← Chapters

အခန်း (၃၈၃-၃၈၄)

Vol. 39 Ch. 383-384

အခန်း (၃၈၃-၃၈၄)

Vol. 39 Ch. 383-384

အခန်း (၃၈၃) - လင်ကျွင်း၏ သောကမျက်ရည်ပူများ

နောက်တစ်ခဏတွင်မူ ဆီးနှင်းကဲ့သို့ ဖြူဖွေးဝင်းပနေသော ဆေးလုံး ခုနစ်လုံးသည် လော့ချန်၏ လက်ဝါးပြင်ပေါ်သို့ တောက်တောက် ကျဆင်းလာလေသည်။

"ဆရာ.... အဲ.... အဲဒါ ချီလမ်းကြောင်းဆေးလုံးတွေလားခင်ဗျာ...."

ချွီလင်ကျွင်းသည် မဆိုင်းမတွဘဲ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တိုးကပ်လာခဲ့သည်။ ကျန်ရှိနေသောသူများကလည်း စုပြုံ၍ စူးစမ်းလိုစိတ်အပြည့်ဖြင့် ဝိုင်းဝန်းကြည့်ရှုကြလေ၏။

ချီလမ်းကြောင်းဆေးလုံး ဟူသော အမည်နာမသည် လော့ထျန်းအဖွဲ့ရှိ အဆင့်မြင့်ကျင့်ကြံသူများအကြားတွင် အလွန်ပင် ရေပန်းစား ကျော်ကြားလှပေသည်။ ထိုဆေးလုံးသည် အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် အံ့ဩဖွယ်ကောင်းလောက်အောင် ထိရောက်ထက်မြက်သည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ ထို့ပြင် စီမာဟွေ့နန်ကိုယ်တိုင်ကပင် ထိုဆေးလုံးကို လော့ထျန်းအဖွဲ့၏ အခြေတည်ဆိုင်ရာ ထိပ်တန်းဆေးနှစ်မျိုးထဲမှ တစ်မျိုးအဖြစ် သတ်မှတ်စာရင်းသွင်းထားခဲ့ခြင်း ဖြစ်ပေသည်။

အခြားတစ်မျိုးမှာမူ လော့ချန်ကိုယ်တိုင် အဆင့်မြှင့်တင်ထားသည့် အနှစ်သာရမွေးမြူရည်ပင် ဖြစ်ချေသည်။ သို့ရာတွင် အနှစ်သာရမွေးမြူရည်သည် ရေရှည်မှန်မှန် သုံးစွဲရန် လိုအပ်သော်လည်း ချီလမ်းကြောင်းဆေးလုံးကမူ ထိုသို့မဟုတ်ပေ။ အထူးသဖြင့် ပထမဆုံးအကြိမ် သုံးစွဲချိန်တွင် ရရှိလာမည့် အာနိသင်မှာ မှင်တက်မိလောက်အောင်ပင် ထူးခြားဆန်းပြားလှ၏။

ဆေးဖော်စပ်သူ လေးဦးအဖို့ လော့ချန်ကိုယ်တိုင် ချီလမ်းကြောင်းဆေးလုံးကို ဖော်စပ်သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရခြင်းမှာ ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်ရာ ၎င်းတို့ သိသိသာသာ စိတ်လှုပ်ရှားနေကြသည်မှာလည်း မဆန်းပေ။

လော့ချန်သည် အစပိုင်းတွင် မည်သည့်စကားကိုမျှ မဆိုသေးဘဲ လက်ဝါးပြင်ပေါ်ရှိ ဆေးလုံးများကိုသာ အသေးစိတ် သေချာစွာ စစ်ဆေးကြည့်ရှုနေလေသည်။ သူကိုယ်တိုင် ချီလမ်းကြောင်းဆေးလုံးကို သုံးစွဲခဲ့ဖူးသည့် အတိတ်က အတွေ့အကြုံများအရ ယခုတစ်သုတ် ဖော်စပ်ထားသော ဆေးလုံးများ၏ အရည်အသွေးမှာ အမှန်တကယ်ပင် တိုးတက်ကောင်းမွန်လာကြောင်း ကောက်ချက်ချလိုက်မိသည်။ စည်းကမ်းချက်များအရ ၎င်းတို့သည် အဆင့်နိမ့်တွင်သာ ရှိသေးသော်လည်း အရည်အသွေးမှာ ယခင်ကထက် များစွာသာလွန်နေပြီး အဆင့်လတ် ဆေးလုံးတစ်လုံး၏ စံနှုန်းကိုပင် မီလုနီးပါး ဖြစ်နေချေပြီ။

"ဟားဟား.... ဟုတ်ပြီဟေ့ ဒါပဲကွ.... နှင်းဧကရာဇ် ဆေးအိုးကြီးက ဆေးလုံးအရည်အသွေးကို တကယ် မြှင့်တင်ပေးနိုင်တာပဲကွ...."

သူသည် ကျေနပ်ပီတိဖြစ်နေသော မျက်နှာပေးဖြင့် လေသံတိုးတိုး ရေရွတ်လိုက်လေ၏။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆေးလုံး ငါးလုံးကို ခွဲထုတ်ကာ သူ့အဖွဲ့ဝင် လေးဦးထံသို့ ခွဲဝေပေးလိုက်သည်။

ပိုနေသော ဆေးလုံးတစ်လုံးကိုမူ ချွီလင်ကျွင်းအား ပိုပေးလိုက်သည်မှာ အထူးပြောနေရန်ပင် မလိုပေ။ စင်စစ်မူ လင်ကျွင်းသည် လော့ချန်၏ တပည့်ရင်း ဖြစ်နေသဖြင့် လော့ချန်အနေဖြင့် အနည်းငယ် ပိုမိုမျက်နှာသာပေးခြင်းမှာ သဘာဝပင် ဖြစ်ချေသည်။

"ဒီည ပြန်မသွားကြနဲ့ဦး...." ဟု လော့ချန် ဆိုလိုက်သည်။

"ချီလမ်းကြောင်း ဆေးလုံးကို ဒီနေရာမှာပဲ သုံးလိုက်ကြ.... မနက်ဖြန်ကျမှ အေးဆေးပြန်၊ ဒီဆေးရဲ့အာနိသင်အရ မင်းတို့ကို ဒီတိုင်းပြန်မလွှတ်လိုက်ချင်ဘူး.... ငါကိုယ်တိုင် စောင့်ကြပ်ကြည့်ရှုပေးထားမှာဆိုတော့ ဘာဘေးအန္တရာယ်မှ ဆိုးဆိုးရွားရွား မဖြစ်တော့ဘူးပေါ့ကွာ...."

ချွီလင်ကျွင်းသည် အံ့ဩတကြီးဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသည်။

"ဆရာ.... ဒီဆေးလုံးက အန္တရာယ် ရှိလို့လားခင်ဗျာ...."

လော့ချန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်၏။ ယခုအချိန်သည် ရှင်းပြရန်အတွက် အကောင်းဆုံး အချိန်အခါပင် ဖြစ်ပေတော့သည်။

"ဒီလိုကွ.... ချီလမ်းကြောင်း အိပ်မက်လို့ ခေါ်တဲ့ အရာတစ်ခု ရှိတယ်၊ အဲဒါက ဆေးလုံးကို သုံးစွဲပြီးတဲ့နောက် အလိုအလျောက် ပေါ်ပေါက်လာတတ်တဲ့ စိတ်အာရုံမြင်ကွင်းမျိုးပဲ၊ ပထမဦးဆုံးအကြိမ်မှာ အရမ်းပြင်းထန်တယ်.... နောက်ပီး အဲဒီအချိန်က ဆေးလုံးရဲ့ အာနိသင် အရှိန်အဟုန် အကောင်းဆုံးအချိန်လည်း ဖြစ်နေတယ်...."

လော့ချန်သည် ထိုစကားများကို သူ့လူများ သဘောပေါက်နားလည်စေရန် ခေတ္တမျှ ရပ်နားလိုက်လေ၏။

"တခုရှိတာက အဲဒီအိပ်မက်ထဲမှာ မင်းတို့ ကြာကြာနေနိုင်လေလေ၊ မင်းတို့ရဲ့ ချီစွမ်းအားဟာ ပိုမိုကြီးထွားလာလေလေပဲ၊ ဒါပေမဲ့ အကန့်အသတ်တော့ ရှိတယ်၊ တကယ်လို့ မင်းတို့က အိပ်မက်ထဲမှာ အရမ်း နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားပြီး အိပ်မက်နဲ့ လက်တွေ့ကို မခွဲခြားနိုင်တော့ဘူးဆိုရင်တော့ အဲဒါက မင်းတို့ရဲ့ ဝိညာဉ်ကို ပြန်ပြီး ထိခိုက်ပျက်စီးစေလိမ့်မယ်...."

၎င်းမှာ အနည်းငယ် ဆန့်ကျင်ဘက်ဖြစ်နေသကဲ့သို့ ရှိသော်လည်း ထိုအရာကပင် ဆေးလုံး၏ ထူးခြားဆန်းပြားသော သဘာဝ သဘောတရား ဖြစ်ပေသည်။

ဆေးဖော်စပ်သူ လေးဦးမှာမူ မရေမရာဖြစ်နေသော အကြည့်များဖြင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်လိုက်ကြလေသည်။

ထို့နောက်တွင်မူ ငယ်ရွယ်ပြီး မာနခဲလေးဖြစ်သော ချွီလင်ကျွင်းသည် ရှေ့သို့ တိုးကပ်လာကာ သူ၏ရင်ဘတ်ကို လက်သီးဖြင့် ပုတ်၍ ပြောလိုက်သည်။

"ကျွန်တော် ဆရာ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူးခင်ဗျာ...."

မီလီသည်လည်း သူမ၏ ဆေးလုံးကို ဆုပ်ကိုင်ထားရင်း ခေါင်းကို အသာအယာ ညိတ်ပြလိုက်လေသည်။

ထိုအုပ်စုတွင် အသက်အကြီးဆုံးဖြစ်ပြီး တစ်ချိန်က ဆေးဖော်ခန်းမဆောင်၏ တာဝန်ခံ ဖြစ်ခဲ့ဖူးသော ချိုးရင်းသည်ကား တည်ငြိမ်ရင့်ကျက်စွာပင် ရှိနေချေသည်။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ရှေ့တိုးမလာဘဲ ဆေးလုံး၏ အာနိသင်များ၊ သုံးစွဲရမည့် အချိန်အခါနှင့် ချီလမ်းကြောင်း အိပ်မက်ကို အကောင်းဆုံး မည်သို့ ထိန်းချုပ်ရမည်နည်း စသည့် မေးခွန်းအချို့ကို ထပ်မံမေးမြန်းခဲ့ရာ လော့ချန်ကလည်း သူမ၏ မေးမြန်းချက်တိုင်းကို စိတ်ရှည်လက်ရှည်ပင် ပြန်လည်ဖြေကြားပေးခဲ့၏။

ငယ်ရွယ်သေးသော မာရှို့ဖူပင်လျှင် နောက်ဆုံး သတ္တိမွေးကာ ဆေးလုံးအား စမ်းသုံးကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

"ကိုင်း.... မင်းတို့ တစ်ယောက်ချင်းစီ ကိုယ့်အခန်းကိုယ်ရှာပြီး စိတ် အဆင့်သင့်ဖြစ်တဲ့အချိန် ဆေးလုံးကို သောက်လိုက်ကြတော့.... မဆူကြနဲ့.... တစ်ဦးနဲ့တစ်ဦး မနှောင့်ယှက်ကြနဲ့...."

