အခန်း (၃၈၁-၃၈၂)
Vol. 39 Ch. 381-382
အခန်း (၃၈၁) - ရင်နှစ်သည်းခြာ ဆေးအိုးကြီး
လဝက်ခန့် ကြာပြီးနောက် တောင်စောင်းပေါ်ရှိ ဂူဗိမာန်တစ်ခု၏ အရှေ့တွင် မင်လုံယွီသည် တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ငြိမ်သက်စွာ ရပ်နေသည်။ သူ၏ ပုံစံသည် ယုံကြည်ချက်အပြည့်ရှိနေပုံပေါ်ကာ အလွန်ပင် တည်ကြည်ခန့်ညားနေသည်။
လော့ချန်က သူ့အား အံ့ဩတကြီး ကြည့်၍ မေးလိုက်သည်။
“ဟင်.... ဂူဗိမာန်ရဲ့ အဝင်အထွက် အစီအရင် တံဆိပ်တွေကို မပြောင်းတော့ဘူး ဟုတ်လား.... သေချာစဥ်းစားဦးနော်.... မပြောင်းချင်တာ သေချာရဲ့လားကွာ...."
လော့ချန်၏ မေးခွန်းအား မင်လုံယွီက ခိုင်မာစွာ ဆုံးဖြတ်ထားဟန်ဖြင့် ညိတ်ပြလိုက်၏။ သူ၏ မျက်ဝန်းတို့တွင် တုန်လှုပ်မှု အလျင်းမရှိပေ။
“ကျွန်တော် ခေါင်းဆောင်ကို ယုံတယ်ဗျ၊ ပီးတော့ ကျွန်တော် အောင်မြင်မလား၊ ကျရှုံးမလားဆိုတာကတော့.... သိပ်မကြာခင် သိရတော့မှာပါဗျာ...."
မင်လုံယွီ၏ မျက်ဝန်းထဲမှ ပြတ်သားသော သန္နိဋ္ဌာန်ကို မြင်သောအခါ လော့ချန် ပြုံးလိုက်မိသည်။
"ကောင်းပြီလေ.... ဒါဆိုလည်း မင်း အောင်မြင်ပါစေလို့ ငါ ဆုတောင်းပါတယ်ကွာ...."
မင်လုံယွီသည် လော့ချန်အား ဆုတောင်းစကားအတွက် ကျေးဇူးတင်ကြောင်းပြောပြီးနောက် ဂူဗိမာန်ထဲသို့ ဝင်သွားလေသည်။ သူ အထဲသို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် မြူခိုးမြူငွေ့တို့သည် ဝေ့ဝဲထူထပ်လာကာ အတွင်းထဲတွင် ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် ဂူဗိမာန်၏ အစီအရင်များသည် တစ်ခုပြီးတစ်ခု စတင်အသက်ဝင်လာကြတော့သည်။
ကျယ်လောင်လှသော မြည်ဟိန်းသံကြီးနှင့်အတူ ဧရာမနဂါးဖြတ်ကျောက်တုံးကြီးသည် အောက်သို့ ပြိုဆင်းလာပြီး ဂူဝင်ပေါက်ကို လုံးဝဥဿုံ ပိတ်ဆို့လိုက်လေတော့သည်။ ထိုအချိန်မှစ၍ အစီအရင်ဖွင့်လှစ်သည့် တံဆိပ်ကို သိရှိသော လော့ချန် သို့မဟုတ် ထျန်းလန် နတ်ဘုရားမြို့တော်၏ အုပ်ချုပ်သူများသာလျှင် ထိုဂူဗိမာန်ကို ပြန်ဖွင့်နိုင်ကြမည် ဖြစ်ပေသည်။ သို့ရာတွင်လည်း အငှားသက်တမ်း ကုန်ဆုံးပြီးနောက် တစ်နှစ်ပြည့်သည်အထိ စောင့်ဆိုင်းရမည်ဟူသော စည်းမျဉ်းစည်းကမ်းများဖြင့် ချည်နှောင်ခြင်း ခံထားရလေရာ ထိုအချိန်မတိုင်မီ အတင်းအဓမ္မ ဝင်ခွင့် မရှိကြပေ။
ကျင့်ကြံသူတို့သည် ကျင့်ကြံအားထုတ်နေစဉ်အတွင်း အနှောင့်အယှက် ခံရမည်ကို အကြောက်ဆုံး ဖြစ်ကြသည်။ အထူးသဖြင့် အဆင့်တက်လှမ်းရန် ကျင့်ကြံနေခိုက် အငှားသက်တမ်း ကုန်ဆုံးသွားသဖြင့် စီမံခန့်ခွဲသူများ အတင်းအဓမ္မ ဝင်ရောက်လာမည်ကို မလိုလားကြပေ။ သို့ဖြစ်လေရာ ကျင့်ကြံသူတို့သည် အစကတည်းကပင် ဝိညာဉ်ကျောက်တုံးများကို ပိုမိုပေးဆောင်ကာ ကြိုသက်တမ်းတိုးထားကြသည်။
ဤသည်ကား နတ်ဘုရားမြို့တော်တွင် ဝင်ငွေရှာဖွေရန် ဖန်တီးထားသော အခြားနည်းလမ်းတစ်ခုပင် ဖြစ်ပေသည်။ မြို့တော်အုပ်ချုပ်သူများသည် ဤကဲ့သို့သော စီမံမှုမျိုးမှ အမြတ်အစွန်း အမြောက်အမြား ရရှိကြသည်မှာကား ပြောနေဖွယ်ရာ မလိုတော့ပေ။
လော့ချန်သည် ပိတ်ဆို့သွားသော ဂူဝင်ပေါက်ကို စိုက်ကြည့်လျက် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်မိသည်။ မင်လုံယွီသည် အခြေတည်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည်လော၊ မတက်လှမ်းနိုင်မည်လော ဆိုသည်ကိုမူ သူသည်လည်း အသေအချာ မပြောနိုင်ပေ။ သို့ရာတွင် သူ့ဘက်မှ တတ်နိုင်သမျှ အရာအားလုံးကိုမူ အစွမ်းကုန် ကူညီပေးခဲ့ပြီး ဖြစ်ပေသည်။
လော့ချန်သည် မင်လုံယွီ၏ ချီတုံချတုံဖြစ်နေသော စိတ်ဓာတ်အား ပြင်ဆင်ပေးခဲ့ပြီးဖြစ်သည်။ ဤမျှအထိ လုပ်ဆောင်ပေးခဲ့ပါလျက် တံခါးပိတ်ကျင့်ကြံချိန်တွင် တွေဝေနေသေးပါက မင်လုံယွီအဖို့ အောင်မြင်ရန်လမ်းဆုံးပြီဟုပင် ဆိုရချေမည်။
ထို့နောက် လော့ချန်သည် တိမ်တိုက်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး သူ့နောက်မှ လူလေးဦးအား လှည့်ကြည့်လိုက်သည်။
"ကဲ.... ငါတို့ သွားကြစို့...."
သူတို့ လူစုသည် ထိုကြီးမားကျယ်ပြန့်သော တိမ်တိုက်ပေါ်သို့ အလျင်အမြန်ပင် တက်လိုက်ကြသည်။
ထိုသူတို့ကား အခြားမဟုတ်။ လော့ထျန်းအဖွဲ့အစည်း၏ ဆေးဖော်စပ်သူ ပညာရှင်များ ဖြစ်ကြသော ချွီလင်ကျွင်း၊ မီလီ၊ ချိုးရင်းနှင့် မာရှို့ဖူတို့ပင်ဖြစ်သည်။
ချွီလင်ကျွင်းသည် ကျောက်စိမ်းအမြုတေ ဆေးလုံးများကို ဖော်စပ်ရာတွင် ကျွမ်းကျင်သူဖြစ်ပြီး မီလီကမူ အံ့ဖွယ်တစ်သောင်းဆေးလုံးများကို ဖော်စပ်ရာ၌ ထူးချွန်ပြောင်မြောက်သူ ဖြစ်ပေသည်။
ချိုးရင်းမှာမူ ဆေးဖော်ခန်းမဆောင်၏ တာဝန်ခံအဖြစ် ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်၏။ သူမသည် အစပိုင်းတွင် ဆေးဖော်စပ်သူတစ်ဦးအဖြစ် စတင်ခဲ့ခြင်း မဟုတ်သော်လည်း အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဆေးဖော်စပ်ခြင်း အတတ်ပညာ အမြောက်အမြားကို ဆည်းပူးလေ့လာနိုင်ခဲ့ပေသည်။ လော့ချန်၏ လမ်းညွှန်ပြသမှုနှင့် မီလီ၏ တိုက်ရိုက်သင်ကြားပြသမှုတို့ကြောင့် သူမသည် နောက်ဆုံးတွင် မှော်အာဟာရဆေးလုံးများကို ဖော်စပ်တတ်မြောက်သွားခဲ့လေသည်။
မာရှို့ဖူသည်ကား အသက်နှစ်ဆယ့်သုံးနှစ်မျှသာ ရှိသေးသဖြင့် အလွန်ပင် ငယ်ရွယ်သေးပေသည်။ သူသည် တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သော လော့ထျန်းအဖွဲ့အစည်းမှ ကျင့်ကြံသူတစ်ဦး၏သား ဖြစ်ပေသည်။ သူ့ဖခင်၏ နာရေး အပြီးတွင် ကျန်ရစ်သူမိသားစုအတွက် လော့ထျန်းအတွင်း တာဝန်နေရာ စီစဉ်ပေးသောအခါ သူသည် ဆေးဖော်ခန်းမဆောင်သို့ အလုပ်သင်အဖြစ် ဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။ နောက်ပိုင်းတွင် ချွီလင်ကျွင်းသည် မာရှို့ဖူ၏ ဆေးဖက်ဝင်အပင်များနှင့် ပတ်သက်၍ ထိုးထွင်းသိမြင်နိုင်သော ပင်ကိုယ်ပါရမီကို ပထမဦးဆုံး သတိပြုမိသွားခဲ့သည်။ ထို့နောက် ဆေးဖော်စပ်ခြင်းဆိုင်ရာ အစည်းအဝေး တစ်ခုအတွင်း လော့ချန်၏ အာရုံစိုက်မှုကို ခံရအောင် လုပ်ဆောင်ပေးသဖြင့် မကြာမီတွင် မာရှို့ဖူသည် လော့ထျန်းအတွင်း အရေးပါသူ ဖြစ်လာခဲ့လေသည်။
လော့ချန်အနေဖြင့်လည်း ထိုလူငယ်လေး၌ ဆေးဖက်ဝင်အပင်များကို ခွဲခြားသိမြင်ခြင်းနှင့် ကိုင်တွယ်အသုံးချခြင်းတို့တွင် ထူးခြားပြောင်မြောက်လှသော ပါရမီရှိကြောင်း စစ်ဆေးစမ်းသပ်မှုအနည်းငယ်လုပ်ကာ အတည်ပြုနိုင်ခဲ့ပေသည်။ ထို့ကြောင့်ပင် မာရှို့ဖူသည် အနှစ်သာရမွေးမြူရည်များကို ဖော်စပ်ရန် တာဝန်တစ်ခု ရလာခဲ့သည်။ သူသည် အနှစ်သာရမွေးမြူရည်အတွက် ယခင်က အသုံးပြုခဲ့သော ဆေးဖော်စပ်နည်းကို အနည်းငယ် ပြုပြင်မွမ်းမံနိုင်ခဲ့ကာ ထို ဆေးဖော်နည်းအသစ်သည် ယခင်ကထက် သုံးဆယ်ရာခိုင်နှုန်းမျှ ပိုမိုထိရောက်မှု ရှိသည်ဟုဆိုကြသည်။
မာရှို့ဖူ၏ အဓိက တာဝန်မှာမူ ဆေးဝါးခန်းမဆောင်မှ ဝယ်ယူလာသော ဆေးဖက်ဝင် ပစ္စည်းများကို ပြုတ်၍ အနှစ်သာရရည်ကြမ်းများ ဖြစ်အောင် ပြုလုပ်ရန် ဖြစ်ပေသည်။ ထို့နောက် ထိုအနှစ်သာရရည်များကို ဘူးသီးခြောက်ဘူးငယ်လေးများထဲသို့ ထည့်သွင်းကာ ရွှေခန်းမဆောင်မှတစ်ဆင့် ပြန်လည်ရောင်းချမည် ဖြစ်သည်။ ကျင့်ကြံသူတို့သည် ကိုယ်တိုင်ဆေးဖက်ဝင်ပစ္စည်းများကို အပင်ပန်းခံ၍ ပြုတ်နေရန် မလိုတော့ဘဲ ထို အဆင်သင့် အနှစ်သာရရည်ကြမ်းကိုသာ ဝယ်ယူသွားနိုင်ကြပေသည်။ ဤသည်ကား လော့ချန် ယခင် လုပ်ဆောင်ခဲ့ရသကဲ့သို့ ရှုပ်ထွေးလှသည့် အဆင့်များ လုပ်ဆောင်နေစရာမလိုပဲ အချိန်ကုန် သက်သာစေသည်။
ကျင့်ကြံသူတို့အနေဖြင့် ဆေးဖက်ဝင် ချိုးရေ အဖြစ် သုံးလိုပါက ထိုအနှစ်သာရရည်ကြမ်းထဲသို့ ရေနွေးထည့်ရုံမျှဖြင့် အလွယ်တကူ သုံးစွဲနိုင်ကြပေသည်။ ထိုအနှစ်သာရရည်ကြမ်းကို ဖော်စပ်ရန် ဆေးဖော်စပ်ခြင်းဆိုင်ရာ အတတ်ပညာပိုင်းတွင် အလွန်အမင်း မြင့်မားရန် မလိုအပ်သော်လည်း ဆေးဖက်ဝင်ပစ္စည်းများကို ကိုင်တွယ်အသုံးချရာတွင်မူ တိကျပြတ်သားရန် အထူးလိုအပ်လှပေသည်။
