အခန်း ၂၃၁
Vol. 24 Ch. 231
231
ယွမ်ဒန်းချူးသည် လက်ရှိလုပ်လက်စ အလုပ်များကို ရပ်တန့်ကာ စုဟယ်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
"တကယ်တော့ ဒီဆံပင်ပေါက်ဆေးရဲ့ ဖော်မြူလာက အပြီးသတ် ညှိနှိုင်းမှုတွေလုပ်နေတုန်းပဲ ရှိသေးတာပါ"
သူသည် စုဟယ်လက်ထဲမှ ပုလင်းငယ်လေးကို ညွှန်ပြရင်း ရှင်းပြသည်။
"အခု မင်းကိုပေးလိုက်တဲ့ နမူနာက ဝိညာဉ်စွမ်းအင် သွင်းထားပြီးသားမို့လို့ ဆေးရည်ရဲ့ အာနိသင်က အပြည့်အဝ နိုးကြားနေပြီ၊ ငါးရက်လောက်ဆိုရင် ရလဒ်ကို မြင်ရလိမ့်မယ်"
စုဟယ်သည် သူမလက်ထဲက ပုလင်းငယ်လေးကို သေချာကြည့်နေမိသည်။ အတွင်းရှိ အရည်မှာ အသက်ရှိနေသကဲ့သို့ ပုလင်းထဲတွင် တရွေ့ရွေ့ လှုပ်ရှားနေ၏။ သူမ ပုလင်းကိုဖွင့်၍ အနံ့ခံကြည့်သည့်အခါ ဤပုလင်းငယ်ထဲမှ အရည်မှာ ပို၍ ပျစ်ကာ ဆေးဖက်ဝင်အပင်နံ့မှာလည်း ပို၍ ပြင်းရှသည်ကို တွေ့ရသည်။ ထို့နောက် ယွမ်ဒန်းချူး ဓာတ်ခွဲခန်းအလယ်ရှိ အစိမ်းရင့်ရောင်ဆေးရည်များ ဆူပွက်နေသည့် ပေါင်းအိုးကို ညွှန်ပြကာ ပြောသည်။
"ဒီဘက်က ဝိညာဉ်စွမ်းအင် မသွင်းရသေးတဲ့ ဆံပင်ပေါက်ဆေးကျတော့ ရလဒ်ပြဖို့ ရက် (၃၀) လောက် ကြာနိုင်တယ် ဒါပေမဲ့ ဖော်မြူလာကို ပြန်ညှိပြီးရင်တော့ အာနိသင်ပြမယ့်အချိန်ကို (၂၅) ရက်အထိ လျှော့ချနိုင်မယ်လို့ ခန့်မှန်းရပါတယ်"
ဆိုလိုသည်မှာ သူမသည် ဤထုတ်ကုန်၏ ပထမဦးဆုံး စမ်းသပ်သူပေ။ ဒီနေ့ သူမ လာခဲ့မိသည်မှာ အတော်ပင် တိုက်ဆိုင်သွားသည်။ စုဟယ်သည် ချက်ချင်းပင် တာဝန်ကြီးလှသည်ဟု ခံစားလိုက်ရ၏။ သူမအနေဖြင့် ဤထုတ်ကုန်အသစ် စမ်းသပ်မှု အစီရင်ခံစာကို အသေးစိတ် ရေးသားရမည် မဟုတ်ပါလား။
"ဆရာယွမ် စိတ်မပူပါနဲ့၊ ကျွန်မ အသုံးပြုတဲ့ အာနိသင်တွေကို သေသေချာချာ မှတ်တမ်းတင်ပေးပါ့မယ်"
သူမသည် ဖုန်းကို အမြန်ထုတ်ကာ နဖူးဆံပင်အစပ်ဆီသို့ ချိန်လိုက်ပြီး လက်ရှိအခြေအနေကို ရှင်းလင်းစွာ မှတ်တမ်းတင်နိုင်ရန် အနီးအဝေးနှင့် အလင်းအမှောင်ကို ဂရုတစိုက် ညှိလိုက်သည်။ သူမသည် နေ့စဉ် ဆံပင်အခြေအနေကို ဖုန်းဖြင့် မှတ်တမ်းတင်ပြီး (၅) ရက်အကြာတွင် ရလဒ်ကို နှိုင်းယှဉ်ကြည့်ရန် စီစဉ်လိုက်၏။ ယွမ်ဒန်းချူးလည်း ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထုတ်ကုန်၏ လက်ရှိအာနိသင်များမှာ စမ်းသပ်ချက် အချက်အလက်များအပေါ် အခြေခံထားသည့် ခန့်မှန်းချက်များသာ ဖြစ်သဖြင့် တိကျသော ရလဒ်ရရှိရန် လူသားများနှင့် လက်တွေ့စမ်းသပ်မှုများ အမှန်တကယ် လိုအပ်နေခြင်းဖြစ်သည်။
