← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

224

"ဟယ်လို ဘလော့ဂါခင်ဗျာ၊ ဒါက ဘယ်လိုသီချင်းမျိုးလဲ"

ရွှင်းကောမှာ တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"လာပြီ လာပြီ၊ နေ့စဉ်မေးခွန်းဟောင်းကြီး လာပြန်ပြီ"

ရွှင်းကောသည် စကားပြောဘလော့ဂါတစ်ဦးဖြစ်ပြီး အစပိုင်းတွင် သူ၏ လူကြည့်မှုနှုန်းမှာထူးထူးခြားခြား မရှိခဲ့ပေ။ တစ်နေ့တွင် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု ထဲသို့ ကြည့်ရှုသူတစ်ဦးမှ ချိတ်ဆက်လာပြီး သံစဉ်များ လုံးဝလွဲချော်ကာ အသံပင် မမှန်တော့သည့် သီချင်းတစ်ပုဒ်ကို ဆိုပြခဲ့သည်။ စာသားကိုလည်း 'ဘုန်း ဘုန်း ဘုန်း' ဟုသာ မှတ်မိပြီး မူရင်းသီချင်းကို ရှာပေးရန် သူ့ကို အကူအညီတောင်းခဲ့၏။ ရွှင်းကောသည် ထိုကြည့်ရှုသူအတွက် သီချင်းရှာပေးရန် မိနစ် (၆၀) အပြည့် အချိန်ပေးခဲ့ရပြီး ထိုအပိုင်းကို ဗီဒီယိုအတိုလေးအဖြစ် တည်းဖြတ်တင်လိုက်ရာ မထင်မှတ်ဘဲ လူကြိုက်များသွားခဲ့သည်။ ထို့ကြောင့် ရွှင်းကော၏ တိုက်ရိုက်ထုတ်လွှင့်မှု သည်လည်း သာမန်စကားပြောရာမှ လူတိုင်း၏ မမှတ်မိတော့သော သီချင်းများ သို့မဟုတ် ဗီဒီယိုအတိုအစများကို ရှာဖွေပေးသည့် ကဏ္ဍအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရွှင်းကောသည် Live ထဲမှ စိတ်ဝင်စားစရာ အပိုင်းများကိုလည်း ဗီဒီယိုအတိုလေးများအဖြစ် ပြန်လည်တည်းဖြတ်လေ့ရှိသည်။

"ဒီလောက် ဂန္ထဝင်ဆန်တဲ့ မေးခွန်းမျိုးဆိုရင်တော့ ဒီသူငယ်ချင်းက ငါ့ကို ဘယ်လိုမျိုး စိန်ခေါ်ဦးမလဲ ကြည့်ကြသေးတာပေါ့ "

ရွှင်းကောမှာ စိန်ခေါ်လိုသည့် အမူအရာဖြင့် ပြုံးလိုက်ပြီး ဆက်ပြောသည်။

"ငါ ပြောတာတော့ မဟုတ်ဘူး၊ မင်းတို့ နောက်ပိုင်းပေးတဲ့ မေးခွန်းတွေက အရမ်းလွယ်လွန်းတယ်၊ Music App တစ်ခုခုဖွင့်ပြီး သီချင်းရှာတဲ့ ခလုတ် ကို နှိပ်လိုက်ရုံနဲ့ ရနေပြီပဲ ငါ့ကို လာရှာနေစရာတောင် မလိုဘူး"

ရွှင်း‌ကောမှာ Live ထဲမှ Fanများနှင့် အပြန်အလှန် စကားပြောလိုက်သည်။

"အားလုံးပဲ အောက်က Chat box မှာ စပြီး ခန့်မှန်းကြည့်ကြပါ၊ အခုမေးခွန်းက ခက်မယ်ထင်ရင် (၁) လို့ ရိုက်၊ မခက်ဘူးလို့ ထင်ရင်တော့ (၃.၁၄၁၅၉၂၆၅၄) လို့ ရိုက်ကြ၊ မင်းတို့ရဲ့ ခန့်မှန်းချက်တွေ မှန် မမှန် ကြည့်ရအောင်"