ထိုတာဝန်ယူသော လူသည် ဆေးပစ္စည်းများ၏ ပမာဏကို တိကျစွာ တိုင်းတာရမည့်အပြင် ၎င်းတို့၏ အစွမ်းအာနိသင်ကိုလည်း သေချာစွာ လေ့လာဆန်းစစ်နိုင်ရမည် ဖြစ်၏။ ဤနေရာတွင်မူ မာရှို့ဖူ၏ အရည်အချင်းသည် ဘွင်းဘွင်းပေါ်လာလေသည်။ သူသည် ဤအလုပ်တွင် ထူးခြားသော ပါရမီရှိပြီး လက်ရှိတွင်မူ လုပ်ငန်းစဉ်တစ်ခုလုံးကိုလည်း ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည်။
အမှန်စင်စစ်အားဖြင့်မူ ထိုအနှစ်သာရမွေးမြူရည်ကို အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့ပါက မီလီဖော်စပ်သော အံ့ဖွယ်တစ်သောင်းဆေးလုံးများထက်ပင် ပိုမို၍ အမြတ်အစွန်း ရရှိနိုင်မည် ဖြစ်ပေသည်။
အံ့ဖွယ်တစ်သောင်း ဆေးလုံးများကိုမူ မြင့်မားသော အမြတ်အစွန်းဖြင့် ရောင်းချရန် မဖြစ်နိုင်ပေ။ ထိုအချက်ကား ရှောင်လွှဲ၍ မရနိုင်သော ပကတိတရားတစ်ခု ဖြစ်ပေသည်။ ယခင် လော့ချန်ကိုယ်တိုင် ထိုဆေးလုံးကို ဖော်စပ်ခဲ့စဉ်ကပင် အရင်း ကျေရုံမျှသာ ရှိခဲ့ပြီး အမြတ်အစွန်း ပြောပလောက်အောင် မရရှိခဲ့ပေ။ လက်ရှိတွင် မီလီလည်း သူနှင့် အလားတူစွာ အရင်းကျေရန်ပင် အသေအလဲ ရုန်းကန်နေရလေသည်။ ထို့အပြင် သူမသည် ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိရန် ရုန်းကန်ကြိုးစားနေရဆဲ ဖြစ်လေရာ လော့ချန်တုန်းကထက် ပို၍ပင် အခြေအနေဆိုးလေသည်။
ယနေ့သည် လော့ချန်တစ်ယောက် ဒုတိယအဆင့် အဆင့်မြင့်ဂူဗိမာန်အသစ်သို့ ပြောင်းရွှေ့ရမည့် နေ့ရက်ပင် ဖြစ်လေရာ သူ ဤလူလေးဦးအား ခေါ်ဆောင်လာခဲ့ခြင်းမှာ အကြောင်းရှိသည်။ ရှီလန်၏ ပြောစကားအရ သူလိုအပ်သော ဒုတိယအဆင့် မြေအောက်မီးသည် ဂူဗိမာန်အသစ်၌ တပ်ဆင်ပြီးစီးသွားပြီဖြစ်သည်။ သို့ဖြစ်ရာ ဒုတိယအဆင့် မြေအောက်မီးကို အသုံးပြု၍ ဆေးလုံးများ ဖော်စပ်ရန်အတွက် ပြင်ဆင် နေရာချမှုအချို့ကို ယနေ့ မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်သည်။ မိမိတစ်ဦးတည်း အရာရာ ပြင်ဆင်သည်ထက် လင်ကျွင်းတို့လေးဦးကိုပါ ဘေးမှ ကူညီခိုင်းခြင်းအားဖြင့် အကူအညီရမည့်အပြင် ဆေးဖော်စပ်ပုံ အဆင့်ဆင့်ကိုလည်း သူတို့အနေဖြင့် စောင့်ကြည့်လေ့လာခွင့်ရကြမည် ဖြစ်သည်။
တိမ်တိုက်ကြီးသည် ကောင်းကင်ယံထက်သို့ ပျံတက်သွားသည်နှင့်အမျှ တိမ်ပေါ်ရှိ လူငါးဦး၏ ပုံရိပ်များသည်လည်း တဖြည်းဖြည်းနှင့် ဝေဝါးပျောက်ကွယ်သွားကြလေတော့သည်။
လော့ချန်၏ တိမ်တိုက်သည် စီးနင်းနေကျသူမဟုတ်ပါက ပျံသန်းနှုန်း မြန်ဆန်လှသဖြင့် အသည်းထိတ်စရာ ဖြစ်သည်။ မီလီနှင့် ချိုးရင်းတို့မှာမူ အရွယ်ရောက်သူများ ဖြစ်လေသဖြင့် တည်တည်ငြိမ်ငြိမ်ရှိနေကြသည်။ ချွီလင်ကျွင်းသည်လည်း လော့ချန်၏ တိမ်တိုက်ပေါ်သို့ အကြိမ်ကြိမ် လိုက်ပါဖူးသူ ဖြစ်ရကား ဤအတွေ့အကြုံကို ကောင်းစွာ ယဉ်ပါးနေပြီ ဖြစ်၏။
ထိုသူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ငယ်ရွယ်လှသော မာရှို့ဖူမှာမူ အလွန်ပင် စိတ်လှုပ်ရှားနေပေသည်။ သူသည် တဖြည်းဖြည်း ဝေးကွာသွားသော အောက်ခြေမှ ရှုခင်းများကို ငေးမောကြည့်ရှုရင်း ဝမ်းသာအားရ ရေရွတ်လိုက်မိသည်။
“အမလေး.... အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ တိမ်တိုက်ကြီးက အတော် အံ့သြဖို့ကောင်းတာပဲ၊ ကျွန်တော်တို့ လေးငါးယောက်ကိုတောင် တစ်ခါတည်း တင်ခေါ်သွားနိုင်တယ်.... တိမ်တစ်ခုတည်းပေါ်မှာ ဒီလို လူအများကြီးနဲ့ တခါမှ မစီးဘူးသေးဘူးဗျာ”
ထိုအခါ လော့ချန်သည် နှိမ့်ချသော အပြုံးတစ်ခုနှင့်အတူ....
“ဒါက ပြောပလောက်တာ မဟုတ်ပါဘူးကွာ၊ မင်းလဲ အခြေတည်အဆင့်ကို ရောက်တဲ့တနေ့ ဒီလောက်ကတော့ အပျော့ပဲ ဆိုပီးဖြစ်သွားမှာပါ...."
"ထိုသို့ ပြောလိုက်သော်လည်း လော့ချန်၏ စိတ်ထဲ၌မူ အနည်းငယ်မျှ ဂုဏ်ယူဝင့်ကြွားသော စိတ်အဟုန်သည် တိုးဝှေ့ထွက်ပေါ်လာပေသည်။ အတိတ်ကာလကို ပြန်လည်တွေးတောကြည့်လျှင် မြောင်ဝမ်တွင်ပင် ဤမျှမြန်ဆန်စွာပျံသန်းနိုင်သော တိမ်စီးအတတ်မရှိပေ။ ထိုစဉ်က မြောင်ဝမ်၏ ကျင့်ကြံခြင်းအဆင့်သည် ယခုလက်ရှိ လော့ချန်၏ အဆင့်အတန်းနှင့် မရှေးမနှောင်းပင် ဖြစ်၏။ ဤသည်ကို ကြည့်ခြင်းဖြင့် လော့ချန်အနေဖြင့် မနားမနေ ကြိုးပမ်းအားထုတ်မှုကြောင့် ရရှိလာသော မှော်အတတ်ပညာ ကျွမ်းကျင်မှုနှင့် ချီစွမ်းအင် သိုလှောင်နိုင်မှု ပမာဏတို့မှာ မည်မျှအထိ နက်ရှိုင်းထူးခြားနေပြီ ဖြစ်ကြောင်းကို အထင်အရှား သက်သေပြနေပေသည်။
သူတို့အားလုံး စကား ဆက်မပြောကြတော့ဘဲ တောင်ထိပ်တစ်ခုဆီသို့ ဦးတည်စီးနင်းသွားလိုက်သည်။ မကြာမီပင် သူတို့၏ မြင်ကွင်းထဲတွင် မြေအကျယ်အဝန်း စတုရန်းပေ ၂၀,၀၀၀ ခန့် ကျယ်ဝန်းသော ဝိညာဉ်စိုက်ခင်းတစ်ခုကို မြင်လိုက်ရသည်။ ထိုနေရာတွင် အလွန်တရာရှားပါးလှသော ပန်းမန် မျိုးစိတ်များနှင့် ဆေးဖက်ဝင်အပင်မျိုးစုံတို့သည် ဝေဆာစွာ ပွင့်လန်း ဖြစ်ထွန်းနေကြပြီး သင်းပျံ့မွှေးကြိုင်လှသော ရနံ့တို့ကို လေထုအတွင်း ထုတ်လွှတ်လျက် ရှိကြကုန်၏။
ချွီလင်ကျွင်းသည် အံ့သြဝမ်းသာစွာဖြင့် ထိုနေရာကို လက်ညှိုးထိုးပြရင်း အော်ဟစ်လိုက်မိသည်။
“ဟာ ဆရာရေ.... ဒါ.... ဒါ ဒုတိယအဆင့် ဝိညာဉ်စိုက်ခင်းပဲဗျ"
လော့ချန် ဖျတ်ခနဲ ပြုံးလိုက်မိ၏။ ဤသည်ကား အဆင့်မြင့် ဂူဗိမာန်တစ်ခု၏ ပြိုင်ဘက်ကင်းလှသော လက္ခဏာရပ်ပင် ဖြစ်ပေတော့သည်။ ချီစွမ်းအင် သိပ်သည်းဆ နှစ်ဆမျှ ပိုမိုမြင့်မားလာသည့်အပြင် ဤဂူဗိမာန်တွင် ကျယ်ဝန်းသော ဒုတိယအဆင့် ဝိညာဉ်စိုက်ခင်းတစ်ခုလည်း ပါဝင်ပေသည်။ တခြားအရာများကို ထည့်မပြောလျှင်ပင် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤဝိညာဉ်စိုက်ခင်းကို ကောင်းစွာ အသုံးချနိုင်မည်ဆိုပါက ဆယ်နှစ်တာကာလအတွင်း စိုက်ပျိုးထုတ်လုပ်မှုများမှတစ်ဆင့် ဂူအငှားခအတွက် ကုန်ကျခဲ့သော ဝိညာဉ်ကျောက်တုံးအချို့ကို အလွယ်တကူ ပြန်လည်ရရှိနိုင်မည် ဖြစ်၏။
သို့ရာတွင် ထျန်းလန် နတ်ဘုရားမြို့တော်မှ အာဏာပိုင်များသည် စေတနာပိုကာ ကရုဏာတရား လက်ကိုင်ထားသူများ မဟုတ်ပေ။ သို့ဖြစ်ရာ ငှားရမ်းခအား နှစ်အလိုက်ချေ၍ မရဘဲ ဆယ်နှစ်စာ ကြိုချေရမှ ရမည်ဟူသော သတ်မှတ်ချက်ထုတ်ထားကြသည်။ ဒုတိယအဆင့် အဆင့်မြင့်ဂူဗိမာန်တစ်ခု၏ သက်တမ်း တစ်နှစ်စာ ငှားရမ်းခသည် ဝိညာဉ်ကျောက်တုံးပေါင်း လေးသောင်းရှစ်ထောင်မျှ ကျသင့်ပြီး အခြား ဂူဗိမာန်များနှင့် မတူသည့်အချက်မှာ နှစ်လစာ ဈေးလျှော့ပေးခြင်းမျိုး မရှိပေ။ ထိုသို့ အလွန်တရာ များပြားလှသော ဈေးနှုန်းကြောင့် ထို ဂူဗိမာန်အား သာမန်ကျင့်ကြံသူတို့ အနားမကပ်နိုင်ကြပေ။
ထို့နောက် လော့ချန်တို့လူစုသည် ကောင်းကင်ယံ၌ ကြာရှည်စွာ ရပ်တန့်မနေခဲ့ကြဘဲ တိမ်တိုက်ပေါ်မှ ဆင်းသက်ကာ ဂူဗိမာန်ဆီသို့ ဦးတည် လျှောက်လှမ်းလိုက်ကြသည်။
သို့ရာတွင် ဂူဝင်ပေါက်နားသို့ရောက်သောအခါ အတွင်းထဲမှ ဆူဆူညံညံဖြင့် အချေအတင်ပြောဆိုနေကြသော အသံဗလံများကို ကြားလိုက်ရလေသည်။
သူတို့ တသိုက် အသာနားစွင့်ကာ မတိုင်ပင်ရဘဲနှင့် ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။
“ဟဲ့.... နင်ကများ ငါ့ကို နှင်ထုတ်တယ်ပေါ့လေ.... ဟင်.... တော်တော်လူပါးဝလှချည့်လား.... ငါက ဆက်မငှားဘူးလို့လဲ တခါမှမပြောမိဘူး .... ငွေနည်းနည်းကျပ်နေလို့ နောက်ထပ် နှစ်ရက်လောက်ပဲ စောင့် ပေးပါဦးဆိုတာတောင် တော်တော် အသဲအသန် ထွက်သွားစေချင်နေတယ်ပေါ့လေ.... ဘာလို့ဒီလောက်ယုတ်မာကြတာလဲ”
“ဒုက္ခပါပဲ အစ်မရယ်.... ကျွန်မတို့က စည်းကမ်းအတိုင်းပဲ လုပ်ရတာပါ.... ယုတ်မာတယ်ပြောရအောင်လဲ အစ်မကို နှစ်ပတ်ကျော်ကျော်တောင် စောင့်ပေးပြီးပြီပဲရှင်.... ဒီလောက်နားလည်ပေးထားတာတောင် ဘာလို့ အပြစ်တင်ချင်နေတာလဲရှင်.... တယ်လဲခက်တာပဲ...."
