← Chapters

အခန်း (၉၇၉-၉၈၀)

Vol. 98 Ch. 979-980

အခန်း (၉၇၉-၉၈၀)

Vol. 98 Ch. 979-980

အခန်း (၉၇၉) ကောင်းကင်နှင့်မြေကြီး၏ ရတနာဆန်း ၊ ရောင်ခြည်တန်းက လူ့စိတ်ကို လှုပ်ခတ်စေခြင်း

ကြီးမားကျယ်ပြန့်လှသော မြက်တောကြီးတစ်ခုအတွင်း...

၎င်းကို မြက်တောဟု ဆိုသော်လည်း အမှန်စင်စစ်အားဖြင့် အနိမ့်ဆုံးမြက်ပင်သည်ပင် မီတာရာချီ မြင့်မားနေပြီး ကောင်းကင်သို့ ထိုးတက်နေသော ရှေးဟောင်းသစ်ပင်ကြီးများနှင့် တူညီနေသည်။

ထိုမြက်တောကြီးထဲတွင် တောင်ပို့တစ်ခုမျှ ကြီးမားလှသော ပင့်ကူကြီးတစ်ကောင်သည် လျှောက်လှမ်းလှုပ်ရှားနေပြီး တစ်ကိုယ်လုံးတွင် အေးစက်စက် အလင်းတန်းများ လင်းလက်နေခဲ့သည်။ ဤပင့်ကူကြီးမှာ အလွန်တရာ အစွမ်းထက်လှသော သက်ရှိသတ္တဝါ မိစ္ဆာကြီးတစ်ကောင် ဖြစ်ပေသည်။

ထိုပင့်ကူကြီး၏ ကျောပေါ်တွင်မူ ခန့်ညားထည်ဝါသော ရုပ်ရည်ရှိသည့် လူငယ်တာအိုဆရာလေးတစ်ဦး မတ်တပ်ရပ်နေပြီး၊ သူ၏ဘေးတွင် ဆွဲဆောင်မှုရှိသော အရှိန်အဝါရှိသည့် တာအိုဝတ်စုံဝတ် အမျိုးသမီးကြီးတစ်ဦးနှင့် ချောမောလှပသော မိန်းကလေးငယ်တစ်ဦးတို့ ရှိနေကြသည်။ လီယန်ချူသည် ဤနေရာတွင် ပင့်ကူကြီးတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ၏အစွမ်းဖြင့် ၎င်းကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။

အသုံးမဝင်သော စောစောကအကောင်ကြီးကို သတ်ဖြတ်ပြီးနောက် လီယန်ချူ အနေဖြင့် စီးနင်းစရာ သားရဲ တစ်ကောင် ထပ်မံတိုးပွားလာခဲ့ခြင်းပင်။

ဇီရွှမ်သည် မိမိ၏ လှပသော မျက်ဝန်းအစုံကို ပြူးကျယ်လျက် ဤမျှအစွမ်းထက်လှသော သက်ရှိမိစ္ဆာကြီး၏ ကျောပေါ်တွင် ရပ်နေရသဖြင့် ဤကဲ့သို့ ဆန်းသစ်သော အတွေ့အကြုံကြောင့် ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားကာ ပျော်ရွှင်နေမိပြီး ပတ်ပတ်လည်ကို မနေနိုင်ဘဲ ဝေ့ဝဲကြည့်ရှုနေမိတော့သည်။

အစွမ်းထက်လှသော ယွမ်ရှုးတာအိုဆရာမ ကိုယ်တိုင်ပင်လျှင် ယခုအခြေအနေကို တကယ့်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်။ ဤကဲ့သို့ အစွမ်းထက်လှသော သက်ရှိမိစ္ဆာမျိုးနှင့် သူမသာ ဆုံတွေ့ပါက ဗြောင်ကျကျ ထိပ်တိုက်ရင်ဆိုင်ရန် အလိုမရှိချေ။ သို့သော် ယခုအချိန်၌မူ လီယန်ချူ၏ ရိုက်နှက်ဆုံးမမှုအောက်တွင် ငြိမ်ဝပ်သွားခဲ့ရပြီး မည်သည့် သားရဲထိန်းကျောင်းရေး နတ်ပညာကိုမျှ အသုံးမပြုဘဲ စီးနင်းစရာ သားရဲတစ်ကောင် ဖြစ်လာခဲ့ရချေပြီ။

ဤမာန်ရွှန်းကမ္ဘာကြီးတစ်ခုလုံးသည် ထူးဆန်းသော စွမ်းအားတစ်ခုခု၏ လွှမ်းမိုးခြင်းကို ခံထားရသည့်အလား ဒဏ္ဍာရီလာ သတင်းကြီးလှသော သောင်းကျန်းလှသည့် မိစ္ဆာသားရဲကြီးများ သို့မဟုတ် နတ်သားရဲကြီးများ မရှိဘဲ..ကင်းခြေများ ၊ ပင့်ကူ၊ စာကလေး၊ ကျီးကန်းနှင့် ကြက် ကဲ့သို့သော သတ္တဝါများသာ ရှိနေပြီး ၎င်းတို့၏ ခန္ဓာကိုယ် ထည်ဝါမှုမှာမူ အလွန်တရာ ကြီးမားလှပေသည်။

ထို့ပြင် အချို့သောနေရာများရှိ သစ်ပင်မြက်ပင်များသည် အလွန်မြင့်မားလှသဖြင့် ဧရာမလူသားမျိုးနွယ် ဘီလူးကြီး များပင် ဤနေရာတွင် နေထိုင်ပါက အလွန်တရာ သေးငယ်သွားပေလိမ့်မည်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော မြက်တောကြီးများသည် အလွန်အန္တရာယ်များလှပြီး လီယန်ချူတို့ လူစု လမ်းတစ်လျှောက် လာခဲ့ရာတွင် အစွမ်းထက်သော သက်ရှိမိစ္ဆာကြီး နှစ်ကောင်နှင့် ဆုံတွေ့ခဲ့ရသည်။ ၎င်းတို့အနက် တစ်ကောင်မှာ လီယန်ချူ၏ လက်ချက်ဖြင့် မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ရပြီး အခြားတစ်ကောင်မှာမူ ယခုအခါ ၎င်းတို့၏ ခြေဖဝါးအောက်တွင် ငြိမ်ဝပ်စွာ ရှိနေခဲ့ချေပြီ။

ဧရာမပင့်ကူကြီးသည် လေပြင်းမုန်တိုင်းအလား လျင်မြန်စွာ ကူးခတ်သွားခဲ့ပြီး မကြာမီမှာပင် ရွာတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ ရွာဦးတွင် သန်မာထည်ဝါလှသော ဧရာမလူသား ကျောက်ဆစ်ရုပ်တုကြီးတစ်ဦး ရှိနေခဲ့ပြီး ယခုအခါတွင်မူ ၎င်းမှာ နှစ်ပိုင်းကျိုးပြတ်နေခဲ့ချေပြီ။

'ဒါက လွန်ခဲ့တဲ့အချိန်တုန်းက တိုက်ပွဲပြီးလို့ ရွာကိုပြန်လာတဲ့ ကျောက်ရုပ်တုလား' လီယန်ချူက ရင်ထဲတွင် တွေးလိုက်မိသည်။

သူသည် ပင့်ကူကြီးပေါ်မှ အသာအယာ ခုန်ဆင်း၍ ရှေ့သို့တိုးကာ စစ်ဆေးကြည့်ရှုလိုက်ရာ ဤကျောက်ရုပ်တုထဲရှိ တာအိုအငွေ့အသက် တာအိုဓာတ်ခံများမှာ လုံးဝဥဿုံ ကုန်ခမ်းပျောက်ကွယ်သွားခဲ့ပြီး လုံးဝပျက်စီးသွားခဲ့ချေပြီ။

ဒိုင်း...

ရှေ့ဆီမှ ရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး တဟုန်းဟုန်း တောက်လောင်နေသော ဆေးဖော်စပ်သည့် လျှို့ဝှက်မီးဖိုကြီး၏ တာအိုပုံရိပ် ထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံကြီးတစ်ခုလုံးကို နီရဲသွားစေခဲ့ပြီးနောက် ပြင်းထန်လှသော စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ပေါက်ကွဲထွက်လာတော့သည်။

လီယန်ချူသည် ပင့်ကူကြီး၏ကျောပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး ပင့်ကူကြီးကို ထိန်းချုပ်ကာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။ ၎င်းတို့ ရောက်ရှိသွားသည့်အချိန်၌ စောစောက မျက်ခုံးနီလူငယ်ကို မြင်တွေ့လိုက်ရတော့သည်။

ယခုအချိန်၌ မျက်ခုံးနီလူငယ်သည် လက်ဝါးတိုက်ကွက်များကို လေပြင်းအလား ထိုးနှက်နေပြီး သူ၏တစ်ကိုယ်လုံးတွင် မီးပင်လယ်ကြီးတစ်ခု ဝန်းရံဖုံးလွှမ်းနေခဲ့ကာ မီးပင်လယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မြွေဟောက်ကြီးတစ်ကောင်သည် နိမ့်ချည်မြင့်ချည်ဖြင့် သူ၏ဘေးတွင် ဝဲပျံလျက် တိုက်ခိုက်မှုများကို ကာကွယ်ပေးနေခဲ့သည်။

သူ့ကို ဝိုင်းရံတိုက်ခိုက်နေကြသော လူရိပ်အချို့မှာ အရပ်အမောင်း နှစ်မီတာထက်မက မြင့်မားကြပြီး ခန္ဓာကိုယ်ပေါ်တွင် ကြွက်သားအမြောင်းမြောင်းဖြင့် ဓား၊ လှံ၊ ကတ်ကြေး၊ ပုဆိန် စသည့် လက်နက်များကို ကိုင်ဆောင်ထားကြကာ လူတိုင်းတွင် နားရွက်ခြောက်ခုစီ ရှိနေကြသဖြင့် အလွန်တရာ ဆန်းကြယ် မိစ္ဆာဆန်လှသည်။ ၎င်းတို့သည် လက်နက်များကို ဝှေ့ယမ်းလိုက်တိုင်း ပြင်းထန်လှသော လေလှိုင်းဓားသွားများ လင်းလက်လာခဲ့ပြီး ထက်မြက်လှသော အရှိန်အဝါများက မီးပင်လယ်ထဲတွင် သောင်းကျန်းနေခဲ့ကြသည်။

လီယန်ချူ မျက်ခုံးပင့်လိုက်မိသည်။ ဤလူများသည် မူလကတည်းက မာန်ရွှန်းကမ္ဘာထဲတွင် နေထိုင်ကြသော ဧရာမလူသားမျိုးနွယ်များနှင့်မတူဘဲ သာမန်လူသားများလည်း မဟုတ်ကြချေ။ ဤနေရာတွင် ဘေးမှ ဝိုင်းအုံကြည့်ရှုနေကြသော အခြားလူစုတစ်စုလည်း ရှိနေသေးပြီး ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဝတ်စုံများမှာ အလွန်တရာ ရှေးကျလှကာ ဆန်းကြယ်သော ငှက်နက်အမှတ်အသားပုံရိပ်များကို ချုပ်လုပ်ထားကြသည်။

ထိုလူစုထဲတွင် အမျိုးသား၊ အမျိုးသမီးများ ပါဝင်နေကြပြီး အမူအရာများမှာ အေးစက်တည်တင်းနေကာ မျက်ခုံးနီလူငယ်နှင့် ဤနားရွက်ခြောက်ခုပါသော ထူးဆန်းသည့်လူများ တိုက်ခိုက်နေကြသည်ကို စိုက်ကြည့်နေကြသည်။

လီယန်ချူ အနေဖြင့် ဤကဲ့သို့သော ဝတ်စုံမျိုးကို စိမ်းကားခြင်းမရှိချေ။ လီရှန်းတာအိုနန်းတော်ထဲတွင် တစ်ကြိမ်က နယ်ပယ်ပြင်ပမှ မိစ္ဆာတစ်ကောင်သည် မိန်းကလေးငယ်တစ်ဦး၏ ခန္ဓာကိုယ်ကို ပူးကပ်သိမ်းပိုက်ထားခဲ့ဖူးပြီး ထိုမိန်းကလေး၏ ဝတ်စားဆင်ယင်မှု စတိုင်မှာ ယခုပုံစံမျိုးပင် ဖြစ်သည်။

မျက်ခုံးနီလူငယ်သည် မျက်နှာထား တည်တင်းလျက် ကြီးမားလှသော ဆေးမီးဖိုကြီး၏ တာအိုပုံရိပ်ကို ထုတ်ဖော်လိုက်ရာ နတ်မီးတောက်များ လင်းလက်သွားခဲ့ပြီး မီတာနှစ်မီတာမြင့်သော ဧရာမလူသားတစ်ဦးကို ၎င်းအထဲသို့ ပိတ်လှောင်ကာ အရှင်လတ်လတ် အရည်ကျိုသတ်ပစ်လိုက်တော့သည်။

နားရွက်ခြောက်ခုပါသော ဆန်းကြယ်သည့်လူ သုံးဦးက အစွမ်းကုန်ပူးပေါင်း၍ နတ်ပညာစွမ်းအားများကို ထုတ်ဖော်ကာ ဤကြီးမားလှသော ဆေးမီးဖိုကြီးဆီသို့ ပြိုင်တူရိုက်နှက် တိုက်ခိုက်လိုက်ကြသည်။

ဒေါင်...

ကြီးမားလှသော ခေါင်းလောင်းကြီးကို တီးခတ်လိုက်သည့်အလား ဆေးမီးဖိုကြီးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရတော့သည်။ ထိုလူသုံးဦး၏ ခြေဖဝါးအောက်မှ သက်တံလင်းလက်မှုတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး တိုက်ရိုက်ပင် အဝေးသို့ ကူးခတ်ထွက်ပြေးသွားကြရာ မျက်စိတစ်မှိတ်အတွင်း အရိပ်ပင် ရှာမတွေ့တော့ချေ။

မျက်ခုံးနီလူငယ်သည် လိုက်လံတိုက်ခိုက်ခြင်းမပြုဘဲ မျက်ဝန်းများ အေးစက်လျက် ထိုဆန်းကြယ်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသား အမျိုးသမီးများကို အေးဆေးစွာ တစ်ချက်ကြည့်လိုက်ပြီးနောက်... ချက်ချင်းပင် သူ၏အကြည့်ကို လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်သို့ ပို့ထားလိုက်ကာ မျက်နှာမှာ ချက်ချင်းပင် အေးစက်ညှိုးနွမ်းသွားတော့သည်။

"မင်းကိုး..."

ရန်သူချင်း ဆုံတွေ့ရချိန်တွင် မျက်ဝန်းများမှာ ဒေါသဖြင့် နီရဲလာခဲ့ရသည်။ မျက်ခုံးနီလူငယ်၏ မူလရည်ရွယ်ချက်မှာ လီယန်ချူမဟုတ်ဘဲ ရှေးဟောင်းဆန်းကြယ်ဝတ်စုံဝတ်ထားသည့် ဤအမျိုးသား အမျိုးသမီးများ ဖြစ်သည်။ သို့သော် ယခုအချိန်၌ လီယန်ချူကို ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ မနေနိုင်ဘဲ ထွက်ပေါ်လာခဲ့ရတော့သည်။ လီယန်ချူကမူ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး ဘာမှ တုံ့ပြန်ပြောဆိုခြင်း မရှိချေ။

မျက်ခုံးနီလူငယ် လက်လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင်... အဝေးမှ တောင်တန်းကြီးများဆီမှ ရုတ်တရက် ပြင်းထန်လှသော တုန်ခါသံကြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ မြေပြင်ကြီး တစ်ခုလုံး တုန်ခါသွားခဲ့ရပြီး တောင်တန်းကြီးတစ်ခုလုံး အသက်ဝင်လာခဲ့သည့်အလား... ကြီးမားလှသော ဟိန်းဟောက်သံကြီးတစ်ခုမှာ နွားသိုးဟိန်းသံကဲ့သို့လည်း တူညီနေသလို နဂါးဟိန်းသံကဲ့သို့လည်း တူညီနေကာ အလွန်တရာ လေးလံလှပြီး မိုးကြိုးပစ်ချလိုက်သည့်အလား ပြင်းထန်လှပေသည်။

ဤကြီးမားလှသော ဟိန်းဟောက်သံကြီးကြောင့် တောင်တန်းအားလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး ခဏချင်းအတွင်းမှာပင် မာန်ရွှန်းကမ္ဘာကြီးအတွင်းရှိ များစွာသော တောနက်ကြီးများထဲမှ ပြင်းထန်လှသော အရှိန်အဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။

လီယန်ချူ၏ ခြေဖဝါးအောက်ရှိ ဧရာမပင့်ကူကြီးသည်လည်း အလားတူပင် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့ပြီး ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားများကို မနေနိုင်ဘဲ ပေါက်ကွဲထွက်စေခဲ့သည်။ သို့သော် လီယန်ချူက ခြေဖဝါးဖြင့် ခပ်ဖွဖွလေး တစ်ချက်နင်းလိုက်ရာ ဤပင့်ကူကြီးမှာ ချက်ချင်းပင် ငြိမ်ကျသွားခဲ့ရပြီး မြေပြင်ပေါ်တွင် ရိုးရိုးသားသား ဝပ်စင်းနေခဲ့တော့သည်။

မျက်ခုံးနီလူငယ်သည် ထိုအသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် ဝမ်းသာသွားသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ကာ၊ တစ်ပြိုင်နက်တည်းမှာပင် ထိုရှေးဟောင်းဝတ်စုံဝတ် ဆန်းကြယ်သော လူစုဘက်သို့ လှည့်ကြည့်လျက် အေးစက်စွာ ဆိုသည်။

"ဘယ်လိုလဲ..."

