← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

238

ကတ်အသစ်ပေါ်တွင် ငါးတစ်ကောင်၏ ပုံရိပ်ကို ရေးဆွဲထားသည်။ စုဟယ်သည် ရေဘဝဲမိစ္ဆာကို တွေ့လိုက်ရကတည်းက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အနည်းငယ် ရှိထားပြီးသား ဖြစ်သဖြင့် ကတ်ပေါ်ရှိ ဇာတ်ကောင်တွင် ငါးအမြီးအရှည်ကြီး ပါနေသည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်မနေတော့ပေ။

[ ဇာတ်ကောင်ကတ် - ရေသူထီး ချန်

ဇာတ်ကောင်မိတ်ဆက် - စူးရှန်ကျိ ကျမ်းမှ "တောင်ဘက်ပင်လယ်ပြင်၏ အလွန်တွင် ရေသူထီးများ ရှိကြသည်၊ သူတို့သည် ငါးများကဲ့သို့ ရေထဲတွင် နေထိုင်ကြသော်လည်း ရက်ကန်းခတ်ခြင်းကိုမူ မမေ့မလျော့ လုပ်ဆောင်ကြသည်။ သူတို့၏ မျက်ရည်များသည် ပုလဲများအဖြစ် ပြောင်းလဲနိုင်သည်'။

ရှားပါးမှုအဆင့် - အဆင့်မြင့်

လက်ရှိအဆင့် -ကြယ်တစ်ပွင့်

ထင်ရှားသော ကျွမ်းကျင်မှု - မျက်ရည်မှ ပုလဲဖြစ်ခြင်း (ရေသူထီးတို့၏ ပုလဲများတွင် သမုဒ္ဒရာ၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ရေသူထီးတို့၏ ပြင်းပြသော စိတ်ခံစားမှုများ ကိန်းအောင်းနေသည်) ]

စုဟယ်သည် ကတ်ပေါ်ရှိ ဆင့်ခေါ်ရန် ခလုတ်ကို နှိပ်တော့မည့်ဆဲဆဲတွင် တစ်ခုခုကို ရုတ်တရက် သတိရသွားကာ လိုင်းပေါ်မှ ထွက်မသွားသေးသည့် စနစ်ကို အမြန်ပင် လှမ်းတို့လိုက်သည်။

"ဪ ဟုတ်သားပဲ စနစ်၊ ငါ့အတွက် လျော်ကြေးက ဘယ်မှာလဲ"

သူမသည် ပုံမှန်အတိုင်း ကတ်နှိုက်နေခြင်းသာ ဖြစ်ရာ ယခုကဲ့သို့ ကြီးမားလှသော အမှားအယွင်း တစ်ခုနှင့် ကြုံတွေ့ရသဖြင့် စနစ်အနေဖြင့် သူမကို လျော်ကြေးပေးကို ပေးရမည် ဖြစ်သည်။ စနစ်သည် သေချင်ယောင်ဆောင်နေ၏။

"နင် ငါ့ကို လုံးဝ လျော်ကြေးပေးရမယ်၊ ငါက နင့်ရဲ့ အရှုပ်ထုတ်တွေကို ရှင်းပေးနေတာလေ မဟုတ်ရင် ငါ တိုင်ပစ်မှာနော်"

စုဟယ်သည် စနစ်ထဲတွင် တိုင်ကြားရန် ခလုတ်ကို ရှာမတွေ့သော်လည်း ၎င်းကို အစီရင်ခံစာ တင်မည်ဟု ပြောဆိုခြင်းကိုမူ မရပ်တန့်ချေ။ အကယ်၍ ဘာမှလုပ်မရပါလျှင် သူမသည် နတ်နန်းတော် သို့ပင် အယူခံဝင်ပေလိမ့်မည်။

"ငါ့ကို လျော်ကြေးအနေနဲ့ နောက်ထပ် ကတ်နှိုက်ခွင့် (၃) ကြိမ် ပေး"

