အခန်း ၂၃၀
Vol. 23 Ch. 230
230
စုဟယ်၏မေးခွန်းကို ကြားလိုက်ရသည့်အခါ ယွမ်ဒန်းချူးသည် သူ၏မျက်ဝန်းများထဲတွင် ပြုံးရိပ်အနည်းငယ် သန်းလျက် တဟားဟား ရယ်မောလိုက်သည်။ သူသည် မေးခွန်းကို တိုက်ရိုက်မဖြေဘဲ သူ၏ ငယ်စဉ်တောင်ကျေး ကျင့်ကြံခြင်း ပညာရပ်များ လေ့လာခဲ့ရသည့် အတွေ့အကြုံများကို စတင်ပြောပြလေတော့၏။
"ကျွန်တော် ငယ်ငယ်တုန်းက ဆရာ့နောက်လိုက်ပြီး ကျင့်ကြံခြင်းပညာတွေကို သင်ယူခဲ့ရတယ်"
ယွမ်ဒန်းချူး အတိတ်ကို ပြန်ပြောင်းသတိရရင်း ပြောပြသည်။
"ကျွန်တော့်ဆရာက အရမ်းစည်းကမ်းကြီးတာ၊ အဲဒီတုန်းက ကျွန်တော်က ကလေးဆိုတော့ ခန္ဓာကိုယ်ကလည်း နည်းနည်းအားနည်းတယ်လေ၊ တစ်ခါတလေ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို မလိုက်နိုင်ဘူး၊ အဲဒါကြောင့် ခန္ဓာကိုယ်သန်စွမ်းဖို့ ဆေးဖက်ဝင်အပင်တွေကို မှီဝဲခဲ့ရတယ်"
သူသည် ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောသည်။
"ဒါပေမဲ့ ဆေးပင်တစ်မျိုးတည်းကိုပဲ သောက်တဲ့အချိန် မတူရင် ရတဲ့ရလဒ်ကလည်း မတူဘူး၊ အမြစ်ကို စားတာနဲ့ အရွက်ကို စားတာတောင် အာနိသင်က ကွာခြားသွားတတ်တယ်"
စုဟယ်သည် တိတ်ဆိတ်စွာ နားထောင်နေမိသည်။ သူမသည် ယွမ်ဒန်းချူး ဆိုလိုသည့် အဓိပ္ပာယ်ကို အနည်းငယ် နားလည်လာခဲ့ပြီဖြစ်၏။ ယွမ်ဒန်းချူး ဆက်၍ပြောသည်။
"ကျွန်တော် အခုဖော်စပ်ထားတဲ့ ဆံပင်ပေါက်ဆေးရဲ့ ပါဝင်ပစ္စည်းတွေက ဂျင်ဆင်း၊ အမြစ်၊ လင်းဇီး စတဲ့ အဆီအနှစ်တွေပဲဆိုတော့ စျေးကွက်ထဲက ပစ္စည်းတွေနဲ့ သိပ်မထူးခြားဘူးလို့ ထင်ရပေမဲ့ တကယ်တော့ ဒီပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံက ရှေးဟောင်း တရုတ်တိုင်းရင်းဆေး ဖော်မြူလာတွေကနေ ဆင်းသက်လာတာပါ"
သူသည် အသာအယာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဒါပေမဲ့ မိသားစုတစ်ခုချင်းစီမှာ ကိုယ်ပိုင်ထူးခြားတဲ့ ဆေးဖော်နည်း လျှို့ဝှက်ချက်တွေ ရှိကြတယ်၊ အဲဒါကြောင့် စျေးကွက်ထဲက ပစ္စည်းတွေရဲ့ ပါဝင်ပစ္စည်းတွေက ဆင်တူနေပေမဲ့ လူတစ်ဦးချင်းစီအပေါ် သက်ရောက်တဲ့ အာနိသင်ကတော့ ကွဲပြားသွားတာပေါ့၊ ဒါကြောင့်ပဲ အချို့လူတွေက ပစ္စည်းတစ်ခုကို သုံးရင် ထိရောက်တယ်လို့ ပြောကြပြီး အချို့ကျတော့လည်း ဘာမှမထူးဘူးလို့ ဖြစ်နေကြတာ"