"ဒီနေ့ အပြီးသတ်အလုပ်တွေ ပြီးသွားရင် ကျွန်တော့်ရဲ့ လက်ထောက်တွေကိုလည်း ဒီဆံပင်ပေါက်ဆေး ဝေပေးပြီး သူတို့ကိုလည်း စမ်းသပ်ခိုင်းရမယ်"
ဆံပင်ပေါက်ဆေး ရရှိသွားပြီးနောက် စုဟယ်၏ စိတ်ထဲတွင် နဖူးဆံပင်အစပ်ကိစ္စသာ အပြည့်နေရာယူသွားပြီး ယွမ်ဒန်းချူး၏ ဓာတ်ခွဲခန်းသို့ လာခဲ့သည့် မူလရည်ရွယ်ချက်ကိုပင် မေ့လုနီးပါး ဖြစ်သွားသည်။ သို့သော်လည်း သူမ၏ ခရီးမှာ အချည်းနှီးတော့ မဟုတ်ပေ။ ယွမ်ဒန်းချူး ဖော်စပ်ထားသော ဆံပင်ပေါက်ဆေးသာ အမှန်တကယ် ထိရောက်မည်ဆိုပါက ဟဲယဲ့တည်းခိုခန်း၏ အမြတ်အစွန်းအတွက် လုံးဝ စိတ်ချသွားရပြီ ဖြစ်သည်။ လက်ရှိစျေးကွက်တွင် ထိရောက်သည်ဟု ဆိုနိုင်သော တစ်ခုတည်းသော ထုတ်ကုန်မှာ ဆေးဝါးဗေဒဆိုင်ရာ ပစ္စည်းများသာ ဖြစ်သော်လည်း ၎င်း၏ ဘေးထွက်ဆိုးကျိုးများနှင့် ဆေးဝါးဆန်လွန်းသော သဘာဝကြောင့် လူအများမှာ သုံးရန် ဝန်လေးနေကြ၏။ အခြားသော ဆံပင်ကျွတ်သက်သာစေသည့် ပစ္စည်းများမှာလည်း အာနိသင်မှာ မပြောပလောက်ပေ။ (၂၅) ရက်အတွင်း သိသာသော ရလဒ်ပြနိုင်သည့် ဆံပင်ပေါက်ဆေးသာ ထွက်လာပါက စျေးကွက်တစ်ခုလုံးကို တုန်လှုပ်သွားစေမည်မှာ အသေအချာပင်။
စုဟယ်သည် ဆံပင်ပေါက်ဆေး နမူနာကို ကိုင်ကာ ပျော်ရွှင်စွာ ပြန်လာခဲ့သည်။ ယွမ်ဒန်းချူး ဖော်စပ်လိုက်သည့် ဤထုတ်ကုန်သစ်နှင့်ဆိုလျှင် ယွမ် သန်း (၂၀) အမြတ်ရဖို့ဆိုသည်မှာ လက်ဖျောက်တစ်ချက်တီးရသလို လွယ်ကူသွားပေလိမ့်မည်။ ယွမ်ဒန်းချူးသည် လက်ကျန် အချက်အလက်များကို ဆက်လက် စီစဉ်နေသည်။ နေ့လယ်စာ မစားမီတွင် သူသည် အသစ်ညှိထားသော ဆံပင်ပေါက်ဆေး ဖော်မြူလာနှင့် စမ်းသပ်ချက် မှတ်တမ်းများကို စုစည်းပြီးနောက် သူ၏ အခန်းငယ်လေးထဲမှ ထွက်လာခဲ့၏။ အပြင်ဘက်တွင်မူ ကျိုရှို့နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များမှာ ဓာတ်ခွဲခန်းထောင့်တစ်နေရာတွင် ဝိုင်းထိုင်နေကြသည်။ သူတို့သည် မနက်ပိုင်းအလုပ်များကို အပြီးသတ်ထားကြပြီး နေ့လယ်စာ စားရန် မနက် (၁၁) နာရီ ထိုးမည့်အချိန်ကို စောင့်နေကြခြင်း ဖြစ်သည်။