"အေးဟေ့.... ငါ့မှာ အခုလောလောဆယ် လေးသိန်းရှစ်သောင်းတော့ အပြည့်မရှိဘူး.... ဒါပေမယ့် နင်တို့ ဒီလောက် ငွေမက်နေလဲ ရော့ ငါ လေးသောင်းရှစ်ထောင်.... မဟုတ်ဘူး.... ငါးသောင်း အရင်ပေးထားမယ်လေ၊ နောက်အဆင်ပြေတာနဲ့ ကျန်တဲ့ငွေကို ထပ်ပေးမယ်၊ ရပြီလား...."
"မရဘူးလေ အစ်မရဲ့.... စည်းကမ်းသတ်မှတ်ချက်တွေထဲမှာ ဒီလိုလုပ်တာ ဘောင်မှမဝင်တာကို.... ကျွန်မက အထက်က ခိုင်းတာလုပ်ရတဲ့သူပါရှင်၊ စည်းမျဥ်းက စည်းမျဥ်းပဲမို့ အစ်မကပဲ သဘောထားကြီးကြီးနဲ့ အခက်တွေ့အောင် မလုပ်ပါနဲ့တော့ရှင်”
"အမလေးတော်.... .ငါကပဲ အခက်တွေ့အောင်လုပ်တယ်ဆိုပဲ.... တော်တော်လွန်တဲ့ဟာတွေအေ"
မျက်နှာ မဲ့ရွဲ့ကာ ဒေါသတကြီးအော်ဟစ်လိုက်သော အသံတစ်သံသည် ညှိနှိုင်းမှု ပျက်ပြားသွားခြင်းကို အထင်အရှား ပြသလိုက်ပေသည်။ ထို့နောက်တွင်မူ ရှူးရှူးရှဲရှဲစိတ်တိုနေသော မိန်းမတဦးသည် ဂူဗိမာန်အတွင်းမှ ဝုန်းခနဲ လှမ်းထွက်လာလေသည်။ သူမသည် အပြင်ဘက်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် လော့ချန်နှင့် တည့်တည့်တိုးလေသည်။
ဒုန်းး....
"အမလေး သေပါပြီ.... ဟမ်.... ရှင်က ဒီကို ဘာလာလုပ်တာလဲ.... အော်.... သဘောပေါက်ပြီ…. ဂူဗိမာန် ပင်း-၁၇ ကို ပြောင်းမဲ့သူ ဆိုတာ ရှင်ပေါ့လေ...."
လော့ချန် ပြုံးလိုက်ရင်း လက်နှစ်ဖက်ကို ပူးယှက်၍ နှုတ်ဆက်လိုက်၏။
“မိတ်ဆွေ လင်းယွီကျစ်.... မတွေ့ရတာ ကြာပြီနော်"
ဤအမျိုးသမီးကား တခြားသူမဟုတ်ပေ။ ထျန်းလန် နတ်ဘုရားမြို့တော်သို့ လော့ချန် ပထမဦးဆုံး ရောက်ရှိလာစဉ်က ဂူဗိမာန်များကို လိုက်လံကြည့်ရှုစစ်ဆေးရန်အတွက် သူမ၏ ကိုယ်ပိုင်ဂူဗိမာန်တံခါးကို ဖွင့်လှစ်ပေးခဲ့ဖူးသော အမျိုးသမီးကျင့်ကြံသူပင် ဖြစ်ပေသည်။ ထိုစဉ်က သူမသည် ဘေးသို့ ခေတ္တဖယ်ပေးခဲ့သဖြင့် သူတို့အဖွဲ့အနေဖြင့် ပတ်ဝန်းကျင်ကို လေ့လာခွင့် ရရှိခဲ့ကြဖူးပေသည်။ လင်းယွီကျစ်သည် အခြေတည်အဆင့် ၆ ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက် လော့ချန်ကို ကောင်းစွာ မှတ်မိနေပေသည်။ သူမအနေဖြင့် မည်သို့လျှင် မေ့လျော့နိုင်ပါမည်နည်း။ ထိုစဉ်က သူမသည် လော့ချန်အား တောသားကျောမွဲတစ်ဦးဟူ၍သာ မှတ်ယူခဲ့မိပေသည်။
သို့ရာတွင် လွန်ခဲ့သော လဝက်ခန့်က ကျင်းပခဲ့သည့် ရေခဲလှိုင်းနန်းတော်၏ တည်ခင်းဧည့်ခံပွဲ၌မူ ဤတောသားကပင် ရေခဲခံတပ်မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတစ်ဦး၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။ ထိုမြင်ကွင်းသည် သူမ၏ ရင်ထဲ၌ ဖျောက်ဖျက်မရနိုင်သော အစွန်းအထင်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပေသည်။ ထို့အပြင် ဤသို့တစ်ချိန်က သူမ အထင်သေးခဲ့သော ထို တောသားသည် လက်ရှိတွင် သူမ၏ ဂူဗိမာန်ကိုပင် လက်ဦးမှုရယူကာ လုယူငှားရမ်းမည့်သူ ဖြစ်လာလိမ့်မည်ဟူ၍ သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပေ။
လင်းယွီကျစ်၏ မျက်နှာသည် ရှက်စိတ်နှင့် ဒေါသတို့ကြောင့် နီမြန်းရာမှ တဖြည်းဖြည်းနှင့် ဖြူဆုတ်သွားပြီးနောက် နောက်ဆုံးတွင်မူ ဆောင့်ဆောင့်အောင့်အောင့်ဖြင့် လှည့်ထွက်သွားလေတော့သည်။ စင်စစ်မူ ဤပြဿနာ၏ အစကား ဂုဏ်သိက္ခာ သို့မဟုတ် မာနတရားတို့ကြောင့် မဟုတ်ဘဲ သူမ၌ ငွေကြေးအကျပ်အတည်း ဖြစ်နေသောကြောင့်သာလျှင် ဖြစ်ပေသည်။ သူမ၏ ပုံရိပ် အမြင်အာရုံမှ ပျောက်ကွယ်သွားပြီးနောက်တွင်မူ ဘေးဘက်မှနေ၍ သတိကြီးစွာဖြင့် လှမ်းထွက်လာသော ပုံရိပ်တစ်ခုကို လော့ချန် တွေ့လိုက်ရသည်။
ထိုသူကား ရှီလန်ပင် ဖြစ်၏။ လော့ချန်ကို မြင်သည်နှင့် သူမ ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။
“အို.... အစ်ကိုကြီးလော့ ရောက်နေပြီလား...."
“ရော့.... ဒါလေးက ဂူဗိမာန်အသစ်ရဲ့ တံဆိပ်ပြားပါပဲရှင်၊ ဒုတိယအဆင့် အခြေခံအစီအရင် အားလုံးကိုလည်း ပြန်လည်ပြင်ဆင် သတ်မှတ်ပေးထားပြီးပါပြီ၊ အခုအချိန်ကစပြီး ပင်း-၁၇ က အစ်ကိုကြီးလော့ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပါပြီ”
လော့ချန်သည် ထိုတံဆိပ်ပြားကို လှမ်းယူလိုက်ပြီး လက်ဖဝါးပေါ်၌ တင်ကာ အလေးအပင်ကို ဆန်းစစ်ကြည့်မိသည်။
ရှီလန်က ဆက်လက်၍ ရှင်းပြသည်။
“ဒါနဲ့.... ဒီတံဆိပ်ပြားကို တံဆိပ်ပြားအသေး ကိုးပြားအထိ ခွဲထုတ်လို့ ရပါတယ်ရှင်၊ ဒါမှသာ အစ်ကိုကြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတွေနဲ့ အဖွဲ့ဝင်တွေလည်း စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်မှာပါ၊ အသုံးပြုပုံကတော့ လွယ်တယ်ရှင့်၊ ဟို အဆင့်နိမ့် တံဆိပ်ပြားတွေအတိုင်း အတူတူပါပဲ”
လော့ချန် ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီးနောက် သိုလှောင်အိတ် နှစ်အိတ်ကို ထုတ်၍ ကမ်းပေးလိုက်၏။
“ဟုတ်ပီ ရှီလန်.... ဒီမယ် ဒါက နှစ်နှစ်စာအတွက် ဂူအငှားခပဲ၊ တစ်ချက်လောက် စစ်ကြည့်ဦး...."
ရှီလန်သည် အနည်းငယ်မျှ အံ့အားသင့်သွားပြီး ရေရွတ်လိုက်မိသည်။
“ဟင်.... အိတ် နှစ်အိတ်တောင်လား”
ထိုအခါ လော့ချန်က သူမအား ကြည့်လျက် မျက်စိမှိတ်ပြလိုက်လေတော့သည်။
ရှီလန်၏ မျက်ဝန်းတို့သည် အနည်းငယ်မျှ ပြူးကျယ်သွားပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည့်အလား တောက်ပလာသည်။ သူမ၏ ပါးပြင်နှစ်ဖက်သည်လည်း ဖျတ်ခနဲ နီမြန်းသွားပြီးနောက် ထိုအိတ်အသေးလေးကို သူမ၏ ကိုယ်ပိုင်သိုလှောင်အိတ်ထဲသို့ မသိမသာ အသာလေး ထည့်သွင်းလိုက်ပေသည်။
ဝိညာဉ်ကျောက်တုံး လေးထောင်တိတိပင်။
တကယ့်ကို မမျှော်လင့်ဘဲ ရရှိလိုက်သော မုန့်ဖိုးပင် မဟုတ်ပါလော။
သူမ ရရှိရမည့် ပုံမှန်အဖိုးအခအပြင် ဤမုန့်ဖိုးမှာ သီးသန့်ရရှိသော ငွေကြေးဖြစ်ပြီး အပိုင်သိမ်းခွင့်ရှိမည့် အရာ ဖြစ်ပေသည်။ ဤအစ်ကိုကြီးလော့သည် တကယ့်ကို ရက်ရောလွန်းလှပေသည်။ အခြားအိတ်အကြီးထဲတွင်မူ နှစ်နှစ်စာ ဂူအငှားခအတွက် လိုအပ်သော ဝိညာဉ်ကျောက်တုံး ကိုးသောင်းခြောက်ထောင်တိတိ ပါရှိနေပေသည်။
ဝိညာဉ်ကျောက်တုံးများကို သေချာစွာ စစ်ဆေး၍ လွှဲပြောင်းယူပြီးနောက်တွင်မူ ရှီလန်တစ်ယောက် ပျော်ရွှင်လှသော အမူအရာဖြင့်....
