အခန်း (၃၈၇-၃၈၈)
Vol. 39 Ch. 387-388
အခန်း (၃၈၇) - အဖိုးဖြတ်မရသော အစီအရင်အိမ်မြှောင်
မိမိ၏ ဂူဗိမာန်ဟောင်း တည်ရှိခဲ့ဖူးသော တောင်စောင်းကုန်းမြင့်ဆီသို့ လော့ချန် ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ၏ဘေးတွင်မူ ချူခွေးက စူးစမ်းလိုစိတ်ဖြင့် ပေါ့ပေါ့ပါးပါးပင် လိုက်ပါလာခဲ့၏။
မင်လုံယွီ အခြေတည်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်ပြီး ဂူထဲမှ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ်မှာပင် ချူခွေးက အတိတ်ကို ပြန်ပြောင်းအောက်မေ့ရင်း စကားစမြည် စပြောလာခဲ့သည်။
"လေလံပွဲအပြီး နောက်ဆက်တွဲလတွေဟာ ထျန်းလန်တောင်ထိပ်မှာ အခြေတည်အဆင့် ကျင့်ကြံသူတွေ အများဆုံး ထွက်ပေါ်လာတဲ့ အချိန်ပဲကွ"
"ဘာပဲပြောပြော အခြေတည် ဆေးလုံးတွေက အရမ်းတန်ဖိုးကြီးတာမို့လို့ အဲဒါကို ဝယ်နိုင်ခဲ့တဲ့ ကျင့်ကြံသူတော်တော်များများက အပြင်မှာ ပေါ်တင် မကြွားရဲကြဘူးလေ…. သူတို့က ထျန်းလန်တောင်ထိပ်မှာ ဂူဗိမာန်တစ်ခု ငှားရမ်းပြီး အဆင့် တည်ငြိမ်သွားတဲ့အထိ အထဲမှာပဲ အောင်းနေတတ်ကြတာ…. အဲဒီလို တည်ငြိမ်သွားမှပဲ အပြင်ထွက်ရဲကြတာပေါ့၊ ဒါပေမဲ့ ဒီနေ့လိုမျိုး လူနှစ်ယောက် တစ်ပြိုင်နက်တည်း အဆင့်တက်တာကို မြင်ရဖို့ကတော့ အတော်လေး ရှားပါးတယ်လို့ ပြောရမယ်..."
လော့ချန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
ချူခွေးက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။
"မင်းရဲ့ လူက မင်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်ပုံရတယ်နော်..."
လော့ချန် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ သူသည် ယခင်က မင်လုံယွီ၏ နာမည်ကို စကားစပ်မိ၍ ရိုးရိုးတန်းတန်းသာ ပြောပြဖူးခြင်း ဖြစ်သော်လည်း ချူခွေး ၎င်းကို မှတ်မိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"သူက အဲဒီမျိုးနွယ်က ဖြစ်တော့ကော ဘာဖြစ်လို့လဲ..."
လော့ချန်က အေးဆေးစွာပင် ပြန်လည်မေးမြန်းလိုက်၏။
"သူ အခြေတည်အဆင့်ကို အောင်အောင်မြင်မြင် ရောက်သွားပြီးရင် ငါ့ကိုလည်း နည်းနည်းလောက် မိတ်ဆက်ပေးပါဦးလား..."
ချူခွေးက တောင်းဆိုလိုက်သည်။
လော့ချန်၏ စူးစမ်းလိုစိတ်မှာ ပိုမိုနက်ရှိုင်းသွားခဲ့ချေပြီ။
"ဟမ်... သူ အောင်မြင်သွားရင်တောင် အခြေတည် အစောပိုင်းအဆင့်ပဲ ရှိဦးမှာလေ၊ မင်းက ဘာလို့ သူ့ကို ဒီလောက် စိတ်ဝင်စားနေရတာလဲ..."
ချူခွေး၏ မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွား၏။
"ဘာလို့လဲဆိုတော့ သူက မင်းမျိုးနွယ်စုက ဖြစ်နေလို့ပေါ့…. သူက အစီအရင်တွေမှာ သေချာပေါက် ကျွမ်းကျင်မှာပဲ…. အဲလိုလူမျိုးက တစ်ကိုယ်တော်ကျင့်ကြံသူတွေကြားမှာ တော်တော်ရေပန်းစားတာကွ…. မင်းတို့ ဆေးဖော်သူတွေထက် မသာရင်တောင် မနိမ့်ဘူးလေ..."
လော့ချန် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။
"အေးပါကွာ... ကြုံရင် မိတ်ဆက်ပေးမယ်၊ ဟုတ်ပြီလား"
အစီအရင်ပညာရှင်များသည် လော့ချန်ကဲ့သို့ ဒုတိယအဆင့် ဆေးဖော်စပ်သူများထက်ပင် ပိုမို၍ လူစိတ်ဝင်စားခံရသည်မှာ အမှန်ပင် ဖြစ်သည်။ အကြောင်းမှာ ဒုတိယအဆင့် ဆေးဖော်စပ်သူများသည် များသောအားဖြင့် ဆေးလုံးအနည်းငယ်ကိုသာ အထူးပြု ဖော်စပ်နိုင်ကြခြင်းကြောင့် ဖြစ်၏။ ငွေရွှင်ကောင်းရွှင်နိုင်သော်လည်း အခြားသူများအပေါ် ပေးစွမ်းနိုင်သော ကူညီပံ့ပိုးမှုမှာမူ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ရှိသော ဆေးဖော်စပ်သူကြီးများကိုမူ မမှီနိုင်ချေ။
သို့သော် အစီအရင်ပညာရှင်များမှာမူ ကွဲပြားခြားနားလှပေသည်။ အသေးအဖွဲဆိုပါက သူတို့သည် အခြေတည်အဆင့်ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်း မျိုးနွယ်စုများအတွက် အကာအကွယ် အစီအရင်များကို တည်ဆောက်ပေးနိုင်သည်။ ထိုမျှသာမက အဖွဲ့ဖွဲ့၍ စွန့်စားခန်းထွက်ခြင်း သို့မဟုတ် ရတနာလုယူခြင်းကဲ့သို့သော ကိစ္စရပ်များနှင့် ပတ်သက်လာပါကလည်း အစီအရင်ပညာရှင်မှာ လုံးဝ မရှိမဖြစ် လိုအပ်လှပေသည်။
ယခုအချိန်အထိ တည်ရှိနေဆဲဖြစ်သော ရှေးဟောင်းလျှို့ဝှက်နယ်မြေ အများစုမှာလည်း အစီအရင်များဖြင့် ကာကွယ်ထားခြင်း ခံရလေ့ရှိသည်။ သို့သော် နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ကြာညောင်းလာသောအခါ အခိုင်ခံ့ဆုံးသော အစီအရင်များပင်လျှင် တဖြည်းဖြည်းနှင့် အားနည်းသွားခဲ့ပြီ ဖြစ်သည်။ မင်လုံယွီကဲ့သို့သော ဒုတိယအဆင့် အစီအရင်ပညာရှင်တစ်ဦးအတွက်မူ လှုပ်ရှားဆောင်ရွက်နိုင်မည့် နေရာလွတ်များစွာ ရှိနေပေသည်။
အစီအရင်ချခြင်း၊ အစီအရင်ခွဲခြားခြင်း၊ အစီအရင်ဖျက်ဆီးခြင်း သို့မဟုတ် အစီအရင်ကို ရှောင်ကွင်းခြင်း စသည်တို့တွင် အစွမ်းထက်ဆုံး ကျင့်ကြံသူများပင်လျှင် အစီအရင်ပညာကို နားမလည်ပါက အစီအရင်ဆရာတစ်ဦး၏ အကူအညီကို ရယူရစမြဲ ဖြစ်ချေသည်။ အတတ်ပညာတိုင်းတွင် ကျွမ်းကျင်သူ သီးသန့် ရှိသည် မဟုတ်ပါလော။
ချူခွေး ဤမျှ စိတ်အားထက်သန်နေခြင်းမှာလည်း ထိုအရာမှာ သူ၏ ပုံမှန်အလုပ်နှင့် တိုက်ရိုက် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။ သူသည် သူတစ်ပါး၏ ပြဿနာများကို ငွေယူ၍ ရှင်းလင်းပေးရသော အလုပ်ကို လုပ်ကိုင်သူဖြစ်ပြီး တစ်ကိုယ်တော် လှုပ်ရှားသူ ဖြစ်သည်။ သို့သော် ခက်ခဲသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည့် အခါတိုင်းတွင် ဘေးအန္တရာယ်များမှာ မြောက်မြားစွာ ရှိနေတတ်သည်။ အကယ်၍ သူ့တွင် မင်လုံယွီကဲ့သို့သော အစီအရင်ဆရာတစ်ဦး ရှိနေပြီး ထောင်ချောက်များ ဆင်ပေးခြင်းနှင့် သူ၏ အားနည်းချက်များကို ကာကွယ်ပေးနိုင်မည့် အစီအရင်များကို တည်ဆောက်ပေးနိုင်ပါက သူ အမှန်ပင် သဲလွန်စ မကျန်ဘဲ စိတ်ကြိုက် လှုပ်ရှားသွားလာနိုင်မည် ဖြစ်သည်။
သူတို့နှစ်ဦး စကားစမြည် ပြောဆိုနေကြစဉ်မှာပင် အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
ထျန်းလန်တောင်ထိပ်တွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေသော အခြေတည်အဆင့် ချိုးဖျက်ဝင်ရောက်မှု နှစ်ခုကို သတိပြုမိကြသော ကျင့်ကြံသူများသည် စူးစမ်းလိုစိတ်ဖြင့် မိမိတို့၏ အသိစိတ်အာရုံများကို ဖြန့်ကျက်၍ လာရောက်စစ်ဆေးကြ၏။ အခြားတစ်ဖက်တွင် မည်သို့ဖြစ်ပျက်နေသည်ကို လော့ချန် မသိရှိသော်လည်း သူ၏ဘက်တွင်မူ ချူခွေး ရှိနေခြင်းကြောင့် လာရောက်စစ်ဆေးသော အသိစိတ်အာရုံ မှန်သမျှမှာ ထိမိသည်နှင့် ချက်ချင်းပင် ပြန်လည်ဆုတ်ခွာသွားကြသည်။
ထိုအတောအတွင်း၌ နန်ကုန်းကျင်း ရောက်ရှိလာခဲ့၏။
လီရီရှန်းနှင့် မတူသည်မှာ သူသည် တောင်စောင်းအနီးရှိ သူ၏ဂူဗိမာန်ကို ယခုထက်ထိ ဆက်လက် ငှားရမ်းထားဆဲ ဖြစ်သည်။ အမှန်စင်စစ် နန်ကုန်းမျိုးနွယ်စုတွင် မျိုးနွယ်စုဝင် အနည်းငယ်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။ မျိုးနွယ်စုဝင် အားလုံးနီးပါး ဆုံးရှုံးသွားရပြီးနောက် ယခင်က မပြောပလောက်သော သူတို့၏ စုဆောင်းငွေများသည် လက်ကျန်လူများအတွက် အတော်လေး များပြားသော ငွေကြေး ပမာဏ ဖြစ်လာခဲ့သည်။
လော့ချန်သည် သူနှင့်အတူ ခေတ္တမျှ စကားစမြည် ပြောဆိုဖြစ်ခဲ့ပြီး နန်ကုန်းချင် အကြောင်းကို မေးမြန်းကြည့်လိုက်သည်။ ထိုကောင်လေးမှာ ခါးအောက်ပိုင်း သေသွားခဲ့ပြီး နောင်တွင် အခြေတည်အဆင့်သို့ ရောက်ရှိရန် အခွင့်အရေး မရှိတော့ကြောင်း သူ သိရှိလိုက်ရ၏။ ယခုအခါ နန်ကုန်းကျင်းသည် မျိုးနွယ်စု သွေးမျိုးဆက် မပြတ်တောက်သွားစေရန်အတွက် သူ၏သားအတွက် ဇနီးတစ်ယောက်ရှာပေးရန် တွေးတောပူပန်နေရချေပြီ။
အတိတ်က တာဟဲဈေးမြို့တော်၏ ပါရမီရှင် ထိပ်သီးတစ်ဦးသည် ယခုအခါ ဤကဲ့သို့သော အခြေအနေသို့ လျော့ကျသွားရသည်မှာ အမှန်တကယ်ပင် နှမြောစရာ ကောင်းလှပေသည်။
လော့ချန်သည် လျန်ယွန်းကုန်သွယ်ရေးမဟာမိတ် အကြောင်းကိုလည်း မေးမြန်းကြည့်လိုက်၏။
ယခုအချိန်တွင် လီရီရှန်းနှင့် နန်ကုန်းကျင်းတို့မှာ အကြီးအကဲများအဖြစ် တာဝန်ထမ်းဆောင်နေကြသော်လည်း သူတို့၌ အခြေတည်အဆင့် ကျင့်ကြံသူ ခုနစ်ဦးသာ ကျန်ရှိတော့သည်။ အခြေတည် နောက်ဆုံးအဆင့်ရှိသော ကျင့်ကြံသူဆို၍ အကြီးအကဲကြီး တစ်ဦးတည်းသာ ကျန်ရှိတော့၏။
အတိတ်က အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ သုံးဦးနှင့် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော် ရှိခဲ့ဖူးသော နေ့ရက်များမှာ ကုန်ဆုံးသွားခဲ့ချေပြီ။ သူတို့ စီမံခန့်ခွဲရသော ဈေးမြို့တော်များမှာလည်း ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုအခါ လီရီရှန်းနှင့် နန်ကုန်းကျင်းတို့သည် မဟာမိတ်အဖွဲ့ ဆက်လက်ရှင်သန်နိုင်စေရန်အတွက် အနီးနားရှိ ဈေးမြို့တော်နှစ်ခုတွင် သွားရောက် ကြီးကြပ်ပေးနေရခြင်း ဖြစ်သည်။
"ကျောက်စိမ်းအိုးဓားဂိုဏ်းကကော ဘာတွေ ဆက်လုပ်သေးလဲ..."
