← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

239

အမှန်တရားမှာ ထိုအတိုင်းပင် ဖြစ်သည်။ သူ၏ ဦးခေါင်းမှာ ဘာမှမဖြစ်ဘဲ လုံးဝ ကောင်းမွန်နေပါသည်။ ဟဲယဲ့တည်းခိုခန်း၏ အဝင်ဝတွင် သူလဲကျသွားရသည့် အကြောင်းရင်းမှာ စနစ်၏အကူအညီဖြင့် ဖန်တီးထားသော ခြေထောက်နှစ်ချောင်းနှင့် လုံးဝအသားမကျသေးခြင်းကြောင့်သာဖြစ်၏။ လက်တံရှစ်ခုရှိသော ရေဘဝဲမိစ္ဆာနှင့်မတူဘဲ သူသည် တစ်ခါမှ မတ်တပ်ရပ်ပြီး လမ်းမလျှောက်ဖူးပါချေ။ သူသည် သူ၏ခြေထောက်များကို ဝေခွဲမရစွာ ကြည့်နေမိပြီး တစ်လှမ်းချင်းစီကို ဂရုတစိုက် လှမ်းကြည့်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် အရှိန်ပြင်းပြင်းဖြင့် လဲကျသွားခဲ့ရသည်။

သူဘာမှ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် လီရှီ နှင့် ဧည့်ကြိုများမှာ သူ့ကို ဝှီးချဲပေါ်သို့ တွဲတင်ပေးလိုက်ကြသည်။ သူသည် လီရှီ၏ မေးခွန်းများကို မဖြေနိုင်ခဲ့သလို စကားမှားသွားမှာကိုလည်း ကြောက်ရွံ့နေမိ၏။ ထို့ကြောင့် တိတ်ဆိတ်စွာသာ နေနေမိခြင်းမှာ လီရှီကို သူခေါင်းထိသွားပြီဟု အထင်မှားသွားစေခဲ့ခြင်းဖြစ်သည်။ ယခုအခါ စုဟယ်မှာ သူမ၏ အထောက်အထားကို ပြောပြပြီး သူ၏အမည်ကို ခေါ်လိုက်မှသာ သူသည် ခေါင်းမော့ကာ တုံ့ပြန်ရဲတော့သည်။ စုဟယ်သည် စိတ်ထက်သန်နေသော လီရှီကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး သူ့ကို သူမ၏ ရုံးခန်းအတွင်းသို့ တွန်းပို့လာခဲ့၏။ ရုံးခန်းထဲတွင် ရေဘဝဲမိစ္ဆာသည် ဗီဒီယိုကို အားတက်သရော ဆက်ကြည့်နေဆဲ ဖြစ်သည်။ စုဟယ် ရောက်လာသည်ကို မြင်သည်နှင့် သူသည် ချက်ချင်းပင် ဖားယားသော အမူအရာကို ဖမ်းလိုက်ပြီး ပြောလိုက်၏။

"ဘုရင်မလေး၊ ကျွန်တော် ဗီဒီယိုနှစ်ခု ကြည့်ပြီးသွားပါပြီ"

ရေဘဝဲမိစ္ဆာ၏ မျက်လုံးများမှာ ဝှီးချဲပေါ်တွင် ထိုင်နေသော သူ့ထံသို့ ရောက်ရှိသွားသည်။ သူ၏ ကျယ်ပြန့်သော နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ရာ ရင်းနှီးနေသော သမုဒ္ဒရာ၏ အနံ့အသက်ကို ရလိုက်၏။ ယခုအချိန်တွင် ရေသူထီးထံ၌ ငါးအမြီးမရှိတော့သော်လည်း ရေဘဝဲမိစ္ဆာမှာမူ သူ့ကိုဟဲယဲ့တည်းခိုခန်းသို့ ခေါ်ဆောင်လာခဲ့သည့် ထိုငါးမှန်း ချက်ချင်းမှတ်မိသွားသည်။ ထို့ကြောင့် သူသည်လည်း ဖားယားသော အပြုံးတစ်ခုကိုပြလိုက်သည်။ သို့သော် ရေသူထီးသည် သူ့ကို မြင်လိုက်ရသည့်အခါ တွန့်ခနဲဖြစ်သွားပြီး ဝှီးချဲနောက်မှီသို့ ကပ်သွားမိ၏။ ဝှီးချဲပေါ်တွင် ထိုင်နေသော ရေသူထီးသည် စနစ်တကျ ထုဆစ်ထားသော အနုပညာလက်ရာတစ်ခုကဲ့သို့ပင်။

