← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

233

စုဟယ်သည် ယွမ်ဒန်းချူး ပေးလိုက်သော ဆံပင်ပေါက်ဆေး နမူနာလေးကို ကိုင်ကာ ပျော်ရွှင်မြူးကြွစွာဖြင့် အောက်ထပ်သို့ ဆင်းလာစဉ်၊ ကယောင်ကတမ်းဖြစ်နေသော ရှောင်ယင်းနှင့် ထိပ်တိုက်တိုးမိလေသည်။

"တောင်းပန်ပါတယ် သူဌေး၊ တကယ် တောင်းပန်ပါတယ်"

ရှောင်ယင်းသည် စုဟယ်လက်ထဲမှ လွင့်ထွက်သွားသော ဆံပင်ပေါက်ဆေး ပုလင်းလေးကို ကုန်းကောက်ပေးရင်း ရှက်ကိုးရှက်ကန်းဖြင့် တောင်းပန်ရှာသည်။ ကံကောင်းထောက်မစွာဖြင့် စုဟယ်မှာ ရှောင်ယင်းကို အချိန်မီမြင်လိုက်ရသဖြင့် ဘေးသို့ ရှောင်လိုက်နိုင်သောကြောင့် လူချင်းတိုက်မိမည့် ဘေးမှ လွတ်ကင်းသွားခဲ့၏။ သို့သော်လည်း တည်းခိုခန်း စင်္ကြံလမ်းများတွင် ဤသို့ ပြေးလွှားနေခြင်းမှာ အန္တရာယ်ရှိပြီး ဧည့်သည်များကို တိုက်မိနိုင်ခြေရှိသည်။ စုဟယ် စဉ်းစားနေမိသည်မှာ ရှောင်ယင်းတစ်ယောက် ဘာတွေများ ဖြစ်နေလို့ ဒီလောက်တောင် အမြန်လမ်းလျှောက်နေရတာလဲ ဟူ၍ ဖြစ်သည်။

"တစ်ခုခု ဖြစ်လို့လား"

စုဟယ် စိုးရိမ်တကြီး မေးလိုက်သည်။ ရှောင်ယင်း၏မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီး သူမအပြုအမူမှာ မလျော်ကန်ကြောင်း သတိထားမိသွား၏။

"တောင်းပန်ပါတယ် သူဌေး ကျွန်မ နည်းနည်း စိတ်လှုပ်ရှားသွားလို့ပါ၊ နောက်ခါကျရင် ပိုဂရုစိုက်ပါ့မယ် စင်္ကြံထဲမှာလည်း ဒီလို မပြေးတော့ပါဘူး"

ထို့နောက် သူမ ဆက်ရှင်းပြသည်။

"ခုနတင်ပဲ ကျွန်မတို့ တည်းခိုခန်းရဲ့ နောက်ကွယ်က ဆက်သွယ်ရေးစနစ်မှာ စီစဉ်တင်ဆက်သူတစ်ယောက်ဆီက မက်ဆေ့ခ်ျလက်ခံရရှိလို့ပါ၊ သူက ကျွန်မတို့ တည်းခိုခန်းကိုလာပြီး ဗီဒီယိုရိုက်ချင်တယ်တဲ့၊ ဆရာကျိပိုင်ရဲ့ ဖျော်ဖြေပွဲကို ရိုက်ကူးချင်တာလို့ ပြောပါတယ်"

ရှောင်ယင်းမှာ ထိုတင်ဆက်သူနှင့် ပြောဆိုခဲ့သည်များကို စုဟယ်အား အသေးစိတ် ပြန်ပြောပြသည်။

"ကျွန်မက အဲဒီတင်ဆက်သူကို ဖျော်ဖြေပွဲ ကြည့်ရှုရာမှာ လိုက်နာရမယ့် စည်းကမ်းတွေကို ရှင်းပြခဲ့ပါတယ်၊ မူပိုင်ခွင့်ကို ကာကွယ်ဖို့အတွက် ဖျော်ဖြေပွဲအတွင်း အသံသွင်းခြင်း၊ ဗီဒီယိုရိုက်ခြင်းနဲ့ ဓာတ်ပုံရိုက်ခြင်းတွေကို တားမြစ်ထားတယ်လို့ ပြောလိုက်တယ်"

