အခန်း ၁၈၈၀
Vol. 126 Ch. 1880
အခန်း(၁၈၈၀) နှစ်ဝက်ကြာရင် ငါပဲ အောင်နိုင်သူဖြစ်ကိုဖြစ်ရမယ်
ချူးယွင်ဖန်းသည် တန်စီယုထံမှ ရရှိခဲ့သော သတင်းနှင့်အတူ ဤကဲ့သို့သော သတင်းများ ပါလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤအချိန်တွင် လီချန်းယွမ်က သူ့အပေါ် အဘယ်ကြောင့် ဤမျှ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ရှိနေသည်ကို သူ နားလည်ပြီးဖြစ်သည်။
၎င်းတို့၏ ရည်မှန်းချက်က ခင်ပွန်းတစ်ယောက် ရွေးချယ်ရန်ဖြစ်ပါက တန်စီယုနှင့်စေ့စပ်ထားသူသည် အကြီးမားဆုံးသော အတားအဆီးဖြစ်လာမည်မှာ သေချာသည်။ လီချန်းယွမ်၏ အမြင်၌ ချူးယွင်ဖန်းက ပုရွက်ဆိတ်တစ်ကောင်မျှပင် အဆင့်မရှိ၍ သူကိုယ်တိုင် ကိုင်တွယ်ရန် မရည်ရွယ်ထားသည့်တိုင် သူ့အတွက် များစွာသောလူများက တိုက်ခိုက်ရန် ထွက်လာကြသည်။
ယခုအခါ မင်းသမီးကြီး၏ သဘောထားကို မဆုံးဖြတ်ရသေးသောကြောင့် ဧကရာဇ်ဖြစ်ချင်ကြသော မင်းသား၊ မင်းသမီးအားလုံးက အကြီးဆုံးမင်းသမီး၏ ထောက်ခံမှုကို ရယူလိုကြသဖြင့် တန်စီယုနှင့် လက်ထပ်ခြင်းက လက်တွေ့ကျကာ ထိရောက်သော နည်းလမ်းတစ်ခုဖြစ်လာခဲ့သည်။ အထူးသဖြင့် မင်းသမီးကြီးက တန်စီယုအတွက် ခင်ပွန်းရွေးချယ်ရန် သူမ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြီးနောက်တွင် ဧကရာဇ်ဖြစ်ချင်သူအားလုံး စိတ်လှုပ်ရှားလာကြဖွယ်ရှိသည်။
“သူ့မှာ ဘာအခွင့်အရေးရှိလို့ ဒီလို လုပ်ရတာလဲ” ချူးယွင်ဖန်းက ဒေါသတကြီး ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ သူက လုံလောက်အောင် အင်အားကြီးလို့ပဲ။ ရှင်က တရှအင်ပါယာကမဟုတ်ဘူး။ ဒါ့ကြောင့် မင်းသမီးကြီးအကြောင်း ရှင်မသိလောက်ဘူး။ သူက ကျွန်မတို့ တရှအင်ပါယာရဲ့ နံပါတ်တစ်ကျွမ်းကျင်သူတောင်ဖြစ်နိုင်တယ်” မင်းသမီးယွင်ယန်က ဘာသိဘာသာပြောလိုက်သည်။
"သူက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက တောင်ဘက်ပင်လယ်မှာ သီးသန့်လေ့ကျင့်ခဲ့ပေမယ့် ငယ်ငယ်က တရှအင်ပါယာမိသားစုရဲ့ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ပဲ။ ကမ္ဘာကြီးကို အုပ်ချုပ်ဖို့တောင် အခွင့်အရေးရခဲ့တယ်”
"ဒီလိုမဟုတ်ရင် သာမန်မင်းသမီးတစ်ယောက်က အိမ်ရှေ့စံကို ဒီလောက်စိတ်လှုပ်ရှားစေလိမ့်မယ်လို့ ရှင်ထင်လား" မင်းသမီးယွင်ယန်က ချူးယွင်ဖန်းကို ကြည့်၍ ပြောလိုက်သည်။
"ရှင့်မှာ ရွေးချယ်စရာမရှိဘူး။ အနာဂတ်မှာတော့ ပြောလို့မရပေမယ့် အခု လက်ရှိ ရှင့်အစွမ်းနဲ့ဆိုရင် အကြီးဆုံးမင်းသမီးကို လုံးဝယှဥ်လို့မရဘူး။ သေချာစဥ်းစားဖို့ ကျွန်မ အကြံပေးချင်တယ်!"