ယွမ်ဒန်းချူး ဆက်လက်ရှင်းပြသည်။
"ကျွန်တော့်ဆီမှာ ရှိနေတဲ့ ဖော်မြူလာက ရှန်ချင်းဂိုဏ်းရဲ့ ရှေးဟောင်းဆေးဖော်နည်း ဖြစ်ပြီးတော့ အရမ်းကို အသေးစိတ်ကျတယ်၊ နောက်ပြီး ကျွန်တော်က ဒီကုန်ကြမ်းတွေကို ရိတ်သိမ်းတဲ့အချိန်၊ ပြုပြင်တဲ့နည်းလမ်းနဲ့ အချိုးအစားတွေကိုပါ သေချာ တိတိကျကျ ထိန်းချုပ်ထားတယ်၊ အဆင့်တိုင်း အဆင့်တိုင်းက နောက်ဆုံးထွက်လာမယ့် ထုတ်ကုန်ရဲ့ အာနိသင်ကို သက်ရောက်မှုရှိနေလို့ပဲ၊ ရှန်ချင်းဂိုဏ်းကတော့ ဆေးလုံးတွေဖော်ဖို့ ဆေးဖော်ပေါင်းအိုးတွေကို သုံးတာပေါ့"
သူ ပြောရင်းဖြင့် သူ၏ အကြည့်တို့မှာ ဘေးနားမှ စမ်းသပ်ခန်းစားပွဲပေါ်ရှိ ရိုးရိုးလျှပ်စစ်ထမင်းအိုးဆီသို့ ရောက်သွားသည်။
"ကျွန်တော်လည်း ကျွန်တော့်လက်ထောက်ဆီကနေ စိတ်ကူးရခဲ့တာပဲ"
ယွမ်ဒန်းချူး အေးအေးဆေးဆေး ပြောပြသည်။
"အရင်က ဆေးဖော်ပေါင်းအိုး တစ်လုံး ဝယ်ဖို့ စဉ်းစားနေတုန်းက စျေးကွက်ထဲမှာ သင့်တော်တဲ့ ကိရိယာ မရှိတာနဲ့ စိတ်ညစ်နေခဲ့ရတာ"
သူသည် အစောပိုင်းက ဝေခွဲမရ ဖြစ်ခဲ့ရပုံနှင့် အကူအညီမဲ့ခဲ့ပုံကို ပြန်လည်အမှတ်ရရင်း ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"ကျွန်တော့်လက်ထောက်ကပဲ ဆေးဖော်ပေါင်းအိုးရဲ့ သဘောတရားတွေကို နားလည်အောင် ကူညီပေးခဲ့တာ"
ယွမ်ဒန်းချူး၏ မျက်ဝန်းထဲတွင် အရောင်တစ်ချက် ဝင်းလက်သွားပြီး ဆက်ပြောသည်။
"ကျွန်တော့်လက်ထောက်က ပြောတယ် ဒီလျှပ်စစ်ထမင်းအိုးက ကျွန်တော်လိုချင်တဲ့ ဆေးဖော်ပေါင်းအိုးရဲ့ လုပ်ဆောင်ချက်တချို့ကို လုပ်ပေးနိုင်တယ်တဲ့"
သူ၏ လက်ညှိုးက လျှပ်စစ်ထမင်းအိုးဆီသို့ အသာအယာ ညွှန်ပြလိုက်သည်။ စုဟယ်သည် ယွမ်ဒန်းချူး၏ လက်ညှိုးနောက်သို့ လိုက်ကြည့်လိုက်သည့်အခါ စမ်းသပ်ခန်းစားပွဲပေါ်တွင် ငြိမ်သက်စွာ ရှိနေသော လျှပ်စစ်ထမင်းအိုးကို မြင်လိုက်ရ၏။ ၎င်း၏ ပုံသဏ္ဌာန်မှာ သာမန်လျှပ်စစ်ထမင်းအိုးနှင့် ဘာမှမခြားပေ။ အစပိုင်းတွင် ယွမ်ဒန်းချူးမှာ ထမင်းချက်ရန် သုံးနေသည်ဟု သူမ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ ဤလျှပ်စစ်ထမင်းအိုးသည် ဆေးဖော်ရန်အတွက် ဖြစ်လိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။ ယွမ်ဒန်းချူးသည် လျှပ်စစ်ထမင်းအိုးဆီသို့ လျှောက်သွားပြီး အဖုံးကို အသာအယာ ဖွင့်လိုက်သည့်အခါ အတွင်း၌ အပူပေးထားသော ဆေးရည်ကို မြင်တွေ့လိုက်ရသည်။
"ကြည့်ဦး"
ယွမ်ဒန်းချူး လျှပ်စစ်ထမင်းအိုးထဲကို ညွှန်ပြရင်း ဆိုသည်။
"ဒီလျှပ်စစ်ထမင်းအိုးရဲ့ အပူချိန်ထိန်းချုပ်မှုက အရမ်းတိကျပြီးတော့ အပူပေးတာကလည်း ညီညာတယ်၊ အဲဒါကြောင့် ဆေးဖက်ဝင်အပင်တွေကို အပူပေးပြီး အဆီအနှစ်ထုတ်ဖို့ အတွက် အရမ်းသင့်တော်တာပဲ"
ဤလျှပ်စစ်ထမင်းအိုးမှာ ဖိအားပေးအိုးအမျိုးအစား ဖြစ်သဖြင့် အတွင်းမှ ဆေးရည်ကိုပါ ဖိအားပေးနိုင်သည်။ ယွမ်ဒန်းချူး လျှပ်စစ်ထမင်းအိုး၏ ပြုပြင်မွမ်းမံထားသော အစိတ်အပိုင်းအချို့ကို ဆက်လက် ညွှန်ပြ၏။
"ကျွန်တော့်လက်ထောက်က ဒီအိုးကို ပြုပြင်ပေးထားပြီး အပိုလုပ်ဆောင်ချက်တချို့လည်း ထည့်ပေးထားတယ်၊ ဥပမာ ဒီအပူချိန် အာရုံခံကိရိယာ ဆိုရင် အတွင်းပိုင်းအပူချိန်ကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်တာကြောင့် ဆေးပင်တွေရဲ့ အဆီအနှစ်ထုတ်ယူတဲ့ လုပ်ငန်းစဉ်ကို အကောင်းဆုံး အပူချိန်မှာရှိနေအောင် လုပ်ပေးနိုင်တယ်"
စုဟယ်သည် ပေါင်းအိုးထဲမဗ ဆေးရည်ကို ကြည့်ရင်း အနည်းငယ် စမ်းချင်စိတ် ပြင်းပြလာကာ ပြောလိုက်သည်။
"ဆရာယွမ်၊ ကျွန်မ စမ်းကြည့်လို့ရမလား"
သူမသည် မကြာသေးမီက ညဉ့်နက်သည်အထိ အလုပ်လုပ်နေခဲ့ရသဖြင့် ခေါင်းမှာ ပိုပြောင်လာသလို ခံစားနေရသည်။ အထူးသဖြင့် နဖူးအစပ်မှ ဆံပင်လိုင်းမှာ အတော်လေး နည်းပါးသွားခဲ့ပြီ ဖြစ်၏။ အရင်ကဆိုလျှင် ဆံပင်နုလေးများ ရှိခဲ့သော်လည်း ယခုမူ အကုန်လုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယွမ်ဒန်းချူးသည် စုဟယ်၏ တောင်းဆိုမှုကို ကြိုတင်မျှော်လင့်ထားသည့်အလား လှည့်ကြည့်လိုက်သည်။
"ရတာပေါ့ သုံးလို့ရပါတယ်၊ ဒါပေမဲ့ မသုံးခင်မှာ သုံးစွဲပုံနဲ့ သတိထားရမယ့် အချက်တွေကို ကျွန်တော်အရင်ရှင်းပြရဦးမယ်"