ဝန်ထမ်းများအနေဖြင့် ဧည့်သည်များ များပြားလှသော ထမင်းစားချိန်ကို ရှောင်ရှားရန်အတွက် မနက် (၁၁) နာရီခွဲ မတိုင်မီ နေ့လယ်စာကို အပြီးစားကြရသည်။ တည်းခိုခန်းတွင် လာရောက်တည်းခိုသော ဧည့်သည်များအတွက်မူ ဟဲယဲ့တည်းခိုခန်း၏ အစားအသောက်များမှာ လက်ရှိတွင် အထူးတလည် ထူးခြားချက် မရှိသေးဟု ထင်ရသော်လည်း ဟဲယဲ့တည်းခိုခန်းမှာ အခြေခံအားဖြင့် အစားအသောက်ဝန်ဆောင်မှုပေးသော ဟိုတယ်တစ်ခုဖြစ်၏။ စားဖိုမှူးသည် ဧည့်သည်များကို ထူးခြားသည့် ဟင်းလျာများဖြင့် မဖမ်းစားနိုင်သေးစေကာမူ ဝန်ထမ်းများကို ဖမ်းစားဖို့ကယတော့ လက်ရာမှာ ပိုလျှံနေဆဲပင်။ ဟင်းအိုးကြီးဖြင့် အမြောက်အမြား ချက်ရသည်ဖြစ်စေ စားဖိုမှူးမှ သူ၏ လက်စွမ်းကို ပြသနိုင်ဆဲဖြစ်သည်။ ဟဲယဲ့တည်းခိုခန်း၏ ဝန်ထမ်းထမင်းမှာ အလွန်ပင် အရသာရှိလှ၏။ နေ့လယ်ပိုင်း အနားယူရန် အလှည့်ကျထားသော လျိုနနပင်လျှင် အိမ်မပြန်မီ နေ့လယ်စာ အရင်စားရန် ရွေးချယ်ခဲ့သည်။
သူတို့သုံးဦးမှာ ဒီနေ့ နေ့လယ်စာ မီနူး ဘာဖြစ်မလဲဟု မျှော်လင့်နေစဉ်မှာပင် ယွမ်ဒန်းချူးသည် စာရွက်စာတမ်း အထပ်လိုက်ကို ကိုင်ကာ ထွက်လာသည်ကို မြင်လိုက်ရသည်။ ကျိုရှို့မှာ ယွမ်ဒန်းချူး၏ လက်ထဲမှ စာရွက်စာတမ်းများကို ကူညီသယ်ယူရန် လျင်မြန်စွာ ရှေ့သို့ တိုးသွား၏။ လျိုနန နှင့် လီရှီးတို့လည်း မတ်တပ်ရပ်လိုက်ကြသည်။ သူတို့ သုံးဦးမှာ ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါး နေတတ်ကြသော်လည်း ထိပ်တန်း တက္ကသိုလ်ကြီးများမှ ဘွဲ့ရထားသူများ ဖြစ်ကြရာ လူမှုရေး လိုက်နာရမည့် ကျင့်ဝတ်များကိုမူ ကောင်းစွာ နားလည်ကြသည်။ စာရွက်စာတမ်းများ လွှဲပြောင်းပေးပြီးနောက် ယွမ်ဒန်းချူး သူ၏ လက်ထဲမှ ပုလင်းငယ်ကို စမ်းသပ်ခန်းစားပွဲပေါ် တင်လိုက်သည်။
"ဒါက ငါ့ရဲ့ နောက်ဆုံး သုတေသနရလဒ်ဖြစ်တဲ့ ထုတ်ကုန်သစ် ဆံပင်ပေါက်ဆေးပဲ"
