← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

237

စနစ်နှင့် ရေဘဝဲမိစ္ဆာတို့ ညှိနှိုင်းမှု ပြီးဆုံးသွားပြီးနောက် ရေဘဝဲမိစ္ဆာ၏ ပုံသဏ္ဍာန်မှာလည်း ပြောင်းလဲသွားခဲ့သည်။ ရေဘဝဲမိစ္ဆာ၏ ဦးခေါင်းအောက်ပိုင်း ခန္ဓာကိုယ်အစိတ်အပိုင်းမှာ နောက်ဆုံးတွင် လူသားတစ်ဦးနှင့် စတင်တူညီလာတော့၏။ မူလက ရှုပ်ထွေးပွေလီနေသော အာရုံခံလက်တံများ ဖြစ်သည့် ရေဘဝဲမိစ္ဆာ၏ အောက်ပိုင်းမှာ ယခုအခါ တစ်ခုချင်းစီ ကွဲထွက်လာပြီး ရှည်ထွက်လာကာ ကိုယ်ထည်တစ်ခုအဖြစ် ပေါင်းစည်းသွားပြီးနောက် သွယ်လျသော ခြေထောက်နှစ်ချောင်း ပေါ်ထွက်လာသည်။ စနစ်၏ အကူအညီဖြင့် ရေဘဝဲမိစ္ဆာသည် လူသားတစ်ဦးအဖြစ် အောင်မြင်စွာ အယောင်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်း၏ နဖူးမှာ အနည်းငယ် ကျယ်ဝန်းပြီး မျက်လုံးများမှာ ကြီးမားနက်ရှိုင်းကာ လူသားတို့ထံတွင် မရှိနိုင်သော အပြာရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် လက်နေ၏။ နှာခေါင်းနှင့် ပါးစပ်မှာမူ ရေဘဝဲတို့၏ ပုံစံအချို့ ကျန်ရှိနေသေးကာ အနည်းငယ် ပြားချပ်ပြီး ကျယ်ပြန့်နေသည်။ အရေပြားမှာ ရေနေသတ္တဝါတို့တွင်သာ ရှိတတ်သည့် စိုစွတ်သော အထိအတွေ့မျိုး ရှိနေပြီး ဖျော့တော့သော အပြာရောင်သန်းနေသည်။

၎င်း၏ ခြေလက်များမှာ လက်တံများမှ အသွင်ပြောင်းလဲထားခြင်းဖြစ်သည်။ လက်မောင်းများမှာ အနည်းငယ် ရှည်လွန်းနေပြီး မော်ဒယ်များကဲ့သို့ပင် လက်ကောက်ဝတ်မှာ ပေါင်ခြံအထိ ရောက်နေရမည့်အစား သဘာဝအတိုင်း ချထားလျှင် ဒူးဆစ်အနီးအထိ ရောက်ရှိနေသည်။ ခြေထောက်နှစ်ချောင်းမှာ တုတ်ခိုင်သော လက်တံကြီးနှစ်ခုမှ ဖြစ်ပေါ်လာခြင်းဖြစ်ရာ ပုံသဏ္ဍာန်မှာ အနည်းငယ် တုတ်ခိုင်သော်လည်း ခန္ဓာကိုယ်ကို တည်ငြိမ်စွာ ထောက်ကန်ထားနိုင်၏။ ခြေဖဝါးများမှာ ကျယ်ပြန့်ပြီး ခြေချောင်းများကြားတွင် ရေယက်ခြေရာလက်ကျန်အချို့ ရှိနေပုံရသော်လည်း လမ်းလျှောက်ရန်အတွက်မူ ပြဿနာမရှိတော့ချေ။ ခြေလက်များ ဖြစ်ပေါ်လာပြီးနောက် ၎င်းသည် ကျောဘက်ရှိ ပိုနေသော လက်တံလေးခုကို ဝှက်ထားလိုက်သည်။ တစ်ခါတစ်ရံတွင် ထိုလက်တံများမှာ ထွက်ပေါ်လာပြီး ယိမ်းနွဲ့နေတတ်သည်။ ထို့နောက် ကျန်ရှိသော လက်တံနှစ်ခုကို လက်များအဖြစ် အသုံးပြုလိုက်၏။ သို့သော် ခြုံငုံကြည့်မည်ဆိုလျှင် ရေဘဝဲမိစ္ဆာသည် လူသားတစ်ဦးနှင့် မခြားနားတော့ပေ။ ထူးခြားသော ရုပ်ရည်သွင်ပြင်ရှိသည့် အနည်းငယ် ရုပ်ဆိုးသော အမျိုးသားတစ်ဦးဟုသာ ထင်ရပေလိမ့်မည်။