ယွမ်ဒန်းချူးသည် ဤဆံပင်ပေါက်ဆေးကို အသုံးပြုပုံ၊ ဦးရေပြားပေါ်တွင် မှန်ကန်စွာ လိမ်းကျံပုံ၊ စိမ့်ဝင်မှု အားကောင်းစေရန် မည်သို့နှိပ်နယ်ပေးရပုံနှင့် အသုံးပြုစဉ် သတိထားရမည့် အချက်များကို စုဟယ်အား သေသေချာချာ ရှင်းပြလေတော့သည်။ စုဟယ်သည် အလေးအနက် နားထောင်ရင်း ရံဖန်ရံခါ ခေါင်းညိတ်ပြမိ၏။
ဆံပင်ပြန်ပေါက်နိုင်မည်ဆိုလျှင် သူမအနေဖြင့် မည်မျှပင် အလုပ်ရှုပ်ပါစေ အဆင်ပြေသည်။ အရင်ကဆိုလျှင် အနီအောက်ရောင်ခြည် ပါသော ဘီးကိုပင် အသုံးပြုဖူးသည်။ ညစဉ် အိပ်ရာမဝင်ခင် နာရီဝက်ခန့် ခေါင်းဖြီးပေးရပြီး ဘီးထဲတွင်လည်း ဆေးရည်များ ထည့်ပေးရ၏။ ဤမျှ အလုပ်ရှုပ်လှသော အလေ့အကျင့်ကိုပင် သူမ ခြောက်လကြာအောင် ဇွဲရှိရှိ လုပ်ဆောင်ခဲ့ဖူးသည်။ ရှင်းပြပြီးနောက်တွင် ယွမ်ဒန်းချူးသည် ဘေးနားရှိ ဗီရိုထဲမှ ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုပုလင်းထဲတွင် ပေါင်းအိုးထဲမှ ထုတ်ယူထားသော ဆံပင်ပေါက်ဆေးများ ပါဝင်၏။ သူသည် ထိုပုလင်းငယ်ကို စုဟယ်အား ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။
"ဒါက မင်းအတွက် ပြင်ဆင်ပေးထားတဲ့ နမူနာပဲ၊ နေရာအနည်းငယ်မှာ အရင်စမ်းသုံးကြည့်ပြီး ရလဒ်ကို စောင့်ကြည့်လို့ ရပါတယ်"
စုဟယ်သည် မစောင့်နိုင်တော့ဘဲ ပုလင်းငယ်ထဲမှ အစိမ်းရင့်ရောင် ဆေးရည်ကို ညှစ်ထုတ်လိုက်သည်။ ပုလင်းထဲ ရှိစဉ်တွင် ဆေးရည်မှာ ကြည်လင်ပြီး ရေကဲ့သို့ ကျဲသော်လည်း လေနှင့် ထိတွေ့လိုက်သည့် ခဏမှာပင် ပို၍ ပျစ်လာသလို ခံစားရ၏။ ယွမ်ဒန်းချူး၏ ညွှန်ကြားချက်အတိုင်း စုဟယ်သည် ဆေးရည်ကို ဦးခေါင်းထိပ်မှ ဆံပင်လိုင်းတစ်လျှောက် ဂရုတစိုက် လိမ်းကျံလိုက်သည်။ စုဟယ်၏ လက်ချောင်းများဖြင့် ဦးရေပြားကို အသာအယာ ပွတ်တိုက်နှိပ်နယ်ပေးလိုက်သည့်အခါ အစိမ်းရောင်ဆေးရည်မှာ စတင်ပြောင်းလဲလာတော့သည်။ ၎င်းမှာ အစိမ်းရောင်မှသည် ကြည်လင်သောအရောင်သို့ တဖြည်းဖြည်း ပြောင်းသွားပြီး အသက်ဝင်လာသကဲ့သို့ ရှိကာ ရေကဲ့သို့ ကျဲရာမှ ဂျယ်လ်ပုံစံမျိုးသို့ စတင်ခဲသွားသည်။ ဤဂျယ်လ်သည် စုဟယ်၏ ဦးရေပြားပေါ်တွင် ပါးလွှာသော အကာအကွယ်အလွှာလေးတစ်ခု ဖန်တီးပေးလိုက်ပြီး အေးမြကာ သက်သောင့်သက်သာရှိသော ခံစားမှုကို ပေးစွမ်း၏။ စုဟယ်သည် ထိုအေးမြသော ခံစားမှုကို နှစ်သက်စွာ ခံယူနေမိသည်။ ဂျယ်လ်သည် သူမ၏ ဦးရေပြားထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားပြီး အသက်ရှိနေသကဲ့သို့ ဆံပင်တစ်ပင်ချင်းစီကို အဟာရဖြည့်ပေးနေသည်ဟု ခံစားရသည်။