ရှောင်ယင်း ဆက်ပြောသည်။

"ကျွန်မကတော့ ဒီတင်ဆက်သူက ရိုက်ကူးခွင့် မရတော့ဘူးဆိုတာနဲ့ လက်လျှော့သွားလိမ့်မယ်လို့ ထင်ထားတာ ဘာလို့လဲဆိုတော့ သူ့ဗီဒီယိုထဲမှာ ဆရာကျိပိုင်ကို ထည့်သွင်းချင်တယ်ဆိုရင်တော့ သူ စိတ်ပျက်ရမှာ အသေအချာပဲလေ၊ ဆရာကျိပိုင်ရဲ့ဖျော်ဖြေမှုမှတ်တမ်းအားလုံးကို သူ့ဗီဒီယိုထဲမှာ ထည့်သုံးလို့မရဘူးဆိုမှတော့ သူ့ရဲ့ ရိုက်ကူးမှုက အဓိပ္ပာယ် မရှိတော့ဘူး မဟုတ်လား၊ ဒါပေမဲ့ မမျှော်လင့်ဘဲ သူကဘာပြန်ပြောလဲဆိုတော့ ရိုက်ကူးခွင့်မရလည်း ကိစ္စမရှိဘူး၊ သူ့ရဲ့ Fan တွေကို တိုက်ရိုက် စုစည်းပြီး တည်းခိုခန်းမှာ လာတည်းရင်း ဆရာကျိပိုင်ရဲ့ဖျော်ဖြေပွဲကို လူကိုယ်တိုင် လာနားထောင်မယ်တဲ့"

ရှောင်ယင်း၏လေသံမှာ ရုတ်တရက် မြင့်တက်သွားပြီး အံ့အားသင့်ဖွယ် ဝမ်းမြောက်စိတ်နှင့် စိတ်လှုပ်ရှားမှုများ ဖုံးဖိမရအောင် ပေါ်လွင်နေသည်။

"ကြည့်ရတာ အော်ဒါအကြီးကြီးတစ်ခုပဲလား"

စုဟယ် စနောက်လိုက်သည်။ ရှောင်ယင်းခေါင်းကို ညိတ်ပြ၏။ သူမမျက်နှာမှာလည်း နီမြန်းလျက် ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ အော်ဒါအကြီးကြီးမှ အကြီးကြီးပဲ၊ သူဌေး ခန့်မှန်းကြည့်ပါဦး၊ အခန်း ဘယ်နှခန်း ဘွတ်ကင်လုပ်သွားလဲဆိုတာ"

ရှောင်ယင်း စကားကိုဆွဲပြောရင်း ပြုံးပြုံးလေး မေးလိုက်သည်။ စုဟယ် လက်ချောင်းနှစ်ချောင်းကို ထောင်ပြကာ စိတ်မှန်းဖြင်း မေးကြည့်၏။

"အခန်း (၂၀) လား"

အခန်း (၂၀) ဆိုလျှင် လူ (၄၀) ခန့် တည်းခိုနိုင်သည်။ ဟဲယဲ့တည်းခိုခန်း၏ အခန်းခများမှာ မနည်းလှပေ။ အသက်သာဆုံး အခန်းမှာပင် ယွမ် (၄၀၀) ရှိရာ တစ်ဦးလျှင် တစ်ညကို ပျမ်းမျှ ယွမ် (၂၀၀) ခန့် ကျသင့်မည် ဖြစ်သည်။ တင်ဆက်သူတစ်ယောက်၏ ဆွဲဆောင်နိုင်စွမ်းမှာ ဤမျှလောက် မကြီးမားနိုင်ဟု စုဟယ် ခံစားရ၏။ တင်ဆက်သူ ဆိုသည်မှာ အနုပညာရှင် မဟုတ်ရာ သူ၏ ပြင်ပပွဲတစ်ခုသို့ တက်ရောက်ရန်အတွက် ယွမ် (၂၀၀) သုံးစွဲဖို့ ဆိုသည်မှာ များလွန်းလှ၏။ ရှောင်ယင်း ခေါင်းခါပြသည်။

