ့လိုက်ရတော့တာပဲ။

ယွီးရှောင်ရှောင်ကတော့ သူမ ဒီအတိုင်း တံတိုင်းအပြင်ဘက်ကို လွှင့်ပစ်လိုက်တဲ့ မီးအိမ်တွေက ဒီလောက်ကြီးတဲ့ အထင်လွဲမှုကြီးတွေ ဖြစ်သွားစေမယ်ဆိုတာကို လုံးဝ မသိရှာပါဘူး။ ကျောင်းချိုးမင်ကို ကြည့်ပြီးပဲ ပြောလိုက်တော့တယ်။

"မငိုပါနဲ့တော့၊ ရှင့်သား အသက်ရှင်နေသေးတယ်လေ"

"ကျောင်းပေချန် သေပြီလို့ မင်းကို ဘယ်သူပြောလဲ" ရှန်ကျုံးက မေးလိုက်တာ။

အမတ်ချုပ်ကြီးကျောင်းကတော့ ဆွံ့အသွားတော့တာပဲ။ ပါးစပ်ဟလိုက်တာနဲ့ လိမ်ညာဖို့ စကားတွေ အသင့်ရှိနေတတ်တဲ့ သူက ဒီတစ်ခေါက်မှာတော့ ချက်ချင်း ညာပြောဖို့ စကားရှာမရ ဖြစ်နေရှာတာလေ။

"ကိုယ်တော် မင်းကို မေးနေတာလေ၊ ကိုယ်တော့် အမေးကို ဘာလို့ မဖြေတာလဲ" ရှန်ကျုံးက ထပ်မေးလိုက်ပြန်တယ်။

ယွီးရှောင်ရှောင်က နှုတ်ခမ်းလေးမဲ့လိုက်လေရဲ့။ ဒီလူကြီးက ဘာပြန်ပြောနိုင်မှာမို့လို့လဲ။ သူကိုယ်တိုင်က သူ့သားကို သတ်ချင်နေတာလေ။

ကျောင်းချိုူမက်က တရားရေးဝန်ကြီးကို ကြည့်ပြီး ပြတ်သားတဲ့လေသံနဲ့ မေးလိုက်လေတယ်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

တရားရေးဝန်ကြီးကလည်း ချက်ချင်းနောက်လှည့်ပြီး သူ့နောက်က ရုံးတော်အစောင့်ခေါင်းဆောင်ကို "ဒါ ဘယ်လိုဖြစ်တာလဲကွ" လို့ အော်မေးပြန်တယ်။

ဒီအချိန်မှာ ယွီးရှောင်ရှောင်ကတော့ ရှောင်ကျွမ်း အခွံနွှာပေးထားတဲ့ သစ်အယ်သီးလှော်လေး နည်းနည်းကို ရှန်ကျုံးဆီ ကမ်းပေးလိုက်တာပေါ့။ စားရင်းနဲ့ ပွဲကြည့်ကြတာပေါ့လေ၊ ဘာပဲဖြစ်ဖြစ် သူမကတော့ အားလုံးသိနေပြီး ဘာမှ ဝင်မပြောဘဲ နေလိုက်တော့မယ်။

ရှန်ကျုံးက သစ်အယ်သီးလှော်ကို ယူပြီး ပါးစပ်ထဲ ကောက်ထည့်လိုက်တယ်။ စိတ်အခြေအနေ မကောင်းတဲ့အချိန်မှာ တစ်ခုခုစားလိုက်တာက သူ့စိတ်ကို ပြန်ကြည်လင်လာစေဖို့ အထောက်အကူပြုတယ်လေ။

ရုံးတော်အစောင့်ခေါင်းဆောင်က မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ခေါင်းငုံ့ရင်း လျှောက်တင်ရှာတယ်။

"ကျွန်တော်မျိုး သခင်လေးကျောင်း အကျဉ်းခန်းထဲမှာ အော်ဟစ်နေသံကို ကြားလို့ပါ။ သခင်လေးကျောင်း သွေးတွေအန်နေတာ မြင်တော့ ကျွန်တော်မျိုးက ထင်လိုက်တာက..."

