အခန်း ၂၂၃
Vol. 23 Ch. 223
223
စုဟယ်သည် ကျိပိုင်၏ အမှတ်တရပစ္စည်းလေးကို အထက်အောက် လှုပ်ယမ်းလိုက်ရာ အတွင်းရှိ သဲမှုန်လေးများမှာ အဆက်မပြတ် ဝေ့ဝဲနေကြသည်။ ဤအမှတ်တရပစ္စည်းမှာ အမှန်တကယ်ပင် ဆွဲဆောင်မှုရှိလှသော်လည်း ကျိပိုင်ကို မနှစ်သက်သူများအတွက်မူ ၎င်းမှာ သာမန်သဲမှုန်ကစားစရာတစ်ခုမျှသာ ဖြစ်နေပြီး အွန်လိုင်းကံစမ်းမဲအစီအစဉ်မှာလည်း သဘာဝကျစွာပင် သူတို့ကို ဆွဲဆောင်နိုင်ခြင်း မရှိပေ။
"ဆုကြေးတွေကို ထပ်တိုးလိုက်ရအောင်၊ ဆရာကျိပိုင်ရဲ့ ဖျော်ဖြေပွဲက တော်တော်လေး အောင်မြင်ခဲ့ပြီး Fan အဖြစ် ကူးပြောင်းနှုန်းကလည်း မြင့်မားတယ်၊ အခု ငါတို့လုပ်ရမှာက ဆရာကျိပိုင်ရဲ့ ပရိသတ်အသိုင်းအဝိုင်းကို ပိုကျယ်ပြန့်လာအောင် ကူညီပေးဖို့ပဲ"
စုဟယ်သည် Weibo ပေါ်တွင် ပြန်လည်မျှဝေသူ အရေအတွက် နှေးကွေးစွာ တက်နေသည်ကို ကြည့်ပြီး လက်ရှိကံစမ်းမဲတွင် ဆုလာဘ်များ ထပ်မံဖြည့်စွက်ရန် ဆုံးဖြတ်လိုက်သည်။ စျေးကွက်ရှာဖွေရေး ဒါရိုက်တာ ရှောင်ယင်းမှာ သူမ၏ အစီအစဉ်ဇယားကို ကြည့်ရင်း ပြောလိုက်၏။
"ကျွန်မတို့က တစ်ပတ်ကြာ စျေးကွက်မြှင့်တင်ရေး လှုပ်ရှားမှုကို စီစဉ်ထားပါတယ်၊ ဖွင့်လှစ်တဲ့ ပထမဆုံးအပတ် တစ်လျှောက်လုံးမှာ ပြန်လည်မျှဝေသူတွေအတွက် ကံစမ်းမဲတွေ ရှိနေမှာပါ၊ ပြီးတော့ ကျွန်မတို့က ဘလော့ဂါ တွေကို ဆက်သွယ်ဖို့လည်း ပြင်ဆင်နေပါတယ်၊ အရင်က ဟဲယဲ့တည်းခိုခန်းကို လာဖူးတဲ့ ဒန်ဒန် ၊ လီနီယာ နဲ့ တခြားသူတွေကို ဗီဒီယိုလာရိုက်ဖို့ ဖိတ်ခေါ်သွားမှာပါ"
ရှောင်ယင်း ဆက်လက်ရှင်းပြသည်။ စုဟယ်မှာ အစီအစဉ်ကို ညွှန်ပြပြီး ပြောလိုက်၏။
"ဒီဆုတွေအားလုံးကို ပေါင်းလိုက်ပြီး ဒီနေ့တင်မယ့် Weibo ပို့စ်ထဲမှာပဲ ထည့်လိုက်ပါ၊ ဘလော့ဂါတွေကိုလည်း ဆက်သွယ်နေဖို့ မလိုတော့ဘူး၊ အဲဒီအတွက် သုံးမယ့် ဘတ်ဂျက် အားလုံးကိုပါ ဒီကံစမ်းမဲထဲမှာပဲ ထည့်လိုက်တော့"