လော့ချန်က မေးလိုက်သည်။
"ထူးထူးခြားခြား မရှိပါဘူးကွာ…. ဂိုဏ်းက အစထဲက ကိုယ်တိုင်လှုပ်ရှားခဲ့တာမှ မဟုတ်ပဲ…. သူတို့ရဲ့ လက်အောက်ခံ အင်အားစုတွေထဲက တစ်ခုကပဲ လှုပ်ရှားခဲ့တာလေ၊ သူတို့က ဂိုဏ်းရဲ့ သိက္ခာကို ကာကွယ်ပေးတဲ့ သဘောမျိုး လုပ်ခဲ့တာ ဖြစ်ပေမဲ့ တကယ်တမ်းကျတော့ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်ရဲ့ စီးပွားရေးတွေကို မျက်စိကျနေခဲ့တာ..."
"နောက်ဆက်တွဲ ဘာမှမရှိတော့ဘူးလား..."
လော့ချန် ထပ်မံ၍ မေးမြန်းလိုက်၏။
"ဒုတိယနဲ့ တတိယ အကြီးအကဲတွေ သေဆုံးသွားပြီးတဲ့နောက် အကြီးအကဲချုပ်က သူတို့နှစ်ယောက်ဟာ တိမ်ပြိုဂိုဏ်းနဲ့ ပူးပေါင်းခဲ့ကြတယ်လို့ စွပ်စွဲလိုက်တာ၊ သူတို့ မရှိတော့တဲ့နောက်မှာ ဓားဂိုဏ်းရဲ့ လက်အောက်ခံတွေလည်း ဆက်ပြီး လှုပ်ရှားဖို့ အကြောင်းပြချက် မရှိတော့တာနဲ့ အဲဒီကိစ္စက အဲဒီတင်ပဲ ပြီးဆုံးသွားခဲ့တယ်..."
သူတို့ ခေတ္တမျှ စကားပြောဆိုပြီးနောက် နှစ်ဦးလုံးမှာ မင်လုံယွီ၏ အခြေတည်အဆင့် ကြိုးပမ်းမှုဆီသို့ အာရုံပြန်လည်ရောက်ရှိသွားကြသည်။
စွမ်းအင်လှိုင်းများမှာ ပိုမို တည်ငြိမ်ပြီး ခိုင်မာလာခဲ့လေပြီ။ ဒန်ထျန်းနှင့် ချီပင်လယ် နှစ်ခုလုံး၏ ပြောင်းလဲမှုများမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ချီစွမ်းအင်များမှာလည်း အရည်အသွေးမြင့် အရည်အဖြစ်သို့ အပြည့်အဝ ပေါင်းစည်းသွားခဲ့လေပြီ။ တစ်နည်းအားဖြင့် ပြောရလျှင် သူ အောင်မြင်သွားခဲ့ချေပြီ။
နန်ကုန်းကျင်းက လော့ချန်အား အားကျစိတ် အနည်းငယ်ဖြင့် ဂုဏ်ပြုစကား ဆိုလိုက်ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့သည်။
နဂါးဖြတ်ကျောက်တုံးကြီးမှာ တဖြည်းဖြည်းနှင့် မြင့်တက်လာပြီး ဝုန်းခနဲ မြည်ဟည်းသံတစ်ခု လေထုထဲတွင် ပြည့်နှက်သွားခဲ့၏။ သန့်ရှင်းစင်ကြယ်ပြီး လန်းဆန်းနေသော ပုံရိပ်တစ်ခုမှာ ဂူအဝဆီသို့ လျှောက်လှမ်းလာခဲ့သည်။ သူ လက်နှစ်ဖက်ကို ဆုပ်ကာ လော့ချန်အား ဦးညွှတ်ရင်း ပြောလိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်... ကျွန်တော်မင်လုံယွီ ခေါင်းဆောင်ကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး..."
လော့ချန် စိတ်ထဲတွင် ခေတ္တမျှ ဝေဝါးသွားရသည်။ ယခုအကြိမ်တွင်မူ သူ ရင်းနှီးနေခဲ့သော "ကျွန်တော် ဝေခွဲမရဖြစ်သွားခဲ့တယ်" ဟူသော စကားမျိုး မဟုတ်ဘဲ "စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး" ဟူသော ပြတ်သားသည့် စကားမျိုး ဖြစ်နေခြင်းကြောင့် ဖြစ်၏။
၎င်းက နတ်မိစ္ဆာနှလုံးသားကြေးမုံသည် နောက်ဆုံးတွင် အတုအယောင် သရုပ်ပြမှုတစ်ခုသာ ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။ လော့ချန်၌ သူမြင်တွေ့ခဲ့ရသော အနာဂတ်ကို ပြောင်းလဲနိုင်မည့် စွမ်းအား ရှိပေသည်။ ၎င်းနှင့်အတူ သူသည် မိမိ၏ အသက် သုံးရာ့သုံးဆယ်တွင် ဖြစ်ပေါ်မည့် ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း ရှိကြောင်း ယုံကြည်မှု ပိုမိုတိုးပွားလာခဲ့လေသည်။
"ကောင်းတယ်... သိပ်ကောင်းတယ်..."
သူ အထပ်ထပ် ချီးကျူးလိုက်မိပြီး သူ၏ လေသံတွင် စစ်မှန်သော ဝမ်းမြောက်မှုများ ပြည့်နှက်နေခဲ့သည်။
ချူခွေးကလည်း ဝင်ရောက်၍ ချက်ချင်းပင် ဂုဏ်ပြုစကား ဆိုလိုက်၏။
"ဂုဏ်ယူပါတယ် မိတ်ဆွေ... ဂုဏ်ယူပါတယ်..."
"ဟမ် အဖွဲ့ခေါင်းဆောင်... သူက ဘယ်သူလဲ..."
မင်လုံယွီက ချူခွေးကို ကြည့်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဒီကမိတ်ဆွေက ချူခွေးလို့ ခေါ်တယ်..."
လော့ချန် ရိုးရှင်းစွာပင် မိတ်ဆက်ပေးလိုက်၏။
ထိုနာမည်ကို ကြားလိုက်ရုံနှင့် မင်လုံယွီ၏ မျက်နှာမှာ တည်တံ့သွားရသည်။ ချူခွေး၏ ဂုဏ်သတင်းမှာ ထျန်းလန်နတ်ဘုရားမြို့တော်တွင် အလွန်ပင် ကြီးမားလှပေသည်။ ၎င်းမှာ ယခုမျှသာ အခြေတည်အဆင့်သို့ ရောက်ရှိခါစ ဖြစ်သော သူနှင့် ယှဉ်နိုင်မည့် အခြေအနေ မဟုတ်ပေ။
"နှုတ်ခွန်းဆက်ပါတယ် မိတ်ဆွေချွီ..."
မင်လုံယွီက ရိုသေစွာဖြင့် နှုတ်ဆက်လိုက်၏။
ချူခွေးသည် မင်လုံယွီနှင့် ရင်းနှီးမှု ရယူရန် တမင်တကာ ကြိုးပမ်းနေကြောင်း တွေ့မြင်ရသဖြင့် လော့ချန် မတတ်နိုင်သည့် အမူအရာဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။
"ငါတို့ တခြားနေရာမှာ သွားပြီး စကားပြောကြရအောင်… ငါ့ရဲ့ ဂူဗိမာန်ဆီကို လာခဲ့ကြပါ၊ အဲဒီမှာ သေသေချာချာ စကားပြောဆိုရင်း ကျင့်ကြံခြင်း အတွေ့အကြုံတွေကို မျှဝေကြတာပေါ့..."
"ကောင်းတာပေါ့... သိပ်ကောင်းတာပေါ့..."
