← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

234

ဟဲယဲ့တည်းခိုခန်း၏ လက်ထဲသို့ ဤမျှကြီးမားသော အော်ဒါတစ်ခု လွယ်လွယ်ကူကူနှင့် ကျလာလိမ့်မည်ဟု စုဟယ် မမျှော်လင့်ထားခဲ့မိပေ။ ၎င်းမှာ အမှန်တကယ်ပင် ကောင်းကင်မှ ကျလာသည့် ပိုင်မုန့် တစ်ခုလိုပင်။ သို့သော်လည်း ကောင်းကင်မှ ကျလာသော မုန့်ကို ဖမ်းမရခဲ့လျှင် ထိုမုန့်သည် မိမိကိုယ်ပေါ်သို့ ဆီများ စင်ရုံတင်မကဘဲ ကြွက်များနှင့် ပိုးဟပ်များကိုပါ ဆွဲဆောင်သလို ဖြစ်သွားပေလိမ့်မည်။

ဟဲယဲ့တည်းခိုခန်းသည် ရွှင်းကောကို သူ၏ Fan များအတွက် တည်းခိုခ အထူးလျှော့စျေး ပေးသည်မှလွဲ၍ ကြော်ငြာခ တစ်ပြားတစ်ချပ်မျှ မပေးထားချေ။ ထို့ကြောင့် ရွှင်းကောတွင် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် အပြည့်ရှိသည်။ သူသည် သူ၏ ဗီဒီယိုများတွင် မိမိ၏ အမြင်များကို လွတ်လပ်စွာ ဖော်ပြနိုင်သည့်အပြင် အစီအစဉ်၏ ရသကို မြှင့်တင်ရန်အတွက် တင်ဆက်သူများသည် အချက်အလက်များကို ချဲ့ကားခြင်း၊ စိတ်ခံစားမှုများကို ပြင်းထန်အောင်လုပ်ခြင်းနှင့် ဗီဒီယိုကို ပို၍ စိတ်ဝင်စားစရာကောင်းစေရန် ဆန့်ကျင်ဘက် အခြေအနေများကို အတတ်နိုင်ဆုံး အလေးပေးဖော်ပြခြင်းတို့ကို ပြုလုပ်ကြမည်သာဖြစ်၏။ အကယ်၍ ဟဲယဲ့တည်းခိုခန်းဘက်မှ အမှားအယွင်း သေးသေးလေး တစ်ခုခု လုပ်မိခဲ့လျှင်ပင် ရွှင်းကောသည် ဗီဒီယို စိတ်ဝင်စားစေရန် ထိုအမှားကို အဆမတန် ချဲ့ကားပြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အင်တာနက်ခေတ်တွင် အငြင်းပွားဖွယ်ရာ ကိစ္စများမှာသာ လူကြည့်နှုန်းကို သယ်ဆောင်လာနိုင်သောကြောင့် ဖြစ်သည်။ ရွှင်းကောသည် တည်းခိုခန်းသို့ ပရဟိတလာလုပ်ပေးခြင်းဖြစ်သည်ဟု စုဟယ်မယုံကြည်ပေ။ ဤကဲ့သို့ အရှိန်အဝါကြီးသော တင်ဆက်သူတစ်ဦး ဟဲယဲ့တည်းခိုခန်းသို့ လာရောက်ခြင်းမှာ တည်းခိုခန်းအတွက် အခွင့်အရေးတစ်ခု ဖြစ်သလို စိန်ခေါ်မှုတစ်ခုလည်းဖြစ်၏။ ထို့အပြင် ဘလော့ဂါ၏ လာရောက်မှုကို အသုံးချကာ တည်းခိုခန်း၏ ဝန်ဆောင်မှုပိုင်းတွင် လစ်ဟင်းမှုများ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးသည့် ကျောက်စာတိုင်အဖြစ်လည်း အသုံးပြုနိုင်သည်။

