အခန်း (၁၃၃-၁၃၅)
Vol. 9 Ch. 133-135
အခန်း (၁၃၃)
ပထမဧကရာဇ်၏ တရားဓမ္မနှင့် ဘိုးဘေးနဂါး လျှို့ဝှက်ချက်
မဟာချင်ဧကရာဇ်၏ ဝိညာဉ်ထံမှ ပြင်းထန်ပြီး မလျှော့သောစတမ်း တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဒုတိယအချက်ကတော့... ငါကိုယ်တော်ကိုယ်တိုင် စစ်ချီမထွက်ခင်ကတည်းက ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားခဲ့လို့ပဲ။ ငါကိုယ်တော်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အမြင့်ဆုံးအချိန်ရဲ့ ရာခိုင်နှုန်းတစ်ပုံတောင် မရှိခဲ့ဘူး၊ ဒါမှသာ အဲဒီ ပဒေသရာဇ်ဘုရင်ဆိုတဲ့ ကောင်လေးက ငါကိုယ်တော်နဲ့ သုံးရက်သုံးည တိုက်နိုင်တာ။ မဟုတ်ရင်တော့... သူ့လိုကောင်မျိုးကို သုံးကွက်အတွင်းမှာတင် ငါကိုယ်တော် အပြတ်ရှင်းနိုင်တယ်”
ချူရွှမ်သည် ဤစကားကို လုံးဝမသံသယဝင်မိချေ။ ဘာပဲဖြစ်ဖြစ် မဟာချင်ဧကရာဇ်သည် သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးသော ဧကရာဇ်အဖြစ် တစ်လောကလုံးက အသိအမှတ်ပြုထားရုံတင်မကဘဲ၊ ပို၍အရေးကြီးသည်မှာ သူသည် တစ်ချိန်က ဤကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်သည်။ ဤသည်မှာလည်း နောက်ပိုင်းတွင် ပဒေသရာဇ်ဘုရင်သည် ပထမဧကရာဇ်နှင့် သုံးရက်သုံးည တိုက်ခိုက်ပြီးနောက် ကမ္ဘာကျော်သွားခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်သည်။
သို့သော် ယခုကြည့်ရသည်မှာ... ဤသမိုင်းကြောင်း၏ နောက်ကွယ်တွင် တုန်လှုပ်စရာကောင်းသော လျှို့ဝှက်ချက်တစ်ခု ရှိနေပုံရသည်။ ပထမဧကရာဇ်မင်းမြတ်သည် ပဒေသရာဇ်ဘုရင်နှင့် မတိုက်ခိုက်မီကတည်းက ပြင်းထန်သော ဒဏ်ရာများ ရရှိထားခဲ့သည်လား။ ဤသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။ ထိုအချိန်က ပထမဧကရာဇ်သည် ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံးသူ ဖြစ်နေပြီဖြစ်ပြီး၊ သူ၏ဘေးတွင် နတ်အဆင့် ကျွမ်းကျင်သူများ၊ မဟာပညာရှင် အစောင့်အရှောက်များစွာ ရှိနေခဲ့သည်။ ဤမျှအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးမှာ မည်သို့ကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ရသနည်း၊ စာအုပ်များတွင်လည်း မှတ်တမ်းတင်ထားခြင်း မရှိသလို ဒဏ္ဍာရီတစ်ခုမျှပင် မကျန်ရစ်ခဲ့ချေ။
“ဧကရာဇ်မင်းမြတ်...” ချူရွှမ်သည် မော့ကြည့်လိုက်ပြီး မဟာချင်ဧကရာဇ်၏ ဝိညာဉ်ကို သိလိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေမိသည်။ သူသည် အမှန်တရားကို သိလိုသော်လည်း ဘယ်ကနေ စမေးရမှန်း မသိချေ။ အကြောင်းမှာ ‘ကောင်းကင်နယ်ပယ်’ ဆိုသည်မှာ သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့်ပင်။
ပထမဧကရာဇ်သည် ရှင်းပြခြင်းမပြုဘဲ ချူရွှမ်ကို နက်ရှိုင်းစွာ ကြည့်ကာ ပြောလိုက်သည်။
“လူငယ်လေး... မောင်မင်းမှာ မေးခွန်းတွေ အများကြီး ရှိနေမှန်း ငါကိုယ်တော်သိပါတယ်။ ဒါပေမဲ့ အချို့သောအရာတွေကို အများကြီး သိထားတာက မောင်မင်းအတွက် အကျိုးမရှိဘဲ အန္တရာယ်ပဲ ဖြစ်စေလိမ့်မယ်။”
“မောင်မင်း သိထားရမှာက မဟာပညာရှင်အဆင့်ရဲ့ အထက်မှာ ကောင်းကင်နယ်ပယ် ရှိတယ်ဆိုတာပဲ ပြီးတော့ ကွပ်မျက်သူဖြစ်တဲ့ မောင်မင်းအတွက်... မောင်မင်းရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်ပြီး ခန္ဓာသန့်စင်ခြင်း မဟာပညာရှင်အဆင့်ကို ကျိုးဖောက်ဖို့ သော့ချက်က ဝိညာဉ်ကို စုစည်းဖို့ပဲ။”
“ကောင်းကင်ဓားမက မောင်မင်းကို ရွေးချယ်ခဲ့ကတည်းက မောင်မင်းဟာ သူအလိုရှိတဲ့ ဆက်ခံသူဖြစ်ကြောင်း သက်သေပြနေပြီ၊ ပိုပြီးတော့ ငါကိုယ်တော်တို့ လူသားမျိုးနွယ်စုတွေ မိစ္ဆာတွေကို တကယ်ပဲ အနိုင်ယူနိုင်မလားဆိုတဲ့ သော့ချက်ပဲ၊ ကောင်းကင်ဓားမက မောင်မင်းကို ဒီလောက်အထိ ကူညီပေးဖို့ ဆန္ဒရှိနေတာတောင်... ငါကိုယ်တော်က မဟာချင်ပြည်ထောင်ရဲ့ အုပ်ချုပ်သူ၊ လူသားတွေရဲ့ ဧကရာဇ်တစ်ပါးအနေနဲ့ ဘယ်လိုလုပ် ကပ်စေးနှဲနေမှာလဲ၊ အခု အဆင်သင့်ပြင်ထားတော့... မောင်မင်းကို ငါကိုယ်တော် အခွင့်အရေးကြီးတစ်ခု ပေးမယ်။ အဲဒါကို မောင်မင်းဆုပ်ကိုင်နိုင်မလားဆိုတာကတော့ မောင်မင်းရဲ့ စိတ်ဆန္ဒနဲ့ ပါရမီပေါ်မှာပဲ မူတည်လိမ့်မယ်၊ လူငယ်လေး”
သူသည် ချူရွှမ်ကို ငြင်းပယ်ရန် အခွင့်အရေးမပေးခဲ့ချေ။ ပထမဧကရာဇ်၏ ဝိညာဉ်သည် ရုတ်တရက် လက်တစ်ဖက်ကို မြှောက်ကာ ချူရွှမ်၏ နဖူးကို ညွှန်ပြလိုက်သည်။
မြန်ဆန်လွန်းလှသည်မှာ မဟာပညာရှင်အဆင့်ရှိသော ချူရွှမ်ပင်လျှင် မတုံ့ပြန်နိုင်ခဲ့ချေ။ သူသည် သူ၏ဝိညာဉ်ထဲမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ အသိစိတ်မှာ ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏ ဝိညာဉ်မျိုးစေ့မှာလည်း ပျက်စီးလုနီးပါး ဖြစ်သွားသည်။
ထိုအချိန်တွင် ပထမဧကရာဇ်၏ အသံက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။ “စိတ်နဲ့ ဝိညာဉ်ကို တည်ငြိမ်အောင် ထားပြီး... ငါကိုယ်တော် မောင်မင်းကို ပေးအပ်မယ့် ‘ဘိုးဘေးနဂါးကျင့်စဉ်’ ကို နားလည်အောင် ကြိုးစားစမ်း”
ဘာ... ဘိုးဘေးနဂါးကျင့်စဉ် ဟုတ်လား။
