အခန်း ၃၁၁
Vol. 32 Ch. 311
အခန်း ၃၁၁ လက်နက်သွန်းလုပ်သူအသင်းတစ်ခုလုံး၏ တုန်လှုပ်မှု
"ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်က အောက်ဘုံရဲ့ တောင်သူရွာလေးတစ်ရွာမှာ မွေးဖွားခဲ့တာ.. သူ မွေးဖွားလာချိန်တုန်းက မိုင်ပေါင်း သုံးသောင်းအထိ ရှည်လျားတဲ့ ခရမ်းရောင်အလင်းတန်းကြီး ထွက်ပေါ်လာပြီး သူ့ရဲ့ ပါရမီက အောက်ဘုံတစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ်လို့ ပြောစမှတ်ပြုကြတယ်..."
"သူက အသက်ရှစ်နှစ်အရွယ်မှာ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ခဲ့ပြီး တစ်ရက်တည်းနဲ့ ချီသန့်စင်ခြင်းအဆင့် အထွတ်အထိပ်ကို ရောက်ရှိခဲ့တယ်... အနှစ်ရှစ်ဆယ်အတွင်းမှာ သူတော်စင်အဆင့်ကို ရောက်ရှိခဲ့ပြီး အသက်တစ်ထောင်အရွယ်မှာတော့ အင်မော်တယ်အဆင့်ကို ဖောက်ထွက်နိုင်ခဲ့တယ်... အဲ့ဒီနောက်မှာတော့ အထက်ဘုံကို တက်လှမ်းခဲ့တာပဲ.."
"နောက်ပိုင်းမှာ သူက အထက်ဘုံရဲ့ သွန်းလုပ်ခြင်းတာအိုနဲ့ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီကို ထုတ်ဖော်ပြသခဲ့ပြီး နှစ်သန်းပေါင်း တစ်ဆယ်အတွင်းမှာတင် အထက်ဘုံတစ်ခုလုံးရဲ့ အသက်အငယ်ဆုံး အဆင့် ၈ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာခဲ့တယ်... သူ့ရဲ့ အင်မော်တယ်တာအို ပါရမီကလည်း အလားတူပဲ ကြောက်စရာကောင်းတယ်... “
“သူက အသက်နှစ်သန်းတစ်ရာမှာ အင်မော်တယ်မဟာဧကရာဇ် ကနဦးအဆင့် ၊ နှစ်သန်းပေါင်း သုံးရာငါးဆယ့်ခြောက် သန်းနှစ်သိန်းသုံးသောင်းမှာ အလယ်အလတ်အဆင့်၊ နှစ်သန်းပေါင်း ငါးရာခြောက်ဆယ့်လေး သန်းသုံးသိန်းနှစ်သောင်းမှာတော့ အင်မော်တယ်မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိခဲ့ပြီး အထက်ဘုံရဲ့ အင်မော်တယ်တာအိုမှာရော သွန်းလုပ်ခြင်းတာအို နှစ်ခုလုံးရဲ့ အထွတ်အထိပ်အဖြစ် ချီးကျူးခံခဲ့ရတယ်.."
ကောရှောင်ကန်းသည် ပြောရင်းဖြင့် ပိုမိုစိတ်လှုပ်ရှားလာပြီး သူ၏ မျက်လုံးများထဲတွင် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်အပေါ် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေပေ၏။
မည်သို့ပင်ဆိုစေကာမူ လက်နက်သွန်းလုပ်သူတိုင်းသည် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ အကြောင်းကို သဘာဝကျကျ သိရှိကြသည်။ သို့သော် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်သည် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့သဖြင့် ထိုအချိန်မှစ၍ အထက်ဘုံတွင် သူ၏နာမည်သည် မှေးမှိန်သွားခဲ့ရသည်။
ထို့ပြင် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်သည် နက်ရှိုင်းသော တောင်တန်းများထဲတွင် အချိန်အတော်ကြာ အခြေချနေထိုင်ခဲ့ပြီး သူ၏ ရုပ်သွင်ပြင်ကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သောကြောင့် ကောရှောင်ကန်းအနေဖြင့် သူ့ကို ချက်ချင်း မမှတ်မိခဲ့ခြင်းပင် ဖြစ်သည်။
ဤအကြောင်းကို တွေးမိသောအခါ ကောရှောင်ကန်းသည် အလွန်တရာ စိတ်ပျက်အားငယ်သွားမိသည်။ အကယ်၍ သူသာ ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်ကို မှတ်မိခဲ့လျှင် သူသည် ၎င်း၏ တပည့်တစ်ဦး ဖြစ်လာနိုင်ပေသည်။ အကယ်၍ သူသည် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ လမ်းညွှန်မှုကို ရရှိခဲ့မည်ဆိုပါက အဆင့် ၈ အင်မော်တယ် လက်နက်သွန်းလုပ်သူအဖြစ်သို့ တိုးတက်နိုင်ခဲ့လိမ့်မည် ဖြစ်သည်။
သူ၏ နောက်ကွယ်ရှိ လျိုထျန်းရွှေအင်မော်တယ်များသည် ကောရှောင်ကန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် စိတ်နှလုံးထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ သူတို့သည် လုဇီဖန်အတွက်လည်း စိတ်ထဲမှနေ၍ စက္ကန့်အနည်းငယ်မျှ တိတ်တဆိတ် ဝမ်းနည်းပေးလိုက်ကြ၏။
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်သည် ဤအခိုက်အတန့်တွင် ကောရှောင်ကန်းနှင့် အခြားလူများကို ဂရုမစိုက်အားချေ။
"လက်နက်တစ်သောင်းအရှင်သခင်..... ဒါက ဘယ်သူလဲ..."
