← Chapters

အခန်း ၁၈၈၁

Vol. 126 Ch. 1881

အခန်း ၁၈၈၁

Vol. 126 Ch. 1881

အခန်း(၁၈၈၁) ပြင်ပတပ်မတော်၏ အံ့ဖွယ်ပြောင်းလဲမှု

“ခဏနေဦး”

မင်းသမီးက ရုတ်တရက် ပြောလိုက်သည်။

ချူးယွင်ဖန်းက ယွမ်ယန်မင်းသမီးကို လှည့်ကြည့်လိုက်သောအခါ သူ့လက်ထဲကို အဖြူရောင်ကြွေပုလင်းတစ်လုံး လွင့်လာသည်ကိုမြင်လိုက်ရ၏။

"ဒီမှာ ပန်းကိုးပွင့်နှင်းဆေးဆယ်လုံးပါတဲ့ဆေးပုလင်းပဲ။ စီယုက ရှင့်ဆီယူလာပေးဖို့ မှာထားလို့” မင်းသမီးယွင်ယန်က ပြောလိုက်သည်။

ချူးယွင်ဖန်းက ပုလင်းကိုယူလိုက်သည်။

မင်းသမီးက ကျန်းဖုန်းနှင့် ဟုယန်ကျိုးတို့ကို ပေးခဲ့သည့် ပန်းကိုးပွင့် နှင်းကျောက်စိမ်းဆေးနှစ်လုံးကပင် လူများစွာကို မနာလိုစိတ်ဖြင့် ရှု့မြင်လာစေခဲ့သေးသည်ဖြစ်ရာ ထိုဆေးက မည်မျှ တန်ဖိုးရှိမည်ကို တွေးကြည့်၍ပင်ရနိုင်ပေသည်။ ၎င်းသည် အသက်တစ်ချောင်းနီးပါးနှင့် ညီမျှသည်။ သို့သော် ယခု သူက ချူးယွင်ဖန်းကို ဆယ်လုံးပါတစ်ပုလင်းပေးလိုက်သဖြင့် ယင်းက ပေါ့ပေါ့တန်တန်ကိစ္စတစ်ခုဟု သတ်မှတ်၍ မရနိုင်တော့ပေ။ ချူးယွင်ဖန်းသည် ပန်းကိုးပွင့်နှင်းကျောက်စိမ်းဆေးကို လက်ခံခဲ့သည်။ ၎င်းသည် တန်စီယု၏ ကြင်နာမှုကိုပြသနေသည့် အပြုအမူဖြစ်၍ ယင်းကို အလဟဿဖြစ်စေမည်မဟုတ်ပေ။

အခြားသူများသည် ပန်းကိုးပွင့်နှင်းဆေးအကြောင်း ကောင်းစွာမသိကြသော်လည်း သူကိုယ်တိုင်မူ အကောင်းဆုံးသိသည်။ ပန်းကိုးပွင့်နှင်းဆေးကို တီထွင်ခဲ့သူက ဆေးဘုရင်ပင်ဖြစ်ကာ ၎င်းက ဆေးဘုရင် ငယ်စဥ်ကတည်းက ဖော်စပ်ခဲ့သည့် ဆေးဖော်မြူလာလည်းဖြစ်သည်။

နောက်ပိုင်းတွင်၊ ဆေးဘုရင် သေဆုံးပြီးနောက် ထိုဆေးစပ်နည်းကို ဧကရာဇ်မိသားစုထံ လက်ဆင့်ကမ်းပေးခဲ့သည်။ သူ ဆေးစပ်နည်းကို မသိသောကြောင့် မဟုတ်ဘဲ၊ ပန်းကိုးပွင့် နှင်းကျောက်စိမ်းဆေးကို သန့်စင်ရန် လိုအပ်သော ဆေးပါဝင်ပစ္စည်းများက အလွန်အဖိုးတန်လွန်းသောကြောင့် မဖော်စပ်နိုင်ခဲ့ခြင်းဖြစ်ပေသည်။ မင်းသမီးယွင်ယန်က တော်ဝင်မိသားစု၏ ကျောထောက်နောက်ခံရှိသောကြောင့်သာ ထိုဆေးကို အမြောက်အမြား ဖော်စပ်နိုင်ခဲ့ခြင်းဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အရှင့်သမီး!"

