← Chapters

အခန်း (၃၈၅-၃၈၆)

Vol. 39 Ch. 385-386

အခန်း (၃၈၅-၃၈၆)

Vol. 39 Ch. 385-386

အခန်း (၃၈၅) - ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်

ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ လော့ချန် ထိုနေ့စဉ်ဘဝထဲတွင် ပျော်မွေ့နေခဲ့ပေသည်။

ထိုနေ့စဉ်ဘဝတွင် တိုက်ခိုက်သတ်ဖြတ်ခြင်းများ မရှိသလို၊ အသက်ဘေးအန္တရာယ်များလည်း ရှိမနေပေ။ အခြေအနေပြကြေးမုံပြင်ပေါ်ရှိ ကိန်းဂဏန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်းနှင့် မိမိ၏ စွမ်းအားများ အသွင်ပြောင်းတိုးတက်လာခြင်းကို စောင့်ကြည့်ရသည့် စိတ်လှုပ်ရှားမှုသာ ရှိသည်။

လဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

တစ်ရက် မွန်းလွဲပိုင်းတွင် ချီလမ်းကြောင်းဆေးလုံး၏ ကျွမ်းကျင်မှုအမှတ်ကို အသည်းအသန် မြှင့်တင်နေသော လော့ချန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားခဲ့ရသည်။

စိတ်အာရုံ အနည်းငယ် လွင့်ပျံသွားခဲ့သဖြင့် နှင်းဧကရာဇ်ဆေးအိုး အတွင်းရှိ ဆေးဖော်စပ်ရန် ပြင်ဆင်ထားသော ဆေးဘက်ဝင်ပစ္စည်း ဆယ်သုတ်စလုံး ချက်ချင်းပင် ပြာအတိ ဖြစ်သွားခဲ့ရတော့သည်။ ဆိုလိုသည်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ်ခန့် ပြာဖြစ်သွားခြင်း ဖြစ်သည်။

အတိတ်ကသာဆိုလျှင် လော့ချန်တစ်ယောက် ရင်ထုမနာ ဖြစ်နေမိမည်မှာ အမှန်ပင်။ ချီလမ်းကြောင်းဆေးလုံးဟူသည် အံ့မခန်းလှသော စွမ်းရည်များကြောင့် လူသိများသော်လည်း သူ့တွင် ရှိနေသော ဆေးညွှန်းမှာ မပြည့်စုံသဖြင့် ၎င်းကို ဖော်စပ်ရန်အတွက် အံံ့ဖွယ်တစ်သောင်းဆေးလုံး၊ ကျောက်စိမ်းအမြုတေဆေးလုံးတို့ထက် သုံးဆမျှ ပိုမိုခက်ခဲပြီး ကုန်ကျစရိတ်လည်း များပြားလှပေသည်။ ဆယ်သုတ်စာလုံး တစ်ပြိုင်နက်တည်း ပျက်စီးသွားခြင်းမှာ ဆုံးရှုံးမှုသေးသေးလေး မဟုတ်ချေ။

သို့သော် လော့ချန်သည် မကြာသေးမီက နေ့စဉ်နှင့်အမျှ ဤနေရာတွင် ကျွမ်းကျင်မှုအမှတ်ကို အသည်းအသန် မြှင့်တင်နေခဲ့သဖြင့် အဆင့်နိမ့် ချီလမ်းကြောင်းဆေးလုံးများမှာလည်း အလုံးရေ ရာချီ၍ စုဆောင်းမိနေခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့သော မနားမနေ အားထုတ်မှုများအပြီးတွင်မူ သူသည် နောက်ဆုံး၌ ချီလမ်းကြောင်းဆေးလုံး၏ အဆင့်ကို ကျွမ်းကျင်အဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။ ဆေးဖော်စပ်မှု အောင်မြင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ရုံမျှမက ဆေးလုံး၏ အရည်အသွေးမှာလည်း အဆင့်လတ်သို့ ရောက်ရှိသွားခဲ့သည်။

ယနေ့တွင် သူသည် အဆင့်လတ်ဆေးလုံးက မိမိအပေါ်တွင် ထိရောက်မှု ရှိမရှိကို စမ်းသပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် ဤမတော်တဆမှု ဖြစ်ပွားခဲ့သော်လည်း သူ စိတ်ပျက်ခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်ဝန်းများထဲတွင် အလွန်အမင်း ဝမ်းမြောက်လှသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

"ရှောင်လင်း... နှင်းဧကရာဇ်ဆေးအိုးကို သန့်ရှင်းရေးလုပ်ဖို့ ကူညီပေးပါဦး၊ ငါ ခဏလောက် ကျင့်ကြံလိုက်ဦးမယ်"

"ဟုတ်ကဲ့ပါ... သခင်"

ပိုင်မေလင်းက ပြန်ထူးလိုက်သည်။ သူမသည် ဆေးဖော်ခန်း အပြင်ဘက်တွင် ထိုင်နေရင်း ပေါင်ပေါ်၌ ကျမ်းစာတစ်စောင်ကို ဖြန့်ခင်းကာ ဝိညာဉ်စုအလံ အကြောင်းကို တိတ်ဆိတ်စွာ လေ့လာနေခြင်း ဖြစ်သည်။

လော့ချန် ကျင့်ကြံခန်းအတွင်းသို့ ကတိုက်ကရိုက် ဝင်သွားသည်ကို သူမ တွေ့လိုက်ရသည်။

ဝင်သွားပြီး သိပ်မကြာမီမှာပင် လော့ချန် ပြန်ထွက်လာခဲ့ကာ ဂူဗိမာန်၏ အပြင်ဘက်သို့ ထွက်သွားပြန်သည်။

“ဟင်”

ပိုင်မေလင်း ခေါင်းလေး စောင်းလိုက်မိသည်။

“ကျင့်ကြံတော့မယ်လို့ ပြောတာ မဟုတ်ဘူးလား”

….

"ဟူး…. ဒီဂူဗိမာန်က ကျဉ်းလွန်းတယ်"

လော့ချန် ညည်းတွားလိုက်မိသည်။

၎င်းမှာ အလွန်ပင် ထူးဆန်းလှသော ညည်းတွားသံ ဖြစ်သည်။ အထူးသဖြင့် ထျန်းလန်နတ်ဘုရားမြို့တော်၏ ဒုတိယအဆင့် အဆင့်မြင့် ဂူဗိမာန်တစ်ခုအတွင်း၌ ဤသို့ ညည်းတွားနေခြင်း ဖြစ်သောကြောင့်ပင်။ စနစ်တကျ စီမံထားပြီး သေသပ်လှပစွာ တည်ဆောက်ထားသောကြောင့် ဤဂူဗိမာန်မှာ အလွန်ပင် ကျယ်ပြောလှပြီး အမြင့် နှစ်လံခန့် ရှိသော ကြီးမားလှသည့် နှင်းဧကရာဇ်ဆေးအိုးကြီးကိုပင် အလွယ်တကူ ထည့်သွင်းထားနိုင်သည်။ သာမန် ကျင့်ကြံသူတစ်ဦးဆိုပါက ၎င်းကို နှိုင်းယှဉ်ဖွယ်မရှိအောင် ကျယ်ဝန်းလှသည်ဟု ဆိုကြပေလိမ့်မည်။

သို့သော်ငြားလည်း ယခုအချိန်တွင် လော့ချန်အတွက်မူ ၎င်းမှာ ကျဉ်းမြောင်းလွန်းသည်ဟု ခံစားနေရသည်။