"အသုံးမကျတဲ့ကောင်" တရားရေးဝန်ကြီးက ဆဲရေးလိုက်တာပေါ့။

"ကျွန်တော်မျိုး သေသင့်ပါတယ်" အစောင့်ခေါင်းဆောင်က အတင်းကာရော ဦးချတောင်းပန်နေတော့တယ်။ ဒီအပြစ်ကို သူပဲ ဝင်ခံရမှာလေ၊ မဟုတ်ရင် အမတ်ချုပ်ကြီးကျောင်းက သူ့မိသားစုကို အလွတ်ပေးမှာ မဟုတ်ဘူး။

ရှန်ကျုံးက ကျောင်းပေချန်ကို လက်ညှိုးထိုးပြပြီး မေးတော့တယ်။ "သူ့ပုံစံက သေမဲ့ပုံစံ ပေါက်နေလို့လား"

"လာကြစမ်း၊ ဒီအသုံးမကျတဲ့ကောင်ကို ဆွဲထုတ်သွားကြ" ကျောင်းချိုးမင်က အမိန့်ပေးလိုက်တော့တယ်။

ယွီးရှောင်ရှောင်ကတော့ "ဟက်" ခနဲ ရယ်လိုက်တာပေါ့။

အမတ်ချုပ်ကြီးကျောင်းရဲ့ နှလုံးသားတောင် ရပ်တန့်လုမတတ်ပဲ။

"မင်းသမီး" ကျောင်းပေချန်ကတော့ အနောက်ကနေပြီး အရမ်းကို ဝမ်းနည်းဖွယ်ကောင်းတဲ့ အသံနဲ့ ယွီးရှောင်ရှောင်ကို လှမ်းခေါ်လိုက်ရှာတယ်။

"ခမည်းတော်၊ လူကို လွှတ်ပေးလိုက်တော့လေ"

ရှန်ကျုံးကတော့ ဒီကိစ္စ တစ်ခုခု လွဲနေတယ်လို့ ခံစားရတာမို့ သူ ထပ်စဉ်းစားရဦးမယ်။

"အဖေက သူများကို အမှားနည်းနည်းလေးတောင် လုပ်ခွင့်မပေးချင်ဘူးလား။ ဘာပဲဖြစ်ဖြစ် ကျောင်းပေချန်လည်း သေမှမသေတာ၊ သူ့အဖေ ဝမ်းနည်းတာ မနည်းတာက အဖေနဲ့ ဘာဆိုင်လို့လဲ" လို့ ယွီးရှောင်ရှောင်က ပြောတာပေါ့။

ရှန်ကျုံးလည်း သူ့သမီးပြောတာ မှန်တယ်လို့ တွေးလိုက်မိတယ်။ ကျောင်းချိုးမင်ရဲ့ သား တစ်ခုခုဖြစ်တာကို သူက ဘာလို့ ဒီလောက်တောင် ခေါင်းစားခံပြီး စဉ်းစားနေရမှာလဲ။ ရှန်ကျုံး ချက်ချင်းပဲ ခေါင်းသုံးနေတာကို ရပ်လိုက်ပြီး ယွီးရှောင်ရှောင်ကို မေးလိုက်လေတယ်။

"ရှောင်လျို့၊ အဲ... ကျစ်မင်ကို နန်းတော်ထဲက ခေါ်ထုတ်သွားတာ တကယ်ပဲ သမီးလား"

"ဟုတ်တယ်" လို့ ယွီးရှောင်ရှောင်က ဖြေပြီး "မြန်မြန် လွှတ်ပေးလိုက်တော့" လို့ ဆိုလေတယ်။

ကျောင်းချိုးမင်ရဲ့ နှလုံးက ရပ်မသွားတော့ပေမဲ့ ခေါင်းတွေတော့ မိုက်ခနဲ ဖြစ်သွားရတယ်။ မင်းသမီးကြီးက ကျောင်းပေချန်ကို အပြစ်လွတ်အောင် လုပ်ပေးနေတာလား။ သူ့သား အကျဉ်းထောင်ထဲ ရောက်နေတဲ့ အချိန်တိုလေးအတွင်းမှာ ဘာတွေများ ဖြစ်ပျက်သွားခဲ့တာပါလိမ့်။

ရှန်ကျုံးက ယွီးရှောင်ရှောင်ကို လက်ညှိုးနဲ့ ခပ်ဖွဖွလေး ထိုးလိုက်ပြီး ကျောင်းပေချန်ကိုတော့ "မင်း အိမ်တော်ကို ပြန်တော့" လို့ပဲ ပြောလိုက်တယ်။

ကျောင်းပေချန်ကတော့ နံရံကို မှီရင်း မြေပြင်ပေါ်မှာ ထိုင်နေတုန်းပဲ။

ကျောင်းချိုးမင်ကတော့ ထအော်တာပေါ့။ "ဟ ငမိုက်သား၊ ဧကရာဇ်ကို ချက်ချင်း ကျေးဇူးမတင်သေးဘူးလား"

ကျောင်းပေချန်က ယွီးရှောင်ရှောင်ကို ကြည့်လိုက်တယ်။

ယွီးရှောင်ရှောင်က ကျောင်းပေချန်ကို ပခုံးလေး တွန့်ပြလိုက်လေရဲ့။

ရှန်ကျုံးက သူ့သမီးကို ဆက်မေးပြန်တယ်။ "သမီး ဘာကိစ္စ ရှိသေးလို့လဲ"