ချူးယွင်ဖန်းက လက်နှစ်ဖက်ကို လက်ခုပ်အုပ်၍ ပြောလိုက်သည်ကိုကြည့်၍ မင်းသမီးက ခပ်ပါးပါး ပြုံးရုံပြုံးလိုက်သည်။

"ယဉ်ကျေးနေစရာမလိုပါဘူး။ ခြောက်လအတွင်း ရှင်အနိုင်ရဖို့ ကျွန်မ မျှော်လင့်ပါတယ်။ စီယုကိုရော ကျွန်မကိုရော စိတ်ပျက်အောင် မလုပ်ပါနဲ့!"

ချူးယွင်ဖန်းက ခေါင်းညိတ်၍ ရှေ့သို့ခြေတစ်လှမ်းတိုးကာ ကြီးမားသော မီးငှက်ကြီးတစ်ကောင် အတောင်ပံဖြန့်၍ ပျံသန်းသွားသကဲ့သို့ ကောင်းကင်သို့တက်သွားသည်။

မင်းသမီးယွင်ယန်က မတ်တပ်ရပ်၍ ချူးယွင်ဖန်း မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေသည်။ ခဏအကြာ၌ သူမဘေးတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုသူမှာ မင်းသမီးယွင်ယန်၏ ဓားကိုင် အားစံဖြစ်သည်။ အားစံက မင်းသမီး၏ နောက်ကွယ်တွင် နာခံသော အမူအရာဖြင့် ရပ်နေကာ မဝံ့မရဲ ဖြစ်နေသည်။

"စီယုနဲ့ စေ့စပ်ထားသူက တကယ်တမ်းမှာ ပုန်းကွယ်နေတဲ့ နဂါးတစ်ကောင်ဖြစ်မယ်လို့ ဘယ်သူမှ မထင်ထားလောက်ဘူး။ စိတ်ဝင်စားစရာပဲ!" မင်းသမီးက ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။

"အရှင့်သမီး… ခင်ပွန်းရွေးချယ်ရေးကိစ္စကို သူ့ကို တကယ်ပဲ စိတ်ချလို့ရပါ့မလား" အားစံက ရုတ်တရက် မေးလိုက်သည်။

"အခု ငါတို့မှာ သူ့ထက် ပိုကောင်းတဲ့ ရွေးချယ်စရာ ရှိပြီလား" မင်းသမီး ယွမ်ယန်က လှပသော အပြုံးလေးကို စိတ်မရှည်ဟန်ဖြင့် ပြုံးလိုက်သည်။

"ဒါ့အပြင် ဒါကလည်း စီယုရဲ့ ဆန္ဒပဲ။ စီယု ဒီမှာ ရှိနေသေးသရွေ့ ချူးယွင်ဖန်းက သူ့ရဲ့ အစွမ်းကုန် တိုက်ပွဲဝင်ရလိမ့်မယ်။ ငါ သူ့အပေါ် ခံစားချက်ကောင်းတယ်။ ခြောက်လကြာရင် လီချန်းယွမ်တောင် သူ့လက်ချက်နဲ့ ကြီးကြီးမားမားဆုံးရှုံးရနိုင်တယ်”

"တခြားသူရဲကောင်းတွေနဲ့ သွားတွေ့ကြရအောင်!" မင်းသမီးယွင်ယန်က ကျော့ရှင်းစွာ ထွက်ခွာသွားသည်။