ကျယ်ပြောလှသော တောင်ထိပ်မြေကွက်လပ်ပေါ်တွင် မတ်တတ်ရပ်နေရင်း သူ၏ မျက်လုံးများမှာ ဝိညာဉ်အလင်းတန်းများဖြင့် တောက်ပနေတော့သည်။ သူသည် နတ်မျက်စိကို အပြည့်အဝ အသက်သွင်းလိုက်ရင်း ခန္ဓာကိုယ်ကို အသေအချာ စစ်ဆေးကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ ကြေးညိုရောင်ကဲ့သို့ တောက်ပနေပြီး ကြွက်သားများမှာလည်း သံမဏိကဲ့သို့ မာကျောလှကာ အရေပြားမှာမူ မိစ္ဆာနွားသိုးတစ်ကောင်ကဲ့သို့ ရုန်းကန်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ထူထဲလှသော အရေပြားအောက်တွင်မူ ဖြူဖွေးလှသော ကျောက်စိမ်းအရိုးများက မထင်မရှား ရှိနေကြသည်။

ယခုအခါ ထိုအရာများမှာ မသိမသာပင် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ကြပြီ ဖြစ်သည်။ သူ၏ ကလီစာငါးပါးအတွင်းတွင်လည်း အသွင်ပြောင်းလဲနေသည့်အလား ပြင်းထန်လှသော သက်စောင့်စွမ်းအားလှိုင်းများ ထွက်ပေါ်နေခဲ့သည်။

အတွေးတစ်ချက်ဖြင့်ပင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ငလျင်လှုပ်ခတ်သွားသကဲ့သို့ တုန်ခါသွားခဲ့ရသည်။

အားကောင်းလှသော စွမ်းအင်လှိုင်းတစ်ခု တဖြည်းဖြည်း ချိုးဖျက်ထွက်ပေါ်လာခဲ့သည်။ သူ၏ ကျောရိုးဆီမှနေ၍ သွေးချီမီးခိုးတိုင်ကြီး တစ်ခုမှာ ကောင်းကင်ယံဆီသို့ ထိုးတက်သွားခဲ့ပြီး အထက်သို့ ရောက်ရှိသွားသည်နှင့်အမျှ တဖြည်းဖြည်း ကျဲပါးပျောက်ကွယ်သွားခဲ့သည်။

သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည့်အခါ ပြင်းထန်လှသော စွမ်းအားတစ်ခု သဘာဝအလျောက် ပေါ်ထွက်လာခဲ့သည်။

ဖမ်းဆုပ်ရန် ခက်ခဲပြီး ဒြပ်မဲ့လှသော ချီစွမ်းအားများနှင့် မတူဘဲ ဤအရာမှာ အမှန်တကယ် တည်ရှိပြီး ခိုင်မာလှသော ခန္ဓာကိုယ်စွမ်းအား ဖြစ်ပေသည်။ လော့ချန်သည် ထိုစွမ်းအားများက မိမိ၏ ကြွက်သားများအတွင်း၌ ရစ်ခွေနေပြီး အရိုးများအတွင်း၌ စုစည်းနေကြောင်း ခံစားလိုက်ရသည်။ မိမိ၏ လက်သီးတစ်ချက်က တောင်တစ်လုံးကိုပင် ရိုက်ချိုးဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု သူ ခံစားနေရသည်။

"ဒါက ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်လား"

သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

လော့ချန် မျက်လုံးများကို ပိတ်လိုက်ရင်း သူ၏ ခန္ဓာကိုယ်အတွင်း၌ လျင်မြန်စွာ ပြောင်းလဲနေသော အခြေအနေများကို ခံစားကြည့်လိုက်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် အရင်းအမြစ် အမြောက်အမြားကို အသုံးပြုခဲ့ခြင်းကြောင့် သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အဓိကထား၍ မလေ့ကျင့်ခဲ့ပါလျက်နှင့် နောက်ဆုံးတွင်မူ ဤအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

"စင်ကြယ်တဲ့ ခန္ဓာကိုယ်စွမ်းအားက ဘယ်လောက်အထိ အားကောင်းနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

လော့ချန် မျက်လုံးများကို ဖျတ်ခနဲ ဖွင့်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူသည် ခြေလှမ်းများကို လှမ်းလိုက်ရင်း ကောင်းကင်ယံထက်သို့ လှမ်းတက်သွားခဲ့သည်။ မည်သည့် ချီစွမ်းအား သို့မဟုတ် လေခွင်းမှော်အတတ်ကိုမျှ အသုံးမပြုခဲ့ဘဲ သူ၏အားကောင်းလှသော ခန္ဓာကိုယ်စွမ်းအားနှင့် သူ့အား ရစ်ပတ်ထားသော သွေးချီကိုသာ လုံးဝဥဿုံ အားကိုးခဲ့ခြင်း ဖြစ်သည်။

ပထမဆုံး ခြေလှမ်းကား သုံးလံမျှ ကွာဝေးလှသည်။

သူ ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဝမ်မျိုးနွယ်စု လက်စွဲကျမ်းထဲမှ နဂါးပျံခြေလှမ်းကို အသုံးပြု၍ သွေးချီကို အနည်းငယ် လှုံ့ဆော်လိုက်သည်။

ဒုတိယ ခြေလှမ်းကား ကိုးလံမျှ ကွာဝေးလှသည်။

၎င်းမှာ အတိတ်က ရှောင်ဟွမ်းတောင်တွင် ဝမ်ယွမ် ထုတ်ဖော်ခဲ့သည်ထက် အကွာအဝေး အနည်းငယ် တိုတောင်းနေသေးသော်လည်း ကိန်းအောင်းနေသော စွမ်းအားမှာမူ အလွန်ပင် ထင်ရှားလှပေသည်။

ခြေတစ်လှမ်းချင်းစီဖြင့် လော့ချန်သည် လေထဲ၌ ဆက်လက်၍ ရှေ့သို့ လျှောက်လှမ်းနေခဲ့သည်။ လှုပ်ရှားမှုတိုင်းနှင့်အတူ သူသည် ၎င်းအတွင်းရှိ လျှို့ဝှက်ချက်များကို သဘောပေါက်နားလည်လာခဲ့တော့သည်။

"ဒါက ပေါက်ကွဲထွက်လာတဲ့ စွမ်းအားပဲ"

သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

"တိုတောင်းတဲ့ အကွာအဝေးအတွင်းမှာဆိုရင်.... ဒါက တားဆီးဖို့ လုံးဝ မဖြစ်နိုင်လောက်ဘူး"

သို့သော် သူ၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ မြင့်တက်လာသည်နှင့်အမျှ သူ၏ မျက်ခုံးများမှာမူ အနည်းငယ် တွန့်ကွေးသွားခဲ့ရပြန်သည်။

‘ဒါပေမဲ့ ဒီလိုမျိုး သွေးချီကို သုံးတာက စွမ်းအင်ကုန်ဆုံးတာ မြန်လွန်းတယ်၊ ပေါက်ကွဲမှုတစ်ခုချင်းစီရဲ့ ကြားထဲမှာ ခဏရပ်သွားတာမျိုးက ရှောင်လွှဲလို့ မရနိုင်ဘူးပဲ’

လော့ချန် လေထဲ၌ ခေတ္တမျှ ရပ်တန့်နေခဲ့ပြီး သူ၏ အားကောင်းလှသော သွေးချီများက သူ့အား ပင့်မထားလေသည်။

သေသေချာချာ တွက်ချက်ကြည့်ပြီးသည့်နောက် သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်၏ အားသာချက်များနှင့် အားနည်းချက်များကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ပေါက်ကွဲထွက်လာသော စွမ်းအားမှာ ကြီးမားလှသော်လည်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ချီစွမ်းအားကဲ့သို့ ချောမွေ့ခြင်း မရှိသေးပေ။ အကယ်၍ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးက အကွာအဝေးကို ထိန်းချုပ်ထားပြီး ဝေးကွာသောနေရာမှ လှမ်း၍ တိုက်ခိုက်မည့် ဗျူဟာကိုသာ အသုံးပြုမည်ဆိုပါက ခန္ဓာကိုယ် ကျင့်ကြံသူအနေဖြင့် အဝေးမှနေ၍ အရိုက်ခံရရုံသာ ရှိပေလိမ့်မည်။

‘လံတစ်ရာ အကွာအဝေးက ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်အတွက် အကောင်းဆုံး တိုက်ခိုက်ရေး အကွာအဝေးပဲ၊ ဒါပေမဲ့ တကယ်လို့ ငါ ဒါကို အထွတ်အထိပ်အဆင့် လေလွင့်ခြေလှမ်းနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်ကော’

ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ လက်တွေ့ ချက်ချင်း အကောင်အထည်ဖော်တော့သည်။

လော့ချန် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ခြေလှမ်းမှာ ကိုးလံမျှ ကွာဝေးသွားခဲ့သည်။ သူ၏ သွေးချီများ လျော့နည်းသွားသည့် အချိန်တွင်မူ သူ၏ ချီစွမ်းအားမှာ တရဟော စီးဆင်းလာခဲ့ပြီး တစ်ကိုယ်လုံးမှာ လင်းယုန်ငှက်ကြီးတစ်ကောင်ကဲ့သို့ လေထုထဲတွင် ပျံသန်းသွားခဲ့သည်။

သူသည် ဤပုံစံအတိုင်းပင် ထပ်ခါတလဲလဲ အပြင်းအထန် လေ့ကျင့်တော့သည်။ အစပိုင်းတွင် အနည်းငယ် ထစ်ငေါ့နေခဲ့သော်လည်း မကြာမီမှာပင် များစွာ ပိုမို၍ ကျွမ်းကျင်လာခဲ့ပြီ ဖြစ်သည်။

ဝူး….ရှူး….

သူ၏ ပုံရိပ်သည် ကျောက်ဆောင်နံရံကြီးတစ်ခု၏ ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး သူ ညာဘက်လက်ဝါးဖြင့် ရှေ့သို့ ရိုက်ချလိုက်တော့သည်။

တောင်ဖြိုကျောက်တိုင်ခွဲလက်ဝါးသိုင်း….။

ဘုန်း….

ကြီးမားလှသော ချီစွမ်းအင်တန်းကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ၎င်းက ကျောက်ဆောင်နံရံကို ရိုက်ခတ်သွားခဲ့ပြီး ဆယ်မီတာထက်မက နက်ရှိုင်းလှသော တွင်းကြီးတစ်တွင်းကို ဖောက်ထွင်းပစ်လိုက်တော့သည်။ ဖုန်မှုန့်များမှာလည်း လေထဲ၌ ဝဲပျံတက်လာခဲ့ကြသည်။

လော့ချန် သူ၏ လက်ဝါးကို ပြန်လည်ရုပ်သိမ်းလိုက်ရင်း ကောင်းကင်ယံဆီသို့ ပြန်လည်ပျံသန်းသွားခဲ့သည်။ သူသည် မိမိ၏ ညာဘက်လက်ကို ကြည့်ရင်း နက်နဲစွာ တွေးတောနေမိတော့သည်။

‘စွမ်းအားကတော့ တကယ့်ကို ပြင်းထန်တာပဲ၊ တကယ်လို့ အခြေတည်အဆင့် အစောပိုင်း ကျင့်ကြံသူတစ်ယောက်သာ ဒီလက်ဝါးကို တည့်တည့်ရင်ဆိုင်ရမယ်ဆိုရင်... သူတို့မှာ အဆင့်မြင့် ခံစစ်မှော်လက်နက် ရှိရင်တောင် တားဆီးနိုင်မှာ မဟုတ်ဘူး၊ ထိပ်တန်း ခံစစ်မှော်လက်နက် ရှိမှပဲ ဒါကို အမှန်တကယ် တားဆီးနိုင်လိမ့်မယ်၊ ဒါပေမဲ့လည်း.... ဒါက အားနည်းလွန်းနေသေးတယ် ဒီစွမ်းအားက အခြေတည်အဆင့်အစောပိုင်း ကျင့်ကြံသူတစ်ယောက် ထိပ်တန်းအဆင့် ဓားပျံကို သုံးပြီး တိုက်ခိုက်တာနဲ့ အတူတူပဲ၊ ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်က တကယ်ပဲ ဒီလောက်အထိ အားနည်းတာလား’

"မဟုတ်သေးဘူး"

လော့ချန် ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။ ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်က အားနည်းနေခြင်း မဟုတ်ပေ။ အမှန်စင်စစ် သူ့ထံတွင် ၎င်းနှင့် ကိုက်ညီလှသော တိုက်ခိုက်ရေးသိုင်းကွက်များ မရှိသေးခြင်းကြောင့် ဖြစ်သည်။ ၎င်းမှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးတွင် ချီသန့်စင်အဆင့် ကျင့်ကြံသူထက် အဆပေါင်း ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ သာလွန်သော ချီစွမ်းအားများ ရှိနေသော်လည်း ထိုစွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်နိုင်ရန်အတွက် မှန်ကန်သော လက်နက်များ လိုအပ်နေသေးသကဲ့သို့ ဖြစ်သည်။ သူတို့တွင် ထိပ်တန်းအဆင့် မှော်လက်နက်များနှင့် ဒုတိယအဆင့် မှော်အတတ်များ လိုအပ်သည် မဟုတ်ပါလော။

ခန္ဓာကိုယ်ကျင့်ကြံသူများသည်လည်း အဆင့်တစ်ခုချင်းစီနှင့် ကိုက်ညီသော တိုက်ခိုက်ရေးသိုင်းကွက်များ လိုအပ်ကြသည်။ အမှန်တကယ်ဆိုရလျှင် သူတို့၏ စွမ်းအားများမှာ ခန္ဓာကိုယ် သန်မာမှုအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သောကြောင့် ကိုက်ညီသော နည်းလမ်းများမှာ ပိုမို၍ပင် တင်းကြပ်လှပေသေးသည်။

အတိတ်က ဝမ်ယွမ် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်သို့ စတင်ရောက်ရှိခါစက သူသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို လုံးဝ မယှဉ်နိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ဖူးသည်။

နောင်တွင်မှ ဝမ်ယွမ်သည် သွေးမြွေ ၊ နဂါးပျံခြေလှမ်း၊ ဧရာမဝိညာဉ်အသွင်ပြောင်းခြင်းအတတ် ကဲ့သို့သော သေးငယ်သည့် နည်းဗျူဟာအချို့ကို ပင်ပန်းကြီးစွာ ပေါင်းစပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြားလည်း ဤနည်းဗျူဟာများသည် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ကြီးမားလှသော သွေးချီစွမ်းအားများကို အပြည့်အဝ ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့်ပင် ဝမ်ယွမ်သည် ယုံကြည်ချက်အပြည့်ဖြင့် တွမ်ချန်ခွန်းကို ရင်ဆိုင်ခဲ့သော်လည်း ပြင်းထန်စွာ အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ထိုတိုက်ပွဲတွင် သူသည် လော့ချန်အား ရှေ့တန်းမှနေ၍ ခုခံကာကွယ်ပေးကာ အချိန်ဆွဲပေးရုံမျှသာ တတ်နိုင်ခဲ့သည်။

တာဟဲဈေးမြို့တော်မှ ထွက်ခွာလာပြီး နောက်ပိုင်းမှသာ ဝမ်ယွမ်သည် သူ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်အတွင်းသို့ သွေးချီကျင့်စဉ်များကို စတင်ပေါင်းစပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအားထုတ်မှုများမှတစ်ဆင့် သူသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို အမှန်တကယ် ရင်ဆိုင်နိုင်မည့် အသက်ဘေးအန္တရာယ်ပြုနိုင်သော တိုက်ကွက်တစ်ခုကို နောက်ဆုံး၌ ဖော်ထုတ်နိုင်ခဲ့သည်။

ထိုတိုက်ကွက်မှာ အခြားမဟုတ်ဘဲ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းပင် ဖြစ်သည်။

ဤတိုက်ကွက်ကြောင့်ပင် သူသည် ဟော်ဟူ ထွက်ပြေးရန် ကြိုးစားစဉ်က ဝေးကွာလှသော အကွာအဝေးမှနေ၍ ပြင်းထန်စွာ ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းဟူသည် သွေးချီစွမ်းအားကို ၎င်း၏ အမြင့်မားဆုံးအလားအလာအထိ အသုံးချနိုင်သော စစ်မှန်လှသည့် ဒုတိယအဆင့် တိုက်ကွက်တစ်ခု ဖြစ်ပေသည်။