စုဟယ်သည် ရေဘဝဲမိစ္ဆာ၏ ရုပ်သွင်ကို ကျင့်သားရသွားအောင် အတတ်နိုင်ဆုံး ကြိုးစားကြည့်နေရသည်။ သူမ စကားမပြောရသေးမီမှာပင် ရေဘဝဲမိစ္ဆာမှာ လျှောက်လာခဲ့၏။ ၎င်းသည် ခြေလက်အသစ်များနှင့် ကျင့်သားမရသေးသဖြင့် လမ်းလျှောက်ရာတွင် ယိမ်းထိုးနေပြီး စပရင်တစ်ခုခု ခုန်နေသည့်ပုံနှင့် တူနေသည်။ စုဟယ်နှင့် မျက်နှာချင်းဆိုင်လိုက်ရသည့်အခါ ၎င်းမှာ စိုးရိမ်စိတ်ရော ကြည်ညိုလေးစားစိတ်ပါ ဖြစ်ပေါ်နေပုံရသည်။ ၎င်း၏ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ယှက်ကာ ဦးညွှတ်လိုက်ပြီး စုဟယ်အပေါ် ထားရှိသော ၎င်း၏ကြည်ညိုမှုကို ဖော်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ကျန်ရှိသောလက်တံလေးခုမှာလည်း လေထဲတွင် ဝေ့ယမ်းနေကြ၏။ ဦးညွှတ်သည့် အမူအရာကို လိုက်တုနေပုံရသော်လည်း ၎င်း၏ လှုပ်ရှားမှုများမှာ ပိုလွတ်လပ်ရိုင်းစိုင်းနေပြီး ရေနေသတ္တဝါတို့၏ ဗီဇနှင့် သဘာဝကို ပေါ်လွင်စေသည်။ စုဟယ်သည် မျက်နှာအမူအရာကို မထိန်းချုပ်နိုင်သေးချေ။ ဝေ့ယမ်းနေသော လက်တံများကို ရင်ဆိုင်ရသည့်အခါ သူမအမူအရာမှာ အနည်းငယ် တောင့်တင်းနေ၏။ သူမ နောက်သို့တစ်လှမ်းဆုတ်လိုက်ပြီး အနည်းငယ် အနေရခက်စွာဖြင့် ပြောလိုက်သည်။

"မ မင်္ဂလာပါ"

ရေဘဝဲမိစ္ဆာသည် စုဟယ်၏ နှုတ်ဆက်စကားကို ကြားသည်နှင့် ချက်ချင်းပင် ပြန်လည် တုံ့ပြန်လေသည်။

"ကျွန်ုပ်၏ ဘုရင်မ၊ ဘာများ အမိန့်ရှိပါသလဲ"

သူ့အသံမှာ အနည်းငယ် အက်ရှနေသော်လည်း ထူးခြားစွာပင် သစ္စာရှိမှုနှင့် နာခံမှုတို့ ပြည့်နှက်နေသည်။ ရေဘဝဲမိစ္ဆာ၏ မျက်လုံးများမှာ မူလကပင် ကြီးမားလှသော်လည်း ယခုအခါ မျှော်လင့်ချက်အပြည့်ဖြင့် စုဟယ်ကို စူးစိုက်ကြည့်နေသောကြောင့် မျက်လုံးများမှာ ပို၍ပင် ကြီးမားလာကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်အချို့ပင် ထွက်ပေါ်နေ၏။ သို့သော် ရေဘဝဲမိစ္ဆာ၏ သစ္စာရှိမှုမှာ ဟန်ဆောင်ခြင်းမဟုတ်ဘဲ အစစ်အမှန် ဖြစ်သည်။ မိစ္ဆာလောကသည် အေးချမ်းမှုမရှိချေ။ ရေနေသတ္တဝါတစ်ဦး ဖြစ်သည့်အားလျော်စွာ ၎င်းသည် အရှေ့ပင်လယ် နဂါးနန်းတော်အုပ်စုဝင် ဖြစ်သော်လည်း မိစ္ဆာအသေးစားလေးမျှသာဖြစ်သဖြင့် နဂါးနန်းတော်၏ အောက်ခြေအဆင့်အတန်းတွင်သာ ရှိသည်။ အခွင့်အရေးမရှိပါလျှင် သူ့ဘဝမှာ သေနတ်စာဘဝဖြင့်သာ ဇာတ်သိမ်းရမည်ဖြစ်ပြီး သေဆုံးနိုင်ခြေ အလွန်မြင့်မားသည်။ သူသည် ပဋိပက္ခတစ်ခုအတွင်း ပိတ်မိခဲ့ပြီးနောက် သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။