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်ကို နှုတ်ဆက်ပြီးနောက် ၊ လျူဝမ်ယင်းသည် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ ကာကွယ်မှုကို ခံထားရသော ဝူကျန်းယွီကို လှည့်ကြည့်ကာ စူးစမ်းလိုစိတ်နှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းနေသောအသံဖြင့် မေးမြန်းလိုက်သည်။
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"သူက ငါ့ရဲ့ အရည်အချင်းမရှိတဲ့ တပည့်လေးပါ... ဒါပေမဲ့ သူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့ ပါရမီကြောင့်ပဲ ငါက သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာ..."
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ စကားကို ကြားလိုက်ရချိန်တွင် လျူဝမ်ယင်းမှာ ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်ကို လက်သီးဖြင့် ထိုးပစ်ချင်စိတ်ပေါက်သွားသည်။ သို့သော် သူသည် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်သဖြင့် စကားလမ်းကြောင်းကို အမြန်လွှဲကာ ပြောဆိုလိုက်ပေ၏။
"လက်နက်တစ်သောင်းအရှင်သခင်... စီနီယာကြီးရဲ့ တပည့်က ကျွန်တော်တို့ရဲ့ လက်နက်သွန်းလုပ်သူအသင်းကို ဝင်ဖို့ အစီအစဉ် ရှိ၊ မရှိ သိပါရစေ... အကယ်၍ သူသာ လက်နက်သွန်းလုပ်သူအသင်းကို ဝင်မယ်ဆိုရင် သူ့ကို နောက်ခေါင်းဆောင်ဖြစ်လာအောင် ကျွန်တော်ပြုစုပျိုးထောင်ပေးမယ်လို့ ကတိပေးပါတယ်..."
ဘေးပတ်ဝန်းကျင်ရှိ လက်နက်သွန်းလုပ်သူအသင်း၏ အကြီးအကဲများသည် လျူဝမ်ယင်း၏ စကားကို ကြားသောအခါ အံ့အားသင့်သွားကြသည်။ လျူဝမ်ယင်းသည် ဝူကျန်းယွီကို ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ တပည့်ဖြစ်နေရုံမျှဖြင့် လက်နက်သွန်းလုပ်သူအသင်း၏ နောက်ခေါင်းဆောင်အဖြစ် လေ့ကျင့်ပေးမည်ဟု မထင်မှတ်ထားခဲ့ကြချေ။
သို့သော် အခြားသော လက်ထောက်ခေါင်းဆောင်သုံးဦးသာလျှင် ဤကိစ္စကို နားလည်ကြသည်။ လက်ထောက်ခေါင်းဆောင်များအနေဖြင့် လျူဝမ်ယင်း၏ ဆုံးဖြတ်ချက်သည် မည်မျှအထိ လိမ္မာပါးနပ်သည်ကို သဘာဝကျကျ သိရှိကြပေ၏။ လက်နက်သွန်းလုပ်သူအသင်း၏ မူလအစကို သူတို့ ကောင်းကောင်းသိကြသည်။ လက်နက်သွန်းလုပ်သူအသင်းကို စတင်တည်ထောင်ခဲ့သော ခေါင်းဆောင်ကြီးသည် စစ်မှန်သော အဆင့် ၉ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်ခဲ့သည်။
ယခုအခါ ဝူကျန်းယွီသည် တည်ထောင်သူခေါင်းဆောင်ကြီး ချန်ထားခဲ့သော သွန်းလုပ်ခြင်း၏ စစ်မှန်သောရည်ရွယ်ချက်ကို အမှန်တကယ် နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်ရာ မည်သည့်မတော်တဆမှုမျှ မရှိလျှင် ဤမျှများပြားသော အကူအညီများနှင့်အတူ ဝူကျန်းယွီသည် အဆင့် ၉ အင်မော်တယ် လက်နက်သွန်းလုပ်သူတစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။
"မင်းအနေနဲ့ ဟန်ဆောင်နေဖို့ မလိုဘူး... ငါ သူ့ကို လက်နက်သွန်းလုပ်သူအသင်းကို ခေါ်လာတာက အသင်းထဲကို ဝင်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပဲ... ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ သူ့အပေါ်မှာပဲ မူတည်တယ်... ဒါကြောင့် သူ နိုးလာတဲ့အထိ စောင့်ကြတာပေါ့..."