မျက်နှာပြင်ပေါ်တွင် (၃.၁၄၁၅၉၂၆၅၄) ဆိုသည့် စာတန်းများ တန်းစီပြီး စီးဆင်းလာတော့သည်။ ရွှင်း‌ကောနှင့် အခုလေးတင် ချိတ်ဆက်လိုက်သည့် Fan ၏ အသံမှာ အလွန်ငယ်ရွယ်ပုံရပြီး တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် တူလှသည်။ ထိုကျောင်းသားလေးသည် အလွန်စိတ်လှုပ်ရှားနေပုံရပြီး Chat ထဲမှ စာများကို မြင်သောအခါ ပြန်လည်ချေပလိုက်၏။

"ရွှင်းကော၊ ဒီသီချင်းက တကယ်ရှာရခက်တာပါ၊ ကျွန်တော် အွန်လိုင်းမှာ အများကြီး ရှာကြည့်ပြီးပြီ ရှာလို့မရလို့ပါ၊ အစ်ကို ကျွန်တော့်ကို ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေး ယုံကျန်းကို ခရီးထွက်ခဲ့ကြတယ်၊ လေဆိပ်ကနေ ဟိုတယ်ကို တက္ကစီစီးပြီး သွားတဲ့အခါ တက္ကစီဆရာက ကားထဲမှာ သီချင်းတစ်ပုဒ် ဖွင့်ထားတယ်၊ အဲဒီသီချင်းကတစ်ယောက်ယောက် ဂါထာတော်တွေ ရွတ်ဖတ်နေသလိုမျိုးပဲ"

ကျောင်းသားလေး၏ ပြောပြချက်ကို ကြားပြီးနောက် Chat box ထဲတွင် "ဒါပဲလား" ၊ "အေးဆေးပဲ" ဆိုသည့် စာတန်းများ ဝေဆာသွားသည်။

"ရွှင်းကောတောင် ထွက်လာစရာ မလိုဘူး၊ ငါ သိတယ် သူငယ်ချင်း၊ မင်း 'မဟာကရုဏာတော်ရှင် ဂါထာတော်' ဆိုပြီး ရှာကြည့်လိုက်၊ တက္ကစီဆရာ အတော်များများက အဲဒါပဲ ဖွင့်ကြတာ"

"တစ်ခါနားထောင်လို့ အသံမတူရင် 'DJ Version' လို့ ထပ်ရှာကြည့်၊ သေချာပေါက် နီးစပ်လိမ့်မယ်"

"App ထဲမှာ ဗုဒ္ဓဘာသာဂီတလို့ ရှာပြီး Playlist ထဲက တစ်ပုဒ်ချင်းစီ နားထောင်ကြည့်ရင် ချက်ချင်း တွေ့သွားမှာပါ"

ကြည့်ရှုသူများမှာ ဤမေးခွန်းမှာ အလွန်လွယ်ကူသည်ဟု ထင်ကာ ခပ်ပေါ့ပေါ့ပင် တုံ့ပြန်နေကြသည်။ ကျောင်းသားလေးသည် Chat ထဲမှ မှတ်ချက်များကို မြင်သောအခါ အမြန်ပင် ရှင်းပြလိုက်၏။

"တကယ် 'မဟာကရုဏာတော်ရှင် ဂါထာတော်' မဟုတ်ပါဘူး၊ ကျွန်တော် အဲဒီဂါထာကို နားထောင်ဖူးပါတယ် အခုသီချင်းနဲ့ လုံးဝမတူဘူး၊ စာသားတွေလည်း မတူဘူး"

"အဲဒီသီချင်းတွေက ကျွန်တော်ရှာနေတာနဲ့ လုံးဝခြားနားပါတယ်"

ကျောင်းသားလေးမှာ အခိုင်အမာ ပြောလိုက်သည်။ သူ့မျက်နှာတွင် လွမ်းဆွတ်တမ်းတသည့် အရိပ်အယောင်များ ပေါ်လာ၏။