"ဘာမှမရှိတော့ဘူး၊ သမီး အဖေ့ကို အိမ်ပြန်ပို့ပေးမယ်" လို့ ယွီးရှောင်ရှောင်က ဖြေလိုက်လေရဲ့။

ရှန်ကျုံးက သူ့ဝတ်ရုံလက်ကို တစ်ချက်ခါလိုက်ပြီး အပြင်ကို လျှောက်ထွက်သွားတယ်။ အကျဉ်းထောင်ထဲက လေထုထဲမှာ ပုပ်ဟောင်ဟောင်နဲ့ မှိုစော်နံတဲ့ အနံ့ဆိုးကြီးက ပျံ့လွင့်နေတာမို့ ဒီအနံ့ကြီးကို ရှူမိတဲ့ ရှန်ကျုံးက တစ်စက္ကန့်လေးတောင် ဆက်မနေချင်တော့ဘူး။

ယွီးရှောင်ရှောင်၊ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့လည်း ရှန်ကျုံးနောက်ကနေ လိုက်ထွက်လာကြတယ်။

ကျောင်းပေချန်က ကျောင်းချိုးမင် သူ့ကို သတ်ခိုင်းတဲ့ကိစ္စကို ယွီးရှောင်ရှောင် တကယ်ပဲ ဖုံးကွယ်ပေးနေတာကို မြင်လိုက်ရတော့ ရုတ်တရက် ရှိုက်သံတစ်ခု ထွက်သွားပြီး "အရှင်မင်းကြီး၊ ကျွန်တော်မျိုး လျှောက်တင်စရာ ရှိပါတယ်" လို့ ပြောလိုက်တော့တယ်။

ရှန်ကျုံး ခြေလှမ်းတွေ ရပ်တန့်သွားပြီး ကျောင်းပေချန်ကို စိတ်မရှည်တဲ့ မျက်နှာပေးနဲ့ ကြည့်လိုက်တာပေါ့။

"မင်းမှာ ဘာကိစ္စ ရှိသေးလို့လဲ။ ကိုယ်တော်က မင်းကို မှားရိုက်ပြီး မှားဖမ်းထားမိလို့ အပြစ်တင်ချင်လို့လား"

ကျောင်းပေချန်က အကျဉ်းခန်းအပြင်ဘက်မှာ ဒူးထောက်နေတဲ့ ကျောင်းချိုးမင်ကို တစ်ချက်ကြည့်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို အတင်းကွေးရင်း မြေပြင်ပေါ် ဒူးထောက်ချလိုက်တော့တယ်။ "အရှင်မင်းကြီး၊ ကျွန်တော်မျိုးဟာ အပြစ်ရှိသူပါ"

"ဘာ"

"မိုက်ရိုင်းတဲ့ကောင်"

ရှန်ကျုံးနဲ့ ကျောင်းချိုးမင်တို့က တစ်ပြိုင်နက်တည်း အသံကျယ်ကြီးနဲ့ အော်လိုက်ကြတော့တယ်။

"ဒါကရော ဘယ်လိုဖြစ်ရတာလဲ" ရှောင်ကျွမ်းက ဒီည အဖြစ်အပျက်တွေဆိုတာ ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းလို့ သူ့ဦးနှောက်လေးတောင် လိုက်မမီတော့သလို ခံစားနေရပြီ။

ယွီးရှောင်ရှောင်က ကျောင်းပေချန်ကို ကြည့်ရင်း ပြောပြန်တယ်။ "ဒီတစ်ယောက်လည်း ရူးနေတာ သေချာသလောက်ပဲ"

"ကျွန်တော်တော့ သူ့ကို သနားမိသား" လို့ ရှောင်ဝေက ဝင်ပြောလေတယ်။ ကျောင်းအိမ်တော်ရဲ့ သခင်လေးဆိုတဲ့ ဂုဏ်ပုဒ်က အပြင်မှာပြောလိုက်ရင် ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်သလဲ။ အခုကြည့်ရတာတော့ မိဘမဲ့ ကလေးဖြစ်တဲ့ သူ့လောက်တောင် လွတ်လွတ်လပ်လပ် မနေရပါလား။

"မင်း ပါးစပ်ပိတ်ထားစမ်း" ကျောင်းချိုးမင်က ကျောင်းပေချန်ကို ဆဲရေးလိုက်တာပေါ့။

"အရှင်မင်းကြီးက ဒီတစ်ကြိမ် မင်းကို သနားညှာတာပြီး ခွင့်လွှတ်ပေးတာကို၊ မင်းက ဧကရာဇ်ရဲ့ ကျေးဇူးတော်ကို မသိတတ်တဲ့အပြင်၊ ဒီငမိုက်သားက အရှင်မင်းကြီးကို ဘာတွေများ လျှောက်ပြောနေချင်သေးတာလဲ"