"ဟီးဟီး သူဌေး မှားသွားပြီ၊ စုစုပေါင်း (၆၇) ခန်းတောင် ဘွတ်ကင်လုပ်သွားတာပါ"

"ဘယ် ဘယ်နှစ်ခန်း"

စုဟယ်၏လေသံမှာ အနည်းငယ် တုန်ယင်သွားပြီး မယုံကြည်နိုင်သလို ဖြစ်သွားသည်။ (၆၇) ခန်း တောင်လား။ တင်ဆက်သူ တစ်ယောက်၏ ဆွဲဆောင်မှုမှာ ယခုချိန်မှာ ဒီလောက်တောင် ဖြစ်သွားပြီလား။ ဟဲယဲ့တည်းခိုခန်းအထိ ခရီးဝေးကြီး လာဖို့ ဝန်မလေးသည့် Fan များတကယ်ပင် ရှိနေတာလား။ ရုပ်ရည်ကြောင့် နာမည်ကြီးသည့် ချောမောလှပတဲ့ သူမျိုးများလား။

"ဒါနဲ့ ငါတို့ဆီမှာ အခန်းတွေရောလုံလောက်ရဲ့လား"

စုဟယ် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ ဟဲယဲ့တည်းခိုခန်းတွင်လွတ်နေသည့် အခန်း (၆၇) ခန်း တကယ်ရှိသေးလို့လား။ ပြီးခဲ့သည့် စနေ တနင်္ဂနွေနေ့တွင် ဟဲယဲ့တည်းခိုခန်း စတင်ဖွင့်လှစ်စဉ် အခန်းဘွတ်ကင်နှုန်းမှာ (၉၀) ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ စနေ တနင်္ဂနွေ ကျော်သွားပြီးနောက် ကြားရက်များတွင် လူတည်းနှုန်း အနည်းငယ် ကျဆင်းသွားသော်လည်း ယခု ဗုဒ္ဓဟူးနေ့ မနက် (၁၁) နာရီမှာပင် အခန်းဘွတ်ကင်နှုန်းမှာ (၅၀) ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်၏။ ညနေပိုင်း ရောက်လျှင် နောက်ထပ် (၁၀) ရာခိုင်နှုန်းတိုးလာဖို့မှာ ပြဿနာ မဟုတ်ပေ။ ထို့ပြင် ကျိပိုင်၏ဖျော်ဖြေပွဲ သတင်းမှာလည်း ပျံ့နှံ့စပြုနေပြီဖြစ်ရာ အခန်းတည်းခိုနှုန်းမှာ မြင့်တက်လာဦးမည်မှာ အသေအချာပင်။ စုဟယ် သိထားသလောက်ဆိုလျှင် လက်ရှိတွင် စနေနှင့်တနင်္ဂနွေအတွက် အခန်းအနည်းငယ်သာ ကျန်တော့သည်။

ဟဲယဲ့တည်းခိုခန်း၏ နာမည်ကျော်ကြားမှု အရှိန်အဟုန် မြင့်တက်ရလာသည်နှင့် အခန်းများ အမြဲပြည့်နေမည့် အခြေအနေသို့ ပြန်ရောက်ရန်မှာ ခက်ခဲမည် မဟုတ်ပေ။ တစ်ကြိမ်တည်းနှင့် အခန်း (၆၇) ခန်း ထုတ်ပေးရန်မှာ လုံလောက်ပါ့မလား သူမ မသိချေ။ ရှောင်ယင်း ရှင်းပြသည်။

"အခန်းတွေကတော့ လုံလောက်ပါတယ်။ ဒီတင်ဆက်သူအတွက် သီးသန့် Link တစ်ခု ဖွင့်ပေးခဲ့တာပါ၊ စနေနဲ့ တနင်္ဂနွေအတွက် အခန်းတွေက အကုန်ပြည့်သလောက်ရှိနေပြီမို့လို့ ဒီတင်ဆက်သူအတွက် ဖယ်ထားပေးတဲ့ အခန်းတွေက သောကြာနေ့အတွက်ပါ"