ချူခွေးက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် သဘောတူလိုက်၏။
မင်လုံယွီအနေဖြင့်လည်း မည်သည့် ကန့်ကွက်စရာမျှ မရှိပေ။
အတိတ်ကဆိုလျှင် သူသည် လော့ချန်၏ စကားများကို ယဉ်ကျေးမှုအရသာ နာခံခဲ့ခြင်း ဖြစ်နိုင်သော်လည်း ယခုအခါ အခြေတည်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရသော အတွေ့အကြုံကို ဖြတ်သန်းပြီးနောက် သူသည် လော့ချန်အပေါ် စိတ်ရင်းဖြင့် ဆက်ဆံလာခဲ့ပြီဖြစ်သည်။
ထိုအဆင့်တက်လှမ်းမှုမှတစ်ဆင့် သူသည် လော့ချန် ယခင်က မေးမြန်းခဲ့ဖူးသော မေးခွန်း၏ အဓိပ္ပာယ်ကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ထိုအဆင့်တက်လှမ်းမှုအတွင်း၌ အန္တရာယ်အရှိဆုံးနှင့် အရေးကြီးဆုံးဖြစ်သော အဆင့်တစ်ခု ရှိခဲ့သည်။ ၎င်းမှာ ဒန်ထျန်းကို ဖျက်ဆီးခြင်းပင် ဖြစ်၏။ ထိုအရာမှာ သာမန်လူတစ်ဦးအနေဖြင့် လုံးဝ မလုပ်ရဲသည့် အရာမျိုး ဖြစ်ပေသည်။
ဒန်ထျန်းကို ဖျက်ဆီးလိုက်ခြင်း ဆိုသည်မှာ စုဆောင်းထားသော ချီစွမ်းအင်များကို သိုလှောင်ရန် နေရာမရှိတော့ခြင်း ဖြစ်ပြီး ထိုအခြေခံ မရှိတော့ပါက မဟာတာအိုလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းရန် မဖြစ်နိုင်တော့ဘဲ မည်သည့် တိုးတက်မှုမျိုးကိုမျှ မျှော်လင့်နိုင်တော့မည် မဟုတ်ပေ။ သို့သော် ရယ်စရာကောင်းသည်မှာ အခြေတည်အဆင့်သို့ ရောက်ရှိရန်အတွက် ဤကဲ့သို့သော ဒုက္ခကို မဖြစ်မနေ ဖြတ်သန်းရခြင်းပင် ဖြစ်၏။
အသစ်ပြန်လည် တည်ဆောက်ရန်အတွက် အရင်ဆုံး ဖျက်ဆီးရမည်။ နာကျင်မှုများကို အံတု၍ ရှေ့သို့ ဆက်လက်တိုးဝှေ့မှသာ ဒန်ထျန်းကို ဖျက်ဆီးနိုင်မည်ဖြစ်ပြီး လက်ရှိ အခြေခံပေါ်တွင် ၎င်းကို ချီပင်လယ်အဖြစ်သို့ အသွင်ပြောင်းလဲနိုင်မည် ဖြစ်သည်။
အကယ်၍ အတိတ်က မင်လုံယွီသာ ဆိုပါက အခြေတည်ဆေးလုံးမှ ပေါ်ထွက်လာသော ကြီးမားလှသည့် ချီစွမ်းအင်များအောက်တွင် သူသည် ဤနေရာ၌ သေချာပေါက် တုံ့ဆိုင်းသွားခဲ့ရမည် ဖြစ်သည်။ သူသည် မဟာတာအိုလမ်းစဉ်ကို လျှောက်လှမ်းခြင်းထက် ဘေးကင်းသော ဘဝတစ်ခုကိုသာ ရွေးချယ်ရန် သွေးဆောင်ခြင်း ခံရနိုင်ပေသည်။ သူ တစ်ကြိမ်မျှ တုံ့ဆိုင်းသွားသည်နှင့် ထိုအခွင့်အရေးကို လွတ်သွားစေရန် အလွန်ပင် လွယ်ကူလှပေသည်။
လော့ချန် ကြိုတင်၍ စိတ်ဝိညာဉ်မေးခွန်းထုတ်ပေးခဲ့ခြင်းကြောင့်သာ သူ၏ ငယ်စဉ်က ကနဦးစိတ်ဓာတ်ကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် စဉ်းစားတွေးတောနေခြင်းမရှိဘဲ ချက်ချင်းပင် ဒန်ထျန်းကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်ခဲ့ကာ ချီစွမ်းအားများကို ပြန်လည်ထိန်းချုပ်၍ ချီပင်လယ်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ဤကဲ့သို့သော ကျေးဇူးတရားမှာ အသက်ကယ်ခြင်းနှင့် မခြားနားလှပေ။
လော့ချန်သည် မင်လုံယွီ၏ စိတ်ရင်းကို အာရုံခံမိလိုက်သည်။ သို့သော် သူသည် ထိုကဲ့သို့သော အရာများကို ဂရုမစိုက်ချေ။ သူတို့နှစ်ဦးသည် မဟာတာအို ကျိန်ဆိုမှုဖြင့် ချည်နှောင်ထားကြသူများ ဖြစ်သဖြင့် သူတို့၏ ပတ်သက်မှုမှာ အမြဲတမ်း နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဆက်ဆံရေးမျိုးသာ ဖြစ်သည်။ ဤအချိန်တွင် ပိုမိုနီးစပ်သွားသည်ဖြစ်စေ၊ မနီးစပ်သည်ဖြစ်စေ အရေးမကြီးလှပေ။
သုံးဦးသား မိုးတိမ်များကို စီးနင်းရင်း ထျန်းလန်တောင်ထိပ်၏ အထက်ပိုင်းဆီသို့ ပျံသန်းလာခဲ့ကြသည်။ သူတို့ တောင်စောင်းရှိ နေရာတစ်ခုကို ဖြတ်သန်းသွားစဉ်မှာပင် အလင်းတန်းတစ်ခုမှာ သူတို့နှင့် မနီးမဝေးမှ ဖြတ်ပြေးသွားသည်။
“ဟင်…”
သူတို့ သုံးဦးလုံး ခေတ္တမျှ ရပ်တန့်သွားကြသည်။
ချူခွေး မျက်မှောင်ကြုတ်သွားရသည်။
"ဒါက အခုလေးတင် အောင်မြင်သွားတဲ့ နောက်ထပ် အခြေတည် ကျင့်ကြံသူ ဖြစ်ရမယ်၊ အဆင့်ကိုတောင် တည်ငြိမ်အောင်တောင် မလုပ်ရသေးဘဲနဲ့ ဘယ်ကို ဒီလောက် ပျာပျာသလဲ ထွက်သွားရတာလဲ..."
ထိုအလင်းတန်းကို ကြည့်ရင်း လော့ချန် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်မိပြီး မျက်ဝန်းများတွင် စူးစမ်းလိုသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
‘သူပါလား... အဲဒီ မျက်နှာအမာရွတ်နဲ့ ဈေးသည်ပဲ…’
ထိုသူသည် လော့ချန်အား မှော်ရတနာ သုံးမျိုး ရောင်းချခဲ့သော လမ်းဘေး ဈေးသည်တစ်ဦး ဖြစ်၏။
စီမာဟွေ့နန်ထံမှ လော့ချန် ကြားသိခဲ့ရသည်မှာ လေလံပွဲတွင် တစ်ကိုယ်တော်ကျင့်ကြံသူ နှစ်ဦးက အခြေတည်ဆေးလုံးများကို ဝယ်ယူခဲ့ကြပြီး ထိုအမာရွတ်နှင့်လူမှာ တစ်ဦး အပါအဝင် ဖြစ်သည်။ ထိုလူ အောင်မြင်လိမ့်မည်ဟု လော့ချန် မျှော်လင့်မထားခဲ့သော်လည်း ၎င်းမှာ အဓိက မဟုတ်ပေ။ အဓိကမှာ ထိုသူသည် ဤကဲ့သို့သော အရေးကြီးသည့် အချိန်တွင် အဘယ်အရပ်သို့ ဤမျှ ပျာပျာသလဲ ထွက်သွားရသနည်း ဆိုသည့် အချက်ဖြစ်သည်။
သုံးဦးသား ခေတ္တမျှ တိတ်ဆိတ်သွားကြသော်လည်း ဆက်၍ ဂရုမစိုက်တော့ဘဲ လော့ချန်နေထိုင်ရာ ဂူဗိမာန်ဆီသို့ ဆက်လက် ဦးတည်လာခဲ့ကြသည်။
သစ်သီးဝလံများနှင့် စားဖွယ်သောက်ဖွယ်များမှာ ထိုနေရာတွင် ရှိနေဆဲပင် ဖြစ်၏။ ယခုအကြိမ်တွင်မူ ချူခွေးက ရက်ရက်ရောရောပင် သူ၏ ထိုက်ပိုင်အရက်များကို အမြောက်အမြား ထုတ်ယူလိုက်လေသည်။ မင်လုံယွီနှင့် ရင်းနှီးမှု ရယူရန် သူ၏ စိတ်အားထက်သန်မှုမှာ လော့ချန်နှင့် ရင်းနှီးမှု ရယူရန် ကြိုးပမ်းခဲ့စဉ်ကထက်ပင် ပိုမို၍ သန်မာနေပုံရသည်။
သူတို့ တစ်ညလုံးလုံး စကားစမြည် ပြောဆိုခဲ့ကြပြီး လေထုမှာ အလွန်ပင် သက်ဝင်လှုပ်ရှားကာ ရယ်သံများဖြင့် ပြည့်နှက်နေခဲ့သည်။
ချူခွေးသည် မင်လုံယွီနှင့် ဆက်သွယ်ရန် နည်းလမ်းများ ယူထားလိုက်ပြီး ကျေနပ်အားရစွာဖြင့် ထွက်ခွာသွားခဲ့တော့သည်။
ထိုလူ ထွက်ခွာသွားပြီးနောက် လော့ချန်သည် မင်လုံယွီ၏ ရှေ့တွင် ထိုင်လိုက်ပြီး မော်ကွန်းဝင် အစီအရင်အိမ်မြှောင်ကို ထုတ်ယူလိုက်လေသည်။
"ဟင် အဖွဲ့ခေါင်းဆောင်... ဒါက ဘာလဲဗျ..."
မင်လုံယွီက သူ၏ရှေ့တွင် ချထားသော မော်ကွန်းဝင် အစီအရင်အိမ်မြှောင်ကို ကြည့်ရင်း အံ့ဩတကြီး မေးလိုက်သည်။
"ချူခွေးလိုမျိုး အပြင်လူတစ်ယောက်တောင် မင်းရဲ့ အခြေတည် အောင်ပွဲအတွက် ဝိုင်ကောင်းကောင်းတွေကို ယူလာပြီး ဂုဏ်ပြုသေးတာပဲ၊ မင်းက ငါ့တို့ အဖွဲ့ထဲကလေ၊ ငါ့ဘက်ကလည်း မင်းကို ဂုဏ်ပြုဖို့ တစ်ခုခု မပေးဘဲ နေလို့ ဘယ်ဖြစ်မလဲ..."
လော့ချန် ခပ်ဖွဖွ ပြုံးလိုက်၏။
"ဒါက အကောင်းကြီးတော့ မဟုတ်ပါဘူး၊ ယိုယွင်းနေတဲ့ မှော်ရတနာဟောင်းတစ်ခုပါပဲ၊ မင်းရဲ့ မဟာတာအိုလမ်းစဉ်အတွက် အခြေခံ ကောင်းကောင်း တည်ဆောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်..."
‘လက်ဆောင် ဟုတ်လား…’
မင်လုံယွီအနေဖြင့် ထိုလက်ဆောင်မှာ အလွန်ပင် တန်ဖိုးကြီးလွန်းလှကြောင်းနှင့် လော့ချန်သည် သူ့အတွက် များစွာ ကူညီပေးခဲ့ပြီးဖြစ်ကြောင်း ငြင်းဆန်ရန် ပြင်လိုက်သော်လည်း သူ၏လက်နှင့် ထိုမော်ကွန်းဝင် အစီအရင်အိမ်မြှောင် ထိမိလိုက်သည်နှင့် မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွားရသည်။
"ဒီမှော်ရတနာက..."
"အင်း..."
လော့ချန်က ခေါင်းအသာ ညိတ်ပြရင်း နှမြောစရာကောင်းသည့် လေသံဖြင့် ပြောလိုက်သည်။
"နှမြောစရာကောင်းတာက အတော်လေး ပျက်စီးနေတာပဲ၊ ဒါက ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခုနဲ့ ညီမျှတဲ့ အသွင်ဖျောက် အစီအရင် တစ်ခုတည်းကိုပဲ အသက်သွင်းနိုင်တာမို့လို့ အခြေတည်အဆင့် ကျင့်ကြံသူတွေအတွက်တော့ သိပ်ပြီး အသုံးမဝင်လှဘူး၊ မင်း နောင်ကျရင် အစီအရင်တွေကို လေ့လာတဲ့အခါ စိတ်ကူးစိတ်သန်းတွေ ရစေဖို့အတွက် ငါက ပေးလိုက်တာပါ..."