"ကျွန်တော်တို့ လေယာဉ်စီးလာတာ ကြာတော့ အရမ်းပင်ပန်းနေပြီ ပြီးတော့ ကျွန်တော်က ကားမူးတတ်တဲ့သူဆိုတော့ တက္ကစီပေါ် ရောက်တာနဲ့ နေလို့မကောင်းဖြစ်နေတာ၊ တက္ကစီဆရာက ကားထဲမှာ ဆေးလိပ်သောက်ထားတော့ ဆေးလိပ်နံ့နဲ့ သားရေနံ့တွေ ရောပြီး နှာခေါင်းထဲ ထိုးဝင်လာတာ အန်တောင် အန်ချင်လာတယ်၊ ဒါပေမဲ့ ကားစထွက်တာနဲ့ ဆရာက သီချင်းဖွင့်လိုက်တာ အဲဒါ နတ်ပြည်က နတ်သံစဉ်အတိုင်းပဲ၊ ကုချင်းသံနဲ့ ဆင်တူတဲ့ အသံလေး စထွက်လာပြီး အဲဒီနောက်မှာ ဝေးလွင့်လှတဲ့ အမျိုးသား အသံတစ်သံ ပါလာတယ်၊ အဲဒီအသံက အရမ်းနူးညံ့ပြီး ကြင်နာတတ်ပုံရလို့ ကိုယ့်ရဲ့ အခက်အခဲမှန်သမျှကို အဲဒီအသံရှင်ကို ရင်ဖွင့်ပြောပြချင်စိတ်တောင် ပေါက်သွားတယ်၊ ကျွန်တော် နေလို့ တကယ်မကောင်းဖြစ်နေတာ ဒါပေမဲ့ အဲဒီသီချင်းကို ကြားလိုက်ရတော့ စိတ်က လုံးဝတည်ငြိမ်သွားတယ်၊ ပျို့အန်ချင်တာတွေ ဗိုက်မကောင်းတာတွေ အကုန်ပျောက်သွားတယ်၊ သီချင်းက ကျွန်တော့်ကို သန့်စင်ပေးလိုက်သလိုပဲ၊ ဒီသီချင်းက ကျွန်တော့်အတွက် တကယ်အရေးကြီးပါတယ် ဒီသီချင်းက ကျွန်တော့်ရဲ့ ကားမူးဝေဒနာကို ကုသပေးနိုင်မယ်လို့တောင် ထင်တယ်"

ကျောင်းသားလေးက သူ၏ အတွေ့အကြုံကို အလေးအနက် ပြောပြပြီးနောက် ရွှင်းကောကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။ သို့သော် Chat box ထဲတွင်မူ သံသယဖြစ်မှုများဖြင့် ပြည့်နှက်နေ၏။

"နောက်နေတာလား ငါ အခုလေးတင် ဗုဒ္ဓဘာသာ သီချင်းတွေအကုန် နားထောင်ကြည့်ပြီးပြီ၊ သူပြောသလို သီချင်းမျိုး တစ်ပုဒ်မှ မရှိဘူး၊ သူငယ်ချင်း သိပ်ပြီးတော့လည်း ပိုမပြောပါနဲ့ဦး"

"သိပြီ သိပြီ၊ ဒါ ရွှင်းကောရဲ့ အသိဖြစ်မှာပါ၊ Live ရဲ့ ကြည့်ရှုနှုန်းကို မြှင့်ပေးဖို့ လာလုပ်ပေးနေတာနေမှာ"

ကျောင်းသားလေးသည် ကြည့်ရှုသူများမှာ သူ့ကို လိမ်နေသည်ဟု ပြောကြသဖြင့် တကယ်ပင် စိတ်ပူသွားသည်။

"ကျွန်တော် တကယ်မလိမ်ပါဘူး၊ ပြောသမျှ အမှန်တွေပါ မယုံရင် ကျွန်တော့်ကောင်မလေးကို ပြောခိုင်းမယ်"

ရွှင်းကော၏ Live stream တွင် မိန်းကလေးများ ချိတ်ဆက်လာခဲသဖြင့် ကြည့်ရှုသူများမှာ ကောင်မလေးအတွက် မျက်နှာသာပေးသည့်အနေဖြင့် နားထောင်ပေးရန် သဘောတူလိုက်ကြသည်။ နူးညံ့ချိုသာသော အသံလေးတစ်ခု ထွက်ပေါ်လာ၏။