ထို့နောက် လော့ချန်သည် ဆေးဖော်စပ်ရာ အခန်းထဲမှ ခြေလှမ်းကျဲဖြင့် ထွက်လာခဲ့တော့သည်။ သူ့အနေဖြင့် အခြား မည်သည့်စကားကိုမျှ ထပ်မံပြောဆိုရန် မလိုတော့ပေ။ အချိန်ကျသည်နှင့် အရာအားလုံးသည် သူတို့ တဦးချင်းစီအပေါ်၌သာ မူတည်ပေတော့သည်။

"သခင်.... သခင်က အဲဒီ လေးယောက်ကို အရမ်း တန်ဖိုးထားတာပဲလားဟင်...."

ရုတ်တရက် ပိုင်မေလင်း၏ နူးညံ့ပျော့ပြောင်းသော အသံလေးသည် တိုးကပ်လာရင်း လွင့်ပျံလာခဲ့လေ၏။

လော့ချန်သည် အိစက်ညက်ညောသော ဆိုဖာပေါ်တွင် ဆက်လက်ထိုင်နေဆဲဖြစ်ပြီး သူ၏ ပတ်ဝန်းကျင်တွင်မူ စန္ဒကူးနံ့သာရနံ့သင်းသင်းလေးက ဝေ့ဝဲရစ်သိုင်းနေသည်။ သူ၏ လက်ဝါးပြင်ပေါ်တွင်မူ ထိတွေ့လိုက်လျှင် အေးစက်လှသော စာအုပ်ဖြူတစ်အုပ် ရှိနေချေ၏။ ၎င်း၏ မျက်နှာဖုံးသည် ကျောက်စိမ်းကဲ့သို့ ဖျော့တော့စွာ တောက်ပနေပြီး စာမျက်နှာတိုင်းပေါ်ရှိ စာလုံးများသည် သက်ရှိထင်ရှား ရှိနေသကဲ့သို့ပင် တလက်လက် တောက်ပနေလေတော့သည်။

၎င်းမှာ ကရုဏာမဲ့နတ်သမီးက သူ့အား ပေးအပ်ခဲ့သော တတိယအဆင့် ဆေးဖော်စပ်မှုဆိုင်ရာ ထိုးထွင်းသိမြင်မှုကျမ်းဖြစ်ပြီး ရှန်းဟူဆေးဖော်စပ်မှု အနှစ်သာရကျမ်း ဟု အမည်တွင်လေသည်။

ရိုးရှင်းပြီး နားလည်လွယ်သော ချင်ယွမ်ဇီ၏ ကျမ်းစာနှင့် နှိုင်းယှဉ်လျှင် ရှန်းဟူ ဆေးဖော်စပ်မှု အနှစ်သာရကျမ်းသည်ကား များစွာ ပိုမိုနက်နဲဆန်းကြယ်လှပေသည်။ ထိုကျမ်းထဲတွင် ဒုတိယအဆင့်နှင့် တတိယအဆင့် ဆေးဖော်စပ်မှု နည်းစနစ်များကို ခက်ခဲနက်နဲသော ဝေါဟာရများဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။ လော့ချန်ကဲ့သို့သော ပါရမီရှင်တစ်ဦးအတွက်ပင်လျှင် တစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းမျှကို နားလည်သဘောပေါက်ရန်အတွက်ပင် ကြီးစွာသော အားထုတ်မှုကို ပြုလုပ်ခဲ့ရချေ၏။ လဝက်ခန့် အချိန်ကာလအတွင်း သူသည် စာမျက်နှာအနည်းငယ်ကိုသာ အနိုင်နိုင် ဖတ်ရှုလေ့လာနိုင်ခဲ့သေးသည်။

သူ ခေါင်းပင် မော့မကြည့်ဘဲ ပိုင်မေလင်း၏ မေးခွန်းကို ပြန်လည်ဖြေကြားလိုက်သည်။

"ဒါပေါ့.... ငါ သူတို့ကို တန်ဖိုးထားတာပေါ့၊ မင်းက ဘာဖြစ်လို့ မေးရတာလဲ...."

ပိုင်မေလင်းက သံသယစိတ်ဖြင့် ထပ်မံမေးမြန်းခဲ့သည်။

"ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ချီသန့်စင် အဆင့် (၇) ပဲ ရှိသေးတာလေ၊ ပြီးတော့ သူတို့ရဲ့ ဆေးဖော်စပ်မှု ပညာရပ်ကလည်း သခင်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး၊ ဘာဖြစ်လို့ သူတို့အတွက် ဒီလောက်အထိ အားစိုက်ထုတ်နေရတာလဲဟင်...."

လော့ချန်က အသာအယာ ရယ်မောလိုက်ရင်း ဆိုသည်။

"ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီမှာ ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်တဲ့ အလားအလာတွေ ရှိနေလို့ပဲကွ...."

ထိုလေးဦးထဲတွင် ချွီလင်ကျွင်းသည် အမြင့်မားဆုံးသော ပါရမီကို ပြသနိုင်ခဲ့ပြီး သူ၏ အခြေခံမှာ ခိုင်မာကျစ်လျစ်သည့်အပြင် ဉာဏ်ပညာ ထိုးထွင်းသိမြင်မှုမှာလည်း ထက်မြက်လှပေသည်။ မာရှို့ဖူကမူ ဆေးဖက်ဝင်အပင်များအပေါ် သဘာဝအလျောက် ထူးခြားသော အာရုံခံစားသိမြင်မှုဖြင့် ကပ်လျက်ပင် လိုက်ပါလာခဲ့သည်။ မီလီ၏ စွမ်းဆောင်ရည်မှာ အသင့်အတင့် ကောင်းမွန်သော်လည်း ချိုးရင်းမှာမူ တည်ငြိမ်ရင့်ကျက်မှု ရှိသော်ငြား နည်းစနစ်ပိုင်း၌မူ အရည်အချင်းအညံ့ဖျင်းဆုံး ဖြစ်နေချေသည်။

သို့သော်လည်း ၎င်းမှာ နှိုင်းယှဉ်ချက်အရသာ ဖြစ်ပေသည်။ ပိုမိုကျယ်ပြန့်သော စံနှုန်းဖြင့် ကြည့်မည်ဆိုလျှင်မူ ထိုသူများသည် ပိုင်မေလင်း ပြောခဲ့သကဲ့သို့ပင် အမှန်တကယ် အားနည်းပြီး အရည်အချင်း မပြည့်ဝကြသေးချေ။ သို့သော်လည်း လော့ချန်သည် သူတို့တစ်ဦးချင်းစီကို လမ်းညွှန်ပြသပေးရန်၊ သူတို့၏ မေးခွန်းများကို ကိုယ်တိုင်ကိုယ်ကျ ဖြေကြားပေးရန်၊ နည်းစနစ်များကို လက်တွေ့သရုပ်ပြသပေးရန်နှင့် တစ်ဦးလျှင် ချီလမ်းကြောင်း ဆေးလုံး တစ်လုံးစီ ပေးအပ်ရန်အတွက်ပင် အားစိုက်ထုတ်မှုကို ဝန်မလေးခဲ့ပေ။ လော့ထျန်းအဖွဲ့အတွင်း၌မူ ထိုဆေးလုံးကို များသောအားဖြင့် ချီသန့်စင်အဆင့် (၉) သို့ ရောက်ရှိထားသော ကျင့်ကြံသူများအတွက်သာ သီးသန့်ချန်ထားတတ်ကြခြင်း ဖြစ်သည်။

သူသည် အဘယ်ကြောင့် ယခုကဲ့သို့ အတိုင်းအဆမရှိ အားထုတ်မှုမျိုးကို ပြုလုပ်ခဲ့ရသနည်း။

နတ်မိစ္ဆာနှလုံးသားကြေးမုံထဲမှ ဘဝကို ဖြတ်သန်းပြီးနောက်တွင်မူ ထိုအတုယောင်ဖန်တီးမှုများသည် အနာဂတ်၏ တကယ့်အတိတ်နိမိတ် အရိပ်အယောင်များ မဟုတ်ခဲ့သော်ငြားလည်း ၎င်းတို့သည် တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများအဖြစ် ကျန်ရစ်ခဲ့ဆဲဖြစ်သည်။ ထိုထဲတွင် လော့ချန်သည် နှစ်ပေါင်းနှစ်ရာကျော်တိုင်အောင် ဆေးလုံးများကို ဖော်စပ်ခဲ့ရ၏။ အပေါ်ယံအားဖြင့် ကြည့်လျှင်မူ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထိခိုက်ပျက်စီးသွားခြင်း မရှိဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ထိုဝန်ထုပ်ဝန်ပိုးက အလွန်အမင်း ကြီးလေးလွန်းလှပေသည်။ အကယ်၍ သူသည် ထိုဆေးဖော်စပ်မှု အချိန်အချို့ကို ပြန်လည်ရယူနိုင်ပြီး ထိုအစား ကျင့်ကြံခြင်း၌သာ အာရုံစိုက် မြှုပ်နှံနိုင်ခဲ့မည်ဆိုပါက သူ၏ အောင်မြင်မှုများသည် ယခုထက်ပင် ပိုမိုကြီးမား ဆန်းပြားသွားနိုင်သည်။

ထိုမေးခွန်းကား လက်တွေ့တွင် အဖြေရှာရန်ပင် မလိုလောက်အောင် ထင်ရှားလှပေသည်။ အကြောင်းမှာ နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ အတုယောင်ဖန်တီးမှုများသည် သူ၏ စနစ် တည်ရှိမှုကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသောကြောင့် ဖြစ်၏။

ပညာရပ်ကျွမ်းကျင်မှု အဆင့်အတန်းများကို အမြင့်ဆုံးအထိ အားထုတ်လေ့ကျင့်ရန်အတွက်မူ သူ လိုအပ်သည်မှာ အချိန်သာ ဖြစ်သည်။

ယခုအချိန်တွင် လော့ချန်၌ အထွတ်အထိပ် ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိရန် ဝေးကွာနေသေးသည့် ပညာရပ်နှင့် ကျွမ်းကျင်မှု အများအပြား ရှိနေဆဲပင် ဖြစ်ချေသည်။ သူ လိုအပ်သည်မှာ ကျင့်ကြံရန်၊ တိုးတက်ရန်နှင့် အဆင့်အတားအဆီးများကို ကျော်ဖြတ်ရန်အတွက် အချိန် ဖြစ်ပေသည်။ အကယ်၍ သူသည် အဆုံးမရှိသော ဆေးလုံးဖော်စပ်မှု သံသရာထဲတွင်သာ ဆက်လက်နှောင်ဖွဲ့ခံနေရမည်ဆိုပါက သူ မျှော်မှန်းတမ်းတထားသော အထွတ်အထိပ် အဆင့်အတန်းများဆီသို့ မည်သည့်အခါမျှ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။

သို့ဆိုလျှင် ထိုပြဿနာ၏ အဖြေက မည်သည့်အရာ ဖြစ်သနည်း။

အဖြေမှာ သူ့ကိုယ်စား ဝင်ရောက် တာဝန်ယူပေးနိုင်ပြီး အလုပ်ဝန်ထုပ်ဝန်ပိုးများကို ခွဲဝေထမ်းဆောင်ပေးနိုင်မည့် အရည်အချင်းရှိသော ဆေးဖော်စပ်သူ အနည်းငယ်ကို လေ့ကျင့်ပျိုးထောင်ပေးရန်သာ ဖြစ်၏။