ထိုလူစုသည် အချင်းချင်း တစ်ချက် စိုက်ကြည့်လိုက်ကြပြီး ခန္ဓာကိုယ် မြင့်မားထည်ဝါ၍ ရုပ်ရည်ချောမောလှပသော အမျိုးသားတစ်ဦးက လက်ကို အသာအယာ ဝှေ့ယမ်းလျက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မိမိတို့၏ အစွမ်းထက်လှသော လှုပ်ရှားမှုအဆင့်အတန်းများဖြင့် ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။

မျက်ခုံးနီလူငယ်သည် လီယန်ချူကို တစ်ချက်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ဤနွားသိုးအလား နဂါးအလား လေးလံလှသော ဟိန်းဟောက်သံကြီးထဲတွင် တစ်စုံတစ်ရာသော လျှို့ဝှက်ချက် ပါဝင်နေခဲ့ပုံရပြီး ဤလျှို့ဝှက်ချက်မှာ အထင်အရှားပင် သူ ဤနေရာတွင် လူများနှင့် တိုက်ခိုက်နေခြင်းထက် ပိုမို၍ အရေးကြီးလှပေသည်။ သူ့ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသော ထိုလူစုသည်လည်း ဤကဲ့သို့ပင် တွေးတောခဲ့ကြပုံရသည်။

မျက်ခုံးနီလူငယ်သည် ခြေဖဝါးကို ခပ်ဖွဖွလေး နင်းလိုက်ပြီး လူရိပ်ပျောက်ကွယ်သွားခဲ့သည်။ သူ၏အမြင်အရ လီယန်ချူသည် သူနှင့် ထိုမီးတောက်ဧရာမလူသား တိုက်ခိုက်နေစဉ်အတွင်း အမြတ်ထုတ်နိုင်ခဲ့သူဖြစ်ရာ သာမန်လူတစ်ဦး မဟုတ်နိုင်ဘဲ ခဏချင်းအတွင်းမှာပင် နိုင်ရှုံးခွဲခြားရန် ခက်ခဲလိမ့်မည်ဟု တွေးတောခဲ့သည်။

မျက်ခုံးနီလူငယ်သည် အလွန်တရာ မာနကြီးပြီး မိမိကိုယ်ကို ယုံကြည်မှု မြင့်မားလှသော်လည်း အချိန်ဖြုန်းတီးပစ်ရန် အလိုမရှိချေ။ အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး သူသည်လည်း အဝေးသို့ ချက်ချင်းပင် ကူးခတ်သွားတော့သည်။

ယွမ်ရှုးတာအိုဆရာမက

"ဒီလူတွေက အခုဟိန်းဟောက်လိုက်တာ ဘာပစ္စည်းလဲဆိုတာ သေချာသိနေကြတဲ့ပုံပဲနော်" ဟု ဆိုသည်။

လီယန်ချူက ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်" ဟု ဆိုလိုက်သည်။

ယွမ်ရှုးတာအိုဆရာမက မျက်မှောင်ကြုတ်လိုက်ပြီး

"ထူးဆန်းတယ်... ဒီလူတွေရဲ့ ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားပြီး အရှိန်အဝါတွေကလည်း ရှေးကျတယ်၊ ဘယ်နေရာကနေ လာကြတာလဲ မသိဘူး" ဟု ဆိုသည်။

လီယန်ချူ တိတ်ဆိတ်နေခဲ့သည်။ ယခုအခါ မာန်ရွှန်းကမ္ဘာကြီး ထပ်မံပွင့်လာခဲ့ပြီဖြစ်ရာ များစွာသော လျှို့ဝှက်ဆန်းကြယ်လှသည့် ကျွမ်းကျင်သူများကို ဆွဲဆောင်လာနိုင်လိမ့်မည်မှာ သေချာလှပေသည်။

ဝုန်းဝုန်းဝုန်း...

ဖုန်မှုန့်များ ထပွလာခဲ့ပြီး ကျောက်ခဲများ လွင့်စဉ်သွားကာ ပင့်ကူကြီးသည် သူ၏ခြေထောက်များကို လှုပ်ရှားလျက် ထိုဟိန်းဟောက်သံ ထွက်ပေါ်လာရာဘက်သို့ အပြင်းနှင်သွားတော့သည်။ လီယန်ချူတို့ သုံးဦးမှာ ပင့်ကူကြီးပေါ်တွင် ရပ်နေခဲ့ကြပြီး... သူသည်လည်း ထိုဟိန်းဟောက်သံကြီးကို အလွန်စိတ်ဝင်စားမိသည်။

ထို့ပြင် ယခင်က ဤမာန်ရွှန်းကမ္ဘာကြီးထဲတွင် မြင်တွေ့ခဲ့ရသော နတ်သမီးဝိညာဥ် မှာ ယခုအခါ ဘယ်နေရာကို ရောက်နေသလဲ မသိရဘဲ၊ ဤတစ်ကြိမ်တွင် သူမ ပေါ်လာလိမ့်မည်လား မသိချေ။

........................

မြင့်မားထည်ဝါလှသော နတ်တောင်ကြီးတစ်ခု၏ အောက်တွင် အစွမ်းထက်လှသော သက်ရှိမိစ္ဆာကြီးတစ်ကောင်သည် မြေပြင်ပေါ်တွင် ဝပ်စင်းနေခဲ့သည်။ ဤသတ္တဝါကြီးမှာ ရေနွားတစ်ကောင်နှင့် ပုံသဏ္ဍာန်တူညီပြီး ခန္ဓာကိုယ်ထည်မှာ အလွန်တရာ ကြီးမားလှသည်။ မူလက ဤနေရာတွင် ကြီးမားလှသော တောင်တန်းကြီးတစ်ခု ရှိနေခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ၎င်းက အသာအယာ လှုပ်ခါလိုက်ရာ ကျောက်ခဲများ ဝုန်းဝုန်းကျဆင်းသွားခဲ့ပြီးမှ... ၎င်းမှာ ထိုသတ္တဝါကြီး၏ ဦးခေါင်းကြီး ဖြစ်နေကြောင်း သိရှိလိုက်ရတော့သည်။

သူ၏နွားချိုနှစ်စုံမျှပင်လျှင် မီတာထောင်ချီ ရှိနေခဲ့ပြီး ခန္ဓာကိုယ်ထည်မှာ တကယ့်ကို တောင်တန်းကြီးတစ်ခုအလား ကြီးမားထည်ဝါလှပေသည်။ ယခုအချိန်၌ နတ်တောင်ကြီး၏အောက်တွင် ဝပ်စင်းနေခဲ့ပြီး သူ၏နှာခေါင်းပေါက်မှ မှုတ်ထုတ်လိုက်သော လေပြင်းများသည် ရှေ့မှောက်ရှိ အရာအားလုံးကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေနိုင်လောက်သည်။ ဤတောင်တန်းကြီးအလား ကြီးမားလှသော နတ်နွားကြီးသည် ဖြည်းညှင်းစွာ ထရပ်လိုက်တော့သည်။

မာန်ရွှန်းကမ္ဘာကြီးတစ်ခုလုံးရှိ ကျင့်ကြံသူအားလုံး ဤဆန်းကြယ်လှသော မြင်ကွင်းကြီးကို မြင်တွေ့လိုက်ကြရသည်။ လီယန်ချူတစ်ယောက်တည်း ဤကမ္ဘာထဲသို့ ရောက်လာခဲ့ခြင်းမဟုတ်ဘဲ ယခုအချိန်၌ ဤမာန်ရွှန်းကမ္ဘာကြီးထဲတွင် များစွာသော ကျွမ်းကျင်သူများ ရောက်ရှိနေကြပြီ ဖြစ်သည်။

ထိုလျှို့ဝှက်ဆန်းကြယ်လှသော အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးသည် မျက်ခုံးပင့်လျက် ဤနတ်နွားကြီးကို စိုက်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် လင်းလက်သွားသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ကာ... ချက်ချင်းပင် ခန္ဓာကိုယ်ကို လျင်မြန်စေခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းဆယ်ချီ ကူးခတ်သွားတော့သည်။

၎င်းတင်မကသေးဘဲ မာန်ရွှန်းကမ္ဘာကြီးထဲရှိ များစွာသော အစွမ်းထက်လှသည့် မိစ္ဆာသားရဲကြီးများသည်လည်း ထိုနတ်နွားကြီးရှိရာဘက်သို့ စုရုံးရောက်ရှိသွားကြသဖြင့် မာန်ရွှန်းကမ္ဘာကြီးတစ်ခုလုံး ချက်ချင်းပင် ရှုပ်ထွေးသွားခဲ့ရတော့သည်။

လီယန်ချူ ရောက်ရှိသွားသည့်အချိန်၌ ဤနေရာတွင် များစွာသော အစွမ်းထက်သည့် ကျင့်ကြံသူများနှင့် ထိုမိစ္ဆာသားရဲကြီးများ တိုက်ခိုက်နေကြပြီ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်ရသည်။

ဝုန်းဝုန်းဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော နတ်ပညာစွမ်းအားများ လင်းလက်လာခဲ့ပြီး... အချို့လူများသည် မူလဝိညာဉ်၏ တာအိုပုံရိပ်ကို ထုတ်ဖော်ကာ နေ၊ လ၊ မြစ်၊ တောင်များနှင့် ကောင်းကင်ယံရှိ နတ်ဘုရားအပေါင်းကို စိတ်ကူးပုံဖော်နေကြပြီး... အချို့လူများသည် အစွမ်းထက်သော ရတနာပစ္စည်းများကို ထုတ်ဖော်လိုက်ကြရာ ရောင်စုံရောင်ခြည်တန်းများ ဖုံးလွှမ်းသွားခဲ့ပြီး စွမ်းအားများမှာ ထိတ်လန့်ဖွယ် ကောင်းလှသည်။ အချို့လူများသည် ခန္ဓာကိုယ်အစွမ်း သန်မာလှသဖြင့် လက်ဝှေ့ယမ်း ခြေကန်လိုက်တိုင်း မြေပြင်ကြီး တုန်ခါသွားခဲ့ရကာ မိစ္ဆာသားရဲများနှင့် အသေအလဲ လုံးထွေးသတ်ပုတ်နေကြသည်။

ဤကျွမ်းကျင်သူများသည် မျက်ဝန်းများ နီရဲလျက် သတ်ဖြတ်နေကြခြင်းပင်။ လီယန်ချူ အာရုံစိုက်ကြည့်လိုက်ရာ နတ်နွားကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ရှိနေခဲ့ပြီး ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဆန်းကြယ်လှသော ရောင်ခြည်တန်းများ တစ်ခုပြီးတစ်ခု ကျန်ရစ်ခဲ့ကြောင်း သတိပြုမိလိုက်သည်။ ထိုရောင်ခြည်တန်းများထဲတွင် သိပ်သည်းလှသော သက်စောင့်အသက်စွမ်းအားများ ပြည့်နှက်နေပြီး... ၎င်းအထဲမှတစ်ဆင့် ခပ်ဖွဖွလေး မသေမျိုး နတ်ဘုရားအငွေ့အသက် များကိုပါ ခံစားမိလိုက်ရကာ... ကြီးမားထည်ဝါလှသော တာအိုပုံရိပ်များအဖြစ် ထင်ဟပ်ပေါ်လွင်လာနိုင်သည့်အလား အလွန်တရာ ဆန်းကြယ်လှပေသည်။

ဤကျွမ်းကျင်သူများသည် ထိုရောင်ခြည်တန်းများကို ဦးတည်၍ လာကြခြင်းဖြစ်ပုံရပြီး ၎င်းတို့ကို သိမ်းဆည်းချင်နေကြသည်။ သို့သော် ဤနေရာရှိ မိစ္ဆာသားရဲများကမူ အသေအလဲ တားဆီးနေကြသဖြင့် မာန်ရွှန်းကမ္ဘာကြီးတစ်ခုလုံး ရှုပ်ထွေးပွေလီသွားခဲ့ရကာ... ယခင်က ကျောက်ရုပ်တုများ ပြန်လည်အသက်ဝင်လာပြီး မိစ္ဆာသားရဲများကို ခုခံတိုက်ခိုက်ခဲ့ကြသည့် မြင်ကွင်းထက်ပင် ပိုမို၍ ကြီးမားထည်ဝါလှပြီး ယခုတစ်ကြိမ်တွင်မူ ကျွမ်းကျင်သူများသာ လက်လှုပ်ရှားနေကြသဖြင့် အလွန်တရာ ပြင်းထန်လှပေသည်။

လူတစ်ဦးသည် လက်ကိုဝှေ့ယမ်း၍ ငွေရောင်ဧရာမ ပုစဉ်းရင်ကွဲကြီးတစ်ကောင်ကို ရိုက်သတ်ပစ်လိုက်သည်။ ထိုကျိုင်းကောင်ကြီးမှာ အရပ်အမောင်း မီတာဆယ်ချီ မြင့်မားပြီး ထက်မြက်လှသော ရှေ့လက်သည်းများတွင် အေးစက်စက် အလင်းတန်းများ လင်းလက်နေကာ တစ်ကိုယ်လုံးတွင် သတ်ဖြတ်ခြင်း မိစ္ဆာအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။ ထိုအမျိုးသားသည် ဤမိစ္ဆာသားရဲ ကျိုင်းကောင်ကြီးကို ရိုက်သတ်ပြီးနောက် နတ်ပညာစွမ်းအားကို ထုတ်ဖော်၍ လေထဲတွင် ဝှေ့ယမ်းလိုက်ရာ... ရောင်ခြည်တန်းအချို့ကို သူက သိမ်းဆည်းရမိသွားခဲ့ပြီး တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာလည်း ချက်ချင်းပင် ပေါက်ကွဲတိုးတက်သွားခဲ့တော့သည်။

အခြားလူတစ်ဦး ရောင်ခြည်တန်းကို သိမ်းဆည်းရမိသွားသည်ကို မြင်တွေ့လိုက်ရသောအခါ ဤနေရာရှိ ကျွမ်းကျင်သူများအားလုံး ချက်ချင်းပင် ရူးသွပ်သွားကြပြီး ပိုမိုကြောက်မက်ဖွယ်ကောင်းသော နတ်ပညာစွမ်းအားများကို ထုတ်ဖော်လိုက်ကြတော့သည်။

ဝုန်းဝုန်းဝုန်း...