ယွမ်ဒန်းချူး ထုတ်ကုန်သစ်တစ်ခုကို သုတေသနလုပ်နေကြောင်း သိကတည်းက သူတို့ သုံးဦးမှာ အလုပ်များရတော့မည်ဟု ပြင်ဆင်ထားခဲ့ကြသည်။ သို့သော် စောင့်ရင်းစောင့်ရင်းနှင့် မည်သည့် ခက်ခဲသော တာဝန်ကိုမျှ မရရှိခဲ့ပေ။ သူတို့၏ နေ့စဉ် အလုပ်ပမာဏမှာ အလွန်ပင် နည်းပါးလှသဖြင့် ဤသုတေသနမှာ တကယ်တမ်း မစရသေးဘူးဟုပင် သူတို့ ထင်မှတ်နေခဲ့ကြခြင်းဖြစ်သည်။ ယွမ်ဒန်းချူး၏ လုပ်ငန်းတိုးတက်မှုနှုန်းမှာ ဤမျှ မြန်ဆန်နေပြီး ထုတ်ကုန်သစ် အပြီးသတ်သွားပြီဟု မည်သူက ထင်ထားမည်နည်း။ သူတို့သုံးဦးမှာ ဓာတ်ခွဲခန်းထဲတွင် အလကားနေသူများ ဖြစ်နေပြီလား။
ဒါဟာ အလုပ်ရှင်မှ အလုပ်တွေ အကုန်လုပ်ပြီး လက်ထောက်တွေမှာ အနားယူနေရသည့် ဖြစ်ရပ်မျိုးပင်။ နိုင်ငံခြားတွင် ပညာသင်ခဲ့ဖူးသော လျိုနန သည် နိုင်ငံခြားမှ ဓာတ်ခွဲခန်းလေထုမှာ ပိုပြီး ပေါ့ပေါ့ပါးပါး ရှိလိမ့်မည်ဟု အမြဲ ထင်ခဲ့ဖူးသော်လည်း ဤမျှ ပေါ့ပါးလှသည့်တိုင် လက်ထောက်များမှာ ဘာအလုပ်မှ မလုပ်ရတာမျိုးတော့ မရှိနိုင်ဟု သူမ တွေးမိ၏။ အေးအေးဆေးဆေး နေတတ်သည့် လျိုနနပင်လျှင်ယခုအချိန်တွင် အနည်းငယ် မျက်နှာပူလာမိသည်။ ထုတ်ကုန်သစ် ဖော်စပ်သည့် လုပ်ငန်းစဉ်တွင် သူတို့ သုံးဦးမှာ မည်သည့် ထိရောက်သော အကူအညီမျှ မပေးနိုင်ခဲ့ပေ။ လျိုနန သတ္တိမွေးပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ဆရာယွမ်၊ ကျွန်မတို့ ကူညီပေးနိုင်တာ တစ်ခုခု ရှိမလားဟင်"
ယွမ်ဒန်းချူး၏ အကြည့်တို့မှာ သူတို့ သုံးဦးအပေါ်သို့ အသာအယာ ဖြတ်သန်းသွားသည်။
"အင်း ငါ မင်းတို့ရဲ့ အကူအညီလိုပါတယ်"
သူက ထုတ်ကုန်သစ် ဖော်စပ်မှုသည် အပြီးသတ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဆံပင်ပေါက်ဆေး၏ ထိရောက်မှုနှင့် ဘေးကင်းမှုကို အတည်ပြုရန်အတွက် စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ရှင်းပြလိုက်သည်။ ယွမ်ဒန်းချူးသည် စမ်းသပ်မှုဆိုင်ရာ လိုအပ်ချက်များနှင့် အဆင့်ဆင့် လုပ်ဆောင်ရမည့် ပုံစံကို အသေးစိတ် ရှင်းပြ၏။ သူ ကျိုရှို့ ၊ လျိုနနနှင့် လီရှီးတို့ကို ဤထုတ်ကုန်သစ် စမ်းသပ်မှုတွင် ပါဝင်စေချင်ခြင်းဖြစ်သည်။ တာဝန်၏ လိုအပ်ချက်ကို ကြားလိုက်ရသည့်အခါ လီရှီးနှင့် ကျိုရှို့ တို့မှာ သက်ပြင်းအကြီးကြီး ချနိုင်သွားကြသည်။ ဤတာဝန်မှာ အမှန်တကယ်ပင် မခက်ခဲလှပေ။ အရင်က သူတို့ သိပ္ပံသုတေသနတွေ လုပ်ခဲ့စဉ် မျှော်မှန်းချက်ပန်းတိုင်များ ရှိသော်လည်း စမ်းသပ်ချက် ရလဒ်တွေမှာတော့ တကယ်တမ်း ထိန်းချုပ်ရ ခဲယဉ်းလှသည်။