စင်စစ်မူ လူအချို့က လော့ချန်သည် သူတို့အား ခိုင်းနွားများအဖြစ် သတ်မှတ်ကာ ရက်ရက်စက်စက် ခေါင်းပုံဖြတ် အသုံးချနေသည်ဟု တွေးတောမိနိုင်ပေသည်။ သို့သော်လည်း လော့ချန်ကိုယ်တိုင် ထိုစကားကို သူတို့ရှေ့ ဖွင့်ဟပြောဆိုလိုက်လျှင်ပင် သူတို့အနေဖြင့် နာကျည်းဒေါသထွက်ကြမည် မဟုတ်သည့်အပြင် ထိုအခွင့်အရေးကိုပင် အမိအရ လှမ်းဆုပ်ကိုင်ကြဦးမည် ဖြစ်ချေသည်။

ဤကျင့်ကြံခြင်းလောကကြီးတွင်မူ အင်အားတောင့်တင်းသော ပုဂ္ဂိုလ်တစ်ဦး၏ ခေါင်းပုံဖြတ် အသုံးချခြင်းကို ခံရခြင်းသည်ပင်လျှင် တစ်ခါတစ်ရံ၌ လူတစ်ဦး တောင်းဆုပြုနိုင်သမျှထဲတွင် အကြီးမားဆုံးသော ကံကောင်းခြင်းမျိုး ဖြစ်တတ်ပေသည်။ ရေတွက်၍မရနိုင်သော လူအပေါင်းတို့သည် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိရန် တမ်းတနေကြသော်လည်း မည်သည့်အခါမျှ ရရှိနိုင်ခဲ့ကြသည် မဟုတ်ပေ။

လော့ချန်သည် တရားဝင် အသိအမှတ်ပြုခံထားရသော ဒုတိယအဆင့် ဆေးဖော်စပ်သူတစ်ဦး ဖြစ်ရုံမျှမက အချို့သော သီးသန့်ဆေးလုံးများ ဖော်စပ်မှုပိုင်းတွင်မူ သူကိုယ်တိုင်ပင်လျှင် ပါရမီရှင်အဆင့် ရှိနေချေပြီ။ ထိုသို့သော ပုဂ္ဂိုလ်ထံမှ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်သွန်သင်မှုများကို ရရှိရန်အတွက် အလဲအလှယ်အဖြစ် မိမိ၏ လက်ချောင်းများ အရိုးပေါ် အရေတင်သည်အထိ ပင်ပန်းဆင်းရဲစွာ အလုပ်အကျွေးပြုရပါစေဦးတော့၊ ၎င်းမှာ မတွေးဝံ့စရာကောင်းလောက်အောင်ပင် ကြီးမားလှသော ကောင်းချီးမင်္ဂလာတစ်ရပ်ပင် ဖြစ်ပေတော့သည်။

လော့ချန်သာ မရှိခဲ့လျှင်မူ ဝိညာဉ်အမြစ် လေးခုရှိသော ချွီလင်ကျွင်းသည် သူ၏တစ်သက်တာလုံးတွင် ထူးချွန်ထက်မြက်သူတစ်ဦးအဖြစ် ပေါ်ထွက်လာနိုင်ရန် ရုန်းကန်နေရပေလိမ့်မည်။ မိသားစုဝင်များဆုံးရှုံးခဲ့ရပြီး ကိုယ်ခန္ဓာ ချို့တဲ့အားနည်းကာ နာမကျန်းဖြစ်တတ်သော မီလီအဖို့မူ မည်သည့်အနာဂတ်မျှ ရှိလာနိုင်တော့မည် မဟုတ်ပေ။ ချိုးရင်းနှင့် မာရှို့ဖူတို့သည်လည်း သူတို့၏ ပါရမီကို ရှာဖွေတွေ့ရှိပြီး ပျိုးထောင်ပေးမည့်သူတစ်ဦး မရှိခဲ့ပါက သူတို့၌ရှိသော စွမ်းရည်များကို မည်သည့်အခါမျှ အကောင်အထည်ဖော်နိုင်ကြလိမ့်မည် မဟုတ်ချေ။

ယခုအခါတွင်မူ လော့ချန်၏ လမ်းညွှန်မှုနှင့်အတူ သူတို့အားလုံးသည် မိမိတို့၏ ပါရမီစွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်ခဲ့ကြပြီး အနာဂတ်တွင် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အမှန်တကယ်ပင် အခွင့်အလမ်းကောင်းများ ရရှိသွားခဲ့ကြပြီ ဖြစ်သည်။

အငြိုးအတေးများ၊ ပတ်သက်နှောင်ဖွဲ့မှုများနှင့် အကျိုးစီးပွား ပဋိပက္ခများနှင့် ပက်သက်၍မူ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လော့ချန်သည် ထိုအရာအားလုံးကို အကဲခတ် သိမြင်နေခဲ့သည်။ ထို့ပြင် ထိုလေးဦးသည်လည်း ဤအမှန်တရားကို သူတို့၏ နှလုံးသားထဲတွင် ကောင်းမွန်စွာ နားလည်သဘောပေါက်ထားကြပြီး ဖြစ်ပေသည်။

"အိုး.... တစ်ယောက်ယောက် နိုးလာပြီပဲ...."

လော့ချန်သည် ရှန်းဟူ ဆေးဖော်စပ်မှု အနှစ်သာရကျမ်းကို ဘေးတွင်အသာချလိုက်ပြီး ဆိုဖာပေါ်မှ ထရပ်ကာ ဆိတ်ငြိမ်ခန်းများရှိရာဆီသို့ ခြေလှမ်းလှည့်ခဲ့လေသည်။ သူ တွေးဆထားခဲ့သည့်အတိုင်းပင် အိပ်မက်မှ ပထမဦးဆုံး နိုးထလာသူမှာ ချိုးရင်း ဖြစ်နေချေ၏။ သူမသည် ကုတင်အနားသတ်ပေါ်တွင် မိန်းမောတွေဝေစွာ ထိုင်နေပြီး သူမ၏ မျက်ဝန်းအစုံတွင်မူ လွမ်းဆွတ်ကြေကွဲရိပ်အချို့ စွန်းထင်နေလေသည်။

သူမ၏ ထိုကဲ့သို့သော ပုံစံကို မြင်တွေ့လိုက်ရသောအခါ လော့ချန် နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်မိသည်။

“နိုးလာပြီလား ချိုးရင်း.... သေချာ နားနားနေနေ လှဲလိုက်ဦး၊ ဒါမှမဟုတ်လဲ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူရင်း လမ်းလျှောက်လိုက်ဦးလေ...."

"ဟုတ်ကဲ့ပါ.... ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ရှင့်...." ဟု ချိုးရင်းက တိုးတိုးလေး ရေရွတ်လိုက်လေ၏။

ထို့နောက်တွင်မူ သူမသည် မည်သည့်စကားကိုမျှ ထပ်မံမဆိုတော့ဘဲ ကုတင်ပေါ်တွင် ကွေးကွေးလေးလှဲလျောင်းကာ သူမ၏ ဒူးနှစ်ဖက်ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်တော့သည်။ ချီလမ်းကြောင်းအိပ်မက်ထဲတွင် သူမ မြင်တွေ့ခဲ့ရသည့်အရာမှာ မည်သည့်အရာပင်ဖြစ်စေကာမူ အမှန်တကယ်ပင် စိတ်ချမ်းမြေ့စရာ မကောင်းခဲ့သည်မှာ ထင်ရှားလှပေသည်။

လော့ချန်လည်း အလိုက်သိစွာဖြင့် အတင်းအကျပ် မမေးမြန်းတော့ပေ။

ထို့နောက်တွင်မူ မီလီ၊ မာရှို့ဖူနှင့် ချွီလင်ကျွင်းတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် နိုးထလာခဲ့ကြလေသည်။ သူ ပြောခဲ့သည့် စကားအတိုင်းပင် ချွီလင်ကျွင်းသည် အိပ်မက်ထဲတွင် ရေနွေးကြမ်း နှစ်ခွက်သောက်စာခန့် အချိန်အထိ ကြာမြင့်အောင် ကြံ့ကြံ့ခံရင်း အကြာဆုံး အောင့်အည်းထားနိုင်ခဲ့ချေသည်။ သူ လော့ချန်အား စိတ်ပျက်အားလျော့အောင် မပြုလုပ်ခဲ့ပေ။

လော့ချန်ကိုယ်တိုင်ပင်လျှင် ပထမဦးဆုံးအကြိမ် သုံးစွဲစဉ်က ဆယ့်ငါးမိနစ်ခန့်သာ ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ သူတို့အား လော့ချန်က ပေါ့ပါးသော လေသံဖြင့် ဆိုလိုက်သည်။

"အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ဦးလေ.... လေကောင်းလေသန့်လေးရှူရင်း ထျန်းလန်တောင်ထွတ်ရဲ့ ညရှုခင်းကို ခံစားကြည့်လိုက်ပါဦး၊ မီလီနဲ့ တခြားလူတွေလည်း အပြင်မှာ စောင့်နေကြတယ်...."

ထို့နောက် လော့ချန်သည် ချွီလင်ကျွင်း၏ ဆံပင်များကို အသာအယာ သပ်ပေးလိုက်လေ၏။

ချွီလင်ကျွင်းသည် အသက်နှစ်ဆယ်ကျော် အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏မျက်နှာပြင်တစ်ခုလုံးတွင်မူ ကလေးသူငယ်တစ်ဦးကဲ့သို့ ငိုကြွေးထားပုံရပြီး မျက်ရည်များဖြင့် စိုရွှဲနေချေသည်။ သူသည် အိပ်မက်ထဲတွင် မည်သည့်အရာကိုပင် ကြုံတွေ့ခဲ့ရပါစေဦးတော့၊ ၎င်းမှာ အလွန်အမင်း ဝမ်းနည်းပူဆွေးဖွယ် ကောင်းလှသည်မှာ ထင်ရှားလှပေသည်။

လော့ချန်သည် ဧည့်ခန်းအတွင်း ရပ်နေရင်း မီလီတစ်ယောက် ချွီလင်ကျွင်းအား တွဲထူကာ ဂူဗိမာန်အပြင်ဘက်သို့ ခေါ်ဆောင်သွားသည်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့လေသည်။

ထို့နောက်တွင်မူ သူ ပိုင်မေလင်းဘက်သို့ လှည့်၍ ပြောလိုက်သည်။

"ရှောင်လင်းရေ.... သူတို့ကို သေချာစောင့်ကြည့်ထားပေး၊ အနီးအနားမှာ လျှောက်လည်ချင်တယ်ဆိုရင်လည်း လွှတ်ထားလိုက်၊ ဒါပေမဲ့ တခြားလူတွေရဲ့ ဂူဗိမာန် ပိုင်နက်တွေထဲအထိ ကျူးကျော် မသွားမိစေနဲ့...."