"အစုအဝေးခန်းမနဲ့ ပတ်သက်ပြီးတော့ ရှောင်ယင်း၊ အိမ်ထိန်းဌာနက အစ်မကျန်းကို အစည်းအဝေးခန်းမရဲ့ သန့်ရှင်းရေးကို ထပ်ပြီး စစ်ဆေးပေးဖို့ ပြောလိုက်ပါ အထူးသဖြင့် စားပွဲခုံတွေထဲမှာ အမှိုက်တွေ ကျန်နေခဲ့တာမျိုးမရှိစေနဲ့၊ ပြီးတော့ အစုအဝေးခန်းမထဲက ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်းတွေကိုလည်း သေသေချာချာ မှာထားလိုက်ဦး၊ အဲဒီနေ့မှာ သူတို့ရဲ့ ဝန်ဆောင်မှု အမူအရာက အကောင်းဆုံး ဖြစ်နေရမယ် ဝန်ဆောင်မှု လုပ်ငန်းစဉ်တွေကိုလည်း တိတိကျကျ လိုက်နာရမယ်"

စုဟယ် ညွှန်ကြားလိုက်သည်။

"နောက်ပြီးတော့ ရွှင်းကောကို အစုအဝေးခန်းမနဲ့ လှုပ်ရှားမှုခန်းမအတွက်လိုအပ်တဲ့ ပြင်ဆင်မှုတွေ ကို မေးကြည့်လိုက်ဦး၊ သူတို့ PPTသုံးဖို့ လိုသလား၊ ဒါမှမဟုတ် စာတန်းတွေ ချိတ်ဖို့ လိုသလားပေါ့၊ လိုအပ်တယ်ဆိုရင် စာတန်းတွေနဲ့ ပြသစင်တွေအတွက် ဒီဇိုင်းဆွဲဖို့ အချိန်လောက်ရဲ့လားဆိုတာ ကြည့်လိုက်ပါဦး"

ရှောင်ယင်းသည် ချက်ချင်းပင် သူမဖုန်း၏မှတ်စုအက်ပ်ကိုထုတ်ကာ အမြန်မှတ်လိုက်သည်။

"အစုအဝေးခန်းမနဲ့ လှုပ်ရှားမှုခန်းမအတွက်တော့ ကျွန်မ ရွှင်းကောရဲ့ Fan ကိုယ်စားလှယ်နဲ့ ဆက်သွယ်ထားပြီးပါပြီ၊ သူ ကျွန်မဆီကို ဗီဒီယိုတချို့နဲ့ ဂိမ်းအသေးစားလေးတွေအတွက် PPT တွေ ပို့ပေးထားတယ်၊ ရွှင်းကောရဲ့ Fan တွေက ရွှင်းကောပုံစံကာတွန်းရုပ်လေးတွေတောင် ဖန်တီးထားကြသေးတယ်၊ ကျွန်မ ဟဲယဲ့တည်းခိုခန်းရဲ့ Logo ကို ထည့်ပြီး သီးသန့်စတစ်ကာတွေနဲ့ ပို့စကတ်အချို့ ရိုက်နှိပ်ပြီး အခန်းတွေထဲမှာထည့်ထားပေးဖို့ စီစဉ်လိုက်ပါ့မယ်"

"ကောင်းပြီ၊ ဧည့်ကြိုကောင်တာ အတွက်တော့ လီရှီနဲ့ ညှိနှိုင်းပေးပါ၊ ရွှင်းကောရဲ့ Fan တွေကို ဝန်ဆောင်မှုပေးဖို့အတွက် သီးသန့်ကောင်တာတစ်ခု သတ်မှတ်ပေးထားနိုင်ရင် ပိုကောင်းမယ်၊ ပြီးတော့ သူတို့အခန်းတွေကိုလည်း တစ်စုတစ်စည်းတည်းဖြစ်အောင် စီစဉ်ပေးဖို့ ကြိုးစားကြည့်ပါ"