လီရှီးမှာ အတိတ်က သင်ခန်းစာကြီးကြီးမားမား ရခဲ့ဖူးသည်။ သူ၏ မဟာဘွဲ့ ကျမ်းပြုစုရန်အတွက် မည်သူမျှ သုတေသန မလုပ်ဖူးသေးသည့် လမ်းကြောင်းတစ်ခုကို သူ ရွေးချယ်ခဲ့၏။ ပညာရေးလောကကို တုန်လှုပ်စေမည်ဟု သူ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စမ်းသပ်ချက် ရလဒ်များမှာ သူ၏ ကနဦး တင်ပြချက်နှင့် လုံးဝ ကွဲလွဲနေခဲ့သည်။ ထိုအချိန်တွင် သူသည် မဟာဘွဲ့ တတိယနှစ်သို့ ရောက်နေပြီဖြစ်ရာ အစကနေ ပြန်စရန်သာ ရှိတော့သည်။ နောက်ဆုံးတွင် စီနီယာများ ချန်ထားခဲ့သော အချက်အလက်များကို အခြေခံ၍ ကျမ်းကို မနည်း အပြီးသတ်ကာ ဘွဲ့ရခဲ့ရ၏။ ဘွဲ့ရပြီးနောက်တွင် လီရှီးသည် မည်သည့် ပြိုင်ဆိုင်မှုမျိုးကိုမျှ မလုပ်ချင်တော့ဘဲ စမ်းသပ်မှုများကိုပင် ကြောက်လန့်စိတ် ဝင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ဆရာယွမ်၏ တာဝန်မှာ ရလဒ်နှင့် ကိုက်ညီမှု ရှိမရှိ အတည်ပြုရန်သာ လိုအပ်ခြင်းဖြစ်သည်။ ၎င်းမှာ အဖြေမှန်ကို သိပြီးသား ပုစ္ဆာတစ်ခုကို တွက်ချက်နည်း ပြန်ရေးရသကဲ့သို့ပင်။ ရလဒ်မှသည် အစသို့ ပြန်သွားရသည့် အလုပ်ဖြစ်ရာ ခက်ခဲမှုမှာ များစွာ လျော့ကျသွားသည်။ ကျိုရှို့ နှင့် လီရှီးတို့ ခေါင်းညိတ်ရန် ပြင်နေစဉ်မှာပင် လျိုနနသည် ယွမ်ဒန်းချူးဆီသို့ အမြန်ပြေးသွားသည်ကို မြင်လိုက်ရ၏။ သူမသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
"ဆရာယွမ် ဒါက ဆံပင်ပေါက်ဆေးလားဟင်၊ ဒါကို ဓာတ်ခွဲခန်း အပြင်ဘက်ကို ယူသွားလို့ ရမလား"
ထိုသို့ပြောပြီးနောက်တွင် လျိုနနသည် သူမစကားမှာ အနည်းငယ် မလျော်ကန်ဟု ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ထပ်ဖြည့်ပြောလိုက်သည်။
"ကျွန်မအဖေက ထိပ်ပြောင်နေတာ၊ သူက စမ်းသပ်ဖို့ အကောင်းဆုံးလူပဲ၊ အိမ်မှာ ဒီထုတ်ကုန်အသစ်ကို စမ်းသုံးကြည့်ချင်လို့ ရမလား"