သူ့ခန္ဓာကိုယ်မှာ အလွန်နုနယ်လှသဖြင့် လေတစ်ချက်တိုက်ရုံနှင့် လွင့်ထွက်သွားတော့မည့်အတိုင်း ရှိနေပြီး နက်မှောင်သော သူ့အပြာရောင်မျက်လုံးများတွင် လွမ်းမောဖွယ် အရိပ်အယောင်များ ပြည့်နှက်နေသည်။ ရေမှော်ပင်များကဲ့သို့ ရှည်လျားသော သူ၏ ဆံနွယ်များမှာနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေပေါ်သို့ အသာအယာ ကျရောက်နေပြီး သူ့ကို အနည်းငယ် ဖျားနာနေသူကဲ့သို့ ထင်မှတ်စေ၏။ သူ၏ မေးစေ့မှ ညှပ်ရိုးအထိ ရှည်လျားသော အမာရွတ်တစ်ခု ရှိနေသော်လည်း ထိုအမာရွတ်မှာ သူ့ကို ရုပ်ဆိုးသွားစေခြင်း မရှိဘဲ ဆန့်ကျင်ဘက်အားဖြင့် ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းနေကာ သူ့ကို ပို၍ နုနယ်သွားစေပြီး တစ်ပါးသူ၏ သနားမှုကို ခံချင်စရာ ဖြစ်စေသည်။ အနည်းငယ် ကြောက်လန့်နေသော သူ့ကို ကြည့်ပြီး စုဟယ် ရေဘဝဲမိစ္ဆာကို မပြောဘဲ မနေနိုင်တော့ချေ။

"သူ့ကို မခြောက်ပါနဲ့၊ သူ ကြောက်နေတယ်"

ရေဘဝဲမိစ္ဆာသည် သူ့လက်တံလေးခုလုံးကိုမြှောက်ပြကာ သူ့တွင်အပြစ်မရှိကြောင်း ပြသလိုက်သည်။ သူသည် သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာပေးခဲ့သည့် ရေသူထီးကို အမှန်တကယ်ပင် ကျေးဇူးတင်ချင်ရုံသာ ဖြစ်သည်။

"မတရားလိုက်တာ ဘုရင်မလေးရယ်"

စုဟယ်သည် နာကျင်ခံစားနေရသော အမူအရာဖမ်းနေသည့် ရေဘဝဲမိစ္ဆာကို လျစ်လျူရှုကာ ရေသူထီးရှေ့တွင် တစ်ဝက်ခန့် ထိုင်ချလိုက်ပြီး မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

"ငါက ဟဲယဲ့တည်းခိုခန်းရဲ့ ပိုင်ရှင်ပါ၊ အခုဆိုရင် နင်ကလည်း ဒီတည်းခိုခန်းရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်သွားပြီ၊ နင် ဘာမဆို ငါ့ကို ပြောပြနိုင်ပါတယ်၊ မကြောက်ပါနဲ့"

သူ တိတ်တဆိတ်ခေါင်းညိတ်ပြသည်။ စုဟယ်သည် သူ့ကို ခေတ်သစ်လူ့အဖွဲ့အစည်း၏ အခြေခံဗဟုသုတများကို ရှင်းပြပေး၏။ သူ့မျက်နှာတွင် ဝေခွဲမရသော အရိပ်အယောင်လေး တစ်ချက် ပေါ်လာတိုင်း သူမသည် ချက်ချင်းပင် စကားပြောနှုန်းကို လျှော့လိုက်ပြီး ထပ်မံ၍ အသေးစိတ်ရှင်းပြပေးသည်။ အနီးအနားတွင် ဗီဒီယိုကြည့်နေသော ရေဘဝဲမိစ္ဆာသည်လည်း အနားသို့ တဖြည်းဖြည်းကပ်လာကာ ခေါင်းညိတ်ပြီး နားထောင်နေသည်။