ပိုင်မေလင်းက ချက်ချင်းပင် ခေါင်းကို စိတ်အားထက်သန်စွာ ညိတ်ပြလိုက်၏။ အချိန်မှာ ညဉ့်နက်လှပြီ ဖြစ်သော်လည်း သူမ၏ မျက်ဝန်းအစုံမှာမူ တောက်ပနေဆဲပင် ဖြစ်သည်။ သူမသည် ညအချိန်များတွင် အမြဲလိုလိုပင် အတက်ကြွဆုံး ဖြစ်နေတတ်ပေသည်။

အရာအားလုံးကို စီစဉ်ကြီးကြပ်ပြီးနောက်တွင်မူ လော့ချန် ကျင့်ကြံအခန်းတွင်းသို့ တိတ်တဆိတ် ခြေလှမ်းလှည့် ဝင်ရောက်သွားခဲ့တော့သည်။

သူသည် ရေခဲနတ်ဘုရားကျောက်စိမ်းကို ရင်ဘတ်တွင် ကပ်၍ ဝတ်ဆင်ထားပြီး နှင်းပိုးဖျာပေါ်တွင် တင်ပျဉ်ခွေ၍ ထိုင်လိုက်လေသည်။ ထို့နောက် ဝတ်ရုံလက်စကို ခါယမ်းလိုက်ရင်း နတ်ဘုရားမီးလျှံအမွှေးတိုင်တစ်တိုင်ကို ထွန်းညှိလိုက်၏။

ချက်ချင်းပင် မွှေးပျံ့လှသော နံ့သာခိုးများသည် အခန်းတွင်း၌ နူးညံ့စွာ ဝေ့ဝဲရစ်သိုင်းသွားပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံထားသည့် သိပ်သည်းလှသော ချီစွမ်းအင်များနှင့် ရောယှက်သွားလေတော့သည်။

လော့ချန်သည် အသက်ဝဝ ရှူသွင်းလိုက်ပြီး သူ၏ စိတ်အာရုံကို စုစည်းလိုက်သည်။ သူသည် ကျွမ်းကျင်ပိုင်နိုင်လှသော နွယ်မြက်သစ်ပင် ဆေးဘုရင်ကျင့်စဉ်၏ လမ်းညွှန်ချက်အတိုင်း စတင်၍ ကျင့်ကြံအားထုတ်လေတော့သည်။

လွန်ခဲ့သော လဝက်ခန့် အချိန်ကာလအတွင်း၌မူ သူ အနားယူနေခဲ့ခြင်း ဖြစ်သည်။ ကိုယ်ခန္ဓာ အင်္ဂါငါးပါး ပြုစုပျိုးထောင်ခြင်း လက်သီးသိုင်းကျင့်စဉ်ကို အပျော်သဘော လေ့ကျင့်ခြင်းနှင့် စာဖတ်ခြင်းတို့မှအပ သူ အခြားမည်သည့်အရာကိုမျှ မပြုလုပ်ခဲ့ပေ။ ဆေးလုံးဖော်စပ်ခြင်း မရှိ၊ ကျင့်ကြံခြင်း မရှိသည့်အပြင် မည်သည့်လူမှုရေး ဆက်ဆံရေးမျိုးမျှလည်း မရှိခဲ့ပေ။

ထိုအချိန်ကာလ၏ သက်တောင့်သက်သာရှိမှုနှင့် အေးချမ်းဆိတ်ငြိမ်မှုတို့သည် သူ၏ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့သော ချီစွမ်းအားကို အပြည့်အဝ ပြန်လည်ဖြည့်တင်းပေးနိုင်ခဲ့ချေပြီ။ သူသည် မိမိ၏ ချီစွမ်းအားမှာ ယခင်ကထက်ပင် ပိုမိုတောင့်တင်း ခိုင်မာလာသည်ကို ခံစားနေရသည်။ မည်မျှအထိ ပိုမိုသန်မာလာသနည်း ဟူသည်ကိုမူ သူကိုယ်တိုင်ပင် ယခုအချိန်တွင် အတိအကျ မပြောနိုင်သေးပေ။

မည်သို့ပင်ဆိုစေကာမူ ယခုအခါတွင်မူ အရာအားလုံးသည် အဆင်သင့် ဖြစ်နေချေပြီ။ ကျင့်ကြံခြင်း၌သာ အာရုံစိုက် မြှုပ်နှံရမည့် အချိန်အခါသမယသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လော့ချန်သည် ဘက်စုံအဆင့်မြှင့်တင်ထားသော ဤကျင့်ကြံခြင်း ပတ်ဝန်းကျင်အသစ်တွင် သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်မှာ မည်မျှအထိ တဟုန်ထိုး တိုးတက်လာနိုင်မည်နည်း ဟူသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ချင်လှပြီ ဖြစ်၏။

သူ အခြေအနေပြကြေးမုံပြင်ကို တစ်ချက်လှမ်းကြည့်လိုက်ရုံမျှဖြင့် သူ ရောက်ရှိနေသော အဆင့်အတန်းကို အတိအကျ အတည်ပြုနိုင်ခဲ့သည်။

‘အဆင့် - အခြေတည် အဆင့် ၃ (၁၀/၁၀၀)’

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၈၄) - ငါးဆမျှ မြန်ဆန်သော ကျင့်ကြံခြင်း အရှိန်အဟုန်

လွန်ခဲ့သော ခုနစ်လခန့်က လော့ချန် အခြေတည်အဆင့် ၃ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ယခု လဝက်ကျော် ကြာမြင့်ပြီးနောက်တွင်မူ သူ၏ တိုးတက်မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ ဝမ်ယွမ် အခြေတည်အဆင့်သို့ တက်လှမ်းစဉ်က စောင့်ရှောက်ပေးခဲ့ရသော အချိန်နှင့် နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ စမ်းသပ်မှုအတွင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့ရသော အချိန်များကို ဖယ်ထုတ်ပြီးနောက် ကျန်ရှိသော အချိန်အတွင်း တိုးတက်လာခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် အကယ်၍ သူသည် အဆင့် ၄ သို့ တက်လှမ်းလိုပါက နောက်ထပ် ငါးနှစ်ခန့် အပြည့်အဝ ဆက်လက်ကျင့်ကြံရဦးမည် ဖြစ်သည်။

ဤကျင့်ကြံခြင်းအရှိန်အဟုန်မှာ မည်သို့မျှ နှေးကွေးခြင်း မရှိပေ။ ၎င်းက သူ အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ရသော ဝိညာဉ်ကျောက်တုံးများ၏ တန်ဖိုးကို အပြည့်အဝ သက်သေပြနေခြင်း ဖြစ်သည်။ လော့ချန်သည် အဆင့်နိမ့် ဂူဗိမာန်ဟောင်းတွင် ရှိစဉ်ကပင် နဂါးပျံဆေးလုံးများကို အဆက်မပြတ် သောက်သုံးခဲ့သည့်အပြင် နတ်ဘုရားမီးလျှံအမွှေးတိုင်နှင့် ဝိညာဉ်အစားအသောက်များကိုပါ အထောက်အကူအဖြစ် အသုံးပြုခဲ့သည်။ ဤကဲ့သို့သော ကျင့်ကြံခြင်း အရင်းအမြစ်များဟူသည် သာမန် အခြေတည်အဆင့် ကျင့်ကြံသူများ အိပ်မက်ပင် မမက်ဝံ့ကြသော အရာများ ဖြစ်ကြသည်။

ဥပမာအားဖြင့် တာဟဲဈေးမြို့တော်တွင် ရှိခဲ့ဖူးသော အခြေတည်အဆင့် ကျင့်ကြံသူများကို ကြည့်မည်ဆိုပါက ထိုသူတို့တွင် တည်ငြိမ်လှသော ဒုတိယအဆင့် ဝိညာဉ်ကြောနေရာပင် မရှိကြချေ။ ထို့ကြောင့် ပါရမီပိုင်းအရ သူ့ထက်ပို၍ ကောင်းမွန်ကြသောငြား အနောက်တွင် အပြတ်သတ် ကျန်ရစ်ခဲ့ကြရခြင်း ဖြစ်သည်။

အကယ်၍ အခြားသော ကျင့်ကြံသူများသာ လော့ချန်၏ ကျင့်ကြံခြင်းအရှိန်အဟုန်ကို သိရှိသွားကြမည်ဆိုပါက မနာလိုစိတ်ကြောင့် ရူးပင်ရူးသွားနိုင်သည်။ သို့သော်ငြားလည်း လော့ချန်ကမူ ဤမျှလောက်နှင့် မလုံလောက်သေးဟု ခံစားနေရဆဲ ဖြစ်သည်။

အတိတ်က တာဟဲဈေးမြို့တော်တွင် ရှိစဉ်က အခြေတည်အဆင့် ဆေးလုံးများနှင့် ဒုတိယအဆင့် ဝိညာဉ်ကြောများကို အားကိုး၍ သူသည် သုံးနှစ်အတွင်း အခြေတည်အဆင့် ၂ သို့ ရောက်ရှိခဲ့သည်။ ယခုအခါ ထျန်းလန် နတ်ဘုရားမြို့တော်တွင် ပိုမိုကောင်းမွန်သော အရင်းအမြစ်များကို အသုံးပြုနိုင်ပါလျက်နှင့် အဆင့် ၃ သို့ ရောက်ရှိရန် နှစ်နှစ်ခွဲခန့် အချိန်ယူခဲ့ရသည်။ ထို့ပြင် အခြေတည်အဆင့်အလယ်ပိုင်းသို့ ချိုးဖျက်ဝင်ရောက်ရန်အတွက် အနည်းဆုံး နောက်ထပ် ငါးနှစ်ခန့် လိုအပ်ဦးမည် ဖြစ်သည်။

ခြုံငုံကြည့်မည်ဆိုပါက ဆယ်နှစ်ထက်မကသော အားထုတ်မှုများ လိုအပ်သည်ဟူသော အဓိပ္ပာယ် ဖြစ်သည်။ ၎င်းက တစ်ပိုင်းဖြစ်သော်လည်း အခြေတည်အဆင့်အလယ်ပိုင်းတွင် ကျင့်ကြံခြင်းအရှိန်မှာ မူလထက် ဆယ်ဆမျှ ပိုမို၍ နှေးကွေးသွားတတ်ပြီး နှောင်းပိုင်းအဆင့်များတွင်မူ ဆယ်ဆမကသော အဆပေါင်းများစွာ ပိုမို၍ နှေးကွေးသွားပေလိမ့်မည်။

ဆယ်နှစ်၊ အနှစ်တစ်ရာ၊ အနှစ်တစ်ထောင်….။

အရာအားလုံးကို ခြုံငုံတွက်ချက်ကြည့်လိုက်သည့်အခါ လော့ချန်သည် သူ၏ မူလကျင့်ကြံခြင်းအရှိန်ကို နှစ်ဆမျှသာ တိုးမြှင့်နိုင်ခဲ့ခြင်း ဖြစ်ရာ ၎င်းမှာ လုံးဝဥဿုံ မလုံလောက်သေးပေ။

“မလုံလောက်ဘူး….. အများကြီးကို မလုံလောက်သေးတာ၊ ဒါပေမဲ့ အခုတော့ အကုန်လုံးကို အဆင့်မြှင့်တင်ပြီးပြီဆိုတော့ ငါ ရိုးရိုးသေနတ်နေရာမှာ အမြောက်ကြီးနဲ့ လဲလိုက်သလို ဖြစ်သွားပြီ၊ ငါ့ရဲ့ ကျင့်ကြံခြင်းအရှိန်ကို ဒီထက်မက ပိုပြီးတော့ တိုးမြှင့်နိုင်ဖို့ မျှော်လင့်ရတာပဲ”