သတိပြန်ရလာသည့်အခါ သူသည် လုံးဝမှောင်အတိကျနေသော အဆုံးမရှိသည့် နက်ရှိုင်းသော ပင်လယ်ပြင်ကြီးထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မည်းနေပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။ ဤအတိုင်းအဆမဲ့သော မှောင်မိုက်မှုကြီးမှာ ကြယ်ရောင်များကိုပင် ဝါးမြိုထားသည့်အလား ရှိနေပြီး မည်သည့် အလင်းတန်းမျှ ဤတိတ်ဆိတ်သော ရေပြင်အောက်သို့ တိုးဝင်နိုင်ခြင်း မရှိပေ။ သာယာသော လှိုင်းပုတ်သံများ မရှိ၊ ကူးခတ်နေသော ငါးအုပ်များမရှိ၊ အသေးငယ်ဆုံးသော သတ္တဝါလေးများပင် ဤနေရာတွင် အမှတ်အသား မချန်ထားခဲ့ကြချေ။ အသံအားလုံးကို ထိုအဆုံးမရှိသော မှောင်မိုက်မှုမှာ ဝါးမြိုထားသဖြင့် သေမင်းတမျှ တိတ်ဆိတ်မှုသာ ကျန်ရှိတော့သည်။ ဤအဆုံးမရှိသော မှောင်မိုက်မှုနှင့် တိတ်ဆိတ်မှုကြားတွင် ရေဘဝဲမိစ္ဆာသည် တစ်ခါမှမကြုံဖူးသော အထီးကျန်မှုနှင့် ပျင်းရိငြီးငွေ့မှုကို ခံစားလိုက်ရ၏။ သူသည် အချိန်ကုန်လွန်စေရန် တစ်ခုခုလုပ်ရန် ကြိုးစားသော်လည်း ပတ်ဝန်းကျင်ရှိ မှောင်မိုက်မှုနှင့် တိတ်ဆိတ်မှုကြောင့် သူ့လက်တံများမှာ မည်သည့်အရာကိုမျှ ဆုပ်ကိုင်၍မရသလို၊ စိတ်အာရုံမှာလည်း ဗလာ ဖြစ်နေသည်။

သူသည် အတိတ်မှ အမှတ်တရများကို ပြန်လည် စဉ်းစားရန် ကြိုးစားသော်လည်း ထိုအမှတ်တရများမှာလည်း ဤမှောင်မိုက်မှုအတွင်း ဝေဝါးသွားကာ ဝေးကွာလွန်းပြီး လက်လှမ်းမမီနိုင် ဖြစ်နေတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ ရေဘဝဲမိစ္ဆာ၏ ပျင်းရိမှုမှာ နက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာ၏။ သူသည် တစ်ခါမှမခံစားဖူးသော အင်အားချည့်နဲ့မှုကို စတင်ခံစားလာရပြီး တွေးတောရုံမျှဖြင့်ပင် လေးလံထိုင်းမှိုင်းလာသကဲ့သို့ ရှိနေသည်။ သူ၏ လက်တံများမှာ ဝေ့ယမ်းခြင်း မရှိတော့ဘဲ ခန္ဓာကိုယ်မှာလည်း တွန့်လိမ်လှုပ်ရှားခြင်း မရှိတော့ပေ။ စိတ်အာရုံမှာ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ ထိုမှောင်မိုက်သော သမုဒ္ဒရာထဲတွင် သူ့အနေဖြင့် ဆုပ်ကိုင်ရန် မည်သည့်အရာမျှ မရှိသလို အားကိုးရာ စွမ်းအားလည်း မရှိချေ။