ဘုရင်မလေး၏ရှင်းပြချက်မှာ ဗီဒီယိုထက် အများကြီး ပိုရှင်းလင်းသည်ဟု သူ တွေးမိသည်။ သို့သော်လည်း ဘုရင်မလေးမှာ သူ့ကိုကျတော့ ဘာလို့ တိုက်ရိုက်မရှင်းပြဘဲ ဗီဒီယိုပဲကြည့်ခိုင်းရသလဲဆိုတာကို တွေးမရဖြစ်နေ၏။ ဘုရင်မလေး သူ့ကိုမုန်းလို့တော့ သေချာပေါက် မဟုတ်လောက်ပါဘူး၊ ဒါဆို ဘာကြောင့်များလဲ။ စဉ်းစားမရသည့်အဆုံး ရေဘဝဲမိစ္ဆာသည် သူ့လက်တံနှစ်ခုကို အထုံးလေးတစ်ခုအဖြစ် ချည်ထားလိုက်မိသည်။ စုဟယ်မှာ တစ်စိတ်တစ်ပိုင်း ရှင်းပြပြီးသွားသည့်အခါ ရေဘဝဲမိစ္ဆာသည် အလွန်ပါးနပ်စွာဖြင့် စားပွဲပေါ်ရှိ ခွက်တစ်ခုကို လက်တံဖြင့် လှမ်းယူကာ သူမထံကမ်းပေးလိုက်၏။ သူသည် ဘုရင်မလေး၏ ချီးကျူးမှုကို မျှော်လင့်နေသော်လည်း စုဟယ်မှာမူ တိကျစွာပြောလိုက်သည်။

"ရေဘဝဲ၊ နင့်ရဲ့ လက်တံတွေကိုသေချာဝှက်ထားတတ်အောင် လေ့ကျင့်ရမယ်၊ ဧည့်သည်တွေရှေ့မှာ ဒါတွေကို လုံးဝ အထွက်မခံနဲ့"

သို့သော် ရေဘဝဲမိစ္ဆာမှာ ထိုစကားကို ဂရုမစိုက်ချေ။ သူ့အတွက် အရေးကြီးဆုံးအချက်ကိုသာ ဆုပ်ကိုင်လိုက်သည်။

"အမည်ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရင်မလေး"

နဂါးနန်းတော်မှ အဆင့်နိမ့် မိစ္ဆာတစ်ကောင်အနေဖြင့် ရေဘဝဲမိစ္ဆာတွင် အမည်နာမ မရှိခဲ့ချေ။ နဂါးမင်းသားများနှင့် မင်းသမီးများကို ရင်ဆိုင်ရသည့်အခါ သူသည် မိမိကိုယ်ကိုယ် "မိစ္ဆာငယ်" ဟုသာ ခေါ်ဆိုရပြီး အမည်ပြောစရာ မလိုခဲ့ပေ။ ထို့အပြင် နဂါးနန်းတော်တွင် ရေဘဝဲမှာ တစ်ကောင်တည်း ရှိသည်မဟုတ်ရာ ရေဘဝဲ ဆိုသည်မှာလည်း သူ့အတွက် သီးသန့်အမည် မဟုတ်ခဲ့ချေ။ အနည်းငယ် စိတ်လှုပ်ရှားနေသော ရေဘဝဲကို ကြည့်ပြီး စုဟယ်သည် သူမ၏ နှာခေါင်းကို တို့လိုက်ကာ လေသံကို အနည်းငယ် ပျော့ပြောင်းလိုက်သည်။

"ကောင်းပြီလေ၊ နင့်ကို ကျန်းယွီလို့ခေါ်မယ်၊ ယွီ ဆိုတာက နှစ်စဉ်နှစ်တိုင်း ပိုလျှံခြင်းထဲက ယွီ ပဲ"

စုဟယ်သည် စက္ကူတစ်ရွက်ကိုယူကာ ကျန်းယွီ၏အမည်ကို ရေးချလိုက်သည်။ ဤအချက်မှာ ရေဘဝဲမိစ္ဆာကို အလွန်ပင် ပျော်ရွှင်သွားစေသဖြင့် သူ့လက်တံများကို ပြန်ရုပ်သိမ်းရန် မေ့သွားကာ လေထဲတွင် ဝမ်းသာအားရ ကခုန်နေမိ၏။ သုံးလေးစက္ကန့်ခန့် ကြာမှ သူသည် စိတ်လွတ်သွားသည်ကို သတိပြုမိပြီး ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ လက်တံများကို ပြန်ရုပ်လိုက်သည်။ ထို့နောက် တတွတ်တွတ် ရွတ်ဆိုနေတော့သည်။