သို့သော် မင်လုံယွီက သူ၏ လက်နှစ်ဖက်ကို အခါခါ ယမ်းပြလိုက်၏။
"မဟုတ်ဘူး... မဟုတ်ဘူး... ဒီအစီအရင်အိမ်မြှောင်က ကြည့်ရတာပဲ ပျက်စီးနေတာပါ၊ သူ့ရဲ့ အစီအရင်ဗဟိုချက်ကတော့ တကယ် အကောင်းကြီး ရှိသေးတယ်..."
သူ ပြောပြောဆိုဆိုဖြင့် အဆင့်လတ် ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ထုတ်ယူလိုက်ပြီး မော်ကွန်းဝင် အစီအရင်အိမ်မြှောင်ပေါ်ရှိ အပေါက်ငယ် အချို့တွင် ထည့်သွင်းလိုက်လေသည်။
ထို့နောက်တွင်မူ တားမြစ်ချက်တံဆိပ်များစွာကို ဆက်တိုက် ရိုက်သွင်းလိုက်သည်။ ထိုတားမြစ်ချက်များ အစီအရင်ထဲသို့ ပေါင်းစည်းသွားသည်နှင့်အမျှ ဖျော့တော့သော အလင်းတန်းများ စတင်ပေါ်ထွက်လာခဲ့သည်။ အလင်းတန်းတစ်ခုချင်းစီမှာ အပြင်ဘက်သို့ ပြန့်ကားထွက်သွားရန် ကြိုးပမ်းနေပုံရသော်လည်း နောက်ပိုင်းတွင်မူ တစ်ခုခုက ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသဖြင့် ဆက်လက်၍ မပြန့်ကားနိုင်တော့ပေ။
အသွင်ဖျောက် အစီအရင်ကို ကိုယ်စားပြုသော အလင်းတန်းတစ်ခုတည်းသာလျှင် အောင်မြင်စွာ ပြန့်ကားထွက်သွားနိုင်ခဲ့သည်။
"ဘုရားရေ... ဘယ်လောက်တောင် အနုစိတ်ပြီး ထူးခြားဆန်းပြားတဲ့ အစီအရင်အိမ်မြှောင်လဲ… အထဲမှာ တားမြစ်ချက်ပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီပြီး ပါဝင်နေတဲ့အပြင် အစီအရင်ဗဟိုချက် တစ်ဆယ့်ရှစ်ခုလုံးကိုလည်း အတူတူ ပေါင်းစည်းထားတာပဲ၊ သူ့ရဲ့ ပြောင်းလဲမှုတွေက အဆုံးမရှိနိုင်ဘူးဗျ၊ အဖွဲ့ခေါင်းဆောင်... ဒါက မပြည့်စုံတဲ့ မှော်ရတနာတစ်ခု မဟုတ်ပါဘူး၊ တကယ်လို့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတွေကို ပြုပြင်ပေးနိုင်မယ့် လက်နက်သွန်းလုပ်တဲ့ ဆရာကြီးတစ်ဦးကို ရှာတွေ့နိုင်မယ်ဆိုရင် ဒီရတနာက သူ့မူလစွမ်းအားရဲ့ အနည်းဆုံး ခုနစ်ဆယ်ရာခိုင်နှုန်းကို ပြန်ရနိုင်လောက်ပါတယ်..."
ထိုစကားများကို ကြားလိုက်ရသောအခါ လော့ချန် မှင်တက်သွားရသည်။ သူသည် ဤအရာအတွက် ဝိညာဉ်ကျောက်တုံး တစ်သောင်းသာ ပေးချေခဲ့ရခြင်းဖြစ်ပြီး ၎င်းမှာ ထိပ်တန်းအဆင့် ခံစစ်မှော်လက်နက်တစ်ခု၏ စျေးနှုန်းနှင့် ညီမျှပေသည်။
သို့သော် မင်လုံယွီ၏ စကားအရမူ ထိုအစီအရင်အိမ်မြှောင်ကို ပြုပြင်ပြီးသွားပါက မူလစွမ်းအား အများစုကို ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။
‘ငါ တကယ်ပဲ ရတနာတစ်ခုကို ပေါချောင်ကောင်း ရလိုက်တာလား….’
တိတိကျကျ ပြောရလျှင် နတ်မိစ္ဆာနှလုံးသားကြေးမုံသည် အမှန်တကယ်ပင် ဈေးပေါပေါ ရရှိခဲ့သော အရာတစ်ခုအဖြစ် မသတ်မှတ်နိုင်ပေ။ ဝိညာဉ်ကျောက်တုံး သုံးသောင်းဆိုသည်မှာ ထိုကဲ့သို့သော မှော်ရတနာတစ်ခုအတွက် ပုံမှန်စျေးနှုန်းသာဖြစ်ပြီး သူသည် ထိုမှန်၏ ပုံမှန်ပြသလေ့ရှိသော ရွှေအမြုတေအဆင့်သို့ တက်လှမ်းသည့် ဖြစ်စဉ်ကိုပင် အသုံးမချခဲ့ရပေ။ ဝိညာဉ်ကျောက်တုံး သုံးသောင်း သုံးစွဲခဲ့ရခြင်းက စိတ်ဝိညာဉ်အခြေခံကို အနည်းငယ် တိုးစေခဲ့ပြီး အနာဂတ်အပေါ် ပိုမို၍ သိမြင်နားလည်မှုများ ရရှိစေခဲ့သဖြင့် မနည်းလှသော တန်ဖိုးရှိသည်ဟုသာ ဆိုနိုင်ပေသည်။ သို့သော် ဤအစီအရင်အိမ်မှာမူ အမှန်တကယ်ပင် ကြီးမားလှသော ကံကောင်းမှုကြီး ဖြစ်ပေတော့သည်။
သို့သော် သူသည် မင်လုံယွီအား ပေးပြီး ဖြစ်နေလေသည်။
လော့ချန်သည် သူ၏ စကားများကို အလွယ်တကူ ပြန်လည်ရုပ်သိမ်းတတ်သူ မဟုတ်ပေ။ ထို့ကြောင့် သဘာဝကျစွာပင် သူ ဤပစ္စည်းကို ပြန်တောင်းမည် မဟုတ်ချေ။
"ဟားဟား... ငါတော့ တော်တော်လေး နာသွားပြီပဲကွာ…. ဒါပေမယ့် ကိစ္စမရှိပါဘူး... အဲဒါကို မင်းပဲ ယူသွားပြီး သေသေချာချာ လေ့လာလိုက်ပါ၊ မင်း တွမ်ဖုန်းကို အကူအညီတောင်းပြီး နည်းနည်း ပြုပြင်ခိုင်းလို့ရတယ်၊ တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ထျန်းလန်နတ်ဘုရားမြို့တော်ထဲမှာ လက်နက်သွန်းလုပ်တဲ့ ဆရာကြီး သုံးဦး ရှိနေတာပဲ..."
မင်လုံယွီသည် ထိုအစီအရင်အိမ်မြှောင်ကို အဖိုးဖြတ်မရနိုင်သော ရတနာတစ်ခုကဲ့သို့ ပွေ့ပိုက်ထားရင်း အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်လေသည်။
နှစ်ဦးသား ခေတ္တမျှ ထပ်မံ၍ စကားပြောဆိုပြီးနောက် မင်လုံယွီသည် လော့ချန် ယခင်က ငှားရမ်းပေးခဲ့သော ဂူဗိမာန်ဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ထိုဂူဗိမာန်၏ ငှားရမ်းခ သက်တမ်းမှာ ရက်အနည်းငယ် ကျန်ရှိနေသေးသဖြင့် မင်လုံယွီသည် ဝိညာဉ်ကျောက်တုံးအချို့ကို သုံးစွဲ၍ သက်တမ်းတိုးရန် စီစဉ်ထားခြင်း ဖြစ်သည်။ နောင်တွင် ၎င်းမှာ သူ၏ ကိုယ်ပိုင် နေအိမ် ဖြစ်လာတော့မည် ဖြစ်၏။
အစီအရင်အိမ်မြှောင်ကို လေ့လာခြင်းမှာ နောင်လုပ်ရမည့် ကိစ္စတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် သူ၏ အဓိက ဦးစားပေးမှာ ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ရန် ဖြစ်၏။
လက်နက်သွန်းလုပ်ခြင်းမှတစ်ဆင့် မိမိ၏ စွမ်းအားကို တည်ငြိမ်အောင် ပြုလုပ်နိုင်သော တွမ်ဖုန်းနှင့် မတူသည်မှာ မင်လုံယွီသည် ကျင့်ကြံခြင်းကိုသာ အားကိုးရမည် ဖြစ်သည်။ သူသည် သူ၏ ချီစွမ်းအင်များကို အရည်အဖြစ်သို့ လုံးဝ သန့်စင်ရမည်ဖြစ်သည်။ အချိန်အားဖြင့် လအနည်းငယ်မှ နှစ်အနည်းငယ်အထိ ကြာမြင့်နိုင်ပေသည်။
ကံကောင်းသည်မှာ ဒုတိယအဆင့်ရှိသော ဂူဗိမာန်နှင့် ချူခွေး၏ ထိုက်ပိုင်သေရည်တို့၏ ကျန်ရှိနေသော အာနိသင်များကြောင့် ထိုဖြစ်စဉ်မှာ ပိုမို၍ ချောမွေ့ပြီး မြန်ဆန်လာဖွယ် ရှိပေသည်။
ယခုအချိန်တွင် လော့ထျန်းအဖွဲ့၏ ကိစ္စရပ်များကို တွမ်ဖုန်းက ကြီးကြပ်နေခြင်းကြောင့် မင်လုံယွီ၏ အကူအညီကို ချက်ချင်း လိုအပ်နေခြင်း မရှိသေးပေ။ သူ၏ ကျင့်ကြံခြင်း တည်ငြိမ်သွားသည့် အခါကျမှသာ လော့ထျန်းအဖွဲ့အတွက် အမှန်တကယ် စတင်၍ အကျိုးပြုနိုင်တော့မည် ဖြစ်သည်။
အခြေတည်အဆင့် အစီအရင်ဆရာကြီး မင်လုံယွီသည် နောင်တွင် လော့ထျန်းအဖွဲ့အတွက် ကြီးမားလှသော အားကိုးရာတစ်ခု ဖြစ်လာပေလိမ့်မည်။ တွမ်ဖုန်းအား လက်နက်များ သွန်းလုပ်ရာတွင် ကူညီပေးခြင်းဖြစ်စေ၊ ဒန်ရှားတောင်ထိပ် ဘေးပတ်လည်ရှိ ကာကွယ်ရေး အစီအရင်များကို ပိုမိုအားကောင်းအောင် ပြုလုပ်ပေးခြင်းဖြစ်စေ သူ၏ အကျိုးပြုမှုများမှာ အဖိုးဖြတ်မရနိုင်လှပေ။ ဆေးဝါးခန်းမဆောင်မှ စီမံခန့်ခွဲရသော ရာနှင့်ချီသည့် ဝိညာဉ်စိုက်ခင်းများ အတွင်း၌ပင်လျှင် သူသည် ဝိညာဉ်ဆေးပင်များ ကြီးထွားမှုကို ကူညီပေးနိုင်မည့် အသေးစား အစီအရင်များကို တည်ဆောက်ပေးနိုင်သေးသည်။
မင်လုံယွီ ထွက်ခွာသွားပြီးနောက် လော့ချန်သည် သူ၏ ကျင့်ကြံအခန်းဆီသို့ သွားရောက်ကာ နှစ်နာရီကြာအောင် ကျင့်ကြံခဲ့လေသည်။
ယုန်အချိန် ရောက်ရှိလာသော အခါတွင်မှ သူ နောက်ဆုံးတွင် ရပ်တန့်လိုက်၏။
ခန္ဓာကိုယ်ကျင့်ကြံမှု ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီးနောက် လော့ချန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးစွမ်းအင်များ၏ လှိုင်းတံပိုးအောက်တွင် သိမ်မွေ့သော အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းနေခဲ့ရသည်။ ထိုပြောင်းလဲမှုများမှာ နှေးကွေးပြီး အပြင်ပန်းအားဖြင့် မမြင်တွေ့နိုင်သေးသော်လည်း ၎င်း၏ အကျိုးကျေးဇူးများမှာ ငြင်းဆန်၍ မရနိုင်လှပေ။ အနည်းဆုံးတော့ သူသည် ထင်ရှားလှသော တိုးတက်မှုတစ်ခုကို သတိပြုမိလိုက်ပြီ ဖြစ်သည်။ ၎င်းမှာ သူ၏ သက်တမ်း ဆယ်နှစ်ခန့် တိုးလာခဲ့ခြင်း ဖြစ်၏။ ယခုအခါ သူ၏ သက်တမ်းမှာ တစ်ရာ့ကိုးဆယ်အထိ ရှိနေခဲ့ချေပြီ။