“အစ်ကိုကြီးလော့.... အကုန် ကွက်တိပါပဲ.... အဆင်ပြေပါတယ်ရှင်၊ ဟိုလေ အစ်ကိုကြီး လိုနေတဲ့ ဒုတိယအဆင့် မြေအောက်မီးကိုလည်း ဆွဲတင်ပြီး နေရာချထားပေးပြီးပါပြီ၊ ပြီးတော့ အစ်ကိုကြီး သုံးစွဲနိုင်ဖို့အတွက် အကောင်းဆုံးအဆင့် ဆေးဖော်စပ်တဲ့ ဆေးအိုးကြီးကိုလည်း အထဲမှာ ထည့်ပေးထားပါတယ်၊ အချိန်မရွေး စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်ရှင်”
သူမသည် ခေတ္တမျှ ဘာလိုသေးသနည်းဟု စိတ်အားထက်သန်စွာဖြင့် စဥ်းစားလိုက်ကာ ရုတ်တရက် ဝမ်းပန်းတသာ ပြောလိုက်သည်။
“ဒါနဲ့ အစ်ကိုကြီးလော့ ဂူဗိမာန်အတွင်းထဲကို သန့်ရှင်းရေး လုပ်ပေးရဦးမလားရှင်၊ ဟိုလေ.... တပြားမှ ထပ်ပေးစရာမလိုပါဘူး.... ရှီလန် အခမဲ့ လုပ်ပေးနိုင်ပါတယ်ရှင့်”
ထိုအခါ လော့ချန် ခပ်ဖွဖွ ပြုံးလိုက်မိသည်။
“မလိုတော့ပါဘူးကွာ၊ အစ်ကို ရှီလန့်ကို အလုပ်ရှုပ်အောင် မလုပ်တော့ပါဘူး.... အစ်ကို့မှာ ကူညီပေးမဲ့သူတွေ ပါ ပါတယ်”
ရှီလန်သည် လော့ချန်၏ နောက်မှ လူစုကို တစ်ချက် ကြည့်လိုက်ပြီးနောက် နားလည်သဘောပေါက်သည့်အလား ခေါင်းညိတ်ပြလိုက်၏။
“အော် ရှီလန့်အစ်ကိုကြီးက အဖွဲ့တောင့်နေတာကိုး.... ကောင်းပါပြီရှင်၊ ဒါဆိုရင်တော့ ရှီလန် မြို့တော်အုပ်ချုပ်ရေးရုံးကို ပြန်ပြီး သတင်းပို့လိုက်ပါဦးမယ်”
လော့ချန် ခေါင်းညိတ်ပြလိုက်ရာ ထိုမိန်းကလေးငယ်သည် ပေါ့ပါးသွက်လက်လှသော ခြေလှမ်းများဖြင့် ဝမ်းသာအားရ ခုန်ပေါက်လျက် ထွက်ခွာသွားလေတော့သည်။
သူမ၏ ပျော်ရွှင်မြူးထူးနေသော ပုံရိပ်လေး ဝေးကွာပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ပြီးနောက်တွင်မူ ချွီလင်ကျွင်းသည် အရှေ့သို့ လှမ်းထွက်လာခဲ့၏။ သူသည် မိမိ၏ ရင်ထဲ၌ ကာလရှည်ကြာစွာ ကိန်းအောင်းနေသော သံသယမေးခွန်းကို ဆက်လက်၍ မအောင့်အီးနိုင်တော့ပေ။
“ဟိုလေ ဆရာ.... ဆရာက အခုဆိုရင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီပဲဥစ္စာ၊ ဘာဖြစ်လို့ ဒီချီသန့်စင်အဆင့်ပဲရှိတဲ့သူကို ဒီလောက် ရက်ရက်ရောရော ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရတာလဲခင်ဗျာ"
သူမေးလိုက်ခြင်းမှာ လော့ချန်၏ အပြစ်ပြောဖွယ်မရှိသော အပြုအမူ ယဉ်ကျေးမှုကို ဆိုလိုခြင်း မဟုတ်ပေ။ ထိုမိန်းကလေးငယ်အား အပိုမုန့်ဖိုး လျှို့ဝှက်စွာပေးအပ်လိုက်သည်ကို သူတို့အားလုံး အထင်အရှား မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်ပေသည်။
လော့ချန်၏ နှုတ်ခမ်းအစုံသည် အနည်းငယ်မျှ ကွေးညွတ်သွားပြီးနောက် တည်ငြိမ်အေးဆေးစွာပင် ပြန်လည်ဖြေကြားလိုက်၏။
"အဟက်.... ဒီလို လင်ကျွင်းရဲ့၊ အချင်းချင်း လူမှုဆက်ဆံရေးတိုင်းဟာ သူ့ဟာနဲ့သူ အတိုင်းအတာ တခုအထိ အရေးပါတယ်ကွ.... ပြီးတော့ ကိုယ်တိုင်မသိပဲနဲ့တောင် အဲဒီရင်းနှီးမှုတွေကနေတစ်ဆင့် အကျိုးအမြတ်တွေလည်း ပြန်ရနိုင်သေးတယ်"
ထို့နောက် သူသည် ဂူဗိမာန်၏ ကျယ်ပြော၍ လင်းထိန်နေသော ဝင်ပေါက်ကြီးဆီသို့ တစ်ချက် ကြည့်ကာ မေးငေါ့ပြလိုက်သည်။
"လင်ကျွင်း.... မင်း ဒီလို ထိပ်တန်းကျင့်ကြံတဲ့ နေရာကောင်းကို ကြည့်စမ်း၊ ဘယ်သူက မငှားချင်ဘဲ နေမလဲ"
ချွီလင်ကျွင်းသည် မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း အသေအချာ တွေးတောနေသည်။
"ဒါပေမဲ့.... အကြီးအကဲလင်း ငွေပြတ်သွားလို့ ဆရာရလိုက်တာ မဟုတ်ဘူးလားဟင်"
"ဟ.... သူ့မှာ ငွေမရှိတာတော့ ဟုတ်တာပေါ့၊ ဒါပေမဲ့ သူ့မှာ ငွေမရှိရုံနဲ့ တခြားလူတွေမှာလည်း ငွေမရှိဘူးလို့ ဆိုလိုတာမှ မဟုတ်တာကွ"
လော့ချန်သည် ဂူဗိမာန်အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်လိုက်ရာ တခြားသူများကလည်း သူ့နောက်မှ အပြေးအလွှား လိုက်ပါလာကြကုန်၏။ သူတို့ လျှောက်လှမ်းနေစဉ်အတွင်း လော့ချန်က အေးဆေးတည်ငြိမ်စွာဖြင့်ပင် ဆက်လက်ရှင်းပြသည်။
"ဒီထျန်းလန်တောင်ထိပ်ပေါ်မှာရှိတဲ့ ဒုတိယအဆင့် အဆင့်မြင့်ဂူဗိမာန်တွေကို မျက်စိကျနေတဲ့လူတွေ ဒုနဲ့ဒေး ရှိတယ်ကွ၊ ဒီနေရာက ချီစွမ်းအင် သိပ်သည်းဆက ပုံမှန်ထက် နှစ်ဆတောင် ပိုများတာလေ၊ ငါတို့လို ကျင့်ကြံသူတွေအတွက်တော့ ဒါဟာ ပိုပြီးတော့ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မယ့် အခွင့်အရေးပဲ၊ မင်းစဥ်းစားကြည့်…. ငါတို့ ထျန်းလန် နတ်ဘုရားမြို့တော်ကို ရောက်တာ ဘယ်လောက်ပဲ ရှိသေးလို့လဲ.... သုံးနှစ်ပဲ ရှိသေးတယ် မဟုတ်လား၊ ငါ့နာမည်ကို စာရင်းသွင်းပီး စောင့်ခိုင်းထားတဲ့အတိုင်းသာဆို တခြားလူတွေရဲ့ နောက်မှာပဲ တန်းစီနေရဦးမှာ.... အခုကျတော့ ဒီစောင့်နေတဲ့ လူစာရင်းအများကြီးထဲမှာ ဘာလို့ ငါက ဒီဂူဗိမာန်ကို လက်ဦးမှုရယူပြီး ငှားရမ်းနိုင်ခဲ့လဲ မင်း သဘောပေါက်လား...."
ချွီလင်ကျွင်းသည် မျက်မှောင်ကြုတ်လျက် အလေးအနက် စဉ်းစားခန်း ဝင်သွားပြီးနောက် နှုတ်ဆိတ်သွားလေတော့သည်။
တစ်ဖက်တွင်မူ မီလီနှင့် ချိုးရင်းတို့သည် ဤအကြောင်းအရင်းကို အစကတည်းကပင် နားလည်သဘောပေါက်ပြီး ဖြစ်ကြသော်လည်း မည်သည့်စကားမျှ ဝင်ရောက်မပြောဆိုကြပေ။ ဆရာဖြစ်သူ လော့ချန်အနေဖြင့် ဤအခွင့်အရေးကို အသုံးချကာ မိမိ၏ တပည့်ဖြစ်သူအား လက်တွေ့ဘဝ သင်ခန်းစာတစ်ခုကို နမူနာပြ၍ သွန်သင်ဆုံးမနေခြင်း ဖြစ်ကြောင်းကို သူတို့ ကောင်းစွာ သိရှိနေကြသောကြောင့် ဖြစ်ပေသည်။
ဆရာဖြစ်သူ လော့ချန်၏ စကားရိပ်ကို ချွီလင်ကျွင်းသည် အသေအချာပင် စဉ်းစားဆင်ခြင်နေမိတော့သည်။ အမှန်စင်စစ်အားဖြင့်မူ ဤအဆင့်မြင့်ဂူဗိမာန်ကို အချိန်မတိုင်မီ လက်ဦးမှုရယူနိုင်ခဲ့ခြင်းမှာ ရှီလန်၏ မသိမသာ ကူညီစောင့်ရှောက်မှုကြောင့် ဖြစ်သည်မှာ မှန်သော်လည်း နောက်ကွယ်မှ အဓိကအကြောင်းအရင်းမှာမူ ကရုဏာမဲ့နတ်သမီးက လော့ချန်အပေါ် အလေးအနက် တန်ဖိုးထားခြင်းကြောင့်လည်း ဖြစ်ပေသည်။
ထို့အပြင် အဆင့်မြင့်ဂူဗိမာန်များကို ငှားရမ်းလိုပါက အနည်းဆုံး ဆယ်နှစ်သက်တမ်းအတွက် ငှားရမ်းရမည်ဖြစ်ပြီး အငှားခအားလုံးကိုလည်း တစ်ခါတည်း အပြတ်အသတ် ပေးချေရမည် ဖြစ်၏။ လင်းယွီကျစ်သည် ထိုမျှလောက် များပြားလှသော ငွေပမာဏကို တစ်ကြိမ်တည်းနှင့် မတတ်နိုင်ခဲ့သောကြောင့်သာလျှင် ဤမျှအထိ မကျေမနပ်ဖြင့် ထွက်ခွာသွားခဲ့ရခြင်း ဖြစ်ပေသည်။ သို့ရာတွင် လော့ချန်ကိုယ်တိုင်လည်း ထိုမျှလောက် များပြားလှသော ဝိညာဉ်ကျောက်တုံးများကို တစ်ခါတည်း မထုတ်ပေးနိုင်ခဲ့ပေ။ သူသည် နှစ်နှစ်စာအတွက်သာ ပေးနိုင်ခဲ့ပေသည်။
သို့ဖြစ်ပါလျက်နှင့်မှ လင်းယွီကျစ် မလုပ်ဆောင်နိုင်ခဲ့သော အခွင့်အရေးမျိုးကို လော့ချန်ကျမှ အဘယ်ကြောင့် လုပ်ဆောင်ခွင့် ရရှိခဲ့ရသနည်း။
ဤနေရာတွင်ကား ကရုဏာမဲ့နတ်သမီး၏ သြဇာညောင်းမှုသည် စတင်၍ ပါဝင်ပက်သက်လာခဲ့ပြီး ထိုအရာအားလုံးသည်လည်း လော့ချန်၏ ဆေးဖော်စပ်ခြင်း အတတ်ပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များပေါ်တွင်သာ အခြေခံနေပေသည်။
အနှစ်ချုပ်ဆိုရပါက လူတစ်ဦးတစ်ယောက်၏ ကိုယ်ကျင့်သိက္ခာထက် ထိုသူ၏ ကိုယ်စွမ်းဉာဏ်စ ရှိခြင်း မရှိခြင်းကသာ အခြေအနေတခုအား ဆုံးဖြတ်ချက်ချရာတွင် အခရာ ကျလေသည်။
လော့ချန်သည် တွေဝေနေသော ချွီလင်ကျွင်းကို ကြည့်ကာ သက်ပြင်းကို ခပ်ဖွဖွချရင်း ဆက်လက်၍ ဆုံးမလေသည်။
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးနေသေးသရွေ့တော့ မင်းအစွမ်းအစက အကန့်အသတ်ပဲ ရှိနေဦးမှာပဲ၊ အဲဒါကြောင့် ကျင့်ကြံတာကို အဓိက အာရုံမစိုက်ခင် လူမှုဆက်ဆံရေး နယ်ပယ်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မင်း မဖြစ်မနေ သင်ယူထားရမယ်ကွ၊ မဟုတ်ရင် နောင်တစ်ချိန်မှာ မင်း ဘယ်လောက်ပဲ အစွမ်းထက်လာပါစေ.... ကျင့်ကြံခြင်းလောကထဲမှာ ရှေ့ဆက်ဖို့ ခဲယဉ်းနေဦးမှာပဲ...."
ထို့နောက် သူတို့ဂူဗိမာန်အတွင်းသို့ လှမ်းဝင်လိုက်ကြသည်နှင့်တစ်ပြိုင်နက် အနံ့ဆိုးတစ်ခုသည် သူတို့ထံသို့ လွင့်ပျံဝှေ့ယမ်းလာခဲ့၏။
လော့ချန် ချက်ချင်းပင် အလိုမကျဟန် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ ဝတ်ရုံလက်ကို တစ်ချက်ခါလိုက်ရာ ချီစွမ်းအင် အဟုန်ကြီးသည် ဟိန်းဟောက်နေသော လေမုန်တိုင်းတစ်ခုကဲ့သို့ ရှေ့သို့ တိုးဝှေ့ထွက်ပေါ်သွားပြီး ဂူဗိမာန်၏ အရပ်ရပ်သို့ လှည်းပတ်စီးဆင်းသွားတော့သည်။ ထိုအခါ၌ ကျန်ရစ်နေသော အနံ့ဆိုးဟောင်း အကြွင်းအကျန် အားလုံးတို့သည်လည်း လုံးဝဥဿုံ သန့်စင်ဖယ်ရှားခြင်း ခံလိုက်ရလေသည်။
သန့်စင်ခြင်းမှော်အတတ်ကား တကယ့်ကို အစွမ်းထက်လှသော ပညာရပ်တစ်ခုပင် ဖြစ်ပေတော့သည်။
"ကဲ.... အနံ့အသက်ကတော့ ရှင်းသွားပြီဟေ့.... အခု အခန်းတွေကို တစ်ခန်းချင်းစီ သန့်ရှင်းရေး လုပ်ကြတော့"
"ဟုတ်ကဲ့ပါ ဆရာ"
"ကျွန်တော် အခုပဲ စလုပ်လိုက်ပါ့မယ်.... အဖွဲ့ချုပ်ခေါင်းဆောင်...."