၎င်းနှင့် နှိုင်းယှဉ်ပါက လော့ချန်၏ တောင်ဖြိုကျောက်တိုင်ခွဲလက်ဝါးသိုင်းမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားပြီး ဖြစ်သော်လည်း အခြေခံအားဖြင့်မူ သာမန်လူသားတို့၏ သိုင်းကွက်တစ်ခုမျှသာ ရှိနေသေးသည်။ ဤတိုက်ကွက်ကို မူလက တီထွင်ခဲ့သော ဝမ်ယွမ်ကိုယ်တိုင်ပင်လျှင် ယခုအခါ အသုံးမပြုတော့ပေ။

ထို့ပြင် လွန်ခဲ့သော မိနစ်ပိုင်းက လော့ချန် စမ်းသပ်ခဲ့သော နဂါးပျံခြေလှမ်းမှာလည်း အလွန်ပင် အဆင်မပြေဘဲ အတင်းအကျပ် လုပ်ယူထားရသကဲ့သို့ ဖြစ်နေသည်။ ၎င်းမှာ အကျွမ်းတဝင် မရှိသေးခြင်း၏ ရလဒ်ပင် ဖြစ်သည်။

"ငါ့မှာ သင့်တော်တဲ့ တိုက်ခိုက်ရေးသိုင်းကွက်တွေ လိုအပ်နေသေးတာပဲ"

လော့ချန် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"ငါ စွမ်းအားအခြေခံတဲ့ သိုင်းကွက်တချို့ စပြီး လေ့ကျင့်သင့်လား"

သို့သော် သူ ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ပြန်သည်။

"မဟုတ်သေးပါဘူး…. ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ခန္ဓာကိုယ်စွမ်းအားမှ မဟုတ်တာ…. အာရုံအပျက်မခံတာ အကောင်းဆုံးပဲ…. ငါ အခု လုပ်သင့်တာက ငါ့မှာ ရှိပြီးသား စွမ်းရည်တွေကို အပိုင် တတ်မြောက်ထားဖို့ပဲ"

သူ့တွင် တိုက်ကွက်အသစ်များ ချက်ချင်း မရှိသေးသည့်တိုင်အောင် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်သို့ ရောက်ရှိသွားခြင်းကပင် သူ့အတွက် တန်ဖိုးရှိလှသော ဝှက်ဖဲတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ သူသည် မိမိ၏ ခန္ဓာကိုယ်တစ်လျှောက်တွင် သိမ်မွေ့လှသော အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း ခံစားနေရသည်။ အရာအားလုံး တည်ငြိမ်သွားပြီးနောက် ရရှိလာမည့် အကျိုးကျေးဇူးများမှာ ကြီးမားလှပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း လော့ချန်သည် ထိုအာရုံနောက်စရာ အတွေးများကို ဘေးဖယ်လိုက်သည်။ စမ်းသပ်မှုများ ပြီးဆုံး၍ ပြန်လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် အဝေးတစ်နေရာမှ ကျယ်လောင်သော လက်ခုပ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

သူ ထိုအသံလာရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ကျောက်ဆောင် ထိပ်ဖျားတစ်ခုပေါ်တွင် မတ်တတ်ရပ်နေရင်း သူ့အား ချီးကျူးလိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် လူတစ်ဦးကို တွေ့လိုက်ရသည်။

"မိတ်ဆွေလော့... တကယ့်ကို ကောင်းတဲ့ တိုက်ကွက်တွေပဲ"

ထိုလူက လှမ်း၍ အော်ဟစ်လိုက်သည်။

လော့ချန် ခေတ္တမျှ မှင်တက်သွားပြီးနောက် အားရပါးရ ရယ်မောလိုက်မိတော့သည်။

"မိတ်ဆွေချူခွေးရာ... မင်း ငါ့ကို မြှောက်ပြောနေပြန်ပြီ၊ ဒါက သာမန် ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းလမ်းတစ်ခုပါပဲ"

လော့ချန် စကားပြောနေစဉ်မှာပင် ချူခွေးသည် သူ့ထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့သည်။ သူ အနီးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လော့ချန်၏ ဝိညာဉ်အသိစိတ်မှာ လှုပ်ခတ်သွားခဲ့ရသည်။

ယခုအချိန်အထိ သူသည် ချူခွေးအား အခြေတည်အဆင့် (၈) ကျင့်ကြံသူတစ်ဦးအဖြစ်သာ သိရှိထားခြင်း ဖြစ်သည်။ ထိုလူသည် အမြဲတစေ ရိုးသားဖော်ရွေပုံရသဖြင့် လော့ချန်လည်း ပေါ့ပေါ့ပါးပါးပင် ဆက်ဆံခဲ့သည်။

သို့သော် ယခုအခါ သူ၏ ကိုယ်ပိုင်ချီစွမ်းအားမှာ ချူခွေးနှင့် တူညီလှသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ သူသည် ချူခွေး၏ တည်ငြိမ်လှသော မျက်နှာအောက်တွင် ဖုံးကွယ်ထားသည့် ထိတ်လန့်စရာကောင်းလှသော ချီစွမ်းအားလှိုင်းကြီးကို နောက်ဆုံး၌ အာရုံခံမိလိုက်ပြီ ဖြစ်သည်။

‘တကယ့်ကို စင်ကြယ်ပြီး ထိတ်လန့်စရာကောင်းလိုက်တာ…. သူ့ရဲ့ ချီစွမ်းအား ပမာဏက ငါ့ထက် ဆယ်ဆလောက် ပိုများလိမ့်မယ်ထင်တယ်၊ ဒါက အခြေတည်အဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားလား....’

အဆင့်တစ်ခုနှင့်တစ်ခု ကြားရှိ ကွာဟချက် အလွန် ကြီးမားလွန်းသည့်အခါ အားနည်းသူအနေဖြင့် အားကောင်းသူ၏ စွမ်းအားအစစ်အမှန်ကို အာရုံခံမိရန် မဖြစ်နိုင်ပေ။

ယခုအခါ လော့ချန်၏ ချီစွမ်းအားမှာ တူညီလှသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သောကြောင့်သာ သူ နောက်ဆုံး၌ ၎င်းကို အာရုံခံမိသွားခြင်း ဖြစ်သည်။ ထိုအရာကပင် အခြေတည်အဆင့်၏ အစောပိုင်းနှင့် နှောင်းပိုင်းအဆင့်များကြားရှိ ကြီးမားလှသော ကွာဟချက်ကြီးကို သူ့အား သိရှိသွားစေခဲ့သည်။

အဆင့်ကျော် စိန်ခေါ်ခြင်း သို့မဟုတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတစ်ဦးနှင့် တိုက်ခိုက်ခြင်းကို ဘေးဖယ်ထားလျှင်ပင် အခြေတည်အဆင့်အတွင်းမှာပင် အစောပိုင်း ကျင့်ကြံသူတစ်ဦးအနေဖြင့် နှောင်းပိုင်းအဆင့်ရှိသူတစ်ဦးကို အနိုင်ယူရန် မည်သို့မျှ မဖြစ်နိုင်ပေ။

ဤအရာကပင် ကျင့်ကြံခြင်းလောက၏ ငြင်းပယ်၍မရနိုင်သော အမှန်တရား ဖြစ်တော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၈၆) - တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသော အခြေခံတည်ဆောက်ခြင်း စွမ်းအင်လှိုင်းများ

လော့ချန်၏ ဂူဗိမာန်အပြင်ဘက်တွင် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က လင်းယွီကျစ် ဆောက်ခဲ့သည့် ဇရပ်ငယ်လေးတစ်ဆောင် ရှိလေသည်။