နောက်ဆုံးတွင် ရေဘဝဲမိစ္ဆာသည် ခုခံတွန်းလှန်ရန် လက်လျှော့လိုက်ပြီး သူ့၏ အသိစိတ်ကို ဤမှောင်မိုက်သော သမုဒ္ဒရာထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားစေလိုက်သည်။ သူသည် ရုန်းကန်ခြင်း၊ ရှာဖွေခြင်း မရှိတော့ဘဲ သူ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းကို ဤတိတ်ဆိတ်မှုအတွင်း အလုံးစုံ နှစ်မြှုပ်လိုက်တော့သည်။ သူသည် နက်ရှိုင်းသော အိပ်စက်ခြင်းထဲသို့ တဖြည်းဖြည်း ကျဆင်းသွားလေသည်။ ကြွေကျနေသော သစ်ရွက်တစ်ရွက်သည် နက်ရှိုင်းသော ရေကန်ထဲသို့ နစ်မြုပ်သွားသကဲ့သို့၊ လှိုင်းတွန့်မရှိ၊ ပဲ့တင်သံမရှိပေ။ ထိုမှောင်မိုက်ပြီး နက်ရှိုင်းလှသော ပင်လယ်ထဲတွင် ရေဘဝဲမိစ္ဆာ၏ အိပ်စက်ခြင်းမှာ သူ့၏ တစ်ခုတည်းသော ခိုလှုံရာနှင့် တစ်ခုတည်းသော နှစ်သိမ့်မှု ဖြစ်လာခဲ့သည်။

သို့သော် ယနေ့တွင်မူ သူသည် ရုတ်တရက် နိုးထလာခဲ့ရသည်။ အလင်းတန်းတစ်ခုသည် မှောင်မိုက်သော ပင်လယ်ရေပြင်ကို ဖောက်ထွင်းကာ ရေအောက်တစ်နေရာသို့ ကျရောက်လာခဲ့၏။ ထိုအလင်းစက်ဝိုင်းကြောင့်သာ ရေဘဝဲမိစ္ဆာသည် ဤမှောင်မိုက်မှုထဲတွင်သူတစ်ဦးတည်း ရှိနေသည်မဟုတ်ဘဲ အခြားသော တည်ရှိမှုပေါင်းများစွာ ရှိနေသည်ကို သဘောပေါက်သွားခြင်းဖြစ်သည်။ အလင်းစက်ဝိုင်းကို မြင်လိုက်ရသည့်အခါ ထိုအမည်မသိ တည်ရှိမှုများအားလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အချို့မှာ နက်ရှိုင်းသော နေရာမှနေ၍ အလင်းတန်းဆီသို့ တိုက်ရိုက် ပျံတက်သွားကြပြီး အချို့မှာ အလင်းတန်းကို တိုက်ခိုက်ရန် လှိုင်းလုံးကြီးများ ထအောင် ပြုလုပ်ကြသော်လည်း သူတို့အားလုံးမှာ အလင်းစက်ဝိုင်း၏ အပြင်ဘက်တွင်သာ ပိတ်မိနေကြသည်။ သူတို့အနေဖြင့် အချည်းနှီးသာ ဟိန်းဟောက်နေကြရသည်။

ရေဘဝဲမိစ္ဆာသည်လည်း ထောင့်စွန်းတစ်ခုရှိ ကျဉ်းမြောင်းသော အက်ကြောင်းမှနေ၍ လျှောထွက်လာကာ အလင်းစက်ဝိုင်း၏ အောက်ဆုံးအလွှာဆီသို့ တိုက်ရိုက် ပျံတက်သွားခဲ့သည်။ သူသည် မျက်မှောင်ကြုတ်ကြည့်လိုက်ရာ ငါးအမြီးတစ်ခုကို တွေ့လိုက်ရ၏။ ထပ်မံစဉ်းစားမနေတော့ဘဲ ထိုငါးအမြီး လှုပ်ရှားလိုက်သည့် ခဏမှာပင် သူ့လက်တံများကို ဆန့်ထုတ်ကာ ရှိသမျှ မိစ္ဆာစွမ်းအားအနည်းငယ်ကို အသုံးချပြီး ငါးအမြီးတွင် မြဲမြံစွာ ကပ်တွယ်လိုက်တော့သည်။ ရေဘဝဲမိစ္ဆာသည် မိမိကိုယ်ကိုယ် ရေမှော်ပင်တစ်ပင်ကဲ့သို့ ပြုလုပ်လိုက်သည်။ ပြင်ပမှ ဖိအား မည်မျှပင်ကြီးမားစေကာမူ ခန္ဓာကိုယ် စုတ်ပြဲသွားမတတ် ခံစားရစေကာမူ သယသည် လက်မလွှတ်ရဲချေ။ သူသည် ငါးအမြီးနှင့် ထိတွေ့မှု ဧရိယာအများဆုံးဖြစ်အောင် မိမိကိုယ်ကိုယ် ပြန့်ကားလိုက်ပြီး စက္ကူတစ်ချပ်ကဲ့သို့ အလွန်ပါးလွှာအောင် ပြုလုပ်လိုက်သည်။