သို့နှင့် လော့ထျန်း ဆေးဖော်ဆောင်မှ အဖွဲ့ဝင် လေးဦးသည် ကိရိယာတန်ဆာပလာများကို အလျင်အမြန် ထုတ်ယူ၍ ရှင်းလင်းပြင်ဆင်ရေး အလုပ်စတင်ကြကုန်သည်။
အခန်းတစ်ခန်းကို သန့်ရှင်းရေး လုပ်ဆောင်ပြီးစီးတိုင်း သူတို့သည် စီမာဟွေ့နန်မှ အထူးတလည် ပြင်ဆင်ပေးလိုက်သော ပရိဘောဂပစ္စည်းများကို ထုတ်ယူ၍ နေရာချထားကြသည်။ ရှေးဟောင်း စာအုပ်စင်များ၊ စန္ဒကူးနံ့သာ သစ်သားစားပွဲနှင့် ကုလားထိုင်များ၊ အမွှေးနံ့သာအိုးများ၊ ကုတင်အကြီးစားများ၊ ပန်းကန်ခွက်ယောက်များနှင့် တူများ၊ စာရေးစုတ်တံများ၊ မင်တောင့်များ၊ စာရေးစက္ကူများနှင့် မင်ကျောက်ပြားများ.... စသည်ဖြင့် အမျိုးအစား စုံလင်လှပေသည်။
သူတို့၏ တက်ညီလက်ညီ ကူညီပြင်ဆင်ပေးမှုများကြောင့် တစ်နေ့တည်းဖြင့် ဤဂူဗိမာန်ဟောင်းကြီးသည် လော့ချန်၏ နေချင့်စဖွယ် အိမ်အသစ်အဖြစ်သို့ လုံးဝဥဿုံ ပြောင်းလဲသွားတော့မည် ဖြစ်ပေသည်။
အခြားသူများ အလုပ်ရှုပ်နေကြစဉ်အတွင်း လော့ချန်သည် ဂူဗိမာန်၏ အတွင်းပိုင်းဆီသို့ တစ်လှမ်းချင်း လှမ်းဝင်ခဲ့ပြီး ဆေးဖော်ခန်းထဲသို့ ရောက်ရှိလာခဲ့၏။ သူ ခြေလှမ်းလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ဧရာမ ဖြူဖွေးလှသော ဆေးအိုးကြီးတစ်အိုးသည် သူ၏ အမြင်အာရုံထဲသို့ တိုးဝှေ့ဝင်ရောက်လာပေသည်။
သူသည် ထိုဆေးအိုးကြီးဆီသို့ လှောက်လှမ်းသွားပြီးနောက် လက်ကို ဆန့်ထုတ်၍ ၎င်း၏ မျက်နှာပြင်ထက်ရှိ ထုဆစ်ထားသော ပန်းပုလက်ရာများကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ပွတ်သပ် ဆန်းစစ်ကြည့်မိသည်။ သူ၏ ကိုင်တွယ်ပုံသည် အလွန်ပင် ညင်သာပြီး ရိုသေမြတ်နိုးလှရကား ချစ်သူတစ်ဦး၏ ပါးပြင်ကို ကြင်နာစွာ ပွတ်သပ်နေသည့်အလား ထင်မှတ်ရပေသည်။ သူ၏ မျက်ဝန်းအစုံတွင်လည်း မြတ်နိုးတွယ်တာမှုတို့ဖြင့် ပြည့်နှက်နေ လေသည်။
ဤ ဆေးအိုးကြီးအား အခြားမဟုတ်။ အဆင့်အတန်း မြင့်မြင့် ထုဆစ်ထားသော လော့ချန် အမြဲတစေ စိတ်ကူးယဥ်ခဲ့ရသည့် နှင်းဧကရာဇ် ဆေးအိုးပင် ဖြစ်ပေတော့သည်။
ထိုဆေးအိုးကြီးကို ထုဆစ်ပုံဖော်ရန်အတွက် အဓိကအသုံးပြုထားသော ပစ္စည်းမှာ ရေခဲခံတပ်မှ ရရှိသည့် နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော ဆန်းကြယ်ရေခဲအဆီအနှစ်ဖြစ်ပြီး စတုတ္ထအဆင့်ရှိသော ဝိညာဉ်အဆီအနှစ် ပစ္စည်းတစ်ခု ဖြစ်ပေသည်။ မူလကမူ ၎င်းကို မှော်ရတနာအဆင့်ရှိသော ဆေးအိုးတစ်အိုးအဖြစ် ဖော်စပ်ရန် ရည်ရွယ်ခဲ့ကြသော်လည်း ဆန်းကြယ်ရေခဲ၏ ထူးခြားဆန်းပြားလှသော ဂုဏ်သတ္တိများကြောင့် ထိုကြိုးပမ်းမှုသည် ကျရှုံးခဲ့ရလေသည်။
ဤသို့ကျရှုံးခဲ့သည့်တိုင်အောင် ဤ နှင်းဧကရာဇ် ဆေးအိုးသည် ၎င်း၏ အမျိုးအစားထဲတွင် အကောင်းဆုံး၊ အပြောင်မြောက်ဆုံး ဖြစ်နေဆဲပင် ဖြစ်၏။ သီးသန့်ပုံစံဆွဲ ထုတ်ထားခြင်းကြောင့် ဆေးဖော်စပ်မှုအပေါ် ပံ့ပိုးပေးနိုင်စွမ်းသော အာနိသင်တို့သည် လုပ်ဆောင်ချက်စုံလင်လှသည့် မှော်ရတနာအဆင့်ရှိသော ဆေးအိုးအမြောက်အမြားနှင့် ရင်ပေါင်တန်းနိုင်စွမ်း ရှိပေသည်။
ဥပမာအားဖြင့် လော့ချန်၏ ကိုယ်ပိုင် လေးရောင်ခြယ်ဆေးအိုးဆိုပါက အများဆုံး ဆေးကုန်ကြမ်း လေးပုံမှ ငါးပုံခန့်ကိုသာ ဖော်စပ်နိုင်စွမ်း ရှိပေသည်။ ၎င်း၏ လုပ်ဆောင်ချက် အမြောက်အမြားကြောင့် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်အတွင်း လက်ကွက်များကို အဆက်မပြတ် ပြောင်းလဲအသုံးပြုခဲ့ရသည်။ ထိုကဲ့သို့ စွယ်စုံသုံးနိုင်မှုသည် စာအုပ်ကြီးအတိုင်း တွေးကြည့်လျှင် အထင်ကြီးစရာ ကောင်းလှသော်လည်း လက်တွေ့ကိုင်တွယ် အသုံးပြုရာတွင်မူ အလွန်အမင်း ရှုပ်ထွေးပွေလီလှပေသည်။
အခြားတစ်ဖက်တွင်မူ နှင်းဧကရာဇ် ဆေးအိုးကား ဆေးဖော်စပ်ခြင်းဆိုင်ရာ ရိုးရှင်းမှုနှင့် စွမ်းအားတို့၏ အမြင့်မြတ်ဆုံး ထိပ်တန်းအဆင့် ဖြစ်ပေသည်။ ၎င်းသည် ဆေးကုန်ကြမ်း ဆယ်ပုံတိတိကို တစ်ပြိုင်နက်တည်း ဖော်စပ်နိုင်စွမ်း ရှိသည့်အပြင် ကိုင်တွယ်အသုံးပြုပုံမှာလည်း အလွန်ပင် ရိုးရှင်းလွယ်ကူလှ၏။ ၎င်းအပေါ်တွင် ထုဆစ်ထားသော အစီအရင်အားလုံးသည်လည်း ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်အတွက်သာ သီးသန့်ရည်ရွယ်ထားသော ပံ့ပိုးကူညီမှုဆိုင်ရာ အစီအရင်သက်သက်သာ ဖြစ်ကြကုန်သည်။ ဥပမာအားဖြင့် ဒုတိယအဆင့်ဖြစ်သော မီးတောက်ပြောင်းလဲခြင်း အစီအရင်၊ ဒုတိယအဆင့်ဖြစ်သော ကံစမ်းသစ်သား အစီအရင်၊ ဒုတိယအဆင့်ဖြစ်သော ဆေးလုံးတည်ငြိမ်ခြင်း အစီအရင်နှင့် တတိယအဆင့်ရှိပြီး ထူးခြားဆန်းပြားလှသော တိမ်တိုက်စုစည်းခြင်း အစီအရင်တို့ပင် ဖြစ်ကြပေသည်။
ဤ တိမ်တိုက်စုစည်းခြင်းဟူသော အသုံးအနှုန်းသည် ရာသီဥတု မိုးလေဝသနှင့် အလျင်းသက်ဆိုင်ခြင်း မရှိပေ။ ထိပ်တန်းအဆင့်ရှိသော မည်သည့်ဆေးလုံးမဆို ဆေးလုံးအဆင်တန်ဆာ ပုံရိပ်များ ထွက်ပေါ်လာတတ်ပြီး ထိုအဆင်တန်ဆာများသည် တစ်ခါတစ်ရံတွင် လွင့်မျောနေသော တိမ်တိုက်များနှင့် ဆင်တူသည်ကို ကျင့်ကြံသူတိုင်း ကောင်းစွာ သိရှိကြကုန်၏။ ထို့ကြောင့်ပင် ဆေးလုံးအဆင်တန်ဆာများကို တစ်ခါတစ်ရံတွင် တိမ်တိုက်အဆင်တန်ဆာဟူ၍လည်း ခေါ်ဆိုကြပေသည်။ တတိယအဆင့်ရှိသော တိမ်တိုက်စုစည်းခြင်း အစီအရင်၌မူ ထိုဆေးလုံးအဆင်တန်ဆာများကို ပိုမိုသိပ်သည်း ထင်ရှားလာအောင် စုစည်းပေးနိုင်သည့် ထူးခြားဆန်းပြားသော စွမ်းပကား ရှိပေသည်။ ထိုအစီအရင်၏ အကူအညီကြောင့် ဆေးဖော်စပ်ခြင်းဆိုင်ရာ ထိရောက်မှု အာနိသင်သည်လည်း ကောင်းကင်ယံထက်သို့ ထိုးတက်သွားသကဲ့သို့ တစ်ဟုန်ထိုး မြင့်မားလာရတော့မည် ဖြစ်၏။
ထို့ကြောင့်ပင် ဤဆေးအိုးကြီးသည် လော့ချန်အတွက်မူ ရင်နှစ်သည်းခြာ ဆေးအိုးကြီးပင် ဖြစ်တော့သည်ဟု ဧကန်မသွေ ပြောဆိုနိုင်ပေသည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၈၂) - ဆရာ့လမ်းညွှန်မှုနှင့် လက်တွေ့သင်ခန်းစာ
တိတိကျကျ ဆိုရလျှင် ဤဆေးအိုး၏ အဆမတန်ကြီးမားလွန်းနေသည့်အချက်မှာ အားနည်းချက်တစ်ခုတော့ မဟုတ်ပေ။
ရှီလန် ချန်ထားခဲ့သော မှတ်တမ်းအထောက်အထားများအရ ဤဆေးအိုးကို မူလက ဂိုဏ်းကြီးတစ်ခုလုံး၏ အကျိုးအတွက် ရည်ရွယ်ကာ အမြင့် သုံးလံကျော်အထိ ထည်ဝါကြီးမားစွာ ပုံစံထုတ် သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ဆေးအိုးကြီးများကို ဟိုမှသည်သို့ သယ်ဆောင်ရန်အတွက် မဟုတ်ဘဲ ရေခဲခံတပ်၏ ဆေးနန်းတော်အတွင်း၌ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးများ အခိုင်အမာ တပ်ဆင်အသုံးပြုရန် သီးသန့် ဖန်တီးထားခြင်း ဖြစ်၏။
မူလသွန်းလုပ်မှုစံနှုန်းနှင့် ယှဉ်ကြည့်လျှင် လော့ချန်၏ ဤဆေးအိုးမှာ သွန်းလုပ်မှုအတတ်ပညာအရ စံမမှီသဖြင့် အပြစ်အနာအဆာပါသော ရတနာ တစ်ခုသာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြားလည်း မူလပုံစံထက် သေးငယ်နေစေဦးတော့၊ ၎င်း၏ ဝင်ဆံ့မှုက သာမန် သိုလှောင်အိတ်များ၏ ဝင်ဆံ့နိုင်စွမ်းထက် များစွာ ကျော်လွန်နေဆဲပင်။
ထိုအချက်ကို တွေးမိရင်း လော့ချန် မရယ်ဘဲ မနေနိုင်တော့ချေ။
“ဟား ဟား.... ကရုဏာမဲ့နတ်သမီးက ငါ ဒီအိုးကြီးကို ခိုးပီး မ မသွားအောင် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတာ နေမှာပါ...."