ဒီနေ့ ဗုဒ္ဓဟူးနေ့ဖြစ်နေပြီဖြစ်ရာ နောက်ထပ် နှစ်ရက်ဆိုလျှင် ထိုတင်ဆက်သူမှာ သူ့Fan အဖွဲ့ကိုခေါ်ပြီး တည်းခိုခန်းသို့ လာရောက်ဆုံဆည်းကြတော့မည်ဖြစ်သည်။ သူဌေးရှေ့မှာတော့ အစွမ်းအစလေး နည်းနည်းပြရမည် မဟုတ်ပါလား ရှောင်ယင်းလည်း ထိုနည်းတူပင်။

"ဒီ (၆၇) ခန်းကို စုစည်းပေးဖို့ ကျွန်မ တကယ်ကို ကြိုးစားခဲ့ရတာပါ"

သူမလေသံတွင် အနည်းငယ်မျှသော ဂုဏ်ယူနေဟန်ရှိသည်။

"ကျွန်မသာ အစ်မကျန်းကို ချက်ချင်း အစီရင်ခံပြီး သောကြာနေ့အတွက် ပြင်ပဘွတ်ကင် Link ကို ပိတ်မထားလိုက်ရင် ဒီ (၆၇) ခန်းက ရနိုင်မှာ မဟုတ်ဘူး"

ရှောင်ယင်း ဆက်ပြောသည်။

"အဲဒီ တင်ဆက်သူကိုလည်း ကျွန်မ ပြောလိုက်ပါတယ်၊ သူ့အတွက် သီးသန့် QR Code ကိုသုံးပြီး အခန်းဘွတ်ကင်လုပ်ဖို့ နာရီဝက်ပဲ အချိန်ရမယ်လို့ပေါ့၊ နာရီဝက်ကျော်သွားရင်တော့ အခန်းအားလုံးကို တခြားဧည့်သည်တွေအတွက် ပြန်ဖွင့်ပေးမယ်လို့ ပြောလိုက်တယ်၊ ဒီတင်ဆက်သူက တကယ်ကို အံ့သြဖို့ ကောင်းပါတယ် အခန်းတွေ အားလုံးကို ဘွတ်ကင်လုပ်သွားရုံတင်မကဘဲ သူကိုယ်တိုင်အတွက်လည်း အပေါ်ဆုံးထပ်က Presidential Suite ကိုပါ ယူသွားတယ်"

သူမမျက်ဝန်းများမှာ ဖုံးဖိမရသော စိတ်လှုပ်ရှားမှုများဖြင့် ဝင်းလက်နေသည်။ စုဟယ်မှာလည်း ချီးကျူးစကား ဆိုရန် ဝန်မလေးခဲ့ပေ။

"အရမ်းတော်တာပဲ၊ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်"

တက်ဆက်သူဆီမှ သီးသန့် မက်ဆေ့ခ်ျကို လက်ခံရရှိပြီးနောက် ဤမျှမြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက် ချနိုင်ရန်မှာ ထက်မြက်သော အမြင်နှင့်ပြတ်သားသော လုပ်ဆောင်နိုင်စွမ်း လိုအပ်သည်။ ရှောင်ယင်း၏ကြိုးစားမှုမှာ လျင်မြန်သော လုပ်ဆောင်ချက်တွင်သာမက အခွင့်အရေးကို ဆုပ်ကိုင်နိုင်မှုနှင့် ဖောက်သည်၏ လိုအပ်ချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်မှုတို့တွင်လည်း တွေ့နိုင်၏။ စုဟယ်၏ ချီးကျူးမှုကို ကြားရသည့်အခါ ရှောင်ယင်း အနည်းငယ် ရှက်သွားသည်။ သူမ အားပါတရ ရယ်လျက် စုဟယ်အား ဆက်လက် အစီရင်ခံသည်။

"အဲဒီ တင်ဆက်သူက ကျွန်မတို့ဆီက ကြော်ငြာခ မတောင်းပါဘူး၊ ဒါပေမဲ့ သူက ကျွန်မတို့နဲ့ အပေးအယူတစ်ခု လုပ်ခဲ့ပါတယ်၊ သူနဲ့အတူ လာတည်းမယ့် Fan တွေအတွက် အထူးလျှော့စျေးလေးတွေပေးဖို့ သူက မျှော်လင့်နေတာပါ"