ချူရွှမ်၏ အသိစိတ်မှာ ဟိန်းဟောက်သွားပြီး သူ၏ စိတ်ထဲသို့ အလွန်နက်ရှိုင်းသော သတင်းအချက်အလက်များစွာ အဆက်မပြတ် စီးဝင်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ မဟာချင်ပြည်ထောင်၏ အစွမ်းထက်ဆုံးသော ကျင့်စဉ် ဖြစ်သည်။ ပထမဧကရာဇ်၏ ဘိုးဘေးနဂါးကျင့်စဉ်
ဒဏ္ဍာရီများအရ ပထမဧကရာဇ်သည် ဤဘိုးဘေးနဂါးကျင့်စဉ်ကို အားကိုးကာ တစ်လောကလုံးကို သိမ်းပိုက်ခဲ့ပြီး၊ နိုင်ငံအားလုံးကို ဝါးမြိုကာ ထာဝရမော်ကွန်းဝင်မည့် အောင်မြင်မှုများကို ထူထောင်ပြီး သမိုင်းတွင် ပထမဆုံးသော ပထမဧကရာဇ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤဘိုးဘေးနဂါးကျင့်စဉ်ကို ကမ္ဘာပေါ်ရှိ ကိုယ်ခံပညာရှင် အားလုံးက နံပါတ်တစ် အစွမ်းထက်ဆုံး ကျင့်စဉ်အဖြစ် သတ်မှတ်ထားကြသည်။ ၎င်း၏ အစွမ်းမှာ 'နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်' ထက်ပင် များစွာ သာလွန်သည်။
သမိုင်းတစ်လျှောက်တွင် မဟာချင် တော်ဝင်မျိုးနွယ်စုများသာ ၎င်းကို ကျင့်ကြံနိုင်ခဲ့ပြီး၊ ၎င်းကို နက်ရှိုင်းသော အဆင့်အထိ ကျင့်ကြံနိုင်သူမှာ မဟာချင်ဧကရာဇ်ကိုယ်တိုင်သာ ရှိခဲ့သည်။ သို့သော် ဆန်းကြယ်သည်မှာ... ဘိုးဘေးနဂါးကျင့်စဉ်၏ ကြီးမားလှသော ကျော်ကြားမှုရှိသော်လည်း ပထမဧကရာဇ် ကွယ်လွန်ပြီးကတည်းက တော်ဝင်မျိုးနွယ်စုထဲမှ မည်သူမျှ ၎င်း၏ ဂုဏ်ဒြပ်ကို ပြန်လည်မဖော်ဆောင်နိုင်ခဲ့ကြချေ။ သူတို့သည် ပထမဧကရာဇ်ကဲ့သို့ မဟာချင်ပြည်ထောင်၏ မိုင်ပေါင်းသန်းချီသော နယ်မြေကို တစ်ကိုယ်တည်း မဖိနှိပ်နိုင်ခဲ့ကြဘဲ မိစ္ဆာများနှင့် ကျရှုံးသွားသော နိုင်ငံများမှ အကြွင်းအကျန်များကိုသာ သမရိုးကျ ထိန်းချုပ်နိုင်ခဲ့ကြသည်။
အကယ်၍ နောက်ပိုင်းတွင် နဂါးဖြူမြစ်ဘေး၌ ပထမဧကရာဇ်နှင့် တိုက်ခိုက်ခဲ့သော ပဒေသရာဇ်ဘုရင် ပေါ်မလာခဲ့ပါက... ချူရွှမ်သည် ယနေ့ခေတ်တွင် မိစ္ဆာကိုယ်ခံပညာရှင်များနှင့် ကျရှုံးသွားသော နိုင်ငံများမှ အကြွင်းအကျန်များ ရှိနေသေးမလားဆိုသည်ကိုပင် သံသယဝင်မိပေလိမ့်မည်။
ယခုမူ ပထမဧကရာဇ်သည် ဤမျှ ကြောက်စရာကောင်းသော ကျင့်စဉ်ကို သူ့အား ပေးအပ်ခဲ့သည်။ ချူရွှမ်သည် အလွန်အံ့ဩသွားသဖြင့် စကားပင်မပြောနိုင်တော့ချေ။ သို့သော် သူ၏ အသိစိတ်နှင့် ဝိညာဉ်ထဲမှ ပြင်းထန်သော ဆွဲဖြဲခံရသည့် နာကျင်မှုကြောင့် ချူရွှမ်အနေဖြင့် ထပ်မံစဉ်းစားရန် အချိန်မရှိတော့ဘဲ သူ၏ အသိစိတ်ထဲတွင် ပေါ်လာသော စာလုံးများကို အသည်းအသန် စတင်နားလည်အောင် ကြိုးစားတော့သည်။
ပထမဧကရာဇ်၏ ဝိညာဉ်အကြည့်မှာ ချူရွှမ်ပေါ်တွင် တည်ရှိနေသည်။ “ဘိုးဘေးနဂါးကျင့်စဉ်ကို ကျင့်ကြံဖို့ဆိုရင် အလွန်ကြီးမားတဲ့ နာကျင်မှုနဲ့ ဒုက္ခတွေကို သည်းခံရမယ်။ အဲဒီလို နာကျင်မှုက ဝိညာဉ်ကို တိုက်ရိုက်သက်ရောက်တာပဲ။ အကယ်၍ အဲဒါကို မခံနိုင်ရင် မအောင်မြင်နိုင်ဘူး။ အတင်းအကျပ် ကျင့်ကြံရင်တောင် အပေါ်ယံပဲ ရလိမ့်မယ်၊ ဘိုးဘေးနဂါးကျင့်စဉ်ရဲ့ တကယ့် အစွမ်းကို ထုတ်ဖော်ဖို့ ခက်ခဲလိမ့်မယ်”
“အဲဒီတုန်းက ငါကိုယ်တော်ရဲ့ သားတော် တစ်ဆယ့်ရှစ်ပါးနဲ့ သမီးတော် ခုနစ်ပါးထဲမှာ သုံးယောက်ပဲ အတင်းအကျပ် ကျင့်ကြံနိုင်ခဲ့ပြီး ဘယ်သူမှ ကြီးမားတဲ့ အောင်မြင်မှု မရခဲ့ကြဘူး...”
ဤသည်မှာ မဟာချင် တော်ဝင်မျိုးနွယ်စု၏ ဝမ်းနည်းစရာပင် ဖြစ်သည်။ သူတို့တွင် အစွမ်းထက်သော နတ်ဘုရားစွမ်းရည် ရှိသော်လည်း ကျင့်ကြံရန် အလွန်ခက်ခဲလှသည်။ ထို့ပြင် ပထမဧကရာဇ်သည် သူကွယ်လွန်ပြီးပါက တော်ဝင်မျိုးနွယ်စုအတွင်း ကျန်ရစ်ခဲ့သော ဘိုးဘေးနဂါးကျင့်စဉ်မှာ အားနည်းသွားနိုင် သို့မဟုတ် မပြည့်စုံဘဲ ဖြစ်သွားနိုင်သည်ကို ကောင်းစွာသိသည်။ ထို့ကြောင့် ဘေးကင်းစေရန်အတွက် သူသည် မြို့စောင့်အကျဉ်းထောင်ဌာနတွင် အရန်အစီအစဉ်တစ်ခု ချန်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် ပထမဧကရာဇ်၏ အမိန့်တော်ဖြင့် ဝင်ရောက်လာသူများကို အဆက်မပြတ် စမ်းသပ်ခဲ့ပြီး ဘိုးဘေးနဂါးကျင့်စဉ်အတွက် တကယ့်ကို သင့်တော်သော ဆက်ခံသူတစ်ဦးကို ရှာဖွေရန် မျှော်လင့်ခဲ့သည်။
နှမြောစရာကောင်းသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပါရမီရှင်များစွာသည် မြို့စောင့်အကျဉ်းထောင်ဌာန၏ ဘိုးဘေးနယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ကြသော်လည်း ဤဝိညာဉ်နန်းတော်အတွင်းသို့ တရားဝင် ဝင်ရောက်ကာ သူ၏ဝိညာဉ်နှင့် စကားပြောနိုင်သူမှာ နှစ်ယောက်သာ ရှိခဲ့သည်။
“မူလကတော့... အဲဒီ ပဒေသရာဇ်ဘုရင်ဆိုတဲ့ ကောင်လေးက ငါကိုယ်တော်ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ အသင့်တော်ဆုံးပဲ။ နှမြောစရာကောင်းတာက အဲဒီကောင်လေးက ပြင်းထန်တဲ့ စရိုက်ရှိပြီး သေရင်သေပါစေ အရှုံးမပေးတတ်ဘူး၊ တကယ့်ကို မဟာယွဲ့ တော်ဝင်မျိုးနွယ်စုတွေလိုပဲ။ ဒါတင်မကသေးဘူး... ငါကိုယ်တော်နဲ့ တိုက်ခိုက်နေတုန်း အဲဒီကောင်လေးက သူ့ရဲ့ သက်စောင့်စွမ်းအားကိုပါ မီးရှို့ပစ်ခဲ့လို့ ငါကိုယ်တော်လည်း သူ့ကို မကယ်တင်နိုင်ခဲ့ဘူး။ ပြီးတော့ ပဒေသရာဇ်ဘုရင်ရဲ့ ပုန်ကန်မှုက ရုတ်တရက် ဖြစ်လွန်းလို့ ငါကိုယ်တော် သံသယဝင်ခဲ့ရတယ်...”