သူသည် ရယ်မောလိုက်ပြီးနောက် လက်ကွက်တစ်ခုကို လျင်မြန်စွာ ဖော်ဆောင်ကာ အောက်ခြေရှိ မြေအောက်မီးကို လှုံ့ဆော်ညွှန်ကြားလိုက်တော့သည်။
ချက်ချင်းပင် မီးလျှံမျှင်လေးတစ်ခုသည် မီးတစ္ဆေမြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက် ထွက်ပေါ်လာ၏။ ထိုမီးလျှံမှာ သေးငယ်လှသော်လည်း ဖြာထွက်လာသော ပြင်းထန်လှသည့် အပူရှိန်ကြောင့် လော့ချန်၏ မျက်တောင်များပင် ဖျတ်ခနဲ တုန်ခါသွားရလေသည်။
ဤအပူရှိန်သည် အခြေတည်အဆင့်သို့ အသစ်စက်စက် တက်လှမ်းခါစ ကျင့်ကြံသူတစ်ဦး၏ စစ်မှန်သောမီးစွမ်းအားနှင့် ရင်ပေါင်တန်းနိုင်ပေသည်။
သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
“အော် ဒုတိယအဆင့် မြေအောက်မီး ဖြစ်နေတာ မဆန်းတော့ပါဘူးလေ...."
အမှန်စင်စစ် အခြေတည်အဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူတိုင်းသည် စစ်မှန်သောမီးနည်းစနစ်ကို ထုတ်ဖော်အသုံးပြုနိုင်ကြစမြဲ ဖြစ်သည်။ ၎င်းတို့၌ မည်သည့် ဝိညာဉ်အမြစ်ပင် ပါရှိသည်ဖြစ်စေ၊ မီးဓာတ် ဝိညာဉ်အမြစ်ကင်းမဲ့နေသူများပင်လျှင် ထိုမီးလျှံကို ဆင့်ခေါ်နိုင်ကြ၏။ အကြောင်းမူကား ၎င်းမီးလျှံသည် သဘာဝမီးဓာတ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိဘဲ ခန္ဓာကိုယ်အတွင်းရှိ အရည်ပျော်စပြုနေသော ချီစွမ်းအင်အဆီအနှစ်များ ပြင်းထန်စွာ တောက်လောင်ကျွမ်းခြင်းကြောင့် ဖြစ်လေသည်။ ထိုစွမ်းအင်သည် မီးဓာတ်နှင့် ဆင်တူသော ဖျက်ဆီးအား၊ ပေါက်ကွဲအားတို့ဖြင့် လောင်ကျွမ်းတတ်သောကြောင့်သာ စစ်မှန်သောမီးဟု အမည်သမုတ်ထားခြင်း ဖြစ်သည်။
သို့သော်ငြားလည်း ကျင့်ကြံသူများသည် အချိန်အတော်များများတွင် ဤ စစ်မှန်သောမီးကို အလွယ်တကူ ထုတ်ဖော်အသုံးပြုလေ့မရှိကြချေ။ ၎င်းမှာ ကိုယ်တွင်းစွမ်းအင်ကို အလွန်အမင်း ကုန်ခမ်းစေပြီး မိမိတို့ ခဲခဲယဉ်းယဉ်း စုဆောင်းထားရသော အဖိုးတန် ဝိညာဉ်အဆီအနှစ်စွမ်းရည်များကို အလဟဿ ဖြုန်းတီးပစ်သကဲ့သို့ ဖြစ်နေ၍ ဖြစ်သည်။
သို့ရာတွင် ဆေးဖော်စပ်ခြင်း သို့မဟုတ် လက်နက်သွန်းလုပ်ခြင်းကဲ့သို့ ရုတ်တရက် ပြင်းထန်လှသော အပူရှိန်ကို လိုအပ်သည့် အခါမျိုးတွင်သော်လည်းကောင်း၊ တစ္ဆေမိစ္ဆာကဲ့သို့ ရုပ်နာမ်မဲ့သော နာမ်ဝိညာဉ်များနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် အခါမျိုးတွင်သော်လည်းကောင်း ထိုစစ်မှန်သောမီးသည် ကြီးမားလှသော အဖျက်စွမ်းအားကို ပေးစွမ်းနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းကို ထုတ်သုံးခြင်းမှာ စွမ်းအင်အမြောက်အမြား ပေးဆပ်ရသည့် ဖြုန်းတီးမှုတစ်ခုသာ ဖြစ်သဖြင့် မည်သည့် ကျင့်ကြံသူမျှ ၎င်းကို အချိန်ပြည့် မပြတ်တမ်း မသုံးစွဲနိုင်ကြချေ။ ယခုအခါ ဤဒုတိယအဆင့် မြေအောက်မီး ရှိနေပြီဖြစ်သဖြင့် လော့ချန်အနေဖြင့် ဆေးဖော်စပ်ရာတွင် သူ၏ ကိုယ်ပိုင် စစ်မှန်သောမီးကို အားကိုးအမှီပြုရန် မလိုအပ်တော့ပေ။
အထူးသဖြင့် ဒုတိယအဆင့် ဆေးလုံးများ ဖော်စပ်သည့်အခါမျိုးတွင် ဖြစ်ပေသည်။ ကျောက်စိမ်းနှင်းစက်ဆေးလုံးများကို ဖော်စပ်သည့်အခါတိုင်း သူသည် မိမိ၏ စစ်မှန်သောမီးကို အကြိမ်ကြိမ် ပင်ပန်းခံ ထုတ်ဖော်အသုံးပြုရသဖြင့် ကိုယ်တွင်း ချီစွမ်းအင်များ သိသိသာသာ ဆုတ်ယုတ်လျော့နည်းသွားတတ်သည်။ ထို့ကြောင့်ပင် သူသည် ကရုဏာမဲ့နတ်သမီးထံမှ ဤဒုတိယအဆင့် မြေအောက်မီးကို ရဲရဲဝံ့ဝံ့ ဇွတ်အတင်း တောင်းဆိုခဲ့ခြင်း ဖြစ်ကာ ပါးနပ်လှသော သူမကလည်း အကျိုးအကြောင်းကို ချက်ချင်းပင် ရိပ်မိနားလည်ခဲ့ခြင်း ဖြစ်၏။
“အင်း.... နှင်းဧကရာဇ်ဆေးအိုးက ချီစွမ်းအင် ပိုပြီး စုပ်ယူ ကုန်ခမ်းစေနိုင်တာ အမှန်ပဲ.... ဒါပေမဲ့ ဒီဒုတိယအဆင့် မြေအောက်မီးက ငါ့ရဲ့ ကိုယ်တွင်းစွမ်းအား ကုန်ဆုံးမှုကို အများကြီး ပြန်ပြီး သက်သာစေတော့ ဒါဟာ တစ်ခုနဲ့တစ်ခု အားမျှသွားတာပါပဲလေ.... ပြီးတော့ ဆေးဖော်စပ်တဲ့နေရာမှာ အထွက်နှုန်းပိုတက်လာမှာဆိုတော့ ငါ့အတွက် အမြတ်ပိုကျန်တာပေါ့လေ...."
လော့ချန် အလွန်ပင် ကျေနပ်နေတော့သည်။ သူ သိုလှောင်အိတ်အတွင်းသို့ လက်လှမ်းနှိုက်ကာ ရှားပါးဝိညာဉ်ဆေးပင်များစွာကို ထုတ်ယူပြီး ဧရာမ ဆေးအိုးကြီးအတွင်းသို့ စနစ်တကျ ထည့်သွင်းလိုက်၏။
ချက်ချင်းပင် ဒုတိယအဆင့် မြေအောက်မီးသည် ဆေးအိုးကြီး၏ အောက်ခြေတွင် ညင်သာစွာ စတင်တောက်လောင်လာပြီး ဆေးပင်များကို သန့်စင်ရန်အတွက် တိကျသေချာလှသော အပူရှိန်စံနှုန်းဖြင့် အရှိန်အဟုန်မပျက် လောင်ကျွမ်းနေလေတော့သည်။
ဤသည်မှာ ဆေးလုံးများ စတင်ဖော်စပ်ရန် မဟုတ်ဘဲ ဆေးအိုးကြီးကို အပူပေးရန်သာ ဖြစ်ပေသည်။ သာမန်လူ့လောက၌ အိုးအသစ်များကို အသုံးမပြုမီ ဘေးဘောင်ခိုင်ခန့်စေရန် မီးအပူပေးရသကဲ့သို့ပင် ဤကဲ့သို့သော ထိပ်တန်းအဆင့် ဆေးအိုးကြီးများကိုလည်း အစောပိုင်း၌ မီးအပူရှိန်ဖြင့် စနစ်တကျပြင်ဆင်ပေးရန် မဖြစ်မနေ လိုအပ်လှသည်။
ဤဆေးအိုးကြီးမှာ သွန်းလုပ်ပြီးစ အသစ်စက်စက် ဖြစ်နေသည်မှာ ထင်ရှားလှသဖြင့် လော့ချန်သည် ၎င်းကို ကောင်းမွန်စွာ အသုံးမချမီ ဤလုပ်ငန်းစဉ်ကို အသေးစိတ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ တစ်ပြိုင်တည်းမှာပင် သူသည် ဆေးအိုးမျက်နှာပြင်ပေါ်ရှိ အစီအရင်တစ်ခုချင်းစီ၏ စွမ်းဆောင်ရည်ကိုလည်း စမ်းသပ်စစ်ဆေးကြည့်နေလေသည်။
တောက်လောင်နေသော မီးလျှံများနှင့် ချီစွမ်းအင်တို့သည် ဆေးအိုးကြီး၏ မျက်နှာပြင်ထက်တွင် ကခုန်မြူးထူးနေကြရင်း အချိန်နာရီများစွာသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့တော့သည်။
မွန်းလွဲပိုင်းအချိန်သို့ ရောက်ရှိမှသာ သူ၏ ဆေးအိုးအပူပေးခြင်း လုပ်ငန်းစဉ်သည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ရသည်။
လော့ချန် ဆေးဖော်စပ်ခန်းအတွင်းမှ အေးဆေးစွာ ထွက်လာသောအခါတွင်မူ အပြင်ဘက်ရှိ ဂူဗိမာန်ဟောင်းကြီးတစ်ခုလုံးမှာ ယခင်နှင့်မတူဘဲ လုံးဝ ဥဿုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။
ယခင် လင်းယွီကျစ် နေထိုင်ခဲ့စဉ်က အကြွင်းအကျန် အစအန တစ်ခုမျှပင် မကျန်ရှိတော့ချေ။ ထိုအရာများ၏အစား ရှေးဆန်ပြီး ကျော့ရှင်းလှသော ပရိဘောဂအဆောင်အယောင်များဖြင့် ပြည့်နှက်နေသည့် သဟဇာတဖြစ်သော၊ သန့်ရှင်းစင်ကြယ်သော ခိုလှုံရာ နတ်ဘုံနတ်နန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
အခန်းတိုင်းရှိ ကျောက်နံရံထက်၌ မြှုပ်နှံထားသော လမင်းကျောက်တုံးများက အေးချမ်းနွေးထွေးသော လရောင်ခြည်ကို ဖြာထွက်ပေးနေကြ၏။ ဂူဗိမာန်၏ ထောင့်စွန်းများတွင်မူ ပထမအဆင့် ဝိညာဉ်စမ်းချောင်းငယ်များသည် တသွင်သွင် စီးဆင်းနေကြကာ ထိုကြည်လင်လှသော စမ်းရေပြင်အတွင်း၌ ဆန်းကြယ်သော ဝိညာဉ်ငါးအချို့မှာ အေးအေးလူလူ ကူးခတ်ဆော့ကစားနေကြလေသည်။
ဆေးဖော်စပ်ခန်းနှင့် တိုက်ရိုက် ဆက်သွယ်ထားသော ဝိညာဉ်ဆေးပင်သိုလှောင်ခန်း အတွင်း၌မူ ပိုင်မေလင်းက လော့ချန် အမြဲတစေ အသုံးပြုလေ့ရှိသော ရှားပါးဆေးဖက်ဝင်အပင်များနှင့် ဆေးကုထုံးပစ္စည်းများကို အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားစီစဉ်ပေးထားပြီး ဖြစ်၏။
ဧည့်ခန်းရှိ ကျောက်အမွှေးတိုင်အိုးကြီးမှ စိတ်အာရုံကို ကြည်လင်စေမည့် နံ့သာမွှေးရနံ့များ လေထုထဲတွင် သင်းပျံ့လွင့်ပျံ့နေသည်။ ထိုအမွှေးတိုင်ကို မီလီက ခေါင်းဆောင် စိတ်လက်အပန်းပြေစေရန်အတွက် သေချာစွာ ရွေးချယ်ကာ ထွန်းညှိပေးထားခြင်း ဖြစ်လေသည်။
“အဖွဲ့ခေါင်းဆောင်...."