ဟင်းလင်းပြင်ကြီးထဲတွင် မိုးကြိုးနှင့် မီးတောက်များ ရောယှက်ကာ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့ပြီး အရာအားလုံးကို ကုန်စင်အောင် ဖျက်ဆီးပစ်နိုင်လောက်သည့်အလား ရှိနေခဲ့သည်။ လီယန်ချူသည် ဤဧရာမပင့်ကူကြီး၏ ကျောပေါ်တွင် ရပ်နေခဲ့ပြီး မိမိ၏ ခြေဖဝါးအောက်ရှိ ပင့်ကူကြီး၏ ရူးသွပ်နေသော စိတ်ဆန္ဒနှင့် ထိုရောင်ခြည်တန်းထဲတွင် ပါဝင်နေသည့် ပြင်းထန်လှသော စွမ်းအားများကို အာရုံခံမိလိုက်ရာ... မျက်ခုံးပင့်လိုက်မိသည်။

ဇီရွှမ်က ဘေးမှနေ၍ အံ့ဩတသစွာဖြင့်

"အလွန်အစွမ်းထက်တာပဲ... ဒီလူတွေက တကယ့်ကို ရူးသွပ်နေကြပြီ၊ မျက်လုံး ေတွေ ဖြူနေကြပြီ" ဟု ဆိုလိုက်သည်။

ယခုအချိန်၌ လီယန်ချူ၏ ခြေဖဝါးအောက်ရှိ ပင့်ကူကြီးသည်လည်း ရက်စက်လှသော ဟိန်းဟောက်သံတစ်ခုကို ပေါက်ကွဲထွက်စေခဲ့ပြီး... မနေနိုင်ဘဲ တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်ရန် ပြင်တော့သည်။ လီယန်ချူ ခေတ္တမျှ စဉ်းစားလိုက်ပြီး သတ်ဖြတ်ခြင်း မပြုဘဲ ဤဧရာမပင့်ကူကြီးကို တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်တော့သည်။

ဇီရွှမ်က သိချင်စိတ်ဖြင့် "ဒီအတိုင်းပဲ သူ့ကို လွှတ်ပေးလိုက်တာလား" ဟု ဆိုသည်။

လီယန်ချူက တည်ငြိမ်စွာဖြင့်

"သွားပစေလေ... အခြေအနေက ပိုပြီး ရှုပ်ထွေးလေ ပိုကောင်းလေပဲ" ဟု ဆိုလိုက်သည်။

သူက ယွမ်ရှုးတာအိုဆရာမကို တစ်ချက်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့်

"ဘယ်လိုလဲ... ဆရာမကြီး အနေနဲ့ စိတ်ဝင်စားလား" ဟု မေးလိုက်သည်။

ယွမ်ရှုးတာအိုဆရာမက ခေါင်းယမ်းလိုက်ပြီး

"ဒီနေရာက အရှိန်အဝါတွေက ကြောက်စရာကောင်းလွန်းတယ်၊ လူတိုင်းရဲ့ အစွမ်းကလည်း ပြင်းထန်လွန်းတယ်၊ ကျင့်ကြံသူဖြစ်တဲ့ ငါကတော့ ဝင်ရောက်လုယူဖို့ ဆန္ဒမရှိဘူး၊ အန္တရာယ်များလွန်းတယ်" ဟု ဆိုသည်။

သူမ၏နောက်ကွယ်မှ ဇီရွှမ်၏ ချောမောလှပသော မျက်နှာလေးမှာ ဖြူလျော်နေခဲ့ပြီဖြစ်ရာ ဤစကားကို ကြားလိုက်ရသောအခါ ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနိုင်ခဲ့ပြီး 'ဆရာက တကယ့်ကို ပညာရှိတာပဲ' ဟု တွေးလိုက်မိသည်။

လီယန်ချူက ခပ်ဖွဖွလေး ခေါင်းညိတ်လိုက်ပြီး

"ဒါဆိုရင် မင်းတို့ ဒီနေရာမှာပဲ နေခဲ့ပါ... ငါ အရင်သွားလိုက်ဦးမယ်" ဟု ဆိုလိုက်သည်။ စကားဆုံးသည်နှင့် သူ၏လူရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

လီယန်ချူ၏ လူရိပ် ထပ်မံထွက်ပေါ်လာသည့်အချိန်၌မူ မိစ္ဆာသားရဲတစ်ကောင်၏ ခြေဖဝါးအောက်သို့ ရောက်ရှိနေခဲ့ချေပြီ။ ခန့်ညားထည်ဝါသော ရုပ်ရည်ရှိသည့် လူငယ်တာအိုဆရာလေးတစ်ဦး ထွက်ပေါ်လာခဲ့ခြင်းပင်။ ယခုအချိန်၌ ခေါင်းတွင် သံပတ်ကြိုးကို ပတ်ဆင်ထားပြီး ဆံပင်ဖရိုဖရဲဖြစ်နေသော ခန္ဓာကိုယ် မြင့်မားလှသည့် တာအိုဆရာကြီးတစ်ဦးသည် မိစ္ဆာသားရဲနှင့် အသေအလဲ တိုက်ခိုက်နေခဲ့သည်။ သံဓားတစ်လက်သည် သူ၏ဘေးတွင် ရောင်ခြည်တန်းများ ထွက်ပေါ်လျက် ဤမိစ္ဆာသားရဲ၏ ဘေးပတ်ပတ်လည်တွင် ဆက်တိုက် ဝဲပျံတိုက်ခိုက်နေခဲ့သည်။

ဤမိစ္ဆာသားရဲမှာ ကြွက်တစ်ကောင်နှင့် ပုံသဏ္ဍာန်တူညီပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များမှာ မြေဝါရောင် ရှိနေကာ ကာကွယ်ရေးအစွမ်းမှာ အတုမရှိလှပေ။ ထို့ပြင် ၎င်းက မြေပြင်နိယာမစွမ်းအားများကို လှုံ့ဆော်နိုင်သဖြင့် ထက်မြက်လှသော ကျောက်စူးများ မြေပြင်မှ ဖောက်ထွက်လာခဲ့သလို... လေးလံလှသော ဧရာမကျောက်တုံးကြီးများလည်း ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီး ခေါင်းတွင် သံပတ်ကြိုး ပတ်ထားသော တာအိုဆရာကြီးကို တိုက်ခိုက်နေခဲ့သည်။

ထိုတာအိုဆရာကြီးသည် လူငယ်တာအိုဆရာလေးတစ်ဦး၏ လူရိပ် ဟင်းလင်းပြင်မှ ဟာလာဟင်းလင်း ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိပြီး "မြေလျှိုးနတ်ဘုရားပညာပဲ..." ဟု ရေရွတ်လိုက်သည်။

ဤတစ်ကိုယ်လုံး သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေပြီး အရိုးအဆစ် သန်မာလှသော ကြွက်ကြီးသည် ဤနေရာတွင် လူရိပ်တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သဖြင့် အမြီးကို ဝုန်းခနဲ လွှဲရိုက်လိုက်ရာ သံဒုတ်တစ်ချောင်းအလား ပြင်းထန်လှပေသည်။

ဖောင်း...

လေထုကြီးတစ်ခုလုံး အသံထက်မြက်စွာ ပေါက်ကွဲသွားခဲ့ရသည်။ ဤအမြီး၏ လျင်မြန်မှုကြောင့် လေထုကြီးတစ်ခုလုံး ပုံသဏ္ဍာန်ပျက်ယွင်းသွားခဲ့ရပြီး အပူချိန် မြင့်မားစွာဖြင့် ပွတ်တိုက်မိသွားခဲ့သည်။ လီယန်ချူသည် ရွှေဝါရောင်လင်းလက်နေသော ရတနာပုတီးတစ်လုံးကို တိုက်ရိုက်ထုတ်ဖော်၍ ရိုက်ချလိုက်တော့သည်။

ဒေါင်... ဟု ပြင်းထန်လှသော မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤကြွက်ကြီးမှာ ခန္ဓာကိုယ် တုန်ခါသွားခဲ့ရပြီး မြေပြင်ပေါ်သို့ မှောက်လျက် လဲကျသွားခဲ့ရတော့သည်။ ၎င်းမှာ ‌‌‌ မြေခွဲပုတီး ပင် ဖြစ်သည်။

သံဒုတ်တစ်ချောင်းအလား လွှဲရိုက်လာခဲ့သော ကြီးမားလှသည့် အမြီးကြီးသည်လည်း လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခြင်း မရှိခဲ့ချေ။ လီယန်ချူသည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး တိုက်ရိုက်ပင် ရှောင်တိမ်းလိုက်ကာ တစ်ပြိုင်နက်တည်းမှာပင် လေထဲသို့ ထိုးတက်သွားခဲ့ပြီး လက်ကိုဆန့်၍ ကောင်းကင်ယံရှိ ရောင်ခြည်တန်းကို ဖမ်းဆွဲလိုက်တော့သည်။

ရောင်ခြည်တန်းတစ်ခုကို သူက ဖမ်းဆွဲရမိသွားခဲ့ပြီး အလယ်မှနေ၍ တစ်ပိုင်း ပြတ်တောက်သွားခဲ့ရသည်။ ရောင်ခြည်တန်းသည် လီယန်ချူ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီး ဆေးလုံးတစ်လုံး၏ ပုံသဏ္ဍာန်အဖြစ် ဖွဲ့စည်းသွားခဲ့ကာ လက်ထဲတွင် တဝဲဝဲလည်နေခဲ့ပြီး ကောင်းကင်ယံသို့ ထိုးပျံသွားရန် ပြင်နေခဲ့သည်။ လီယန်ချူ သဘောပေါက်သွားခဲ့ရပြီး ဤရောင်ခြည်တန်းဆိုသည်မှာ အခြားအရာမဟုတ်ဘဲ အထွတ်အထိပ်သို့ ရောက်ရှိနေသော ဆေးရနံ့များသာ ဖြစ်နေခဲ့ချေပြီ။

သူသည် ခေါင်းမော့၍ ထိုကြီးမားလှသော နတ်နွားကြီးကို စိုက်ကြည့်လိုက်ပြီး... 'ဒီနတ်နွားကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ မသေမျိုး နတ်ဆေးလုံးတစ်လုံး ရှိနေတာ ဖြစ်ရမယ်' ဟု တွေးလိုက်မိသည်။

သို့သော် ဤနတ်နွားကြီး၏ ခန္ဓာကိုယ်ထည်မှာ ကြီးမားလှပြီး အစွမ်းမှာလည်း အလွန်တရာ ပြင်းထန်လှသဖြင့် မည်သူမျှ ၎င်းကို ေမလှုပ်ရှားရဲကြချေ။ ဤရောင်ခြည်တန်းဖြင့် ဖွဲ့စည်းထားသော ဆေးလုံးမျှပင်လျှင် ကြီးမားလှသော ဝိညာဉ်အသိဓာတ် ပါဝင်နေခဲ့ရာ... တတိယအဆင့် ကျွမ်းကျင်သူများအတွက်မူ တကယ့်ကို ရှားပါးလှသော နတ်ဆေးပင်ဖြစ်ပြီး ကျင့်ကြံမှုစွမ်းအားကို တိုးတက်စေနိုင်သလို တာအိုနိယာမကို ဆင်ခြင်တွေးတောသည့် အချိန်ကိုပါ တိုးမြှင့်ပေးနိုင်သဖြင့် များစွာသော အသုံးဝင်မှုများ ရှိပေသည်။

ခေါင်းတွင် သံပတ်ကြိုး ပတ်ထားသော တာအိုဆရာကြီးသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ မျက်ဝန်းအစုံ နီရဲသွားခဲ့ရပြီး... သံဓားသည် ချက်ချင်းပင် နဂါးတစ်ကောင်အလား လေထဲသို့ ထိုးတက်သွားခဲ့ကာ တောင်ပို့တစ်ခုမျှ ကြီးမားလှသော ဤမိစ္ဆာသားရဲကြီးဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။

လီယန်ချူသည် စောစောက မြေခွဲပုတီးကို အသုံးပြု၍ ဤမိစ္ဆာသားရဲ၏ ကာကွယ်ရေးစွမ်းအား အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သည်။ လျှပ်စီးအလင်းတန်းအလား ရှည်လျားလှသော ဓားချက်သည် ဤမိစ္ဆာသားရဲကို ထိမှန်သွားခဲ့သည်နှင့်အမျှ... မိစ္ဆာသားရဲသည် ချက်ချင်းပင် စူးစူးဝါးဝါး အော်ဟစ်လိုက်ရပြန်သည်။ တာအိုဆရာကြီးသည် လက်ဖြင့် မန္တန်များကို သုံးလိုက်ရာ ရှည်လျားလှသော ဓားသည် စတင်လည်ပတ်သွားခဲ့ပြီး ဝဲကရက်အလား ပြင်းထန်လှသော ဓားအရှိန်အဝါများက မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းဖျက်ဆီးပစ်လိုက်တော့သည်။

ဤအတားအဆီးကျောက်တုံးကို ရှင်းလင်းပြီးနောက် ချက်ချင်းပင် လက်ကိုဆန့်၍ ကောင်းကင်ယံရှိ ရောင်ခြည်တန်းကို ဖမ်းဆွဲရန် ပြင်တော့သည်။ သို့သော် အချို့လူများသည် အလိုမရှိကြချေ။ မြည်းတစ်ကောင်ကို ပြောင်းပြန်စီးနင်းထားပြီး နတ်ဘုရား ကျန်းကော်လောင် ၏ တာအိုပုံရိပ်ကို စိတ်ကူးပုံဖော်ထားသည့် လူတစ်ဦးက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ နတ် ဘုရားစွမ်းအားတစ်ခုသည် ခေါင်းတွင် သံပတ်ကြိုး ပတ်ထားသော တာအိုဆရာကြီးဆီသို့ ဝုန်းခနဲ တိုးဝင်သွားတော့သည်။

"…………" တာအိုဆရာကြီး ဒေါသအလွန်ထွက်သွားခဲ့ပြီး

" ခွေးသား... ငါ့ကို အနိုင်ကျင့်လို့ရမယ် ထင်နေတာလား။ သူခိုးကောင်..."

ဟု အော်ဟစ်လိုက်ကာ၊ ချက်ချင်းပင် ထိုလူနှစ်ဦးမှာ တစ်နေရာတည်းတွင် ထပ်မံ၍ လုံးထွေးသတ်ပုတ်ကြပြန်တော့သည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးသည် တိုက်ပွဲနယ်မြေထဲတွင် ဆက်တိုက် ဖြစ်ပွားနေခဲ့သည်။ လူတိုင်းသည် မိစ္ဆာသားရဲများကိုသာ ရင်ဆိုင်နေကြရခြင်းမဟုတ်ဘဲ အချို့လူများသည် မိမိတို့ အားစိုက်ထုတ်သော်လည်း အကျိုးမရှိဘဲ မိစ္ဆာသားရဲများ၏ တားဆီးခြင်းကို ခံထားရသဖြင့် အခြားလူများ ရောင်ခြည်တန်းကို ရရှိသွားမည်ကိုလည်း အလိုမရှိကြချေ။ သို့သော် ပြင်းထန်လှသော တိုက်ပွဲကြီးတစ်ခုအပြီးတွင်မူ လူတစ်ဆယ်ကျော်ခန့်သည် ထိုသိပ်သည်းလှသော အဆီအနှစ်များ ပါဝင်နေသည့် ရောင်ခြည်တန်းကို ရရှိသွားခဲ့ကြပြီး လက်ထဲတွင် နတ်ဆေးလုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။

သို့သော် ဤကဲ့သို့ဖြစ်ခြင်းကြောင့် ဘေးပတ်ပတ်လည်ရှိ လူများသည် ပိုမို၍ ရူးသွပ်လာခဲ့ကြသည်။ ခန္ဓာကိုယ် သန်မာထည်ဝါပြီး အသက်ခြောက်ဆယ်ကျော်ခန့် ရှိပြီဖြစ်သော အဘိုးအိုတစ်ဦးသည် ရောင်ခြည်တန်းကို တစ်ကြိမ်မျှ ရရှိခြင်းမရှိသေးဘဲ ဆက်တိုက်ဆိုသလို မိစ္ဆာသားရဲများ၏ တားဆီးခြင်း သို့မဟုတ် ဤနေရာရှိ အစွမ်းထက်လှသော ကျွမ်းကျင်သူများ၏ တားဆီးခြင်းကို ခံခဲ့ရသည်။

အဘိုးအို ဒေါသအလွန်ထွက်သွားခဲ့ပြီး လက်ထဲတွင် မိုးကြိုးအလင်းတန်းများ လင်းလက်လာခဲ့ကာ မျက်စိတစ်မှိတ်အတွင်း မီတာသုံးမီတာရှည်လျားသော မိုးကြိုးလှံကြီးတစ်စင်းအဖြစ် ဖွဲ့စည်းသွားခဲ့သည်။ မိုးကြိုးလှံကြီး ထွက်ပေါ်လာသည်နှင့်အမျှ ချက်ချင်းပင် ခရမ်းရောင် လျှပ်စီးအလင်းတန်းများ လင်းလက်သွားခဲ့ရတော့သည်။

"အချင်းချင်း အလျှော့မပေးကြဘူးဆိုရင်လည်း... ဘယ်သူမှ တစ်ယောက်တည်း အပိုင်မစီးနဲ့တော့..."