"ကျန်းယွီ ကျန်းယွီ"

သူ၏တုံးအအနှင့် ပျော်ရွှင်နေသော အမူအရာကို ကြည့်ပြီး စုဟယ်သည် နောင်တွင် ဤခိုးဝင်လာသူလေးအပေါ် ပိုသည်းခံပေးရမည်ဟု ခံစားလိုက်ရသည်။ သူမအကြည့်မှာ ရေသူထီးထံသို့ လည်ပြန်ရောက်သွား၏။ နုနယ်လှပသော ရေသူထီးသည် အမြဲတမ်းပင် တစ်ပါးသူ၏ သနားမှုကို နှိုးဆွနေတတ်သည်။ သူမသည် စကားပြောသည့်အခါ မသိစိတ်ကပင် လေသံကို ပို၍ ညင်သာလိုက်မိသည်။

"နင့်မှာ တခြားမေးစရာ ရှိသေးလား"

သူသည် ပထမဆုံးအကြိမ် စကားပြောလာသည်။ သူ့အသံမှာ ထူးထူးခြားခြားပင် အက်ရှနေပြီး ဓားဖြင့် လှီးဖြတ်နေသည့်အတိုင်း ခံစားရစေ၏။ ထိုအက်ရှရှအသံသည် သံချေးတက်နေသော ဓားတစ်လက်မှ လေထုကို ဖြည်းဖြည်းချင်း ဖြတ်တောက်နေသကဲ့သို့ ဖြစ်ပြီး ပွတ်တိုက်မှုတိုင်းတွင် နားမခံသာသော အသံကို ထွက်ပေါ်စေသည်။ သို့သော်လည်း ထိုကြမ်းတမ်းသော အသံကြားတွင် တစ်ခါတစ်ရံ၌ နူးညံ့မှုလေးတစ်ခု ထွက်ပေါ်လာတတ်ရာ ထိုအသံ၏ ဆန့်ကျင်ဘက်ဖြစ်နေမှုမှာ ထူးဆန်းသလို ဆွဲဆောင်မှုလည်း ရှိလှသည်။

"ကျွန်တော်၊ ဒီတည်းခိုခန်းမှာ ဘာလုပ်ရမလဲဆိုတာ မသိဘူး"

သူ မေးလိုက်ပြီးနောက် မျက်လွှာချလိုက်သည်။ သူ့လက်များမှာ သူ၏ မေးစေ့နှင့် ညှပ်ရိုးပေါ်ရှိ အမာရွတ်ကို ပွတ်သပ်နေမိ၏။ စနစ်သည် သူနှင့် စာချုပ်ချုပ်ဆိုထားခဲ့သည်။ သူသည် ကြယ်သုံးပွင့်ဇာတ်ကောင်ဖြစ်လာမှသာ လွတ်လပ်ခွင့်ရရှိမည်ဖြစ်ပြီး ကြယ်သုံးပွင့်အထိ အဆင့်မြှင့်တင်နိုင်ရန်အတွက် သူသည် တည်းခိုခန်းတွင် အလုပ်လုပ်ရမည် ဖြစ်သည်။ ဒါပေမဲ့ သူဘာလုပ်နိုင်မှာလဲ။ သူသည် မိမိကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးတစ်ခုပြုံးလိုက်မိ၏။ ရေသူထီးမျိုးနွယ်များအနေဖြင့် လူသားများမှာ သူတို့ကိုနတ်ဘုရားများ၏ ကောင်းချီးပေးခြင်း ခံရသော မျိုးနွယ်စုဟု အမြဲပြောလေ့ရှိကြသည်။ သူတို့၏ မျက်နှာများမှာ ပင်လယ်ထဲရှိ သန္တာကျောက်တန်းများကဲ့သို့ သပ်ရပ်လှပပြီး ထက်မြက်ကာ ကျော့ရှင်းကြသည်။ သူတို့၏မျက်ရည်များသည်လည်း ဝိုင်းစက်သော ပုလဲများအဖြစ်သို့ ပြောင်းလဲနိုင်ပြီး ပုလဲတစ်လုံးစီမှာ အလွန်တန်ဖိုးကြီးလှသည်။