"အားလုံးပဲ မင်္ဂလာပါ ကျွန်မကောင်လေး ပြောတာ မလိမ်ပါဘူး၊ အဲဒီသီချင်းကို ကြားရတဲ့အချိန်မှာ ကျွန်မလည်း သန့်စင်သွားသလို ခံစားရပြီး စိတ်အေးချမ်းသွားတာ၊ လေဆိပ်ကနေ ဟိုတယ်အထိက မိနစ် (၃၀) လောက် မောင်းရလို့ နည်းနည်းဝေးပေမဲ့ သီချင်းနားထောင်နေရတော့ ခရီးက အရမ်းတိုသွားသလိုပဲ ခံစားရတယ်၊ တစ်ပုဒ်လုံးကို ငါးခေါက် ခြောက်ခေါက်လောက် ပြန်ပြန်ဖွင့်ရင်းနဲ့ပဲ ခရီးဆုံးသွားတာပါ"

ရွှင်းကောသည် သူတို့ပြောပြချက်များထဲမှ အဓိကအချက်အချို့ကို ချက်ချင်း ဖမ်းဆုပ်လိုက်သည်။

"ပထမအချက်၊ ဒါက ဗုဒ္ဓဘာသာ ဂါထာတော်ဖြစ်တဲ့အတွက် ရှာရမယ့် နယ်ပယ်က တော်တော်လေး ကျဉ်းသွားပြီ ပြီးတော့ ဂါထာတော်ကို ရွတ်တာက အမျိုးသားအသံ၊ ဒုတိယအချက်က အသုံးပြုတဲ့ တူရိယာက ကုချင်း၊ တတိယအချက်က ခရီးစဉ်က မိနစ် (၃၀) ကျော်ပြီး သီချင်းက ငါးခေါက် ခြောက်ခေါက်လောက် ပတ်သွားတယ်ဆိုရင် သီချင်းတစ်ပုဒ်ရဲ့ ကြာချိန်က (၅) မိနစ် ဝန်းကျင်ပေါ့၊ နောက်ဆုံးအချက်ကတော့ နောက်ဆက်တွဲ သတင်းအချက်အလက်အနေနဲ့ပဲ ထားမယ်၊ အဲဒါကတော့ ဒီသီချင်းက လူတွေကို သန့်စင်ပေးသလို ခံစားရစေတယ် ဆိုတာပဲ"

ရွှန်းကောသည် ပထမအချက် (၃) ချက်ကို ဂီတဒေတာဘေ့စ် ထဲတွင် ထည့်သွင်းရှာဖွေသော်လည်း မိနစ် (၃၀) အပြည့် ရှာသော်လည်း ကျောင်းသားလေးပြောသည့် သီချင်းကို ရှာမတွေ့ပေ။

"ဒီနေ့တော့ အလုပ်ကြီးရပြီ ထင်တယ်၊ ငါ ရှာမတွေ့တာမျိုး ဖြစ်နိုင်မလား"

ရွှင်းကော တကယ်ပင် ခေါင်းကိုက်လာသည်။ သူ ဗုဒ္ဓဘာသာ သီချင်းတွေအကုန်လုံးကို ရှာဖွေပြီးပြီ။ အကယ်၍ ကျောင်းသားလေးမှာ ကုချင်းတူရိယာလို့ အသေအချာ မပြောခဲ့ရင် ရွှန်းကောတစ်ယောက် အိန္ဒိယဂီတတွေဘက်အထိတောင် သွားရှာမိတော့မည်။ ကြည့်ရှုသူများ ပျင်းမသွားစေရန် ရွှင်းကောမှာ Live stream ၏ အကျိုးသက်ရောက်မှုကို ဖန်တီးလိုက်သည်။

"ပထမအချက် (၃) ချက်က အသုံးမဝင်တော့ဘူးဆိုတော့ နောက်ဆုံးအချက်ကိုပဲ စမ်းကြည့်ရအောင်၊ ဗုဒ္ဓဘာသာဂါထာ နဲ့ သန့်စင်ခြင်း ဆိုပြီး ရှာကြည့်ရအောင်"