ဤသန်မာလှသော အဘိုးအိုသည် ဤမိုးကြိုးလှံကြီးကို ခန္ဓာကိုယ် ကြီးမားလှသော ထိုနတ်နွားကြီးဆီသို့ တိုက်ရိုက်ပင် ပစ်လွှတ်လိုက်တော့သည်။

ဝုန်း... ဟု ပြင်းထန်လှသော မြည်ဟီးသံကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

မိုးကြိုးလှံသည် နတ်နွားကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ပြင်းထန်လှသော လေလှိုင်းများကို ပေါက်ကွဲထွက်သွားစေခဲ့သည်။ မူလက ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်လှမ်းနေခဲ့သော အလွန်တရာ ရှေးကျလှသည့် နတ်နွားကြီးသည် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းမှာ နွားသိုးအလား နဂါးအလား တူညီနေပြီး အလွန်တရာ လေးလံလှကာ နွေရာသီ၏ မိုးကြိုးပစ်ချလိုက်သည့်အလား ဝုန်းဝုန်းဝုန်း မြည်ဟီးနေခဲ့သည်။

ဤကြီးမားလှသော နတ်ဆန်းပစ္စည်းကြီးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြင်းထန်လှသော လေပြင်းမုန်တိုင်း အချို့ကို ထွက်ပေါ်စေခဲ့သည်။ သူနှင့် အနီးဆုံးတွင် ရှိနေခဲ့ကြသော ကျင့်ကြံသူများနှင့် မိစ္ဆာသားရဲများသည် ချက်ချင်းပင် လွင့်စဉ်သွားခဲ့ရပြီး ၎င်းကို ဗဟိုပြုလျက် ဘေးပတ်ပတ်လည် မိုင်ပေါင်းဆယ်ချီအတွင်း ချက်ချင်းပင် ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရတော့သည်။ ကျောက်ခဲများ လွင့်စဉ်သွားခဲ့ပြီး ဖုန်မှုန့်များ ထပွလာခဲ့သည်။

ကျင့်ကြံသူအပေါင်းက ဒေါသတကြီးဖြင့် ဆဲဆိုလိုက်ကြသည်။

"ဒီအဘိုးကြီးက တကယ့်ကို လူလိုမကျင့်ဘူးပဲ..."

"ဒီသူခိုးကောင်က ငါတို့ကို အသေသတ်ဖို့ ကြံစည်နေတာပဲ... သူ့ကို အရင်သတ်ကြစမ်း..."

ဤသန်မာလှသော အဘိုးအိုက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး မိုးကြိုးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။ ၎င်းတင်မကသေးဘဲ သူသည် နောက်ထပ် မိုးကြိုးလှံတစ်စင်းကို ထပ်မံပစ်လွှတ်လိုက်ပြီး ကြီးမားလှသော နတ်လက်နက်ပစ္စည်းကြီးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ မိုးကြိုးလှံကို မျက်ခုံးနီလူငယ်က တားဆီးလိုက်ပေသည်။ ထိုလူငယ်သည် လက်ဝါးတစ်ချက်ဖြင့် ဤမိုးကြိုးလှံကြီးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ... ဝုန်း... ဟု ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး မိုးကြိုးအလင်းတန်းများ ဘေးပတ်ပတ်လည်သို့ လွင့်စဉ်သွားခဲ့ကာ ရေတွက်၍မရနိုင်သော လျှပ်စီးမြွေများအလား ရှိနေခဲ့တော့သည်။

သန်မာလှသောအဘိုးအိုသည် ဤမျက်ခုံးနီလူငယ်ကို မှတ်မိသွားခဲ့သဖြင့် ထပ်မံရပ်တန့်မနေတော့ဘဲ အဝေးသို့ တိုက်ရိုက်ပင် ထွက်ပြေးသွားတော့သည်။ လူအချို့က လိုက်လံတိုက်ခိုက်သွားကြပြီး အရှိန်အဝါများမှာ ပြင်းထန်လှသဖြင့် အထင်အရှားပင် ဤလူ၏ လုပ်ရပ်အပေါ် အလွန်တရာ ဒေါသထွက်နေကြခြင်းပင်။

သို့သော် မျက်ခုံးနီလူငယ်က ဤပေါက်ကွဲစွမ်းအား ပါဝင်နေသည့် မိုးကြိုးလှံကို တားဆီးလိုက်သော်လည်း တောင်တန်းကြီးတစ်ခုအလား ကြီးမားလှသော ဤနတ်နွားကြီးမှာမူ ပြင်းထန်စွာ တုန်ခါသွားခဲ့ရချေပြီ။ ယခင်က မိမိ၏ဘေးတွင် ပြင်းထန်လှသော တိုက်ပွဲကြီး ဖြစ်ပွားနေခဲ့သော်လည်း ဘာတုံ့ပြန်မှုမျှ မရှိခဲ့ချေ။

သို့သော် တိုက်ခိုက်မှုသည် မိမိ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သောအခါ နတ်နွားကြီးသည် ချက်ချင်းပင် ဒေါသများ ပေါက်ကွဲထွက်လာခဲ့ပြီး ခေါင်းကိုလှည့်လျက် ထပ်မံ၍ ပြင်းထန်စွာ အော်ဟစ်လိုက်ပြန်တော့သည်။

ရွှေရောင် အသံလှိုင်းတစ်ခုကို ဗဟိုပြုလျက် ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့ပြီး မိုင်ပေါင်းရာချီကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့ရသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးမှာ တတိယအဆင့်ကို လုံးဝဥဿုံ ကျော်လွန်နေခဲ့ပြီး အလွန်တရာ ပြင်းထန်လှပေသည်။ လူတိုင်းသည် မိမိတို့၏ နတ်ဘုရားပညာနှင့် ရတနာပစ္စည်းများကို အလျင်အမြန် ထုတ်ဖော်၍ ခုခံကြရတော့သည်။

ဘုန်း...

နတ်နွားကြီးသည် ခြေဖဝါးကို မြှောက်၍ ပြင်းထန်စွာ နင်းချလိုက်ရာ... တစ်ချက်တည်းသော တိုက်ကွက်ဖြင့်ပင် မိစ္ဆာသားရဲ သုံးလေးကောင်နှင့် များစွာသော ကျွမ်းကျင်သူများ သေဆုံးသွားခဲ့ရပြီး ရတနာပစ္စည်းများ ပျက်စီးကာ နတ်ပညာစွမ်းအားများ ကုန်စင်သွားခဲ့ရတော့သည်။ လူတိုင်း ထိတ်လန့်သွားခဲ့ကြရပြီး စောစောက သန်မာလှသော အဘိုးအိုအပေါ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ပိုမို၍ ပြင်းထန်လာခဲ့ရတော့သည်။ ယခုအချိန်၌ ဤခန္ဓာကိုယ်ကြီးမားလှသော နတ်နွားကြီးသည် စွမ်းအားများကို ပေါက်ကွဲထွက်စေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးက လူ့စိတ်ကို တုန်လှုပ်စေသည်။

သို့သော် ဤနတ်နွားကြီးသည် စွမ်းအားများကို ပေါက်ကွဲထွက်စေခဲ့သော်လည်း လှုပ်ရှားမှုများမှာမူ ရပ်တန့်သွားခဲ့ပြီး ဖြည်းညှင်းစွာဖြင့် ခန္ဓာကိုယ်ကို ပြန်လည်ဝပ်စင်းလိုက်တော့သည်။ ကြီးမားထည်ဝါလှသော ကောင်းကင်ဖုံးလွှမ်းလုနီးပါး ရက်စက်လှသည့် အရှိန်အဝါကြီးကြောင့် မည်သူမျှ မဆင်မခြင် လက်မလှုပ်ရှားရဲကြချေ။ သို့သော် ၎င်းက ခန္ဓာကိုယ်ကို ဝပ်စင်းလိုက်ပြီးနောက် မူလက ရောင်ခြည်တန်းများမှာမူ ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။

ယခုအချိန်၌ အချို့လူများသည် စိတ်ကူးစိတ်သန်းများ ရှိလာခဲ့ကြပြီး လက်ကိုဆန့်၍ ဖမ်းဆွဲလိုက်ရာ... မထင်မှတ်ဘဲ အလွယ်တကူပင် အစိတ်အပိုင်းတစ်ခုကို ဖမ်းဆွဲရမိသွားခဲ့ပြီး လက်ထဲတွင် နတ်ဆေးလုံးအဖြစ် ဖွဲ့စည်းသွားခဲ့သည်။ ထိုလူ အလွန်တရာ ဝမ်းသာသွားခဲ့ရပြီး ရောင်ခြည်တန်းကို ထပ်မံ၍ လုယူရန် လက်လှုပ်ရှားလိုက်စဉ်... ဝုန်း... ဟု ပြင်းထန်လှသော မြည်ဟီးသံတစ်ခုနှင့်အတူ ဧရာမခြင်ကြီးတစ်ကောင် ပျံသန်းထွက်ပေါ်လာခဲ့ပြီး သူ၏ဆီသို့ တိုက်ရိုက်ပင် ပစ်ဝင်တိုက်ခိုက်တော့သည်။

သူ၏နတ်ပညာဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ကြီးမှာ ဝုန်းခနဲ ပျက်စီးသွားခဲ့ရပြီး မိစ္ဆာသားရဲသည် မျက်စိတစ်မှိတ်အတွင်း ချက်ချင်းပင် သတ်ဖြတ်ရန် ရောက်ရှိလာခဲ့တော့သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြင်းထန်လှသော လုံးထွေးသတ်ပုတ်မှုကြီး ထပ်မံ၍ စတင်ပြန်တော့သည်။

လီယန်ချူသည် ၎င်းအထဲတွင် နတ်ပညာစွမ်းအားများကို ထုတ်ဖော်လိုက်ရာ ခဏချင်းအတွင်းမှာပင် ရောင်ခြည်တန်း ခုနစ်ချက် ရှစ်ချက်ခန့်ကို လုယူရရှိသွားခဲ့သည်။ သူသည် ဤခန္ဓာကိုယ် ကြီးမားလှသော နတ်နွားကြီးကို အလွန်အမင်း စိတ်ဝင်စားမိသည်။

သူ၏ဘေးတွင် ရတနာပုတီးအချို့ ဝန်းရံဖုံးလွှမ်းနေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပြည့်နှက်နေခဲ့သော်လည်း သူသည် ယခုအချိန်၌ မိမိ၏ အစွမ်းကုန်အစွမ်းများကို ထုတ်ဖော်ပြသခြင်း မရှိသေးချေ။

သို့သော် မြေခွဲပုတီး ၊ ဟွန့်ယွမ်ပုတီး ၊ဖီတီပုတီး စသည့် ရတနာပစ္စည်းအချို့ဖြင့်ပင်လျှင် အလွန်တရာ ပြင်းထန်လှသော သတ်ဖြတ်ခြင်းစွမ်းအားများကို ပေါက်ကွဲထွက်စေခဲ့ပြီး ဖြစ်သည်။

ရတနာပုတီး သုံးလုံးသည် သူ၏ဘေးတွင် ဝန်းရံနေခဲ့သလို ထက်မြက်လှသော ကြေးညိုနတ်ဓားတစ်လက်လည်း ရှိနေခဲ့သည်။ များစွာသော ရတနာအလင်းတန်းများ သူ၏ဘေးမှ ထွက်ပေါ်နေခဲ့သဖြင့် သူသည် မိမိ၏ အစွမ်းကုန်အစွမ်းများကို ထုတ်ဖော်ပြသခြင်းမရှိသော်လည်း ၎င်းကို ကြည့်ခြင်းဖြင့် ဤလူသည် ရက်စက်လှသော ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သိရှိနိုင်သည်။

သူ၏မြေလျှိုးအတတ်ကလည်း လျင်မြန်လှသဖြင့် လီယန်ချူသည် ရောင်ခြည်တန်း ခုနစ်ချက် ရှစ်ချက်ခန့်ကို လုယူရရှိသွားခဲ့သော်လည်း မည်သူမျှ သူ့ကို အာရုံစိုက်ခြင်း မရှိသေးချေ။

ရုတ်တရက်...

ငွေရောင်နှင့် အနက်ရောင်စပ်နေသော ဧရာမကင်းခြေများ ကြီးတစ်ကောင်သည် ကောင်းကင်ယံသို့ ထိုးပျံလာခဲ့ပြီး မီတာရာချီရှိသော ခန္ဓာကိုယ်ထည်မှာ နဂါးတစ်ကောင်အလား လေထဲတွင် ဝဲပျံနေခဲ့ကာ လီယန်ချူကို ပိတ်ဆို့ချုပ်နှောင်ထားလိုက်တော့သည်။

မိစ္ဆာသားရဲများသည် ရောင်ခြည်တန်းကို သိမ်းဆည်းနိုင်ခြင်း မရှိကြသော်လည်း ရောင်ခြည်တန်းကို သိမ်းဆည်းနေကြသော ကျင့်ကြံသူများအပေါ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှာမူ အလွန်တရာ ပြင်းထန်လှပြီး မျက်ဝန်းများမှာလည်း လောဘဇောများဖြင့် ပြည့်နှက်နေခဲ့သည်။

အထင်အရှားပင် ဤပစ္စည်းသည် ၎င်းတို့အတွက်လည်း ကြီးမားလှသော အသုံးဝင်မှုများ ရှိနေခဲ့ပုံရသည်။

ဤကင်းခြေများကြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင်...

စူးရှထက်မြက်လှသော ကြက်တွန်သံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။

ချက်ချင်းပင် လီယန်ချူသည် သန်မာထည်ဝါပြီး ရဲရင့်လှသော ကြက်ဖကြီးတစ်ကောင် ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။ ဤကြက်ဖကြီး၏ ခန္ဓာကိုယ်ထည်မှာ ကြီးမားလွန်းခြင်းမရှိဘဲ သာမန်ကြက်ဖတစ်ကောင်၏ အရွယ်အစားနှင့် လုံးဝဥဿုံ တူညီနေခဲ့သည်။ တောင်တန်းကြီးများအလား ကြီးမားလှပြီး ခန္ဓာကိုယ်ထည် ကြီးမားလွန်းလှသော မိစ္ဆာသားရဲကြီးများ၏ ရှေ့မှောက်တွင်မူ အလွန်တရာ သာမန်ဆန်လှသည်ဟု ထင်ရပေသည်။

လီယန်ချူ တစ်ချက်ကြည့်ရုံမျှဖြင့် မှတ်မိသွားခဲ့သည်။ ဤကြက်မှာ ယခင်က နတ်သစ်ပင်ကြီး၏ အထွတ်အထိပ်တွင် မိမိအတွက် ကြေးညိုအိုး အစိတ်အပိုင်းတစ်ဝက်ကို ရှာဖွေပေးခဲ့သော ထိုကြက်ဖကြီးပင် ဖြစ်သည်။

ဤကင်းခြေများကြီးမှာ နဂါးတစ်ကောင်အလား ရှိနေခဲ့ပြီး မိစ္ဆာအရှိန်အဝါများ ပြည့်နှက်နေခဲ့သော်လည်း... ဤကြက်ဖကြီး၏ ရှေ့မှောက်တွင်မူ အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် အသတ်ခံလိုက်ရရှာပြီး၊ မီတာရာချီရှိသော ခန္ဓာကိုယ်ကြီးမှာ စွမ်းအားမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားခဲ့ရတော့သည်။

ကြက်ဖကြီးသည် အတောင်ပံများကို ခတ်လိုက်ရာ လောကတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်နေသည့်အလား ရဲရင့်လှသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

လီယန်ချူက ခပ်ဖွဖွလေး ပြုံးလိုက်ပြီး

"ပြန်ဆုံရပြန်ပြီပေါ့" ဟု ဆိုလိုက်သည်။

ကြက်ဖကြီးက ခပ်ဖွဖွလေး ခေါင်းညိတ်လိုက်ပြီး အတောင်ပံများကို ခတ်လျက် လီယန်ချူ၏ ဘေးတွင် ဝဲပျံလိုက်ပါလာခဲ့ကာ မိစ္ဆာသားရဲများကို သတ်ဖြတ်ရာတွင် ကူညီပေးနေခဲ့သဖြင့်... ရောင်ခြည်တန်း နောက်ထပ် ခုနစ်ချက် ရှစ်ချက်ခန့် လီယန်ချူ၏ လက်ထဲသို့ ထပ်မံရောက်ရှိလာခဲ့ပြန်တော့သည်။

ယခုအချိန်၌ ကျောတွင် အတောင်ပံနှစ်ဖက် ပါရှိသော အမျိုးသားတစ်ဦးက အေးစက်စွာ အော်ဟစ်လိုက်သည်။

"မင်းရဲ့လက်ထဲမှာရှိတဲ့ ရောင်ခြည်တန်းတွေကို ချက်ချင်း အပ်စမ်း..."