ယွမ်ယန်မင်းသမီးကို နှုတ်ဆက်ပြီးနောက် ချူးယွင်ဖန်းသည် တော်ဝင်မြို့တော်သို့ ချက်ချင်းပျံသန်းပြန်လာခဲ့သည်။ သူသည် စစ်ဝန်ကြီးဌာန၏ စစ်ဆေးမေးမြန်းမှုကို အောင်မြင်ပြီးဖြစ်သည်။ ယခုအခါ ဧကရာဇ်မြို့တော်ရှိ ပို့ဆောင်ရေး အစုအဝေးမှတစ်ဆင့် ချူးယွင်ဖန်းကို ချက်ချင်းပင် ပေါင်းထိုင်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ သို့သော် သူ ပေါင်းထိုင်သို့ပြန်ရောက်သောအခါ အရာရှိတစ်ဦးက သူ့ကို အံ့သြတကြီးကြည့်၍ နှုတ်ဆက်ရန် အလျင်အမြန် ပြေးလာခဲ့သည်။

"ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး၊ နောက်ဆုံးတော့ ပြန်လာပြီ… နောက်ဆုံးတော့ပြန်လာပြီ”

"ဘာဖြစ်တာလဲ" ချူးယွင်ဖန်းက အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသဖြင့် ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။

‘တပ်ထဲမှာ တစ်ခုခုဖြစ်တာလား’

ပေါင်းထိုင်မြို့၏ တည်နေရာကို ထည့်တွက်လျှင်ပင် မိစ္ဆာမျိုးနွယ်စု၊ ဟူမျိုးနွယ်စုနှင့်၊ လူရိုင်းမျိုးနွယ်စုတို့ ကြီးမားသော ကျူးကျော်ဝင်ရောက်လာမှုပြီးနောက် နတ်ဆိုးနှိမ်နှင်းရေးမြို့သာ ရှေ့တန်းတွင် မပြိုလဲသရွေ့ စစ်ပွဲက ပေါင်းထိုင်သို့ရောက်လာမည်မဟုတ်ပေ။

“ဗိုလ်ချုပ် ယုချူးယွင်နဲ့ တပ်မှူး ချူးဟုန်ချိုင်တို့ ဝိုင်းခံထားရပြီ!" ထိုအရာရှိက စိုးရိမ်တကြီး ပြောလိုက်သည်။

"ဘာလို့ ငါတို့ကို ဝိုင်းထားတာလဲ။ ဘယ်သူက ဘယ်မှာဝိုင်းထားတာလဲ"

ယုချူးယွင်သည် သူ၏ ညာလက်ရုံးဖြစ်ကာ ပြင်ပတပ်မတော်ကို ထိန်းချုပ်ရန် အရေးကြီးသောပုဂ္ဂိုလ်လည်းဖြစ်သည်။ ချူးဟုန်ချိုင်ကမူ သူ၏မိသားစုဖြစ်၍ နှစ်ဦးလုံးက အလွန်အရေးကြီးသည်။

"တပ်မှူးချူးက လွန်ခဲ့တဲ့ သုံးရက်က ပုံမှန်အစီအစဉ်အတိုင်း မိုင်ငါးရာအကွာက တောင်တန်းခံတပ်တစ်ခုကို တိုက်ခိုက်ဖို့ သူ့တပ်တွေကို ဦးဆောင်ရမှာပါ။ သူ အဲဒီကိုရောက်သွားတာနဲ့ သူ့ကို ဝိုင်းထားပြီး ခြုံခိုတိုက်ခိုက်ကြလိမ့်မယ်လို့ ဘယ်သူသိမှာလဲဗျာ။ အဲ့တာနဲ့ ဗိုလ်ချုပ်ယုက သတင်းရတာနဲ့ အမြန်သွားကယ်ခဲ့တာ… သူ့ကိုလည်း ဝိုင်းထားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။ အခုတော့ တစ်ဖက်လူက ဗိုလ်ချုပ်ကြီးကို အဲ့နေရာကို လာစေချင်တယ်လို့ စာတစ်စောင်ပို့လာပါတယ်”

"ဗိုလ်ချုပ်ကြီး၊ ဒါက ထောင်ချောက်တစ်ခုပဲ!"