"နောက်ပြီး ရှင့်မှာ ဒီလိုအတွေးတွေ မရှိတာ အကောင်းဆုံးပဲ။ အဒေါ်က တော်ဝင်မိသားစုမှာ ထိပ်တန်းကျွမ်းကျင်သူပါ။ သူ့ကျင့်ကြံမှုအဆင့်က မယုံနိုင်လောက်အောင်မြင့်လို့ ကျွန်မရဲ့ဖခင် ဧကရာဇ်ထက်တောင် ပိုသန်မာနိုင်တယ်။ သူ့တပည့်ဖြစ်ချင်ပေမယ့် မဖြစ်နိုင်ကြတဲ့သူတွေ ဘယ်လောက်များလဲဆိုတာ ရှင်သိလား”
"ဧကရာဇ်ရဲ့ခန္ဓာကိုယ်ထက်တောင် ပိုအားကောင်းတဲ့ စီယုရဲ့ထူးခြားတဲ့ခန္ဓာကိုယ်မရှိရင် အဒေါ်က သူ့ကို ထူးထူးခြားခြားဆက်ဆံနေမှာမဟုတ်ဘူး။ ဒါက သူ့အတွက် မကြုံစဖူးအခွင့်အရေးပဲ။ အဒေါ်ရဲ့ ပျိုးထောင်မှုနဲ့ဆိုရင် သူက နောင်မှာ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်လာနိုင်တယ်။ သူ့အကျိုးအတွက် ဒါကို စဥ်းတောင်မစဥ်းစားပါနဲ့”
ချူးယွင်ဖန်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ တရှမင်းဆက်သည် တကယ်တမ်း၌ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သော ကမ္ဘာတစ်ခုဖြစ်သည်။ ယခု သူမြင်သည်မှာ ပြိုင်ဘက်ကင်းသော လှပသည့်မိန်းကလေးတစ်ဦးက အေးစက်၍ ခံစားချက်မဲ့သည့်အကြည့်များနှင့် ကမ္ဘာကြီးကို အထင်သေးနေသည်သာဖြစ်၏။ တန်စီယု၌ စေ့စပ်ထားသူရှိသည်ကို သူမသိသော်လည်း သူမကလုံးဝ ဂရုမစိုက်ပေ။ မင်းသမီးကြီး၏ နှလုံးသားထဲ၌ သူသည် သူမ၏ တပည့်ဖြစ်ထိုက်သူမဟုတ်ဟုပင် ယူဆထားပုံရသည်။
လီချန်းယွမ်ပင် သူ့ကို အစကတည်းက စိတ်ထဲထည့်ခဲ့ခြင်းမျိုးမဟုတ်ပေ။
ထိုစဥ်က ချူးယွင်ဖန်းကို ကွဲပြားစွာဆက်ဆံသင့်သည့် တစ်ခုတည်းသောအရာက တန်စီယု၏ စေ့စပ်ထားသူဟူသော အချက်ပင်ဖြစ်သည်။ ထိုအချက်မရှိပါက သူသည် ကြီးကြယ်ခမ်းနားသည်ဟူသော လူများ၏ စိတ်ထဲ၌ ပုရွက်ဆိတ်တစ်ကောင်အဆင့်ပင်မရှိပေ။
သူ ဤသို့ခံစားရသည်က ကြာခဲ့ပြီဖြစ်သည်။ သို့သော် ခဏအကြာ၌ နောက်ဆုံးတွင် သူမေးလိုက်၏။
“ကျွန်တော် ခင်ပွန်းရွေးချယ်ပွဲမှာ ပါရမယ်လို့ ဆိုလိုတာမလား”
"ဟုတ်တယ်။ ဒါက အကောင်းဆုံးနည်းလမ်းနဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ သူ့ကို ကျွန်မ အဒေါ်ဆီကနေ ခေါ်သွားဖို့ မစဉ်းစားနဲ့။ မဖြစ်နိုင်ဘူး!" မင်းသမီးက ခိုင်မာစွာ ပြောလိုက်သည်။
မင်းသမီးကြီးအကြောင်းပြောတိုင်း သူမ၏ မျက်နှာ၌ ရှင်းပြ၍ မရနိုင်သည့် လေးစားအားကျမှုတစ်ခုရှိနေသည်ကို ချူးယွင်ဖန်းသဘောပေါက်လိုက်သည်။