တစ်ပတ်ကြာ ကံစမ်းမဲပြုလုပ်ခြင်းမှာ ကံထူးရှင် အရေအတွက် ပိုများစေပြီး ဟဲယဲ့တည်းခိုခန်း တရားဝင်အကောင့်၏ လှုပ်ရှားမှုကို မြင့်တက်စေနိုင်သည်မှာ မှန်သော်လည်း၊ အစီအစဉ်တစ်ခုကို လူပြောများသွားစေရန် အတွက်မူ တစ်ပတ်လုံး ပေးနေမည့် ဆုသေးလေးများထက် ကြီးမားသော ဆုကြီးတစ်ဆုမှာ ပို၍ အကျိုးသက်ရောက်မှု ရှိပေသည်။ ထို့အပြင် စုဟယ်အတွက် ပို၍အရေးကြီးသည်မှာ ဟဲယဲ့တည်းခိုခန်း၏ လူသိများမှု ကို မြှင့်တင်ရန်ဖြစ်သည်။ စနစ်သည် Fan များ၏ လှုပ်ရှားမှုအဆင့်အတိုင်းအတာကို တွက်ချက်သည်မဟုတ်ဘဲ လူသိများမှုကိုသာ ဂရုစိုက်ခြင်း ဖြစ်သည်။ အကယ်၍ ထိုဘလော့ဂါများကို ဆိုင်သို့ ဖိတ်ခေါ်ပြီး လှပသော ဗီဒီယိုများ ရိုက်ကူးစေခဲ့လျှင်ပင် ပရိသတ်များမှာ ဟဲယဲ့တည်းခိုခန်း အကောင့်ထက် ဘလော့ဂါများ၏ အကောင့်ကိုသာ Follow လုပ်ရန် ရွေးချယ်ကြမည်ဖြစ်ရာ တည်းခိုခန်းအတွက် မြင့်မားသော အကျိုးအမြတ် ရရှိမည်မဟုတ်ပေ။ ထို့ကြောင့် ထိုဘတ်ဂျက်ကို အသုံးပြုကာ လူကြိုက်များမှု ရရှိစေမည့် ကြီးမားသော ကံစမ်းမဲတစ်ခုအဖြစ် ပြုလုပ်လိုက်ခြင်းမှာ သာ၍ကောင်းပေမည်။
ယခင်က အင်တာနက်ဆယ်လီတစ်ဦးသည် သူ၏ ပြောဆိုချက်များကြောင့် လူအများ၏ မုန်းတီးခြင်းကို ခံခဲ့ရသော်လည်း သူကံစမ်းမဲအဖြစ် ငွေသားအစစ်အမှန်များကို ပေးအပ်ခဲ့သည့်အခါ သူ့ကို မုန်းတီးသူများပင်လျှင် Weibo ပို့စ်ကို ပြန်လည်မျှဝေကြပြီး သူ့ကို အစ်ကို ဟုပင် ချိုချိုသာသာ ခေါ်ဝေါ်ကာ နောက်သို့ လိုက်ခဲ့ကြသည် မဟုတ်ပါလား။ ရှောင်ယင်းအနေဖြင့်မူ တစ်ကြိမ်တည်းသော ကံစမ်းမဲသည် ဟဲယဲ့တည်းခိုခန်းအတွက် ရေရှည်တည်တံ့သော လူဝင်မှုကို မပေးနိုင်ဟု ခံစားရသဖြင့် သူမ၏ မူလစျေးကွက်ရှာဖွေရေး အစီအစဉ်ကို ပို၍သဘောကျနေခဲ့သည်။ သို့သော်လည်း စုဟယ်မှာ အထက်လူကြီး ဖြစ်နေသဖြင့် ရှောင်ယင်းမှာ ပြတ်သားစွာပင် ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ၊ ကျွန်မ စျေးကွက်မြှင့်တင်ရေး မဟာဗျူဟာကို ပြန်ညှိလိုက်ပါ့မယ်"
ရှောင်ယင်းသည် လျင်မြန်စွာ လုပ်ဆောင်ပြီးနောက် Weibo ပို့စ်အသစ်တစ်ခုကို တင်လိုက်သည်။