မည်မျှကြာသွားသည်မသိ ခန္ဓာကိုယ်ပေါ်ရှိ စုတ်ပြဲနေသော ဝေဒနာမှာ သိသိသာသာ လျော့ပါးသွားခဲ့သည်။ သူအောင်မြင်သွားပြီဖြစ်၏။ သူသည် အားနည်းလွန်းသဖြင့် အလင်းစက်ဝိုင်းမှာ သတိမထားမိခဲ့ခြင်းလား သို့မဟုတ် သူ့မိစ္ဆာစွမ်းအားမှာ အောင်မြင်စွာ အယောင်ဆောင်နိုင်ခဲ့ခြင်းလား မသေချာသော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် ငါးအမြီးနောက်သို့ လိုက်ကာ အလင်းစက်ဝိုင်းထဲသို့ ဝင်ရောက်ပြီး ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ငါးအမြီးသည် အဖြူရောင် ဟင်းလင်းပြင်တစ်ခုထဲသို့ ဝင်ရောက်ခါနီးမှာပင် သူသည် ပြင်းထန်သော တွန်းကန်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူသည် ပြတ်သားစွာပင် မိမိခန္ဓာကိုယ်မှ အသားစိုင်အကြီးကြီးတစ်ခုကို ဖြတ်တောက်လိုက်ပြီး အဖြူရောင် ဟင်းလင်းပြင်၏ အစွန်းရှိ ကျဉ်းမြောင်းသော အက်ကြောင်းမှနေ၍ ရုန်းကန်ကာ ထွက်လာခဲ့သည်။

မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူသည် ဤထူးဆန်းသော နေရာထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရပြီး သူ့ရှေ့တွင် သူ့ဘုရင်မကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ သူ့ပုံသဏ္ဍာန် ပြန်လည် နိုးထလာစဉ်မှာပင် စနစ်မှာ သူ့နားထဲတွင် တတွတ်တွတ် ပြောနေပြီး ခေါင်းမူးသွားလောက်မည့် စည်းကမ်းချက်များနှင့် တောင်းဆိုချက်များစွာကို ပြသခဲ့၏။ ရေဘဝဲမိစ္ဆာမှာ ခေါင်းကိုသာ အဆက်မပြတ်ညိတ်ပြီး ခိုင်းသမျှ အကုန်သဘောတူလိုက်တော့သည်။ ရယ်စရာပင်။ ဒီနေရာမှာ ဆယ်နှစ် ဒါမှမဟုတ် အနှစ်တစ်ရာလောက် နေရတာမှ မှောင်မည်းပြီး နက်ရှိုင်းလှတဲ့ ပင်လယ်အောက်မှာ အိပ်နေရတာထက် အများကြီး ပိုမကောင်းဘူးလား။ ဒီမှာဆို လေကတောင် ပိုချိုမြိန်နေတာပဲ။