“နောက်တော့ ကောင်းကင်ဓားမကလည်း ငါကိုယ်တော်ရဲ့အမွေကို ဆက်ခံနိုင်ခဲ့တယ်၊ ဒါပေမဲ့ နှမြောစရာကတော့ ဒီလူဟာ ငါကိုယ်တော် ဒါမှမဟုတ် ပဒေသရာဇ်ဘုရင်ထက် မနည်းတဲ့ ပါရမီရှိခဲ့ပေမဲ့ ကွပ်မျက်သူရဲ့ သေမင်းတမန် လမ်းစဉ်ကို စောစောစီးစီး လျှောက်လှမ်းခဲ့မိတယ်။ သူရဲ့ ကိုယ်ခံပညာလမ်းကြောင်းက အခြေခံအားဖြင့် ပြတ်တောက်သွားခဲ့လို့ ဘိုးဘေးနဂါးကျင့်စဉ်ကို ကျင့်ကြံဖို့ ခက်ခဲသွားခဲ့တာ။”
“အခုတော့... ချူရွှမ်ဆိုတဲ့ ဒီကောင်လေးပဲ ကျန်တော့တယ်။ နှမြောစရာကောင်းတာက သူ့ရဲ့ ပါရမီက ပဒေသရာဇ်ဘုရင်လောက်မကောင်းဘူး၊ သူ့ရဲ့ ထက်မြက်မှုကလည်း ကောင်းကင်ဓားမလောက် မရှိဘူး။ သူရဲ့ ဝိညာဉ်စိတ်စွမ်းအားတစ်ခုပဲ တကယ်ကို အံ့ဩစရာကောင်းအောင် ခိုင်မာနေတာ။ သူ ဘိုးဘေးနဂါးကျင့်စဉ်ကို အောင်မြင်အောင် ကျင့်နိုင်မလားတော့ မသိဘူး”
ပထမဧကရာဇ်၏ ဝိညာဉ်သည် ချူရွှမ်ကို စိုက်ကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ အထူးသဖြင့် အမွှေးတိုင်တစ်တိုင်စာ အချိန်ကြာမြင့်ပြီးနောက်တွင်ပင် ချူရွှမ်၏ မျက်နှာအမူအရာမှာ အလွန်နာကျင်နေဆဲ ဖြစ်သည်ကို မြင်ရသောအခါ ပထမဧကရာဇ်၏ မျက်ဝန်းများမှာ မှေးမှိန်သွားခဲ့သည်။ သူသည် လက်ကိုမြှောက်ကာ ချူရွှမ်၏ ကျင့်ကြံခြင်းကို တားဆီးရန် ပြင်လိုက်သည်။
နဂါးဟိန်းသံ
ဟူး...
ရုတ်တရက် ချူရွှမ်၏ ပါးစပ်မှ နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် ချူရွှမ်၏ ခန္ဓာကိုယ်မှ ရွှေရောင်နဂါးအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ချူရွှမ်၏ အသိစိတ်တစ်ခုလုံးမှာ ဤအခိုက်အတန့်တွင် ငါးရောင်ခြယ် ရွှေရောင်နဂါးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် ခေါင်းကိုမော့ကာ ဟိန်းဟောက်လျက် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
ရုတ်တရက် နဂါးလက်သည်းတစ်ဖက်က ပြင်းထန်စွာ ရိုက်ချလိုက်ရာ သူ၏နှလုံးသားထဲမှ နာကျင်မှုများကို ဖွင့်ချလိုက်သည့်အလား... ပထမဧကရာဇ်ကို ဝန်းရံထားသော ဝိညာဉ်နန်းတော်ကြီးမှာ ချက်ချင်းပင် သက်ရောက်မှု ခံလိုက်ရပြီး အပိုင်းပိုင်းအစစ ပြိုကွဲသွားခဲ့တော့သည်။
ထို့နောက် ရွှေရောင်နဂါးအဖြစ် ပြောင်းလဲသွားသော ချူရွှမ်၏ အသိစိတ်သည် သဘာဝအလျောက် ပါးစပ်ကို အကျယ်ကြီးဖွင့်ကာ... ပြိုကွဲသွားသော နန်းတော်အလင်းတန်း အပိုင်းအစအားလုံးကို တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်လိုက်တော့သည်။
ပထမဧကရာဇ်၏ ဝိညာဉ်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒေါသထွက်မသွားသည့်အပြင် သူ၏မျက်ဝန်းများမှ ရွှေရောင်နဂါးအလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
“ကောင်းတယ် ဒီကလေးရဲ့ ပါရမီက မလုံလောက်ပေမဲ့... သူ့ရဲ့ ဝိညာဉ်စိတ်စွမ်းအားကတော့ တကယ့်ကို ထူးခြားလှတယ်။ ကောင်းကင်ဓားမက သူ့ကို ရွေးချယ်ခဲ့တာ မဆန်းပါဘူး တချို့အချိန်တွေမှာ ကျင့်ကြံခြင်းဆိုတာ ပါရမီပေါ်မှာ မမူတည်ဘူး၊ ဇွဲလုံ့လနဲ့ မလျှော့တဲ့ စိတ်ဓာတ်ပေါ်မှာပဲ မူတည်တာ”
ဤဇွဲလုံ့လနှင့် စိတ်ဓာတ်ကို အားကိုးကာ... ချူရွှမ်သည် ဘိုးဘေးနဂါးကျင့်စဉ်ကို နားလည်သွားရုံတင်မကဘဲ ထိုနေရာတွင်တင် ချက်ချင်း အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ မည်မျှ ကြောက်စရာကောင်းသော စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးနည်း။
ဤဘိုးဘေးနဂါးကျင့်စဉ်ကို ကျင့်ကြံချိန်တွင် ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ မည်မျှအထိ ပြင်းထန်စွာ နာကျင်ရသည်ကို ပထမဧကရာဇ်ထက် ပိုသိသူမရှိချေ။ အတိတ်တုန်းက သူကိုယ်တိုင် ဤနတ်ဘုရားစွမ်းရည်ကို ကျင့်ကြံစဉ်ကပင် နာကျင်လွန်းလှသဖြင့် အကြိမ်ကြိမ် လက်လျှော့ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ဤကောင်လေးကမူ တစ်ကြိမ်တည်းဖြင့် အောင်မြင်သွားခဲ့သည်လား။
ပထမဧကရာဇ်၏ နှလုံးသားထဲတွင် ခံစားချက်များစွာဖြင့် ပြည့်နှက်သွားခဲ့သည်။ “ငါကိုယ်တော် တကယ်ပဲ အားကျရမလား၊ မနာလိုဖြစ်ရမလား မသိတော့ဘူး။ ငါကိုယ်တော်ရဲ့ သားမြေးတွေသာ ဒီကလေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု တစ်ဝက်လောက် ရှိခဲ့ရင်...”
ရုတ်တရက်... ပထမဧကရာဇ်၏ ဝိညာဉ်သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရတော့သည်။
အခန်း (၁၃၄)
အရာရှိချူ... ငါ စောင့်နေရတာ ကြာပြီ
“ချူရွှမ်... မောင်မင်း ဆင်းလာခဲ့လို့ ရပြီ။”
ပထမဧကရာဇ်၏ မြင့်မြတ်သောဝိညာဉ်သည် လက်တစ်ဖက်ကို ညင်သာစွာ မြှောက်လိုက်သည်။
ထိုအခါ ချူရွှမ်သည် မိမိပြောင်းလဲထားသော ငါးရောင်ခြယ် ရွှေရောင်နဂါး အသိစိတ်ပေါ်သို့ မဟာတောင်ကြီးတစ်လုံး ဖိချလာသကဲ့သို့ အလွန်ပြင်းထန်လှသော ဖိအားကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ချက်ချင်းပင် လွင့်စင်ကျသွားခဲ့တော့သည်။ ဤသည်မှာ ဝိညာဉ်မျိုးစေ့နှင့် ပြည့်စုံသော မြင့်မြတ်သောဝိညာဉ်တို့ကြားရှိ ကွာဟချက်ပင် ဖြစ်သည်။ ချူရွှမ်၏ မလျှော့သော ဇွဲလုံ့လရှိသော်ငြားလည်း ဤမျှကြီးမားသော စွမ်းအားကို မခုခံနိုင်ချေ။
ကံကောင်းသည်မှာ ချူရွှမ်သည် ဘိုးဘေးနဂါးကျင့်စဉ်ကို ကျင့်ကြံအောင်မြင်ခါစ ဖြစ်သဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေခြင်းသာ ဖြစ်သည်။ ယခုအခါ စိတ်ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်ရာ ချူရွှမ်သည် ပထမဧကရာဇ်ထံသို့ ချက်ချင်း လက်အုပ်ချီ ဦးညွှတ်လျက် ရိုးသားစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ “ဧကရာဇ်မင်းမြတ်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်အတွက် ကျွန်တော်မျိုး လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည် ဘုရား။”
“ကျေးဇူးတင်စရာ မလိုပါဘူး။ ငါကိုယ်တော်ရဲ့ အမိန့်တော်စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သူ ဘယ်သူ့ကိုမဆို ငါကိုယ်တော်က ဒီအခွင့်အရေးကို ပေးအပ်တာပဲ၊ အခြားမရှိဘူး။ ဒါကို မောင်မင်း ဆုပ်ကိုင်နိုင်မလားဆိုတာကတော့ မောင်မင်းတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာပေါ်မှာပဲ မူတည်လိမ့်မယ်။”
“ဒါ့အပြင်... ငါကိုယ်တော်က ဘိုးဘေးနဂါးကျင့်စဉ်အတွက် အသင့်တော်ဆုံး ဆက်ခံသူကို ရှာဖွေချင်တာ မှန်ပေမဲ့၊ ဒီပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းရည်ဟာ ငါကိုယ်တော်ရဲ့ တိုင်းပြည်တည်ထောင်ခဲ့တဲ့ အခြေခံအုတ်မြစ်ပဲ။ ဒါကြောင့် ငါ မောင်မင်းရဲ့ ဝိညာဉ်ပေါ်မှာ ‘ဘိုးဘေးနဂါးချိပ်တံဆိပ်’ ကို ထားခဲ့ပြီ၊ အကယ်၍ မောင်မင်းသာ ဒီဘိုးဘေးနဂါးကျင့်စဉ်ကို အပြင်လူထံ ပေါက်ကြားအောင် လုပ်ရင် ဒါမှမဟုတ် လက်ဆင့်ကမ်းရင်... ဒီတံဆိပ်တော်က ပေါက်ကွဲပြီး မောင်မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ပြာအဖြစ် ပြောင်းလဲပစ်လိမ့်မယ်”
“မောင်မင်း ပြည့်စုံတဲ့ ဝိညာဉ်ကို စုစည်းနိုင်တဲ့ အချိန်ကျမှသာ ဒီတံဆိပ်တော်က ပျယ်ပျက်သွားမှာ ဖြစ်တယ်။”
“အော်... မေ့တော့မလို့၊ မောင်မင်းက ဒီတံဆိပ်တော်ကို အမြန်ဖျက်ချင်လို့ ဆိုပြီး ဝိညာဉ်ကို ရူးသွပ်စွာ ကျင့်ကြံဖို့ လုံးဝမကြိုးစားနဲ့။ မှတ်ထားပါ... ဘိုးဘေးနဂါးကျင့်စဉ်ကို သုံးပြီး ‘နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ် ကိုးခု’ ကို တစ်ပေါင်းတည်း မပေါင်းစပ်နိုင်မချင်း... ဝိညာဉ်ကို လောဘတကြီး မစုစည်းနဲ့”
“နောက်ဆုံးအနေနဲ့... ပထမဧကရာဇ်ရဲ့ လျှို့ဝှက်သေတမ်းစာကို ဒီနေရာမှာ သိမ်းဆည်းထားတယ်။ မောင်မင်း စိတ်ဝင်စားရင် ယူသွားနိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာအောင် စိတ်မချဘဲ ကျန်ရစ်ခဲ့ရတာ... ငါကိုယ်တော်လည်း တကယ်ကို ပင်ပန်းနေပါပြီ... နောက်နောင် မဟာချင်ပြည်ထောင်ကြီးရဲ့ အနာဂတ်ကို... မောင်မင်းဆီပဲ အပ်နှံခဲ့တော့မယ်...”