"ထပ်တိုးပြီ ထပ်တိုးပြီ၊ ဆုတွေ ပိုတိုးလိုက်ပြီရှေ့က Weibo ပို့စ်ကို Repost လုပ်ပြီး Follow လုပ်ရုံနဲ့ အောက်ပါဆုတွေကို ကံထူးနိုင်ပါပြီ - ဟဲယဲ့တည်းခိုခန်းရဲ့ မုန့်အစုံလိုက် Family Set (၆၀) ၊ ဟဲယဲ့တည်းခိုခန်းမှာ တစ်ည အခမဲ့ တည်းခိုခွင့် (၃၀) (သယ်ယူပို့ဆောင်ရေး အပါအဝင်)၊ ကျိပိုင်ရဲ့ VIP Box လက်မှတ် (၁၀) စောင်၊ ရှေးဟောင်းအသားဖြူ ဆေးဖက်ဝင်ဆပ်ပြာ (၃၀)၊ မက်မွန်ဂျယ်လီ (၅၀၀)"
ဤ Weibo ပို့စ်တွင် ဆုလက်ဆောင်များကို တန်းစီပြီး ဖော်ပြထားရာ အထူးသဖြင့် သယ်ယူပို့ဆောင်ရေး စရိတ်အပါအဝင် ဟဲယဲ့တည်းခိုခန်း၌ (၃၀) ဦး အခမဲ့ တည်းခိုခွင့်မှာ အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။ စုစုပေါင်း ဆုလက်ဆောင် အားလုံးပေါင်းလိုက်လျှင် ကံထူးနိုင်ခြေ အကြိမ်ရေ (၁၀၀၀) နီးပါး ရှိနေသည်။ ကံထူးရှင်နေရာ (၁၀၀၀) ရှိနေပြီး လက်ရှိ ပြန်လည်မျှဝေသူမှာ (၂၀၀၀) ခန့်သာ ရှိရာ လူနှစ်ယောက်တွင် တစ်ယောက်မှာ ကံထူးမည့် သဘောပင် ဖြစ်သည်။ ထိုနှစ်ယောက်ထဲတွင် တစ်ယောက်တော့ ငါပါမှာပဲ မဟုတ်လား။
ဤကံစမ်းမဲသတင်းကို မြင်တွေ့သူများသည် ဟဲယဲ့တည်းခိုခန်းအကြောင်း သိပ်မသိကြသလို တရုတ်ပြည်၏ မည်သည့်ပြည်နယ်တွင် ရှိမှန်းပင် မသိကြသော်လည်း ကံထူးနိုင်ခြေ ရာခိုင်နှုန်း မြင့်မားနေမှုမှာ တကယ့်ကို ဆွဲဆောင်နေသည်။ ထို့အပြင် ဤလှုပ်ရှားမှုမှာ ငွေကုန်ကြေးကျ မရှိသလို၊ PDD ကဲ့သို့ တခြားသူများကို ဖိတ်ခေါ်နေစရာ မလိုဘဲ Repost ခလုတ်လေးကို နှိပ်လိုက်ရုံဖြင့် ကံစမ်းနိုင်ခြင်းဖြစ်၏။ ဟဲယဲ့တည်းခိုခန်း၏ Wiebo ပြန်လည်မျှဝေသူ အရေအတွက်မှာ လျင်မြန်စွာ မြင့်တက်လာပြီး (၁၀,၀၀၀) ကျော်သို့ ခဏချင်း ရောက်ရှိသွားသည်။ သို့သော် (၁၀,၀၀၀) ဖြစ်သွားလျှင်ပင် ဆယ်ယောက်တွင် တစ်ယောက်မှာ ကံထူးနိုင်သေးသည်။ ဤ Weibo ပို့စ်ကို မြင်သူတိုင်း တွက်ချက်ကြည့်ကြရာ ကံထူးနိုင်ခြေမှာ နည်းလှသည်မဟုတ်သဖြင့် သူတို့လည်း လှုပ်ရှားမှုတွင် စတင်ပါဝင်လာကြတော့သည်။
"မေမေ သမီး ဖုန်းယူသွားပြီနော်"
အိပ်ရာပေါ်တွင် လဲလျောင်းနေသော ဟွမ်ချန်းချန်းသည် ဖိနပ်ပင် မစီးနိုင်ဘဲ အိပ်ရာမှ လူးလဲထကာ ဧည့်ခန်းသို့ ပြေးထွက်သွားသည်။ အမေဟွမ်မှာ သူမသမီးဖြစ်သူ၏ ဖရိုဖရဲဖြစ်နေသော ပုံစံကိုကြည့်ပြီး မပွစိပွစိ မလုပ်ဘဲမနေနိုင်ပေ။