လေညင်းသွေးလိုက်တိုင်း ပန်းမန်တို့၏ သင်းပျံ့သော ရနံ့လေးက တိုးဝှေ့ပါလာတတ်၏။ ထိုဇရပ်လေးမှာ ဧည့်သည်တော်များကို အထူးဧည့်ခံရန် ဆောက်ထားခြင်း ဖြစ်ပြီး တစ်ဖက်မှ ဧည့်ခံရင်း၊ တစ်ဖက်မှ ပန်းမန်များကို ကြည့်ရှုခံစားနိုင်သဖြင့် အလွန်ပင် သက်တောင့်သက်သာ ရှိလှပေသည်။ နှမြောစရာကောင်းသည်မှာ မကြာမီအချိန်အတွင်း ထို မြေကွက်လပ်ရှိ ပန်းမန်များနှင့် သီးပင်များအား အမြတ်အစွန်းရနိုင်သော ဝိညာဉ်ဆေးပင်များနှင့် အစားထိုး စိုက်ပျိုးပစ်တော့မည် ဖြစ်သည်။

ယွမ်တုန်းရှန်းသည် လော့ချန်အတွက် ဝိညာဉ်ဆေးပင် မျိုးစေ့များကို လိုက်လံစုဆောင်းနေဆဲ ဖြစ်ရာ ထူးခြားဆန်းပြားသော ပန်းမန်များနှင့် ဆေးဘက်ဝင်အပင်များသည်ကား ဤနေရာတွင် ရှိနေဆဲပင် ဖြစ်သည်။ ၎င်းက လော့ချန်အတွက် ဧည့်သည်တော်များကို ဧည့်ခံရန် အဆင်ပြေသော နေရာကောင်းတစ်ခု ဖြစ်စေခဲ့သည်။

ရှေ့ရှိ စားပွဲပေါ်တွင်မူ သေရည်အိုး၊ အမြည်းများနှင့် သေချာစွာ ပြင်ဆင်ထားသည့် စားဖွယ်သောက်ဖွယ်များ အစီအရီ ရှိနေချေပြီ။ အသက်ရှင်နေထိုင်ရန်အတွက် အစားအစာ မှီဝဲရန် မလိုအပ်တော့သော အခြေတည်အဆင့် ကျင့်ကြံသူများပင်လျှင် ထိုကဲ့သို့သော ဆွဲဆောင်မှုများကို ငြင်းဆန်ရန် ခက်ခဲလှပေသည်။

ချူခွေးသည် အရက်ခွက်ကို ချလိုက်ရင်း ကျေနပ်အားရစွာဖြင့် နှုတ်ခမ်းကို သပ်လိုက်၏။

"မိတ်ဆွေလော့…. မင်း ဒီအပေါ်ကို ဘယ်တုန်းက ပြောင်းလာတာလဲ..."

"လဝက်လောက်ပဲ ရှိသေးတယ်၊ အလျင်စလို ပြောင်းလာရတာဆိုတော့ မိတ်ဆွေချူကိုတောင် သေချာ လာပြီး မနှုတ်ဆက်ဖြစ်လိုက်ဘူး..."

“ဒါဆိုရင် မင်း မလာခဲ့တာက တော်သေးတာပဲ”

ချူခွေးက မိုးကုတ်စက်ဝိုင်းဘက်သို့ လက်ညှိုးညွှန်ရင်း ဆက်ပြောလိုက်သည်။

"ငါ အဲ့ရက်တွေက မြို့ပြင်မှာ အလုပ်ရှုပ်နေတာကွ…."

‘မြို့ပြင် ဟုတ်လား…’

လော့ချန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ချူခွေးသည် ပုံမှန်အားဖြင့် မြို့ထဲမှ သိပ်ထွက်လေ့မရှိရာ ဤသည်မှာ အတော်လေး ထူးဆန်းနေသည်။ သူ သတိကြီးစွာဖြင့် လှမ်းမေးလိုက်၏။

"မိတ်ဆွေချူ…. မင်း အလုပ်တစ်ခုခု လက်ခံလိုက်လို့လား..."

ချူခွေးက တဟဲဟဲ ရယ်မောလိုက်ရင်း….

"ဟုတ်တယ်... လေလံပွဲတုန်းက စီးပွားရေး ပြဿနာတချို့နဲ့ ရင်ဆိုင်နေရတဲ့ ကျင့်ကြံဖော် တချို့နဲ့ ဆုံခဲ့လို့လေ၊ သူတို့က ဝိညာဉ်ကျောက်တုံးတွေ စုပြီး ငါ့ကို အကူအညီတောင်းတာနဲ့ သွားရှင်းပေးနေတာ…. မင်းလည်း ငါ့အကြောင်း သိတာပဲ... ငါက အခက်အခဲကြုံနေတဲ့လူတွေဆို အမြဲ ကူညီပေးတတ်တယ်လေ…. ကျင့်ကြံခြင်းလောကမှာတော့ ငါ့ကို ထျန်းလန်ရဲ့ နံပါတ်တစ် ကယ်တင်ရှင်လို့ တင်စားကြတယ်လေ..."

လော့ချန်တစ်ယောက် မရယ်မိစေရန် အသည်းအသန် အောင့်ထားလိုက်ရသည်။

‘ထျန်းလန်ရဲ့ နံပါတ်တစ် ကယ်တင်ရှင် ဟုတ်လား…’

အတိတ်က တာဟဲဈေးမြို့တော်တွင် ရှိစဉ်ကလည်း လော့ချန် သူ့ကိုယ်သူ ထိုသို့ ဂုဏ်ယူစွာ ကြွေးကြော်ခဲ့ဖူးသည်။

ထိုအခိုက် သူ၏စိတ်ထဲဝယ် အတွေးတစ်ခု ဖြတ်ခနဲ ဝင်လာခဲ့၏။

‘ဘယ်လိုပြဿနာမျိုးမို့လို့ ချူခွေးကိုတောင် လှုပ်ရှားခိုင်းရတာလဲ’

ထို့အပြင် လူအများက ဝိညာဉ်ကျောက်တုံးများ စုပေါင်း၍ ငှားရမ်းခဲ့ကြခြင်း ဖြစ်သည်။ တွေးကြည့်ရုံမျှဖြင့် ထို ဝိညာဉ်ကျောက်တုံး ပမာဏမှာ အနည်းငယ်မျှ မဟုတ်ကြောင်း သိသာလှပေသည်။

"ကြည့်ရတာ မင်းတော့ အမြတ်အစွန်းတွေ အများကြီး ရခဲ့ပုံပဲ..." ဟု လော့ချန် ပြုံးလျက် ဆိုလိုက်သည်။

"ဟဲဟဲ... မဆိုးပါဘူး၊ အခုတော့ ဒီအဆင့်မြင့်ဂူဗိမာန်မှာ နောက်ထပ် အချိန်အတော်ကြာအောင် ဆက်ပြီး နေနိုင်သွားပြီပေါ့"

ချူခွေးက ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် ပြောလိုက်သည်။

၎င်းမှာ တစ်ဝက်က ကြွားဝါခြင်းဖြစ်ပြီး ကျန်တစ်ဝက်မှာမူ မိမိ၏အင်အားကို ပြသခြင်းပင် ဖြစ်၏။

လော့ချန် ပြုံးရုံသာ ပြုံးလိုက်ပြီး မည်သည့်မှတ်ချက်မျှ မပေးခဲ့ပေ။ ထိုလူ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူသည် မိမိအား ဖောက်သည်တစ်ဦးအဖြစ် ဆွဲဆောင်လိုနေသေးကြောင်း ထင်ရှားလှပေသည်။

ကံမကောင်းစွာဖြင့် ယခုအချိန်တွင် သူ့အနေဖြင့် ချူခွေး၏ ဝန်ဆောင်မှုများကို မလိုအပ်သေးပေ။ ထို့ပြင် အကယ်၍ လိုအပ်သည်ဆိုဦးတော့ သူ့၌ ထိုလူကို ငှားရမ်းရန် လုံလောက်သော ငွေကြေးလည်း မရှိချေ။

လော့ချန် ပြုံးရုံသာပြုံးပြီး တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချူခွေး၏ စိတ်လှုပ်ရှားမှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ စောစောက ဝင့်ကြွားနေသော အမူအရာများ ပျောက်ကွယ်သွားပြီး စူးစမ်းလိုသော မျက်နှာပေးတစ်ခု အစားထိုး ဝင်ရောက်လာခဲ့၏။

သူ လော့ချန်ကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် စမ်းသပ်သည့်သဘောဖြင့် မေးလိုက်သည်။

"မင်း ခန္ဓာကိုယ်ကျင့်စဉ်တွေကိုပါ ပူးတွဲပြီး ကျင့်နေတာလား..."