နှမြောတောင့်တမှုများစွာဖြင့်... ပထမဧကရာဇ်၏ ဝိညာဉ်သည် ရုတ်တရက် အရှိန်အဟုန်ဖြင့် စတင်မှေးမှိန်သွားခဲ့သည်။
ဘိုးဘေးနဂါးကျင့်စဉ်ကို နားလည်ပြီးနောက်တွင် ချူရွှမ်သည် ပထမဧကရာဇ်၏ ဝိညာဉ် ဤနေရာတွင် ကျန်ရစ်ခဲ့ရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဤကျင့်စဉ်အတွက် အသင့်တော်ဆုံး ဆက်ခံသူကို ရှာဖွေရန် ဖြစ်ကြောင်း ကောင်းစွာ သိရှိသွားခဲ့သည်။ ဆက်ခံသူကို ရှာတွေ့ပြီ ဖြစ်ရာ ပထမဧကရာဇ်၏ ဝိညာဉ်သည်လည်း လုံးဝဥဿုံ ကွယ်ပျောက်သွားရတော့မည် ဖြစ်သည်။
ချူရွှမ်၏ နှလုံးသားထဲတွင် ဖော်ပြမတတ်သော ဝမ်းနည်းမှုတစ်ခု အကြောင်းရင်းမရှိဘဲ ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် သူ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး လက်အုပ်ချီလျက် အလေးအနက် ဦးညွှတ်လိုက်တော့သည်။ “မဟာချင်ပြည်ရဲ့ အဆင့် ၅ တရားစီရင်ရေး အရာရှိ ကွပ်မျက်သူ ချူရွှမ်... ဧကရာဇ်မင်းမြတ်ကို ရိုသေစွာဖြင့် လိုက်ပါပို့ဆောင်ပါတယ် ဘုရား”
ပထမဧကရာဇ်၏ ဝိညာဉ်သည် ပို၍ မှေးမှိန်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဝေဝါးသွားခဲ့ကာ... သူ၏ မျက်နှာပေါ်တွင်မူ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသော အပြုံးတစ်ခုသာ ကျန်ရစ်ခဲ့သည်။
နောက်ဆုံးတွင်တော့... ပထမဧကရာဇ်၏ ဝိညာဉ်သည် စီနီယာ ကောင်းကင်ဓားမ၏ ကျန်ရစ်ခဲ့သော စိတ်အာရုံကဲ့သို့ပင် လေထုထဲတွင် လွင့်ပျောက်ကွယ်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် ရွှေဝါရောင် ပိုးထည်ဖြင့် ပြုလုပ်ထားသော သေတ္တာတစ်လုံးသည် ချူရွှမ်၏ ရှေ့သို့ ကျရောက်လာခဲ့သည်။ ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ ပထမဧကရာဇ်၏ လျှို့ဝှက်သေတမ်းစာ ရှိနေသည်ကို တွေ့ရသည်။ ချူရွှမ်သည် သိလိုစိတ်ဖြင့် ၎င်းကို ဖွင့်ဖတ်လိုက်ရာ... သူ၏မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားခဲ့ရတော့သည်။
“ဒါ... ဒါ... ဒါက တကယ်ပဲ...”
သူသည် တကယ်ကို နှစ်ပေါင်းထောင်ချီအတွင်း အကြီးမြတ်ဆုံးသော ဧကရာဇ် ဖြစ်ပြီး ဤကမ္ဘာပေါ်တွင် ‘ကောင်းကင်နယ်ပယ်’ သို့ ကျိုးဖောက်နိုင်ခဲ့သည့် တစ်ခုတည်းသော ဖြစ်တည်မှုပင် ဖြစ်သည်။ ပထမဧကရာဇ်နှင့် ယှဉ်လိုက်လျှင် မဟာချင်ပြည်၏ အခြားသော ဧကရာဇ်များမှာ အိမ်မွေးခွေးများနှင့်သာ တူတော့သည်။
“စီနီယာ ကောင်းကင်ဓားမက ဒီနေရာကို ရောက်ပြီးတဲ့နောက် ဘာလို့ နှုတ်ဆိတ်နေခဲ့တာလဲဆိုတာ အခုမှ ငါ တကယ်ပဲ သဘောပေါက်သွားတော့တယ်။ ပထမဧကရာဇ်ရဲ့ ဝိညာဉ်နဲ့ ဘိုးဘေးနဂါးကျင့်စဉ်ကို ထားလိုက်ဦး... ဒီသေတမ်းစာထဲက အကြောင်းအရာတွေသာ အပြင်ကို ပေါက်ကြားသွားရင် တစ်လောကလုံးကို တုန်လှုပ်ခြောက်ခြားသွားစေဖို့ လုံလောက်တယ်”
သို့သော်လည်း ချူရွှမ်သည် ထိုသေတမ်းစာကို သူ၏ ဘယ်ဘက်လက်မောင်းပေါ်ရှိ သွေးမြွေနဂါးတက်တူးအတွင်း အလိုအလျောက် ထည့်သွင်းလိုက်ရာ... ဆန်းကြယ်စွာဖြင့် အမှန်တကယ်ပင် အောင်မြင်စွာ သိမ်းဆည်းနိုင်ခဲ့သည်။
“ရှောင်ပိုင်ရဲ့ စွမ်းရည်ကို ငါ တကယ်ပဲ အထင်သေးခဲ့မိတာပဲ။” ချူရွှမ် အံ့ဩတကြီး ရေရွတ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်နေရာလပ်ကြီး ပြိုကျလာသည်ကို ကြည့်ရင်း... ခဏအကြာတွင် သူ၏ အသိစိတ်မှာ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားပြီး လုံးဝ နိုးကြားလာခဲ့သည်။ သူ၏ ရှေ့တွင် မြင်တွေ့နေရသည်မှာ... ဧရာမ သင်္ချိုင်းကြီးနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားရုပ်တုကြီး ဖြစ်သည်။
မလှမ်းမကမ်းတွင် ဝမ်ရှန့်သည် တဖြည်းဖြန်း ပျောက်ကွယ်သွားနေသော ပထမဧကရာဇ်၏ အမိန့်တော်ကို ကြည့်ကာ မှင်တက်နေခဲ့သည်။ ဘာတွေဖြစ်နေတာလဲ ငါက မင်းကို စမ်းသပ်မှု ခံယူဖို့ပဲ ခေါ်လာတာပါ၊ အမိန့်တော်ကြီးကို ဖျက်ဆီးပစ်ဖို့ ခေါ်လာတာ မဟုတ်ဘူးလေ၊ ဝမ်ရှန့် ချက်ချင်းပင် စိုးရိမ်ပူပန်သွားခဲ့သည်။
အကယ်၍ အပြင်မှာ စောင့်ကြပ်နေကြတဲ့ စီနီယာ အဖိုးကြီးတွေ သိသွားရင်... သူတို့ မတ်တတ်ဝင်လာပြီး လှဲလျက် ပြန်ထွက်သွားရလိမ့်မည် မဟုတ်ပါလား။ ဝမ်ရှန့် အလျင်အမြန် ရှေ့သို့ ပြေးသွားပြီး မေးမြန်းလိုက်သည်။ “ချူရွှမ်... မင်း ပထမဧကရာဇ်ရဲ့ အမိန့်တော်စမ်းသပ်မှုကို အောင်မြင်ခဲ့တာလား”
“ထောင်မှူးကြီး... ကျွန်တော် အောင်မြင်ခဲ့ပါတယ်” ချူရွှမ်သည် ဝမ်ရှန့်အပေါ် ဖုံးကွယ်ထားခြင်း မရှိချေ။
ဝမ်ရှန့်က အလျင်အမြန် ထပ်မံမေးမြန်းလိုက်သည်။ “ဒါဆိုရင် ပထမဧကရာဇ်ရဲ့ အမိန့်တော် ပျောက်ကွယ်သွားတာကလည်း မင်းကြောင့်ပဲပေါ့”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ၊ ပထမဧကရာဇ်က သူ ပင်ပန်းနေပြီလို့ ပြောပြီး ပျောက်ကွယ်သွားတာပါ” ချူရွှမ်သည် ဘိုးဘေးနဂါးကျင့်စဉ်နှင့် လျှို့ဝှက်သေတမ်းစာ အကြောင်းကိုမူ ဘယ်တော့မှ ဝန်ခံမည် မဟုတ်ချေ။ ၎င်းတို့ထဲမှ တစ်ခုခု ပေါက်ကြားသွားပါက သူ၏ အသက် ဘေးအန္တရာယ် ကြုံရနိုင်သောကြောင့်ပင်။