ရေသူထီးများတွင် ဆွဲဆောင်မှုရှိသော အသံများရှိကြပြီး အချိုမြိန်ဆုံးသော ပင်လယ်သီချင်းများကို သီဆိုနိုင်ကြသည်။ သူတို့အသံများမှာ သာယာနာပျော်ဖွယ်ရှိပြီး လူသားများကို စွဲလန်းစေနိုင်၏။ ထိုအသံမှာ ရေသူထီးများ အမဲလိုက်ရာတွင် အသုံးပြုသော လက်နက်ဖြစ်သည်။ သူတို့၏ဆွဲဆောင်မှုရှိသော သီချင်းသံများမှာ ပင်လယ်ထဲရှိ ငါးများကို မိန်းမောသွားစေနိုင်ပြီး အလွယ်တကူ ဖမ်းဆီးနိုင်စေသည်။ ရေသူမများမှာမူ ပိုဖျတ်လတ်ကြသည်။ သူတို့သည် ပါးလွှာပြီး ကြည်လင်သော ရေသူပိုးထည် များကို ရက်ကန်းခတ်နိုင်ကြသည်။ ထိုအထည်မှာ ပင်လယ်ရေမြှုပ်များကဲ့သို့ ပေါ့ပါးပြီး အလင်းပေါက်စေ၏။ အမျိုးသားများမှာ အမဲလိုက်ပြီး အမျိုးသမီးများမှာ ပိုးထည်ရက်ကာ ရေသူများသည် မိမိကိုယ်ကိုယ် ဖူလုံသောဘဝဖြင့် နေထိုင်ခဲ့ကြသည်။

သို့သော်လည်း နတ်ဘုရား၏ ကောင်းချီးပေးမှုနောက်တွင် မနာလိုမှုများမှာ အမြဲကပ်ပါလာတတ်သည်။ လူသားများသည် ရေသူတို့၏အဆီကို အမြဲတမ်းလောင်ကျွမ်းနေသော ဆီမီးအိမ်များ ပြုလုပ်ရန် အသုံးပြုနိုင်ကြောင်း ရှာဖွေတွေ့ရှိသွားကြ၏။ သူတို့အဆီကို လောင်ကျွမ်းစေသည့်အခါ မငြိမ်းသတ်နိုင်သော အလင်းတန်းများကို ထုတ်လွှတ်နိုင်သဖြင့် နက်ရှိုင်းသော ပင်လယ်ပြင်တွင် မီးပြတိုက်များအဖြစ် အသုံးပြုကာ လမ်းပျောက်နေသော သင်္ဘောများကို လမ်းပြပေးနိုင်ပြီး မှောင်မိုက်မှုအတွင်းရှိ သတ္တဝါများအတွက်အလင်းရောင်ကို ယူဆောင်ပေးနိုင်သည်။ ဤအံ့ဖွယ်စွမ်းရည်မှာ လူသားတို့၏ လောဘနှင့် မနာလိုမှုကို သဘာဝအတိုင်း ဆွဲဆောင်ခဲ့၏။