ဤအတွေးများ စီးမျောနေစဉ်မှာပင် လော့ချန်သည် နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်ကို စတင်၍ ကျင့်ကြံတော့သည်။ သူသည် ဤကျင့်စဉ်ကို ပါရမီရှင်အဆင့်အထိ တတ်မြောက်ထားပြီး ဖြစ်သဖြင့် သူ၏ အရှိန်အဟုန်မှာ တကယ့်ကို အံ့မခန်းလှပေသည်။

ဆိတ်ငြိမ်လှသော အခန်းအတွင်း၌ ဂူဗိမာန်အတွင်း ကိန်းအောင်းနေသော ကျယ်ပြောလှသော ချီစွမ်းအင်များသည် မြစ်ချောင်းပေါင်းများစွာ သမုဒ္ဒရာအတွင်းသို့ စီးဝင်သွားသကဲ့သို့ သူ၏ ခန္ဓာကိုယ်ဆီသို့ တရဟော တိုးဝင်လာကြတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် လော့ချန် မျက်လုံးများကို ဖွင့်လိုက်ရင်း သူ၏ ချီပင်လယ်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ နောက်ဆုံးတွင်မူ သူ ခပ်ဖွဖွ ခေါင်းညိတ်လိုက်မိတော့သည်။

ဂူဗိမာန်အတွင်းရှိ ချီစွမ်းအင် သိပ်သည်းဆမှာ နှစ်ဆမျှ ပိုမိုမြင့်မားလာခြင်းကြောင့် သူ၏ အဓိကကျင့်စဉ်ကျမ်းသည် ယခင်ကထက် ချီစွမ်းအင် ပမာဏ နှစ်ဆမျှ ပိုမို၍ စုပ်ယူသန့်စင်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ၎င်းမှာ အားလုံး မဟုတ်သေးပေ။

‘ပုံမှန်အားဖြင့်တော့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က သူတို့ရဲ့ အဓိကကျင့်စဉ်ကို တစ်နေ့ကို နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်ပဲ ပတ်ချာလည် ကျင့်ကြံနိုင်ကြတာ၊ ငါကတော့ အရင်ကတည်းက ငါးကြိမ်အထိ ကျင့်နိုင်ခဲ့တယ်၊ နတ်ဘုရားမီးလျှံအမွှေးတိုင်ရဲ့ အကူအညီနဲ့ဆိုရင် ခုနစ်ကြိမ်အထိ ကျင့်နိုင်ခဲ့တာပဲ၊ ဒါပေမဲ့ အဲ့ဒီတုန်းက အမွှေးတိုင်ရဲ့ စွမ်းရည်အပြည့်ကို ငါ အသုံးမချနိုင်ခဲ့ဘူး၊ အလွန်ဆုံးရှိမှ သုံးပုံနှစ်ပုံလောက်ပဲ စုပ်ယူနိုင်ခဲ့တာ’

သို့သော် နတ်မိစ္ဆာနှလုံးသားကြေးမုံ စမ်းသပ်မှုအပြီးတွင်မူ အခြေအနေများမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လော့ချန်သည် ခေတ္တမျှ အားနည်းမှုကို ခံစားခဲ့ရသော်လည်း ယခုအခါ လုံးဝဥဿုံ ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်ရာ သူ၏ ဝိညာဉ်အခြေခံအုတ်မြစ်မှာ သိသိသာသာ ကြီးထွားလာခဲ့ကြောင်း ခံစားလိုက်ရသည်။

‘ဒါက ဘယ်လောက်အထိ ကြီးထွားလာလဲဆိုတာ ငါ အသေအချာ မသိသေးဘူး၊ ဒါပေမဲ့ သိနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ အစွမ်းကုန် ကြိုးစားကြည့်ဖို့ပဲ’

လော့ချန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း မျက်လုံးများကို ထပ်မံ၍ ပိတ်လိုက်ပြန်သည်။ ထိုအခါ ဆိတ်ငြိမ်လှသော ကျင့်ကြံအခန်းအတွင်း၌ ချီစွမ်းအင်များ တစ်ဖန် ပြန်လည်၍ လှုပ်ခတ်လာခဲ့ပြီး ကျင့်စဉ်ကို ဆက်လက်လည်ပတ်စေတော့သည်။

နှစ်ကြိမ်….

သုံးကြိမ်….

ဤသို့ဖြင့် လော့ချန်သည် အလွန်ပင် လျင်မြန်စွာဖြင့် ယခင်က သူ အဆုံးသတ်နိုင်ခဲ့သော ခုနစ်ကြိမ်မြောက် ကျင့်စဉ်လည်ပတ်မှုကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရှစ်ကြိမ်မြောက်….

ကိုးကြိမ်မြောက်….

ကိုးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ လည်ပတ်ပြီးနောက်တွင်မူ လော့ချန်၏ ရင်ထဲ၌ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်အချို့ ပေါ်ထွက်လာခဲ့သော်လည်း သူ သိရှိလိုသော အချက်အလက်များကိုမူ လုံလောက်စွာ သိရှိသွားပြီ ဖြစ်သည်။ သူ၏ ဝိညာဉ်အခြေခံအုတ်မြစ်မှာ အမှန်တကယ်ပင် ပိုမို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။ အတိတ်က အခြေတည်နှောင်းပိုင်းအဆင့်နှင့် နီးစပ်ရုံမျှသာ ရှိခဲ့သော စွမ်းအားမှာ ယခုအခါ ထိုနယ်ပယ်အတွင်းသို့ ခိုင်မာစွာ ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။

"ဒါပေမဲ့ ဒါက ငါ့ရဲ့ အကန့်အသတ် မဟုတ်သေးဘူး"

သူ၏ တင်ပါးအောက်ရှိ နှင်းပိုးဖျာထံမှနေ၍ အေးမြလှသော ရေခဲအရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး သူ၏ စိတ်အာရုံကို လျင်မြန်စွာ ပြန်လည် လန်းဆန်းအောင်ပြုလုပ်ပေးလိုက်သည်။

‘နောက်ထပ် တစ်ကြိမ်လောက် ထပ်ပြီး ကြိုးစားကြည့်ရအောင်’

သူ၏ နှလုံးသားထဲတွင် ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်ရင်း လော့ချန်သည် အဆင့်လတ် ချီစုစည်းဆေးလုံးတစ်လုံး ပါဝင်သော ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။

ဤအကြိမ်တွင်မူ သူသည် ကျင့်ကြံခြင်းကို အထောက်အကူပြုရန်အတွက် ထိုဆေးလုံးကို အသုံးပြုမည် ဖြစ်သည်။ အဆင့်လတ် ချီစုစည်းဆေးလုံးတစ်လုံးတွင် အဆင့်နိမ့် ဆေးလုံးထက် နှစ်ဆမကသော အာနိသင်များ ကိန်းအောင်းနေတတ်သည်ဟု ဆိုကြသည်။ ၎င်းမှာ အဆင့်နိမ့် နဂါးပျံဆေးလုံးနှင့် နှိုင်းယှဉ်ပါက မည်မျှအထိ ပိုမို၍ အားကောင်းလိမ့်မည်ကို သူ သိရှိလိုပေသည်။

သူ ကျင့်စဉ်ကို တစ်ဖန် ပြန်လည်၍ စတင်လည်ပတ်လိုက်ပြန်သည်။

သူ၏ ခန္ဓာကိုယ်အတွင်း၌ ဆေးလုံးမှာ အရည်ပျော်သွားခဲ့ပြီး ကျယ်ပြောလှသော ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်တော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ဂူဗိမာန်အတွင်းရှိ ထူထပ်လှသော ဒုတိယအဆင့် ထိပ်တန်းချီစွမ်းအင်များကလည်း ၎င်းနှင့် ပေါင်းစပ်ရန်အတွက် အတွင်းသို့ တရဟော တိုးဝင်လာခဲ့ကြသည်။

လော့ချန်၏ ချီပင်လယ်အတွင်း၌ ချီစွမ်းအင်များမှာ လှိုင်းတံပိုးကြီးတစ်ခုကဲ့သို့ ပြင်းထန်စွာ စီးဆင်းလာခဲ့ရာ ချင်းယွမ်အဆိပ်ဖြေနည်းကြောင့် ဖြစ်ပေါ်နေသော ချီစွမ်းအင်ဝဲကရက်ကြီးမှာ ထိုရိုက်ခတ်မှုကြောင့် ပြိုကွဲလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သုံးနှစ်တာ လေ့ကျင့်မှုများကြောင့် သူသည် ဤကျင့်စဉ်ကို ပြီးပြည့်စုံအဆင့်အထိ တတ်မြောက်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် အထဲသို့ တိုးဝင်လာသော စွမ်းအားများကို သန့်စင်တည်ငြိမ်စေနိုင်ခဲ့ပြီး ဆေးအဆိပ်အတောက် အများစုကိုလည်း ဖယ်ရှားနိုင်ခဲ့သည်။ အစပိုင်းတွင် ထိုစွမ်းအင်ဝဲကရက်ကြီးမှာ အန္တရာယ်ရှိစွာ တုန်ခါသွားခဲ့သော်လည်း နောက်ဆုံးတွင်မူ ခိုင်မာစွာဖြင့် ပြန်လည် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

နောက်ထပ် တစ်နာရီခန့် ကုန်ဆုံးသွားခဲ့သည်။

လော့ချန် မျက်လုံးများကို ဖွင့်လိုက်သည့်အခါ သူ၏ အမူအရာတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်အချို့ ရှိနေသော်လည်း မျက်လုံးများအတွင်း၌မူ ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေတော့သည်။

ယနေ့ည၏ စမ်းသပ်မှုက သူ သိရှိလိုသော အချက်အားလုံးကို အတည်ပြုပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ပထမအချက်အနေဖြင့် သူ၏ ဝိညာဉ်အခြေခံအုတ်မြစ်မှာ အခြေတည် နှောင်းပိုင်းအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ဒုတိယအဆင့် အဆင့်မြင့်ဂူဗိမာန်သည် ချီစွမ်းအင် သိပ်သည်းဆကို နှစ်ဆမျှ ပိုမိုမြင့်မားစေသဖြင့် ကျင့်ကြံစဉ်အတွင်း ပြင်ပမှ စုပ်ယူရရှိသော စွမ်းအင်ပမာဏကို နှစ်ဆမျှ တိုးတက်စေသည်။ တတိယအချက်အနေဖြင့် အဆင့်လတ် ချီစုစည်းဆေးလုံး၏ စွမ်းအင်မှာ အဆင့်နိမ့် နဂါးပျံဆေးလုံးထက် များစွာ ပိုမို၍ သာလွန်လှပြီး နှစ်ဆနီးပါးမျှ ပိုမို၍ အားကောင်းလှပေသည်။

ဤအချက်သုံးချက် ပေါင်းစပ်လိုက်သည့်အခါ အလွန်ပင် အံ့အားသင့်စရာကောင်းလှသော ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့ရသည်။

"ငါ့ရဲ့ ကျင့်ကြံခြင်းအရှိန်က နှစ်ဆမက တိုးတက်လာတာပဲ"