"နင်ကတော့ အိပ်ရာထဲမှာ လဲနေပြီး မနက်စာတောင် မစားဘူး၊ ထလာတာနဲ့ ဖုန်းပဲ ကိုင်ချင်နေတာ၊ လူတွေတော့ ဖုန်းကြောင့်ပဲ ပျက်စီးကုန်တော့မှာပဲ"
ဟွမ်ချန်းချန်းမှာတော့ သူမအမေ၏ ပွစိပွစိ ပြောဆိုမှုများကို နားတစ်ဖက်မှ ဝင်ပြီး နားတစ်ဖက်မှ ထွက်သွားစေသည့် ပညာရပ်ကို တတ်မြောက်ထားပြီးသားဖြစ်သည်။ သူမသည် အမေဟွမ်၏ စကားကို လျစ်လျူရှုကာ ထပ်မံအော်ပြောလိုက်၏။
"ဖေဖေ၊ ဖေဖေ့ဖုန်း ပေးပါဦး"
ထိုအချိန်တွင် ဖုန်းဖြင့် ဗီဒီယိုကြည့်နေသော အဖေဟွမ်မှာ အနည်းငယ် ဝန်လေးနေသည်။
"အခု ဘာလုပ်ဖို့လဲ"
"အိုး ပေးမှာသာ ပေးပါ၊ သမီး ကံစမ်းမဲ နှိုက်မလို့"
ဟွမ်ချန်းချန်းသည် အဖေဟွမ်၏ ဖုန်းကို လုယူကာ စတင်အသုံးပြုတော့သည်။ ဟွမ်ချန်းချန်းသည် သူမသူငယ်ချင်းမှာ ကံစမ်းမဲသတင်းကို ပြန်လည်မျှဝေထားသည်ကို တွေ့ခဲ့ခြင်းဖြစ်၏။ ဆုအရေအတွက်နှင့် Repost အရေအတွက်ကို မြင်လိုက်သည်နှင့် သူမအိပ်ရာမှ ချက်ချင်း ထလာခဲ့ခြင်းဖြစ်သည်။ လူငါးယောက်တွင် တစ်ယောက် ကံထူးမည်။ သူမမိသားစုဝင် သုံးယောက်လုံး ပါဝင်လျှင် အနည်းဆုံး တစ်ယောက်တော့ ကံထူးမှာပဲ မဟုတ်လား။ အဖေဟွမ်သည် စောစောက စပီကာ အကျယ်ကြီးဖွင့်ကာ ဗီဒီယိုကြည့်နေခဲ့ခြင်းဖြစ်သည်။ ဟွမ်ချန်းချန်းမှ Weibo ကို ပြန်လည်မျှဝေနေစဉ်အတွင်း ဟဲယဲ့တည်းခိုခန်း အကောင့်မှ တင်ထားသော ဗီဒီယိုတစ်ခုကို မတော်တဆ နှိပ်မိသွားသည်။ ကုချင်းသံစဉ်လေးတစ်ခု ဖုန်းစပီကာမှ စီးထွက်လာသည်။ ပွစိပွစိပြောနေသော အမေဟွမ်မှာ ငြိမ်ကျသွား၏။ ဆိုဖာပေါ်တွင် လဲလျောင်းနေသော အဖေဟွမ်မှာလည်း မတ်မတ်ထိုင်လိုက်သည်။ ဟွမ်ချန်းချန်းမှာလည်း ဖုန်းကို ကြောင်ကြည့်နေမိသည်။ မိသားစုဝင် အားလုံး၏ စိတ်ထဲတွင် စကားတစ်ခွန်းသာ ရှိတော့၏။
"သာယာလှချည်လား"
ဤအသံမှာ တကယ့်ကို သာယာလွန်းလှသည်။ ဗီဒီယိုကို ဒုတိယအကြိမ် ပြန်လည်ဖွင့်သည့် အချိန်တွင်မူ ဟွမ်ချန်းချန်းသည် ကုချင်းသံ၏ စည်းချက်အတိုင်း လူးလွန့်နေမိပြီ ဖြစ်၏။ အမေဟွမ်မှာ ဟွမ်ချန်းချန်း တစ်နေကုန် ဖုန်းကိုင်နေသည်ကို ဆူပူရန် လုံးဝမေ့သွားတော့သည်။