အလုပ်ကြမ်းလုပ်ရရုံပဲ မဟုတ်လား။ ဒီလို အလုပ်သေးသေးလေးတွေမှာ သူ့အတွက် ကျင့်သားရနေပြီးသားပါ။ အရှေ့ပင်လယ် နဂါးနန်းတော်၏ အနိမ့်ဆုံးအဆင့် အစေခံတစ်ယောက်အနေနှင့် သူဟာ နဂါးမင်းကြီးရှေ့မှာ မျက်နှာပြခွင့်ရသည့် ပုစွန်စစ်သည်များ၊ ဂဏန်းစစ်သူကြီးများလို မဟုတ်ပါပေ။ သူ့လို မိစ္ဆာစွမ်းအားနည်းသည့် မိစ္ဆာငယ်လေးများဟာ များသောအားဖြင့် နဂါးနန်းတော်၏ နန်းဆောင်အသီးသီးကို သန့်ရှင်းရေးလုပ်ရသည်။ နဂါးမင်းသားများနှင့် မင်းသမီးလေးများ၏ ရတနာများကို သုတ်သင်ပေးရသည်။ ဘုရင်မင်းကြီး၏နောက်မှ ယပ်ခတ်ပေးရတာမျိုး‌တွေသာလုပ်ကိုင်ခဲ့ရသည်။ ကံကောင်းသည်မှာ သူသည် လက်တံရှစ်ခုရှိသည့်အတွက် တခြားသူများထက် အလုပ်ပိုမြန်ပြီး နားချိန်တောင် ရှာနိုင်ပါသေးသည်။ ဒီလိုအောက်ခြေအဆင့် မိစ္ဆာငယ်လေးများဟာ ပုံမှန်အားဖြင့် ဘာအခွင့်အရေးမှ မရသလို နဂါးနန်းတော်မှာ ပဋိပက္ခတွေဖြစ်လာရင် ရှေ့ဆုံးမှ အလကား သေပေးကြရသည်။ တကယ့်ကို သနားစရာကောင်းတဲ့ ဘဝပင်။ အခုတော့ သူဒီကို ရောက်လာပြီ။ ဘုရင်မသစ်တစ်ပါးလည်း ရပြီ။ လက်ရှိဘုရင်မမှာ အရမ်းအားနည်းနေသေးပေမယ့် ဒါဟာ နဂါးနန်းတော်မှာ နေရတာထက် အများကြီး ပိုပြီး လွတ်လပ်ပေါ့ပါးပါသည်။ စုဟယ်အပေါ် ထားရှိသော ရေဘဝဲမိစ္ဆာ၏ အကြည့်များမှာ ပို၍ပင် ပြင်းပြလာတော့သည်။

"ငါ့ကို ဘုရင်မလို့ ခေါ်စရာမလိုဘူး၊ သူဌေးလို့ပဲ ခေါ်လို့ရပါတယ်"

စုဟယ်သည် နဖူးကို ပွတ်လိုက်မိသည်။

"ဟုတ်ကဲ့ပါ၊ ကျွန်ုပ်၏ ဘုရင်မ"

ရေဘဝဲမိစ္ဆာသည် လက်တံလေးခုကို လေထဲတွင် ဝေ့ရမ်းရင်း ခေါင်းကို အဆက်မပြတ် ညိတ်လေသည်။ စုဟယ် သက်ပြင်းချလိုက်မိ၏။ ရေဘဝဲမိစ္ဆာကို အထက်အောက် ကြည့်ရှုပြီးနောက် စိတ်ရှည်လက်ရှည်ဖြင့် မှာကြားလိုက်သည်။

"နင့်ရဲ့ လက်တံတွေကို သေချာဝှက်ထားရမယ်၊ လူသားပုံစံကိုလည်း ဂရုစိုက်ပြီး ထိန်းထား၊ တည်းခိုခန်းက ဧည့်သည်တွေကိုလည်း အန္တရာယ်မပြုရဘူး၊ နင် ဘယ်အလုပ် လုပ်ရမလဲဆိုတာကိုတော့ အရင်စဉ်းစားပါဦးမယ် "

စုဟယ်သည် သူမဖုန်းကို ထုတ်လိုက်ပြီး ခေတ်သစ်လူ့အဖွဲ့အစည်း၏ ကွဲပြားခြားနားမှုများကို လေ့လာနိုင်ရန် ရေဘဝဲမိစ္ဆာအတွက် ဗီဒီယိုအချို့ရှာပေးလိုက်သည်။ သူမအနေဖြင့် သူမ နှိုက်ထားသော ဇာတ်ကောင်ကတ်များကို စစ်ဆေးရန် စနစ်၏ကျောပိုးအိတ်ကိုဖွင့်ရန် လိုအပ်နေ၏။ ထိုကတ်မှ သူမအမှန်တကယ် နှိုက်လိုက်သော ဇာတ်ကောင်ကတ် ဖြစ်သည်။ ရေဘဝဲမိစ္ဆာဆိုသည်မှာ အပိုလက်ဆောင်၊ တစ်ခုဝယ်လျှင် တစ်ခုလက်ဆောင် အနေဖြင့်ရလာသော ပစ္စည်းမျှသာပင်။

All Chapters