လီရှီသည် အလုပ်လုပ်ရာတွင် အလွန်စေ့စပ်သေချာသူဖြစ်သဖြင့် ဧည့်ကြိုပိုင်းဆိုင်ရာ ကိစ္စရပ်များကို သူ့အား လွှဲအပ်ထားခြင်းမှာ စုဟယ်ကို ပို၍ စိတ်အေးစေသည်။ လီရှီသည် ဧည့်ကြိုဌာနတွင် အလုပ်လုပ်နေဆဲဖြစ်သော်လည်း ရာထူးတိုးသွားပြီဖြစ်ရာ ယခုအခါ ခေါင်းဆောင်ငယ်တစ်ဦး ဖြစ်နေပြီ ဖြစ်၏။ စုဟယ် ဆက်ပြောသည်။

"အော် ဟုတ်သားပဲ၊ ခုနက နင်ပြောတော့ ရွှင်းကောက Presidential Suite ကို ဘွတ်ကင်လုပ်သွားတယ်ဆိုတာလေ၊ တင်ဆက်သူတစ်ယောက်က Presidential Suite ကို ယူတယ်ဆိုတာ ဗီဒီယိုရိုက်ဖို့အတွက် မှတ်တမ်းယူချင်လို့ပဲဖြစ်ရမယ်၊ ငါတို့ရဲ့ Presidential Suite မှာ အိမ်တော်ထိန်းဝန်ဆောင်မှု ပါဝင်တယ်၊ အိမ်ထိန်းဌာန ညွှန်ကြားရေးမှူး ခယ့်ဖန် ကို အိမ်တော်ထိန်းတွေက လုံလောက်တဲ့ လေ့ကျင့်မှု ရထားရဲ့လားဆိုတာ ပြန်အတည်ပြုခိုင်းလိုက်ဦး၊ အကယ်၍ အိမ်တော်ထိန်းတွေရဲ့ ကျွမ်းကျင်မှုအပေါ် သူ မသေချာဘူးဆိုရင်တော့ ခယ့်ဖန်ကိုယ်တိုင်ပဲ ဒီအော်ဒါကို ဝန်ဆောင်မှု ပေးပါစေ၊ ပြီးတော့ ငါ့အဖေနဲ့လည်း ကားကိစ္စ ညှိနှိုင်းလိုက်ဦး ရထားဘူတာ ဒါမှမဟုတ် လေဆိပ်မှာ စောင့်ကြိုပေးဖို့ သီးသန့်ကား စီစဉ်ပေးဖို့ လိုမလားဆိုတာ ကြည့်လိုက်ပါဦး"

ရှောင်ယင်းသည် မှတ်စုများ ရေးမှတ်နေရင်း ခေါင်းညိတ်ပြသည်။ ဒါဟာ တည်းခိုခန်း စဖွင့်ကတည်းက ရရှိခဲ့တဲ့ ပထမဆုံး အော်ဒါအကြီးကြီးဖြစ်တာကြောင့် အသေးစိတ်မှအစ ပြီးပြည့်စုံနေအောင် လုပ်ရမည်။

"သူဌေး တခြား ဘာများရှိသေးလဲ"

ရှောင်ယင်း ထပ်မေးသည်။ စုဟယ်လည်း လောလောဆယ်တွင် အခြားသတိထားရမည့်အချက်များ ထပ်မစဉ်းစားမိတော့ပေ။

"ဒီအော်ဒါက နင့်အတွက် အလုပ်တွေ အများကြီး ဖြစ်သွားပြီ၊ အစ်မကျန်းဆီကို မက်ဆေ့ခ်ျပို့ပြီး ငါတို့ သတိထားရမယ့် တခြားအရာတွေ ရှိသေးလားလို့ မေးကြည့်လိုက်ဦး အကယ်၍ သူက တည်းခိုခန်းကို လာချင်တယ်လို့ ဇွတ်ပြောလာရင်တော့ နင် သူ့ကို အပြတ်တားထားရမယ်နော်"

ကျန်းရှန့်နန်သည် မီးဖွားခွင့် ယူထားဆဲ ဖြစ်သည်။ ဖွင့်ပွဲ ပထမနှစ်ရက်ကို ဖယ်လိုက်လျှင်ပင် သူမသည် တည်းခိုခန်းသို့ အကြိမ်ပေါင်းများစွာ ခိုးလာတတ်ပြီး အနားယူခြင်း လုံးဝမရှိချေ။