ချူးယွင်ဖန်း၏ အကြည့်များ အလွန်အေးစက်သွားသည်။ ဤအရာရှိပင်လျှင် ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း သိနိုင်ပါက သူ ၎င်းကို မည်သို့မမြင်ဘဲနေနိုင်မည်နည်း။

ယင်းက အစကတည်းက ချူးယွင်ဖန်းကို ထောင်ချောက်ဆင်ရန် ကြံစည်ထားသည့် အစီအစဥ်တစ်ခုဖြစ်နိုင်သည်။

ချူးဟုန်ချိုင်သည် ထိပ်တန်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် ချူးယွင်ဖန်းက သူ့ကို ပြင်ပတပ်မတော်သို့ ဆွဲခေါ်သွားခဲ့သည်။ နန်းတော်တွင် ကောင်းမွန်သောလူတစ်ဦးရှိလျှင် အရာရှိတစ်ဦးဖြစ်ရန် လွယ်သည်ဟူသော ဆိုရိုးစကားအတိုင်းပင်ဖြစ်ကာ ချူးဟုန်ချိုင်သည် အမှန်တကယ်ပင် အားနည်းသူမဟုတ်သောကြောင့် တပ်မှူးအဖြစ် အလျင်အမြန် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

ချူးယွင်ဖန်း ထွက်ခွာသွားခြင်းမပြုမီ ချမှတ်ခဲ့သော စည်းမျဉ်းများအရ တပ်မတော်ရှိ တပ်မှူးများနှင့် ဒုဗိုလ်များသည် မိုင်တစ်ထောင်အတွင်းရှိ မွန်းစတားများနှင့် နတ်ဆိုးများအားလုံးကို ဖယ်ရှားရန်အတွက် ၎င်းတို့၏တပ်များကို မတူညီသော အချိန်ဇယားများအတိုင်း စစ်မြေပြင်သို့ ဦးဆောင်ရမည်ဖြစ်သည်။

မွန်းစတားများ၊ ဟူမျိုးနွယ်စုများ၊ တောင်ပေါ်ဓားပြများ သို့မဟုတ် နတ်ဆိုးများနှင့် မိစ္ဆာအမျိုးမျိုးဖြစ်စေကာမူ ၎င်းတို့အားလုံးသည် တိုက်ခိုက်ခံရနိုင်သည့် အတိုင်းအတာအတွင်း၌ ရှိနေကြသည်။ ပေါင်းထိုင်မြို့က ဤမျှတိုတောင်းသောကာလအတွင်း ဤမျှသိသာထင်ရှားသောပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရပြီး အနီးနားရှိဒေသ၏ဗဟိုမြို့ဖြစ်လာခဲ့ရသည့် အကြောင်းရင်းမှာ ဤကဲ့သို့သော နည်းလမ်းကြောင့်ဖြစ်၏။ တစ်ဖက်သူက ချူးဟုန်ချိုင်နှင့် ချူးယွင်ဖန်းတို့ကြား ဆက်ဆံရေးကို သိထားသောကြောင့်သာ ဤအခွင့်အရေးကို အထူးရွေးချယ်၍ ချူးဟုန်ချိုင်ကို တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်မည်။