မီလီက လော့ချန်ကို မြင်တွေ့လိုက်ရသည်နှင့် ဆတ်ခနဲ မတ်တတ်ရပ်ကာ ရိုသေခန့်ညားစွာ ခေါ်လိုက်၏။
လော့ချန်က နူးညံ့စွာ ခေါင်းညိတ်ပြရင်း ပြန်လည်နှုတ်ဆက်လိုက်သည်။ သူသည် ကျယ်ဝန်းထည်ဝါပြီး ချီစွမ်းအင်များဖြင့် လန်းဆန်းအေးမြနေသော ဂူဗိမာန်အသစ်ကြီးကို တစိမ့်စိမ့် ဝေ့ဝဲကြည့်ရှုရင်း ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲနှင့် စိတ်ကျေနပ်မှုကို အပြည့်အဝ ခံစားလိုက်ရတော့သည်။
ကျင့်ကြံခြင်းလမ်းစဉ်ပေါ်၌ နှစ်ပေါင်းများစွာ အသက်ဘေးအန္တရာယ်များကို ကျော်ဖြတ်ကာ ကြိုးစားအားထုတ်ခဲ့ပြီးနောက်တွင် သူသည် နောက်ဆုံး၌ ကျင့်ကြံသူတစ်ဦးအတွက် ဂုဏ်သိက္ခာနှင့် ညီမျှသည့် သင့်လျော်ထိုက်တန်သော ခိုလှုံရာအိမ်ဂေဟာတစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ မြို့တော်အာဏာပိုင်များထံမှ ခေတ္တငှားရမ်းထားခြင်း ဖြစ်စေဦးတော့ သူ့အတွက်မူ အခြေချရန် လုံလောက်လှပေသည်။
“ကိုင်း.... ကိုင်း.... အားလုံးပဲ ပင်ပန်းသွားကြပြီ၊ ခဏလောက် နားကြဦး...."
လော့ချန်က အေးဆေးစွာ ဆိုရင်း ဧည့်ခန်းရှိ သားရေကုလားထိုင်ရှည်ပေါ်သို့ ကိုယ်ကိုပစ်ကာ ထိုင်ချလိုက်ပြီး ကျန်ရှိသောသူများကိုလည်း မိမိအနားသို့ စုဝေးလာရန် လက်ဟန်ပြလိုက်တော့သည်။
ဤထိုင်ခုံသည် စီမာဟွေ့နန်က လော့ချန်၏ သက်တောင့်သက်သာရှိမှုအတွက် အထူးတလည် စီမံပေးထားခြင်း ဖြစ်ကာ အတွင်း၌ နူးညံ့သော ဝိညာဉ်ငှက်မွေးများ ဖြည့်သွင်းထားပြီး ပြင်ပကိုမူ အဆင့်မြင့် မိစ္ဆာသားရဲတို့၏ သားရေအဆီအနှစ်ဖြင့် ဖုံးအုပ်ချုပ်လုပ်ထားခြင်း ဖြစ်၏။ သူ ကိုယ်ကိုမှီကာ ထိုင်လိုက်သည်နှင့် တပြိုင်နက် တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့သော ခန္ဓာကိုယ်တစ်ခုလုံးမှာ ချက်ချင်းပင် နွေးထွေးသက်တောင့်သက်သာ ဖြစ်သွားတော့သည်။
ဤကဲ့သို့သော ဇိမ်ခံပစ္စည်းမှာ တစ်သက်လုံး ကျင့်ကြံအားထုတ်ခြင်း၌သာ စိတ်ဝိညာဉ်ကို မြှုပ်နှံထားတတ်သည့် လော့ချန်၏ ပုံရိပ်နှင့် အနည်းငယ် မလိုက်ဖက်သယောင် ရှိနေသော်လည်း သူကမူ ထိုအချက်ကို အမှုထား ဂရုစိုက်မနေချေ။
ကျင့်ကြံခြင်းလမ်းစဉ်ပေါ်၌ နှစ်ပေါင်းများစွာ တစ်ဒင်္ဂမျှ မနားမနေ သွေးချွေးရင်းကာ ကြိုးစားခဲ့ရသူတစ်ဦးအဖို့ ယခုကဲ့သို့ အနည်းငယ်သော သက်တောင့်သက်သာရှိမှုကို ရှာဖွေခံစားခြင်းမှာ အပြစ်ဆိုဖွယ်မရှိပေ။ ဤကဲ့သို့သော စည်းစိမ်ချမ်းသာမျိုးမှာ သူ နေ့စဉ်နှင့်အမျှ စွဲလမ်းနှစ်သက်နေမည့် အရာမျိုး မဟုတ်သော်လည်း တစ်ခါတစ်ရံတွင် ရရှိတတ်သော ဤသို့သော စိတ်အပန်းပြေမှု နူးညံ့မှုမျိုးက ရှေ့ဆက်ရမည့် ကျင့်ကြံခြင်းလမ်းစဉ်အတွက် ခွန်အားသစ်များကို တိုးပွားပေးစွမ်းနိုင်ပေသည်။
သူသည် မိမိ၏ ရှေ့မှောက်၌ တရိုတသေ ထိုင်နေကြသော လူလေးဦးထံသို့ မျက်နှာမူလိုက်၏။
“ကဲ.... နောက်ပိုင်း မင်းတို့တွေ ဆေးဖော်စပ်တဲ့နေရာမှာ ဘာအခက်အခဲတွေ တွေ့ကြုံနေရလဲ.... ငါ ဒီနေ့ ခဏအားနေတာနဲ့ အတော်ပဲ.... မင်းတို့ စိတ်ထဲမှာ ဇဝေဇဝါဖြစ်ပြီး သိချင်နေတာတွေကို တစ်ခါတည်း လမ်းညွှန်ပီး သိသလောက်အကုန် ဖြေပေးမယ်...."
လော့ချန်၏ စကားအဆုံးတွင် ထိုလူလေးဦးမှာ ဝမ်းပန်းတသာဖြစ်သွားကြသည်။ ဤကဲ့သို့သော ဆရာ့ထံမှ လမ်းညွှန်မှုအခွင့်အရေး ရောက်ရှိလာမည်ကို အစကတည်းက ကြိုတင်မျှော်လင့် တောင့်တနေခဲ့ကြပုံရပေသည်။
ထို့နောက် ချွီလင်ကျွင်းကပင် အရင်ဆုံး ဦးဆောင်၍ စကားစတင်ပြောကြားလိုက်သည်။ သူတို့အုပ်စုထဲတွင် လင်ကျွင်း၏ ဆေးဖော်စပ်မှု အတတ်ပညာမှာ အထက်မြက်ဆုံးဖြစ်ကာ ယခုအခါ အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံးများကိုပင် ပျက်ကွက်မှုမရှိဘဲ တည်ငြိမ်စွာ ဖော်စပ်နိုင်နေပြီ ဖြစ်၏။ သို့သော်ငြားလည်း သူသည် ဆေးဖော်ပညာရပ်ကို ပိုမိုနက်နဲစွာ လေ့လာလိုက်စားလေလေ မိမိ၏ မပြည့်စုံသေးသော မသိနားမလည်မှုများကို ပိုမို၍ မြင်တွေ့သဘောပေါက်လာလေလေ ဖြစ်တော့သည်။
သူ၏ ရင်ထဲတွင် မဖြေရှင်းနိုင်သော သံသယမေးခွန်းများစွာ ကိန်းအောင်းနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ပေသည်။ အချို့သော မေးခွန်းများမှာ ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်ခြင်းနှင့် တိုက်ရိုက်ပတ်သက်နေပြီး အချို့မှာမူ မီးလျှံ ထိန်းချုပ်ခြင်းအတတ်၊ ဝိညာဉ်ဆေးပင်များ၏ ဆေးဖက်ဝင်ဂုဏ်သတ္တိများနှင့် ယေဘုယျ ဆေးဖော်စပ်မှု လက်ကွက်များနှင့် သက်ဆိုင်နေကြ၏။
ယခုအခါတွင်မူ ကျိုးပျက်သွားသော ဆည်ရိုးတစ်ခုမှ ရေလုံးကြီးများ ဒလဟော စီးဆင်းလာသကဲ့သို့ သူ၏ ရင်ထဲမှ မေးခွန်းများမှာ တစ်ခုပြီးတစ်ခု မရပ်မနား ထွက်ပေါ်လာတော့သည်။
လော့ချန်သည် ထိုနက်နဲလှသော သံသယများအနက် အများစုကို ဆရာတစ်ဦး၏ ဝတ္တရားအတိုင်း စိတ်ရှည်လက်ရှည် ခွဲခြားရှင်းလင်း လမ်းညွှန်ဖြေကြားပေးခဲ့၏။ လက်တွေ့ ကိုယ်တိုင်ပြသရန် လိုအပ်လှသည့် နည်းစနစ်အချို့ကိုမူ နောင်တစ်ချိန် ဆေးဖော်စပ်ခန်းအတွင်း ဆေးလုံးဖော်စပ်မည့် အခါသမယကျမှသာ သေချာစွာ ထပ်မံရှင်းပြရန်အတွက် စိတ်ထဲ၌ မှတ်သားထားလိုက်လေသည်။
ချွီလင်ကျွင်း မေးမြန်းပြီးနောက်တွင် မီလီ၊ ချိုးရင်းနှင့် မာရှို့ဖူတို့ကလည်း မိမိတို့၏ သံသယများကို အလှည့်ကျ ဆက်လက်မေးမြန်းကြလေသည်။
မေးခွန်းများမှာ ယခင်လူများနှင့် ထပ်တူကျနေပါက လော့ချန်က ဘေးဖယ်ကျော်ခိုင်းလိုက်၏။ အကယ်၍ အလွန်အမင်း အခြေခံဆန်ပြီး ရိုးရှင်းလွန်းနေပါကလည်း လော့ချန် သူတို့အား တိုက်ရိုက်အဖြေထုတ်၍ လမ်းမပြပေးခဲ့ချေ။ ထိုသို့ပြုမည့်အစား သူတို့ကိုယ်တိုင် တွေးတောဆင်ခြင်ကာ အလင်းပွင့် နားလည်သဘောပေါက်သွားစေရန်အတွက် ရှေးဟောင်းပုံပြင် ဥပမာများနှင့် နက်နဲသော ပုံခိုင်းနှိုင်းချက်များကိုသာ အသုံးပြု၍ ပါးနပ်စွာ လမ်းညွှန်ပြသပေးခဲ့သည်။
ဤသို့ဖြင့် ဆရာနှင့်တပည့်များအကြား ဆွေးနွေးကြသည့် အမေးအဖြေကဏ္ဍကြီးသည် နေဝင်ရိုးရီ ညနေစောင်းအချိန်အထိ တရွေ့ရွေ့ ကြာမြင့်သွားခဲ့တော့သည်။
နောက်ဆုံးတွင်မူ လော့ချန်သည် သားရေကုလားထိုင်ရှည်ပေါ်မှ ထရပ်လိုက်ပြီး ကိုယ်လက်အကြောဆန့်လိုက်၏။
“ကဲ.... လာကြ.... အားလုံးပဲ ဆေးဖော်စပ်ခန်းထဲကို လိုက်ခဲ့...."
သူ သဘောကျစွာ ပြုံးလျက် ဆိုလိုက်သည်။
“ဒီနေ့ ငါ မင်းတို့ရှေ့မှာ ချီလမ်းကြောင်းဆေးလုံးကို ကိုယ်တိုင် ကိုယ်ကျ ဖော်စပ်ပြမယ်၊ ဒါက ပထမအဆင့် ဝိညာဉ်ဆေးလုံးတွေထဲမှာ ဖော်စပ်ရ အရှုပ်ထွေးဆုံးနဲ့ အခက်ခဲဆုံး ဆေးလုံးတစ်မျိုးပဲ၊ စိတ်အာရုံကို စုစည်းပြီး သေချာ ဂရုတစိုက် ကြည့်ထားကြ.... မင်းတို့တွေ ဘယ်လောက်အထိ ရိပ်မိတတ်မြောက်သွားမလဲ ဆိုတာကတော့.... မင်းတို့ရဲ့ ကိုယ်ပိုင် ဉာဏ်ပါရမီအပေါ်မှာပဲ လုံးဝ မူတည်လိမ့်မယ်...."