စုဟယ် အဆမတန် တောင်းဆိုလိုက်သည်။ စနစ်မျက်နှာပြင်မှာ မူလအပြာရောင်သို့ ပြန်လည်ပြောင်းလဲသွားပြီး တစ်ချက်မှိတ်သွားကာ စုဟယ်ကို အေးစက်စွာ ငြင်းပယ်လိုက်၏။

"ကတ်နှိုက်ခွင့် (၃) ကြိမ်"

စုဟယ် ဇွတ်အတင်း တောင်းဆိုနေတော့သည်။ သူမအမြင်တွင် အစွန်းအရောက်ဆုံးအချက်ကို အလေးပေး ပြောဆိုနိုင်မှသာ ပြတင်းပေါက်တစ်ခု ဖွင့်ပေးရန် (ညှိနှိုင်းရန်) အခွင့်အရေး ရနိုင်မည်ဟု ယုံကြည်ထား၏။ စနစ်မျက်နှာပြင်မှာ အကြိမ်ကြိမ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက်မှ ဝန်လေးစွာဖြင့် စာတန်းတစ်ခု ပြသလာသည်။

"စနစ်သည် ကတ်ဇာတ်ကောင်များအတွက် လူသားအသွင် ဖန်တီးခြင်း ဝန်ဆောင်မှုကို ပေးအပ်နိုင်ပါသည်"

"ဟင်"

စုဟယ်သည် အနည်းငယ် အမြတ်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဤဝန်ဆောင်မှုမှာ စနစ်မှ ပေးသင့်ပေးထိုက်သည့် အရာမဟုတ်ပါလား။ ဘယ်လိုလုပ်ပြီး လျော်ကြေး ဖြစ်သွားရသနည်း။

"နင် ရေဘဝဲမိစ္ဆာကျတော့ အလကား ပေးထားပြီး ငါ့ကျတော့ ဘာလို့ပိုက်ဆံယူချင်နေရတာလဲ"

စုဟယ် ညည်းညည်းညူညူ ပြောလိုက်သည်။ စနစ်သည် အေးစက်ရက်စက်စွာဖြင့် ကတ်မျက်နှာပြင်ပေါ်တွင် သစ်ပင်အိုကြီး နှင့် ရှောင်ရှီးတို့၏ ကတ်များကို မှိတ်တုတ်မှိတ်တုတ် ပြသလိုက်သည်။ ၎င်းမှာ ယခင်က ဇာတ်ကောင်များအတွက် လူသားအသွင် ဖန်တီးခြင်း ဝန်ဆောင်မှုကို တစ်ခါမှ မပေးခဲ့ဖူးကြောင်း အဓိပ္ပာယ်ရ၏။ သစ်ပင်အိုကြီးနှင့် ရှောင်ရှီး တို့သည် ဟဲယဲ့တည်းခိုခန်း သို့ ရောက်ရှိလာစဉ်က တိရစ္ဆာန် သို့မဟုတ် အပင်ပုံစံများဖြင့် ရောက်လာခဲ့ကြခြင်းဖြစ်ပြီး အနည်းငယ် ထူးဆန်းမှုရှိလျှင်ပင် ဖုံးကွယ်ထား၍ ရနိုင်သေးသည်။ ပြဿနာမှာ ယခု သူမ နှိုက်မိသည်မှာ ရေသူထီးကတ် ဖြစ်နေခြင်းပင်။

လူသား၏ ကိုယ်အထက်ပိုင်းနှင့် ငါး၏ ကိုယ်အောက်ပိုင်း ကိုဖုံးကွယ်ဖို့ဆိုတာ မဖြစ်နိုင်ချေ။ ရေသူထီးသည် သူ့ကိုယ်အထက်ပိုင်းမှာ ငါးခေါင်း ဖြစ်မနေခြင်းကိုပင် စုဟယ် ကျေးဇူးတင်နေရသေးသည်။ စုဟယ် ခေါင်းခါလိုက်၏။ ဤစနစ်မှာ အတော်လေး ကပ်စေးနည်းနေဆဲပင်။ သူမအနေဖြင့် ဤအခြေအနေကို လက်မခံနိုင်ပေ။

