အခန်း ၁၈၈၉
Vol. 126 Ch. 1889
အခန်း(၁၈၈၉) နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင် နင်ယန်တု
ဤအရာအားလုံးက အလွန်ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ဖြစ်ပျက်သွားခဲ့သည်။
ယခင်က စကြဝဠာအဆင့်များသည် သူ့၏ တစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။ ယခုအခါ ပါရမီရှင်စာရင်းတွင် ပါဝင်နေပြီဖြစ်သည့် နင်ယောင်ရှန်းပင် ချူးယွင်ဖန်း၏ တစ်ချက်မျှကိုပင် မခံနိုင်ခဲ့ပေ။
ယခုတစ်ကြိမ်တွင်မူ ကျွမ်းကျင်သူများ ဝင်ရောက်စွက်ဖက်နိုင်ခြေကို အပြည့်အဝ အာရုံစိုက်ထားသော နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများပင် လုံးဝ မှင်သက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း၌ ချူးယွင်ဖန်းက နင်ယောင်ရှန်းကိုသေသည်အထိ ရိုက်နှက်ခဲ့ရာ တုံ့ပြန်ရန် အခွင့်အရေးတစ်ခုပင် မပေးခဲ့ပေ။
နင်ယောင်ရှန်း၏ ရင်ဘတ်ကိုသာ ဖောက်ထုတ်ခဲ့ပါက သူ နတ်ဆိုးအဖြစ်ပြောင်းလဲကာ အသက်ရှင်နိုင်ခြေရှိသေးသည့်တိုင် ချူးယွင်ဖန်းက ခေါင်းကို အတိ ဖြတ်ခဲ့သဖြင့် မည်သည့် အခွင့်အရေးမျှ မရှိတော့ပေ။ နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်ငယ် အနာဂတ်ဂိုဏ်းခေါင်းဆောင်သည် ထိုသို့ဖြင့် သေဆုံးသွားခဲ့သည်။
မည်သို့သေဆုံးသွားသည်ကိုပင် မသိလိုက်ရဘဲ… သေဆုံးသွားခဲ့သည်။
နောက်တစ်ခဏအတွင်း၌ နတ်ဆိုးနတ်ဘုရားဂိုဏ်းက ကျွမ်းကျင်သူများအားလုံး ဒေါသထွက်ကုန်ကြသည်။ နတ်ဆိုးနတ်ဘုရားဂိုဏ်းက စည်းလုံးမှုမရှိဘဲ အုပ်စုများကွဲနေသည့်တိုင် အခြားဂိုဏ်းများကဲ့သို့ အနာဂတ်ဆက်ခံသူများကို တန်ဖိုးထားကြသည်။ နတ်ဆိုးနတ်ဘုရားများအတွက် ပါရမီရှင်စာရင်းဝင်နိုင်သည့် ပါရမီရှင်တစ်ဦးကို ပျိုးထောင်ရန် မလွယ်ခဲ့ပေ။ ၎င်းတို့က မရေမတွက်နိုင်အောင် များပြားလှသည့် သက်ရှိများကို သတ်ဖြတ်ခဲ့ကြကာ နတ်ဆိုးနတ်ဘုရားနည်းပညာကိုလည်း ပျိုးထောင်ခဲ့ကြသည်။
ယခုထိုသို့ဖြင့် သေဆုံးသွားပြီဖြစ်သောကြောင့် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများ အလဟဿဖြစ်ခဲ့ရသည်ကို မည်သူက မသိဘဲ နေလိမ့်မည်နည်း။
အရေးကြီးဆုံးမှာ နတ်ဆိုးနတ်ဘုရားဂိုဏ်းက အရည်အချင်းကွာဟချက်တစ်ခု ကြုံတွေ့ရလိမ့်မည်။