လျိုနနသည် ဓာတ်ခွဲခန်းတွင် စတင်အလုပ်ဝင်ကတည်းက ယွမ်ဒန်းချူး ဖော်စပ်ထားသော ရှေးဟောင်းနည်းသုံး အသားဖြူဆေးဖက်ဝင်ဆပ်ပြာနှင့် ရေချိုးဆပ်ပြာရည်တို့ကို ဓာတ်ခွဲခန်းမှ ထွက်သောပစ္စည်းများကို လေ့လာသည့် သဘောဖြင့် စမ်းသုံးကြည့်ခဲ့သည်။ ရှေးဟောင်းနည်းသုံး အသားဖြူဆေးဖက်ဝင်ဆပ်ပြာ၏ အာနိသင်မှာ အမှန်တကယ်ပင် အံ့အားသင့်ဖွယ် ကောင်းလှ၏။ ပထမဆုံးအကြိမ် သုံးပြီးကတည်းက ဆပ်ပြာ၏ အသားဖြူစေသော အာနိသင်ကို သိသိသာသာ မြင်တွေ့ရပြီး သူမ၏ မျက်နှာပေါ်က ညိုညစ်မှုများကို ဖယ်ရှားပေးနိုင်သည်။ ညဉ့်နက်သည်အထိ နေတတ်သော လျိုနနသည် တစ်ကြိမ် စမ်းသုံးကြည့်ပြီးနောက်တွင် မသုံးဘဲ မနေနိုင်တော့ပေ။ မျက်နှာသစ်တိုင်း သူမသည် မှန်ရှေ့တွင် ရပ်ကာ သူမ၏ မျက်နှာကို ဂရုတစိုက် ကြည့်ရင်း ဆပ်ပြာကြောင့် ဖြစ်ပေါ်လာသော အံ့သြဖွယ် အပြောင်းအလဲများကို ငေးကြည့်နေတတ်သည်။ သူမ၏ အရေပြားမှာ ပို၍ ညီညာလာပြီး အရင်က စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော အမည်းစက်များနှင့် အပြစ်အနာအဆာများမှာလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့၏။
လျိုနနသည် အိမ်မှအသုံးအဆောင် ပစ္စည်းအားလုံးကို တည်းခိုခန်းမှ ထုတ်သော ဆပ်ပြာနှင့် ရေချိုးဆပ်ပြာရည်များဖြင့် လျင်မြန်စွာ အစားထိုးလိုက်သည်။ သူမသည် အရင်က ကွင်းထိုးဖိနပ်များကို စီးရသည်မှာ နှစ်သက်သော်လည်း နွေရာသီတွင် သူမခြေချောင်းလေးများမှာ အမြဲတမ်းနေလောင်၍ မည်းသွားတတ်၏။ ဆောင်းရာသီရောက်လျှင် ပြန်ဖြူလာလိမ့်မည်ဟု သူမ အမြဲထင်ခဲ့သဖြင့် ဂရုမစိုက်ခဲ့ပေ။ သို့သော် ခြေချောင်းလေးများပေါ်မှ အမည်းစက်များမှာ မည်သို့ပင်လုပ်စေကာမူ ပြန်မဖြူလာတော့သည်ကို တွေ့ရသည့်အခါ သူမ စိတ်ပျက်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ခြေထောက်ပေါ်မှ အမည်းကွက်များမှာ ဆေးမပြောင်သော အညစ်အကြေးများကဲ့သို့ ထင်ရသောကြောင့်ဖြစ်သည်။ လျိုနနသည် စမ်းကြည့်သည့်သဘောဖြင့် အသားဖြူရေချိုးဆပ်ပြာရည်ကို ခြေချောင်းလေးများပေါ်တွင် ဂရုတစိုက် လိမ်းကျံခဲ့သည်။ သူမ အံ့သြသွားရသည်မှာ ခြေထောက်ပေါ်မှ ကွင်းထိုးဖိနပ်ရာ အမည်းကွက်များမှာ တကယ်ပင် တဖြည်းဖြည်းမှေးမှိန်သွားခြင်းဖြစ်၏။