ကျောင်းပေချန်ရဲ့ မျက်နှာကတော့ အခုအချိန်မှာ တည်ငြိမ်နေပြီ။ ရှန်ကျုံးကို ဦးချကန်တော့လိုက်ရင်း ထွက်ဆိုတော့တယ်။

"အရှင်မင်းကြီး၊ ပေ့လန်တောင်ကြားမှာ ပိုင်ဟူတပ်တွေနဲ့ တိုက်ကြတော့ တကယ့်တကယ်တမ်း ရန်သူကို ဆုတ်ခွာသွားအောင် လုပ်ခဲ့တာက ကုရှင်းလန်ပါ။ ကျွန်တော်မျိုးက သူ့ရဲ့ စွမ်းဆောင်မှုတွေကို လုယူခဲ့ပြီး သူ့ကို သစ္စာဖောက်အဖြစ် စွပ်စွဲခဲ့တာပါ။ ကျွန်တော်မျိုး သေဒဏ်ထိုက်ပါတယ်"

"ကျောင်းပေချန်" ကျောင်းချိုးမင်ခမျာ ငမိုက်သားလို့တောင် မဆဲနိုင်တော့ဘူး။ သူ့သားနာမည်ကို အပြည့်အစုံခေါ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့တယ်။

ကျောင်းပေချန်က ခါးကို မတ်မတ်ထားပြီး မြေပြင်ပေါ်မှာ ဒူးထောက်လျက်ပဲ။ တစ်ချက်လေးတောင် မလှုပ်တော့ဘူး။

ရှန်ကျုံးက ကျောင်းပေချန်ရဲ့ စကားကို ကြားတော့ အတော်ကြာအောင် ကြက်သေသေသွားပြီးမှ ယွီးရှောင်ရှောင်ကို မေးလိုက်လေတယ်။ "ခုနက သူ ဘာပြောလိုက်တာလဲ"

"သူပြောတာက ကုရှင်းလန်က အပြစ်ကင်းပါတယ်တဲ့" ယွီးရှောင်ရှောင်က ဘာသာပြန်ပေးလေရဲ့။

"ဒါဆိုရင် စစ်မြေပြင်မှာ ရန်သူနဲ့ ပူးပေါင်းတဲ့သူက ဘယ်သူလဲ" ရှန်ကျုံးက ဆက်မေးပြန်တယ်။

ယွီးရှောင်ရှောင်ကတော့ ဒီဘဲရဲ့ ဉာဏ်ရည်ဉာဏ်သွေးက တကယ်ကို ရင်လေးစရာကောင်းတယ်လို့ တွေးမိသွားပြီး မျက်မှောင်ကြုတ်လိုက်တော့တယ်။

"တို့အိမ်ရဲ့ ရှောင်ကုလေးက အပြစ်ကင်းတယ်ဆိုတော့ အပြစ်လုပ်ခဲ့တဲ့သူက သူပေါ့" ပြောရင်းဆိုရင်းပဲ ကျောင်းပေချန်ကို လက်ညှိုးထိုးပြလိုက်လေတယ်။

"မင်းက ရန်သူနဲ့ ပူးပေါင်းတာလား" ရှန်ကျုံးက ကျောင်းပေချန်ကို မျက်လုံးပြူးကြီးနဲ့ ကြည့်ပြန်ရော။

"သူကိုယ်တိုင်တောင် ဝန်ခံနေပြီကို၊ အဖေက ဘာတွေ လာမေးနေသေးတာလဲ" ယွီးရှောင်ရှောင်က ဖအေကို ဘလိမ်းတော့တယ်။

ရှောင်ဝေကတော့ ဒီသားအဖနှစ်ယောက်လုံးရဲ့ ဉာဏ်ရည်က တကယ်ကို ရင်လေးစရာပဲလို့ တွေးမိပြီး ရှန်ကျုံးကို ဝင်ပြောလိုက်ရတော့တယ်။

"အရှင်မင်းကြီး... သခင်လေးကျောင်း ပြောချင်တာက သူက သမက်တော်ရဲ့ စွမ်းဆောင်မှုကို လုယူပြီး သမက်တော်ကို ရန်သူနဲ့ ပူးပေါင်းတယ်ဆိုပြီး လုပ်ကြံစွပ်စွဲခဲ့တာပါတဲ့"

ဒါကြောင့် ရန်သူနဲ့ ပူးပေါင်းတယ်ဆိုတာ မရှိဘူး၊ စွမ်းဆောင်မှု လုယူတာနဲ့ လုပ်ကြံစွပ်စွဲတာပဲ ရှိတယ်ဆိုတာ နားလည်ဖို့ သိပ်ခက်နေလို့လား၊ အရှင်သခင်တို့ရယ်

…

All Chapters