မည်သည့်တပ်ဖွဲ့အတွက်မဆို အရည်အချင်းချို့တဲ့ခြင်းသည် အလွန်ကြောက်စရာကောင်းသောကိစ္စဖြစ်သဖြင့် လူတိုင်းဒေါသထွက်လာကြသည်။
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ချူးယွင်ဖန်းကို ဖုံးလွှမ်းသွားသည်။
နင်ယောင်ရှန်းထက် များစွာသာလွန်သော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများစွာက သူ့အပေါ်တွင် ကျရောက်နေသည်။ ၎င်းတို့၏ အဆင့်အတန်းသည် နင်ယောင်ရှန်းတမျှမကြီးသော်လည်း နင်ယောင်ရှန်းသည် နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ အနာဂတ်ကို ကိုယ်စားပြုသောကြောင့်သာဖြစ်ကာ အမှန်တကယ်တွင်၊ နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ ဤကျွမ်းကျင်သူများထဲမှ မည်သူမဆို သူ့ထက်ပို၍ သာကြသည်။
နင်ယောင်ရှန်းသည် ဖန်ဆင်းရှင်အဆင့်သို့ ဝင်ကာစဖြစ်ကာ ဤနတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများက ဖန်ဆင်းရှင်အဆင့်သို့ မည်မျှကြာကတည်းက ဝင်ရောက်ခဲ့ကြသည်ကို မည်သူမျှ မသိပေ။ ၎င်းတို့၏ အစွမ်းသတ္တိများထဲမှ တစ်ခုမျှ နင်ယောင်ရှန်း နှိုင်းယှဉ်၍မရပေ။ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါပင် ဖိနှိပ်ခံခဲ့ရသည်။
ဤကျွမ်းကျင်သူများသည် ချူးယွင်ဖန်းကို ဝိုင်းရံထားကြကာ ၎င်းတို့၏အကြည့်များကလည်း အလွန်အေးစက်နေသည်။ ဤသည်မှာ မရေမတွက်နိုင်သော သတ္တဝါများကို သတ်ဖြတ်ပြီးမှသာ ရနိုင်သည့် အရှိန်အဝါတစ်ခုဖြစ်သည်။
"ချူးယွင်ဖန်း၊ မင်းဒီလိုလုပ်နိုင်မယ်လို့ ငါမထင်ထားဘူး။ အရှင်က မင်းကိုထွက်မပြေးဖို့ အကြိမ်ကြိမ်သတိပေးခဲ့တယ်။ ငါလုပ်ခဲ့တဲ့အစီအစဉ်တွေက မှားနေတယ်လို့ ငါထင်ခဲ့ပေမယ့် ငါမင်းကို လျှော့တွက်ခဲ့မိတယ်"
ခဏအကြာ၌ သွေးနီရောင်ဝတ်ရုံဝတ်ထားသည့် မျက်နှာဖြူဖျော့ဖျော့နှင့် အသတ်လတ်ပိုင်းအရွယ်လူတစ်ဦး ဟင်းလင်းပြင်ထဲ၌ ပေါ်လာသည်။
ဤအချိန်တွင် သူ့မျက်နှာတွင် ချူးယွင်ဖန်းထံမှ ပါးရိုက်ခြင်းခံရသကဲ့သို့ ပူလောင်သောဝေဒနာကို ခံစားလိုက်ရသည်။ ချူးယွင်ဖန်းကို ကိုင်တွယ်ဖြေရှင်းရန် ထောင်ချောက်တစ်ခု သူဖန်တီးခဲ့သော်လည်း သူစီစဉ်ထားသော စကြဝဠာ အထွတ်အထိပ်အဆင့် များစွာ သေဆုံးလိမ့်မည်ဟု မည်သူထင်မည်နည်း။ အဆုံးစွန်ဆုံးအနေဖြင့် အနာဂတ်နတ်ဆိုးနတ်ဘုရားဂိုဏ်းခေါင်းဆောင်ကိုပင် ဆုံးရှုံးခဲ့ရသည်။