"ဒီသားမက်ရွေးချယ်မှုဟာ တရှရဲ့ လက်ရွေးစင်တွေတင်မကဘဲ တစ်ကမ္ဘာလုံးက ပါသင့်တဲ့ကိစ္စပဲ။ မူလက ရှင့်မှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီလိမ့်မယ်လို့ ကျွန်မမထင်ခဲ့ဘူး။ ရှင် ပါရမီရှင်စာရင်းမှာ ရှိနေရုံနဲ့လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။ တကယ်တော့ ရှင့်အဆင့်ကလည်းမမြင့်တော့ နောက်ဆုံးအနိုင်ရဖို့လည်း အခွင့်အရေးမမြင်ခဲ့ဘူး” မင်းသမီးယွင်ယန်က ပြောသည်။
"ဒီနေ့ ကျန်းဖုန်းနဲ့ဟုယန်ကျိုးကို ရှင်အနိုင်မယူနိုင်ရင် ဒီသတင်းကို ကျွန်မ ရှင့်ကိုပြောပြမှာမဟုတ်ဘူး။ မဟုတ်ရင် အချိန်ဖြုန်းသလိုဖြစ်ပြီး ရှင့်ကို သေတွင်းပို့နေသလိုဖြစ်မှာစိုးလို့။ ဒါပေမယ့် အခု ကျွန်မရဲ့ခွင့်ပြုချက်ရပြီဆိုတော့ ဒီသတင်းကို သိပိုင်ခွင့်ရှိတယ်။ ရှင့်မှာလည်း အဆုံးထိ လျှောက်လှမ်းပိုင်ခွင့်ရှိတယ်”
"ဒီသတင်းကို အသိပေးတဲ့အတွက် မင်းသမီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကနေ အရှင်မင်းသမီး ဘာအကျိုးကျေးဇူးတွေ ရရှိမလဲဆိုတာ ကျွန်တော် သိချင်မိတယ်!" ချူးယွင်ဖန်းက သက်ပြင်းရှည်ချပြီးနောက် ပြောလိုက်သည်။
မင်းသမီးယွင်ယန်က သူ့ကို အရည်အချင်းမရှိကြောင်းပြောသည်ကိုကြားသောအခါ သူ့စိတ်ထဲ အလွန်ကျေနပ်နေခြင်းမျိုးမဟုတ်ပေ။ မင်းသမီး၏ လေသံကလည်း မယဥ်ကျေးနေသဖြင့် ရွှံ့လူသားတစ်ဦးပင် ဒေါသထွက်ရပေလိမ့်မည်။
မင်းသမီးယွင်ယန်ကမူ ချူးယွင်ဖန်း၏ သဘောထားပြောင်းလဲမှုကို ဂရုမစိုက်ပေ။ သူမက ပြုံးရုံသာ ပြုံးလိုက်သည်။
“နောက်ဆုံးအောင်ပွဲရသရွေ့ ဒါက ကျွန်မအတွက် အကျိုးရှိလိမ့်မယ်”
ချူးယွင်ဖန်း မျက်မှောင်ကြုတ်လိုက်ပြီးနောက် မင်းသမီးယွင်ယန်က မည်သည်ကိုဆိုလိုကြောင်း ချက်ချင်းနားလည်လိုက်သည်။ ထီးနန်းအတွက် ယှဉ်ပြိုင်လိုသော သူမအတွက် မင်းသားအားလုံးသည် သူမ၏ပြိုင်ဘက်များဖြစ်သည်၊ အိမ်ရှေ့စံဖြစ်စေ၊ တခြားမင်းသားများဖြစ်စေ ၎င်းတို့က တစ်သက်တစ်ခါသာရနိုင်သည့်အခွင့်အရေးကို လက်လွှတ်ခံကြမည်မဟုတ်ပေ။ ၎င်းတို့ထဲမှ တစ်ဦးမျှ အောင်မြင်ခဲ့လျှင်ပင် မင်းသမီးယွင်ယန်အတွက် အဆိုးရွားဆုံးသတင်းဖြစ်လိမ့်မည်။
ထို့ကြောင့် မင်းသမီးအတွက် ချူးယွန်ဖန် နောက်ဆုံးအနိုင်ရသူဖြစ်ခြင်း၏ အကြီးမားဆုံးအကျိုးကျေးဇူးမှာ အခြားမင်းသားများနှင့် မင်းသမီးများ၏ အစီအစဉ်များအားလုံး မအောင်မြင်ခြင်းပင်ဖြစ်သည်။