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်က လျူဝမ်ယင်းနှင့် အခြားလူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝူကျန်းယွီ နိုးလာမည့်အချိန်ကို စောင့်ဆိုင်းရန် ပြန်လှည့်သွားခဲ့သည်။
သို့သော် ဤသွန်းလုပ်ခြင်း၏ စစ်မှန်သောရည်ရွယ်ချက်ကို သန့်စင်ခြင်းသည် အမှန်တကယ်ပင် အချိန်အနည်းငယ် ကြာမြင့်မည်ဖြစ်ပြီး အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် မထင်မှတ်ဘဲ ထိပ်တိုက်တွေ့ဆုံနေကြပြီ ဖြစ်သည်။
"ကောင်းပြီ... မင်းက လျိုထျန်းရွှေအင်မော်တယ်အဆင့်ကို ဖောက်ထွက်နိုင်ခဲ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်းလည်း ကျဆုံးသွားတဲ့ မိစ္ဆာအင်မော်တယ် မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရရှိခဲ့တာ ဖြစ်ရမယ်..."
ဝူရှန်းနီသည် ဝူမိုဝူကို ဓားချက်တစ်ချက်ဖြင့် နောက်သို့ ဆုတ်ခွာသွားစေပြီးနောက် ပြောဆိုလိုက်၏။
သူသည် နတ်ဆိုးဝါးမျိုဂိုဏ်းကို ရှာဖွေနေစဉ်အတွင်း ထွင်းရှစ်နတ်ဆိုးဧကရီနှင့် တွေ့ဆုံရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။ ယခုအခါ သူသည် လျိုထျန်းရွှေအင်မော်တယ်ကနဦးအဆင့် သို့ ဖောက်ထွက်နိုင်ခဲ့ပြီ ဖြစ်ရာ ထွင်းရှစ်နတ်ဆိုးဧကရီကို သတ်ပစ်နိုင်မည်ဟု ယုံကြည်ချက်အပြည့် ရှိသည်။
သို့သော် ထွင်းရှစ်နတ်ဆိုးဧကရီသည် သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် ချက်ချင်း တုံ့ပြန်ခဲ့ပြီး သူ့ကို စတင်တိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
ထို့ပြင် ဝူရှန်းနီကို အံ့အားသင့်စေသည်မှာ ထွင်းရှစ်နတ်ဆိုးဧကရီသည်လည်း လျိုထျန်းရွှေအင်မော်တယ်ကနဦးအဆင့် သို့ ပြန်လည်ရောက်ရှိနေခြင်းပင်။ သူမသည် လျှို့ဝှက်နယ်မြေထဲတွင် ကျဆုံးသွားသော မိစ္ဆာအင်မော်တယ် မဟာဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့ခြင်း ဖြစ်ရမည်။ မဟုတ်လျှင် ဤမျှ မြန်ဆန်စွာဖြင့် လျိုထျန်းရွှေအင်မော်တယ်ကနဦးအဆင့် သို့ ဖောက်ထွက်နိုင်ရန် မဖြစ်နိုင်ချေ။
(T/N- ထွင်းရှစ်အင်မော်တယ် မဟာဧကရာဇ်ကို ထွင်းရှစ်နတ်ဆိုးဧကရီလို့ပြောင်းလဲထားပါတယ်)
အခြားတစ်ဖက်တွင်မူ မျက်နှာဖုံးအောက်၌ ဝှက်ထားသော ဝူမိုဝူ၏ မျက်နှာအမူအရာမှာလည်း အလွန်တရာ ကြည့်ရဆိုးနေခဲ့သည်။ သူမသည် ချူယန် အင်မော်တယ် မဟာဧကရာဇ်နှင့် ဤမျှစောစော တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့သလို သူသည်လည်း သူမကဲ့သို့ပင် အင်မော်တယ်မဟာဧကရာဇ် နှောင်းပိုင်းအဆင့် စွမ်းအားရှင်တစ်ဦး၏ အမွေအနှစ်ကို ရရှိကာ လျိုထျန်းရွှေအင်မော်တယ်ကနဦးအဆင့် သို့ ဖောက်ထွက်သွားနိုင်ခဲ့လိမ့်မည်ဟု လုံးလုံးလျားလျား မမျှော်လင့်ထားခဲ့ချေ။