ဤစကားကို ကြားလိုက်ရသောအခါ ဝမ်ရှန့်မှာ ပိုမို၍ ထိတ်လန့်သွားပြီး ဦးရေပြားများပင် ထုံကျင်လာခဲ့ရသည်။ “မင်း ဘာပြောလိုက်တယ် မင်း တကယ်ပဲ ပထမဧကရာဇ်နဲ့ တွေ့ဆုံခဲ့ရုံတင်မကဘူး၊ အရှင်ဧကရာဇ်နဲ့ စကားပါ ပြောခဲ့တယ် ဟုတ်လား”
ဒီကလေးက ဘယ်လို မိစ္ဆာကောင်မျိုးလဲ။
ဝမ်ရှန့်ကိုယ်တိုင်လည်း ပထမဧကရာဇ်၏ အမိန့်တော်စမ်းသပ်မှုကို ခံယူခဲ့ဖူးသော်လည်း နန်းတော်တံခါးဝကိုပင် ခြေမလှမ်းနိုင်ခဲ့ချေ၊ အရှင်ဧကရာဇ်ကိုယ်တိုင်နှင့် တွေ့ဆုံဖို့ဆိုသည်မှာ ဝေးစွ။ လူအချင်းချင်း ယှဉ်လိုက်လျှင် တကယ်ကို ဒေါသထွက်စရာပင်။ ဝမ်ရှန့်သည် မည်မျှပင် သဘောထားကြီးသူ ဖြစ်ပါစေ၊ သူ၏မျက်နှာတွင် မနာလိုမှုများ ပြင်းထန်စွာ ပေါ်လာရတော့သည်။ ၎င်းမှာ နှစ်ပေါင်းထောင်ချီအတွင်း အကြီးမြတ်ဆုံးသော ပထမဧကရာဇ် ဖြစ်သည် လူဘယ်နှစ်ယောက်မှာများ မင်းကြီးကို တစ်ကြိမ်မျှ တွေ့မြင်ခွင့်ရဖို့ အိပ်မက်မက်ပိုင်ခွင့်ပင် မရှိကြဘဲ နေခဲ့ရသနည်း။ သို့သော် ဤကောင်လေးကမူ ဘာမှမဖြစ်ခဲ့သလို တည်ငြိမ်နေဆဲ ဖြစ်သည်။
ဝမ်ရှန့် စကားမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ သို့သော် သူသည် ချူရွှမ်၏ စကားကို ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်က စီနီယာ ကောင်းကင်ဓားမ ကျင့်ကြံခြင်းမှ ထွက်လာစဉ်ကလည်း... သူသည် အတွင်း၌ ပထမဧကရာဇ်နှင့် တွေ့ဆုံခဲ့ကြောင်း ပြောပြခဲ့ဖူးပြီး၊ ဤသည်မှာ မြို့စောင့်အကျဉ်းထောင်ဌာန၏ အဆင့်မြင့် လျှို့ဝှက်ချက်တစ်ခု ဖြစ်ကာ လူအနည်းငယ်သာ သိရှိသောကြောင့်ပင်။ ဝမ်ရှန့်သည်လည်း လက်ယာအမတ်ချုပ် နှင့် အကျဉ်းထောင်မှူးချုပ်တို့နှင့် ထူးခြားသော ဆက်ဆံရေး ရှိသောကြောင့်သာ သိရှိခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် ချူရွှမ်ကို ရိုက်နှက်ချင်လောက်အောင် အားကျမနာလို ဖြစ်နေသော်လည်း... ဝမ်ရှန့်သည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် နောက်ဆုံးတော့ လှဲလျက် ပြန်ထွက်သွားရမည့် ဘေးမှ ကင်းဝေးသွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော်လည်း စောင့်ကြပ်နေသော အမိန့်တော်ကြီး ရုတ်တရက် ပျောက်ကွယ်သွားခြင်းကြောင့် မြို့စောင့်အကျဉ်းထောင်ဌာနမှ အဆင့်မြင့် အကြီးအကဲများ၏ ဒေါသကို ခံရမည်မှာ မလွဲဧကန်ပင်။ ဝမ်ရှန့်သည် ချူရွှမ်ကို ဆွဲခေါ်ကာ မြို့စောင့်အကျဉ်းထောင်ဌာန၏ ဘိုးဘေးနယ်မြေမှ အမြန်ဆုံး ထွက်ခွာခဲ့ကြတော့သည်။
ဤမြင်ကွင်းသည် မှောင်မိုက်သောနေရာမှ စောင့်ကြပ်နေကြသော မြို့စောင့်အကျဉ်းထောင်ဌာန၏ ကိုယ်ခံပညာရှင်ကြီးများကို အချင်းချင်း ကြည့်ကာ ဆွံ့အသွားစေခဲ့သည်။ “ဘာတွေဖြစ်နေတာလဲ ဒီကလေးနှစ်ယောက်က ဘာဒဏ်ရာမှမရဘဲ ထွက်လာတာဆိုတော့ စမ်းသပ်မှုကို အောင်မြင်ခဲ့တာပဲ နေမှာ။ ဒါပေမဲ့ သူတို့က ဘာလို့ ထွက်ပြေးနေကြတာလဲ၊ ငါတို့က သူတို့ကို ရိုက်နှက်မှာကျနေတာပဲ”
“အလို... သွားပါပြီ၊ အဲဒီ ချူဆိုတဲ့ ကောင်လေးက တစ်ခေါက်ဝင်သွားတာနဲ့ ပထမဧကရာဇ်ရဲ့ အမိန့်တော်ကြီးကို ပျောက်ကွယ်သွားအောင် လုပ်လိုက်တာပဲ” ကိုယ်ခံပညာရှင်ကြီးတစ်ဦး ဘိုးဘေးနယ်မြေအတွင်း ဝင်ကြည့်လိုက်ပြီးနောက် ထိုနေရာတွင်တင် သွေးအန်မတတ် ဖြစ်သွားခဲ့ရသည်။
နှမြောစရာကောင်းသည်မှာ ချူရွှမ်နှင့် ဝမ်ရှန့်တို့က မြန်လွန်းလှသဖြင့် အပြင်က အစောင့်အရှောက်များ ဒေါသထွက်ပြီး ကျန်ရစ်ခဲ့ရုံသာ ရှိတော့သည်။ သူတို့သာ ကြိုတင်သိရှိပါက ထိုကလေးကို တားဆီးပြီး ကောင်းကောင်း ဆုံးမလိုက်ပေလိမ့်မည်။ သူတို့သည် ထိုအမိန့်တော်ကြီးကို နှစ်ပေါင်းရာချီတိုင်အောင် စောင့်ရှောက်ခဲ့ကြရခြင်း မဟုတ်ပါလား။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ရသည်။ သို့သော်လည်း ဤမြို့စောင့်အကျဉ်းထောင်ဌာန အကြီးအကဲများသည် ချူရွှမ်က ခိုးယူသွားခဲ့သည်ဟု မသံသယဝင်ကြချေ။ အဘယ်ကြောင့်ဆိုသော် အမိန့်တော် ပျောက်ကွယ်သွားခြင်းအတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေသာ ရှိသောကြောင့်ပင်။
“ဒီကလေးက ပထမဧကရာဇ်ရဲ့ အမိန့်တော်ထဲမှာ ကျန်ရစ်ခဲ့တဲ့ အံ့ဖွယ်အခွင့်အရေးကို တကယ်ပဲ ရသွားတာလား”
“မဖြစ်နိုင်တာ အဲဒီထဲက အခွင့်အရေးကို ရဖို့အတွက် ငါတို့ မြို့စောင့်အကျဉ်းထောင်ဌာနနဲ့ မဟာချင် တော်ဝင်မျိုးနွယ်စုတွေက နှစ်ပေါင်းရာချီအတွင်း လူပေါင်းများစွာကို စေလွှတ်ခဲ့ပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး။ သူလို သာမန် ကွပ်မျက်သူတစ်ယောက်က...”