ထိုပြောင်းလဲမှုကြောင့် လော့ချန် တစ်ယောက် အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားရသည်။
အပြင်လူများအတွက်မူ ကဲလွန်းသည်ဟု ထင်နိုင်သော်လည်း သူ့အခြေအနေကို သူကိုယ်တိုင်သာ သိသည်။ သာမန်ကျင့်ကြံသူများအတွက်မူ အခြေတည်အဆင့်သို့ ရောက်ရှိသွားခြင်းသည် များသောအားဖြင့် သက်တမ်းကို သိသိသာသာ တိုးစေတတ်သည်။ အခြေတည် အစောပိုင်းအဆင့် ရှိသူများပင်လျှင် အသက် နှစ်ရာကျော်အထိ အလွယ်တကူ ရှင်သန်နိုင်ကြ၏။ သို့သော် သူ့အဖို့မူ ကွဲပြားခြားနားလှပေသည်။ သူ အခြေတည်အဆင့်သို့ စတင်ဝင်ရောက်စဉ်က သူ၏ သက်တမ်းမှာ တစ်ရာ့ငါးဆယ်သာ ရှိခဲ့သဖြင့် အဆင့်တူများနှင့် ယှဉ်ပါက သိသိသာသာ လျော့နည်းနေခဲ့သည်။
ဤသည်မှာ အားနည်းချက်တစ်ခု ဖြစ်သော်လည်း တစ်ဖက်တွင်မူ ကောင်းချီးတစ်ခုလည်း ဖြစ်ခဲ့ပေသည်။
လော့ချန် ရှာဖွေတွေ့ရှိခဲ့သည်မှာ သူ၏ ကျင့်ကြံခြင်း အဆင့်တက်လှမ်းလာသည်နှင့်အမျှ သူ၏ သက်တမ်းမှာလည်း လိုက်ပါ၍ တိုးလာခြင်း ဖြစ်သည်။ သူ အခြေတည် အဆင့် ၁ သို့ ရောက်ရှိစဉ်က သက်တမ်းမှာ တစ်ရာ့ငါးဆယ် ဖြစ်၏။ အဆင့် ၂ သို့ တက်လှမ်းသွားသော အခါတွင်မူ ထိုကိန်းဂဏန်းမှာ တစ်ရာ့ခြောက်ဆယ်အထိ မြင့်တက်သွားခဲ့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူ၏ သက်တမ်းမှာ ပုံသေမဟုတ်ဘဲ အမြဲ တိုးလာနိုင်ခြင်း ဖြစ်ပေသည်။
ထို့ပြင် ချင်းယွမ်အဆိပ်ဖြေနည်းတွင် အနည်းငယ် ကျွမ်းကျင်မှု ရရှိပြီးနောက် သူ၏ သက်တမ်းမှာ နောက်ထပ် ငါးနှစ်ခန့် တိုးပွားလာခဲ့သေးသည်။ ထို့နောက် နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်တွင် ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားသော အခါတွင်လည်း ခန္ဓာကိုယ်အတွင်း ဖြတ်သန်းစီးဆင်းသွားသော သစ်သားဓာတ် ချီစွမ်းအင်များကြောင့် နောက်ထပ် ငါးနှစ်ခန့် ထပ်မံ၍ တိုးပွားလာခဲ့ပြန်သည်။ အခြေတည် အဆင့် ၃ သို့ ရောက်ရှိပြီးနောက်တွင်မူ သက်တမ်းမှာ တစ်ရာ့ရှစ်ဆယ်အထိ ရှိလာခဲ့သည်။ ယခုအခါ ခန္ဓာကိုယ်ကျင့်ကြံခြင်း အဆင့် ၂ သို့ ရောက်ရှိသွားသောအခါတွင်မူ နောက်ထပ် ဆယ်နှစ်ခန့် ထပ်မံ၍ တိုးလာခဲ့ပြန်သည်။
ဤအရာအားလုံး ပေါင်းစပ်လိုက်သောအခါတွင်မူ သူသည် အခြားလူများထက် နိမ့်ကျသော နေရာမှ စတင်ခဲ့ရသော်လည်း သူ၏ နောက်ဆုံး သက်တမ်း အကန့်အသတ်မှာ အခြားလူများထက် များစွာ ပိုမိုမြင့်မားနိုင်ကြောင်း သိလိုက်ရတော့သည်။ ၎င်းမှာ စနစ်ကြောင့်လော၊ ကမ္ဘာကူးပြောင်းလာသူ ဖြစ်သောကြောင့်လော သို့မဟုတ် သူလေ့ကျင့်ထားသော ကျင့်စဉ်များ၏ သဘာဝကြောင့်လော ဆိုသည်ကိုမူ သူ အတိအကျ မပြောနိုင်ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ လော့ချန်သည် အကောင်းမြင်စိတ်ရှိသူတစ်ဦး ဖြစ်သည်။ သူသည် အခြေအနေေပြကြေးမုံပြင်ထဲရှိ သက်တမ်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အဆင့်တိုးတက်မှုကိုပါ အလိုအလျောက် လှမ်းကြည့်လိုက်မိ၏။
အဆင့် - အခြေခံတည်ဆောက်ခြင်း အဆင့် ၃ (၁၂/၁၀၀)
လဝက်အတွင်းမှာပင် နောက်ထပ် နှစ်မှတ်ခန့် မြင့်တက်သွားခဲ့ချေပြီ။
အခြေအနေပြကြေးမုံပြင်ကို ပိတ်ပစ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်ဝန်းများမှာ ရုတ်တရက် ပြူးကျယ်သွားရတော့သည်။
အကြောင်းမှာ အဆင့်ကဏ္ဍတွင် စာသားအသစ်တစ်ခု တရွေ့ရွေ့နှင့် ပေါ်ထွက်လာခဲ့ခြင်းကြောင့် ဖြစ်ပေတော့သည်။
‘အဆင့် - အခြေခံတည်ဆောက်ခြင်း အဆင့် ၃ (၁၂/၁၀၀)
ခန္ဓာကိုယ်ကျင့်ကြံမှု ဒုတိယအဆင့်…’
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၈၈) - လိပ်ဝိညာဉ်ချပ်ဝတ်တန်ဆာ
အနည်းငယ် လင်းလက်လာသော စာတန်းအသစ်ကို ကြည့်ရင်း လော့ချန် မှင်တက်သွားခဲ့ရသည်။ ယခုအခါ စနစ်က သူ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်း တိုးတက်မှုကိုပါ မှတ်တမ်းတင်ပေးနေလေပြီ။ သို့သော် ၎င်း၏နောက်တွင် ရှည်လျားစွာ ပါရှိနေသော မြှုပ်ကွက်အစက်များမှာမူ မည်သည့်အရာကို ဆိုလိုခြင်းနည်း။
သူ စောင့်ကြည့်နေစဉ်မှာပင် နောက်ထပ် စာလုံးအချို့ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
【 ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့် - အရွတ်အသွင်ပြောင်းခြင်း၊ ရိုးတွင်းခြင်ဆီဆေးကြောခြင်း၊ ကလီစာသန့်စင်ခြင်း၊ သွေးကြောပိတ်ဆို့မှုဖွင့်လှစ်ခြင်း….】
နောက်ဆုံးတွင်မူ ထိုစာလုံးအားလုံးသည် တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီး ကိန်းဂဏန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
【၃ / ၁၀၀】
လော့ချန် အော်ဟစ်ရယ်မောလိုက်မိတော့သည်။
"နောက်ထပ် တိုးတက်မှုတစ်ခုပဲပေါ့"
သူ၏ အကြည့်များက ခပ်မှိန်မှိန် လင်းလက်နေသော ကိန်းဂဏန်း ၃ ပေါ်သို့ ကျရောက်သွားသည့်အခါ ၎င်းက မည်သည့်အချိန်တွင်မဆို ထပ်မံမြင့်တက်သွားနိုင်သကဲ့သို့ ခပ်ဖွဖွ တုန်ခါနေကြောင်း သတိပြုမိလိုက်သည်။
‘ဒါက လက်ရှိ ငါ့ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်း ဖြစ်ပေါ်နေတဲ့ အသွင်ပြောင်းလဲမှုတွေနဲ့ သက်ဆိုင်နေတာလား’
သူ တွေးတောလိုက်မိသည်။ ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်သို့ ရောက်ရှိသွားကတည်းက သူ၏ ခန္ဓာကိုယ်အတွင်း၌ ရှာဖွေဖော်ထုတ်ရန် စောင့်ဆိုင်းနေသော ရတနာသိုက်ကြီးတစ်ခုကဲ့သို့ အကန့်အသတ်မရှိသော အလားအလာများ ကိန်းအောင်းနေခဲ့ပြီ ဖြစ်သည်။ ပြဿနာမှာ မည်သည့်နေရာမှ စတင်ရမည်ကို သူ မသိရှိခြင်းပင် ဖြစ်သည်။ စနစ်တကျရှိသော ကျင့်စဉ်ကျမ်းသာ ရှိမည်ဆိုပါက ထိုစွမ်းအားများကို တစ်ဆင့်ပြီးတစ်ဆင့် အပြည့်အဝ ဖော်ထုတ်နိုင်ပေလိမ့်မည်။
သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့တွင် မှန်ကန်သော လမ်းညွှန်ကျမ်း ရှိနေသည်။ ၎င်းမှာ ဝမ်ယွမ် ပေးထားသော ဝမ်မျိုးနွယ်စု လက်စွဲကျမ်း ဖြစ်ပြီး ထိုအထဲ၌ ပထမအဆင့် ကျင့်စဉ်များသာမက ဒုတိယအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်အချို့ပါ ပါဝင်နေသည်။ အမှန်တကယ်ဆိုရလျှင် ထိုကျမ်းထဲ၌ အရွတ်အသွင်ပြောင်းခြင်း၊ ရိုးတွင်းခြင်ဆီဆေးကြောခြင်း၊ ကလီစာသန့်စင်ခြင်းနှင့် သွေးကြောပိတ်ဆို့မှုဖွင့်လှစ်ခြင်း ဟူသော ဝေါဟာရများကို အသေအချာ ဖော်ပြထားခဲ့ဖူးသည်။
အမှန်စင်စစ် လော့ချန်၏ ခန္ဓာကိုယ်ကျင့်ကြံမှုမှာ စနစ်တကျ မရှိခဲ့ပေ။ ထို့ကြောင့်ပင် စနစ်သည် သူ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်း တိုးတက်မှုကို မည်သို့ သတ်မှတ်ရမည်ကို ဝေခွဲမရ ဖြစ်နေခဲ့ပြီး နောက်ဆုံးတွင်မူ သူ၏ ချီကျင့်ကြံမှုကဲ့သို့ပင် အကျွမ်းတဝင်ရှိလှသော တိုးတက်မှုနှုန်းပြ ပုံစံမျိုးဖြင့်သာ အဆုံးသတ်သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
"ဒီစွမ်းအားတွေကို ရှာဖွေဖော်ထုတ်ဖို့ ငါ့မှာ အချိန်အလုံအလောက်သာ ရှိမယ်ဆိုရင်...."