"ဒီလောက် ကြီးမားတဲ့ အမှားအယွင်းကြီး ဖြစ်နေတာကို ဒီလို အသေးအမွှားလေးနဲ့လာပြီး ဖြည့်စွက်ပေးချင်နေတာလား"

စုဟယ်သည် အချိန်ယူပြီး အကျေအလည် ဆွေးနွေးတော့မည့်ပုံစံကို ဖမ်းလိုက်သည်။ စနစ်သည် စုဟယ်၏ ဈေးဆစ်မှုကျွမ်းကျင်ပုံကို အကြိမ်ကြိမ် မြင်ဖူးထားပြီးသား ဖြစ်၏။ ထိုစဉ်က လူတစ်ယောက်နှင့် စနစ်တစ်ခုသည် ဟဲယဲ့တည်းခိုခန်း၏ ဆောက်လုပ်ရေးစရိတ်များနှင့် ပတ်သက်၍ ရက်ပေါင်းများစွာ အပြန်အလှန် ငြင်းခုံခဲ့ကြဖူးသည်။ ကျိုးကြောင်းဆင်ခြင်တတ်သော စနစ်သည် ယခုကဲ့သို့ ရှည်လျားထွေပြားပြီး စေးကပ်လှသောကိစ္စရပ်များကို အမှန်တကယ်ပင် မကျွမ်းကျင်သလို မနှစ်သက်ချေ။ ထို့ကြောင့် နောက်ထပ် စာတန်းတစ်ခု ထွက်ပေါ်လာပြန်သည်။

"ထပ်ဆောင်းလျော်ကြေးအနေဖြင့် ဂိမ်းအရောင်းဆိုင်အတွက် အခမဲ့ကူပွန် (၁) စောင် ပေးအပ်ပါမည်"

ထိုသို့ ပြသပြီးနောက် စုဟယ် မည်သို့ပင် ခေါ်ဆိုစေကာမူ စနစ်သည် သေချင်ယောင်ဆောင်ကာ လုံးဝ လျစ်လျူရှုထားတော့သည်။

"ကောင်းပြီလေ၊ အခမဲ့ ကူပွန်တစ်စောင်ပေါ့ ငါ အဈေးအကြီးဆုံး ပစ္စည်းကိုပဲ သေချာပေါက် ရွေးမှာ"

သူမ၏ ကျောပိုးအိတ်ထဲသို့ ရောက်ရှိလာသော အခမဲ့ကူပွန်ကိုကြည့်ပြီး စုဟယ် အတော်လေး စိတ်ကျေနပ်သွားသည်။ ကပ်စေးနည်းသော စနစ်ထံမှ အမြတ်တစ်ခုခု ရရန်ဆိုသည်မှာ မလွယ်ကူလှချေ။

"ရေသူထီ ချန်း"

စုဟယ်သည် ကတ်ပေါ်ရှိ ဖော်ပြချက်ကို ကြည့်ကာ လေသံတိုးတိုးဖြင့် ရွတ်ဆိုလိုက်ပြီး ဆင့်ခေါ်ရန်ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် ဟဲယဲ့တည်းခိုခန်း၏ အဝင်ဝဆီသို့ လျှောက်သွားလိုက်၏။ ကတ်ဇာတ်ကောင်များသည် များသောအားဖြင့် တည်းခိုခန်း အဝင်ဝတွင် ပေါ်လာတတ်ကြသည်။ တည်းခိုခန်းထဲသို့ ကိုယ်တိုင် ပျံဝင်လာသည့် ရှောင်ရှီးမှလွဲ၍ အခြားသော ဇာတ်ကောင်အားလုံးကို စုဟယ်မှ သွားရောက်ကြိုဆိုရခြင်းဖြစ်၏။ တည်းခိုခန်း အဝင်ဝသို့ ရောက်သောအခါ စုဟယ်သည် အပြင်သို့လှမ်းကြည့်ရင်း ရေသူထီးချန်း မည်သည့်နေရာတွင် ပေါ်လာမည်နည်းဟု တွေးတောနေမိသည်။ သူမ ငေးမှိုင်နေစဉ်မှာပင် လီရှီသည် လူအချို့နှင့်အတူ ကားပါကင်ဆီသို့ အပြေးအလွှားသွားနေသည်ကို တွေ့လိုက်ရသည်။