"နည်းနည်းပါးပါး စမ်းကြည့်ရုံသက်သက်ပါ..."

လော့ချန်က ပုံမှန်အတိုင်းပင် နှိမ့်ချစွာဖြင့် လက်ကို အသာယမ်းပြရင်း ပြန်ပြောလိုက်သည်။

ချူခွေးက ခေါင်းခါကာ ပြောလိုက်သည်။

"မင်းကြည့်ရတာ နည်းနည်းပါးပါး စမ်းကြည့်ထားတဲ့ ပုံစံမျိုး မဟုတ်ပါဘူး…. အခြေခံက အတော်လေး ခိုင်မာနေတယ်..."

အမှန်စင်စစ် လွန်လေပြီးသော ကာလများကတည်းက လော့ချန်သည် ဝိညာဉ်ဆန်နှင့် မိစ္ဆာသားရဲ အသားများကို အဆက်မပြတ် စားသုံးခဲ့သည်။ နောက်ပိုင်းတွင်လည်း အနှစ်သာရမွေးမြူရည်များနှင့် ရွှေကျောက်စိမ်းရည်များကို မပြတ်တမ်း သုံးစွဲခဲ့၏။ ထို့ပြင် ထိုက်ရှန်းဈေးမြို့တော်တွင် ရှိစဉ်က ခန်းတုံးယွဲ့ထံမှ ရရှိခဲ့သော ထိပ်တန်းအဆင့် ရွှေကျောက်စိမ်းရည် အမြောက်အမြားကိုလည်း သုံးနှစ်တိုင်တိုင် မှန်မှန် အသုံးပြုခဲ့သည်။

ယခုအခါ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် အစားအစာ အနည်းငယ်မျှဖြင့် ရှင်သန်နိုင်ပြီ ဖြစ်သော်လည်း သူသည် နေ့စဉ် သုံးနပ်လုံးလုံးကို ပုံမှန်စားသုံးဆဲဖြစ်ပြီး မိစ္ဆာသားရဲအသားနှင့် အရည်အသွေးမြင့် ဝိညာဉ်ဆန်များကိုလည်း မည်သည့်အခါမျှ မပြတ်စေခဲ့ပေ။ သူ၏ခန္ဓာကိုယ်မှာ ဝမ်ယွမ်ကဲ့သို့ ပြင်းထန်လှသော လေ့ကျင့်မှုမျိုးကို မပြုလုပ်ခဲ့ရသော်လည်း မြောက်မြားစွာသော ဝိညာဉ်ကျောက်တုံးများ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် ၎င်းနှင့် မလှမ်းမကမ်း အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။

လော့ချန် အနည်းငယ် ပြုံးလိုက်ပြီး စကားလမ်းကြောင်းကို ပြောင်းလိုက်၏။ တစ်ဖက်လူအနေဖြင့် ပြောဆိုရန် စိတ်အားထက်သန်မည့် အကြောင်းအရာတစ်ခုကို သူ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

"ဒါနဲ့ လေလံပွဲကြီး မစခင်တုန်းက ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ ဆက်ခံသူနဲ့ တိမ်ပြိုဂိုဏ်းရဲ့ ဆက်ခံသူတို့ အဆုံးအဖြတ်စင်မြင့်ပေါ်မှာ ချကြတယ်လို့ ကြားမိတယ်..."

"ဟုတ်တာပေါ့... သူတို့ အသေအလဲ တိုက်ခဲ့ကြတာ…."

ချူခွေး၏ မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွား၏။

မျှော်လင့်ထားသည့်အတိုင်း အဆုံးအဖြတ်စင်မြင့်အကြောင်း ပြောလိုက်သည်နှင့် ချူခွေး၏ စိတ်ဝင်စားမှုမှာ ချက်ချင်းပင် နိုးကြားလာခဲ့သည်။ သူသည် ထိုနေရာ၏ ပုံမှန်ဧည့်သည့်တော်တစ်ဦး မဟုတ်ပေလော။

"ဒါပေမဲ့ တိမ်ပြိုဂိုဏ်းရဲ့ ဆက်ခံသူက နိုင်သွားတယ်လို့ ကြားတယ်…."

လော့ချန်က ဝေခွဲမရစွာဖြင့် မေးလိုက်သည်။

"ဓားကျင့်ကြံသူတွေက အဆင့်တူတွေကြား ပြိုင်ဘက်ကင်းတယ်လို့ ကြွေးကြော်ထားကြတာ မဟုတ်လား…. အဲဒါကို သူက ဘာလို့ ရှုံးသွားရတာလဲ... ပြီးတော့ သူ့ထက် အဆင့်နိမ့်တဲ့ လူဆီမှာ ရှုံးသွားတာဆိုတော့..."

"ဟားဟား... အဲဒါက ဘယ်လို တိုက်ပွဲမြေပြင်လဲဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့"

ချူခွေးက ဓားကျင့်ကြံသူများကို အထင်သေးသည့် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"ပြီးတော့ ပြိုင်ဘက်က ဘယ်သူဆိုတာပေါ်မှာလည်း မူတည်သေးတယ်..."

လော့ချန်က ထပ်၍ မေးမြန်းလိုက်၏။

"ငါသိသလောက်တော့ အဲဒီဓားကျင့်ကြံသူက အခြေတည်အဆင့် ၄ မှာ ရှိပြီး နာမည်က မုံဇီချီလို့ ခေါ်တယ်၊ သူ့ရဲ့ ဓားသိုင်းပညာက ထူးချွန်ပြောင်မြောက်ပြီး အခြေတည် အလယ်ပိုင်းအဆင့်မှာတင် ဆက်ခံသူ ရာထူးကို ရခဲ့တာဆိုတော့ သူက အားနည်းတဲ့လူတော့ မဟုတ်ဘူးမလား မိတ်ဆွေချူ…..."

"အင်း…. သူက အားမနည်းပါဘူး… ဒါပေမဲ့ သူ စိန်ခေါ်လိုက်တဲ့လူက ပိုလို့တောင် အားမနည်းဘူး ပြောရမယ်..."

လော့ချန်၏ စိတ်ဝင်စားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

"တိမ်ပြိုဂိုဏ်းရဲ့ ဆက်ခံသူက အခြေတည်အဆင့် ၃ မှာပဲ ရှိသေးတာ မဟုတ်ဘူးလား..."