လော့ချန် သက်ပြင်းချလိုက်မိသည်။
"ဒါပေမဲ့ ငါ့မှာ အချိန်က သိပ်မရှိဘူး"
သူ ခေါင်းခါယမ်းလိုက်ရင်း လောလောဆယ်တွင် ထိုကိစ္စကို အာရုံနောက်ခံ မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။ နောင်ကျမှသာ သူ ဝမ်ယွမ်နှင့် သေသေချာချာ ဆွေးနွေးပြီး မေးမြန်းရပေလိမ့်မည်။ လက်ရှိအချိန်တွင်မူ သူ၏ အဓိကဦးစားပေးမှာ ပိုမိုမြန်ဆန်သော ရလဒ်များနှင့် လက်တွေ့ကျလှသော အကျိုးကျေးဇူးများကို ပေးဆောင်နိုင်မည့် နည်းစနစ်များကိုသာ အာရုံစိုက်ရန် ဖြစ်သည်။ ဥပမာအားဖြင့် လိပ်ဝိညာဉ်ချပ်ဝတ်တန်ဆာကဲ့သို့သော အရာမျိုး ဖြစ်သည်။
….
ယုန်အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤအချိန်မှာ လော့ချန် စာဖတ်လေ့လာရန်အတွက် နေ့စဉ် သတ်မှတ်ထားသော အချိန် ဖြစ်ပေသည်။ တစ်နေ့လျှင် နှစ်နာရီမျှသာ ဖြစ်သော်လည်း သူ ကျင့်ကြံခြင်းလောကအတွင်း လျှောက်လှမ်းရာတွင် ကြီးမားလှသော အကူအညီများကို ပေးစွမ်းနိုင်ပေသည်။
အကြွင်းမဲ့လှသော စွမ်းအားများ မရှိသေးမီအချိန်အထိ ရာထူးအာဏာများနှင့် ကျင့်ကြံခြင်းအဆင့်အတန်းဟူသည်မှာ စိတ်ချရသောအရာများ မဟုတ်ပေ။ အနည်းငယ်မျှ သတိလက်လွတ် ဖြစ်သွားရုံနှင့် ချက်ချင်း သေဆုံးသွားနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့်ပင် စာအုပ်များကို ပိုမိုဖတ်ရှုပြီး ကမ္ဘာကြီးအကြောင်း ပိုမိုသိရှိထားခြင်းက အမြဲ အကြံဉာဏ်ကောင်းတစ်ခု ဖြစ်နေခြင်း ဖြစ်သည်။
ထိုမျှသာမက လိပ်ဝိညာဉ်ချပ်ဝတ်တန်ဆာဟူသည် ကြီးမားလှသော အသက်ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ မိမိ၏ အသက်ကို ကယ်တင်ပေးနိုင်မည့် အံ့မခန်းလှသော ပညာရပ်တစ်ခု ဖြစ်ပေသည်။
ဤပညာရပ်မှာ ကောင်းလင်လွင်ပြင်တိုက်ပွဲတွင် တာကျန်းဂိုဏ်းရှိ အမည်မသိ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ထိုလူသည် စစ်မြေပြင်တွင် သေချင်ယောင်ဆောင်ရာ၌ အလွန်ပင် ကျွမ်းကျင်လွန်းသဖြင့် လော့ချန်၏ ဝိညာဉ်အသိစိတ်ပင်လျှင် လှည့်စားခြင်း ခံခဲ့ရဖူးသည်။ စွမ်းရည်မှာ တကယ့်ကို အံ့မခန်းလှပေသည်။
ထိုနည်းစနစ်ကို သေသေချာချာ လေ့လာပြီးနောက် လော့ချန်၏ စိတ်ဝင်စားမှုမှာ ပိုမို၍ပင် နက်ရှိုင်းလာခဲ့ရသည်။ ၎င်းမှာ အပိုင်းကဏ္ဍအလိုက် ခွဲခြား၍ လေ့လာနိုင်သော ပြည့်စုံလှသည့် ဒုတိယအဆင့် မှော်အတတ်တစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ၎င်းကို အပိုင်းလေးပိုင်း ခွဲခြားထားသည်။ လိပ်ကဲ့သို့ အသက်ရှူခြင်း၊ ချပ်ဝတ်တန်ဆာလွှမ်းခြုံခြင်း၊ သေဘေးရှောင်ရှားခြင်း နှင့် သက်တမ်းဆွဲဆန့်ခြင်းတို့ ဖြစ်ကြသည်။
လိပ်ကဲ့သို့ အသက်ရှူခြင်းဟူသည် နာမည်အတိုင်းပင် လိပ်တစ်ကောင်၏ အသက်ရှူခြင်းကို အတုယူကာ မိမိ၏ သက်စောင့်စွမ်းအားများကို ဖုံးကွယ်ထားခြင်း ဖြစ်ပြီး သေဆုံးသွားသူတစ်ဦးကဲ့သို့ ဖြစ်စေသည်။
ချပ်ဝတ်တန်ဆာလွှမ်းခြုံခြင်းမှာမူ ချီစွမ်းအားများကို ချပ်ဝတ်တန်ဆာအဖြစ် စုစည်းကာ တစ်ကိုယ်လုံး ဖုံးကွယ်ကာကွယ်နိုင်သော ခံစစ်မှော်အတတ် ဖြစ်သည်။ ၎င်းမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလှသော တစ်ကိုယ်လုံးစာ ခံစစ်အကာအရံကြီး ဖြစ်ပေသည်။
သေဘေးရှောင်ရှားခြင်းမှာမူ အနည်းငယ် ပိုမို၍ နက်နဲလှသည်။ ကျင့်ကြံသူအနေဖြင့် မိမိ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးသားတစ်စွန်းတစ်စကို အသုံးပြု၍ သေစေနိုင်လောက်သော တိုက်ခိုက်မှုတစ်ခုကို ရှောင်လွှဲနိုင်ကာ မိမိကိုယ်ကိုယ် ဒဏ်ရာအနည်းငယ်မျှသာ ရရှိစေရန် ပြုလုပ်နိုင်ခြင်း ဖြစ်၏။
အသက်ကို ဆွဲဆန့်ခြင်းမှာမူ မလွဲမသွေ သေဆုံးရမည့် အခြေအနေများနှင့် ကြုံတွေ့ရသည့် အခါမျိုးတွင် တစ်ကိုယ်လုံးရှိ ချီစွမ်းအားများကို သက်စောင့်အသက်ရှူသံတစ်ချက်အဖြစ် ပြောင်းလဲကာ အသက်ကို အတင်းအကျပ် ရှင်သန်စေခြင်း ဖြစ်သည်။ သို့သော် ဤအတတ်မှာ သုံးရက်တာ အချိန်မျှသာ ထိန်းသိမ်းထားနိုင်ပေသည်။ အကယ်၍ သုံးရက်ပြည့်မြောက်ပြီးနောက်တွင် သေရာမှ ပြန်လည်ရှင်သန်စေနိုင်မည့် နည်းလမ်းကို မရှာဖွေနိုင်ခဲ့ပါက နောက်ဆုံးတွင်မူ သေဆုံးရမည်သာ ဖြစ်ပေသည်။
ပညာရပ်တစ်စုံလုံးကို ဖတ်ရှုပြီးနောက် လော့ချန် မချီးကျူးဘဲ မနေနိုင်တော့ပေ။ သုံးနှစ်တိုင်တိုင် သူသည် ဤပညာရပ်ကို စိတ်ထဲတွင် မှတ်သားထားခဲ့ပြီး ၎င်း၏ မှတ်တမ်းများ ပါရှိသော လိပ်ခွံကို ရံဖန်ရံခါ ထုတ်ယူ၍ လေ့လာခဲ့ဖူးသည်။ သို့သော် သူ၏ အချိန်မှာ အမြဲကြပ်နေခဲ့သဖြင့် လေ့ကျင့်ရန် မစတင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူသည် ပထမဆုံး အပိုင်းနှစ်ပိုင်း၏ သော့ချက်များကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သူ စတင်လေ့ကျင့်ရန်အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
"ငါသာ ဒီမှော်အတတ်ကို တတ်မြောက်သွားမယ်ဆိုရင်…. ဒါက အကျပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့အခါ ငါ့အတွက် အသက်ကယ်ပေးနိုင်မယ့် ဝှက်ဖဲတစ်ခု ဖြစ်လာမှာပဲ"
ထိုတာကျန်းဂိုဏ်းမှ တစ်ကိုယ်တော်ကျင့်ကြံသူသည် လိပ်ကဲ့သို့ အသက်ရှူခြင်း၏ အခြေခံမျှကိုသာ တတ်မြောက်ထားခဲ့ခြင်း ဖြစ်သော်လည်း အဆင့်ချင်း ကွာခြားပါလျက်နှင့် လော့ချန်၏ ဝိညာဉ်အသိစိတ်ကို လှည့်စားနိုင်ခဲ့ဖူးသည်။ ထိုအချက်တစ်ချက်တည်းနှင့်ပင် ဤပညာရပ် မည်မျှအထိ ထူးခြားဆန်းပြားကြောင်း ထင်ရှားနေသည်။