သူ၏ ရည်မှန်းချက်က ချူးယွင်ဖန်းကို မျှားခေါ်ရန်ဖြစ်ကြောင်းသိသာပေသည်။

ချူးဟုန်ချိုင်က အလွန် အင်အားနည်းခြင်းမဟုတ်သော်လည်း သူ့ကျင့်ကြံရေးခရီးက တို‌တောင်းကာ ချူးယွင်ဖန်းထံမှ ခဏတာလမ်းညွှန်မှုရခဲ့ခြင်းကြောင့်ဖြစ်၍ အများဆုံးအနေဖြင့် သူသည် သာမန် လက်ရွေးစင်အဆင့်တပည့်တစ်ဦးသာဖြစ်သည်။ သူ၏တိုးတက်မှုက အလွန်မြန်ဆန်လှသော်လည်းကမ္ဘာပေါ်တွင် သူ့ထက်သာသောလူများစွာရှိကြောင်း သံသယဖြစ်ရန်မလိုပေ။

သူ့ကို ပစ်မှတ်ထားရန် အလွန်လွယ်ကူသည်။

ချူးယွင်ဖန်းက ယင်းကိုသိသော်လည်း ကျွမ်းကျင်သူတိုင်းက အခက်အခဲများကို ဖြတ်သန်းရန်လိုသည်ကိုလည်းသိထားသည်။ ဖန်လုံအိမ်တစ်လုံးထဲ၌ ကျွမ်းကျင်သူတစ်ဦးကို ပျိုးထောင်ရန် မဖြစ်နိုင်ပေ။ မှန်သည်။ ချူးယွင်ဖန်းက ချူးဟုန်ချိုင်ကို အလုံခြုံဆုံးနေရာ၌ထားကာ ရှေ့တန်းသို့သွား၍

အန္တရာယ်မယူခိုင်းနိုင်‌ပေ။ သို့သော် ထိုသို့ဖြစ်ခဲ့ပါက ချူးဟုန်ချိုင်က အင်အားနည်းသွားမည်ဖြစ်ကာ ဘယ်သောအခါတွင်မျှ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်လာတော့မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် အခြားသူများ၏ ပစ်မှတ်ထားခံရနိုင်သည်ကို သိသော်လည်း ချူးယွင်ဖန်းသည် သူ့စိတ်ကို မပြောင်းလဲခဲ့ပေ။ ယုချူးယွင်ဖန်းက ချူးယွင်ဖန်းနှင့် ချူးဟုန်ချိုင်တို့၏ ဆက်ဆံရေးကို ကောင်းစွာသိသည်။ ချူးဟုန်ချိုင် အန္တရာယ်ကျနေသည်ကိုသိနေလျက်နှင့် သူ မည်ကဲ့သို့ လျစ်လျူရှု့ထားရက်နိုင်မည်နည်း။

ထိုသို့ဖြင့် သူသည် ချက်ချင်းပင် တပ်များကိုဦးဆောင်၍ လိုက်သွားခဲ့ရာ ဤတစ်ကြိမ်၌ ထောင်ချောက်ထဲကျခဲ့ရပေသည်။ ရုတ်ချည်းဖြစ်ပျက်သွားသည့်အဖြစ်အပျက်ကြောင့် တပ်မတော်တစ်ခုလုံး တုန်လှုပ်နေကြသည်။

တပ်မတော်တွင် တစ်ဦးတည်းသော ဝိညာဉ်မှာ ချူးယွင်ဖန်းဖြစ်သည်။ သူသည် တပ်မတော်တစ်ခုလုံး၏ စိတ်ဓာတ်ရေးရာ ထောက်တိုင်ဖြစ်သော်လည်း တပ်မတော်ကို ပုံမှန်အားဖြင့် ထိန်းချုပ်ထားသူမှာ ယုချူးယွင်ဖြစ်သည်။ ယခု ယုချူးယွင်သည်လည်း ဝိုင်းရံခံထားရသောကြောင့် စစ်တပ်တွင် ခေါင်းဆောင်မရှိတော့ဘဲ အရာအားလုံးရှုပ်ထွေးနေခဲ့သည်ဖြစ်ရာ ကံကောင်းထောက်မစွာပင် ချူးယွင်ဖန်းသည် အရေးအကြီးဆုံးအချိန်တွင် ပြန်ရောက်လာခဲ့ပေ၏။

--

All Chapters