ဤအမျိုးသား၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်လှသော စွမ်းအားတစ်ခု ရှိနေခဲ့ပြီး ကျောနောက်ကွယ်မှ အတောင်ပံနှစ်ဖက်၏ အရှိန်အဝါမှာ အလွန်တရာ မြင့်မြတ်လှကာ အသာအယာ ခတ်လိုက်ရုံမျှဖြင့် ပြင်းထန်လှသော လေပြင်းမုန်တိုင်းများကို ပါဝင်စေခဲ့သည်။ လီယန်ချူ ပြန်လည်ဖြေကြားခြင်း မပြုရသေးမီမှာပင် သူသည် ဧရာမလေဆင်နှာမောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲ၍ တိုက်ရိုက်ပင် သတ်ဖြတ်ရန် တိုးဝင်လာခဲ့တော့သည်။

လီယန်ချူ၏ ဘေးတွင်ရှိသော ကြက်ဖကြီးသည် လေထဲတွင် ဝဲပျံရပ်တည်နေခဲ့ပြီး ဤကြက်မှာ အလွန်တရာ ခန့်ညားထည်ဝါစွာ မွေးဖွားလာခဲ့ခြင်းဖြစ်ကာ ခန္ဓာကိုယ်ပေါ်တွင် ငါးရောင်စပ် အမွှေးအမျှင်များဖြင့် မျက်ဝန်းအစုံမှာ ထက်မြက်လှသည်။

လီယန်ချူ စကားမပြောရသေးမီမှာပင် ထိုကြက်ဖကြီးသည် အတောင်ပံများကို ခတ်လျက် ထိုဧရာမလေဆင်နှာမောင်းကြီးဆီသို့ တိုက်ရိုက်ပင် ပစ်ဝင်တိုက်ခိုက်လိုက်တော့သည်။

အခန်း (၉၈၀) - လျှို့ဝှက်ဆန်းကြယ်လှသော မဟာဝေနိုင်ငံ ၊ လုယူတိုက်ပွဲ

လေဆင်နှာမောင်းကြီးသည် ဝေဟင်ထက်တွင် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီးနောက် တဖြည်းဖြည်းချင်း လွင့်ပြယ်ပျောက်ကွယ်သွားလေသည်။

ကျောပြင်တွင် သွေးစိမ်းရှင်ရှင်ထွက်နေသည့် သွေးပေါက်ကြီးနှစ်ခုနှင့်အတူ အမျိုးသားတစ်ဦး ဝေဟင်မှ ပြုတ်ကျလာခဲ့သည်။ သူ၏ အတောင်ပံနှစ်ဖက်စလုံးမှာ ကြက်ဖကြီး၏ ဆွဲဖဲ့နုတ်ယူခြင်းကို ခံလိုက်ရသဖြင့် သွေးတရွှဲရွှဲနှင့် စုတ်ပြတ်သတ်နေပြီ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် လူအများမှာ အံ့အားသင့်သွားကြပြီး နှလုံးအိမ်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားရသည်။

လူတိုင်းသည် ထိုလူငယ်တာအိုဆရာ၏ ဘေးနားရှိ ကြက်ဖကြီးက ဘာကြောင့် ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသနည်းဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြရသည်။

သို့သော်လည်း ယခုအချိန်တွင်မူ ထိုကောင်းကင်ပျံသန်းခြင်း ရောင်ခြည်တန်းကို လုယူရန်အတွက် လူအများအပြားက အတင်းတိုးဝှေ့ သတ်ဖြတ်ဝင်ရောက်လာကြဆဲပင်။

ထိုမျှမကသေး၊ လီယန်ချူ ရှိရာဘက်သို့ ရှေးဟောင်းသားရဲကြီး နှစ်ကောင်ကပါ ဟိန်းဟောက်ကာ ပြေးဝင် ကိုက်ခဲရန် ထိုးစစ်ဆင်လာခဲ့ကြသည်။

လီယန်ချူသည် ဘာမျှမဆိုင်းမတွဘဲ လက်သီးတစ်ချက်ကို တည့်တည့်ပစ်သွင်းလိုက်ရာ တခဏချင်းမှာပင် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားရသည်။

ရှေးဟောင်းသားရဲကြီးတစ်ကောင်၏ ခန္ဓာကိုယ်မှာ ကြေမွပျက်စီးသွားပြီး မိုးကောင်းကင်အနှံ့ သွေးမြူမှုန်များအဖြစ် လွင့်စင်သွားခဲ့ရ၏။

ထို့နောက် လီယန်ချူသည် အခြားသားရဲကြီးတစ်ကောင်၏ ကျောပေါ်သို့ ဖျတ်ခနဲ ရောက်ရှိသွားပြီး ခြေထောက်ဖြင့် ပြင်းထန်စွာ ဆောင့်နင်းချလိုက်သည်။

ဝုန်း

ထိုသားရဲကြီး၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အစိပ်စိပ်အမွှာမွှာ ပြိုကွဲပျက်စီးသွားရလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သားရဲကြီးနှစ်ကောင်စလုံး အသက်ပျောက်သွားခဲ့ရ၏။

လီယန်ချူကို ဝိုင်းရံထားကြသည့် လူရိပ်အများအပြားမှာ ထိုမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်ကာ ခြေလှမ်းများကို အမြန်ရပ်တန့်လိုက်ကြရသည်။

သူတို့အားလုံးသည် လီယန်ချူကို မန္တန်အစီအရင်များ ကျွမ်းကျင်သည့် တာအိုဆရာတစ်ယောက်ဟုသာ ထင်မှတ်ထားခဲ့ကြသော်လည်း သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု က ယခုကဲ့သို့ စွမ်းအား ကြီးမားလှလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

လူအများမှာ ခြေဦးလှည့်ကာ အခြားသူများ၏ ကောင်းကင်ပျံသန်းခြင်း ရောင်ခြည်တန်းများကိုသာ လုယူရန် ပြောင်းလဲသွားကြပြီး၊ လီယန်ချူဟူသော လူသတ်နတ်ဘုရားကြီးနှင့် ဝေးရာသို့ ရှောင်ကွင်းသွားကြတော့သည်။

အတန်ကြာပြီးနောက် ထိုဧရာမနတ်နွားသိုးကြီး၏ ခန္ဓာကိုယ်အတွင်းမှ နေမင်းပမာ ပူပြင်းလှသည့် အလင်းလုံးကြီးတစ်ခု တက်ကြွစွာ ထွက်ပေါ်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြေကမ္ဘာတစ်ခုလုံး အလင်းရောင်များ တောက်ပလင်းထိန်သွားပြီး၊ ထိုအလင်းလုံးမှ လွင့်ပျံလာသော ကြီးမားထည်ဝါလှသည့် သက်စောင့်အသက်ဓာတ် အရှိန်အဝါမျှဖြင့်တင် လူအများ၏ မောပန်းနွမ်းနယ်မှုများကို အကုန်အစင် ပျောက်ကွယ်သွားစေကာ ကျင့်ကြံခြင်း စွမ်းအားများကိုပါ ပြန်လည်ပြည့်ဖြိုးလာစေသည်။

လူအများက ထိုအရာကို ဝင်ရောက်လုယူရန် ပြင်ဆင်နေကြစဉ်မှာပင်၊ လူသူမနီးသော အရိုင်းကမ္ဘာ၏ တောင်နက်ကြီးများထဲမှ ပညာရှိအသွင်အပြင်နှင့် စာပေတတ်ပုဂ္ဂိုလ်တစ်ဦး ရုတ်တရက် လမ်းလျှောက်ထွက်လာခဲ့သည်။

သူသည် ဝေဟင်ထက်တွင် လေကိုနင်းကာ လျှောက်လှမ်းလာပြီး၊ သူဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ဟင်းလင်းပြင်ကြီးမှာ တုန်ခါချောက်ခြားသွားရ၏။

လေပြင်းနှင့် မိုးကြိုးသံများ သောင်းသောင်းဖြန်းဖြန်း မြည်ဟည်းလာပြီး သူ၏ အရှိန်အဝါမှာ အလွန်တရာ ပြင်းထန်လွန်းလှသဖြင့် မည်သူမျှ တည့်တည့်မကြည့်ဝံ့ကြပေ။

သူ၏ မျက်ဝန်းအစုံမှာ အေးစက်ပြီး ရှေးဟောင်းဆန်လှကာ လူသားတို့၏ ခံစားချက်အရိပ်အယောင် စိုးစဉ်းမျှပင် ပါဝင်နေခြင်း မရှိချေ။

ကျင့်ကြံသူတစ်ဦးက ထိုသူကို မှတ်မိသွားပြီး အလန့်တကြား အော်ဟစ်လိုက်မိသည်။

"ကျိုးစုချင် သူက ဘာလို့ ဒီလောက်အထိ မြင့်မားတဲ့ အဆင့်ကို ရောက်နေရတာလဲ "

"ဒါဆို... သူက မြေပြင်နတ်ဘုရား အဆင့်ကို ရောက်သွားပြီပေါ့လား "

ထိုသူသည် စိတ်ဝိညာဉ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး ထိုအသက်လတ်ပိုင်း အမျိုးသားကို မယုံကြည်နိုင်လောက်အောင် ငေးကြည့်နေမိတော့သည်။

ထိုစာပေတတ် ပညာရှိသည် ဝေဟင်ကို နင်းလျှောက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ အေးစက်ထုံထိုင်းကာ ရှေးဟောင်းဆန်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

ဤအမျိုးသားသည်ကား စုချင်ဆရာကြီး၏ ခန္ဓာကိုယ်ထဲသို့ ဆင်းသက်ဝင်ရောက်လာသည့် နတ်ဘုရား ပင် ဖြစ်သည်။

ဤနတ်ဘုရား ဆီမှ ဖိအားမှာ အလွန်တရာ ကြီးမားလှပေသည်။

သူ၏ အေးစက်လှသော မျက်ဝန်းများက ထိုဧရာမနတ်နွားသိုးကြီးနှင့် နေမင်းပမာ ရွှေရောင်တောက်ပနေသော အလင်းလုံးကြီးကို ကြည့်ကာ၊

တိုးညင်းစွာ ရေရွတ်လိုက်သည်။

"မမျှော်လင့်ဘဲ ရွှေအမြုတေ ကိုပါ အောက်ကမ္ဘာကို သယ်ဆောင်လာခဲ့တာကိုး။"

အရှိန်အဝါ အလွန်တရာ ပြင်းထန်လှသည့် ဤ နတ်ဘုရား သည်ပင် ထိုရွှေအမြုတေကို မြင်လိုက်ရသောအခါ နှုတ်ခမ်းထောင့် စွန်းများ ကွေးညွတ်ကာ ပြုံးမိခြင်းကို မအောင့်နိုင် ဖြစ်သွားရသည်။

ဤအရာနှင့် ဆုံတွေ့ရမှတော့ ယခုကစပြီး ဤရတနာသည် သူ၏ အပိုင်ဖြစ်သွားရပေမည်။

သူသည် ရွှေအမြုတေကို ဖမ်းယူရန် လက်ကို ဆန့်တန်းလိုက်စဉ်၊ မြေပြင်ပေါ်တွင် ဝပ်စင်းနေသော နွားသိုးကြီးက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး နတ်ဘုရားအလင်းတန်း နှစ်ဖြာကို ထိုနတ်ဘုရားထံသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်တော့သည်။

"စစ်မှန်တဲ့ ဝိညာဉ်က ပျက်စီးသွားပြီ ဖြစ်တာတောင်... ခုခံရဲသေးတယ်ပေါ့ "

ထိုနတ်ဘုရား၏ လေသံမှာ အေးစက်ခက်ထန်လှပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လက်ဝါးရိုက်ချက်တစ်ခု ပစ်သွင်းလိုက်သည်။

မိုးတိမ်ပင်လယ်ကြီး၏ အထက်မှနေ၍ ကောင်းကင်တိုင်ပမာ ဧရာမလက်ဝါးကြီးတစ်ချက် ပြုတ်ကျလာခဲ့ပြီး၊ ထိုလက်ဝါးကြီးပေါ်တွင် ထူးဆန်းဆန်းပြားလှသော နတ်မန္တန်စာလုံးပေါင်းများစွာ ပျံ့နှံ့နေကာ ကြောက်မက်ဖွယ် စွမ်းအင်များကို သယ်ဆောင်လာလျက်၊

ထိုနတ်နွားသိုးကြီးကို တိုက်ရိုက်ပင် ဖိနှိပ်လိုက်တော့သည်။

ဤနတ်နွားသိုးကြီးသည် အစောပိုင်းက ဖြည်းညှင်းစွာ လမ်းလျှောက်နေရုံမျှဖြင့်တင် ကြောက်မက်ဖွယ်ရာ စွမ်းပကားများကို ထုတ်ဖော်နိုင်ခဲ့သော်လည်း၊

ယခုအခါ ထိုကောင်းကင်တိုင်ပမာ လက်ဝါးကြီး၏ ဖိနှိပ်မှုကို ခံထားရသဖြင့် စိုးစဉ်းမျှ မလှုပ်ရှားနိုင်တော့ဘဲ နွားသိုးလိုလို၊ နဂါးလိုလို ဟိန်းဟောက်သံကြီး ထပ်မံထွက်ပေါ်လာခဲ့ရသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုအသံမှာ အလွန်တရာ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှပြီး အထီးကျန်ဆန်လှပေသည်။

ဤနတ်ဘုရား၏ စွမ်းအားမှာ အလွန်တရာ အစွမ်းထက်လှသဖြင့် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့်၊ နေမင်းပမာ ရွှေရောင်အလင်းလုံးကြီးမှာ ချက်ချင်းပင် အကျဉ်းချခြင်း ခံလိုက်ရသည်။

၎င်းသည် ဝေဟင်ထက်တွင် လွင့်ပျံရုန်းကန်နေသော်လည်း ထိုဘောင်အတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။

သူ၏ နတ်စွမ်းအား ကြီးမားပုံနှင့် အစွမ်းထက်ပုံတို့မှာ လူအများကို ရင်သပ်ရှုမော ထိတ်လန့်သွားစေသည်။

ထိုအချိန်တွင် ဟင်းလင်းပြင်ထဲမှ ကြီးကျယ်ထည်ဝါလှသော နတ်ဘုရားမ တစ်ပါး၏ စိတ်ဝိညာဉ် ထွက်ပေါ်လာခဲ့သည်။

စုချင်ဆရာကြီး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့် နတ်ဘုရားက အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

"နတ်သက်ကြွေပြီး ထွက်ပြေးလာတဲ့ ဝိညာဉ်အကြွင်းအကျန်က... ငါ့ရှေ့ကို သက်သက်မဲ့ လာအ‌ေသခံတယ်ပေါ့။"

သူ၏ အသံမှာ မိုးကြိုးပမာ ဟိန်းဟောက်သွားပြီး ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါသွားရသည်။

ဝုန်းလုန်းလုန်း ဝုန်းလုန်းလုန်း

သူ၏ စကားသံ ဆုံးသည်နှင့်အမျှ ထိုကောင်းကင်တိုင်ပမာ လက်ဝါးကြီးသည် အောက်သို့ ဆက်တိုက် ဖိနှိပ်ချေမှုန်းလိုက်ရာ၊ နတ်နွားသိုးကြီး၏ ခန္ဓာကိုယ်မှာ ဝုန်းခနဲ ကြေမွသွားပြီး တစ်ဆစ်ချင်း ပြိုကွဲပျက်စီးသွားတော့သည်။

နတ်ဘုရားမသည် လက်ကို မြှောက်လိုက်ရာ အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာသော်လည်း၊ ထိုနတ်ဘုရား၏ သာမန် လက်သီးတစ်ချက်ဖြင့်တင် တိုက်ရိုက် ချေမှုန်းခြင်း ခံလိုက်ရသည်။

သူတို့နှစ်ဦးသည် တစ်ကွက်မျှသာ ထိုးနှက်ရသေးသော်လည်း၊ ဟင်းလင်းပြင်ကြီးထဲတွင် မိုးကြိုးနှင့် မီးလျှံအရှိန်အဝါများ ဝုန်းခနဲ ထွက်ပေါ်လာပြီး မိုးကြိုးသံများ တဒိန်းဒိန်း ပေါက်ကွဲလာခဲ့ရသည်။

ဤနေရာတွင် ရောင်ခြည်တန်းကို လုယူနေကြသည့် ကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

အရိုင်းကမ္ဘာကြီးအတွင်းရှိ အသိဉာဏ်မရှိကြသည့် ရှေးဟောင်းသားရဲရိုင်းကြီးများသည်လည်း ယခုအခါ မြေပြင်ပေါ်တွင် ဒူးထောက်ဝပ်စင်းကာ အညံ့ခံနေကြရရှာသည်။

၎င်းတို့သည် အစွမ်းထက်လှသော တည်ရှိမှုကြီးများအပေါ် ဗီဇအရ ကြောက်ရွံ့တုန်လှုပ်ခြင်းသာ ရှိကြပေသည်။

နတ်ဘုရားမ၏ မျက်နှာထက်တွင် တည်ငြိမ်မှုများ ပျံ့နှံ့နေပြီး တစ်ချက်တည်းဖြင့် ခုတ်ပိုင်းချလိုက်သည်။

သူမ၏ မူလကျင့်ကြံခြင်းအဆင့်မှာ အလွန်တရာ မြင့်မားနိုင်သော်လည်း၊ ယခုအချိန်တွင်မူ ကြွင်းကျန်ရစ်သည့် စိတ်ဝိညာဉ် အပိုင်းအစလေးမျှသာ ရှိတော့သည်။