သူ၏ အရည်အချင်းနှင့် များပြားလှသော အရင်းအမြစ်များကြောင့် လော့ချန်သည် ဤဒုတိယအဆင့် ပညာရပ်တစ်စုံလုံးကို အပြည့်အဝ တတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေသည်။
သူသည် လမ်းညွှန်ချက်အားလုံးကို အသေးစိတ်အချက်အလက်မကျန် သေသေချာချာ ထပ်မံဖတ်ရှုလိုက်သည်။ သတိမထားမိခင်မှာပင် နှစ်နာရီခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
မနက်စာ အမြန်စားပြီးနောက် လော့ချန်သည် တစ်ဖန် ပြန်လည်၍ ကျင့်ကြံကာ ဤပညာရပ်ကို အလေးအနက်ထား၍ စတင်လေ့ကျင့်တော့သည်။
ပထမဆုံးအနေဖြင့် လိပ်ကဲ့သို့ အသက်ရှူခြင်းကို စတင်လေ့ကျင့်လေသည်။
အသက်ရှူသွင်းချိန်၊ ရှူထုတ်ချိန်မှာ လူတစ်ဦးနှင့်တစ်ဦး မတူညီကြဘဲ အချို့က အသက်ရှူမြန်သဖြင့် တစ်ကြိမ်လျှင် ငါးစက္ကန့် သို့မဟုတ် ခြောက်စက္ကန့်မျှသာ ကြာမြင့်တတ်ပြီး အချို့ကမူ နှေးကွေးပြီး ခပ်ပြင်းပြင်း ရှူရှိုက်တတ်သဖြင့် စက္ကန့်ပေါင်း ဒါဇင်နှင့်ချီ၍ ကြာမြင့်တတ်ကြသည်။ ဥပမာအားဖြင့် ကြက်ကဲ့သို့သော သတ္တဝါများကို ကြည့်မည်ဆိုပါက မြန်ဆန်လှသော နှလုံးခုန်နှုန်းနှင့် တိုတောင်းလှသော သက်တမ်းများ ရှိကြပြီး သူတို့၏ အသက်ရှူထုတ်ကြာချိန်မှာ နှစ်စက္ကန့်မှ သုံးစက္ကန့်မျှသာ ရှိတတ်သည်။
၎င်းနှင့် လုံးဝဥဿုံ ဆန့်ကျင်ဘက်အနေဖြင့် ဤနည်းစနစ်မှာ ရှေးဟောင်းဒဏ္ဍာရီလာ အနှစ်သုံးသောင်းခန့် သက်တမ်းရှိသည်ဟု ဆိုကြသော အနက်ရောင်လိပ်နဂါးကို အတုယူထားခြင်း ဖြစ်သည်။ ဒဏ္ဍာရီများအရ ထိုသတ္တဝါသည် ပုံမှန်အားဖြင့် တစ်နေ့လျှင် သုံးကြိမ်သာ အသက်ရှူလေ့ရှိပြီး အကယ်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်မော်ကျသွားပါက ၎င်း၏ အသက်ရှူထုတ် ကြာချိန်မှာ အနှစ်သုံးရာအထိ ရှည်လျားသွားတတ်သည်ဟု ဆိုကြသည်။
အသက်ရှူထုတ်ခြင်းနှင့် ရပ်တန့်ခြင်း အချိန်ကာလအတွင်း ၎င်းသည် သေဆုံးသွားသည့်အလား မည်သည့် သက်စောင့်စွမ်းအားမှ မပြဘဲ လုံးဝ ငြိမ်သက်နေတတ်သည်။ သို့သော် ပြန်လည်၍ ရှူသွင်းလိုက်သည့် အခါတွင်မူ နယ်မြေတစ်ခွင်ရှိ စွမ်းအင်အလုံးစုံကို အသက်ရှူချက်တစ်ချက်တည်းဖြင့် စုပ်ယူပစ်လိုက်တတ်သည်။ ၎င်းမှာ အမှန်ပင် ထိတ်လန့်စရာကောင်းလှသည်။
သေချာသည်မှာ ဤသာမန် ဒုတိယအဆင့် ပညာရပ်အနေဖြင့် ထိုကဲ့သို့သော နတ်ဘုရားစွမ်းအားမျိုးကို တုပနိုင်ခြင်း မရှိပေ။
သို့သော်ငြားလည်း ဤနည်းစနစ်ကို အဆင့်မြင့်မားစွာ တတ်မြောက်သွားသည့်အခါ ကျင့်ကြံသူတစ်ဦးအနေဖြင့် သုံးနှစ်လျှင် တစ်ကြိမ်သာ အသက်ရှူရန်အထိ လုပ်ဆောင်နိုင်ပေလိမ့်မည်။ အခြေခံ တတ်မြောက်ထားရုံနှင့်ပင် သုံးလတိုင်တိုင် သက်စောင့်စွမ်းအားများကို ဝှက်ထားနိုင်ပေလိမ့်မည်။ မည်သူမျှ သူတို့အား အသက်ရှင်နေသလား သေဆုံးနေသလား ခွဲခြားနိုင်ကြလိမ့်မည် မဟုတ်ပေ။
လေ့ကျင့်ရန်အတွက် ပထမဦးဆုံးအနေဖြင့် အသက်ရှူချက်တိုင်းကို တစ်မိနစ်ခန့် ထိန်းထားခြင်းဖြင့် စတင်ရမည် ဖြစ်သည်။ ၎င်းကို ခုနစ်ကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ လုပ်ဆောင်ရမည်ဖြစ်ပြီး ထို့နောက် ခေတ္တမျှ အနားယူရမည် ဖြစ်သည်။ စုစုပေါင်း ခုနှစ်ကြိမ် ပြုလုပ်ရမည် ဖြစ်သဖြင့် အသက်ရှူကြိမ် ၄၉ ကြိမ်စာမျှ ဖြစ်ပေသည်။
လွယ်ကူလှပုံရသော်လည်း လက်တွေ့တွင်မူ ကျင့်ကြံသူသည် သတ်မှတ်ထားသော လက်ဟန်ခြေဟန်များကို လိုက်နာရမည့်အပြင် ချီစွမ်းအားများကိုလည်း တိကျလှသော ပုံစံအတိုင်း လည်ပတ်ရမည် ဖြစ်သည်။
လော့ချန်သည် မျက်လုံးများကို ခပ်ဖွဖွ ပိတ်ထားရင်း ပထမဆုံးအနေဖြင့် စိတ်အာရုံများကို နှာခေါင်းဖျားပေါ်သို့ စုစည်းလိုက်သည်။ ထို့နောက် ပါးစပ်ဆီသို့၊ နှလုံးသားဆီသို့ တဖြည်းဖြည်း လမ်းညွှန်ခေါ်ဆောင်သွားခဲ့သည်။ သူသည် စိတ်နှလုံး၊ ဝိညာဉ်နှင့် အတွေးများကို ချက်အောက်နားတွင် ရှိသော ဒန်ထျန်းဆီသို့ ပို့လွှတ်လိုက်သည်။ စိတ်ကို လုံးဝ ငြိမ်သက်အောင်ထားထားပြီး မည်သည့် အတွေးအာရုံမျှ ဝင်ရောက်ခွင့် မပြုတော့ပေ။
ထို့နောက် မုဒြာလက်ကွက်တစ်ခု ဖန်တီးကာ အသက် ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တစ်မိနစ်တိတိ အသက်အောင့်ထားလိုက်တော့သည်။
တစ်မိနစ် ကုန်ဆုံးသွားပြီးနောက်တွင်မူ သူ ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်သည်။
ဤနည်းလမ်းအတိုင်းပင် အသက်ရှူခြင်း နည်းစနစ်ကို ထပ်ခါတလဲလဲ အပြင်းအထန် စတင်၍ လေ့ကျင့်တော့သည်။
….
မျက်စိတစ်မှိတ်အတွင်း ငါးလခန့်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
တစ်နေ့တွင်မူ လှေပျံတစ်စင်းသည် ထျန်းလန်နတ်ဘုရားမြို့တော်ဆီမှနေ၍ ဒန်ရှားတောင်ထိပ် ဆီသို့ ဦးတည်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပျံသန်းထွက်ခွာလာခဲ့သည်။ လှေကြီး ကောင်းကင်ယံကို ဖြတ်သန်းသွားစဉ် လေထဲ၌ နှင်းပွင့်များမှာ ဝဲပျံနေကြသည်။
ကုန်ပတ်ပေါ်တွင် လူနှစ်ဦး မတ်တတ်ရပ်နေကြသည်။
တစ်ဦးမှာ သူ၏ အခြေတည်အဆင့် ကျင့်ကြံမှုကို တည်ငြိမ်အောင် ပြုလုပ်ပြီးစီးသွားခဲ့ပြီ ဖြစ်သော မင်လုံယွီ ဖြစ်ပြီး နောက်တစ်ဦးမှာမူ လဝက်ခန့် ကျင့်ကြံရင်း အချိန်ကုန်ဆုံးခဲ့သော လော့ချန် ပင် ဖြစ်သည်။
"မင်းသိတဲ့အတိုင်းပဲကွာ…."