သူ ပျော်ရွှင်စွာ အော်ဟစ်လိုက်မိသည်။

"ငါ အခြေတည်အဆင့်ကို ရောက်ခါစတုန်းက ဒုတိယအဆင့် အဆင့်နိမ့် ဝိညာဉ်ကြော ရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင်... အခု ငါ့ရဲ့ အရှိန်အဟုန်က ငါးဆမက ပိုပြီးတော့ မြန်ဆန်လာခဲ့ပြီ"

၎င်းမှာ အနည်းငယ် ဝေဝေဝါဝါ ဖြစ်နိုင်သော်လည်း အကယ်၍ သူသည် အခြေတည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် လိုအပ်မည့် အချိန်ကာလဖြင့် တွက်ချက်ကြည့်မည်ဆိုပါက များစွာ ပိုမို၍ ရှင်းလင်းသွားပေလိမ့်မည်။

သူ အခြေတည်အဆင့်သို့ စတင်ခြေချခါစက အခြေတည်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန်အတွက် အနှစ်နှစ်ထောင်ခန့် ကြာမြင့်လိမ့်မည်ဟု ခန့်မှန်းခဲ့ဖူးသည်။ ထျန်းလန်နတ်ဘုရားမြို့တော်သို့ ရောက်ရှိလာပြီးနောက် တိုးတက်မှုအမျိုးမျိုးကို လုပ်ဆောင်ခဲ့ပြီးသည့်တိုင်အောင် ထိုခန့်မှန်းချက်မှာ အနှစ်တစ်ထောင်ခန့် ရှိနေသေးသည်။

သို့သော် ယခုအခါ သူ၏ လက်ရှိကျင့်ကြံခြင်းအရှိန်အဟုန်အရ သူသည် အနှစ်လေးငါးရာအတွင်းမှာပင် အထွတ်အထိပ်အဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ ထိုအချိန်ကာလမှာ သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းထက် များစွာ ပိုမို၍ ရှည်လျားနေသေးသော်လည်း ဤကဲ့သို့သော လက်တွေ့ကျလှသည့် တိုးတက်မှုကြီးက လော့ချန်အား ကြီးမားလှသော မျှော်လင့်ချက်များကို ပေးဆောင်နေသည်။

‘ငါ့မှာ ဒီထက်မက ပိုပြီးတော့ တိုးတက်အောင် လုပ်နိုင်မယ့် နေရာတွေ အများကြီး ရှိနေသေးတယ်၊ ငါ့ရဲ့ ဝိညာဉ်အခြေခံအုတ်မြစ်က အခြေတည် နှောင်းပိုင်းအဆင့်ပဲ ရောက်သေးတာ၊ အထွတ်အထိပ်ကို ရောက်ဖို့ အများကြီး လိုသေးတယ်၊ တကယ်လို့ ငါ ထိပ်တန်းအဆင့် ချီလမ်းကြောင်းဆေးလုံးကိုသာ ဖော်စပ်နိုင်မယ်ဆိုရင် ဒါကို ပိုပြီးတော့ အားကောင်းလာအောင် လုပ်နိုင်ဦးမှာပဲ’

သူ၏ ချီစွမ်းအား မည်မျှအထိ အားကောင်းသည် ဆိုသည့်အချက်က သူ၏ အဓိကကျင့်စဉ်ကို တစ်နေ့လျှင် မည်မျှအထိ ကျင့်ကြံနိုင်စေမည် ဆိုသည်ကို ဆုံးဖြတ်ပေးခြင်း ဖြစ်ပြီး၊ ၎င်းကပင် ပြင်ပမှ ချီစွမ်းအင် မည်မျှအထိ စုပ်ယူနိုင်မည်ကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ သူ၏ ဝိညာဉ်အခြေခံအုတ်မြစ်အပြင် သူ့အတွက် အခြားသော တိုးတက်နိုင်မည့် လမ်းကြောင်းများလည်း ရှိနေသေးသည် မဟုတ်ပါလော။

‘ပြီးတော့ ငါ့ရဲ့ ဆေးလုံးတွေရဲ့ အရည်အသွေးလည်း ရှိသေးတယ်၊ ဒါက အဆင့်လတ် ချီစုစည်းဆေးလုံးပဲ ရှိသေးတာ၊ တကယ်လို့ ငါ့မှာ ထိပ်တန်းအဆင့် ဆေးလုံးသာ ရှိမယ်ဆိုရင်ကော၊ နတ်မိစ္ဆာနှလုံးသားကြေးမုံ စမ်းသပ်မှုတုန်းကတော့ ငါ ထိပ်တန်းဆေးလုံးတွေကို မရရှိနိုင်ခဲ့ဘူး၊ ဒါပေမဲ့ ဒါက စမ်းသပ်မှု သက်သက်ပဲလေ၊ အဲ့ဒီတုန်းက ငါ့ရဲ့ အရည်အချင်းနဲ့ ပတ်ဝန်းကျင်အခြေအနေကို ထည့်မတွက်ထားခဲ့ဘူး၊ အခုက ပြောင်းလဲနေပြီဆိုတော့ ငါ့အတွက် အခွင့်အရေးတွေ သေချာပေါက် ပိုပြီးတော့ များပြားလာမှာပဲ၊ ပြီးတော့ ဆေးလုံးတွေအပြင် ငါ့ရဲ့ ခန္ဓာကိုယ်ကျင့်စဉ်လည်း ရှိသေးတာပဲ’

လော့ချန်တစ်ယောက် သူ၏ခန္ဓာကိုယ်ကျင့်စဉ်မှာ ဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် အလွန်ပင် နီးစပ်နေပြီ ဖြစ်ကြောင်း အာရုံခံမိလိုက်သည်။ သူ၏ ခန္ဓာကိုယ် ပိုမို၍ အားကောင်းလာသည်နှင့်အမျှ ၎င်းက တစ်ဖန် ပြန်လည်၍ သူ၏ မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်းကို ပိုမိုမြင့်မားလှသော အဆင့်အတန်းတစ်ခုဆီသို့ တွန်းပို့ပေးလိမ့်မည် ဖြစ်သည်။

‘နတ်မိစ္ဆာနှလုံးသားကြေးမုံ စမ်းသပ်မှုတုန်းကတော့ ငါ နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းပြီး အသက်သုံးရာ့သုံးဆယ်မှာ အခြေတည်အဆင့် အထွတ်အထိပ်ကို ရောက်ရှိခဲ့တာ၊ အခု လက်တွေ့ဘဝမှာကော... ငါ့ရဲ့ သက်တမ်းမကုန်ဆုံးခင်မှာ ဖြောင့်မတ်တဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရင် အဲ့ဒီလိုမျိုး ရလဒ်ကို မရရှိနိုင်စရာ အကြောင်းမရှိဘူး မလား’

သူသည် မိမိ၏ အလားအလာအပေါ် မည်သို့မျှ သံသယမရှိပေ။ သူ ဖြတ်သန်းခဲ့ရသော လမ်းခရီးတစ်လျှောက်တွင် အခက်အခဲများနှင့် အန္တရာယ်များစွာဖြင့် ပြည့်နှက်နေခဲ့သော်လည်း အောင်မြင်မှုတိုင်းက သူ၏ စိတ်ဓာတ်ကို ပိုမို၍ သွေးတင်ပေးခဲ့ပြီး မလှုပ်မယှက်နိုင်သော တာအိုလုံးသားတစ်ခုကို ထုဆစ်ပေးခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ မဟာလမ်းစဉ်ကို ရှာဖွေပြီး လျှောက်လှမ်းနေသော နှလုံးသား ဖြစ်သဖြင့် သူသည် မည်သည့်အခါမျှ ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။

….

နောက်တစ်နေ့တွင် ဖြစ်သည်။

လော့ချန်သည် တစ်နာရီခန့်သာ အိပ်စက်ခဲ့ရသော်လည်း စောစီးစွာပင် နိုးထလာခဲ့သည်။ သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း မရှိသော်လည်း ဤမျှလောက် ပြင်းထန်လှသော ကျင့်ကြံခြင်းကို ဆက်တိုက် လုပ်ဆောင်ရန်မူ လောလောဆယ်တွင် မဖြစ်နိုင်သေးပေ။ ၎င်းမှာ ကျင့်ကြံသူတစ်ဦး၏ သာမန် ကျင့်စဉ်လှည့်ပတ်မှု သဘောတရားပင် ဖြစ်သည်။

သူ ယခင်က စမ်းသပ်ခဲ့သော အကန့်အသတ်ဟူသည် သူ၏ ဝိညာဉ်အခြေခံအုတ်မြစ်ကို အလွန်အမင်း မထိခိုက်စေဘဲ လုပ်ဆောင်နိုင်သော အဆင့်သာ ဖြစ်သည်။ သို့သော် ကျင့်ကြံသူတစ်ဦးအနေဖြင့် အဆင့်တက်ရန် အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့ရသည့်အခါတွင်မူ ၎င်းတို့ကို ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။ လိုအပ်သော ပြင်ဆင်မှုများ ရှိပါက အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ဆက်တိုက် ကျင့်ကြံကြပေလိမ့်မည်။ ကျင့်ကြံဆင့်ကို အောင်မြင်စွာ ချိုးဖျက်နိုင်သရွေ့ မည်သည့် ထိခိုက်မှုမျိုးမဆို ခံယူရန် ထိုက်တန်လှပေသည် မဟုတ်ပါလော။

လော့ချန်သည် ပင်ပန်းခြင်း မရှိသည့်အပြင် ရေခဲနတ်ဘုရားကျောက်စိမ်းကြောင့် သူ၏ စိတ်အာရုံမှာ ပိုမို၍ပင် လန်းဆန်းတက်ကြွနေသေးသည်။

‘ကရုဏာမဲ့နတ်သမီး ပေးခဲ့တဲ့ ဒီကျောက်စိမ်းပြားက မှော်လက်နက်လည်း မဟုတ်သလို မှော်ရတနာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ သူ့ရဲ့ စွမ်းရည်က တကယ့်ကို ထူးခြားဆန်းပြားလွန်းတယ်၊ ဒါကို ဘယ်လိုကုန်ကြမ်းမျိုးနဲ့ ပြုလုပ်ထားလဲ မသိဘူး’

လော့ချန်သည် သူ၏ လည်ပင်းမှ ကျောက်စိမ်းဆွဲပြားကို ခပ်ဖွဖွ ထိတွေ့လိုက်ရင်း ပေါ့ပါးလှသော ခြေလှမ်းများဖြင့် ဧည့်ခန်းအတွင်းသို့ လှောက်လှမ်းဝင်ရောက်ခဲ့သည်။

ချွီလင်ကျွင်းနှင့် အခြားသူများမှာ အပြင်ဘက်တွင် အဆင်သင့် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

"မင်္ဂလာပါ... ဆရာ"

"မင်္ဂလာပါ"

လော့ချန် ခေါင်းညိတ်ပြလိုက်ရင်း ဂူဗိမာန်အပြင်ဘက်သို့ လှမ်းထွက်ခဲ့ကာ သူ၏ အကြည့်များကို ဝိညာဉ်စိုက်ခင်းပေါ်သို့ ပို့လွှတ်လိုက်သည်။ သူသည် ဤနေရာတွင် ရေရှည်နေထိုင်သွားမည် ဖြစ်သည်။ ထို့ကြောင့် ဤဝိညာဉ်စိုက်ခင်းကို ပေါင်းမြက်များနှင့် သာမန်ပန်းပင်များသာ ပေါက်ရောက်နေစေရန်အတွက် အလဟသ ပစ်ထား၍ မရနိုင်ပေ။