"နားလည်ပါပြီ၊ အစ်မကျန်းကို သေသေချာချာ အနားယူခိုင်းပါ့မယ်"

ရှောင်ယင်း ကတိပေးလိုက်သည်။ သူမသည် လွန်ခဲ့သော နှစ်ရက်အတွင်း အစ်မကျန်းဆီသို့ မက်ဆေ့ခ်ျ အကြိမ်ကြိမ် ပို့ထားပြီး ဖြစ်ရာ အစ်မကျန်းကို နောက်တစ်ကြိမ် ပင်ပန်းခံပြီး လာခိုင်း၍ မဖြစ်ပါချေ။ တည်းခိုခန်း၏ ဝန်ဆောင်မှုမှာ အမှန်တကယ်တော့ အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ စုဟယ် အသေးအဖွဲ ကိစ္စရပ်လေးများကို အနည်းငယ် ပြုပြင်ပြောင်းလဲရန် လူတိုင်းကို သတိပေးနေခြင်းသာဖြစ်၏။ သူမ ယခု ပို၍ စိုးရိမ်နေသည်မှာ တည်းခိုခန်း၏ ထူးခြားသော လက္ခဏာများကို ရွှင်းကောနှင့် သူ၏ Fan များအား မည်သို့ ပြသရမည်နည်း သို့မဟုတ် ရွှင်းကော၏ ဗီဒီယိုများမှတစ်ဆင့် ဟဲယဲ့တည်းခိုခန်း၏ အနာဂတ် ဖောက်သည်လောင်းများကို မည်သို့ဆွဲဆောင်ရမည်နည်း ဆိုသည့် အချက်ပင်။ ထိုအချိန်တွင် ရွှင်းကောတစ်ဦးတည်းသာ ဗီဒီယိုရိုက်မည်မဟုတ်ဘဲ သူ့Fan များမှာလည်း တည်းခိုခန်းတွင် တည်းခိုသည့် သူတို့၏ အတွေ့အကြုံများကို Vlog များ ရိုက်ကူးကြပေလိမ့်မည်။

ကျိပိုင်၏ ဖျော်ဖြေပွဲနှင့် ပတ်သက်၍မူ စုဟယ်တွင် စိုးရိမ်စရာ မရှိချေ။ ကျိပိုင်၏ အသံစစ်မှန်မှုရှိ မရှိလာရောက် အတည်ပြုမည့် Fan များမှာ စိတ်ပျက်ရမည် မဟုတ်သည်မှာ သေချာသည်။ သို့သော်လည်း ကျိပိုင်၏ ဖျော်ဖြေပွဲကို ဗီဒီယိုများတွင် ပြသ၍ မရသောကြောင့် ဟဲယဲ့တည်းခိုခန်းအနေဖြင့် ဧည့်သည်များကို ဆွဲဆောင်ရန် အခြား ထူးခြားသော လှုပ်ရှားမှုများကို ကမ်းလှမ်းရပေလိမ့်မည်။ စုဟယ်သည် ထိုနေ့အတွက် စီစဉ်ရမည့် လှုပ်ရှားမှုများကို စဉ်းစားနေမိသည်။ ဆရာကြီးဝေ ၏ လက်ရေးလှအတတ် အတန်းနှင့် မီနာ ၏ ရက်ကန်းအလုပ်ရုံ တို့ကို သေချာပေါက် အချိန်ဇယား ဆွဲထားရမည်။ ရွှင်းကော၏ Fan အားလုံးကို လီရှူး၏အိမ်မက်ပေးပို့ခြင်း ဝန်ဆောင်မှုကိုပဲ ခံစားခိုင်းနေလို့ မရချေ။ လှုပ်ရှားမှု နည်းနေသေးသည်။ စုဟယ်၏အကြည့်မှာ စနစ်ထဲရှိ ကံစမ်းမဲလှည့်ခွင့် နှစ်ကြိမ်အပေါ်သို့ ကျရောက်သွားလေတော့သည်။

All Chapters