အေးချမ်းသော သမုဒ္ဒရာသည် လှုပ်ခတ်လာခဲ့သည်။ လောဘကြီးသော လူသားများသည် သူတို့၏ ခြေရာများကို နေရာအနှံ့တွင် စတင်ရှာဖွေလာကြ၏။ သင်္ဘောများလွှတ်ကာ လက်နက်များ ကိုင်ဆောင်ပြီး ပင်လယ်ပြင်၏ ထောင့်အသီးသီးသို့ တိုးဝင်လာကြသည်။ ရေသူများကို ဖမ်းဆီးရန်နှင့် သူတို့၏ တန်ဖိုးရှိသော အဆီများကို သိမ်းပိုက်ရန်အတွက်သာ ဖြစ်၏။ ရေသူမများသည် သူတို့ ချစ်မြတ်နိုးသော ရေပြင်ကို စွန့်ခွာခဲ့ရပြီး ဖမ်းဆီးခံကာ ခြောက်သွေ့ပြီး မရင်းနှီးသော ကုန်းမြေပေါ်သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ သူတို့သည် နေ့ရောညပါ ရေသူပိုးထည်များကို ရက်ကန်းခတ်ရန် အတင်းအကျပ် ခိုင်းစေခြင်း ခံရသည်။ တစ်ချိန်က သူတို့၏ ဝါသနာဖြစ်ခဲ့သော အလုပ်မှာ ယခုအခါ သူတို့ဒုက္ခများ ဖြစ်လာခဲ့၏။ ပင်လယ်ရေထဲတွင် ကျော့ရှင်းစွာ ကခုန်ခဲ့သော သူတို့လက်များမှာ ယခုအခါ ကြမ်းတမ်းသော ရက်ကန်းစင်ပေါ်တွင် စက်ရုပ်ကဲ့သို့ လှုပ်ရှားမှုများကိုသာ ထပ်ခါတလဲလဲ လုပ်နေရတော့သည်။

သူတို့မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှုနှင့် ဝမ်းနည်းမှုများပြည့်နှက်နေပြီး ရက်ကန်းခတ်မှုတိုင်းတွင် သူတို့မျက်ရည်များနှင့် ဝိညာဉ်များကို ထည့်သွင်းရက်လုပ်နေရသကဲ့သို့ပင် ဖြစ်သည်။ လူသားများသည် ရေသူထီးများ၏ ဆွဲဆောင်မှုရှိသော သီချင်းသံများကို ကြောက်ရွံ့ကြသဖြင့် သူတို့လည်ချောင်းများကို လှီးဖြတ်လိုက်ကြပြီး ပုလဲများထွက်ပေါ်လာစေရန် သေးငယ်ပြီး မှောင်မိုက်သော သံလှောင်အိမ်များထဲတွင် ပိတ်လှောင်ထားကြ၏။ အကယ်၍ တစ်နေ့လျှင် ပုလဲတစ်အိတ်စာခန့်ထွက်အောင် မငိုနိုင်ပါလျှင် သူတို့သည် နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားရမည်ဖြစ်သည်။ ရေသူမများသည် ပိုးထည်မရက်နိုင်တော့သည့်အခါ သို့မဟုတ် ပုလဲမထွက်နိုင်တော့သည့်အခါတွင်မူ သူတို့အတွက် စောင့်ကြိုနေသည်မှာ အရေခွံခွာခံရပြီး အဆီများ ထုတ်ယူခံရကာ အမြဲတမ်းလောင်ကျွမ်းနေသော ဆီမီးအိမ်များအဖြစ် အဆုံးသတ်သွားရခြင်းသာ ဖြစ်သည်။ အတိတ်ကို ပြန်တွေးမိတိုင်း သူသည် မသိစိတ်မှပင် တုန်ရင်မိ၏။ သူသည် ဟဲယဲ့တည်းခိုခန်းတွင် ဘာလုပ်ရမည်နည်း။

မှတ်ချက် - အမှန်တကယ်တွင် ရေသူများ၏ဘဝမှာ ပို၍ပင် သနားစရာကောင်းလှသည်။ ထိုက်ဖျင်ကွမ်ကျိ ကျမ်းတွင် မှတ်တမ်းတင်ထားသည်မှာ "ပင်လယ်ရေသူမများအားလုံးသည် လှပသောအမျိုးသမီးများ ဖြစ်ကြပြီး၊ သူတို့၏ အင်္ဂါအစိတ်အပိုင်းများမှာ လူသားအမျိုးသား၊ အမျိုးသမီးများနှင့် မခြားနားချေ။ ပင်လယ်နားတွင် နေထိုင်သော လူပျိုကြီးများနှင့် မုဆိုးမများသည် သူတို့အား ဖမ်းဆီးကာ ရေကန်များထဲတွင် မွေးမြူထားတတ်ကြသည်။ အတူတကွ နေထိုင်သည့်အခါ လူသားများနှင့်မခြားနားဘဲ လူကိုလည်း ဘေးဥပဒ်မပေးတတ်ကြချေ”

All Chapters