"မင်းတို့ ပြန်ရောက်တဲ့အခါကျရင် ယွမ်တုန်းရှန်းကို ငါ့ဆီ လာခဲ့ဖို့ ပြောလိုက်ပါဦး"

ချွီလင်ကျွင်း ခေါင်းညိတ်လိုက်သည်။

ယွမ်တုန်းရှန်းသည် ချီသန့်စင်အဆင့် ၆ သို့ရောက်ရှိနေပြီဖြစ်ပြီး လော့ထျန်းအဖွဲ့အစည်း၏ အကောင်းဆုံး ဝိညာဉ်အပင်စိုက်ပျိုးရေး ပညာရှင် ဖြစ်သည်။

ယခုအခါတွင်မူ ချင်းဟွာ လီမျိုးနွယ်စု၏ မျိုးနွယ်ဝင်တစ်ဦးနှင့် စေ့စပ်ထားပြီး ဖြစ်သဖြင့် သူ၏ အဆင့်အတန်းမှာ ပိုမို၍ ရိုသေလေးစားခြင်း ခံနေရပြီ ဖြစ်သည်။ သူ၏ ရာထူးမှာ လော့ထျန်းအဖွဲ့အစည်း၏ အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးနှင့် စီမာဟွေ့နန်တို့၏ အောက်တွင်သာ ရှိသည်။ သူသည် သာမန် ချီသန့်စင်အဆင့် (၉) ကျင့်ကြံသူ အများစုထက်ပင် ရာထူးပိုမို မြင့်မားလှပြီး ခန်းမဆောင်ခေါင်းဆောင်များနှင့်ပင် ရင်ပေါင်တန်းနိုင်သူ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင်မူ သူ၏ ရာထူးအဆင့်အတန်းထက် သူ၏ ကျွမ်းကျင်မှု အရည်အချင်းကသာ ပိုမို၍ အရေးကြီးလှပေသည်။

"ပြီးတော့.... ငါ နောက်ပိုင်း ဒန်ရှားတောင်ကို ခဏလောက် လာဖြစ်မှာ မဟုတ်ဘူး"

လော့ချန် ဆက်ပြောလိုက်သည်။

"တကယ်လို့ ကိစ္စ တစ်ခုခု ရှိလာခဲ့ရင် ဒီအသံလွှင့် ကျောက်စိမ်းပြားကို သုံးပြီးတော့ ငါ့ဆီကို ဆက်သွယ်လိုက်ပါ"

ပြောပြောဆိုဆိုဖြင့် သူ ကျောက်စိမ်းပြား နှစ်ပြားကို ထုတ်ယူလိုက်သည်။

"တစ်ခုက မင်းအတွက်၊ နောက်တစ်ခုကတော့ ဟွေ့နန်အတွက်ပဲ"

ချွီလင်ကျွင်းသည် ၎င်းတို့ကို လှမ်းယူလိုက်ရင်း လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ ဤအထူးပြုလုပ်ထားသော အသံလွှင့်ကျောက်စိမ်းပြားများသည် သာမန်အသံလွှင့်စာလွှာများ သို့မဟုတ် စက္ကူကြိုးကြာများထက် များစွာ ပိုမို၍ သာလွန်လှသည်။ ၎င်းတို့သည် မိုင်ပေါင်းတစ်ထောင်ခန့် ကွာဝေးသော နေရာဆီသို့ အချက်အလက်များကို မျက်စိတစ်မှိတ်အတွင်း ပို့ဆောင်ပေးနိုင်ကြသည်။ စွမ်းဆောင်ရည်မြင့်မားမှုနှင့်အတူ ဈေးနှုန်းမှာလည်း တစ်ခုလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်ခန့် ကျသင့်ပြီး၊ ၎င်းအတွင်းသို့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အသိစိတ်ကို မဖြစ်မနေ ထည့်သွင်းမှတ်တမ်းတင်ထားရမည် ဖြစ်သည်။

ကျောက်စိမ်းပြားများကို သေသေချာချာ သိမ်းဆည်းလိုက်ပြီးနောက် ချွီလင်ကျွင်း မမေးဘဲ မနေနိုင်တော့ပေ။

"ဆရာ... ဒါဆိုရင် ကျောက်စိမ်းအမြုတေဆေးလုံး လုပ်ငန်းကော ဘာဖြစ်သွားမှာလဲ ခင်ဗျာ"

"လေလံပွဲမတိုင်ခင်တုန်းက ငါ ကျောက်စိမ်းအမြုတေဆေးလုံး အများကြီးကို ကြိုပြီးတော့ ဖော်စပ်ထားခဲ့တယ်၊ ဒါက လော့ထျန်းအဖွဲ့အစည်းအနေနဲ့ လဝက်လောက် လိုက်လံရောင်းချဖို့အတွက် လုံလောက်ပါတယ်"

လော့ချန်သည် ဤအရေးကြီးလှသော ကိစ္စရပ်ကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်သည်။ ယခင်က မိမိတွင် ဝိညာဉ်ကျောက်တုံး လေးသိန်းခန့် ရှိသဖြင့် ပျော်ရွှင်ခဲ့ဖူးသော်လည်း လေလံပွဲကြီး ပြီးဆုံးသွားသည့်အခါတွင်မူ ထိုခံစားချက်များမှာ လုံးဝဥဿုံ ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။

လေလံပွဲတစ်ခုတည်းတွင်တင် သူသည် စုစုပေါင်း ဝိညာဉ်ကျောက်တုံး နှစ်သိန်းလေးသောင်းခန့် သုံးစွဲခဲ့ရသည်။ အဲ့ဒီနောက် ထိပ်တန်းဂူဗိမာန်ကို နှစ်နှစ်စာအတွက် ငှားရမ်းရန် နောက်ထပ် ဝိညာဉ်ကျောက်တုံး တစ်သိန်း ထပ်မံ၍ သုံးစွဲခဲ့ရသေးသည် မဟုတ်ပါလော။

ယခုအခါတွင်မူ သူ၏ လက်ထဲ၌ ဝိညာဉ်ကျောက်တုံး ခြောက်သောင်းခန့်သာ ကျန်ရှိတော့ပြီး ၎င်းတို့အားလုံးမှာ အဆင့်လတ်နှင့် အဆင့်မြင့်တစ်တုံးသာ ဖြစ်ကြသည်။ ထိုကျောက်တုံးများကို ပေါ့ပေါ့ပါးပါး သုံးစွဲ၍ မရနိုင်ပေ။ အထူးသဖြင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို ဖြစ်သည်။ ၎င်းမှာ သာမန်ငွေကြေး သက်သက် မဟုတ်တော့ဘဲ အရေးကြီးသော အချိန်ကာလတွင် မိမိ၏ အသက်ကို ကယ်တင်ပေးနိုင်မည့် မဟာဗျူဟာမြောက် အရန်အင်အားစုကြီး ဖြစ်သောကြောင့် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော် လက်ရှိ၌ လော့ချန်သည် သူတောင်းစားတစ်ယောက်ကဲ့သို့ လုံးဝဥဿုံ မွဲသွားခဲ့ပြီ ဖြစ်သည်။

စိတ်ပျက်စရာကောင်းသည်မှာ နောင်တွင် သူ ငွေကြေးသုံးစွဲရန် လိုအပ်မည့် နေရာများစွာ ရှိနေသေးခြင်း ဖြစ်သည်။

ဆေးလုံးများအတွက်မူ လောလောဆယ်တွင် အဆင်ပြေနေသေးသည်။ သူသည် လေလံပွဲ၌ တစ်နှစ်စာခန့် သောက်သုံးရန် လုံလောက်သော အလတ်စား ချီစုစည်းဆေးလုံးများကို ဝယ်ယူထားခဲ့ပြီး ဖြစ်သည်။ သို့သော် ဒုတိယအဆင့် အဆင့်မြင့်ဂူဗိမာန်၏ ငှားရမ်းခကိုမူ သူ ကြိုတင် ပြင်ဆင်ရမည် ဖြစ်သည်။ ၎င်းမှာ တစ်နှစ်လျှင် လေးသောင်းရှစ်ထောင် ကျသင့်သည် မဟုတ်ပါလော။ သာမန် အခြေတည်အဆင့် ကျင့်ကြံသူများအနေဖြင့် ဤမျှလောက် ကြီးမားသော ပမာဏကို လုံးဝ တတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် သူသည် ဆေးလုံးများကို ဆက်တိုက် ဖော်စပ်နေရမည် ဖြစ်သည်။

"၆ လကြာရင် ဟွေ့နန်ကို လူလွှတ်ပြီး ဆေးလုံးတွေကို လာသိမ်းဆည်းခိုင်းလိုက်ပါ"

ချွီလင်ကျွင်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ဆရာ... ဆရာ့အတွက် ဆေးဖော်စပ်တဲ့နေရာမှာ ကူညီပေးမယ့်သူတွေ ထပ်ပြီး မလိုအပ်တော့ဘူးလား ခင်ဗျာ"

လော့ချန် အသာအယာ ပြုံးရင်း ခေါင်းခါယမ်းလိုက်သည်။

"မလိုတော့ပါဘူး၊ သူတို့က အခု ငါ့အတွက် ဆေးပင်တွေကိုပဲ ကြိုတင်ပြင်ဆင်ပေးရင် ရပြီ၊ ကျန်တဲ့အချိန်တွေကိုတော့ မင်းတို့လေးယောက် ဆေးလုံးဖော်စပ်တဲ့နေရာမှာ ခေါ်ပြီးကူညီခိုင်းပေါ့၊ ပြီးတော့ ငါ့ကို စိတ်ပျက်အောင် မလုပ်ကြနဲ့ဦး"

"ဟုတ်ကဲ့ပါ.... ကျွန်တော်တို့ ဆရာ့ကို လုံးဝ စိတ်မပျက်စေရပါဘူး ဆရာ"

ချွီလင်ကျွင်းသည် ယုံကြည်မှုအပြည့်ဖြင့် သူ၏ ရင်ဘတ်ကို ပုတ်ပြလိုက်သည်။ ကျန်ရှိသော သုံးဦးကလည်း တူညီလှသော ပြတ်သားမှုများဖြင့် ခေါင်းညိတ်ပြကြသည်။

အဆင့်နိမ့် ဆေးဖော်စပ်သူများအတွက်မူ အခက်ခဲဆုံးအပိုင်းမှာ စတင်ခြေချရသည့် အဆင့်သာ ဖြစ်သည်။ ထိုအတားအဆီးကို ကျော်လွန်သွားနိုင်ပြီ ဖြစ်သဖြင့် ကျန်ရှိသော စိန်ခေါ်မှု အများစုကို အတွေ့အကြုံများမှတစ်ဆင့် အလွယ်တကူ ကျော်လွှားနိုင်ကြပေလိမ့်မည်။

လော့ချန်သည် သူတို့အတွက် ဆေးဖော်စပ်ခြင်း မှတ်စုအမြောက်အမြားကို ချန်ထားပေးခဲ့သည့်အပြင် သူတို့၏ ချီစွမ်းအားများ အားကောင်းလာစေရန်အတွက် ချီလမ်းကြောင်းဆေးလုံးများကိုပင် ရက်ရက်ရောရော ပေးထားခဲ့သည်။ ထို့ကြောင့် သူတို့တွင် ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းနိုင်မည့် အခြေခံအုတ်မြစ်များ အပြည့်အဝ ရှိနေကြပြီဟု ဆိုနိုင်ပေသည်။