"သူဌေး၊ ရောက်နေတာလား"

စုဟယ်ကို မြင်လိုက်ရသည့်အခါ လီရှီသည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး သူမဆီသို့ ပြေးလာသည်။

"အဝင်ဝမှာ ဧည့်သည်တစ်ယောက် လဲကျသွားလို့ဗျ၊ ခေါင်းထိသွားပုံပဲ"

လီရှီ အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ သူသည် ယခုလေးတင် ဧည့်ကြိုများနှင့် စကားပြောရင်း ဤနေ့အတွက် အလုပ်အစီအစဉ်များနှင့် ဧည့်သည်များ၏ လိုအပ်ချက်များကို ဆွေးနွေးနေခြင်းဖြစ်၏။ ထိုစဉ် သူ၏ မျက်လုံးထောင့်မှနေ၍ တံခါးအပြင်ဘက်မှ မြင်ကွင်းတစ်ခုကို သတိထားမိလိုက်သည်။ လူရိပ်တစ်ခုသည် တည်းခိုခန်း၏ မှန်တံခါးအပြင်ဘက်တွင် ယိုင်ထိုးနေပြီးနောက် ဘာသံမျှမထွက်ဘဲ လဲကျသွားခဲ့ခြင်းဖြစ်သည်။ လီရှီသည် ခဏမျှပင် မတွန့်ဆုတ်တော့ဘဲ တံခါးဆီသို့ ချက်ချင်း ပြေးသွားကာ လဲကျနေသော ဧည့်သည်၏ အခြေအနေကို အမြန် စစ်ဆေးလိုက်သည်။ ဧည့်ကြိုနှစ်ဦးမှာလည်း သူ့နောက်မှ ကပ်လျက် ပါလာကြ၏။ ဧည့်သည်သည် မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျနေခြင်း ဖြစ်ပြီး ခြေထောက်များမှာ အနည်းငယ် တောင့်တင်းနေပုံရသည်။ သူသည် လက်နှစ်ဖက်ဖြင့် အားယူကာ ထရပ်ရန် ကြိုးစားနေသော်လည်း ခြေထောက်များတွင် အားမရှိသဖြင့် လုံးဝထရပ်နိုင်ခြင်း မရှိပေ။

လီရှီနှင့် ဧည့်ကြိုနှစ်ဦးသည် ဧည့်သည်ကို အမြန်ပင် တွဲထူပေးလိုက်ကြသည်။ လီရှီသည် အရှေ့ကောင်တာမှ ဝှီးချဲ တစ်စီးကို ယူလာပြီး လဲကျသွားသော ဧည့်သည်ကို ၎င်းပေါ်သို့ တင်ပေးလိုက်၏။ သို့သော် လီရှီ ဧည့်သည်ကို မေးမြန်းသည့်အခါ ဧည့်သည်မှာ ဘာကိုမျှမသိဘဲ မည်သည့်တုံ့ပြန်မှုမျှ မပေးနိုင်သည်ကို တွေ့လိုက်ရသည်။ ထိုအခါ လီရှီမှာ ပို၍စိုးရိမ်သွားပြီး ဧည့်သည်မှာ ခေါင်းနှင့် ဆောင့်မိသွားသည်ဟု ယူဆကာ ဆေးရုံသို့ ပို့ဆောင်ရန်အတွက် အထူးယာဉ်တစ်စီးကို ဆက်သွယ်တော့မည့်ဆဲဆဲဖြစ်၏။ စုဟယ်သည် ထိုအခြေအနေမှာ ထူးဆန်းနေသည်ဟုတွေးမိသဖြင့် ပြောလိုက်သည်။