"ဟုတ်တယ်... သူ့နာမည်က ဟန်ကျန့် လို့ ခေါ်တယ်"

လော့ချန် အလိုအလျောက် အသက်ရှုမှားသွားရသည်။

‘ဒီလူကိုး’

လော့ချန်သည် စီမာဟွေ့နန်ထံမှ ထိုကဲ့သို့သော တိုက်ပွဲမျိုး ရှိခဲ့ကြောင်းသာ ကြားသိခဲ့ရသော်လည်း တိမ်ပြိုဂိုဏ်းဘက်မှ မည်သူဝင်ရောက်တိုက်ခိုက်သည်ကိုမူ မသိရှိခဲ့ပေ။ ထိုစဉ်က ဟန်ကျန့်သည် သူ၏ နာမည်ကို တမင်တကာ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်နိုင်သည်။

ယခုမူ လော့ချန် အကြောင်းရင်းကို နားလည်သွားခဲ့ချေပြီ။ ဟန်ကျန့်၏ နာမည်မှာ ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးတွင် မသိသူမရှိအောင် ကျော်ကြားလှပေသည်။ သူသည် ချီသန့်စင်အဆင့်ကတည်းကပင် ပါရမီရှင်ထိပ်သီးစာရင်း၌ နံပါတ်တစ်နေရာကို ရရှိထားခဲ့သူ ဖြစ်၏။ တိုက်ပွဲပေါင်း ဒါဇင်နှင့်ချီ၍ ဆင်နွှဲခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ဖူးခြင်း မရှိခဲ့ပေ။

ဟန်ကျန့်သည် ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးအဖြစ်နှင့်ပင် အခြေတည်အဆင့် ကျင့်ကြံသူများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး သုံးကြိမ်နိုင်၊ ငါးကြိမ်ရှုံးဟူသော ရလဒ်ကို ရရှိခဲ့ဖူးသည်။ ၎င်းမှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းသော စွမ်းဆောင်ချက် ဖြစ်၏။ ထိုပွဲများသည် အဆုံးအဖြတ်စင်မြင့်ပေါ်ရှိ စမ်းသပ်ပွဲများသာဖြစ်ပြီး အသက်လုတိုက်ပွဲများ မဟုတ်သော်လည်း အလွန်ပင် လေးစားဖွယ်ကောင်းလှပေသည်။

လော့ချန် ပြန်လည်တွေးတောမိသည်။ အကယ်၍ သူသာ ချီသန့်စင်အဆင့်တွင် ရှိစဉ်က အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုပါက မည်သို့မျှ အနိုင်ရရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။

လော့ချန် အံ့ဩနေစဉ်မှာပင် ချူခွေးက စကားဆက်သည်။

"ဒီဟန်ကျန့်က လွယ်လွယ် ကိုင်တွယ်လို့ရတဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ သူ ချီသန့်စင်အဆင့်မှာ ရှိကတည်းက တိမ်ပြိုဂိုဏ်းရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်ခြင်း ခံထားရတာ၊ သူက အခု အခြေတည်အဆင့် ၃ မှာပဲ ရှိသေးပေမဲ့ သူထိန်းချုပ်ထားတဲ့ ရုပ်သေးရုပ်တွေထဲမှာ အခြေတည် နှောင်းပိုင်းအဆင့်ရှိတဲ့ မိစ္ဆာရုပ်သေး တစ်ရုပ်တောင် ပါနေတယ်..."

"အဲဒီ မုံဇီချီ ဆိုတဲ့ ကောင်ကလည်း တော်တော်ဇောင်းကြွပြီး တိုက်ပွဲမြေပြင်ကို တစ်ဖက်လူကိုပဲ စိတ်ကြိုက်ရွေးခိုင်းလိုက်တာလေ…. အဲ့တော့ ဟန်ကျန့်က အတားအဆီးတွေ ပြည့်နေတဲ့ တောအုပ်ကို ရွေးလိုက်ပြီး အဆင့်နိမ့်ရုပ်သေးတွေနဲ့ အရင်ဆုံး လူပန်းအောင် လုပ်ခဲ့တာ၊ ပြီးတော့မှ အခြေတည် နှောင်းပိုင်းအဆင့်ရှိတဲ့ မိစ္ဆာရုပ်သေးကို အလစ်ထုတ်ပြီး အပြတ်အသတ် အနိုင်ပိုင်းလိုက်တာပဲ၊ မုံဇီချီဆိုတဲ့ ကောင်ကတော့ သူ့ဂိုဏ်းအတွက် သိက္ခာဆယ်မပေးနိုင်ခဲ့တဲ့အပြင် ဟန်ကျန့်ရဲ့ အဆင့်ကျော် တိုက်ခိုက်နိုင်တဲ့ ဂုဏ်ကို ပို မြင့်စေခဲ့ပြီး တိမ်ပြိုဂိုဏ်းရဲ့ဂုဏ်သတင်းကိုပါ ပိုကြီးစေခဲ့တာပေါ့ကွာ..."

ချူခွေးသည် အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူကြီးတစ်ဦးအဖြစ် ထျန်းလန်နတ်ဘုရားမြို့တော်ရှိ အဆုံးအဖြတ်စင်မြင့်ပေါ်တွင် မိမိကိုယ်ပိုင် ဂုဏ်သတင်းတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့သူ ဖြစ်သည်။ ယခုမူ သူသည် အခြေတည် အစောပိုင်းအဆင့်နှင့် အလယ်ပိုင်းအဆင့် ကျင့်ကြံသူတို့၏ တိုက်ပွဲအကြောင်းကို ပြောဆိုနေခြင်းဖြစ်သော်လည်း သူ၏ လေသံတွင်မူ လေးစားချီးကျူးမှုများ ပြည့်နှက်နေခဲ့သည်။

ထိုသူအား ကြည့်ရင်း လော့ချန် တွေးမိသည်မှာ ချူခွေးသည် အဆုံးအဖြတ်စင်မြင့်ပေါ်တွင် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသဖြင့် ဂိုဏ်းကြီးများမှ တပည့်မြောက်မြားစွာနှင့် လက်ရည်ယှဉ်ခဲ့ဖူးမည်မှာ မလွဲပေ။ တစ်ဖက်တွင်မူ လော့ချန်ကိုယ်တိုင်မှာ ထိပ်တန်းဂိုဏ်းကြီးတစ်ခုမှ တပည့်တစ်ဦးတစ်လေနှင့်မျှ ထိပ်တိုက် မရင်ဆိုင်ဖူးသေးပေ။ ထို့ကြောင့် နောက်ပိုင်း ချူခွေးအား သူသိလိုသည်များကို မေးရန် ဆုံးဖြတ်လိုက်သည်။

"သူက အစောပိုင်းအဆင့်မှာပဲ ရှိသေးတာကို အခြေတည်နှောင်းပိုင်းအဆင့်ရှိတဲ့ ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်တယ်ဆိုတော့... အဲဒါက ဟန်ကျန့်ရဲ့ ဝိညာဉ်အသိစိတ် အခြေခံဟာ တကယ် အားကောင်းလွန်းနေတာကို ပြနေတာပဲ..."

ချူခွေးက ခေါင်းညိတ်လိုက်သည်။ သူ၏ လေသံတွင် အားကျမှုများ ပြည့်နှက်နေသည်။

"တိမ်ပြိုဂိုဏ်းရဲ့ တပည့်တွေက အဲလိုပဲလေ၊ သူတို့ရဲ့ ဝိညာဉ်အသိစိတ်က သာမန်လူတွေထက် ပိုပြီး အားကောင်းကြတယ်၊ ဟန်ကျန့်ကတော့ သူတို့ထဲမှာတောင် ထူးချွန်ထက်မြက်တဲ့လူပေါ့၊ သူက အဆင့် ၃ မှာပဲ ရှိသေးပေမဲ့ သူ့ရဲ့ ဝိညာဉ်အသိစိတ်က နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်နေပြီ၊ သူက ဝိညာဉ်အသိစိတ်ချဲ့ထွင်ခြင်းအတတ်ကို တော်တော်ကြီး မြင့်တဲ့ အဆင့်အထိ လေ့ကျင့်ထားတာ ဖြစ်ရမယ်..."

လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဝိညာဉ်အသိစိတ်ချဲ့ထွင်ခြင်းအတတ် ဟုတ်လား..."

"မိတ်ဆွေလော့ရာ... မင်း အဲဒီအကြောင်းကို တစ်ခါမှ မကြားဖူးဘူးလို့တော့ မပြောနဲ့နော်..."

ချူခွေးက အံ့ဩတကြီး မေးလိုက်သည်။

"ကြားရသလောက်တော့ အဲဒါကို တိမ်ပြိုဂိုဏ်းရဲ့ အကြီးအကဲ ဟန်ကျန်းက ရှေးဟောင်းလျှို့ဝှက်နယ်မြေတစ်ခုကနေ ရခဲ့တာတဲ့၊ အဲဒီကျင့်စဉ်ကြောင့် သူ့ရဲ့ ဝိညာဉ်အသိစိတ်က လောကမှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်လာခဲ့တာ၊ သူက ရုပ်သေးအတတ်ပညာရဲ့ အထွတ်အထိပ် ဆရာကြီးတစ်ဦး ဖြစ်လာခဲ့တဲ့အပြင် ဝိညာဉ်သန္ဓေတည်အဆင့်ကိုပါ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့တာလေ..."