ဤခံစားမှုမှာ အလွန်ထူးဆန်းလှသည်။ နူးညံ့သော အားတစ်ခုမှ ဦးရေပြားပေါ်တွင် အသာအယာ ပွတ်သပ်သွားပြီး အိပ်ပျော်နေသော ဆံပင်မွေးညင်းပေါက်များကို နှိုးလိုက်သလိုပင်။ စုဟယ်သည် သူမ၏ ဖုန်းကို အသာအယာ ကောက်ကိုင်လိုက်ပြီး ရှေ့ကင်မရာကို ဖွင့်ကာ မျှော်လင့်ချက်နှင့် စူးစမ်းလိုစိတ်တို့ဖြင့် ကြည့်လိုက်သည့်အခါ ဖုန်းမျက်နှာပြင်မှာ လင်းလက်လာသည်။ သူမသည် ဖုန်းကို မျက်နှာနားသို့ မြှင့်လိုက်ပြီး မှန်ဘီလူးကို ဦးခေါင်းထိပ်ဆီသို့ ချိန်လိုက်၏။ သူမသည် ဖုန်းမျက်နှာပြင်ပေါ်တွင် မိမိကိုယ်ကိုယ် ဂရုတစိုက် ကြည့်ရင်း ဆံပင်ပေါက်ဆေး လိမ်းပြီးနောက် ဘာတွေပြောင်းလဲသွားသလဲဆိုတာကို ရှာဖွေနေမိသည်။
မှန်ဘီလူးထဲတွင် မူလက ဂျယ်လ်အလွှာတစ်ခု ဖုံးအုပ်ထားသော သူမ၏ ဦးခေါင်းထိပ်မှာ ယခုမူ ဘာမှမရှိတော့ပေ။ ကြည်လင်သော ဂျယ်လ်သည် အသက်ရှိသကဲ့သို့ သူမဆံပင်မွေးညင်းပေါက်များထဲသို့ လုံးဝစိမ့်ဝင်သွားကာ ဦးရေပြားနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမနဖူးမှာ ခေါင်းလျှော်ပြီးစ ရေစက်ကလေးများ ကျန်နေသကဲ့သို့ အနည်းငယ် စိုစွတ်နေသော်လည်း အရေပြားမှ လျင်မြန်စွာ စုပ်ယူသွားသဖြင့် ဘာအမှတ်အသားမျှပင် မကျန်တော့ပေ။
စုဟယ်၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဝင်းလက်သွားသည်။ ဂျယ်လ်၏ စိမ့်ဝင်နိုင်စွမ်းက ဤမျှ ကောင်းလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ စေးကပ်ခြင်း သို့မဟုတ် အနှစ်ကျန်ခြင်းမျိုး လုံးဝ မရှိပေ။ သူမသည် လက်ချောင်းဖြင့် နဖူးကို အသာအယာ ထိကြည့်လိုက်သည့်အခါ လတ်ဆတ်ပြီး သက်သောင့်သက်သာရှိလှကာ ဘာမှ အနှောင့်အယှက်မဖြစ်ပေ။
"ဆရာယွမ် ရလဒ်ပြဖို့ ဘယ်နှရက်လောက် ကြာမလဲ"
စုဟယ်သည် ယွမ်ဒန်းချူးကို မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လိုက်လေတော့သည်။