"ငါလိုက်ကြည့်ပါဦးမယ်"

သူမနှင့် လီရှီတို့သည် ဧည့်ခန်းရှိ နားနေဆောင်သို့ ပြန်ရောက်သောအခါ ဝှီးချဲပေါ်တွင် ထိုင်နေသည့် အနည်းငယ်ဖြူဖျော့နေသည့် အမျိုးသားတစ်ဦးကို ချက်ချင်း မြင်တွေ့လိုက်ရသည်။ ထိုအမျိုးသား၏ ဘောင်းဘီအနားစများကို လိပ်တင်ထားသဖြင့် ခြေထောက်အရေပြားများ ပေါ်ထွက်နေ၏။ ဒဏ်ရာရှိမရှိ စစ်ဆေးရန်အတွက် လီရှီမှာ အရေးပေါ် လုပ်ဆောင်ထားခြင်း ဖြစ်သည်မှာ သိသာလှသည်။ သူ့ခြေထောက်နှစ်ချောင်းမှာ ထူးထူးခြားခြား သွယ်လျလွန်းနေပြီး အရေပြားပေါ်တွင် ပွန်းပဲ့ဒဏ်ရာအချို့၊ သွေးစများနှင့် ညိုမည်းစွဲနေသော အမှတ်အသားများ ရောယှက်နေသည်။ သူသည် ဝှီးချဲပေါ်တွင် တိတ်တဆိတ်ထိုင်နေပြီး သူ၏ မျက်လုံးများထဲတွင် ဝေခွဲမရသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။

"ချန်း"

စုဟယ်မှာ အနည်းငယ်အံ့အားသင့်သွားသည်။ ဝှီးချဲပေါ်တွင် ထိုင်နေသည့် အမျိုးသားသည် ကတ်ပေါ်ရှိ ဇာတ်ကောင်ပုံရိပ်နှင့် တစ်ထေရာတည်း တူညီနေခြင်းဖြစ်၏။ စုဟယ်၏စကားသံကို ကြားလိုက်ရသည့်အခါ ဝှီးချဲပေါ်တွင်ထိုင်နေသော ချန်းသည် ခေါင်းကို အသာမော့လိုက်ပြီး စုဟယ်ကို နောက်ဆုံးတွင် တုံ့ပြန်လာတော့သည်။ လီရှီမှာ အနည်းငယ်အံ့အားသင့်သွားသည်။

"သူဌေး၊ ဒီဧည့်သည်ကို သိတာလား"

စုဟယ်မှာ အနည်းငယ်အနေရခက်သွားရသည်

"အဲ အင်း၊ ငါ သူ့ကို လိုက်ရှာဖို့ထွက်လာတာပဲ၊ ဒီမှာ ရှိနေလိမ့်မယ်လို့မထင်ထားမိဘူး အဟဲဟဲ"

စုဟယ်သိသည့်သူဖြစ်ကြောင်း မြင်လိုက်ရသဖြင့် လီရှီ အနည်းငယ် စိတ်အေးသွားသော်လည်း အကြံပြုစကား ဆိုလာဆဲဖြစ်သည်။

"သူဌေး၊ ဒီဧည့်သည်ကို ဆေးရုံခေါ်သွားပြီး စစ်ဆေးကြည့်တာ ပိုကောင်းမယ်ထင်တယ်၊ ခေါင်းနဲ့ ဆောင့်မိသွားတာ စိုးရိမ်ရလို့ပါ"

စုဟယ် မရေမရာဖြင့်သာ အေးအေးဆေးဆေး တုံ့ပြန်လိုက်သည်။ ချန်းသည် ခေါင်းနှင့် လုံးဝ ဆောင့်မိခြင်းမရှိကြောင်း သူမ အသေအချာ သိနေသည်မဟုတ်ပါလား။

All Chapters