သူတို့တစ်သိုက်သည် ဆရာဖြစ်သူ လော့ချန်၏ နောက်မှ တရိုတသေ လိုက်ပါလာကြသည်။
ဆေးဖော်စပ်ခန်းအတွင်းသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်နှင့် ချွီလင်ကျွင်းနှင့် ကျန်ရှိသော သူများသည် အံ့သြမှင်တက်သွားရလျက် ခြေလှမ်းများ ဖျတ်ခနဲ ရပ်တန့်သွားကြတော့သည်။ သူတို့၏ ခန္ဓာကိုယ်ထက် သုံးဆမျှ သာလွန်မြင့်မားလှသော ဧရာမ ဆေးအိုးကြီးကို မော့လျက် ငေးမောကြည့်ရှုနေမိကြ၏။ ယခင်က လေးရောင်ခြယ်ဆေးအိုးကို ကြီးမားလှပြီဟု ထင်မှတ်ခဲ့ကြသော်လည်း ယခု မြင်တွေ့ရသော ဆေးအိုးကြီး၏ ခန့်ညားထည်ဝါမှုမှာမူ သာမန်အတိုင်းအတာထက် ကျော်လွန်ကာ အခြားတစ်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်ငြားလည်း အထွတ်အထိပ် ဆေးဖော်ဆရာကြီးများ အသုံးပြုသော ဆေးအိုးများသည် ဤထက်ပင် ပိုမိုဆန်းကြယ်ထူးခြားတတ်ကြောင်းကိုမူ သူတို့ သိရှိကြခြင်း မရှိချေ။ အချို့သော ဆေးအိုးကြီးများသည် ခဲခဲယဉ်းယဉ်းနှင့် အလွယ်တကူ မချေဖျက်နိုင်သော အဖိုးတန် ဝိညာဉ်ကုန်ကြမ်းပစ္စည်းများကို မြောက်မြားစွာ ထည့်သွင်းသန့်စင်နိုင်ရန်အတွက် ဧရာမ ကျောက်တောင်ကြီးများကဲ့သို့ ထွားကျိုင်းကြီးမားတတ်ကြသည်။ အချို့သော ရတနာများမှာမူ ဆန့်ကျင်ဘက်အားဖြင့် အလွန်ပင် သေးငယ်ကျစ်လျစ်လှသော သွန်းလုပ်မှုစံနှုန်းကြောင့် ကျော်ကြားလှပေသည်။
လော့ချန် သိရှိထားသလောက်မူ အချို့သော ဆေးဖော်ကိရိယာများသည် သေးငယ်လွန်းသော ပုံစံစံနှုန်းကြောင့် ပိုမိုထင်ရှားတတ်ကြ၏။
ဥပမာအားဖြင့် ဆေးဘုရင်ဂိုဏ်းအတွင်း၌ သန့်စင်မှုအလွှာ သုံးလွှာအထိ ပါရှိကာ ထူးခြားဆန်းပြားလှသော ဆေးဖော်အာနိသင်ရှိခြင်းကြောင့် ကျော်ကြားလှသည့် နေလစန္ဒာဆေးအိုးဟု သမုတ်သော ဆေးအိုးငယ်လေးပင် ရှိပေသည်။ ထိုရတနာသည် ပထမအဆင့်မှ တတိယအဆင့်အထိ ဝိညာဉ်ဆေးလုံးများသာမက အချို့သော စတုတ္ထအဆင့် အဆင့်မြင့်ဆေးလုံးများကိုပင် ဘေးထွက်ဆိုးကျိုးမရှိ ဖော်စပ်နိုင်စွမ်းရှိသည်။ ထို နေလစန္ဒာဆေးအိုးကဲ့သို့သော ရတနာမှာ လက်ရှိ လော့ချန်အတွက်မူ လက်လှမ်းမမီနိုင်သေးသော အရာပင် ဖြစ်၏။
သို့သော်လည်း ယခုလောလောဆယ်တွင်မူ ဤအသစ်စက်စက် အဆင့်မြင့် နှင်းဧကရာဇ် ဆေးအိုးကြီးသည်ပင် သူ့အတွက် လုံလောက်လှပြီ ဖြစ်ပေတော့သည်။
၎င်းကို ပထမဆုံးအကြိမ် လက်တွေ့ ထုတ်ဖော်အသုံးပြုခြင်း ဖြစ်လင့်ကစား လော့ချန်၏ စိတ်အခြေအနေမှာ လှိုင်းမထသော ရေပြင်ပမာ တည်ငြိမ်နေပေသည်။ သူသည် ချီလမ်းကြောင်းဆေးလုံးကို ဖော်စပ်သည့် နေရာတွင် ကျွမ်းကျင်မှုအဆင့်သို့ အခိုင်အမာ ရောက်ရှိထားပြီး ဖြစ်ကာ ဆေးလုံးအောင်မြင်နှုန်းမှာလည်း နှစ်ဆယ်ရာခိုင်နှုန်းခန့် ရှိနေပြီ ဖြစ်၏။ သူ၏ နှစ်ပေါင်းများစွာ အသက်ဘေးကျော်ဖြတ်ခဲ့ရသော ဆေးဖော်စပ်မှု ဗဟုသုတအစဉ်အလာများကြောင့် သူ၏ စွမ်းရည်မှာ အတိတ်ကနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် တိုးတက်မြင့်မားလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော ပထမအဆင့် ဝိညာဉ်ဆေးလုံးတစ်မျိုးကို ဖော်စပ်ခြင်းမှာ သူ့အတွက် စိန်ခေါ်မှုကြီးတစ်ခု မဟုတ်တော့ချေ။
သို့သော်ငြားလည်း စိတ်ကို ပေါ့ပေါ့ပါးပါး ထားရှိခြင်းမှာ သူ၏ လက်ကွက်များ ပေါ့လျော့သွားခြင်းကို မဆိုလိုပေ။ သူ၏ လက်ဟန်များမှာ ယခင်ကထက်ပင် ပို၍ သတိကြီးစွာ အစွမ်းကုန် လှုပ်ရှားနေလေသည်။
“ဒီမှာကြည့်စမ်း.... နှင်းမြေခွေးမိစ္ဆာသွေးကို သန့်စင်တဲ့အခါ ရေတံခွန်စိမ့်စမ်းလက်ကွက်ကို သုံးရမယ်...."
သူ တည်ငြိမ်အေးဆေးသော လေသံနှင့် ရှင်းပြလိုက်သည်။
“လင်ကျွင်း.... ဒီအဆင့်ကို သေချာအာရုံစိုက်ပြီး ကြည့်ထားကွ၊ ပထမအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်ဖို့အတွက် ဒုတိယအဆင့် မြေအောက်မီးကို သုံးတဲ့အခါ အပူရှိန်က အရမ်းပြင်းလွန်းတယ်၊ ဒါကြောင့် ဒီနေရာမှာ မြေအောက်မီးရဲ့ အပူချိန်ကို လျှော့ချဖို့နဲ့ ဆေးအိုးကြီးရဲ့ အောက်ခြေ အပူပြန့်နှံ့မှုကို ပိုပြီးကျယ်ပြန့်သွားစေဖို့.... ဆေးအိုးပေါ်မှာ ပါတဲ့ မီးပြောင်းလဲခြင်း အစီအရင်ကို ပေါင်းစပ်ပြီး ထုတ်သုံးရမယ်...."
သူသည် လက်ကွက်များကို မပြတ်တမ်း ဖော်ဆောင်ရင်း အေးဆေးစွာ ဆက်လက်ရှင်းပြနေ၏။
“ဒီ မီးပြောင်းလဲခြင်း အစီအရင်မှာ တိုက်စစ် ဒါမှမဟုတ် ခံစစ် အစွမ်းတွေ လုံးဝမပါဝင်ဘူး၊ သူက မီးလျှံကို စိတ်ကြိုက် ညင်ညင်သာသာ ထိန်းချုပ်တဲ့နေရာမှာ ကူညီပေးဖို့ သီးသန့်ပဲ...."
ဆေးဖော်စပ်စဥ်တစ်လျှောက်လုံးတွင် လော့ချန်သည် နှင်းဧကရာဇ်ဆေးအိုးကြီးထံသို့သာ စိတ်အာရုံကို တစ်ချက်မလွတ်စေဘဲ အပြည့်အဝ မြှုပ်နှံထားလေသည်။ သူသည် ထိုကြီးမားလှသော ဧရာမဆေးအိုးကြီး၏ အောက်ခြေတွင် မတ်တတ်ရပ်နေသော်လည်း သူ၏ အရှိန်အဝါကား စိုးစဉ်းမျှ သေးငယ်မှေးမှိန်သွားခြင်း မရှိချေ။ ဆန့်ကျင်ဘက်အားဖြင့် သူ၏ တည်ငြိမ်လှသော ယုံကြည်ချက်၊ သွက်လက်ဆန်းကြယ်လှသော လက်ဟန်လှုပ်ရှားမှုများက သူ့အား ထိုဆေးအိုးကြီးထက်ပင် ပိုမိုခမ်းနားထည်ဝါသော ကျင့်ကြံသူကြီးတစ်ဦး၏ ပုံရိပ်ကို ပေးစွမ်းနေတော့သည်။
လော့ထျန်းအဖွဲ့မှ ဆေးဖော်စပ်သူလေးဦးမှာလည်း ဆရာဖြစ်သူ၏ လက်ရာများကို စက္ကန့်မလပ်၊ အသေးစိတ်မကျန် ရင်သပ်ရှုမောစွာဖြင့် စောင့်ကြည့်နေကြ၏။
ဆေးလုံးသန့်စင်မှု လုပ်ငန်းစဉ်တစ်ခုလုံးတွင် လော့ချန်သည် မည်သည့်အတွက်ကြောင့် အချို့သော နည်းစနစ်စံနှုန်းများကို အသုံးပြုရကြောင်း ကျမ်းဂန်အခြေခံနှင့် လက်တွေ့ဖော်စပ်မှုကို စနစ်တကျ ပေါင်းစပ်ကာ လမ်းညွှန်ရှင်းပြခဲ့သည်။ ဤကဲ့သို့သော ထိရောက်လှသည့် လမ်းညွှန်သင်ကြားမှုကြောင့် သူတို့တစ်ဦးချင်းစီမှာ မိမိတို့၏ လက်ရှိကျင့်ကြံမှုအဆင့်အတန်းနှင့် ဉာဏ်ပညာ နားလည်နိုင်စွမ်းအလိုက် နက်နဲသော ဗဟုသုတအစဉ်အလာများကို အဖိုးတန်စွာ ဆွတ်ခူးရရှိသွားကြလေတော့သည်။
“ပြီးပြီဟေ့....”
လော့ချန်က အောင်မြင်ကြောင်း ကြေညာလိုက်သည်။ သို့သော်ငြားလည်း သူသည် ဆေးအိုးကြီးကို ချက်ချင်း ဝုန်းကနဲ ဖွင့်လှစ်ခြင်းမပြုဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ဆက်လက်ရပ်တန့်နေ၏။
“ဒါပေမဲ့.... ငါတို့ ခဏလောက် ထပ်ပြီး စောင့်ရဦးမယ်.... သာမန် ဆေးအိုးတွေနဲ့ မတူတာက ဒီ နှင်းဧကရာဇ် ဆေးအိုး မျက်နှာပြင်ပေါ်မှာ ဆေးလုံးတည်ငြိမ်ခြင်း အစီအရင်နဲ့ ဝိညာဉ်တိမ်တိုက်စုစည်းခြင်း အစီအရင်တွေ ပါဝင်နေတာပဲ၊ ဒီအစီအရင်နှစ်ခုစလုံးက ဆေးလုံးဖော်စပ်နေစဉ်အတွင်းမှာ အလိုအလျောက် လည်ပတ်အလုပ်လုပ်နေတာ မှန်ပေမယ့်၊ ဆေးလုံးတွေကို အိုးထဲကနေ မထုတ်ယူခင် ခဏလောက် အချိန်ပေးပြီး ထပ်စောင့်မယ်ဆိုရင်တော့.... အစီအရင်တွေရဲ့ အာနိသင်စွမ်းပကားကို အပြည့်အဝ ရနိုင်တယ်ကွ...."
ထို့နောက် သူ ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်ပြီး ဆက်ပြောသည်။
“ဒီလိုပဲလေ.... တန်ဖိုးရှိတဲ့ အရာတွေက နောက်ဆုံးမှာတော့ စောင့်ဆိုင်းရကျိုးနပ်ပါတယ်ကွာ...."
ထို့နောက် လော့ချန်သည် လက်ကို ဝှေ့ယမ်းကာ မြေအောက်မီးကို လုံးဝ ဥဿုံ ငြှိမ်းသတ်လိုက်တော့သည်။ ဆေးအိုးကြီးအတွင်း၌ ကျန်ရှိနေသော အငွေ့အသက် အပူရှိန်အကြွင်းအကျန်များက ဖော်စပ်ပြီးစ ဝိညာဉ်ဆေးလုံးများ ခြောက်သွေ့ ပုံပေါ်သွားစေရန်အတွက် ညင်သာစွာ ဆက်လက် မွမ်းမံပေးနေတော့သည်။
ဆေးအိုးကြီး၏ အတွင်းပိုင်းမှ ဆန်းကြယ်လှသော ဝိညာဉ်ဆေးရနံ့တစ်ခုသည် ခရုပတ်သဏ္ဌာန် ရစ်ခွေကာ အထက်သို့ တရိပ်ရိပ် တက်လှမ်းလာပေသည်။ ချက်ချင်းပင် တိမ်တိုက်စုစည်းခြင်း အစီအရင်သည် ထိုသို့ လေလွင့်ပျောက်ကွယ်လုနီးပါး ဖြစ်နေသော နူးညံ့လှသည့် ဆေးအဆီအနှစ် ရနံ့များကို ဖမ်းယူထိန်းချုပ်ကာ ဖော်စပ်ပြီးစ ဆေးလုံးများအတွင်းသို့ တစ်စက်မကျန် ပြန်လည်ပေါင်းစပ် သိပ်သည်းပေးလိုက်တော့၏။ ထိုသို့ အစီအရင်၏ အကူအညီကြောင့် ဆေးလုံး၏ အာနိသင်အရည်အသွေးနှင့် အဆင့်အတန်းမှာ မျက်ဝါးထင်ထင် သိသိသာသာ ကြီးမားစွာ မြင့်တက်သွားခဲ့ရသည်။
လက်ဖက်ရည်တစ်ခွက်သောက် အချိန်မျှ ထပ်မံကြာမြင့်သွားပြီးနောက်တွင်မူ လော့ချန်သည် မိမိ၏ နက်နဲသော စိတ်ဝိညာဉ်ကို စတင်လှုံ့ဆော်လိုက်ပြီး ဆေးအိုးကို ဖွင့်လှစ်ရန်အတွက် ပေါ့ပါးသွက်လက်လှသော မုဒြာလက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်လေတော့သည်။