အခန်းပေါင်း (၆၇) ခန်း ဆိုသည့် အော်ဒါအကြီးကြီးကို တစ်ခန်းလျှင် (၄၀၀) ယွမ်နှုန်းဖြင့် တွက်လျှင်ပင် ယွမ် (၂၄,၈၀၀) ရှိမည်ဖြစ်သည်။ ထို့ပြင် တည်းခိုခန်း၏ ဈေးအသက်သာဆုံး King-size အခန်းများမှာ အမြဲတမ်း ဝယ်လိုအား မြင့်နေသည်ဖြစ်ရာ ဤ (၆၇) ခန်းမှာ ဈေးပိုမြင့်သော အခန်းများ ဖြစ်နိုင်ချေ ရှိ၏။ တင်ဆက်သူ ကိုယ်တိုင်မှာလည်း Presidential Suite ကို ယူထားသည် ဖြစ်ရာ အထူးလျှော့စျေး အနည်းငယ်ပေးရခြင်းမှာ ကျိုးကြောင်းဆီလျော်လှ၏။

"ကွမ်းစီနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ ကျွန်မတို့ပေးလိုက်တဲ့ အထူးအစီအစဉ်ကတော့ လာတည်းတဲ့ Fanအားလုံးကို အခမဲ့မနက်စာကူပွန်တစ်စောင်နဲ့ ယွမ် (၅၀)တန် မုန့်ကူပွန် တစ်စောင်စီပေးမှာပါ၊ အဲဒီကူပွန်တွေက နှစ်ရက်အတွင်းမှာပဲ အကျုံးဝင်ပါတယ်၊ တစ်ချိန်တည်းမှာပဲ တင်ဆက်သူအတွက် ခန်းမကြီးတစ်ခုနဲ့ လှုပ်ရှားမှုခန်းမတစ်ခုကိုလည်း အခမဲ့သုံးခွင့်ပေးဖို့ စီစဉ်ထားပါတယ်"

ရှောင်ယင်း လက်ချောင်းလေးများဖြင့် တွက်ပြသည်။ ဒါဟာ တကယ့်ကို ထိုက်တန်သော လျှော့စျေးပင်။ ဟဲယဲ့တည်းခိုခန်းသည် အခန်းခကိုတော့ လျှော့ပေးမည် မဟုတ်ပေ။ ထိုသို့လုပ်ခြင်းမှာ အခြားဧည့်သည်များအပေါ်မတရားသလို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အထူးအစီအစဉ်များကို အခြားဝန်ဆောင်မှုများတွင်သာ ပေးလေ့ရှိ၏။ ဤပရိုမိုးရှင်းမှာ တင်ဆက်သူ၏ Fan များအတွက်သာ သီးသန့်တော့ မဟုတ်ပေ။ ဆိုင်သစ်ဖွင့်လှစ်သည့်ကာလအတွင်း ဖောက်သည်ဟောင်းများမှာ အခမဲ့မနက်စာကူပွန် (၂) စောင် ရရှိနိုင်ပြီး ဖောက်သည်သစ်များမှာလည်း ဆိုရှယ်မီဒီယာတွင် Check-in ဝင်ပြီး Review ရေးပေးပါလျှင် မုန့်အပိုများရရှိမည့် အစီအစဉ်တွင် ပါဝင်နိုင်သည်။