ထိုသို့သော ဆုံးရှုံးမှုမျိုးကို ပြင်းထန်သည့် ဒဏ်ရာဟုပင်ပြော၍ ရသည်။
သူကိုယ်တိုင်ပင် ၎င်းကို မမျှော်လင့်ထားမိပေ။
ထိုစကြဝဠာများစွာသေဆုံးသွားခဲ့ခြင်းက အသက်လတ်ပိုင်းလူကို မျက်တောင်မခတ်စေပေ။ သူ့ရင်ကို တကယ်နာကျင်စေသည်မှာ သူဂရုတစိုက်ပြုစုပျိုးထောင်ပေးခဲ့သော တပည့်သည် ထိုနည်း၎င်းပင် သေဆုံးသွားခြင်းပင်ဖြစ်သည်။ အနာဂတ်ခေါင်းဆောင်တစ်ဦးကို ပြုစုပျိုးထောင်ရန် နှစ်မည်မျှကြာမည်ကို မည်သူသိနိုင်မည်နည်း။
၎င်းက အထက်လူကြီးများ၏ အပြစ်တင်မှုကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။ ဤအကြောင်းကို စဉ်းစားရင်း သူမယုံနိုင်လောက်အောင် တုန်လှုပ်ချောက်ချားဒေါသထွက်လာသည်။ ချူးယွင်ဖန်းကို စိုက်ကြည့်လျက် သူ့မျက်လုံးများတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။
"ငါမင်းကိုသတ်မယ်! မင်းနဲ့ဆက်စပ်နေတဲ့လူတိုင်း သေပြီး မင်းနဲ့အတူ မြှုပ်နှံခံရလိမ့်မယ်"
ထိုလူက အလွန်ရက်စက်ကြမ်းကြုတ်သည့် အမူအရာရှိသည်။ သူ၏ ထိတ်လန့်မှုနှင့် ဒေါသများကြား၌ ချွန်ထက်သော သွားစွယ်များကို ဖုံးမထားဘဲ ထုတ်ပြခဲ့သည်။
ယခု ထိုသူကား လူသားတစ်ဦးနှင့် လားလားမျှ မတူတော့ပေ။
ချူးယွင်ဖန်း၏ အမြင်၌ ထိုလူက လူသားမဟုတ်ပေ။ လူ့အရေခွံခြုံထားသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ၏ စွမ်းအားအားလုံးကို လူ့အရေခွံထဲ၌ စုစည်းထားလေ့ရှိသော်လည်း ဒေါသထွက်လာသောအခါ ထိုစွမ်းအားကို ထုတ်လွှတ်လိုက်ပြီဖြစ်သည်။
ထိုသူသည်လည်း နင်ယောင်ရှန်းနှင့် အတူတူပင်ဖြစ်သည်။ သူသည် နတ်ဆိုးများ အထူးပြုပြင်ထားသည့် နတ်ဆိုးနတ်ဘုရားနည်းစနစ်ကို ကျင့်ကြံခဲ့ရာ အချိန်ကြာလာသည်နှင့်အမျှ လူသားတစ်ဦး၏ ပုံစံရှိနေသေးသော်လည်း ထိုလူက လူသားမဟုတ် နတ်ဆိုးမဟုတ် အခြေအနေသို့ရောက်လာသည်။ တိတိကျကျပြောရပါက နင်ယောင်ရှန်းကိုလည်း သူသင်ပေးခဲ့ခြင်းဖြစ်သည်၊။
သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲက စွမ်းအားက နင်ယောင်ရှန်းထက် အနည်းဆုံး အဆပေါင်းများစွာ ဒါမှမဟုတ် အဆတစ်ရာပင် ပိုမို အားကောင်းသဖြင့် ၎င်းတို့နှစ်ဦးကို တစ်ပြိုင်နက်တည်းပြော၍ မရပေ။