လော့ချန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
"ဒီနေရာက တာဟဲဈေးမြို့တော် မဟုတ်တော့ဘူး၊ ဒါကြောင့် မင်းရဲ့ အခြေတည် အထိမ်းအမှတ်ပွဲကို အကြီးအကျယ် သွားလုပ်လို့ရမှာ မဟုတ်ဘူး"
မင်လုံယွီ နားလည်စွာဖြင့် ပြုံးလိုက်မိသည်။
"ဘာမှမဖြစ်ပါဘူး ခေါင်းဆောင်ရာ…. ကျွန်တော်က အဲ့လိုမျိုး အခမ်းအနားတွေကို သိပ်ပြီးတော့ ဂရုစိုက်တတ်တဲ့သူ မဟုတ်ပါဘူး"
"မင်း စိတ်ထဲမထားလို့ တော်သေးတာပေါ့၊ ဒီအခမ်းအနားအတွက် ဟွေ့နန်က အပြင် ရောက်နေတဲ့ ချီသန့်စင်အဆင့် ၉ အဖွဲ့သား အကုန်လုံးကို ပြန်ခေါ်ထားတယ်၊ မင်းအနေနဲ့ မင်းရဲ့ အတွေ့အကြုံတွေကို သူတို့နဲ့ ဝေမျှပေးရလိမ့်မယ်"
မင်လုံယွီ လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ လော့ထျန်းအဖွဲ့အစည်းအတွင်းသို့ ရောက်ရှိနေခဲ့သည်မှာ သုံးနှစ်ခွဲခန့် ရှိနေပြီ ဖြစ်သည်။ သူသည် ယခင်က မည်သည့် ရာထူးအဆင့်အတန်းမျှ မရှိခဲ့သော်လည်း အဖွဲ့အစည်းအတွက် များစွာ ပံ့ပိုးပေးခဲ့သဖြင့် အနှစ်သာရမွေးမြူရည်များနှင့် ချီလမ်းကြောင်းဆေးလုံးများကို ရရှိခဲ့ဖူးသည်။ ထိုသုံးနှစ်တာ အချိန်ကာလဟူသည် သူ၏ ကျင့်ကြံခြင်းဘဝအတွင်း အဓိပ္ပာယ်အရှိဆုံး အချိန်ကာလ ဖြစ်ခဲ့ပြီး ထိုအရာကပင် သူ့အား လော့ထျန်းအဖွဲ့အစည်းအပေါ် သံယောဇဉ် တွယ်စေခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် လော့ချန်ကိုယ်တိုင် သူ၏ အဆင့်တက်ခြင်းကို ကူညီပေးခဲ့ပြီးနောက်တွင်မူ ထိုသံယောဇဉ်မှာ ပိုမိုအမြစ်တွယ်လာခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံခြင်းလောကအတွင်း ကိုယ့်အားကိုယ်သာ ကိုးမည်ဆိုပါက မည်သည့်နေရာသို့မျှ ရောက်ရှိနိုင်မည် မဟုတ်ကြောင်း သူ ကောင်းကောင်းကြီး သိသည်။ အထူးသဖြင့် အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ အရင်းအမြစ်များအပေါ် လိုအပ်ချက်မှာ ချီသန့်စင်အဆင့် ကျင့်ကြံသူများ အိပ်မက်ပင် မမက်ဝံ့ကြလောက်အောင် ကြီးမားလှပေသည်။
လော့ထျန်းအဖွဲ့အစည်း ပိုမိုအားကောင်းလာမှသာ သူသည်လည်း ဤလမ်းစဉ်ပေါ်တွင် ဆက်လက်၍ တိုးတက်နိုင်မည် ဖြစ်သည်။ သူ၏ အခြေတည်အတွေ့အကြုံများကို ဝေမျှပေးခြင်းက လော့ထျန်းအဖွဲ့အစည်းအတွင်း ပိုမိုများပြားလှသော အခြေတည်အဆင့်ကျင့်ကြံသူများကို ထွက်ပေါ်လာစေနိုင်မည်ဖြစ်ရာ ၎င်းမှာ အဖွဲ့အစည်းကို အားကောင်းလာအောင် ပြုလုပ်နိုင်မည့် အမြန်ဆန်ဆုံး နည်းလမ်း ဖြစ်သည်ဟူသောအချက်ကို သူ အဘယ်မှာ မသိဘဲ နေပါမည်နည်း။
ထို့ပြင် ဤသို့ လုပ်ဆောင်သော သူမှာ သူတစ်ဦးတည်း မဟုတ်ပေ။ လော့ချန်၊ တွမ်ဖုန်းနှင့် လွန်ခဲ့သော တစ်နှစ်က အခြေတည်အဆင့်သို့ ရောက်ရှိခဲ့သော ဝမ်ယွမ်တို့သည်လည်း တူညီလှသော အရာကို လုပ်ဆောင်ခဲ့ကြသည်။ သူတို့အားလုံး ကိုယ်စီ အတွေ့အကြုံများကို ဝေမျှပေးစဉ်က မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိခဲ့ကြချေ။
ထျန်းလန်နတ်ဘုရားမြို့တော်အတွင်းရှိ အခြားသော ဂိုဏ်းငယ်လေးများသည်လည်း ဤကဲ့သို့ လုပ်၊ မလုပ် မင်လုံယွီ မသိသော်လည်း အနည်းဆုံးတော့ လော့ထျန်းအဖွဲ့အစည်းရှိ ကျင့်ကြံသူကြီးများမှာမူ အရာအားလုံးကို အမှန်တကယ်ပင် အတူတကွ မျှဝေခံစားပေးကြသည်။ လော့ထျန်းသည် နှလုံးသားတစ်ခုတည်း၊ စိတ်ဓာတ်တစ်ခုတည်းဖြင့် လက်တွဲလုပ်ဆောင်နေကြခြင်း ဖြစ်သည်။
ဤအရာအားလုံးမှာ သူ့ဘေးမှ အမျိုးသားကြောင့်ပင်။
မင်လုံယွီသည် လော့ချန်၏ ဘေးတိုက်ပုံစံကို ခိုးကြည့်လိုက်မိရာ ရုတ်တရက် အလွန်ပင် ထူးဆန်းလှသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသဖြင့် သတိလက်လွတ် ဖြစ်သွားခဲ့ရသည်။
‘ဟင်…. ခေါင်းဆောင်က ဘာလို့ အသက်မရှူတာလဲ’
ထိုစဉ် လော့ချန်သည် ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ အေးစက်လှသော ဆောင်းရာသီတွင် သူ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော နွေးထွေးလှသော လေငွေ့မှာ ဖြူလျော့လှသော နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံထက်၌ ရစ်ခွေသွားခဲ့ပြီး ဝဲပျံနေသော နှင်းပွင့်များကြား ပျောက်ကွယ်သွားခဲ့သည်။
ဤထူးဆန်းလှသော မြင်ကွင်းကို ကြည့်လိုက်ရင်း မင်လုံယွီ မှင်တက်သွားခဲ့ရသည်။
"ခေါင်းဆောင်.... ခေါင်းဆောင် ဘာတွေများ လေ့ကျင့်နေတာလဲ ခင်ဗျာ"
"ဟားဟား"
လော့ချန် ခပ်ဖွဖွ ပြုံးလိုက်သည်။
"ဘာလဲ…. စိတ်ဝင်စားလို့လား၊ မင်း စိတ်ဝင်စားရင် ငါ မင်းကို သင်ပေးမှာပေါ့"
မင်လုံယွီ လျင်မြန်စွာပင် လက်ယမ်းလိုက်သည်။
"မသင်ချင်ပါဘူးဗျာ၊ ကျွန်တော်က အစီအရင်ပညာရပ်မှာ လူသစ်လေးပဲ ရှိသေးတာ၊ တခြားဟာတွေ သွားစမ်းပြီး အာရုံအပျက်မခံနိုင်ပါဘူး”
"မင်းကတော့ တကယ့်လူပဲ"
မင်လုံယွီ၏ အစီအရင်ပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်မှာ ကလေးဘဝကတည်းကပင် ခိုင်မာခဲ့ခြင်း ဖြစ်သည်။ ချီသန့်စင်အဆင့်တွင်ပင် သူသည် လူသိများလှသော အစီအရင်ဆရာတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ယခုအခါ အခြေတည်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သဖြင့် ဝိညာဉ်အသိစိတ်ကို အသုံးပြုရုံမျှဖြင့် အစီအရင်များကို ချမှတ်နိုင်လေရာ မပြည့်စုံသော အစီအရင်များကိုပါ စတင်၍ လေ့လာနေပြီ ဖြစ်သည်။ သူ့အား အစီအရင်ဆရာကြီးတစ်ဦးဟု ခေါ်ဆိုခြင်းမှာ မည်သို့မျှ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ အကယ်၍ သူသာ လူသစ််လေးဆိုပါက ဤလောကရှိ အခြားသော အစီအရင်ဆရာကြီးများအားလုံး မျက်နှာထားစရာ နေရာပင် ရှိမည်မဟုတ်တော့ချေ။
"ဒါပေမဲ့ မင်း အဲ့ဒီလိုမျိုး တွေးတာက ကောင်းပါတယ်"
လော့ချန် သက်ပြင်းချလိုက်သည်။
"ငါတို့ ကျင့်ကြံလာတာနဲ့အမျှ ငါတို့ရဲ့ သက်တမ်းက သိသိသာသာကို တိုးလာခဲ့တာပဲ၊ ဒါပေမဲ့ ရှည်လျားလှတဲ့ မသေမျိုးလမ်းစဉ်ပေါ်မှာ အချိန်ဆိုတာ လောက်တယ်လို့ ဘယ်ရှိမလဲ၊ မင်းအနေနဲ့ မင်းအမှန်တကယ် အားကိုးနိုင်မယ့် အရာ တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ရှိနေတာတင်ကိုပဲ တကယ့်ကို ကြီးမားလှတဲ့ အောင်မြင်မှုကြီး ဖြစ်နေပါပြီ"
မင်လုံယွီ၏ ရင်ထဲ၌ နက်နဲစွာ ခံစားလိုက်ရသည်။ လူတစ်ဦးအနေဖြင့် တောင်ပေါ်သို့ မတက်ဖူးပါက ထိုတောင်၏ အမြင့်ကို မည်သည့်အခါမျှ သိရှိနိုင်မည် မဟုတ်သကဲ့သို့ လမ်းကို ကိုယ်တိုင်မလျှောက်ဖူးပါကလည်း ထိုလမ်း၏ ခက်ခဲမှုကို သိရှိနိုင်မည် မဟုတ်ပေ။ ချီသန့်စင်အဆင့် ကျင့်ကြံသူများသည် အခြေတည်အဆင့် ကျင့်ကြံသူများ၏ ရှည်လျားလှသော သက်တမ်းကို မနာလို ဖြစ်တတ်ကြသော်လည်း အခြေတည်ကျင့်ကြံသူများကမူ အချိန်ဟူသည် လျင်မြန်စွာ ကုန်ဆုံးသွားတတ်ကြောင်းကိုသာ ခံစားနေကြရသည် မဟုတ်ပါလော။
သူတို့ စကားပြောနေစဉ်မှာပင် လန်ချီလှေကြီးသည် မိုင်ပေါင်းသုံးရာခန့်ကို ဖြတ်သန်းသွားခဲ့ပြီး ဒန်ရှားတောင်သို့ ရောက်ရှိလာခဲ့တော့သည်။
အခြေတည် အထိမ်းအမှတ်ပွဲကို ကြိုတင်ဆွေးနွေးထားခဲ့ပြီး ဖြစ်သဖြင့် သူတို့ ရောက်ရှိလာသည့် အချိန်တွင်မူ အရာအားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ လော့ထျန်းအဖွဲ့၊ အဆင့်မြင့် ကျင့်ကြံသူများ၏ အစည်းအဝေးကြီး စတင်ခဲ့ပြီ ဖြစ်သည်။
လော့ချန်သည် ထိပ်ဆုံးရှိ ထိုင်နေခဲ့သော်လည်း ယနေ့၏ ဇာတ်လိုက်မှာမူ မင်လုံယွီ ပင် ဖြစ်သည်။ ထိုသူသည် အလွန်ပင် စကားပြော ကောင်းမွန်လှပြီး သူ အဆင့်တက်လှမ်းစဉ်က ကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် မည်သို့ ကျော်လွှားခဲ့ရကြောင်းကို စိတ်အားထက်သန်စွာဖြင့် ဝေမျှပေးနေတော့သည်။
လော့ချန်ကမူ ရံဖန်ရံခါတွင်မှ သူ၏ ထင်မြင်ချက်အချို့ကို ဝင်ရောက်ပြောဆိုလေ့ရှိပြီး သူ၏ အကြည့်များကမူ လော့ထျန်းအဖွဲ့အစည်း၏ ခန်းမကြီးတစ်ခုလုံးကို လှည့်လည်ကြည့်ရှုနေမိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လူတိုင်းသည် အလွန်ပင် အလုပ်များနေခဲ့ကြပြီး မူဝါဒများ ချမှတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းတို့ဖြင့် အချိန်ကုန်ခဲ့ကြသည်။ တစ်ဖက်တွင်လည်း သူတို့အားလုံး ထိုက်တန်လှသော အရာများကို ရရှိခဲ့ကြသည်။
အလုပ်အများဆုံးလူမှာ စီမာဟွေ့နန် ဖြစ်သော်လည်း သူမ၏ ကျင့်ကြံခြင်းမှာမူ ရပ်တန့်သွားခဲ့ခြင်း မရှိပေ။ သူမသည် ချီသန့်စင် အထွတ်အထိပ်သို့ ရောက်ရှိရန် နောက်ထပ် တစ်နှစ်၊ နှစ်နှစ်ခန့်သာ လိုတော့သည်။ သူမတွင် လော့ချန် ပေးထားသည့် အခြေတည် ဆေးလုံးတစ်လုံးလည်း ရှိနေသည်။ သူမ၏ ပါရမီအရည်အချင်း၊ စရိုက်လက္ခဏာနှင့် အစဉ်မပြတ်သော ပြင်ဆင်မှုများအပြင် လော့ချန်၏ သွန်သင်ဆုံးမမှုများကိုပါ အမြဲ နာခံတတ်ခြင်းကြောင့် ဖြစ်သည်။ နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ စမ်းသပ်မှုများအရ သူမသည် ထိုတံတိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်မည့် အခွင့်အရေး အမြင့်မားဆုံးလူ ဖြစ်ပေသည်။ ထို့ကြောင့် လော့ချန်အနေဖြင့် သူမအတွက် အလွန်အမင်း စိတ်ပူခြင်း မရှိပေ။
လက်ရှိအချိန်တွင်မူ သူ စိတ်အပူရဆုံးမှာ အခြားလူနှစ်ဦးသာ ဖြစ်သည်။