သို့သော်လည်း Check-in ဝင်၍ ရသော မုန့်မှာ ဈေးနှုန်း ယွမ် (၃၀) သာ ကန့်သတ်ထားပြီး စိတ်ကြိုက်ရွေးချယ်၍ မရပေ။ တင်ဆက်သူ ၏ Fan များမှာမူ ယွမ် (၅၀) တန် ကူပွန်ဖြင့် မည်သည့် မုန့်ကိုမဆို စိတ်ကြိုက် ဝယ်ယူနိုင်မည် ဖြစ်သည်။ လူတစ်ရာဆံ့သော ခန်းမ ငှားရမ်းခမှာ တစ်နေ့တာ အတွက် ယွမ် (၅,၀၀၀) ဖြစ်ပြီး တစ်ရက်လုံးအတွက် ယွမ် (၁၀,၀၀၀) ဖြစ်သည်။ သို့သော်လည်း ဟဲယဲ့တည်းခိုခန်း၏ အစုအဝေးခန်းမနှင့် လှုပ်ရှားမှုခန်းမတို့မှာ ယခုအထိ ဘွတ်ကင် မရှိသေးချေ။ ဤအခန်းနှစ်ခုမှာ လွတ်နေသည်ဖြစ်ရာ တင်ဆက်သူကို မျက်နှာသာပေးလိုက်ခြင်းမှာ ပို၍ ကောင်းပေသည်။ ဟဲယဲ့တည်းခိုခန်းအနေဖြင့် ဤမျှလျှော့စျေးပေးရန် တတ်နိုင်ပါ၏။ အကယ်၍ တည်းခိုခန်းဘက်မှ တက်ဆက်သူတစ်ယောက်ကို လာရောက်ရန် ဖိတ်ခေါ်မည်ဆိုပါလျှင် ကြော်ငြာခမှာ ဤထက်များစွာပိုပေးရမည် ဖြစ်သည်။ မိမိစရိတ်ဖြင့် လာရောက်သော တင်ဆက်သူများကို ဟဲယဲ့တည်းခိုခန်းမှာ အမြဲ ကြိုဆိုနေမည်မှာ အမှန်ပင်။ သို့သော် စုဟယ် အနည်းငယ် သိချင်နေဆဲပင်။

"ဒီတင်ဆက်သူက ယုံမြစ်ဒေသက တင်ဆက်သူလား၊ မဟုတ်ရင် ဘာလို့ ငါတို့ တည်းခိုခန်းမှာ ပရိသတ်တွေ့ဆုံပွဲ လာလုပ်ဖို့ စဉ်းစားရတာလဲ"

Blogger များတည်းခိုခန်းများသို့ လာရောက်လေ့ရှိသည်မှာ သာမန်ကိစ္စဖြစ်သော်လည်း Fan အယောက် (၁၀၀) ကျော်ကို ခေါ်ဆောင်လာသည်မှာမူ အမှန်တကယ်ပင် ရှားပါးလှသည်။!ရှောင်ယင်း ခေါင်းခါပြ၏။

"သူက ယုံမြစ်က မဟုတ်ပါဘူး၊ အမှန်အတိုင်းပြောရရင် ကျွန်မကိုယ်တိုင်လည်း ဒီတင်ဆက်သူကို မသိဘူး၊ သူ့အကြောင်းကို အချိန်ခဏပေးပြီး လေ့လာကြည့်လိုက်တော့ သူက Douyin ကတိုက်ရိုက်တင်ဆက်သူတစ်ယောက်ဖြစ်ပြီး နာမည်ကရွှင်းကောတဲ့၊ သူ့ရဲ့ Live လွှင့်တဲ့ ပုံစံက လူတွေ ရှာမရတဲ့ သီချင်းတွေ ဒါမှမဟုတ် ဗီဒီယိုတွေကို ကူရှာပေးတာ ဖြစ်ပြီး သူ့ရဲ့ ဗီဒီယိုအတိုအချို့ကလည်း တော်တော် ပျံ့နှံ့ခဲ့ဖူးပါတယ်၊ သူဌေးလည်း အဲဒီဗီဒီယိုအတိုတွေကို မြင်ဖူးကောင်း မြင်ဖူးပါလိမ့်မယ်၊ လူတစ်ယောက်က 'ဘုန်း ဘုန်း ဘုန်း' ဆိုတဲ့အသံပဲ ပေးပြီး ဒါက ဘာသီချင်းလဲလို့ လာမေးတော့ ရွှင်းကော က မိနစ် (၆၀) လောက် အချိန်ပေးပြီး မူရင်းသီချင်းကိုရှာပေးခဲ့တဲ့ ဗီဒီယိုလေးလေ"