“ကွပ်မျက်သူ ဖြစ်တော့ ဘာဖြစ်လဲ၊ ငါတို့ မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ ဒဏ္ဍာရီလာ စီနီယာ ကောင်းကင်ဓားမကရော ကွပ်မျက်သူ မဟုတ်ဘူးလား၊ ကွပ်မျက်သူ လမ်းစဉ်ဆိုတာ တကယ်ကို ကြောက်စရာကောင်းတယ်လို့ပဲ ပြောရမယ်” မြို့စောင့်အကျဉ်းထောင်ဌာန၏ အကြီးအကဲများ အုပ်စုသည် ရှုပ်ထွေးသော အမူအရာများဖြင့် ဆွေးနွေးနေကြတော့သည်။
တစ်ချိန်တည်းမှာပင်... ဘိုးဘေးနယ်မြေမှ ထွက်ခွာလာပြီး ဝမ်ရှန့်နှင့်အတူ ကောင်းကင်အကျဉ်းထောင်သို့ တစ်လမ်းလုံး ပြန်ပြေးလာခဲ့သော ချူရွှမ်သည် သက်ပြင်းချနိုင်ရုံမျှသာ ရှိသေးစဉ်... ကောင်းကင်အကျဉ်းထောင်အတွင်းမှ အလျင်စလို အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အရာရှိချူ ဘယ်မှာလဲ၊ ဒီမိန်းမစိုးအိုကြီး အမိန့်တော်ကို ပေးဖို့အတွက် သုံးလအပြည့်... သုံးလတိတိ စောင့်နေခဲ့ရတာ၊ နောက်ဆုံးတော့... ဒီကုန်းကုန်း နောက်ဆုံးတော့ မျှော်လင့်တကြီး စောင့်စားခဲ့ရပါပြီ...”
ကောင်းကင်အကျဉ်းထောင်အတွင်း၌...
မိန်းမစိုးအိုကြီး လျိုကျင်းသည် မျက်လုံးများ နီမြန်းလျက် ချူရွှမ်ကို ကြိုဆိုရန် အလုအယက် ပြေးထွက်လာခဲ့တော့သည်။ အခြားနည်းလမ်းမရှိပေ... မဟာချင်ပြည်ထောင်၏ ဥပဒေအရ အမိန့်တော်လာရောက် ထုတ်ပြန်သော မိန်းမစိုးသည် အမိန့်တော်ထုတ်ပြန်ခြင်း မပြီးမချင်း နန်းတော်သို့ ပြန်၍ မရနိုင်ချေ။ ကောင်းကင်အကျဉ်းထောင်အတွင်း၌လည်း အကျဉ်းခန်းများမှတစ်ပါး အခြားနားနေဆောင် မရှိသဖြင့် မိန်းမစိုးကြီး လျိုကျင်းမှာ အကျဉ်းခန်းထဲတွင်သာ တမျှော်မျှော် စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ... သူသည် အကျဉ်းထောင်ထဲတွင် သုံးလအပြည့် ပိတ်လှောင်ခံထားရသကဲ့သို့ ဖြစ်နေခဲ့ရသည်။
အခန်း (၁၃၅)
ကျန်းလုံ၊ ကျောက်ဟူ၊ ဝမ်ချောင်၊ မာဟန့်
ဤအခိုက်အတန့်တွင် ချူရွှမ်ကို ပြန်လည်မြင်တွေ့လိုက်ရသောအခါ မိန်းမစိုးအိုကြီး လျိုကျင်းသည် ဝမ်းသာအားရဖြစ်လွန်းသဖြင့် မျက်ရည်ပင် ဝဲလာခဲ့သည်။ ချူရွှမ် မတုံ့ပြန်နိုင်ခင်မှာပင် သူသည် မှိုပွင့်လုနီးပါး ဖြစ်နေသော ဧကရာဇ်အမိန့်တော်လိပ်ကို အလျင်စလို ဖြန့်လိုက်ပြီး “ကောင်းကင်ဘုံရဲ့ အလိုတော်အရ... ဧကရာဇ်မင်းမြတ် အမိန့်တော်ထုတ်ပြန်သည်...”
အမှန်တကယ်တွင် အမိန့်တော်၏ အသေးစိတ်အကြောင်းအရာများကို လမ်းခရီး၌ ဝမ်ရှန့်က ချူရွှမ်အား ပြောပြပြီးသား ဖြစ်သည်။ အဆင့် ၅ တရားစီရင်ရေး အရာရှိဆိုသည်မှာ မူလက ကွပ်မျက်သူများအတွက်သာ သီးသန့်ပေးအပ်သော ရာထူးတစ်ခု ဖြစ်သည်။ ချူရွှမ်သည် ဤလမ်းစဉ်သို့ လျှောက်လှမ်းခဲ့ပြီဖြစ်ရာ ဤရာထူးကို အနှေးနှင့်အမြန် လက်ခံရမည်သာ ဖြစ်သည်။
ထို့ပြင် မိစ္ဆာများနှင့် လူဆိုးများကိုသာ သတ်ပိုင်ခွင့်ရှိသော ကွပ်မျက်သူနှင့် မတူသည်မှာ... အရာရှိသည် အမှုအခင်းများကို ကြားနာစစ်ဆေးပိုင်ခွင့်နှင့် စီရင်ပိုင်ခွင့် အတိုင်းအတာတစ်ခုအထိ ရှိသဖြင့် အကျဉ်းထောင်မှူး၏ လုပ်ပိုင်ခွင့်များနှင့် ထပ်တူကျနေသကဲ့သို့ ရှိသည်။ သို့သော် သူတို့၏ တာဝန်ဝတ္တရားများမှာ လုံးဝ ကွဲပြားခြားနားသည်။
အကြောင်းမှာ အကျဉ်းထောင်မှူးသည် အမှုကို စီရင်ပြီး တစ်စုံတစ်ဦးကို သတ်ရန် ဆုံးဖြတ်ပြီးလျှင်ပင် တော်ဝင်နန်းတွင်းသို့ ခွင့်ပြုချက်တောင်းခံကာ တရားဝင်စာရွက်စာတမ်းများ ထုတ်ပြန်ရဆဲ ဖြစ်သည်။ သို့သော် တရားစီရင်ရေး အရာရှိမှာမူ အထောက်အထား တွေ့ရှိသည်နှင့်... တရားရုံးသို့ တင်ပြရန်မလိုဘဲ ‘အရင်ကွပ်မျက်ပြီးမှ နောက်မှအစီရင်ခံခွင့်’ အကြွင်းမဲ့ အခွင့်အာဏာ ရှိသည်။ လူများကို တိုက်ရိုက် သတ်ဖြတ်နိုင်ရုံတင်မကဘဲ မိမိထက် တစ်ဆင့်မြင့်သော အရာရှိများကိုပင် သာမန်လူလား၊ အရာရှိလား ခွဲခြားမနေဘဲ တိုက်ရိုက် ရှင်းလင်းပိုင်ခွင့် ရှိသည်။
“ဒါဆိုရင်... ထောင်မှူးကြီး ခင်ဗျားသာ ပြစ်မှုကျူးလွန်တာကို ကျွန်တော်တွေ့ရင် တရားစီရင်မနေဘဲ တိုက်ရိုက် သတ်ပစ်လို့ရတာပေါ့” ချူရွှမ်က ရဲရဲဝံ့ဝံ့ တွေးဆချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။
ဝမ်ရှန့်သည် မျက်ခုံးတစ်ချက်ပင့်ကာ ရက်စက်သောအပြုံးဖြင့် ရယ်မောလိုက်သည်။ “မင်း သတ္တိရှိရင် စမ်းကြည့်လို့ရတာပေါ့။”
“အာ... တော်ပါပြီဗျာ။” ချူရွှမ်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။
ကိုယ်ခံပညာတွင် မဟာပညာရှင်အဆင့်သို့ ကျိုးဖောက်ထားပြီး ဖြစ်ရာ... သူသည် ဝမ်ရှန့်၏ အရှိန်အဝါကို အာရုံမခံဘဲ ကြည့်ရုံမျှဖြင့် ဝမ်ရှန့်၏ တကယ့်တိုက်ခိုက်နိုင်စွမ်းမှာ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၏ နတ်အဆင့် အဋ္ဌမအလွှာ တွင် ရှိနေကြောင်း သိနိုင်သည်။ ‘နတ်အဆင့် စတုတ္ထအလွှာ’ ဆိုသည်မှာ လူများကို လှည့်စားရန် ညာထားခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လှသော ကောင်းကင်အကျဉ်းထောင်ထဲတွင် ဝမ်ရှန့်သည်လည်း အဆင့်အတန်းကို အလွန်အမင်း ဖုံးကွယ်ထားသော လှည့်စားမှုဘုရင်တစ်ပါး ဖြစ်သည်။ အခြား နတ်အဆင့် အကျဉ်းထောင်စောင့်များမှာ အလွန်ဆုံးရှိမှ အဆင့်ငယ်တစ်ခု သို့မဟုတ် နှစ်ခုသာ ဖုံးကွယ်ထားကြသော်လည်း... ဝမ်ရှန့်ကမူ အဆင့်ငယ် လေးခုတိတိကို အပြည့်အဝ ဖုံးကွယ်ထားခြင်း မဟုတ်ပါလား။
“ကျန်းလုံနဲ့ ကျောက်ဟူ ပြောလေ့ရှိတာ မဆန်းတော့ဘူး။ ထောင်မှူးကြီးကို ကလဲ့စားချေချင်တဲ့ မိစ္ဆာကိုယ်ခံပညာရှင်တွေ အမြဲတမ်း အကြောင်းရင်းမရှိဘဲ လျှို့ဝှက်သေဆုံးကုန်ကြတာ ဒီအတွက်ကြောင့်ကိုး။”