နောင်အနာဂတ်တွင် သူတို့ အမှန်တကယ် အောင်မြင်နိုင်မလား ဆိုသည့်အချက်မှာမူ သူတို့၏ ကြိုးစားအားထုတ်မှုနှင့် ကံတရားအပေါ်တွင်သာ မူတည်ပေလိမ့်မည်။

နောက်ထပ်အနေဖြင့် လော့ချန်သည် သူတို့အား လမ်းညွှန်ချက်အချို့ကို ထပ်မံမှာကြားခဲ့သေးသည်။ နောက်ပိုင်းတွင် သူတို့သည် လအလိုက် အလှည့်ကျဖြင့် ပြင်ဆင်ပြီးသား ဆေးဖက်ဝင်ကုန်ကြမ်းများကို ဂူဗိမာန်ဆီသို့ လာရောက်ပို့ဆောင်ပေးရမည် ဖြစ်သည်။ လော့ချန်သည် ဆေးဖော်ခန်းမဆောင်ရှိ အဖွဲ့ဝင်များအား မည်သို့တာဝန်ခွဲဝေခိုင်းစေရမည်ကို ရှင်းပြခဲ့ပြီး၊ မည်သည့်ကိရိယာများတွင် မည်သို့သောတားမြစ်ချက်များနှင့် သတိထားရမည့်အချက်များ ရှိကြောင်းကိုပါ သေသေချာချာ ထောက်ပြပြောဆိုခဲ့သည်။

ဤကိစ္စရပ်များအားလုံးကို စီစဉ်ပြီးစီးသွားသည့် အခါမှသာ လော့ချန် သူတို့အား ပြန်ခွင့်ပြုလိုက်တော့သည်။

….

"သခင်.... ကျွန်မဖြင့် သခင် ဒီလောက်အထိ စကားတွေ အများကြီး ပြောတာမျိုး တစ်ခါမှ မမြင်ဖူးဘူး"

ပိုင်မေလင်း၏ အသံသည် လေထုထဲ၌ လွင့်ပျံလာခဲ့ပြီး သူမ၏ ပုံရိပ်မှာ အရိပ်အမှောင်များအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

အခြားသူတစ်ဦးသာဆိုလျှင် သူမ၏ တစ္ဆေတစ်ကောင်ကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် လန့်ဖျပ်သွားနိုင်သော်လည်း လော့ချန်မှာမူ အသားကျနေပြီ ဖြစ်သည်။ သူသည် ငြိမ်သက်စွာ မတ်တတ်ရပ်နေရင်း ဝေးကွာသွားသော လူလေးဦး၏ ပုံရိပ်များကို တည်ငြိမ်လှသော အမူအရာဖြင့် စောင့်ကြည့်နေခဲ့သည်။

"အခု အရင်ကထက်စာရင် အခြေအနေတွေက အများကြီး ပိုပြီးတော့ ကောင်းလာပြီ"

သူ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

"အခု လော့ထျန်းအဖွဲ့အစည်းမှာ အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ယောက်က အလှည့်ကျ တာဝန်ယူပေးနေကြပြီဖြစ်သလို စီမာဟွေ့နန်ကလည်း ကိစ္စကြီးငယ်အားလုံးကို သေသေချာချာ စီမံပေးနေတယ်…. ဆိုတော့ ငါ့အနေနဲ့ ဒီမှာပဲ အာရုံစိုက် ကျင့်ကြံဖို့ လိုတော့တယ်"

ပိုင်မေလင်း နားမလည်နိုင်စွာ မျက်တောင်ခတ်လိုက်မိသည်။ သူမသည် လက်ရှိ၌ အတိတ်မှတ်ဉာဏ် အများစုကို ပြန်လည်ရရှိထားပြီဖြစ်ရာ သူမ၏ စရိုက်မှာ ယခင်ကကဲ့သို့ အေးစက်ခက်ထန်ခြင်း မရှိတော့ပေ။ သူမ ခေါင်းလေးကို စောင်းလိုက်ရင်း သခင်ဖြစ်သူသည် မကြာသေးမီကစ၍ အမှန်ပင် ပိုမို၍ အေးအေးလူလူ ဖြစ်လာခဲ့ကြောင်း ခံစားမိလိုက်သည်။ ထို အေးအေးလူလူဟူသည်မှာ တစ်နေ့လုံး အလုပ်မရှိဘဲ အပျင်းထိုင်နေခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။ ထိုအစား သူသည် ယခင်ကကဲ့သို့ မရေမတွက်နိုင်သော ကိစ္စရပ်များအောက်တွင် ပိမိမနေတော့ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

"ဒါဆိုရင်.... သခင်... အခု သခင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲဟင်"

သူမက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ငါ ဘာလုပ်မလဲ ဟုတ်လား"

လော့ချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။

"ငါ့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စနစ်တကျ စီစဉ်ရတော့မှာပေါ့"

နေ့ရက်တစ်ရက်၏ အစဟူသည် မနက်ခင်း ငါးနာရီ ယုန်အချိန်မှ စတင်ခြင်း ဖြစ်သည်။

မနက် ငါးနာရီမှ ခုနစ်နာရီအထိ အချိန်ကိုမူ သူသည် စာဖတ်ခြင်းအတွက် သီးသန့်အသုံးပြုမည် ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း ဝယ်ယူခဲ့သည်ဖြစ်စေ၊ လက်ဆောင်ရရှိခဲ့သည်ဖြစ်စေ သို့မဟုတ် တိုက်ပွဲများမှ သိမ်းပိုက်ရရှိခဲ့သည်ဖြစ်စေ သူ၏သိုလှောင်အိတ်ထဲတွင် စာအုပ်အမြောက်အမြားကို စုဆောင်းထားခဲ့ပြီးဖြစ်သည်။ ၎င်းတို့ထဲ၌ ဆေးဖော်စပ်ခြင်းဆိုင်ရာ ကျမ်းစာများ၊ မှော်အတတ်လက်စွဲစာအုပ်များ၊ ကျင့်ကြံသူများ၏ ခရီးသွားမှတ်တမ်းများ၊ အစီအရင်ကျမ်းစာများ၊ မှော်စာရွက်လမ်းညွှန်များနှင့် ဆေးပင်များနှင့် မိစ္ဆာသားရဲများဆိုင်ရာ စွယ်စုံကျမ်းများ ပါဝင်နေကြရာ.... အမျိုးအစားစုံလင်မှုမှာ အံ့မခန်းလှပေ။

၎င်းတို့ကို စနစ်တကျ အသုံးချနိုင်ရန်အတွက် သူ့အနေဖြင့် တစ်နေ့လျှင် နှစ်နာရီတိတိ အချိန်ပေး၍ ဖတ်ရှုလေ့လာမည် ဖြစ်သည်။ ဤလုပ်ဆောင်ချက်က သူ၏အမြင်များကို ပိုမိုကျယ်ပြန့်စေနိုင်ပြီး ဗဟုသုတများကိုလည်း ပိုမိုနက်ရှိုင်းစေနိုင်သည်။ ထိုအသိပညာများဖြင့်သာ အခြားသူများ သတိမမူမိသော ဖုံးကွယ်ထားသည့် ရတနာများကို သူ အလွယ်တကူ ခွဲခြားသိမြင်နိုင်မည် မဟုတ်ပါလော။

ထို့နောက်တွင်မူ မြိန်ယှက်လှသော မနက်စာကို သုံးဆောင်မည် ဖြစ်သည်။

မနက် ခုနစ်နာရီခွဲမှ မွန်းတည့်အချိန်အထိကိုမူ မှော်အတတ်များ လေ့ကျင့်ရန်အတွက် အသုံးပြုမည် ဖြစ်သည်။ သူသည် အချိန်အတော်ကြာ လျစ်လျူရှုထားခဲ့မိသော မြေပြိုခြင်း၊ စိတ်ဝိညာဉ်ခြောက်ခြားခြင်းနှင့် ဖန်သားနတ်ဘုံအကာအရံစသည့် မှော်အတတ်များအပေါ် အဓိကအာရုံစိုက်မည် ဖြစ်သည်။ ဤမှော်အတတ်တစ်ခုချင်းစီတွင် ကြီးမားလှသော တိုးတက်နိုင်မည့် အလားအလာများ ရှိနေကြသည်။ ထို့ပြင် သူသည် ကျမ်းစာအသစ်အချို့ကိုလည်း စုဆောင်းထားခဲ့ပြီးဖြစ်ရာ ၎င်းတို့အနက်မှ အချို့ကို ရွေးချယ်၍ ထပ်မံလေ့လာရန် စီစဉ်ထားသေးသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏စွမ်းရည်များကို အားကောင်းစေနိုင်သည့်အပြင် မှော်အတတ်ကျွမ်းကျင်မှုအမှတ်များနှင့် အောင်မြင်မှုအမှတ်များကိုပါ တစ်ပြိုင်နက်တည်း ရရှိစေနိုင်မည် ဖြစ်သည်။

မွန်းလွဲပိုင်းအချိန်များကိုမူ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်များအတွက် အပြည့်အဝ အသုံးပြုမည် ဖြစ်သည်။ ၎င်းမှာ သူ၏လမ်းစဉ်၏ ပင်မအမြစ်တွယ်ရာ ဖြစ်ပေသည်။ ဤအတတ်ပညာကြောင့်သာ သူသည် ယခုအခြေအနေသို့ ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်ပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီး၏ အလေးထားခြင်းကိုပါ ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုအတတ်ပညာအား ကျဆင်းသွားခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ဆေးဖော်စပ်မှုများ ပြီးစီးသည့်အချိန်တွင်မူ ညဉ့်ဦးယံသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုနောက်ပိုင်းအချိန်ကိုမူ ကျင့်ကြံခြင်းအတွက် သီးသန့်ဖယ်ထားမည် ဖြစ်သည်။ သူ၏အဓိကကျင့်စဉ်ကို ဆယ်ကြိမ်တိုင်တိုင် ကျင့်ကြံနိုင်ရန် အနည်းဆုံး ငါးနာရီခန့် အချိန်လိုအပ်မည်ဖြစ်ရာ သူကျင့်ကြံပြီးစီးသည့်အချိန်တွင် ညဉ့်အမှောင်ထုမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပေလိမ့်မည်။

ထိုအချိန်ကျမှသာ သူသည် မိမိကိုယ်ကိုယ် ခေတ္တမျှ အနားယူခွင့်ပြုမည် ဖြစ်သည်။ နောက်ထပ် ယုန်အချိန်သို့ မရောက်မီအထိ တစ်နာရီ သို့မဟုတ် နှစ်နာရီခန့်သာ အိပ်စက်ရမည် ဖြစ်သည်။

နေ့စဉ်လုပ်ငန်းဆောင်တာအသစ်ကို စနစ်တကျ ချမှတ်ပြီးစီးသွားသည့်အခါ လော့ချန် တိုးညှင်းစွာ ရယ်မောလိုက်မိတော့သည်။

"ပျင်းစရာကောင်းတဲ့ နေ့စဉ်ဘဝကြီးကတော့ ပြန်ပြီး စတင်တော့မယ်ဟေ့..."

All Chapters