မထင်မှတ်ဘဲ ဝက်ဘ်စာမျက်နှာပေါ်တွင် အသုံးဝင်သည့် သတင်းတစ်ခု ဘွားခနဲ ပေါ်လာသည်။

"အား ငါ ဌာနမှူးနဲ့အတူ သန့်စင်ပွဲကို သွားခဲ့တာ၊ အဲဒီမှာ ငါ့ရဲ့ အခင်ဆုံးသူငယ်ချင်းက ဆရာကြီးအတွက် မီးချောင်းလေးလွှဲပြီး အားပေးနေတာနဲ့ တည့်တည့်တိုးပါလေရော အရမ်းရှက်ဖို့ကောင်းပေမဲ့ ဆရာကြီးဆိုတဲ့ ဂါထာတော်တွေကတော့ တကယ်ကို ကောင်းတာပါပဲ"

ရွှင်းကော မေးစေ့ကို ပွတ်သပ်လိုက်သည်။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ"

ကြည့်ရှုသူများလည်း စိတ်လှုပ်ရှားသွားကြသည်။ ရွှင်းကောသည် မြက်ပင်ပုံထဲ အပ်ရှာသလို မိနစ် (၃၀) ကြာ ရှာနေသဖြင့် ကြည့်ရှုသူများလည်း ပင်ပန်းနေပြီဖြစ်၏။ အခုတော့ အသုံးဝင်သည့် သဲလွန်စတစ်ခု ရခဲ့ပြီ။ ၎င်းသဲလွန်စမှာ လူတိုင်း အရေးမပါဟု ထင်ထားသည့် စတုတ္ထမြောက်အချက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရွှင်းကော၏ Live stream သည် လူကြည့်နှုန်း တဖြည်းဖြည်း ကျဆင်းနေရာမှ ရုတ်တရက် လူပေါင်းထောင်ချီ၍ ဝင်ရောက်လာကြသည်။

"သန့်စင်ပွဲ"

ရွှင်းကော သိပ်နားမလည်ပေ။ သူ ထိုအကောင့်ထဲသို့ ဆက်လက် နှိပ်ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုအကောင့်ပိုင်ရှင်သည် အခြား အသုံးဝင်သည့် သတင်းများကိုလည်း တင်ထားခဲ့၏။

"ဒီနေ့ ငါ့သူငယ်ချင်းနဲ့အတူ ဟဲယဲ့တည်းခိုခန်း ကို သွားခဲ့တယ်၊ အရမ်းပျော်တယ် ဆရာကြီး ကျိပိုင် ကို နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရတယ်"

ရွှင်းကောမျက်လုံးများ ဝင်းလက်သွားသည်။

"ဆရာကြီး"

သူ ဟဲယဲ့တည်းခိုခန်းကို ဆက်လက်ရှာဖွေလိုက်ရာ တည်းခိုခန်း၏ Pin လုပ်ထားသော Weibo ပို့စ်တွင် ကံစမ်းမဲ လင့်ခ် တစ်ခုကို တွေ့လိုက်ရသည်။

"ဗီဒီယိုပါလား၊ ကြည့်ကြရအောင်"

ရွှန်းကောမှာ ဗီဒီယိုကို နှိပ်လိုက်ရင်း ပြောလိုက်သည်။ ဗီဒီယို စတင်ဖွင့်လိုက်သည်နှင့် ရွှန်းကောနှင့် ကြည့်ရှုသူများ အားလုံး သိလိုက်ကြသည်မှာ ကျောင်းသားလေးသည် တကယ်မလိမ်ခဲ့ကြောင်းပင်။ ဒီဂီတမှာ လူတွေကို တကယ်ပဲ သန့်စင်ပေးနိုင်တာပဲ။ Chat box ထဲတွင် ကျောင်းသားလေးကို ပြန်လည်တောင်းပန်သည့် စာတန်းများ တန်းစီလာတော့သည်။

"အား တောင်းပန်ပါတယ်၊ ငါတို့တွေ မင်းကို အထင်လွဲသွားတယ်"

ရွှင်းကောသည် သက်ဝင်လှုပ်ရှားနေသော Chat box ကို ကြည့်ပြီး ဤ Live stream မှာ အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ အစီအစဉ်၏ အကျိုးသက်ရောက်မှုမှာ အလွန်ကောင်းမွန်လှသဖြင့် သူသည် ဟဲယဲ့တည်းခိုခန်း၏ ကံစမ်းမဲ Weibo ပို့စ်ကို တိတ်တဆိတ်ပင် ပြန်လည်မျှဝေ လိုက်လေတော့၏။

All Chapters