လော့ချန် ယခုအကြိမ်တွင်မူ အမှန်တကယ်ပင် တုန်လှုပ်သွားရတော့သည်။

ဝိညာဉ်အသိစိတ်ကို အားကောင်းစေမည့် ပညာရပ်တစ်ခု ဆိုပါလား။ ၎င်းက ဟန်ကျန်းအား အခြေတည်အစောပိုင်းအဆင့်တွင်ရှိစဉ်မှာပင် နှောင်းပိုင်းအဆင့်နှင့် ညီမျှသော ဝိညာဉ်အသိစိတ်အခြေခံကို ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှသာမက ဝိညာဉ်သန္ဓေတည်အဆင့်သို့ တိုက်ရိုက်ခုန်ပျံ တက်လှမ်းနိုင်အောင်ပင် ကူညီပေးခဲ့သေး၏။

သူ့တွင်လည်း ဝိညာဉ်အသိစိတ် ပညာရပ်တစ်ခု ရှိသည်။ ၎င်းမှာ အခြားမဟုတ်ဘဲ စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ် ဖြစ်၏။ သို့သော် ၎င်းမှာ သာမန်ကိုယ်ခံပညာ ဆရာကြီးတစ်ဦး ဖန်တီးခဲ့ခြင်းဖြစ်ပြီး ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးသည့်တိုင်အောင် ဝိညာဉ်အသိစိတ် ကျင့်ကြံခြင်းအပေါ် သိသာထင်ရှားသော သက်ရောက်မှုမျိုး မရှိခဲ့ပေ။

လော့ချန်အနေဖြင့် ဟန်ကျန့်၏ ဝိညာဉ်အသိစိတ်နှင့် ရင်ဘောင်တန်းနိုင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သူသည် ချီသန့်စင်အဆင့်တွင် ရှိစဉ်က နှလုံးသားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ချီလမ်းကြောင်းဆေးလုံးပေါင်း တစ်ရာကျော်ကို မှီဝဲခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော ခိုင်မာသည့် အခြေခံကြောင့် သူသည် အဆင့်တက်လှမ်းပြီးသည်နှင့် အခြေတည်အဆင့် အလယ်ပိုင်းသို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း နောက်ပိုင်းတွင် အခြေတည်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိရန်အတွက်မူ နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ အကူအညီ ယူခဲ့ရသေးသည်။

ချူခွေးသည် လော့ချန်၏ တုန်လှုပ်သွားမှုကို သတိမထားမိဘဲ အားကျစိတ်ဖြင့် သက်ပြင်းချလိုက်သည်။

"ငါသာ အဲဒါကို လေ့ကျင့်ခွင့်ရရင် ကောင်းမှာပဲ... ရွှေအမြုတေအဆင့်ကို တက်လှမ်းတဲ့ အချိန်ကျရင် ဝိညာဉ်အသိစိတ်အခြေခံက တကယ် စမ်းသပ်ခံရမှာလေ..."

"ဘယ်သူကကော အဲဒါကို မလိုချင်ဘဲ နေမလဲ..."

လော့ချန်လည်း အားကျစိတ်ဖြင့် ပြန်ပြောလိုက်သည်။ သူသည် ချူခွေး၏ စကားထဲတွင် မရည်ရွယ်ဘဲ ပါလာခဲ့သော လျှို့ဝှက်ချက်ကို ချက်ချင်း ဖမ်းဆွဲမိလိုက်၏။

"ရွှေအမြုတေအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့က ဝိညာဉ်အသိစိတ်အခြေခံကို တကယ်ပဲ စမ်းသပ်တာလား..."

ချူခွေး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး တိတ်ဆိတ်သွားခဲ့သည်။ သူတို့နှစ်ဦး၏ ပတ်သက်မှုမှာ ထိုကဲ့သို့သော အဖိုးတန်သည့် အသိပညာများကို အလကား မျှဝေပေးရလောက်အောင်အထိ ရင်းနှီးမှု မရှိသေးပေ။

လော့ချန် အနည်းငယ် စိတ်ပျက်သွားမိပြီး မိမိအလျင်စလို ဖြစ်သွားခဲ့ကြောင်း သိလိုက်ရ၏။

ဇရပ်လေးအတွင်းရှိ လေထုမှာ ခေတ္တမျှ အနည်းငယ် အနေရခက်သွားပြီး တိတ်ဆိတ်မှုများ လွှမ်းမိုးသွားခဲ့သည်။

ရုတ်တရက် သူတို့နှစ်ဦးလုံးမှာ တစ်ချိန်တည်းလိုလိုပင် တောင်ခြေဘက်သို့ လှမ်းကြည့်လိုက်ကြ၏။

ဖျော့တော့သော စွမ်းအင်လှိုင်းတစ်ခုမှာ တဖြည်းဖြည်း မြင့်တက်လာနေပြီး ပိုမိုအားကောင်းလာခဲ့သည်။

“ဟင်…”

ချူခွေးက အံ့ဩတကြီး ရေရွတ်လိုက်ပြီး လော့ချန်ကို မှင်တက်စွာဖြင့် လှည့်ကြည့်လိုက်သည်။

‘သူက အောက်မှာ ဖြစ်ပျက်နေတာတွေကို ငါ့ထက် တစ်စက္ကန့်လောက်ပဲ နောက်ကျပြီး အာရုံခံမိတာလား... ဘယ်လောက်တောင် အားကောင်းတဲ့ ဝိညာဉ်အသိစိတ်လဲ…’

လော့ချန်ကမူ ၎င်းကို ဂရုမစိုက်ဘဲ မတ်တပ်ထရပ်လိုက်၏။

"စိတ်မရှိပါနဲ့ မိတ်ဆွေချူ... ငါ ဒီနေ့တော့ ဆက်ပြီး မသောက်နိုင်တော့ဘူး ထင်တယ်..."

သူ သက်ပြင်းချရင်း ပြောလိုက်သည်။

‘ဘာကိစ္စ ဆက်ပြီး မသောက်နိုင်တော့တာလဲ…’

ချူခွေး မှင်တက်သွားရသည်။

"ဟေ့ မဟုတ်မှလွဲ... ဒီတစ်ခေါက် အခြေတည်အဆင့်ကို ချိုးဖျက်ဝင်ရောက်တော့မယ့်လူကလည်း မင်းရဲ့ လူပဲလား..."

လွန်ခဲ့သော တစ်နှစ်ခန့်ကလည်း ဤနေရာနှင့် မလှမ်းမကမ်းတွင် လော့ထျန်းအဖွဲ့၏ ခန်းမဆောင်ခေါင်းဆောင်တစ်ဦးဖြစ်သော တွမ်ဖုန်းဆိုသည့် ကျင့်ကြံသူတစ်ဦး အခြေတည်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းခဲ့ဖူးကြောင်း ချူခွေး မှတ်မိနေသည်။

လော့ချန် ပြန်ပြောရန် ဟန်ပြင်လိုက်သော်လည်း သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ ချူခွေး၏ မျက်နှာပေးမှာလည်း ထူးဆန်းသွားခဲ့သည်။

အကြောင်းမှာ တောင်ခြေဘက်မှနေ၍ နောက်ထပ် လတ်ဆတ်လှသော အခြေတည်အဆင့် စွမ်းအင်လှိုင်းတစ်ခုကိုပါ ထပ်မံ၍ အာရုံခံမိလိုက်ခြင်းကြောင့် ဖြစ်ပေတော့သည်။

ယခုအကြိမ်တွင်မူ လော့ချန်ကိုယ်တိုင်ပင်လျှင် အနည်းငယ် ဝေခွဲမရ ဖြစ်သွားရတော့သည်။

All Chapters