မူလက ပြီးခဲ့သည့်အကြိမ်ကတည်းက လုံးဝဥဿုံ ပျောက်ကွယ်သွားရမည် ဖြစ်သော်လည်း ဘာကြောင့် ယခုတိုင် ကြွင်းကျန်နေရသည်ကိုမူ မသိရချေ။

မိုးတိမ်ပင်လယ်ထက်မှ ကျဆင်းလာသော ထိုလက်ဝါးကြီးသည် နတ်ဘုရားမ၏ ခုတ်ပိုင်းချက်ကြောင့် တစ်ချက်မျှ တုန်ခါသွားပြီး မန္တန်စာလုံးများ မှေးမှိန်သွားခဲ့ရသည်။

သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းတို့သည် ပြန်လည် လင်းထိန်လာခဲ့ပြန်သည်။

နတ်ဘုရား၏ အေးစက်လှသော အသံ ထွက်ပေါ်လာခဲ့သည်။

"အခုမင်းက... အားနည်းလွန်းနေပြီ"

စကားဆုံးသည်နှင့် သူသည် လက်ကို ဆန့်ထုတ်ကာ တိုက်ရိုက် ဖမ်းချုပ်လိုက်ပြန်ရာ၊ နောက်ထပ် ကောင်းကင်တိုင်ပမာ ဧရာမလက်ဝါးကြီးတစ်ဖက် မိုးကောင်းကင်မှ ပြုတ်ကျလာပြီး ထိုနတ်သမားမကို တိုက်ရိုက် ဖိနှိပ်လိုက်တော့သည်။

နတ်ဘုရားမသည် ရွှေနဂါးကတ်ကြေး ရတနာကို ထုတ်ဖော်လိုက်ရာ၊ ဝေဟင်ထက်တွင် ရွှေရောင်နဂါးနှစ်ကောင် အချင်းချင်း ယှက်နွယ်သွားပြီး သတ်ဖြတ်ခြင်း အရှိန်အဝါများ ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့သည်။ ဤရတနာ၏ စွမ်းပကားမှာ အလွန်တရာ ကြီးမားလှပေသည်။

ကရွှတ်

ကောင်းကင်ထက်မှ ထိုလက်ဝါးကြီး၏ လက်ညှိုးတစ်ချောင်းမှာ ကတ်ကြေးဖြင့် ညှပ်ဖြတ်ခြင်း ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ တောင်ကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ပြင်းထန်လှသော မြည်ဟီးသံကြီးနှင့်အတူ ထိုတောင်ကြီးမှာလည်း ထပ်မံ၍ အစိပ်စိပ်အမွှာမွှာ ကြေမွသွားရပြန်သည်။

ကြည့်ရသည်မှာ လက်ညှိုးတစ်ချောင်းတည်းကိုသာ ဖြတ်တောက်လိုက်နိုင်ခြင်း ဖြစ်သော်လည်း၊ လက်တွေ့တွင်မူ ထိုကောင်းကင်တိုင်ပမာ လက်ဝါးကြီးတစ်ခုလုံးသည်လည်း ၎င်းနှင့်အတူ ကွဲကြေပျောက်ကွယ်သွားခဲ့ရပြီး၊ ပြင်းထန်လှသော လေပြင်းနှင့် မိုးကြိုးမုန်တိုင်းများ ပတ်ဝန်းကျင်သို့ လွင့်စင်သွားကာ ကောင်းကင်ယံကြီးတစ်ခုလုံး သန့်စင်ဝင်းပသွားရတော့သည်။

ခဏတာအတွင်းမှာပင် လူတိုင်းသည် ရွှေနဂါးကတ်ကြေးကို ကိုင်ဆောင်ထားသည့် နတ်ဘုရားမ၏ ထူးခြားလှသော နတ်ဘုရားစွမ်းပကားကြောင့် မှင်တက်တုန်လှုပ်သွားကြရသည်။

"နတ်ရတနာ "

"ဒါက အစစ်အမှန် နတ်ရတနာပဲ"

ယခုအချိန်တွင် အစွမ်းထက်လှသော တည်ရှိမှုကြီးနှစ်ခု အပြင်းအထန် တိုက်ခိုက်နေကြသဖြင့် လူအများမှာ ရှေ့သို့တိုးကာ မလုရဲကြတော့ဘဲ၊

တစ်ယောက်ချင်းစီ တောက်ပသော မျက်ဝန်းများနှင့်အတူ အသက်ရှူသံများ မြန်ဆန်နေကြရသည်။

ဤကျင့်ကြံခြင်းအဆင့် မြင့်မားလှသော ပညာရှင်များကို တုန်လှုပ်သွားစေနိုင်သည့်အရာမှာ နတ်ဘုရားအခွင့်‌ေရ းမှလွဲလျှင် ဤနတ်ရတနာများသာ ရှိပေသည်။

အထူးသဖြင့် နောက်ဆုံးအရာသည် မြေပြင်နတ်ဘုရားအဆင့်သို့ ခြေလှမ်းလှမ်းနိုင်ခဲ့လျှင်ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းလက်နက်ကြီး ဖြစ်နေဆဲပင်။

နတ်ဘုရားသည် ထပ်မံလှုပ်ရှားလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အပေါ်သို့ အတင်းတိုးဝင် သတ်ဖြတ်လိုက်ပြန်သည်။

တခဏချင်းမှာပင် မြေကမ္ဘာထက်၌ ကြီးကျယ်ထည်ဝါလှသော နတ်မင်းပုံရိပ်ကြီး တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ရသည်။

စုချင်ဆရာကြီး၏ စိတ်ဝိညာဉ်မှာ ပျက်စီးသွားခဲ့ရပြီ ဖြစ်သော်လည်း၊ သူ၏ ရုပ်ခန္ဓာမှာမူ ယခုအချိန်တွင် အလွန်တရာ အစွမ်းထက်လှသော ပုံသဏ္ဌာန်အဖြစ် ထင်ရှားလာခဲ့သည်။

သူသည် မိမိ၏ ညီဖြစ်သူအတွက် ကလဲ့စားချေလိုသဖြင့် နတ်ဘုရားကို မိမိ၏ ရုပ်ခန္ဓာအား သိမ်းပိုက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ နတ်ဘုရားက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ စိတ်ဝိညာဉ်မှာ ဝါးမြိုဖျက်ဆီးခြင်း ခံလိုက်ရပြီး ဖြစ်ပေသည်။

ယခုအခါ ဤရုပ်အလောင်းခွံကြီးသာ ကျန်ရစ်တော့ပြီး အရိုင်းကမ္ဘာကြီးအတွင်း နတ်ဘုရားမနှင့် နတ်ကျင့်စဥ်ပြိုင်ဆိုင်နေရရှာသည်။

အချို့သော လူများမှာ သတ္တိဗျတ္တိ အလွန်ကောင်းလှသဖြင့်၊ ထိုအစွမ်းထက်လှသော တည်ရှိမှုကြီးနှစ်ခု တိုက်ခိုက်နေစဉ်အတွင်း မန္တန်စွမ်းအားကြီးများကို ထုတ်ဖော်ကာ ထိုရွှေရောင်အလင်းတန်းကြီး၏ ရှေ့မှောက်သို့ အတင်းတိုးဝင်သွားကြသည်။

သို့သော် ထိုရွှေရောင်အလင်းတန်း၏ ရိုက်ခတ်မှုကို ခံလိုက်ရသဖြင့် ဝုန်းခနဲ နောက်သို့ လွင့်စင်သွားရ၏။

နတ်ဘုရား၏ အေးစက်လှသော မျက်ဝန်းများက အောက်သို့ စိုက်ကြည့်လိုက်ပြီး နတ်ဘုရားအလင်းတန်းတစ်ခုကို ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေခဲ့သည်။

ထိုကျင့်ကြံသူသည် အော်ဟစ်သံမျှပင် မပြုလုပ်နိုင်ဘဲ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် လောင်ကျွမ်းပျောက်ကွယ်သွားရရှာသည်။

လူအများမှာ ထိတ်လန့်သွားကြပြီး နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာသွားကြတော့သည်။

ယခုအချိန်တွင် တိုက်ခိုက်နေကြသည့် ဤအစွမ်းထက်လှသော တည်ရှိမှုကြီးနှစ်ခုမှာ ကျင့်ကြံခြင်း တတိယအဆင့် မကတော့ဘဲ သူတို့ ဝင်ရောက်စွက်ဖက်နိုင်သော အခြေအနေ မဟုတ်တော့ချေ။

ဝုန်းလုန်းလုန်း ဝုန်းလုန်းလုန်း

ထိုနတ်ဘုရားမနှင့် နတ်ဘုရားတို့ တိုက်ခိုက်နေကြရာ၊

တစ်ခဏချင်းမှာပင် မြေငလျင်လှုပ်ကာ တောင်များတုန်ခါသွားပြီး မိုးကောင်းကင်ထက်၌ အမျိုးမျိုးသော တာအိုအသိဉာဏ် မန္တန်စွမ်းအားများ တဒုန်းဒုန်း ပေါက်ကွဲထွက်ပေါ်နေသည်။

နတ်ဘုရားသည် တတိယအဆင့် ပညာရှင်၏ ရုပ်ခန္ဓာကို အသုံးချကာ လူလောက သို့ ဆင်းသက်လာခြင်း ဖြစ်သဖြင့်၊ မြေပြင်နတ်ဘုရားအဆင့်၏ စွမ်းပကားကို အချိန်တိုအတွင်း ထုတ်ဖော်နိုင်စွမ်း ရှိပေသည်။

ကြီးကျယ်ထည်ဝါလှသော နတ်ဘုရားမ၏ စိတ်ဝိညာဉ်မှာမူ ၎င်းကို အဝေးကြီး လိုက်မမီနိုင်ဘဲ၊ ဤရွှေနဂါးကတ်ကြေး၏ သတ်ဖြတ်ခြင်း အစွမ်းဖြင့်သာ နတ်ဘုရားကို ခုခံတိုက်ခိုက်နေရခြင်း ဖြစ်သည်။

မိုးကောင်းကင်၏ အထက်တွင် ရှေးဟောင်းမိုးကြိုးရေကန်ကြီး တစ်ခု ထွက်ပေါ်လာပြီး၊ မိုးကြိုးအလင်းများ တဖျတ်ဖျတ် တောက်လောင်လျက် နတ်သမားမကို လွှမ်းခြုံထားလိုက်သည်။

နတ်ဘုရားမသည် မိုးကြိုးရေကန်ကြီးအတွင်းမှနေ၍ ရွှေနဂါးကတ်ကြေးကို လှုံ့ဆော်လိုက်သည်။ ဤအရာသည် သတ်ဖြတ်ခြင်း နတ်ရတနာ ဖြစ်သလို ခန္ဓာကိုယ်ကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပေသည်။

ရွှေရောင်နဂါးနှစ်ကောင်က နတ်ဘုရားမကို ဗဟိုပြု၍ ဝိုင်းရံကာကွယ်ထားလိုက်ကြသည်။

ရွှတ်

နတ်ဘုရား၏ လက်ညှိုးနောက်တစ်ချောင်း ထပ်မံ၍ ပြတ်တောက်သွားပြန်သဖြင့် သူ၏ ခန္ဓာကိုယ်ကြီး တစ်ချက် တုန်ခါသွားရသည်။

သို့သော်လည်း ဤနတ်ဘုရား၏ မျက်ဝန်းများမှာ အေးစက်မြဲ အေးစက်နေဆဲဖြစ်ကာ ခပ်အေးအေးပင် ပြောလိုက်သည်။

"ကြွင်းကျန်ရစ်တဲ့ ဝိညာဉ်အပိုင်းအစလေးပဲ ရှိတာကို... ကိုယ့်ကိုယ်ကို လောင်ကျွမ်းစေပြီး စွမ်းအားတွေနဲ့ လဲလှယ်နေတာပဲ။ မင်း ဘယ်လောက်အထိ တောင့်ခံနိုင်ဦးမလဲဆိုတာ ငါကြည့်ရသေးတာပေါ့ "

သူသည် လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်ရာ၊ လက်ဝါးပြင်အလယ်မှနေ၍ နေမင်းကြီးတစ်စင်း ရုတ်တရက် ပေါက်ကွဲထွက်လာဘိသကဲ့သို့ ဖြစ်သွားသည်။

တောက်ပလွန်းလှသဖြင့် မျက်စိကျိန်းမတတ်ပင်

ဝုန်း

နတ်ဘုရားမ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် မှေးမှိန်အားနည်းသွားရရှာသည်။

ထိုနတ်ဘုရားသည် ကြီးကျယ်ထည်ဝါလှသော နတ်နွားသိုးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ နောက်ထပ် လက်ဝါးတစ်ချက် ထပ်မံရိုက်ချလိုက်ပြန်သည်။

ဤနတ်နွားသိုးကြီးသည် အပြင်ပန်းတွင် အစွမ်းထက်လှသည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင်မူ အားအင်ကုန်ခမ်းနေပြီ ဖြစ်ကာ တောင်တန်းတောင်ကုန်းများကို ခန္ဓာကိုယ်အဖြစ် စုစည်းပြီး ဤရွှေအမြုတေကို ကာကွယ်နေခြင်းမျှသာ ဖြစ်သည်။

ဤနတ်ဘုရား၏ စွမ်းအားမှာ ပြိုင်ဘက်ကင်းလှပြီး မန္တန်စွမ်းအားများအပေါ် နားလည်မှုက အလွန်မြင့်မားလှသဖြင့်၊ ဤလက်ဝါးရိုက်ချက်ကြောင့် နတ်နွားသိုးကြီး၏ ခန္ဓာကိုယ်မှာ တိုက်ရိုက်ပင် ကြေမွပျက်စီးသွားရတော့သည်။

နတ်နွားသိုးကြီး၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်မှာ လုံးဝဥဿုံ ပျက်စီးသွားရပြီး၊

ထပ်မံ၍ မြင့်မားမတ်စောက်လှသော နတ်တောင်ကြီးတစ်လုံးအဖြစ် ပြန်လည်ပြောင်းလဲသွားကာ ရှေးဟောင်းဝိညာဉ်အကြွင်းအကျန်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။

ဤနတ်ဘုရား၏ ကျင့်ကြံခြင်းအဆင့်မှာ တတိယအဆင့်ထက် အဝေးကြီး သာလွန်လှသဖြင့် သူ၏ စွမ်းအားမှာ ကမ္ဘာကြီးကို မှောက်ခုံလှန်နိုင်လောက်သော ပြောင်းလဲမှုများ ရှိနေပေသည်။

သူသည် လက်တစ်ဖက်ဖြင့် နတ်ဘုရားမကို ဖိနှိပ်ထားပြီး၊ အခြားလက်တစ်ဖက်ဖြင့် ရွှေအမြုတေကို ဖမ်းယူရန် လှမ်းလိုက်သည်။

တစ်ခဏအတွင်းမှာပင် များစွာသော ပညာရှင်များသည် သူ၏ ထိပ်တိုက်ရင်ဆိုင်မှုကို မခံဝံ့ကြသဖြင့် နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာသွားကြရသည်။

သို့သော် ထိုအချိန်တွင် မျက်နှာထား အေးစက်တည်တင်းလှသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ထွက်ပေါ်လာခဲ့သည်။ ထိုအမျိုးသားသည် အရပ်အမောင်း မြင့်မားထွားကျိုင်းပြီး ထူးခြားထည်ဝါသော အရှိန်အဝါရှိပေသည်။

သူသည် ထိုနေရာတွင် မတ်မတ်ရပ်နေရုံမျှဖြင့်တင် သူ၏ ခန္ဓာကိုယ်မှ တောင်တန်းကြီးများပမာ လေးလံထည်ဝါလှသော အရှိန်အဝါများ အလိုအလျောက် စီးဆင်းထွက်ပေါ်နေသည်။

နတ်ဘုရားက မန္တန်စွမ်းအားဖြင့် ဖန်တီးထားသည့် ဧရာမလက်ဝါးကြီးနှင့် ရင်ဆိုင်ရသော်လည်း၊ ဤအသက်လတ်ပိုင်း အမျိုးသားသည် တည်ငြိမ်အေးဆေးစွာဖြင့်၊

အပြာရောင်နှင့် ခရမ်းရောင် အလင်းတန်းနှစ်ခုကို မိုးကောင်းကင်ထက်သို့ တိုက်ရိုက် ထုတ်ဖော်လိုက်သည်။