"ချန်းချန်း ဒီဟာကို တခြားသူဆီ ပို့လို့ရလား၊ အမေ့ဆီကို အမြန်ပို့ပေးစမ်းပါ၊ အမေမိသားစုဂရု ထဲကို ပြန်ပို့ချင်လို့"
ဟွမ်ချန်းချန်းသည် ဗီဒီယိုကို ဒေါင်းလုဒ်လုပ်ကာ အမေဟွမ်ထံ ပို့ပေးလိုက်သည်။ အမေဟွမ်မှာ ချက်ချင်းပင် ထိုဗီဒီယိုကို "ချစ်သောမိသားစု" ဂရုထဲသို့ ပြန်လည်မျှဝေလိုက်တော့သည်။
ဖုန်းချင်းယွင်တန်း : " (ဗီဒီယို) ဝိညာဉ်ရေးရာဂီတလေးပါ၊ မိသားစုဝင်တွေ အားလုံး ပျော်ရွှင်အေးချမ်းကြပါစေ"
ဖျင်အန်းရှစ်ဖူ : "အစ်မကြီးပို့တဲ့ ဗီဒီယိုက တကယ်ကောင်းတယ် Like ၊ ဝိညာဉ်နတ်ဘုရား သီချင်းကို နားထောင်ရင်း စိတ်ကို တည်ငြိမ်အောင် ထားရမယ် Like "
ကျင်းယွီမန့်ထန်း : "(ကြာပန်း ) (ကြာပန်း)၊ မိသားစုဝင်တို့ရေ၊ လက်ချောင်းလေးတွေ လှုပ်ရှားပြီး အားလုံးပဲ ပြန်မျှဝေကြရအောင်၊ တို့မိသားစုအတွက် ကုသိုလ်ကောင်းမှုတွေ စုဆောင်းကြတာပေါ့"
အမေဟွမ်မှာ ထိုမျှနှင့် မကျေနပ်သေးဘဲ ဗီဒီယိုကို သူမ၏ကခုန်ခြင်းအဖွဲ့၊ မာကျောက်ဝိုင်းအဖွဲ့နှင့် အိမ်နီးနားချင်း အဖွဲ့များသို့ပါ ထပ်မံပေးပို့လိုက်သည်။
"အိုး ဒီဆရာက ဝိညာဉ်နတ်ဘုရား သီချင်းကို ဆိုတာပဲ၊ ကုသိုလ်တွေ အများကြီးရမှာပဲ"
အမေဟွမ် သက်ပြင်းချရင်း တောင်းဆိုချက်အသစ်တစ်ခု လုပ်လိုက်ပြန်သည်။
"ချန်းချန်း ဒီဟာကို နင့်အဖေရဲ့ ကားထဲမှာ ထည့်ပေးလို့ ရမလား၊ နင့်အဖေက တက္ကစီမောင်းတာ စိတ်ကလည်း အရမ်းတိုတာ၊ ဒီစိတ်ဝိညာဉ်နတ်ဘုရားသီချင်းကို နားထောင်ရင် သူ အန္တရာယ်ကင်းကင်းနဲ့ မောင်းနိုင်မှာ၊ အဲဒါကြောင့် သူ့အတွက် ထည့်ပေးလိုက်ပါဦး"
ဟွမ်ချန်းချန်းမှာ လက်နှစ်ဖက်လုံး မြှောက်ကာ သဘောတူလိုက်သည်။ အဖေဟွမ်၏ ကားထဲတွင် ဖွင့်နေကျ ဂီတမှာ အမေဟွမ်ဝယ်ပေးထားသည့် "မဟာကရုဏာတော်ရှင် ဂါထာတော်" ဖြစ်ပြီး နှစ်ပေါင်းများစွာ ဖွင့်နေခဲ့သဖြင့် ဟွမ်ချန်းချန်းမှာ ခေါင်းပင် မူးနေပြီဖြစ်၏။ အကယ်၍ ကားထဲမှာ သီချင်းကို ထိုစိတ်ဝိညာဉ်ရေးရာ တေးသံစဉ်လေးနှင့် လဲလိုက်မည်ဆိုလျှင် သူမအနေဖြင့် အဖေဖြစ်သူ၏ ဟောင်းနွမ်းနေပြီဖြစ်သောကားစုတ်ကြီးကို မုန်းတော့မည် မဟုတ်ပေ။