ချူရွှမ်သည် ခေါင်းခါလိုက်ပြီးနောက် နောက်ဆုံးတွင် အမိန့်တော်ကို လက်ခံလိုက်သည်။ အကျဉ်းထောင်စောင့်များစွာ၏ ဝမ်းသာအားရ အော်ဟစ်သံများနှင့်အတူ သူသည် ကောင်းကင်အကျဉ်းထောင်အတွင်းသို့ ဝင်ရောက်ခဲ့သည်။
ကျန်းလုံနှင့် ကျောက်ဟူတို့က ဝိုင်နှင့် အစားအသောက်များကို ပြင်ဆင်ပြီးသား ဖြစ်သည်။ တစ်နေ့လုံး အကျဉ်းထောင်စောင့်အားလုံး ဝိုင်သောက်၊ အသားစားကာ ပျော်ရွှင်ခဲ့ကြပြီး ထောင်ထဲမှ အကျဉ်းသားများပင် စားကြွင်းစားကျန်များကို ကောင်းကောင်း အဝစားခွင့် ရခဲ့ကြသည်။
သန်းခေါင်ယံအချိန်တွင် ချူရွှမ်သည် ယိမ်းထိုးလျက် မိမိ၏ နေအိမ်သို့ ပြန်လာခဲ့ရာ နေအိမ်၏ ဆိုင်းဘုတ်မှာပင် ‘ကွပ်မျက်သူအိမ်တော်’ မှ ‘ချူအိမ်တော်’ ဟု ပြောင်းလဲသွားသည်ကို တွေ့ရသည်။ ဤသည်မှာ ဤဧရာမ အိမ်တော်ကြီးသည် ယနေ့မှစ၍ ချူရွှမ်တစ်ဦးတည်းနှင့် အပြည့်အဝ သက်ဆိုင်သွားပြီဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။
မူလက ကျန်းလုံနှင့် ကျောက်ဟူတို့က အစေခံမိန်းကလေးအချို့ ရှာပေးရန် ကြံရွယ်ခဲ့ရာ ချူရွှမ်သည် ခဏမျှ စိတ်လှုပ်ရှားသွားသော်လည်း... နောက်ဆုံးတွင် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ သူ၏ကိုယ်တွင် လျှို့ဝှက်ချက်များလွန်းလှသဖြင့် အနည်းငယ် အမှားအယွင်းရှိပါက ပေါက်ကြားသွားနိုင်သောကြောင့်ပင်။
“ဥပမာအားဖြင့် ‘ဘိုးဘေးနဂါးကျင့်စဉ်’ ပေါ့။ ဒါဟာ ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းရည် ဖြစ်ရုံတင်မကဘဲ တခြားကျင့်စဉ်တွေကိုပါ ဝါးမြိုနိုင်တဲ့ ထူးခြားတဲ့ စွမ်းအားရှိတယ်။ ဝါးမြိုတဲ့ကျင့်စဉ်က ပိုသန်မာလေ၊ ဘိုးဘေးနဂါးကျင့်စဉ်က ပိုပြီး အစွမ်းထက်လေပဲ။ ‘နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်’ တွေကိုတောင် ဝါးမြိုပစ်နိုင်တယ်။ ဒါဟာ ပြိုင်ဘက်ကင်းကျင့်စဉ်ရဲ့ စွမ်းအားပဲ။”
“ဒါကြောင့်လည်း အတိတ်တုန်းက ပထမဧကရာဇ်က အရပ်ရှစ်မျက်နှာနဲ့ လောကတစ်ခုလုံးကို သိမ်းပိုက်ခဲ့တာပဲ။ ပထမအချက်က ကမ္ဘာကြီးကို တစ်စည်းတစ်လုံးတည်း ဖြစ်စေချင်လို့၊ ဒုတိယအချက်ကတော့... အစွမ်းထက်တဲ့ ကျင့်စဉ်အမျိုးမျိုးကို ဝါးမြိုပြီး ဘိုးဘေးနဂါးကျင့်စဉ်ကို မြှင့်တင်ဖို့အတွက်ပဲ”
“လောလောဆယ် ငါ့မှာရှိတဲ့ အစွမ်းထက်ဆုံး ကျင့်စဉ်က ‘သန့်စင်သောမီးလျှံကျင့်စဉ်’ ပဲ၊ အဲဒါကို အရင်ဆုံး ဝါးမြိုကြည့်ရအောင်...”
ဘုန်း
မှောင်မိုက်သော ညဉ့်နက်သန်းခေါင်တွင် တောက်ပလှသော ‘ကြာဖြူ သန့်စင်သောမီးလျှံ’ များသည် ချူရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာခဲ့ပြီးနောက် ထိုမီးတောက်များထဲမှ ရွှေရောင်နဂါးအရိပ်များ ထွက်ပေါ်လာခဲ့သည်။ အနီးအနားတွင် ကစားနေသော သွေးမြွေ ငွေနဂါး ရှောင်ပိုင်ပင် မှင်တက်သွားပြီး ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။
ရှောင်ပိုင်၏ ဘေးတွင်ရှိသော ‘နဂါးကိုးဖော် ဝိုင်’ အတွင်းမှ နဂါးဝိညာဉ်ကိုးကောင်မှာမူ ပို၍ပင် ထိတ်လန့်သွားကြပြီး ချူရွှမ်ထံသို့ တိုက်ရိုက် ဒူးထောက်အညံခံလိုက်ကြသည်။ ‘နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်’ မျှသာဖြစ်သော ကြာဖြူသန့်စင်သောမီးလျှံအကြောင်းမူ ပြောနေစရာပင် မလိုတော့ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ဤနတ်ဘုရားစွမ်းရည်သည် အပြည့်အဝ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။
သန့်စင်သောမီးလျှံကျင့်စဉ်၏ အမည်မှာပင် ‘ဘိုးဘေးနဂါး သန့်စင်သောမီးလျှံကျင့်စဉ်’ ဟု ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယနေ့မှစ၍ ချူရွှမ်သည် ဘိုးဘေးနဂါးကျင့်စဉ်ကို မြှင့်တင်နိုင်သရွေ့ သန့်စင်သောမီးလျှံကျင့်စဉ်မှာလည်း လိုက်ပါမြင့်မားလာမည်ဖြစ်ပြီး ၎င်းထုတ်ဖော်နိုင်သော အစွမ်းမှာ မူလကျင့်စဉ်ထက် နှစ်ဆမျှ ပိုမိုပြင်းထန်လိမ့်မည် ဖြစ်သည်။
“ဒါဟာ ငါ အခု မဟာပညာရှင်အဆင့် ပထမအလွှာမှာတင် မဟာပညာရှင်အဆင့် ဒုတိယအလွှာ နဲ့ ညီမျှတဲ့ တိုက်ခိုက်နိုင်စွမ်းကို ထုတ်ဖော်နိုင်တယ်လို့ ဆိုလိုတာပဲ။ ငါသာ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်တွေကို အလုံအလောက် ထပ်ပြီး ဝါးမြိုနိုင်ရင်... ပထမအလွှာ မှာတင် တတိယအလွှာ၊ စတုတ္ထအလွှာ ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ မဟာပညာရှင်တွေကိုပါ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးလား”
အစွမ်းထက်လွန်းသည်။ ဤဘိုးဘေးနဂါးကျင့်စဉ်က တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။ ဤသည်မှာ ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းရည် ဖြစ်သည်။ ချူရွှမ်သည် ထိုစဉ်က ပထမဧကရာဇ်ကို အဘယ်ကြောင့် ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံးသူဟု ခေါ်ဆိုခဲ့ကြသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
“ဒါတင်မကဘူး... မဟာယွဲ့တော်ဝင်မျိုးနွယ်စုမှာတင် နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ် ရှိတာမဟုတ်ဘူး။ လက်တွေ့မှာတော့ မြို့စောင့်အကျဉ်းထောင်ဌာန၊ မိစ္ဆာနှိမ်နင်းရေးဌာန၊ ပြီးတော့ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ တွေမှာလည်း ကိုယ်ပိုင် နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်တွေ ရှိကြတယ်။ နှမြောစရာကောင်းတာက အဲဒီကျင့်စဉ်တွေကို သင်ယူဖို့က အရမ်းခက်ခဲတာပဲ။”