လဲ့ချွဲချိတ် ခေါ် မိုးကြိုးချိတ်စုံ

ရှေးဟောင်းနတ်ဘုရားများ ချန်ထားရစ်ခဲ့သည့် နတ်ဘုရားရတနာ

မည်သည့်အရာကိုမဆို ဖျက်ဆီးဖြတ်တောက်နိုင်သည်ဟု ကျော်ကြားလှသောအရာ

ရွှတ်

ဤနတ်ဘုရား၏ လက်ညှိုးနောက်တစ်ချောင်း ထပ်မံ၍ ပြတ်တောက်သွားရပြန်သည်။ ပြတ်တောက်သွားသော အနာရွတ်မှာ ညီညာဖြောင့်တန်းလှပေသည်။

နတ်ဘုရား၏ ခန္ဓာကိုယ်နှင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ယခုခေတ်လောကကြီးကို ဖိနှိပ်ချုပ်ချယ်ထားနိုင်ပြီး၊

ဤအရိုင်းကမ္ဘာကြီးအတွင်း၌ လုံးဝ ဥဿုံ ပြိုင်ဘက်မရှိနိုင်ချေ။

အကယ်၍ နတ်ဘုရားလောကမှ ထွက်ပြေးလာသည့် ဤနတ်ဘုရားမ၏ ရွှေနဂါးကတ်ကြေးဖြင့် အဖြတ်ခံရလျှင်မူ သူသည် စိတ်ထဲတွင် အနည်းငယ် လက်ခံနိုင်သေးသည်။

အကြောင်းမူကား ရွှေနဂါးကတ်ကြေးသည် အထက်နတ်ဘုရားလောကတွင်ပင် လျှမ်းလျှမ်းတောက် ကျော်ကြားလှသည့် သတ်ဖြတ်ခြင်း လက်နက်ကြီး ဖြစ်သောကြောင့်ပင်။

သို့သော် မမျှော်လင့်ဘဲ အခြားလူတစ်ယောက်က နတ်ရတနာကို ကိုင်ဆောင်ကာ ထွက်ပေါ်လာပြီး မိမိ၏ လက်ညှိုးကို ထပ်မံဖြတ်တောက်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"မင်းက ဘယ်သူလဲ"

နတ်ဘုရား၏ အေးစက်လှသောအသံ ဟိန်းထွက်လာပြီး မြေကမ္ဘာကြီး တုန်ခါသွားကာ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းလုံးကြီးတစ်ခု ပတ်ဝန်းကျင်သို့ လွင့်စင်သွားခဲ့သည်။

အရပ်အမောင်း ထွားကျိုင်းပြီး မျက်နှာထား တည်တင်းလှသည့် အသက်လတ်ပိုင်း အမျိုးသားက ခပ်အေးအေးပင် ပြန်လည်ပြောကြားလိုက်သည်။

"မဟာဝေနိုင်ငံက နတ်မင်း... ချောင်ချောင် ပဲ"

နတ်ဘုရားသည် မျက်မှောင်ကြုတ်သွားရသည်။ သူသည် မည်မျှပင် တည်ငြိမ်သူ ဖြစ်ပါစေ၊ ဤစကားကြောင့် တုန်လှုပ်အံ့အားသင့်သွားရခြင်းကို မတတ်နိုင်ခဲ့ပေ။

နတ်မင်း

အထက်နတ်ဘုရားလောကက ဆင်းသက်လာတဲ့ နတ်မင်းလား။

ပြီးတော့ မဟာဝေနိုင်ငံ ဆိုတာကကော ဘယ်လိုအင်အားစုလဲ။

စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ အတွေးများ ရှုပ်ထွေးသွားပြီး၊ တစ်စုံတစ်ယောက်က ဤလောက၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နေပြီး နတ်ရတနာကို ကိုင်ဆောင်ကာ အောက်ကမ္ဘာသို့ ဆင်းသက်လာခြင်း ဖြစ်သည်ဟု ထင်မှတ်သွားခဲ့သည်။

အပြင်လူများ၏ အမြင်တွင်မူ၊ စွမ်းအား အလွန်တရာ ကြီးမားလှသည့် ဤနတ်ဘုရားသည် ချောင်ချောင်၏ စကားတစ်ခွန်းကြောင့် ချက်ချင်းပင် ဆွံ့အသွားရသည်ဟု မြင်ကြပေသည်။

"ချောင်ချောင်ဆိုတာ ဘယ်သူလဲ"

"ဒီလူ့ရဲ့ နောက်ခံက လူတွေကို ဒီလောက်အထိ ကြောက်လန့်သွားစေတာလား ငါတို့ ဘာလို့ ဒီအင်အားစုအကြောင်း တစ်ခါမှ မကြားဖူးရတာလဲ "

"သူ့လက်ထဲက အရာကလည်း နတ်ရတနာပဲ"

လူအများမှာ အချင်းချင်း တီးတိုးရေရွတ် ဝေဖန်နေကြပြီး အံ့အားသင့်လွန်းသဖြင့် အသက်ပင် ရှူဖို့ မေ့နေကြရသည်။

စုချင်ဆရာကြီး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့် နတ်ဘုရားက စကားပြောရန် ပြင်လိုက်စဉ်မှာပင်၊ ထိုမျက်နှာချင်းဆိုင်ရှိ ထွားကျိုင်းလှသောအသက်လတ်ပိုင်း အမျိုးသား၏ လက်ထဲမှ မိုးကြိုးအလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်ကို မြင်လိုက်ရသည်။

သူသည် စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်မိသည်။ ငါက နတ်ဘုရားပဲ၊ မင်းက မိုးကြိုးမန္တန်နဲ့ ငါ့ကို ဒဏ်ရာရအောင် လုပ်ချင်တာလား။

သူသည် လက်ကို တိုက်ရိုက်ဆန့်ထုတ်ကာ ထိုမိုးကြိုးအလင်းတန်းကို ဖိနှိပ်ချုပ်ချယ်ရန် ဖမ်းဆုပ်လိုက်သည်။ သို့သော် သူ ဖမ်းဆုပ်လိုက်မိသည့် ထိုစက္ကန့်ပိုင်းမှာပင်၊

ဝုန်းခနဲ ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

ထိုမိုးကြိုးအလင်းတန်းသည် သူ၏ လက်ဖဝါးပြင်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် တိုက်ရိုက် ပေါက်ကွဲသွားခဲ့လေပြီ။

သူသည် မိမိ၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်ရာ၊ မမျှော်လင့်ဘဲ သွေးစိမ်းရှင်ရှင်နှင့် အသားများ စုတ်ပြတ်သွားသည်အထိ ပေါက်ကွဲသွားရသည်ကို တွေ့လိုက်ရသည်။

"ကပ်ဘေးမိုးကြိုး လား"

"တကယ်ပဲ အထက်ကမ္ဘာက ဆင်းသက်လာတဲ့ နတ်ဘုရားအစစ်ပဲ"

သူက ရှေ့သို့ ထပ်မံကြည့်လိုက်သောအခါ၊ ထိုအရပ်အမောင်း ထွားကျိုင်းလှသည့် မဟာဝေနိုင်ငံမှ ကျင့်ကြံသူ ချောင်ချောင်းသည်၊

လက်ကို ဝှေ့ယမ်းကာ ထိုရွှေအမြုတေကို ဖိနှိပ်ထိန်းချုပ်လိုက်ပြီး ဖြစ်ကာ၊ ခန္ဓာကိုယ်ကို ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် မိုးကုပ်စက်ဝိုင်းဆီသို့ လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်သွားသည်ကို တွေ့လိုက်ရတော့သည်။

"သတ္တိရှိလှချည်လား"

နတ်ဘုရားသည် ဒေါသအမျက် ချောင်းချောင်းထွက်သွားပြီး ဤမြေကမ္ဘာကြီးတစ်ခုလုံးကို ချက်ချင်းပင် ပိတ်ဆို့ချုပ်ချယ်လိုက်တော့သည်။

သို့သော် ချောင်ချောင်၏ ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင်နှင့် အပြာရောင် အလင်းတန်းနှစ်ခု တဖျတ်ဖျတ် တောက်လောင်သွားပြီး၊

မိုးကြိုးချိတ်စုံဖြင့် ပြင်းထန်စွာ တစ်ချက် ခုတ်ပိုင်းလိုက်ရာ၊ ထိုပိတ်ဆို့မှု အစီအရင်မှာ တခဏချင်း ကြေမွပျက်စီးသွားရလေသည်။

နတ်ဘုရားမသည် ရှေးဟောင်းမိုးကြိုးရေကန်ကြီးထဲမှ ဝင်ရောက်သတ်ဖြတ်လာပြီး၊ ရွှေနဂါးကတ်ကြေးကို ရွှေရောင်နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲလျက် ပြင်းထန်စွာ ညှပ်ဖြတ်လိုက်ပြန်သည်။

နတ်ဘုရားသည် ခြေဦးလှည့်ကာ နောက်ထပ် လက်ဝါးတစ်ချက်ကို ပြန်လည်ရိုက်ထုတ်လိုက်ရာ၊ ကြီးမားလှသော လက်ဝါးစွမ်းအားကြောင့် ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး မိုးကြိုးအလင်းများ ပူပြင်းတောက်လောင်လျက် ပတ်ဝန်းကျင်သို့ လွင့်စင်သွားခဲ့သည်။

သို့သော်လည်း ဤရွှေနဂါးကတ်ကြေးကြောင့် သူ၏ လက်ညှိုးနောက်တစ်ချောင်း ထပ်မံ၍ ဖြတ်တောက်ခြင်း ခံလိုက်ရပြန်သည်။

သူ၏ မျက်မှောင်မှာ အပြင်းအထန် ကြုတ်သွားရသည်။ ဤရုပ်ခန္ဓာမှာ သူ၏ မူလကိုယ်ခန္ဓာ မဟုတ်သော်လည်း၊

သူသည် ဤရုပ်ခန္ဓာကို အမှီပြု၍ လူ့လောကတွင် သွားလာလှုပ်ရှားရမည် ဖြစ်သည်။ ယခုကဲ့သို့ ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက သူ၏ လက်ညှိုးများအားလုံး ဖြတ်တောက်ခြင်း ခံရပြီး ကုန်ဆုံးသွားပေလိမ့်မည်။

နတ်ဘုရားမသည် ထိုသူကို ရွှေအမြုတေ လုံးဝမရရှိစေရန် အလွန်အမင်း လိုလားနေပုံရသည်။

ထွက်ခွာသွားသည့်လူက မည်သူပင်ဖြစ်ပါစေ၊ သူမသည် ရွှေနဂါးကတ်ကြေးကို ဆက်လက်လှုံ့ဆော်ကာ နတ်ဘုရားနှင့် တစ်နေရာတည်းတွင် လုံးထွေးသတ်ဖြတ်နေတော့သည်။

ရွှေနဂါးကတ်ကြေးသည် လျှမ်းလျှမ်းတောက် ကျော်ကြားလှသည့် ထိပ်တန်းသတ်ဖြတ်ခြင်း လက်နက်ကြီး ဖြစ်သဖြင့် နတ်ဘုရားပင်လျှင် ယင်း၏ စွမ်းပကားကို လျစ်လျူမရှုဝံ့ချေ။

ထို့ကြောင့် သူသည် ထိုရွှေအမြုတေကို လုယူထွက်ပြေးသွားသည့် အသက်လတ်ပိုင်းအမျိုးသားနောက်သို့ လိုက်လံဖမ်းဆီးနိုင်ခြင်း မရှိတော့ပေ။

"ဒီနတ်ဘုရားမရဲ့ ဝိညာဉ်အကြွင်းအကျန်ကို အရင်ဆုံး ချေမှုန်းပစ်ပြီးမှ၊ အဲ့ဒီလူကို သွားရှာရင်လည်း မနှောင်းသေးပါဘူး။"

ဤနတ်ဘုရားသည် လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။

ယခုတစ်ကြိမ်တွင် သူသည် အရိုင်းကမ္ဘာကြီးအတွင်းသို့ ဆင်းသက်လာခဲ့ရာ၊ များစွာသော နတ်ဘုရားကျောင်းဆောင်များမှာ မည်သူ့လက်ချက်ဖြင့် ပျက်စီးသွားသည်ကို မသိရဘဲ၊

၎င်းတို့အတွင်း ကြွင်းကျန်ရစ်သည့် အသူရာလမ်းနတ်ဘုရားများ၏ ဝိညာဉ်အကြွင်းအကျန်များမှာ လုံးဝဥဿုံ ပျက်စီးသွားခဲ့ရသဖြင့် သူ ရရှိသည့် အကျိုးအမြတ်က သိပ်မများလှချေ။

ထိုအချိန်တွင် ရွှေအမြုတေကပါ အလုခံလိုက်ရပြန်သဖြင့်၊

ယခုအခါ ဤရွှေနဂါးကတ်ကြေးကိုမူ သူ၏ လက်ထဲသို့ မရရအောင် လုယူရပေမည်။

ထို့ကြောင့် သူသည် မန္တန်စွမ်းအားများကို တိုက်ရိုက်လှုံ့ဆော်လိုက်ရာ၊ မိုးကြိုးရေကန်ကြီး ပြုတ်ကျလာပြီး နတ်ဘုရားမ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

"သတ်စမ်း"

စကားဆုံးသည်နှင့် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အပေါ်သို့ တိုးဝင်သတ်ဖြတ်လိုက်ပြန်သည်။

အစွမ်းထက်လှသော တည်ရှိမှုကြီးနှစ်ခု မြေကမ္ဘာထက်တွင် နတ်မန္တန်ပြိုင်ဆိုင်နေကြရာ၊ ထိုကြီးမားလှသော စွမ်းပကားကြောင့် လူအများမှာ လန့်ဖျန့်ကာ အကုန်လုံး ထွက်ပြေးလွတ်မြောက်သွားကြတော့သည်။

…………

တောင်ကွဲကြောင်း လျှိုမြောင်ကြီးတစ်ခုအတွင်းသို့ အလင်းတန်းတစ်ခု ပျံသန်းရောက်ရှိလာပြီးနောက်၊ အရပ်အမောင်း ထွားကျိုင်းလှသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပုံသဏ္ဌာန် ထင်ရှားလာခဲ့သည်။

ထိုအမျိုးသားက လက်ကို တစ်ချက်လှန်လိုက်ရာ၊ ရွှေအမြုတေတစ်ခု ဖြည်းညှင်းစွာ လွင့်ပျံတက်လာခဲ့သည်။

ယင်း၏အပေါ်တွင် ရွှေရောင်နတ်ဘုရားမန္တန်စာလုံး အနည်းငယ်က ၎င်းကို ဖိနှိပ်ထားသဖြင့် အရှိန်အဝါများ အပြင်သို့ ယိုစိမ့်ခြင်း မရှိချေ။

သူ၏ လက်ထဲတွင် နေမင်းကြီးတစ်စင်းပမာ ပူပြင်းတောက်လောင်နေပြီး၊ ယင်း၏အပေါ်ရှိ ရွှေရောင်နတ်ဘုရားမန္တန်စာလုံးများမှာ ဆက်တိုက် ဖောင်းပွလာကာ ဖိနှိပ်ရန် ခက်ခဲလာလျက်၊ သိသိသာသာပင် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်မျိုးကိုသာ ခန္ဓာကိုယ်ထဲ မျိုချလိုက်ရင်... လူက တိုက်ရိုက် ပေါက်ကွဲသေဆုံးသွားမှာ မဟုတ်ဘူးလား "

လီယန်ချူသည် မျက်ခုံးပင့်လိုက်မိသည်။

သူသည် အစောပိုင်းက နတ်ဘုရားအတတ်ကို အသုံးပြု၍ ပုံသဏ္ဌာန်ပြောင်းလဲကာ ရတနာကို လုယူခဲ့ခြင်း ဖြစ်သည်။ ဤရွှေအမြုတေကို လုံးဝဥဿုံ ဖိနှိပ်ချုပ်ချယ်နိုင်ခြင်း မရှိသေးမီ၊ မိမိ၏ ကမ္ဘာငယ် အတွင်းသို့ သိမ်းဆည်း၍မရချေ။

သို့မဟုတ်ပါက မိမိ၏ နေရာလွတ်အာကာသကြီးကို ဖျက်ဆီးပစ်နိုင်ပြီး၊ အနည်းဆုံးတော့ ယင်းအတွင်းရှိ နတ်ဆေးပင်များအားလုံး ပြာအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

ထို့နောက် သူသည် မိမိ၏ ကျင့်ကြံခြင်း စွမ်းအားများကို လှုံ့ဆော်လိုက်ရာ၊ သမုဒ္ဒရာပင်လယ်ပြင်ကြီးပမာ ကျယ်ပြောလှသော စွမ်းအားများက ထိုရွှေအမြုတေကို အဆက်မပြတ် ဆေးကြောသန့်စင်ပေးလိုက်သဖြင့်၊ ရွှေရောင်နတ်ဘုရားမန္တန်စာလုံးများမှာ ပိုမို၍ တည်ငြိမ်ရင့်ကျက်လာခဲ့သည်။