လျိုနနသည် ထိုအာနိသင်ကို မထိန်းထားနိုင်တော့ဘဲ သူမဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများကိုပါ ဤထုတ်ကုန်များအကြောင်း အလေးအနက် စတင်အကြံပြုလေတော့သည်။ သူမသည် ကောင်းမွန်သောထုတ်ကုန်များကို သူမသူငယ်ချင်းများအား အမှန်တကယ်ပင် ညွှန်ပြပေးချင်နေခြင်းဖြစ်၏။ သူငယ်ချင်းအချို့မှာ လျိုနန ကို အားပေးချင်ကြသော်လည်း ထုတ်ကုန်၏ စျေးနှုန်းကိုမြင်လိုက်ရသည့်အခါတွင်မူ စကားကို လွှဲသွားကြတော့သည်။ လျိုနနသည် မသမာသော ကုမ္ပဏီတစ်ခုတွင် ဝင်လုပ်နေပြီး ပစ္စည်းရောင်းရလျှင် ကော်မရှင်စားနေသည်ဟုပင် သူတို့ သံသယဝင်ခဲ့ကြသည်။ အဘယ်ကြောင့် ဤမျှလူမသိသေးသော တံဆိပ်တစ်ခုမှာ ဤမျှစျေးကြီးနေရသနည်းဟု သူတို့တွေးခဲ့ကြသည်။
ဆရာယွမ်ဒန်းချူး၏ ထုတ်ကုန်များကို အမာခံအားပေးသူတစ်ဦးအနေဖြင့် လျိုနနမှာပြင်ပက သံသယများကို လုံးဝဂရုမစိုက်ပေ။ ယခုအခါ ယွမ်ဒန်းချူးမှ ဆံပင်ပေါက်ဆေးအသစ် ဖော်စပ်လိုက်ကြောင်း ကြားရသည့်အခါ သူမသည် ဆရာယွမ်ကို ထောက်ခံကြောင်း ပြသရန်အတွက် လက်လေးဖက်ရှိလျှင် လေးဖက်လုံး ထောင်ပြချင်နေမိသည်။ သူမသည် ထုတ်ကုန်ကို မစမ်းရသေးသော်လည်း ဆရာယွမ်၏ထုတ်ကုန်အသစ်မှာ ထိရောက်မည်ဟု လျိုနန ကြိုတင်ယုံကြည်နေခဲ့ပြီဖြစ်၏။ သူမသည် ၎င်းကိုကိုယ်တိုင် စမ်းသပ်ချင်နေသည်။ ထိပ်ပြောင်ခြင်း မျိုးရိုးဗီဇမှာ အဖေမှ သားသို့ ဆက်ခံနိုင်ခြေပိုများသော်လည်း လျိုနနမှာ အသက်ကြီးလာသည့်အခါ သူမအဖေကဲ့သို့ ထိပ်ပြောင်သွားမည်ကို စိုးရိမ်နေဆဲ ဖြစ်သည်။ ၎င်းကို လျိုနန အနေဖြင့် လက်မခံနိုင်ပေ။
လက်ရှိတွင် သူမဆံပင်မှာ အတော်လေး ထူထဲနေသေးသဖြင့် ဤထုတ်ကုန်အသစ်၏အာနိသင်ကို သူမခေါင်းပေါ်တွင် သိသိသာသာ မြင်တွေ့ရမည် မဟုတ်ဟု သူမ စိုးရိမ်မိသည်။ ထို့ကြောင့်ပင် အိမ်မှအဖေကို စမ်းသပ်ခိုင်းရန် အကြံပြုလိုက်ခြင်းဖြစ်၏။ သို့သော်လည်း နမူနာပစ္စည်းကို ဓာတ်ခွဲခန်း အပြင်ဘက်သို့ ယူသွားခြင်းမှာ အနည်းငယ်မလျော်ကန်သကဲ့သို့ ဖြစ်နေသဖြင့် သူမ၏ အကြံပြုချက်မှာ သင့်တော်ပါ့မလားဟု လျိုနန ဝေခွဲမရ ဖြစ်နေမိသည်။ ကျိုရှို့သည် ဝေခွဲမရဖြစ်နေသော လျိုနနကိုတစ်ချက်ကြည့်လိုက်ပြီး သူမ စဉ်းစားနေခဲ့သော အကြံတစ်ခုကို သတိရသွား၏။ သူမ အကြံပြုလိုက်သည်။
"ဆရာယွမ်၊ ကျွန်မတို့ ဒီထုတ်ကုန်အတွက် မူပိုင်ခွင့်လျှောက်ထားသင့်တယ် မဟုတ်လား"