ထို့အပြင် သူမသည် တန်စီယုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိပုံရ၍ ဤသည်မှာ သူမ၏ အကြီးမားဆုံးအားသာချက်ဖြစ်သည်။
"ရှင့်ကို ဒီလိုပြောရတာ ကျေနပ်မှာမဟုတ်ပေမယ့် ဒါက ကျွန်မတို့အတွက် အကောင်းဆုံးရလဒ်ပဲ မဟုတ်လား"
"အခုချိန်မှာ ကျွန်မတို့က သိပ်မရင်းနှီးသေးဘူး။ တခြားသူတွေရဲ့ အသုံးချခံရတာ ကြောက်စရာမဟုတ်ဘူး။ ကြောက်စရာကောင်းတာက ရှင့်မှာ ဘာတန်ဖိုးမှ မရှိတာပဲ။ ရှင့်ကို ကျွန်မတို့ဘက်က တခြားအမြင်နဲ့ ကြည့်စေချင်ရင် ရှင့်ကိုယ်ရှင်သက်သေပြပြီး စီယုရွေးချယ်ထားတဲ့ သတို့သားလောင်းကို ပေါ့ပေါ့တန်တန် မဆက်ဆံသင့်ဘူးဆိုတာ လူတိုင်းကို အသိပေးလိုက်ပါ"
ချူးယွင်ဖန်းက အသက်ကို ပြင်းပြင်းရှုလိုက်ကာ သူ့ရင်ထဲက ဒေါသကို ငြိမ်သက်စေလိုက်သည်။ အမှန်ပင် ဤသည်မှာ သူ ယွမ်ယန်မင်းသမီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းသာ ဖြစ်သည်။ ယွမ်ယန်မင်းသမီးကို သူ့အပေါ် ရိုးသားရန် သို့မဟုတ် မည်သည့်နည်းဖြင့်မဆို ကူညီပေးရန် တောင်းဆိုရန် သူ့တွင် မည်သည့်အခွင့်အရေးရှိသနည်း။
မင်းသမီးယွင်ယန်က သူ့ကို ပြောပြခဲ့သည့် အချက်အလက်များသည် ရွှေထောင်ပေါင်းများစွာနှင့်ထိုက်တန်သည်။
"နောက်ဆုံးအနိုင်ရသူက ရှင်ဖြစ်ပါစေလို့ ကျွန်မမျှော်လင့်တယ်။ မဟုတ်ရင် နောက်ဆုံးမှာ ဘယ်သူမှမမြင်ချင်တဲ့အဆုံးသတ်တစ်ခုဖြစ်လာမှာစိုးတယ်” မင်းသမီးက ပြောလိုက်သည်။
"နောက်ဆုံးအောင်နိုင်သူက ကျွန်တော်ပဲဖြစ်လိမ့်မယ်!" ချူးယွင်ဖန်းက ခိုင်မာစွာပြောလိုက်သည်။ "ကျွန်တော်တစ်ယောက်တည်းဖြစ်လိမ့်မယ်!"
"ရွေးချယ်ပွဲစဖို့ အချိန်ဘယ်လောက်ကျန်သေးလဲ သိချင်ပါတယ်"
"ခြောက်လ၊ ရှင့်မှာ ခြောက်လပဲရှိတယ်။ လီချန်းယွမ်ကို ခြောက်လအတွင်း အနိုင်မယူနိုင်ရင် အရာအားလုံး ပြီးဆုံးသွားလိမ့်မယ်"
လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော အံ့ဖွယ်အမှုများကို ဖန်တီးခဲ့သော ချူးယွင်ဖန်းက ခြောက်လအတွင်း ပိုမိုကြီးမားသော အံ့ဖွယ်အမှုကို ဖန်တီးနိုင်မလားကိုလည်း ကြည့်ချင်ခဲ့သည်။
"ခြောက်လ… သိပါပြီ!" ချူးယွင်ဖန်း မတ်တပ်ရပ်၍ ဆက်ပြောသည်။
"ဒီနေ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် အရှင့်သမီး။ ဒါပေမယ့် ဒီမှာ အချိန်အများကြီး မဖြုန်းနိုင်တော့လို့ စိတ်မကောင်းပါဘူး။ ကျွန်တော့်ကို အရင်ပြန်ခွင့်ပြုပါ”
ထို့နောက် ချူးယွင်ဖန်းလည်းလှည့်ထွက်သွားတော့သည်။
--