လီယန်ချူ၏ ဦးခေါင်းထက်တွင် ရွှေရောင်ကြာပန်းတစ်ပွင့် ထွက်ပေါ်လာပြီး၊ များစွာသော ရောင်ခြည်တန်းများ ကျဆင်းလာကာ နတ်အရှိန်အဝါများ ပျံ့လွင့်လာခဲ့သည်။

နတ်ဘုရားအတတ်

ဖန်ဆင်းခြင်း ရွှေကျမ်းစာ

တောင် နှင့် မြစ် ထာဝရတည်ငြိမ်ခြင်း နှင့် ဖန်ဆင်းခြင်း ရွှေကျမ်းစာ ဟူသော နတ်ဘုရားစွမ်းပကား နှစ်ခုကို အမှီပြု၍၊ လီယန်ချူသည် ဤရွှေအမြုတေကို လုံးဝဥဿုံ ဖိနှိပ်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။

ရွှေအမြုတေသည် ဝေဟင်ထက်တွင် တဝဲလည်လည် လှည့်ပတ်နေပြီး အသက်ဝင်လာဘိသကဲ့သို့ ရှိပေသည်။

၎င်း၏ အလင်းရောင်နှင့် စွမ်းအားများ ပိတ်ဆို့ခြင်း ခံလိုက်ရသော်လည်း၊ ထိုသို့ ဖြစ်လင့်ကစား အလွန်တရာ ပြင်းထန်လှသော ဝိညာဉ်အသိဉာဏ် ကို ပိုင်ဆိုင်ထားဆဲပင်။

လီယန်ချူသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက်၊ ရှင်းဟွမ်အလံ ကို ထုတ်ဖော်လိုက်သည်။ ဤနတ်ဘုရားရတနာ၏ တားမြစ်အစီအရင်မှာ လုံးဝ ဖြေလျော့ခြင်း မရှိသေးသော်လည်း၊

ယခုအခါ ဤပိတ်ဆို့ထားသည့် ရွှေအမြုတေကို ဖိနှိပ်ရန်အတွက်မူ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

ဖြူဖွေးသောအလင်းတန်း ကျဆင်းလာပြီး ရွှေအမြုတေမှာ ချက်ချင်းပင် ငြိမ်သက်သွားကာ၊ လီယန်ချူ၏ သို‌လှောင်အိတ်အတွင်းသို့ အသိမ်းခံလိုက်ရတော့သည်။

ထို့နောက် လီယန်ချူသည် မိုးကြိုးချိတ်စုံကို သိမ်းဆည်းလိုက်ပြီး၊ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ခါလိုက်ရာ သာမန်ရိုးရှင်းလှသော လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။

'အသွင်းသန္ဓေပြောင်းလဲခြင်းအတတ်'

ဤနတ်ဘုရားအတတ်သည် ရှေးဟောင်းအမွေအနှစ် ဖြစ်ပြီး၊ ဘေးဒုက္ခအန္တရာယ်အမျိုးမျိုးကို ရှောင်ကွင်းနိုင်ကာ ကမ္ဘာလောက၏ ပြောင်းလဲခြင်း လျှို့ဝှက်ချက်များကို အကုန်အစင် တတ်မြောက်စေသည်။

လီယန်ချူသည် အစောပိုင်းက တမင်သက်သက်ပင် မဟာဝေနိုင်ငံမှ နတ်ဘုရားဟူသော အမည်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုနတ်ဘုရား၏ တုံ့ပြန်မှုကို ကြည့်ရသရွေ့မူ မိမိ၏ ပြောင်းလဲခြင်းအတတ်ကို ရိပ်မိပုံမရချေ။

ထို့နောက် သူသည် နောက်ထပ် မန္တန်တစ်ခုကို ထပ်မံရွတ်ဆိုကာ၊ ရုပ်ရည်ချောမောခန့်ညားပြီး အရပ်အမောင်း မြင့်မားလှကာ မျက်နှာပေါက် အလွန်တည်ကြည်ထည်ဝါသော လူငယ်တစ်ဦးအဖြစ် ပြောင်းလဲလိုက်ပြန်သည်။

သူသည် သို‌လှောင်အိတ်ထဲမှနေ၍ ဧရာမလှံချွန်ကြီး တစ်စင်းကို ထုတ်ယူလိုက်သည်။

ထိုလှံချွန်ကြီးသည် လီယန်ချူ၏ လက်ထဲသို့ ရောက်ရှိသွားသောအခါ၊ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှု အရှိန်အဝါများ ဝုန်းခနဲ ထွက်ပေါ်လာပြီး အလွန်တရာ ထက်မြက်လှပေသည်။

ဤအရာသည်ကား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စစ်လက်နက်ကြီးပင် ဖြစ်သည်။

သူသည် စစ်တလင်းသို့ ထပ်မံ၍ ဝင်ရောက်သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။ ထိုသူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါမှာ ကောင်းကင်လူသားနှင့် ဆင်တူလှပြီး၊ သူ၏ စကားအရ ဆိုလျှင် ထိုနတ်ဘုရားမမှာ နတ်ဘုရားလောကမှ ထွက်ပြေးလာသည့် ဒုက္ခသည်တစ်ဦး ဖြစ်ပုံရသည်။

သူ စစ်တလင်းသို့ ပြန်လည်ရောက်ရှိသွားသောအခါ၊ မူလက ကြီးကျယ်ထည်ဝါလှသော စိတ်ဝိညာဉ် တိုက်ပွဲမြင်ကွင်းကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

နတ်ဘုရားမ၏ ဝိညာဉ်အကြွင်းအကျန်မှာ လုံးဝဥဿုံ ကြေမွပျက်စီးလုနီးပါး ဖြစ်နေပြီး၊ ရွှေနဂါးကတ်ကြေးသည် သူမ၏ လက်ထဲတွင် ရွှေရောင်အလင်းတန်းနှစ်ခုအဖြစ် အချင်းချင်း ယှက်နွယ်ကာ ခန္ဓာကိုယ်ကိုသာ မနည်း ကာကွယ်ထားရရှာသည်။

စာပေ ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားက မန္တန်စွမ်းအားတစ်ခုကို ရိုက်ထုတ်လိုက်ရာ၊ နတ်ဘုရားအလင်းတန်းများ ပြင်းထန်စွာ တုန်ခါသွားပြီး ဤနတ်ဘုရားမမှာ လုံးဝ မခုခံနိုင်တော့ချေ။

"ဒီကောင်းကင်လူသားရဲ့ စွမ်းအားက မြေပြင်နတ်ဘုရားအဆင့် ဖြစ်လိမ့်မယ် "

အစောပိုင်းက ထိုအမျိုးသားသည် သာမန်မျှသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း၊ လီယန်ချူသည် ယင်းအတွင်း၌ ပါဝင်သော စွမ်းအားများကို ခံစားမိခဲ့သည်။ ကုသိုလ်မှတ် သိန်းဂဏန်းအဆင့်ရှိသော အစီရင်ဝတ်စုံ ကို အားကိုး၍သာ ထိုတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ ထွက်ခွာသွားချိန်မှစ၍ နောက်ထပ် ပြောင်းလဲခြင်းအတတ်ကို အသုံးပြုကာ ပြန်လည်ဝင်ရောက် သတ်ဖြတ်လာသည့် အချိန်အထိ အချိန်အပိုင်းအခြားမှာ အလွန်တိုတောင်းလှသော်လည်း၊ နတ်ဘုရားမမှာမူ လုံးဝ တောင့်မခံနိုင်တော့ချေ။

နတ်ဘုရားသည် မန္တန်စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်ရာ၊ ရွှေရောင်ကြိုးတစ်ချောင်း ပျံသန်းထွက်ပေါ်လာပြီး ဧရာမမြွေကြီးတစ်ကောင်ပမာ နတ်ဘုရားမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်နှောင်ဖွဲ့လိုက်တော့သည်။

ရွှေနဂါးကတ်ကြေးသည် ဝေဟင်ထက်မှ ခုတ်ပိုင်းချလိုက်သော်လည်း၊ ဤနတ်ဘုရားမမှာ စွမ်းအားများ အလွန်အမင်း ဆုံးရှုံးနေပြီ ဖြစ်သဖြင့်၊

ထိန်းချုပ်မှု ကင်းမဲ့သွားသော နတ်ရတနာမှာ နတ်ဘုရား၏ မန္တန်စွမ်းအား ရိုက်ခတ်မှုကို ခံလိုက်ရပြီး၊

ဝုန်းခနဲ ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

ရွှေနဂါးကတ်ကြေးသည် တဝီဝီ မြည်သွားပြီး နတ်ဘုရားအလင်းများ ပေါက်ကွဲထွက်လာခဲ့သော်လည်း၊ နောက်ထပ် မည်သည့် လှုပ်ရှားမှုကိုမျှ မပြုလုပ်နိုင်တော့ချေ။

"ဒီတစ်ကြိမ် အောက်ကမ္ဘာကို ဆင်းသက်လာရတာ တကယ်ပဲ ထိုက်တန်ပါတယ်။"

အကယ်၍ ရွှေနဂါးကတ်ကြေးကိုသာ လုယူနိုင်ခဲ့လျှင် သူကိုယ်တိုင်ပင်လျှင် တုန်လှုပ်ဝမ်းသာရပေလိမ့်မည်။

"ဒီရတနာကို ရရင် နောင်တစ်ချိန်မှာ သေချာ သန့်စင်မွေးမြူရမယ်၊ ဒါဆိုရင် နတ်ဘုရားမင်းကြီး တောင်မှ ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်တော့ဘူး "

သူသည် လက်ကို တိုက်ရိုက် ဆန့်ထုတ်ကာ ဖမ်းယူလိုက်ရာ၊ ရွှေရောင်မီးလျှံများဖြင့် ဖွဲ့စည်းထားသည့် ဧရာမလက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး ရွှေနဂါးကတ်ကြေးထံသို့ လှမ်းဖမ်းလိုက်တော့သည်။

ရွှေရောင်မီးလျှံများက နတ်မိစ္ဆာနှိမ်နင်းရေး မန္တန်စာလုံးများအဖြစ် ပြောင်းလဲသွားပြီး အလွန်တရာ ကြီးမားလှသော ဖိနှိပ်ချုပ်ချယ်မှု စွမ်းပကားကို ပေးဆောင်လာခဲ့သည်။

ဤနတ်ဘုရား ထုတ်ဖော်လိုက်သည့် ပြိုင်ဘက်ကင်းလှသော စွမ်းအားကြောင့် ဤအရိုင်းကမ္ဘာကြီးတစ်ခုလုံး ဖိနှိပ်ခြင်း ခံလိုက်ရပြီး၊ မည်သူမျှ ရှေ့သို့တိုးကာ မလုရဲကြတော့ချေ။

ရုတ်တရက်

ရုပ်ရည်ချောမောခန့်ညားပြီး အရပ်အမောင်း မြင့်မားလှသော လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့သည်။

ချလွင်

သူသည် မိမိ၏ လက်ထဲရှိ ဧရာမလှံချွန်ကြီးကို ဝှေ့ယမ်းကာ၊ ထိုဖိနှိပ်ချုပ်ချယ်မှု စွမ်းအားများ ပါဝင်သော ရွှေရောင်လက်ဝါးကြီးကို တိုက်ရိုက်ပင် ဖြတ်တောက်ချေမှုန်းပစ်လိုက်တော့သည်။

တခဏချင်းမှာပင် ထိုလက်ဝါးကြီးမှာ ဝုန်းခနဲ ကြေမွပျက်စီးသွားရလေသည်။

နတ်ဘုရားသည် မျက်မှောင်ကြုတ်သွားရသည်။ အစောပိုင်းက သူသည် ဤလူ၏ အရှိန်အဝါကို စိုးစဉ်းမျှ မခံစားမိခဲ့ပေ။

ထိုမျှမက၊ ဤလူ့လက်ထဲရှိ လှံချွန်ကြီးပေါ်မှ အရှိန်အဝါမှာ သူကိုယ်တိုင်ပင်လျှင် အနည်းငယ် ကြောက်ရွံ့တုန်လှုပ်ရလောက်အောင် ဖြစ်စေသည်။

ဤအရာသည်ကား အလွန်တရာ အစွမ်းထက်လှသော နတ်ဘုရား စစ်လက်နက်ကြီး ပင် ဖြစ်ပေသည်။

"မင်းက ဘယ်သူလဲ"

နတ်ဘုရားက မေးမြန်းလိုက်သည်။

ထိုရုပ်ရည်ချောမောပြီး အရပ်အမောင်း မြင့်မားလှသော လူငယ်က ခပ်အေးအေးပင် ပြန်လည်ပြောကြားလိုက်သည်။

"လက်ဝါးထဲမှာ နေနဲ့လကို ဆုပ်ကိုင်ပြီး ကြယ်တာရာတွေကို ခူးဆွတ်နိုင်တယ်၊ ဒီလောကကြီးထဲမှာ ငါ့လိုလူမျိုး တစ်ယောက်မှ မရှိစေရဘူး။ ငါကိုယ်တော်က မဟာဝေနိုင်ငံက နတ်မင်း... လူဘု ပဲ"

နတ်ဘုရား၏ အေးစက်လှသော မျက်ဝန်းများ တုန်ခါသွားရသည်။ လက်ဝါးထဲမှာ နေနဲ့လကို ဆုပ်ကိုင်ပြီး ကြယ်တာရာတွေကို ခူးဆွတ်နိုင်တယ် ဟုတ်လား

အစောပိုင်းက မဟာဝေနိုင်ငံက နတ်မင်း ချောင်ချောင် ဆိုသူ ထွက်လာပြီး ရွှေအမြုတေကို လုယူသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ မမျှော်လင့်ဘဲ မဟာဝေနိုင်ငံမှပင် လာရောက်သည့် နတ်မင်း လူဘု ဆိုသူက ထပ်မံ၍ နတ်ရတနာကို လုယူရန် ထွက်ပေါ်လာခဲ့ပြန်ပြီ။

"ဒီမဟာဝေနိုင်ငံ ဆိုတာကကော နတ်ဘုရားလောကရဲ့ ဘယ်လိုအင်အားစုမျိုးလဲ "

နတ်ဘုရား၏ အရှိန်အဝါမှာ အလွန်တရာ ရှေးဟောင်းဆန်လှပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။

"မင်းတို့ မဟာဝေနိုင်ငံကလည်း စည်းကမ်းမရှိလွန်းရာ မရောက်ဘူးလား။ ဒီတစ်ကြိမ်မှာ ငါက နတ်ဘုရားအမိန့်တော် ကို ဆောင်ပြီး အောက်ကမ္ဘာကို ဆင်းသက်လာတာ "

မဟာဝေနိုင်ငံသည် မိမိကို ရည်ရွယ်ချက်ရှိရှိ စောင့်ကြည့်နေပုံရသည်။ အစက ချောင်ချောင်၊ အခုက လူဘု၊ တစ်ယောက်က ရွှေအမြုတေကို လုတယ်၊ တစ်ယောက်က နတ်ရတနာကို လုတယ်၊

လူကို အနိုင်ကျင့်လွန်းရာ ရောက်နေပြီ

ထိုရုပ်ရည်ချောမောလှသော လူငယ်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။

"ငါ ဒီနေရာကို လာရဲမှတော့... သဘာဝကျကျပဲ တစ်စုံတစ်ယောက်ရဲ့ ညွှန်ကြားချက် ရှိလို့ပေါ့။"

ကောင်းကင်လူသားက မျက်မှောင်ကြုတ်လျက်

"ဘယ်သူလဲ"

လူငယ်က အေးစက်စွာ ပြောလိုက်သည်။

"မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင်... မေးဖို့ မထိုက်တန်ဘူး"

နတ်ဘုရား : "………………"

သူသည် လှံချွန်ကြီးကို ကိုင်ဆောင်ထားသည့် ထိုရုပ်ရည်ချောမောလှသော လူငယ်ကို စိုက်ကြည့်လိုက်မိပြီး၊ အေးစက်လှသော မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများ ပျံ့နှံ့သွားရသည်။

"ဒါ... အထက်လူကြီးတွေရဲ့ အာဏာလုပွဲကြားထဲမှာ ငါပါ ဓားစာခံအဖြစ် အလိပ်ခံလိုက်ရတာ မဟုတ်ဘူးမလား"

သူသည် ထိုလူငယ်၏ အလွန်တရာ တည်ငြိမ်ပြီး ထည်ဝါလှသော အရှိန်အဝါကြောင့် စိတ်ထဲတွင် တုန်လှုပ်သွားရသဖြင့်၊ တခဏအတွင်းမှာပင် ရှေ့သို့ တိုးမတိုက်ရဲဘဲ ဖြစ်သွားတော့သည်။

All Chapters