ရှောင်ယင်း မိတ်ဆက်ပေးသည်။ စုဟယ်မှာ မှတ်မိသလိုလို ရှိသွားသ၏။ ထိုဗီဒီယိုမှာ အတော်ပင် နာမည်ကြီးခဲ့သည်။ သူမလည်း Douyin တွင် ထိုဗီဒီယိုအတိုလေးများကို မြင်ခဲ့ဖူးပြီး တကယ်ကို ရယ်ရပါသည်။ ရွှင်းကောသည် Live လွှင့်သည့်အခါ ရသမြောက်အောင် လုပ်ဆောင်ရာတွင် အလွန်တော်၏။ သူသည် မိနစ် (၆၀) အတွင်းမှာ ရယ်စရာကောင်းသော၊ ပင်ပန်းနွမ်းနယ်သော မျက်နှာပေးမျိုးစုံကို လုပ်ပြခဲ့ပြီး ထိုမျက်နှာပေးများမှာ Meme များအဖြစ်ပင် ပျံ့နှံ့သွားခဲ့သည်။

"ဒီ တင်ဆက်သူမှာ Douyin Follower (၇) သန်းကျော် ရှိပြီး ပလက်ဖောင်း အားလုံးပေါင်းရင် Follower (၁၀) သန်းကျော် ရှိပါတယ်"

ရှောင်ယင်းမှာ တကယ်ပင် အားကျနေမိသည်။ သူမ လက်ရှိ ကိုင်တွယ်နေသော ဟဲယဲ့တည်းခိုခန်း၏ ဝက်ဘ်ဆိုက် အကောင့်အသီးသီးမှ Follower စုစုပေါင်းမှာ (၁) သန်းပင် မပြည့်သေးချေ။ ဒီတင်ဆက်သူမှာ ဟဲယဲ့တည်းခိုခန်းကို ဘာကြောင့် လာရသလဲ ဆိုသည့် အကြောင်းရင်းကို ပြောပြသည့်အခါ ရှောင်ယင်းကိုယ်တိုင်လည်း အနည်းငယ် အံ့သြခဲ့ရသည်။

"လွန်ခဲ့တဲ့ရက်ပိုင်းက ရွှင်းကော Live လွှင့်နေတုန်းမှာ တစ်ယောက်က သူ့ Live ထဲမှာပါတဲ့ သံစဉ်တစ်ခုအကြောင်း လာမေးပါတယ်၊ ရွှင်းကောက တော်တော်ကြာအောင်ရှာပြီးတဲ့နောက်မှာမှ သိလိုက်ရတာက အဲ့သံစဥ်က ကျွန်မတို့တည်းခိုခန်းက Weibo မှာ လက်ဆောင်ပေးဖို့ တင်ထားတဲ့ ဆရာကျိပိုင်ရဲ့ ကုချင်းသီဆိုမှုဗီဒီယိုထဲက ဖြစ်နေတာပါ၊ ရွှင်းကောနဲ့အတူ Live ထဲမှာ အဲဒီဗီဒီယိုကို နားထောင်ပြီးတဲ့နောက် အားလုံးက အဲ့သံစဥ်ရဲ့ထူးခြားတဲ့ အာနိသင်ကြောင့် အံ့သြသွားကြပါတယ်၊ ဒါပေမဲ့ Live ထဲက Fan အများအပြားကတော့ ဒီသံစဥ်ကကွန်ပျူတာနဲ့ ဖန်တီးထားတာ ဒါမှမဟုတ် နောက်ပိုင်းမှပြုပြင်ထားတာ ဖြစ်လိမ့်မယ်လို့ ပြောကြတယ်၊ ပြီးတော့ ဆရာကျိပိုင်ရဲ့ တခြားမှတ်တမ်းတွေကိုလည်း အွန်လိုင်းမှာ ရှာလို့မရဘူးလေ၊ ဒါကြောင့် တင်ဆက်သူရွှင်းကောက သူ့Fanတွေကိုခေါ်ပြီး ကိုယ်တိုင်လာစုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်တာပါ"

ရှောင်ယင်း ဇာတ်ကြောင်းတစ်ခုလုံးကို ရှင်းပြလိုက်လေတော့သည်။

All Chapters