"ခင်ဗျားက နတ်ဆိုးနတ်ဘုရားဂိုဏ်းရဲ့ ခေါင်းဆောင် နင်ယန်တုမလား" ချူးယွင်ဖန်းက အသက်လတ်ပိုင်းလူကို ကြည့်၍ ပြောလိုက်သည်။
"ဟုတ်တယ်။ အနည်းဆုံးတော့ မင်းမှာ အသိပညာ ရှိတယ်။"
နင်ယန်တု၏ မျက်နှာအမူအရာက အလွန်ကြမ်းကြုတ်ခက်ထန်နေသည်။ နင်ယောင်ရှန်း၏ ခွန်အားဖြင့် ချူးယွင်ဖန်းကို ကိုင်တွယ်ဖြေရှင်းရန် လွယ်လိမ့်မည်ဟု သူထင်ထားသဖြင့် ယခင်က ဝင်စွက်ဖက်ခဲ့ခြင်းမရှိခဲ့ခြင်းသာဖြစ်ကာ ဤသို့ဖြစ်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
ချူးယွင်ဖန်းက နင်ယန်တိုကို ကြည့်လိုက်သည်။ သူသည် သူရင်ဆိုင်ဖူးသမျှထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံး ကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည်။ နင်ယန်တု၏ ခွန်အားသည် စီတုရွှမ်၏ ခွန်အားနှင့် နှိုင်းယှဉ်၍မရသော်လည်း ထိုအချိန်က စီတုရွှမ်သည် သူ့ဘက်တွင် ရှိနေသောကြောင့် စီတုရွှမ်၏ ခြိမ်းခြောက်မှုကို သူ အမှန်တကယ် မခံစားရပေ။
သို့သော် ယခုမူ နင်ယန်တု၏ ကြောက်မက်ဖွယ်ဖိအားကို သူအမှန်ပင် ခံစားနိုင်ခဲ့သည်။
"ခင်ဗျားကျုပ်ကို သတ်ဖို့ ကိုယ်တိုင် ထွက်လာလိမ့်မယ်လို့မမျှော်လင့်ထားဘူး။ ကျုပ် ဂုဏ်ယူသင့်လား" ချူးယွင်ဖန်း ပြုံးလိုက်သည်။
နတ်ဆိုးနတ်ဘုရားဂိုဏ်းခေါင်းဆောင်က ကြယ်ကြွေကောင်းကင်ဂိုဏ်းချုပ် စီတုရွှမ်နှင့်နှိုင်းယှဥ်နိုင်သည်။ သူ၏ ခွန်အားက စီတုရွှမ်တမျှ မကောင်းလျှင်ပင် အဆင့်အတူတူပင်ဖြစ်သည်။ ထိုသို့သော ကျွမ်းကျင်သူတစ်ဦးသည် ချူးယွင်ဖန်းအား ချုံခိုတိုက်ခိုက်ရန် ကျွမ်းကျင်သူအုပ်စုကြီးတစ်ခုကို ကိုယ်တိုင်ဦးဆောင်ခဲ့သည်။ ၎င်းသည် ကြီးမားသောကိစ္စတစ်ခုဖြစ်သည်ဟု မဆိုနိုင်ပေ။
"ဂုဏ်ယူစရာလို့ မခံစားပါနဲ့။ မကြာခင် ငါ့လက်ချက်နဲ့ သေရလိမ့်မယ်။ သခင်က မင်းကို ဘာလို့ ဒီလောက်တန်ဖိုးထားပြီး သေစေချင်တာလဲလို့ ငါတွေးနေမိတာ ဒါပေမယ့် အခုတော့ သူက တကယ်ကို အမြော်အမြင်ရှိတဲ့သူ ဖြစ်နေတာပဲ။ မင်းအသက်ရှင်နေသရွေ့ မင်းက နတ်ဆိုးမျိုးနွယ်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်။"
နင်ယန်တု၏ မျက်နှာအမူအရာက အလွန်အရုပ်ဆိုးကာ သတ်ဖြတ်ချင်စိတ်လည်း ပို၍ ပြင်းထန်လာသည်။ ဤအချိန်၌မူ ချူးယွင်ဖန်းကို အဘယ်ကြောင့်တိုက်ခိုက်ရသည်ဟူသောအချက်ကို သူပိုနားလည်လာသည်။
--