ဥပမာအားဖြင့် မြို့စောင့်အကျဉ်းထောင်ဌာန၏ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ကို ကြည့်လျှင်... လမ်းခရီး၌ ဝမ်ရှန့် ပြောပြချက်အရ မြို့စောင့်အကျဉ်းထောင်ဌာန၏ ‘အကျဉ်းထောင်မှူးချုပ်’ အဆင့်ရှိသူများသာ ၎င်းကို ကျင့်ကြံခွင့် ရှိကြသည်။
“တစ်နည်းအားဖြင့် ပြောရရင်... မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ကို ရဖို့အတွက် ငါ အကျဉ်းထောင်မှူးချုပ် ဖြစ်လာရမယ်ပေါ့” ဤသို့တွေးမိသောအခါ ချူရွှမ် အနည်းငယ် စကားဆွံ့အသွားသည်။ အကျဉ်းထောင်မှူးချုပ် ရာထူးဆိုသည်မှာ ပါရမီရှိရုံမျှဖြင့် ထိုင်နိုင်သော နေရာမျိုး မဟုတ်ချေ။
“တစ်လှမ်းချင်းစီပဲ သွားရတော့မှာပဲ။ တော်ဝင်နန်းတွင်းရဲ့ နတ်ဘုရားစွမ်းရည်တွေကို စုဆောင်းဖို့ ခက်ခဲနေမှတော့... ကျဆုံးသွားတဲ့ နိုင်ငံတွေရဲ့ အကြွင်းအကျန်တွေနဲ့ မိစ္ဆာတွေဆီကနေပဲ မျှော်လင့်ရတော့မယ်။ ပြီးတော့ အရင်ဆုံး... ငါ သန့်စင်သောမီးလျှံကျင့်စဉ်ရဲ့ အပြည့်အစုံကို ရအောင်လုပ်ရမယ်။”
ချူရွှမ်သည် ကြာနီဂိုဏ်းချုပ်၏ အမည်ကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး အချိန်ရလျှင် ကြာနီဂိုဏ်းသို့ သွားရောက်လည်ပတ်ရန် ပြင်ဆင်လိုက်သည်။ အကြောင်းပြချက်အဖြစ်မူ... မဟာယွဲ့တော်ဝင်မျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် မိမိ၏ လက်အောက်ငယ်သားဟောင်းများထံ သွားရောက်ရန် အကြောင်းပြချက် ဘာလိုဦးမည်နည်း။
ယခုအခါတွင် ဘိုးဘေးနဂါးကျင့်စဉ်သည် ချူရွှမ် သိရှိထားသော သန့်စင်သောမီးလျှံကျင့်စဉ်ကို အပြည့်အဝ ဝါးမြိုပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ သန့်စင်သောမီးလျှံကျင့်စဉ်တင်မကဘဲ... ချူရွှမ် သင်ယူထားခဲ့သော ‘ယင်ကိုးပါးအရိုးဖြူလက်သည်း’၊ ‘အလောင်းကောင်မီးတောက်ကျင့်စဉ်’၊ ‘သတ်ဖြတ်ခြင်းခုနစ်ပါး လက်သီး’၊ ‘နတ် အရိုးကျုံ့ကျင့်စဉ်’ နှင့် ‘ရှစ်မျက်နှာသဲကန္တာရ ကျင့်စဉ်’ တို့ကိုပါ ဘိုးဘေးနဂါးကျင့်စဉ်က အကုန်လုံး ဝါးမြိုပစ်လိုက်သည်။
သို့သော် ဝါးမြိုခံလိုက်ရသော်လည်း ဆန်းကြယ်စွာဖြင့် ထိုကိုယ်ခံပညာများကို အသုံးပြုခြင်းနှင့် ကျင့်ကြံခြင်းအပေါ် မည်သို့မျှ သက်ရောက်မှု မရှိချေ။ ၎င်းတို့ကို ဘိုးဘေးနဂါးကျင့်စဉ်မှတစ်ဆင့် ထုတ်ဖော်လိုက်သောအခါ ပိုမို၍ အစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်လာခြင်းသာ ရှိတော့သည်။
ဆန်းပြားသည်မှာ... ချူရွှမ် သိထားသော မိစ္ဆာခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်နှင့် မိစ္ဆာဝိညာဉ်သန့်စင်ခြင်းကျင့်စဉ် တို့ကိုမူ ဝါးမြိုခြင်း မရှိချေ။ ချင်ထျန်းမိစ္ဆာဘုရင်ထံမှ လုယူခဲ့သော ‘လေနှင့်မိုးကြိုးအတောင်ပံ’ သည်လည်း ထိုနည်းအတိုင်းပင်။
“ကြည့်ရတာ ဘိုးဘေးနဂါးကျင့်စဉ် ဝါးမြိုနိုင်တဲ့ ကျင့်စဉ်တွေမှာ ကန့်သတ်ချက် ရှိပုံရတယ်။ ဥပမာအားဖြင့် လူသားကိုယ်ခံပညာရှင်တွေ ကျင့်ကြံဖို့ သင့်တော်တဲ့ ကျင့်စဉ်တွေကိုပဲ ဝါးမြိုနိုင်တာမျိုးပေါ့။ မိစ္ဆာတွေရဲ့ ကျင့်စဉ်တွေကိုတော့ ဝါးမြိုလို့မရဘူး။ ဒါမှမဟုတ်လည်း... ငါ့ရဲ့ ဘိုးဘေးနဂါးကျင့်စဉ် အဆင့်က နိမ့်လွန်းနေသေးလို့ ဝါးမြိုနိုင်စွမ်း မရှိသေးတာလည်း ဖြစ်နိုင်တယ်...”
သူ ကျင့်ကြံလေလေ... ဘိုးဘေးနဂါးကျင့်စဉ်အပေါ် နားလည်မှုက ပိုမိုနက်ရှိုင်းလေလေ ဖြစ်သည်။ ဤသို့ဖြင့် တစ်ရက် ကုန်လွန်သွားခဲ့သည်။
နောက်တစ်နေ့တွင် ချူရွှမ်သည် ကောင်းကင်အကျဉ်းထောင်သို့ စောစောစီးစီး ထပ်မံရောက်ရှိလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့သည် သူ တရားဝင် တရားစီရင်ရေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရမည့်နေ့ ဖြစ်ပြီး၊ ထောင်မှူးကြီးက သူ့ကို နောက်မကျရန် မှာကြားထားသောကြောင့်ပင်။ ထို့ပြင် ဤသုံးလအတွင်း မြို့စောင့်အကျဉ်းထောင်ဌာနသည် ကောင်းကင်အကျဉ်းထောင်၏ ဘေးကပ်လျက်တွင် အရာရှိအတွက် သီးသန့် ရုံးတော်အသစ်တစ်ခုကို ဆောက်လုပ်ပေးထားခဲ့ပြီးသား ဖြစ်သည်။
ရုံးတော်တံခါးဝကို စောင့်ကြပ်ရန် တာဝန်ယူထားသူများမှာ ကောင်းကင်အကျဉ်းထောင်မှ အကျဉ်းထောင်စောင့်များပင် ဖြစ်သည်။
သူတို့ကို ဦးဆောင်လာသူများမှာ အခြားသူမဟုတ်ဘဲ ကျန်းလုံနှင့် ကျောက်ဟူ တို့ ဖြစ်ကြသည်။ ချူရွှမ် လျှောက်လှမ်းလာသည်ကို မြင်သောအခါ ထိုနှစ်ဦးက အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။ “အရာရှိမင်းကြီးကို အရိုအသေပြုပါတယ်။ ကျွန်တော်တို့ တရားရေးဝန်ကြီးဌာန ကနေ ပြောင်းရွှေ့မိန့် ရရှိထားပြီးပါပြီ၊ ဒီနေ့ကစပြီး အရာရှိမင်းကြီး၏ လက်အောက်ခံ အစောင့်အရှောက်များအဖြစ် တာဝန်ထမ်းဆောင်သွားပါမယ်၊ ဒါ့အပြင် အရာရှိမင်းကြီး... ဟိုမှာ ဘယ်သူတွေ ရောက်နေလဲ ကြည့်ပါဦး။”
ကျန်းလုံနှင့် ကျောက်ဟူတို့က ရုံးတော်၏ လှေကားထစ်များဆီသို့ လက်ညှိုးထိုးပြလိုက်ကြသည်။
ချူရွှမ် ကြည့်လိုက်ရာ ရုတ်တရက် မှင်တက်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရောက်ရှိနေသူနှစ်ဦးမှာ အခြားသူမဟုတ်ဘဲ... မီးလျှံတိမ်တိုက်ဂူကို စောင့်ကြပ်နေသည့် နတ်အဆင့် ကျွမ်းကျင်သူကြီး နှစ်ယောက်ဖြစ်သော ‘ဝမ်ချောင်’ နှင့် ‘မာဟန့်’ တို့ ဖြစ်နေသောကြောင့်ပင်။
“...”