"အခြေအနေက နည်းနည်း ရှုပ်ထွေးသွားပုံပဲ... အကယ်၍ ငါအစွမ်းကုန် တိုက်ခိုက်မယ်ဆိုရင် ချူယန် အင်မော်တယ် မဟာဧကရာဇ်ကို သေချာပေါက် နှိမ်နင်းနိုင်မှာ ဖြစ်ပေမဲ့ ဒါက ငါ့အတွက်လည်း အကျိုးရှိမှာ မဟုတ်ဘူး... ဒါ့အပြင် သူ့မှာ ဝှက်ဖဲအချို့လည်း ရှိနေနိုင်သေးတာမို့ အခုအချိန်မှာ တိုက်ပွဲထဲမှာ အချိန်ဆွဲနေဖို့ မသင့်တော်ဘူး... အရင်ဆုံး ထွက်ခွာသွားတာက ပိုကောင်းလိမ့်မယ်..."
ဝူရှန်းနီနှင့် နှိုင်းယှဉ်လျှင် ဝူမိုဝူသည် အခြေအနေကို ပိုမိုကောင်းမွန်စွာ သုံးသပ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ချူယန် အင်မော်တယ် မဟာဧကရာဇ်ကို အပြတ်သတ်် မနိုင်မှန်း သိရှိသွားပြီးနောက် ဝူမိုဝူသည် လွတ်မြောက်ရန် အခွင့်အရေးရှာဖွေကာ ထွက်ခွာသွားခဲ့တော့သည်။
ထွင်းရှစ်နတ်ဆိုးဧကရီသည် သူ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဝူရှန်းနီသည် ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း ဘာမှမပြောနိုင်ခဲ့ချေ။ အမှန်အားဖြင့် သူသည်လည်း ထွင်းရှစ်နတ်ဆိုးဧကရီကို တားဆီး၍မရနိုင်ကြောင်း မိမိကိုယ်ကိုယ် သိရှိပေသည်။
"မဖြစ်သေးဘူး... ထွင်းရှစ်နတ်ဆိုးဧကရီက လျိုထျန်းရွှေအင်မော်တယ်အဆင့်ကို ဒီလောက်မြန်မြန် ဖောက်ထွက်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ငါလည်း ငါ့ရဲ့ တိုးတက်မှုကို အရှိန်မြှင့်ဖို့ လိုအပ်နေပြီ... မဟုတ်လို့ သူမက အင်မော်တယ်မဟာဧကရာဇ်အဆင့်ကို အရင်ဆုံး ပြန်ရောက်သွားရင် သေရမယ့်လူက ငါပဲ ဖြစ်လိမ့်မယ်..."
ဝူရှန်းနီသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။ ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ အခွင့်အလမ်းကို ရှာဖွေပြီး အင်မော်တယ်ဘုရင်အဆင့်သို့ ဖောက်ထွက်ရန်ပင် ဖြစ်သည်။
သူတို့နှစ်ဦးလုံးသည် အတိတ်ဘဝက အင်မော်တယ်မဟာဧကရာဇ်များ ဖြစ်ခဲ့ကြဖူးသဖြင့် နယ်ပယ်အဆင့်အပေါ် ကိုယ်ပိုင်နားလည်မှုများ ရှိကြပေသည်။ ထို့ကြောင့် နယ်ပယ်ကို ခိုင်မာအောင် ပြုလုပ်နိုင်သရွေ့ အင်မော်တယ်မဟာဧကရာဇ်အဆင့်သို့ သဘာဝကျကျ ဖောက်ထွက်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် သူတို့နှစ်ဦးလုံးအတွက် အရေးကြီးဆုံးအရာမှာ နယ်ပယ်ကို တည်ငြိမ်စေမည့် ကောင်းကင်နှင့်မြေကြီး ရတနာတစ်ခုခုကို ရှာဖွေရန်သာ ဖြစ်ပေတော့သည်။